အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း(၁၅၇)
အညှာတာကင်းမဲ့စွာ ဝင်ရောက်လာသော ဓားသည် အဆိုပါ လှိုင်းတံပိုးများနှင့် ထိတွေ့သွားသည်နှင့် ၊ ပျစ်ချွဲချွဲ ပျားရည်ထဲတွင် နစ်မြုပ်သွားသကဲ့သို့ အရှိန်သည် ရုတ်တရက် ရပ်တန့်သွားသည်။
ဤရပ်တန့်မှုမှာ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံတောင် မရှိပေ။
သို့သော် လုံလောက်သည်။
အိပ်မက်မဟာကျမ်း အတွက် လုံလောက်ပေသည်။
ရှောင်ရှန်း၏ နောက်ကွယ်တွင် မှေးမှိန်သွားတော့မည့် ဧရာမ ကလေးငယ် ဓမ္မကာယပုံရိပ်သည် ရုတ်တရက် ထင်ရှားလာသည်။
သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဖရိုဖရဲစွမ်းအင်များ လည်ပတ်နေပြီး အမြဲတမ်း မှိတ်ထားသော မျက်လုံးများမှာ ယခုအခါ ရုတ်တရက် ပွင့်လာသည်။
မည်သို့သော မျက်ဝန်းတစ်စုံဖြစ်မည်နည်း။
ထိုမျက်ဝန်း၏ အနက်ရှိုင်းဆုံးတွင် စကြဝဠာအစပျိုးခြင်းကဲ့သို့ ရှုပ်ထွေးမှုများ၊ အရာအားလုံးကို ငြိမ်းချမ်းသွားစေသည့် အေးချမ်းမှုများ၊ ဖော်ပြရန် မဖြစ်နိုင်သော အဆုံးမရှိသော အိပ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူ့အတွက် မနိုးထသေးသော အိပ်မက်တစ်ခုမျှသာ ဖြစ်နေသကဲ့သို့ပင်။
"အာ... ဟာ..."
ဧရာမ ကလေးငယ်ပုံရိပ်သည် သူ၏ ပန်းနုရောင်နှုတ်ခမ်းလေးကို ဟကာ တစ်ကမ္ဘာလုံးကို ကူးစက်သွားစေနိုင်သည့် ရှည်လျားပြီး သက်သာရာရစေသော သမ်းဝေမှုတစ်ခုကို ပြုလုပ်လိုက်သည်။
ပုံသဏ္ဍာန်မရှိ ၊ မည်သူမှ မတားဆီးနိုင်သော ၊ မည်သူမှ နားမလည်နိုင်သည့် နိယာမတစ်ခုသည် ထိုသမ်းဝေမှုနှင့်အတူ အက်ကြောင်းထဲမှ ထွက်လာသော လုပ်ကြံသတ်ဖြတ်သူကို ချက်ချင်း လွှမ်းခြုံလိုက်သည်။
စွမ်းအင် တိုက်မိခြင်း ၊ ပြင်းထန်သော ပေါက်ကွဲခြင်းမျိုး မရှိချေ။
နတ်ဝိညာဉ်အဆင်ရှိ ထိပ်တန်းလုပ်ကြံသူသည် ကိုယ်ခန္ဓာ၏ တစ်ဝက်ကျော်မှာ အက်ကြောင်းအတွင်း ရှိနေပြီး ရှေ့ထွက်လာကာ လုပ်ကြံရန် ဟန်ပြင်နေဆဲဖြစ်သည်။ သို့သော် သူ၏ မျက်လုံးမျာသည် ထို "အိပ်ချင်စိတ်" ဖြင့် လွှမ်းခြုံခံလိုက်ရသည့်အခါ အာရုံစူးစိုက်မှုမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူ၏ မျက်လုံးထဲရှိ ရက်စက်မှုနှင့် ပြတ်သားမှုတို့မှာ ရေခဲများ အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး ကလေးငယ်တစ်ဦးကဲ့သို့ ကလေးဆန်သော ၊ စင်ကြယ်သော အပြုံးတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
သူသည် လောက၏ အလှပဆုံး အိပ်မက်ထဲသို့ ကျရောက်သွားသကဲ့သို့ပင်။
အိပ်မက်ထဲတွင် သူသည် စိုးရိမ်စရာမရှိသော ငယ်ဘဝသို့ ပြန်ရောက်သွားပြီး နွေးထွေးသော နေရောင်၊ ဂျုံနံ့၊ မိခင်၏ နူးညံ့သော ခေါ်သံများကို ကြားနေရသည်။
သို့မဟုတ် သူသည် မဟာလမ်းစဉ်၏ အထွတ်အထိပ်ကို ဖောက်ထွက်ပြီး မသေမျိုးအမတ တစ်ပါး ဖြစ်လာခဲ့ခြင်းလည်း ဖြစ်နိင်သည်။
သူ ပြုံးလိုက်သည်။ ပျော်ရွှင်ခြင်း ၊ ကျေနပ်ခြင်းများဖြင့် အပြုံးသည် ချိုမြိန်လို့ နေခဲ့သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ဓားကို ဆုပ်ကိုင်ထားသော လက်ချောင်းထိပ်မှစ၍ လေထဲတွင် လွင့်စင်သွားသော ပွင့်ဖတ်များသဖွယ် ရွှေရောင်အမှုန်အမွှားများအဖြစ် အသံတိတ် ပြောင်းလဲသွားခဲ့သည်။
သူ၏ အသတ်ဓာတ် ၊ စိတ်ဝိညာဉ်၊ ကျင့်ကြံမှု နှင့် သူ တည်ရှိခဲ့သော သဲလွန်စများအထိ ဤလှပသော အိပ်မက်ထဲက "အိပ်မက်နိယာမတရား" ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ကွယ်ပျောက်သွားလေတော့သည်။
နတ်ဝိညာဉ်အဆင့်ရှိ ထိပ်တန်းလုပ်ကြံသူတစ်ဦးမှာ အော်သံပင် မထွက်နိုင်ဘဲ ပျော်ရွှင်သော အပြုံးနှင့်အတူ ပြာအဖြစ်သို့ ပြောင်းလဲကာ လေနှင့်အတူ ပျောက်ကွယ်သွားခဲ့လေပြီ။
ဤဖြစ်စဉ်အားလုံး၏ အဓိကတရားခံ ရှောင်ရှန်းသည် သူ့နောက်မှ ဓမ္မပုံရိပ်ကြီး သမ်းဝေပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံး ကျန်ရှိသော ခွန်အားများမှာ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဆယ်ရက်ဆယ်ည မအိပ်စက်ခဲ့ရသေးသလိုပင်။
သူ၏ မျက်ခွံများမှာ လေးလံလာပြီး ကိုယ်ခန္ဓာမှာ ရှေ့သို့ အသာယာ လဲကျသွားသည်။ သတိလစ်မသွားခင် သူ၏ နောက်ဆုံး ကျန်ရှိသော ခွန်အားကို အသုံးပြု၍ မပီမသဖြင့် ရေရွတ်လိုက်သည်။
"အရမ်း... အိပ်ချင်တယ်..."
......
