← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) - မဟာအလင်းမြတ်စွာဘုရားကို သတ်ဖြတ်ခြင်း (၂)

“အခု ငါတို့က သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ဘူး။ သူ့ကို ရင်ဆိုင်ဖို့ ကြိုးစားတာက လူမိုက်တစ်ယောက်ရဲ့ ရွှေပုံပေါ်တက်အိပ်ချင်တဲ့အိပ်မက်လိုပဲ”

“အခု ငါတို့အတွက် သူ့လက်အောက်ခံလုပ်ဖို့ဆိုတဲ့ ရွေးချယ်စရာတစ်ခု ရှိတော့တယ်၊ ငါတို့က ခေါင်းမာနေအုံးမယ်ဆိုရင်တော့ ငါတို့ကို စောင့်ကြိုနေတာက သူ့ရဲ့ အဆုံးအစမရှိတဲ့ ဒေါသတွေပဲ ဖြစ်လိမ့်မယ်”

နယ်မြေနတ်ဘုရားလင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောလာသည်။

“ဖြစ်နိုင်တာက သူ ခဏတော့ ငါတို့ကို သက်ညှာပေးလိမ့်မယ်၊ ဒါပေမဲ့ အဲဒါကလည်း သူ ငါတို့ကို လောကဧကရာဇ်စစ်ပွဲအတွက် နေရာလုံလောက်အောင် စုဆောင်းချင်လို့ပဲ ဖြစ်လောက်တယ်”

နယ်မြေနတ်ဘုရားကုန်းစွန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ငါတို့မှာ ဒီလိုကံကြမ္မာနဲ့ ရေစက်ပါလာတာလား”

“ဒါက ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲလေ။ တခြားသူတွေကို အပြစ်တင်နေစရာ မလိုပါဘူး၊ ဒီကမ္ဘာကြီးက ဒီလိုပါပဲ။ အားနည်းသူဟာ အားကြီးသူရဲ့ အစာပဲ”

“ခွန်အားကြီးသူက အရာအားလုံးကို ကြီးစိုးချုပ်ကိုင်ပြီး အားနည်းသူကတော့ အခြေအနေကို လက်ခံနိုင်ဖို့ပဲရှိတယ်”

အနောက်ဘက်သုခဘုံ။

မဟာအလင်းမြတ်စွာဘုရား၏ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် ကျိုးရီ၏ မျက်နှာအမူအရာမှာ အလွန်လေးနက်တည်ကြည်နေခဲ့သည်။

“စိတ်ဝင်စားစရာပဲ၊ ဒီလို ဆက်စပ်မှုမျိုး ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး”

တကယ်တမ်းတွင် မဟာအလင်းမြတ်စွာဘုရားသည် ဤကမ္ဘာမှ လူတစ်ယောက် မဟုတ်ဘဲ အခြားကမ္ဘာများမှ လာခဲ့သူဖြစ်ကြောင်း သိလိုက်ရသည်။

ကမ္ဘာအတော်များများတွင် ဗုဒ္ဓဂိုဏ်းသည် အမှန်တကယ်ပင် အလွန်အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မဟာဗုဒ္ဓဘိုးဘေးသည် ဗုဒ္ဓဂိုဏ်းကို တည်ထောင်ခဲ့ပြီး တပည့်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့သည်။ သူတို့၏ စွမ်းအားက အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ တရားဓမ္မများ ဖြန့်ဝေရန်အတွက် အခြားကမ္ဘာများဆီသို့ စေလွှတ်ခဲ့သည်။

ဤနည်းဖြင့် သူတို့ဂိုဏ်း၏ ဩဇာလွှမ်းမိုးမှုသည် ကောင်းကင်ယံ နယ်မြေတစ်ခွင်လုံးရှိ နေရာတိုင်းတွင် ရှိနေလေသည်။

