← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃) - အိမ်ရှေ့မင်းသား၏ အရုပ်သစ်

မကြာမီပင် လင်းပေါ်ရုံ၏ ဝတ်ရုံထဲမှ အေးစက်စက် အမှတ်တံဆိပ်တစ်ခုကို ရှာတွေ့ခဲ့သည်။

အမှတ်တံဆိပ်၏ ရှေ့မျက်နှာစာတွင် မှော်နက်ဂိုဏ်း၏ အမှတ်အသားဖြစ်သော မီးတောက်ပုံစံလေး တစ်ခု ရှိနေခဲ့သည်။

ချင်ချန်းသည် အမှတ်တံဆိပ်ကို လှန်ကြည့်လိုက်ရာ အလိုအလျောက် မျက်မှောင်ကြုတ်မိသွားသည်။

အမှတ်တံဆိပ်၏ နောက်ကျောတွင် အထောက်အထားကို ကိုယ်စားပြုသော ရှုပ်ထွေးသော ပုံစံများအပြင် သတိမထားမိပါက အလွယ်တကူ ကျော်သွားနိုင်သည့် အမှတ်အသားငယ်

တစ်ခု ရှိနေသည်။

ထိုအရာမှာ ကောက်ကွေးနေပြီး လျှာထုတ်ထားသော ခေါင်းနှစ်လုံးပါသည့် အဆိပ်မြွေနဂါးပုံစံပင် ဖြစ်သည်။

သာ့ယုံမင်းဆက်၊ တော်ဝင် အမှတ်တံဆိပ်…

.....

ချင်ချန်းသည် ထိုအေးစက်နေသော တံဆိပ်ပြားကို လက်ဖဝါးပေါ်တွင် တင်ပြီး ကြည့်လိုက်ရာ၊ လျှို့ဝှက်ခန်းထဲရှိ ညမီးတောက်ကျောက်၏ အလင်းရောင်အောက်တွင် ၎င်း၏ နောက်ကျောဘက်မှ သေးငယ်သော အမှတ်အသားတစ်ခုကို ထင်ရှားစွာ မြင်လိုက်ရသည်။

ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့နှစ်ဦးကလည်း အနားသို့ တိုးကပ်ကြည့်ရှုလိုက်ရာ ထိုအမှတ်အသားကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူမတို့နှစ်ဦးလုံး ထိတ်လန့်သွားကြသည်။

"သာ့ယုံမင်းဆက်…. တော်ဝင်အမှတ်တံဆိပ်..."

ယဲ့လင်းရွှမ်း၏ အသံမှာ ခြောက်ကပ်နေပြီး သူမ၏ သွားကြားထဲမှ တစ်လုံးချင်းစီ ညှစ်ထုတ်ပြောဆိုလိုက်ရသည်။

လင်းပေါ်ရုံသည် အရေခွံပန်းချီဆရာ ဟုခေါ်သော မှော်ဆရာတစ်ဦးသာ ဖြစ်ပါက ၎င်းသည် ဂိုဏ်းဂဏနှင့် နန်းတွင်းအကြား ဖြစ်ပွားသော အငြိုးအတေးသာ ဖြစ်ပေမည်။

သို့သော် ဤတံဆိပ်ပြား၏ ပေါ်ထွက်လာမှုသည် ကိစ္စတစ်ခုလုံးကို အခြေခံမှစ၍ ပြောင်းလဲပစ်လိုက်သလိုပင်။

ဤသည်မှာ မိစ္ဆာဂိုဏ်းများ၏ လုပ်ရပ်မဟုတ်ဘဲ ရန်သူနိုင်ငံနှင့် ပူးပေါင်းကြံစည်သည့် နိုင်ငံတော်ပုန်ကန်မှုကြီး တစ်ခု ဖြစ်သည်။

ရန်သူနိုင်ငံ၏ သူလျှိုတစ်ဦးသည် နှစ်ပေါင်း ၃၀ ကြာ ပုန်းအောင်းနေပြီး ရာထူးအာဏာ အထွတ်အထိပ်နေရာတွင် ရယူထားကာ ၊ ၎င်း၏ နောက်ကွယ်တွင် ရှိနေသော ပူးပေါင်းကြံစည်မှုမှာ တွေးကြည့်ရုံမျှနှင့်ပင် ကျောချမ်းဖွယ်ရာကောင်းလှသည်။

......