အရှေ့နန်းဆောင်၏ နံနက်ခင်းလေပြည်ထဲတွင် ထိုထိပ်တန်းလူသတ်သမား ဖြစ်တည်ခဲ့သော အလင်းမှုန်များ ပျောက်ကွယ်မသွားမီမှာပင်၊ လုံးဝကွဲပြားခြားနားသော မုန်တိုင်းတစ်ခုမှာ ရွှေနန်းတော်ထဲတွင် ဖြစ်ပေါ်လာနေသည်။
မိုးမလင်းမီကပင် သာရှမင်းဆက်၏ နန်းတော်ထဲတွင် ဆူညံပွက်လောရိုက်နေကြသည်။
"အကျွန်ုပ်၊ စစ်ဆေးရေးဌာနမှ အကြီးအကဲ ဝမ်ကျိန့်မင်၊ လုပ်ဖော်ကိုင်ဖက် ၅၆ ဦးနှင့်အတူ အိမ်ရှေ့စံ ရှောင်ရှန်းကို စစ်ဆေးဖို့ တင်ပြလိုပါတယ်"
ဆံပင်ဖြူများဖြင့် အသက်အရွယ်ကြီးရင့်သော အမတ်ကြီးတစ်ဦးမှာ ဆင်စွယ်ပြား တစ်ချပ်ကို ကိုင်ဆောင်ထားပြီး ရှင်းလင်းပြတ်သားသော လေသံဖြင့် ထုတ်ဖော်ပြောကြားလိုက်ရာ သူ၏စကားလုံးတိုင်းမှာ ရေခဲတုံးများ၏ ရိုက်ခတ်သံကဲ့သို့ ခန်းမဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
"မနေ့က မြို့တော်မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်၊ ဝိညာဉ်စွမ်းအားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အရင်းအမြစ်က အရှေ့နန်းဆောင်ဆီကို ဦးတည်နေခဲ့တာပါ”
"ဒါဟာ ကောင်းချီးမင်္ဂလာလက္ခဏာမဟုတ်ဘဲ နတ်ဆိုးတွေရဲ့ နိမိတ်ပါ ၊ အိမ်ရှေ့စံ ရှောင်ရှန်းဟာ နတ်ဆိုးအတတ်တွေကို ကိုင်စွဲထားတယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်"
"သူဟာ သာမန်လူသား မဟုတ်တော့ပါဘူး၊ တိုင်းပြည်အတွက် အန္တရာယ်ကြီးမားတဲ့ အရင်းအမြစ် ဖြစ်လာနိုင်ပါတယ်၊ အရှင်မင်းကြီးအနေနဲ့ အသေးစိတ် စစ်ဆေးပြီး အိမ်ရှေ့စံကို ရာထူးမှ ဖယ်ရှားပေးဖို့ တောင်းဆိုအပ်ပါတယ်"
"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်"
"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်"
ချက်ချင်းဆိုသလိုပင် အရာရှိအများအပြားမှာ ဒူးထောက်လိုက်ကြသည်။
သူတို့ထဲက အများစုမှာ ရဲရင့်ဖြောင့်မတ်သော အရာရှိများ ဟု အမည်တပ်ထားသည့် မင်သား(၃) ရှောင်ကျင်း၏ လက်ပါးစေများသာ ဖြစ်ကြသည်။ သူတို့သည် ရှောင်ရှန်းတစ်ယောက် လူ့မျက်နှာနှင့် နတ်ဆိုးအံသွားများ ပေါက်နေပြီး မှော်အတတ်များ ကျင့်ကြံနေသည်ကို ကိုယိတိုင် တွေ့ခဲ့ရသည့်အတိုင်း စွပ်စွဲပြောဆိုနေကြသည်။
စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများကြားတွင် ရပ်နေသော ချင်ချန်းမှာ မျက်မှောင်ကြုတ်နေသည်။
ထိုဖြစ်စဉ်မှာ အဘယ်အရာဖြစ်ကြောင်း သူ သိသလို လူသတ်သမားမှာလည်း မည်သို့ ပျောက်ကွယ်သွားသည်ကို သူ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