မဟာအလင်းမြတ်စွာဘုရားသည် အစွမ်းထက်သော်လည်း ၎င်းမှာ လက်ရှိကမ္ဘာအတွင်း၌သာ။

အခြားကမ္ဘာများတွင်မူ သူ၏ စွမ်းအားမှာ သာမန်သာဖြစ်ပြီး အထွတ်အထိပ်အဆင့်သို့ရောက်ရန် အလှမ်းဝေးနေဆဲပင်။

“အခုချိန်ကစပြီး ငါ့ကိုယ်ပိုင်စွမ်းအားကို ပိုပြီးတိုးတက်လာအောင် လုပ်ရမယ်။ ပြီးတော့ မဟာဗုဒ္ဓဘိုးဘေးနဲ့ တိုက်ပွဲတစ်ပွဲ ဆင်နွဲရမယ်”

မဟာဗုဒ္ဓဘိုးဘေး၏ စွမ်းအားမှာ သာမန်မဟုတ်လောက်သောကြောင့် ကျိုးရီက ဤကိစ္စကို အနည်းငယ် သတိထားနေမိသည်။ သို့သော် ဤနယ်မြေထဲတွင် ကမ္ဘာများ အလွန်များပြားလွန်းပြီး သူ့တွင်လည်း တပည့်များ အလွန်များပြားလှသည်။

ထို့ကြောင့် သူက လောလောဆယ်တွင် ဤနေရာကို သတိထားမိမည် မဟုတ်လောက်သဖြင့် ကျိုးရီအတွက် တိုးတက်လာရန် အချိန်ရနေသေးသည်။

သူ တိုးတက်လာသရွေ့ တစ်ဖက်လူကို အနိုင်ယူနိုင်မည့်နေ့ ရှိလာပေလိမ့်မည်။ စိုးရိမ်နေရန် မလိုအပ်ချေ။

ရှေးဟောင်းခေါင်းလောင်းနှင့် ပတ်သက်သည့် အချက်အလက်များအတွက်မူ မဟာအလင်းမြတ်စွာဘုရားသည်လည်း သိပ်ရှင်းရှင်းလင်းလင်း မသိထားပေ။

ဤရှေးဟောင်းခေါင်းလောင်းသည် အမြင့်မြတ်ဆုံး မှော်ရတနာ တစ်ခုဖြစ်ကြောင်းကိုသာ သူ သိထားသည်။

အမြင့်မြတ်ဆုံး မှော်ရတနာဆိုသည်မှာ အမှန်တကယ် သူ့အလိုလို ဆင့်ကဲပြောင်းလဲလာခဲ့သော မှော်ရတနာမျိုး ဖြစ်သည်။

ထိုသို့သော အမြင့်မြတ်ဆုံး မှော်ရတနာများသည် ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်များမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အချို့သော အမြင့်မြတ်ဆုံး မှော်ရတနာများသည် ကမ္ဘာတစ်ခု၏ လောကဧကရာဇ် စွမ်းအားကိုပင် အလွယ်တကူ ကျော်လွန်နေတတ်သည်။

မဟုတ်သေး။ လောကဧကရာဇ်တိုင်းကိုပင် ကျော်လွန်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

“ဒီမှော်ရတနာကို အခုကစပြီး အပြင်လူတွေရှေ့မှာ အလွယ်တကူ ထုတ်ပြလို့မရတော့ဘူး။ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်။ တကယ်လို့ တချို့လူတွေက ဒါကို မျက်စိကျသွားရင် ငါ အဖြစ်ဆိုးနဲ့ သေသွားနိုင်တယ်”

ကျိုးရီ၏ မျက်လုံးများက အရောင်လက်သွားပြီး အမြင့်မြတ်ဆုံး မှော်ရတနာကို သိမ်းဆည်းလိုက်ကာ မရှိမဖြစ် လိုအပ်သည့်အချိန်မှလွဲ၍ အလွယ်တကူ အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။