ချန်းယွမ်နန်းဆောင်အတွင်း မီးရောင်များဖြင့် ထိန်လင်းနေသည်။

သို့သော် လေထုမှာ လင်းပေါ်ရုံ၏ လျှို့ဝှက်ခန်းထဲကထက်ပင် ပို၍ အေးစက်နေသည်။

ချင်ချန်းသည် ဒူးတစ်ဖက်ထောက်ကာ ထိုတံဆိပ်ပြားကို ခေါင်းပေါ်သို့ မြှောက်ထားသည်။

ညတွင်းချင်းပင် နန်းတော်သို့ ခေါ်ယူခြင်းခံလိုက်ရသော နန်းတွင်းအမတ်ကြီးများ အပါအဝင် အရာရှိများမှာ ထိုတံဆိပ်ပြားကို မြင်လိုက်ရသည်နှင့် ၊ မျက်နှာများ ဖြူဖျော့သွားကာ ချွေးအေးများပင် စီးကျလာကြသည်။

ထီးနန်းပေါ်တွင် ထိုင်နေသော ဧကရာဇ် ရှောင်ယွမ်၏ မျက်နှာမှာမူ တွေးထားထားသည်ထက် ပို၍ တည်ငြိမ်နေသည်။

သူသည် တံဆိပ်ပြားကို ကြည့်မနေသလို၊ အမတ်များ၏ ထိတ်လန့်မှုကိုလည်း အရေးမစိုက်ဘဲ ထိုင်ရာမှ ဖြည်းညင်းစွာ ထရပ်လိုက်ကာ နန်းဆောင်ဘေးရှိ ‘ မိုင်တစ်သောင်းရှည်သော မြစ်များနှင့် တောင်တန်းများ'ပန်းချီကားချပ်ကြီး ရှေ့သို့ လျှောက်သွားသည်။

သူသည် လက်ကိုဆန့်ထုတ်၍ ပန်းချီကားလိပ်ကို ဆွဲဖွင့်လိုက်သည်။

"တောက်" ဟူသော အသံနှင့်အတူ ပန်းချီကားချပ်ကြီးသည် လိပ်တတ်သွားပြီး နံရံနေရာတွင် ပို၍ အသေးစိတ်ကျပြီး လျှို့ဝှက်သော စစ်ရေးမြေပုံတစ်ခု ပေါ်ထွက်လာခဲ့သည်။

မြေပုံပေါ်တွင် အနီရောင်စက်ဝိုင်းနှင့် အမည်းစက်များစွာကို မှင်ဖြင့် သေချာ မှတ်သားထားသည်။

"သာရှပြည်ကြီးမှာ မှော်နက်ဂိုဏ်းရဲ့ ပုန်းကွယ်စခန်းပေါင်း ၃၇ ခု ရှိတယ်”

ဧကရာဇ် ရှောင်ယွမ်၏ အသံမှာ မကျယ်လောင်သော်လည်း အားလုံး ကြားနိုင်အောင် ရှင်းလင်းပြတ်သားသည်။

"အဲဒီထဲက ၂၉ ခုက သာ့ယုံမင်းဆက်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ တိတ်တဆိတ် ပတ်သက်နေတယ် ၊ သူတို့က ဆေးဖက်ဝင်ပစ္စည်းတွေ၊ သားရေတွေတင်ပို့နေတယ်လို့ ပြောပေမဲ့ တကယ်တမ်းမှာတော့ အဆိပ်ရှိတဲ့ ပစ္စည်းတွေနဲ့... သတင်းတွေကို ပေးပို့နေတာပဲ"

နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်းမှာ ဧကရာဇ်မင်းမြတ်၏ ကြိုတင်ပြင်ဆင်မှုကြောင့် ကြက်သေသေသွားကြသည်။ အမှန်တွင် မိမိတို့၏ အရှင်မင်းကြီးသည် ဤအရာအားလုံးကို သိရှိထားပြီးဖြစ်သည်။

"လင်းပေါ်ရုံက..."

ဧကရာဇ် ရှောင်ယွမ်သည် မြေပုံပေါ်ရှိ မြို့တော်နေရာကို လက်ညှိုးဖြင့် ပြင်းပြင်းထန်ထန် ထောက်ပြလိုက်သည်။

"သူတို့ဘက်က နက်နက်ရှိုင်းရှိုင်း မြုပ်နှံထားတဲ့ တန်ဖိုးအရှိဆုံး နယ်ရုပ်ပဲ ၊ စခန်းအားလုံးကို ချိတ်ဆက်ပေးပြီး သူ့ရာထူးကို အသုံးချကာ သတင်းတွေကို နန်းတွင်းအထိ တိုက်ရိုက် ပေးပ်ို့နေခဲ့တာ..ငါက သူတို့ကို အမြစ်ကနေ လှန်ပစ်ဖို့ အခွင့်အရေးကို စောင့်နေခဲ့တာပဲ”

သူသည် နောက်လှည့်ကြည့်လိုက်ရာ၊ နန်းတော်အောက်တွင် သမ်းဝေကာ မျက်လုံးများကို ပွတ်သပ်နေသည့် ရှောင်ရှန်းထံသို့ အကြည့်ရောက်သွားသည်။

သူ၏ မျက်လုံးထဲတွင် ပထမဆုံးအကြိမ်အဖြစ် ရှုပ်ထွေးပြီး ပဟေဠိဆန်သော ကျေနပ်အားရသည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဒါပေမဲ့ ငါမထင်ထားတာက ဒီအခွင့်အရေးကို မင်းက ပေးလိမ့်မယ်လို့ပဲ ၊ မင်းရဲ့ ဒီတစ်ကွက်က သူတို့ရဲ့ စစ်သူကြီးအလံကို ဖြတ်တောက်ပစ်လိုက်သလိုမျိုး၊ ရန်သူရဲ့ စီမံချက်တွေကို ရှုပ်ထွေးသွားစေတယ်”

“အခု ဒီပိုက်ကွန်ထဲက ငါးအားလုံးက ခေါင်းမရှိတော့တဲ့ ယင်ကောင်တွေလို ဖြစ်နေပြီ..ဒါဟာ ပိုက်ကွန်ကို သိမ်းဖို့ အကောင်းဆုံးအချိန်ပဲ”

ရှောင်ရှန်းမှာ ဖခမည်းတော်၏ အကြည့်ကြောင့် စိတ်မသက်မသာ ဖြစ်နေလေ၏။

'ဒါက ဘာတွေ အံ့ဖွယ်လုပ်ဆောင်ချက် ဖြစ်ရမှာတုန်း၊ ကိုယ့်ဟာကို စောစောအိပ်ရာဝင်ဖို့ပဲ တွေးမိရုံလေးပါ’

ဧကရာဇ်၏ ချီးကျူးစကားသည် သူ့ကို ဆူပူလိုက်သည်ထက် ပို၍ စိတ်ညစ်ဖို့ကောင်းသည်။ ချီးကျူးပြီးပါက အလုပ်ပေးတော့မည်မှာ သေချာသည်။

ထင်သည့်အတိုင်းပင်။

"မင်းသား ရှောင်ရှန်းဟာ အမှုစစ်ဆေးရာမှာ စွမ်းဆောင်နိုင်ပြီး ရန်သူရဲ့ ကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်အပေါ် ကြီးမားတဲ့ အကျိုးပြုမှုပဲ”

ဧကရာဇ် ရှောင်ယွမ်၏ အသံမှာ ဩဇာအာဏာ ပြည့်ဝလွန်းသည်။

"ဆုချမယ်"

"သားတော် မလိုချင်ပါဘူး..."