သို့သော် ဤအကြောင်းကို သူ မည်သို့ ရှင်းပြရမည်နည်း။ အိမ်ရှေ့စံသည် သန်းဝေလိုက်ရုံဖြင့် နတ်ဝိညာဉ်အဆင့်ရှ်ိ လူသတ်သမားကို သတ်ပစ်လိုက်သည်ဟု ဆိုရမည်လော။
ထိုသို့ထုတ်ပြောပါက ၊ သူ့ကို အရူးဟု သတ်မှတ်ကြမည်မှာ သေချာသည်။
မင်းသား(၃) ရှောင်ကျင်းမှာ မင်းသားများ၏ ထိပ်ဆုံးနေရာတွင် ရပ်နေပြီး ဝမ်းနည်းသော မျက်နှာဖြင့် သရုပ်ဆောင်နေသော်လည်း သူ၏မျက်လုံးထဲတွင် ဖုံးဖိမထားနိုင်သော မာနထောင်လွှားမှု အရိပ်အယောင်များ ရှိနေခဲ့သည်။
အခန်း(၁၅၈) နန်းတွင်းတစ်ခုလုံး တုန်လှုပ်သွားခြင်း
သူသည် ရှေ့သို့ ထွက်လာကာ ဦးညွှတ်လျက် ပြောဆိုလိုက်သည်။
"ခမည်းတော် ၊ သားတော်လည်း ဒီကိစ္စကို သံသယဖြစ်မိပါတယ်…ညီတော်(၇)ဟာ အမြဲတမ်း အခြားသူတွေနဲ့ မတူဘူး … ကျင့်ကြံလောကနဲ့ ပတ်သက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ သတိထားရပါလိမ့်မယ်"
"လူထုရဲ့ ဝေဖန်မှုတွေကို တားဆီးဖို့နဲ့ ညီတော်ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ အသေးစိတ် စစ်ဆေးသင့်ပါတယ်"
သူ၏ စကားလုံးများမှာ တိုင်းပြည်အတွက် စိုးရိမ်မှုနှင့် ညီအစ်ကိုချင်း ချစ်ခင်မှုတို့ ရောထွေးနေသယောင် ပြောဆိုထားခြင်းဖြစ်သည်။
မှူးမတ်အပေါင်း၏ အကြည့်များမှာ ပလ္လင်တော်ပေါ်ရှိ ဧကရာဇ်ထံသို့ စုပြုံရောက်ရှိသွားသည်။
ဧကရာဇ် ရှောင်ယွမ်မှာ ပလ္လင်ပေါ်တွင် မှီလျက် မျက်လုံးများကို မှိတ်ထားပြီး အိပ်ပျော်နေပုံရကာ အောက်က ဆူညံသံများကို လုံးဝ သတိမထားဟန်ဖြင့် ရှိနေသည်။
အချိန်အတော်ကြာမြင့်ပြီးနောက်တွင် ဝမ်ကျိန့်မင်က ထပ်မံလျှောက်တင်ရန် ဟန်ပြင်လိုက်စဉ် ဧကရာဇ် ရှောင်ယွမ်သည် ဆူညံသံများကြောင့် နိုးလာသကဲ့သို့ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူသည် ဒူးထောက်နေသော မှူးမတ်များကိုလည်း မကြည့်၊ မတူညီသော စိတ်ကူးများရှိသည့် သားတော်များကိုလည်း မကြည့်ဘဲ သူ့ဘေးနားက မိန်းမစိုးကို တည်ငြိမ်စွာဖြင့် မိန့်ကြားလိုက်သည်။
"ဆူညံမနေကြနဲ့တော့ ၊ သွား..အိမ်ရှေ့စံကို ခေါ်ခဲ့ ၊ သူတို့ရှေ့မှာပဲ တိုက်ရိုက်ရှင်းခိုင်းလိုက်"
အရှေ့နန်းဆောင်၊ အိပ်ဆောင်အတွင်း၌။
ရှောင်ရှန်းတစ်ယောက် စောင်ကို ဖက်ထားကာ အိပ်စက်ခြင်းနှင့်ပတ်သက်သော "အိပ်ရာထဲတွင် အကောင်းဆုံး လှဲလျောင်းနည်း (၁၀၈) မျိုး" ကို လေ့လာနေစဉ် ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံများကြောင့် အိပ်မက်ထဲမှ ဆွဲထုတ်ခံလိုက်ရသည်။