သူက မဟာအလင်းမြတ်စွာဘုရား၏ စွမ်းအင်အားလုံးကို ဝါးမျိုရန်အတွက် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြုလိုက်ရာ ကျင့်ကြံခြင်းအဆင့်က အရူးအမူး မြင့်တက်လာလေသည်။

မကြာမီမှာပင် ကျိုးရီသည် လက်ရှိကျင့်စဉ်အဆင့်၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားလေသည်။

တစ်ဖက်လူထံမှ စုပ်ယူလိုက်သော မှတ်ဉာဏ်များအရ နယ်မြေနတ်ဘုရားအဆင့်ပြီးနောက် နောက်ထပ်အဆင့်မှာ နတ်ဘုရားဧကရာဇ်ဖြစ်ကြောင်း သူ သိလိုက်ရသည်။

နတ်ဘုရားအားလုံး၏ ဧကရာဇ်။

၎င်းမှာ လောကဧကရာဇ်၏ အထက်တွင်ရှိသော တည်ရှိမှုဖြစ်ပြီး နတ်ဘုရားဧကရာဇ်တစ်ပါးက ကမ္ဘာများစွာကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

နတ်ဘုရားဧကရာဇ် တစ်ပါး ပေါ်လာသောအခါ မဟာကမ္ဘာများမှ လောကဧကရာဇ်များပင် ရိုသေလေးစားစွာ ဦးညွှတ်ကြရသည်။

အဘယ်ကြောင့်ဆိုသော် ဤအဆင့်သည် မဟာကမ္ဘာအသီးသီးကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းသွားလာရုံသာ မဟုတ်တော့သောကြောင့် ဖြစ်သည်။

သူတို့သည် ကမ္ဘာတစ်ခု သို့မဟုတ် ကမ္ဘာများစွာကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။

တိတိကျကျ ပြောရလျှင် လောကဧကရာဇ်များက သူတို့ကို ကြောက်ရွံ့ကြရုံသာမက ကမ္ဘာဆန္ဒများကပါ ကြောက်ရွံ့ကြခြင်းဖြစ်သည်။

ထိုကမ္ဘာ့ဆန္ဒများသည် သူတို့ ချက်ချင်းအသတ်ခံရမည်ကို စိုးရိမ်သောကြောင့် လောကဧကရာဇ်များကို နတ်ဘုရားဧကရာဇ်အား မစော်ကားမိစေရန် အတင်းအကျပ် ဖိအားပေးလေ့ရှိသည်။

“ငါလည်း မကြာခင်မှာ အဲဒီအဆင့်ကို ရောက်နိုင်လောက်ပါတယ်၊ ဒီကမ္ဘာရဲ့ လောကဧကရာဇ်က အဲဒီအဆင့်ကို မရောက်သေးဘူးမဟုတ်လား။ ငါက သူ့ထက်ပိုအရင် အဲဒီအဆင့်ကို ရောက်သွားဦးမယ်ထင်တယ်၊ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ”

တစ်ကိုယ်တည်း ရေရွတ်ပြီးနောက် ကျိုးရီက အနောက်ဘက်ကမ္ဘာရှိ နိုးထလာသော မိစ္ဆာများကို ကြည့်ကာ ခေါင်းခါယမ်းလိုက်မိသည်။

“ကျိန်စာသင့်နေတဲ့ ဒီဗုဒ္ဓဂိုဏ်းက ကမ္ဘာကြီးရဲ့ ဆိုးယုတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ပုံရိပ်ယောင်တစ်ခုကို အသုံးပြုခဲ့တာပဲ၊ လုံးဝ ခွင့်လွှတ်လို့မရဘူး”