ရှောင်ရှန်း တစ်ယောက် ငြင်းရန်ပြင်လိုက်သော်လည်း ဧကရာဇ်ရှောင်ယွမ်၏ စူးစူးရဲရဲ အကြည့်ကြောင့် ရပ်တန့်သွားသည်။

ထိုစဉ် မိန်းမစိုးတစ်ဦးက ဗန်းတစ်ခုကို သတိကြီးစွာ ကိုင်ဆောင်၍ လျှောက်လာသည်။

ဗန်းပေါ်တွင် လက်ဝါးအရွယ်အစားရှိပြီး လက်ရာမြောက်လှသော မျှော်စင်ပုံစံငယ်လေး တစ်ခုကို တင်ထားသည်။

"ဒါကို လင်းပေါ်ရုံရဲ့ လျှို့ဝှက်ခန်းထဲကနေ သိမ်းဆည်းရမိတာ၊ ‘စက်တစ်ထောင်ခန်းမ' လို့ ခေါ်တယ်….သူက အာကာသ မှော်ရတနာတစ်ခုပဲ”

အခန်း(၁၅၄)

ရှောင်ရှန်းသည် မူလက စိတ်ဝင်စားမှုမရှိသော်လည်း ဧကရာဇ် ရှောင်ယွမ်၏ နောက်ဆက်တွဲ စကားများကို ကြားလိုက်ရချိန်တွင် မှေးမှိန်နေသော သူ၏မျက်လုံးများမှာ တောက်ပလာခဲ့သည်။

“ ဒီမျှော်စင်ထဲမှာ ကိုယ်ပိုင် အာကာသနယ်မြေရှိတယ်၊ ပိုင်ရှင်ရဲ့ စိတ်ဆန္ဒအတိုင်း ပြင်ဆင်နိုင်တယ်၊ အရေးကြီးဆုံးကတော့...အထဲမှာရှိတဲ့ အချိန်စီးဆင်းမှုကို ချိန်ညှိနိုင်ပြီး အပြင်ကအချိန်ထက် ၁၀ ဆ ပိုမြန်နိုင်တယ်"

‘၁၀ ဆ…’

ရှောင်ရှန်း၏ ဦးနှောက်ထဲတွင် အလင်းတစ်ချက် ပြေးဖြတ်သွားသလိုပင်။

‘ဒါဆိုရင်... ငါအထဲမှာ ၁၀ ရက်အိပ်ရင် အပြင်မှာ ၁ ရက်ပဲ ကုန်မှာပေါ့’

‘ဒီလောက် ကောင်းတဲ့အရာမျိုး ရှိသေးတာလား…’

‘ဒါက ငါ့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အကောင်းဆုံး အပန်းဖြေနိုင်မယ့် နတ်ဘုရားလက်နက် ၊ "ရွေ့လျားနိုင်တဲ့ အိပ်ခန်းကြီး" ပဲ…’

အာဏာနှင့် တာဝန် ၊ ဤအရာများကို သူ အရေးမစိုက်ပေ။ သို့သော် ဤ ‘စက်တစ်ထောင်ခန်းမ’ ကိုတော့ သူ အပိုင်သိမ်းရလိမ့်မည်။

…….