"အရှင့်သား၊ အရှင့်သား၊ မြန်မြန်ထပါဦး… နန်းတော်မှာ အစည်းအဝေးရှိတယ်၊ ဧကရာဇ်က အရှင့်သားကို ဆင့်ခေါ်လိုက်တယ်"
ရှောင်ရှန်းသည် မျက်လုံးတစ်ဖက်ကို ရုန်းကန်ဖွင့်ကြည့်ရင်း စိုးရိမ်တကြီး ဖြစ်နေသော မိန်းမစိုးကို တွေ့လိုက်ရသည်။
"အစည်းအဝေးကို သွားရမှာလား၊ အခု ဘယ်အချိန်ရှိပြီလဲ"
"မနက်ခင်းအချိန် ကုန်လုနီးပါး ဖြစ်နေပြီ အရှင့်သား၊ မှူးမတ်အပေါင်းက စောင့်နေကြတယ်”
"ငါ့ကို စောင့်နေတာလား၊ ငါက သူတို့ကို လစာပေးတာလည်း မဟုတ်ဘဲနဲ့"
ရှောင်ရှန်းသည် လှည့်အိပ်လိုက်ပြီး စောင်ထဲခေါင်းမြုပ်ကာ ဝါးတားတားဖြင့် ပြောလိုက်သည်။
" ပြောလိုက် ၊ မနေ့ညက ငါ အအေးမိသွားလို့ မထနိုင်တော့ဘူး၊ သူတို့ဘာသာ သူတို့ ကြိုက်သလိုလုပ်နိုင်တယ်"
"အရှင့်သား၊ အဲဒီလို မပြောပါနဲ့"
မိန်းမစိုးလေးမှာ ငိုချလုမတတ် ။
"အရာရှိတွေက အရှင့်သားကို နတ်ဆိုးအတတ် တတ်တယ်လို့ စွပ်စွဲပြီး ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုနေကြတယ်"
ရှောင်ရှန်းတစ်ယောက် ခဏတာ တိတ်ဆိတ်သွားသည်။
ထို့နောက် စောင်ကို လွှင့်ပစ်ကာ ရုတ်တရက် ထထိုင်လိုက်သည်။ သူ၏ ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေသော်လည်း သူ၏ မျက်လုံးများမှာ တောက်ပနေလေ၏။
"ဘာ၊ ငါ့ကို စွပ်စွဲတာလား၊ ငါ့ကို ရာထူးကနေ ဖယ်ရှားမှာလား"
သူသည် မိန်းမစိုးလေး၏ ပခုံးကို ဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် အတည်ပြုမေးမြန်းလိုက်သည်။
"ဒါ တကယ်ကြီး ပြောနေတာလား"
အိမ်ရှေ့စံ၏ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ ပျော်ရွှင်နေသော မျက်နှာပေးကို ကြည့်ကာ မိန်းမစိုးလေးမှာ ကြောင်အမ်းသွားလေ၏။
ရွှေပလ္လင်တော်ခန်းမ။
ရှောင်ရှန်းတစ်ယောက် တစ်ဝါးဝါးလုပ်ရင်း မိန်းမစိုးနှစ်ဦး၏ ပင့်ခေါ်မှုနှင့်အတူ နန်းတော်ထဲသို့ ရောက်လာချိန်တွင် ၊ လူတိုင်းမှာ သူ၏ ပုံစံကြောင့် အံ့အားသင့်သွားကြသည်။
သူ၏ ဝတ်ရုံမှာ ရှုပ်ပွနေပြီး ဦးထုပ်မှာလည်း ဘေးစောင်းနေသည်။ သူ၏ မျက်ဝန်းထောင့်တွင် မသန့်စင်ရသေးသာ မျက်ချေးများပင် ရှိနေပြီး "ငါဘယ်သူလဲ၊ ငါဘယ်ရောက်နေတာလဲ၊ ဘာလို့ ဒီကိုရောက်နေတာလဲ" ဟူသော ပုံစံဖြင့် ရှိနေလေ၏။
" အပြစ်သား ကျွန်တော် ရှောင်ရှန်း၊ ခမည်းတော်ကို ဂါရဝပြုပါတယ်"