အတွေးတစ်ခုနှင့်အတူ သူက အလင်းတန်း သန်းထောင်ချီ၍ ထုတ်လွှတ်လိုက်သည်။

ခုခံ၍မရနိုင်သော စွမ်းအားများ ပါဝင်သည့် ဤအလင်းတန်းများသည် အဝေးဆီသို့ ညှာတာမှုကင်းမဲ့စွာ ပစ်ခတ်သွားပြီး နတ်ဆိုးများနှင့် တစ္ဆေများအားလုံးကို တစ်ကောင်မှ မကျန်ရစ်စေဘဲ တိုက်ရိုက်ချေမှုန်းပစ်လိုက်လေသည်။

အနောက်ဘက်ကမ္ဘာသည် ဤအချိန်တွင် အရင်က မကြုံဖူးသော တိတ်ဆိတ်ငြိမ်းချမ်းခြင်းမျိုးနှင့် ကြုံတွေ့လိုက်ရသည်။

ဖြစ်နိုင်သည်မှာ ဤနေရာကို ဗုဒ္ဓဂိုဏ်းက သိမ်းပိုက်ထားချိန်မှစ၍ ယနေ့အထိ ဤမျှတိတ်ဆိတ်ငြိမ်းချမ်းခြင်းမျိုး တစ်ခါမှ မရှိခဲ့ဘူးပေ။

သို့သော် ဤအရာအားလုံးကို လုပ်ဆောင်ပြီးသော်ငြား ကျိုးရီသည် ဤနေရာမှ ထွက်မသွားသေးဘဲ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ ဗုဒ္ဓဂိုဏ်းထဲသို့ ရောက်ရှိသွားလေသည်။

မဟာအလင်းမြတ်စွာဘုရားကို သတ်လိုက်ခြင်းက အခြားသူများကို အလွတ်ပေးလိုက်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

ဤလူများအားလုံးသည် ဗုဒ္ဓကျင့်စဉ်များကို ကျင့်ကြံကြသူများဖြစ်သည်။

မဟာအလင်းမြတ်စွာဘုရား ဖျက်ဆီးခံလိုက်ရပြီးနောက် သူတို့သည် ဤဂိုဏ်းရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များအဖြစ် ကျန်ရှိနေကာ ဗုဒ္ဓဘာသာ တာအိုစွမ်းအားများအားလုံးကို စုပ်ယူနိုင်ကြပြီး မကြာမီမှာပင် မဟာအလင်းမြတ်စွာဘုရားအသစ်တစ်ပါး ထပ်မံမွေးဖွားလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့က သေချာပေါက် ရန်စကာ ပြဿနာရှာလာကြမည် ဖြစ်သည်။

ထိုအချိန်အထိ စောင့်နေမည့်အစား ယခုကတည်းက လက်ဦးမှုရယူပြီး သူတို့အားလုံးကို သတ်ပစ်လိုက်ခြင်းက အနာဂတ်ပြဿနာများကို ဖြေရှင်းရာရောက်ပေမည်။

ကျိုးရီ ရောက်ရှိလာသည့် အခိုက်အတန့်တွင် ထိုနေရာ၌ ရှိနေသူအားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

သူတို့က ကျိုးရီ၏ စွမ်းအားကို မခံစားနိုင်ကြသော်လည်း ထိုသို့ဖြစ်လေ သူ၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို ပို၍ သက်သေပြလေပင်။

အဘယ်ကြောင့်ဆိုသော် အထွတ်အထိပ်သို့ ရောက်ရှိနေသော စွမ်းအားရှင်များကို သူတို့ အာရုံမခံနိုင်ကြပေ။

တစ်ဖက်လူက မည်သည့်အဆင့်ရှိသော ထိပ်သီးသိုင်းပညာရှင်ပင် ဖြစ်ပါစေ သူတို့အတွက် လမ်းဆုံးသွားပြီ ဖြစ်သည်။