အရှေ့နန်းဆောင်။

ရှောင်ရှန်းသည် ထိုမျှော်စင်ပုံစံငယ်ကို လက်ထဲတွင် အလုအယက် ကိုင်ထားကာ စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။

ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့မှာ အိမ်ရှေ့စံမင်းသားကြီး၏ အရူးတစ်ယောက်လို အပြုံးကို ကြည့်ရင်း ရယ်ရခက် ငိုရခက်ဖြစ်နေကြသည်။

" အရှင့်သား၊ ဒီလောက် တန်ဖိုးရှိတဲ့ ရတနာဆိုတော့ ထူးခြားမှုတွေ ရှိနေနိုင်တယ်၊ သတိထားတာ ပိုကောင်းမယ်”

စူးဝမ်ချင်းမှာ မနေနိုင်တော့ဘဲ သတိပေးလိုက်ရသည်။

"သိတယ် သိတယ်”

ရှောင်ရှန်းသည် စိတ်မပါတပါ ဖြေလိုက်ပြီး ၊ သူ၏ ခမည်းတော်မှ သင်ပေးထားသည့်အတိုင်း လက်ညှိုးကို ကိုက်ဖြတ်ကာ သွေးတစ်စက်ကို မျှော်စင်ပုံစံငယ်ပေါ်သို့ အစက်ချလိုက်သည်။

သွေးစက်မှာ ချက်ချင်းပင် စုပ်ယူခံလိုက်ရပြီး ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်ကာ ရှောင်ရှန်း၏ နဖူးကြားထဲသို့ ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူသည် ထို "စက်တစ်ထောင်ခန်းမ” နှင့် ထူးဆန်းသော ဆက်နွယ်မှုကို ခံစားလိုက်ရသည်။

ကျယ်ဝန်းလှသော အာကာသနယ်မြေတစ်ခုသည် သူ၏စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

"ပြောင်းလဲစေ”

အတွေးတစ်ချက် လှုပ်ရှားလိုက်သည်နှင့် ၊

ယခင်က ဗလာကျင်းနေသော နေရာ၌ ထောင်နှစ်ချီကြာသော ရေခဲကျောက်တို့ဖြင့် ပြုလုပ်ထားသည့် ကုတင်၊ သောင်းနှစ်ချီကြာသော ပင့်ကူမျှင်တို့ဖြင့် ရက်လုပ်ထားသည့် ကုလားကာ၊ ကောင်းကင်တောင်မှ ဆီးနှင်းပိုးမျှင်တို့ဖြင့် ရက်လုပ်ထားသော အိပ်ရာခင်း၊ ပျော့ပျောင်းသော တိမ်တိုက်များဖြင့် ပြည့်နေသည့် ခေါင်းအုံး စသဖြင့် အလွန်ဇိမ်ကျသော ကုတင်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

‘ပြီးပြည့်စုံလိုက်တာ..’

ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ရှောင်ရှန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထိုမျှော်စင်ပုံစံငယ်မှာလည်း တဝီဝီ လှည့်ပတ်သွားပြီး သူ စောနက ရပ်နေခဲ့သည့် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

သူမတို့နှစ်ဦးမှာလည်း အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ၊ နံရံကပ်တိုင်နောက်မှ တံမြက်စည်းကိုင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦး ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

အဘိုးအိုသည် မြေပြင်ပေါ်ရှိ " စက်တစ်ထောင်ခန်းမ" ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

“ဒီလောက် တန်ဖိုးရှိတဲ့ ရတနာကို ဒီလိုမျိုး "အလကားဖြုန်းတီးနေတာ"ပဲ”

သူသည် ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။

"ဒီရတနာက ကျင့်စဉ်တွေကို လေ့ကျင့်ဖို့၊ ဓားကွက်တွေကို ပုံဖော်ဖို့ ဒါမှမဟုတ် ဆေးဖော်စပ်ဖို့လည်း သုံးလို့ရတယ် ၊ အချိန် ၁၀ ဆ ဆိုတာ ကျင့်ကြံသူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးပဲ.. လိုအပ်ရင် မင်းတို့ အရှင့်သားဆီကနေ ဝင်ခွင့်တောင်းနိုင်တယ်… မင်းတို့ သူ့ဘေးနားမှာ ရှိနေတာ သူ့အတွက် အကာအကွယ်တစ်မျိုးပဲ”