သူသည် အားမရှိသည့်အတိုင်း ဦးညွှတ်နေလေရာ ၊ လေတိုက်လျှင်ပင် လဲကျတော့မည့် ပုံစံပေါက်သည်။
စစ်ဆေးရေးအရာရှိအမတ်ကြီး ဝမ်ကျိန့်မင်မှာ ဒေါသထွက်လွန်း၍ သူ၏ မုတ်ဆိတ်များပင် တုန်ယင်နေကာ လက်ညိုးငေါက်ငေါက်ထိုးရင်း အော်ဟစ်လိုက်သည်။
"ရှောင်ရှန်း၊ မင်း အပြစ်ရှိတာကို သိလား"
ရှောင်ရှန်းသည် မျက်ခုံးတစ်ချက် ပင့်ကြည့်ရင်း တစ်ဝါးဝါး ထပ်လုပ်နေရာ မျက်ရည်များပင် စီးကျလာသည်။
"သိတယ်၊ သိတယ်..အိပ်ယာထနောက်ကျသွားလို့ အားလုံးရဲ့ အိပ်မက်ကို နှောင့်ယှက်မိတာ ကျုပ်အပြစ်ပါပဲ"
"ငါမေးတာ ဒါမဟုတ်ဘူး"
ဝမ်ကျိန့်မင်မှာ ဒေါသထွက်ထွက်ဖြင့် ဆက်ပြောပြန်သည်။
"ငါမေးတာ မနေ့ညက အရှေ့နန်းဆောင်မှာ ဝိညာဉ်စွမ်းအားတွေ ထွက်ပေါ်လာတာ၊ မင်း နတ်ဆိုးအတတ်တွေ ကျင့်ကြံနေတာလား"
ဤစကားကို ကြားလိုက်ရသဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း၏ အကြည့်များက ရှောင်ရှန်းထံသို့ စုပြုံရောက်ရှ်ိသွားသည်။
ရှောင်ရှန်းသည် မျက်လုံးကို ပွတ်သပ်လိုက်ပြီး စဉ်းစားဟန်ပြုကာ အလေးအနက်ဖြင့် ခေါင်းညိတ်ပြလေ၏။
"ဟုတ်တယ်လေ"
ပေါ့ပေါ့ပါးပါး ပြောလိုက်သော ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ နှလုံးသားကို တူနှင့် ထုနှက်လိုက်သကဲ့သို့ပင်။
‘ သူ ဝန်ခံလိုက်တာလား၊ သူ ဒီလောက်လွယ်လွယ်လေး ဝန်ခံလိုက်တာလား…’
ဝမ်ကျိန့်မင်မှာလည်း ဆွံ့အသွားသည်။ သူ ပြင်ဆင်ထားသော မေးခွန်းများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။
သူသည် စိတ်ကို တည်ငြိမ်အောင် ထားကာ ထပ်မေးလိုက်ပြန်သည်။
"မင်း၊ မင်း ဝန်ခံလိုက်တာလား၊ မင်း ဘာနတ်ဆိုးအတတ်တွေကို ကျင့်ကြံနေတာလဲ၊ ဘာလုပ်ဖို့လဲ"
ရှောင်ရှန်းသည် လက်ချောင်းများကို ရေတွက်ကာ "ဒီကိစ္စက ပြောရရင် ရှည်တယ်" ဟူသော မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။
"ငါ ပျံသန်းနိုင်တာ၊ ဒါကရော နတ်ဆိုးအတတ်ထဲ ပါလား"
"ရယ်စရာကောင်းလိုက်တာ"
"အော်၊ ဟုတ်သားပဲ"
ရှောင်ရှန်းသည် ပြန်စဉ်းစားလိုက်ပြီး..
"မနေ့ညက ငါ အိပ်မက်ထဲမှာ လကမ္ဘာပေါ်ကို သွားပြီး လနန်းတော်မှာ လနတ်သမီးနဲ့ အရက်သောက်နေတာ၊ ဒီဟာကိုရော မင်းတို့ ယုံကြလား"
ဤစကားကို ကြားလိုက်ရချိန်တွင် ခန်းမတစ်ခုလုံး ထူးဆန်းစွာဖြင့် တိတ်ဆိတ်သွားသည်။
‘ဒါက ရယ်စရာ မဟုတ်တော့ဘူး၊ ဒါဟာ ရူးသွပ်နေတာပဲ’
"မင်း၊ မင်း၊ မင်း…”
ဝမ်ကျိန့်မင်မှာ ဒေါသထွက်လွန်း၍ မည်သည့်စကားမှ ပြောမထွက်တော့ပေ။