ထိုသို့ပြောပြီးသည်နှင့် အဘိုးအိုသည် တံမြက်စည်းကို ဖြည်းဖြည်းချင်း လှည်းကာ ထွက်ခွာသွားလေသည်။

ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့မှာ အချင်းချင်း ကြည့်လိုက်ကြသည်။

သူမတို့နှစ်ဦးစလုံးသည် ဧကရာဇ်မင်း ပေးလိုက်သော ဤဆုမှာ ရတနာတစ်ခု ဖြစ်ရုံသာမက၊ ပြဿနာများဖြင့် ဝန်းရံနေသည့် အိမ်ရှေ့စံမင်းသားကို "ဖုံးကွယ်" ထားနိုင်မည့် လှပသော "ရွှေအိမ်ကြီး" တစ်ခုဖြစ်ကြောင်း နားလည်လိုက်ကြသည်။

အိမ်ရှေ့စံမင်းသား၏ ကိုယ်ပိုင်ရတနာထဲသို့ ဝင်ရောက်နိုင်ခြင်းမှာ မိမိတို့သည် သူနှင့် အနီးကပ်ဆုံး နှင့် အယုံကြည်ရဆုံးသူ ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

ထိုစဉ် “စက်တစ်ထောင်ခန်းမ" အတွင်း၌။

ရှောင်ရှန်းသည် ကုတင်ကြီးပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် လှဲလျောင်းနေပြီး ကျေနပ်စွာဖြင့် သက်ပြင်းချကာ အိပ်ပျော်သွားတော့သည်။

သူ မသိလိုက်သည်မှာ အိမ်မက်မဟာကျမ်းသည် သူ အိပ်ပျော်နေချိန်တွင် အလိုအလျောက် လည်ပတ်နေခြင်းပင် ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ၎င်းသည် ကြီးမားသော စွမ်းအင်အရင်းအမြစ်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ စက်တစ်ထောင်ခန်းမအတွင်းရှိ ပြည့်ဝသော စွမ်းအားများကို သူ၏ကိုယ်ခန္ဓာထဲသို့ အငမ်းမရ စုပ်ယူနေလေ၏။

သူသည် နွေးထွေးသော စွမ်းအင်လှည့်ပတ်မှု၏ အလယ်ဗဟိုတွင် ရှိနေသကဲ့သို့ ခံစားရပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံးကို လွန်စွာ အားကောင်းသော စွမ်းအင်များက ပြန်လည် ပုံသွင်းပေးနေသလိုပင်။

သူ့ခန္ဓာကိုယ် တစ်လျှောက် ပိတ်ဆို့ထားသော အတားအဆီးတစ်ခုမှာ "ခလွမ်" ဟူသော အသံနှင့်အတူ ကွဲအက်သွားသည်။

သူသည် ရွှေအမြုတေ အဆင့်၏ အတားအဆီးကို ဖောက်ထွက်သွားခဲ့လေပြီ။

ယခင်က မခံစားဖူးသည့် အစွမ်းထက်သော ခံစားချက်နှင့်အတူ အရိုးများ ပြန်လည်ကျစ်လျစ်သွားသည့် ခံစားမှုကြောင့် ရှောင်ရှန်း တစ်ယောက် လန့်နိုးလာခဲ့သည်။

ရှောင်ရှန်းသည် ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ကြည့်ကာ ခြေထောက်များကို စမ်းသပ်ကြည့်လိုက်သည်။

" မကောင်းတော့ဘူး”

ရှောင်ရှန်းတစ်ယောက် အော်ဟစ်လေတော့သည်။

"အရပ်တွေ ထပ်ရှည်လာတော့မှာပဲ”

All Chapters