ထို့ပြင် တစ်ဖက်လူက မဟာအရှင်သခင်ကို သတ်ခဲ့သူလော၊ သို့မဟုတ် မဟာအရှင်သခင် အသတ်ခံရသည်ကို မြင်ပြီး အခြားနေရာမှ အကျိုးအမြတ်ရှာရန် လာရောက်သည့် နယ်မြေနတ်ဘုရားလော ဆိုသည်ကိုလည်း သူတို့ မသိကြပေ။

နတ်ဘုရားများ၊ ဗုဒ္ဓများနှင့် ဗောဓိသတ္တအချို့မှာ အလွန်တုန်လှုပ်နေကြသော်လည်း ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။

“အမိတာဘ... စီနီယာကို ဂါရဝပြုပါတယ်။ လေးစားအပ်တဲ့စီနီယာ ရောက်ရှိလာတာကို ကျွန်ုပ်တို့ မသိလိုက်မိဘူး။ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါ စီနီယာ၊ စီနီယာ ဘယ်ကလာတာလဲဆိုတာ မေးခွင့်ပြုပါ”

ကျိုးရီ၏ အကြည့်က လူတိုင်းအပေါ် အေးတိအေးစက် ဖြတ်ပြေးသွားပြီး စကားတစ်ခွန်းမှ မဆိုတော့ပေ။ နတ်ဘုရားများ၊ ဗုဒ္ဓများနှင့် ဗောဓိသတ္တများ တွေဝေသွားချိန်မှာပင် ကျိုးရီက လှုပ်ရှားလိုက်ပြီဖြစ်သည်။

ဘုန်း….

ပထမဆုံးအနေဖြင့် နတ်ဘုရားများနှင့် ဗုဒ္ဓများထဲမှ တစ်ပါးက ပေါက်ကွဲသွားပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ...

ဘုန်း... ဘုန်း... ဘုန်း...

တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါက်ကွဲသွားလေသည်။

နတ်ဘုရားများနှင့် ဗုဒ္ဓများမှာ ထိတ်လန့်လာပြီး ကြောက်ရွံ့လာကြသည်။

ဤကဲ့သို့သော အခြေအနေမျိုးကို သူတို့ မျှော်လင့်ထားခဲ့သော်လည်း အမှန်တကယ် ဖြစ်ပေါ်လာသောအခါ ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ရှောင်လွှဲ၍မရနိုင်ပေ။

“စီနီယာ... ကျွန်ုပ်တို့ အသက်ကို ချမ်းသာပေးပါ၊ စီနီယာရဲ့ အမိန့်ကို နာခံဖို့ ဆန္ဒရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ်”

“ကျွန်ုပ်တို့ အခုကစပြီး စီနီယာ့ကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ စီနီယာ”

နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံးက သနားညှာတာရန် တောင်းပန်နေကြသည်။ သူတို့ထဲတွင် ခေါင်းမာသူ တစ်ယောက်မျှ မရှိပေ။

အမှန်တကယ်တော့ သူတို့ ဗုဒ္ဓဂိုဏ်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ သစ္စာရှိမှုကြောင့် လုံးဝမဟုတ်ပေ။ တိတိကျကျ ပြောရလျှင် သူတို့ ပိုမိုအစွမ်းထက်လာချင်သောကြောင့်သာ ဖြစ်သည်။

သူတို့ ပိုမိုအစွမ်းထက်လာနိုင်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ကြမည်ဖြစ်သည်။

ယခုအခါ သူတို့ သေရတော့မည်ဖြစ်ရာ သဘာဝကျကျပင် ယဉ်ကျေးမှု သို့မဟုတ် ရှက်ရွံ့မှုတို့ကို ဂရုစိုက်နေမည် မဟုတ်ဘဲ အားလုံးက သနားညှာတာရန် စတင်တောင်းပန်လာကြသည်။

သို့သော် ကံမကောင်းစွာဖြင့် တစ်ယောက်မျှ လွတ်မြောက်မသွားခဲ့ပေ။

သူတို့ သနားညှာတာရန် တောင်းပန်လေလေ၊ ကျိုးရီက သူတို့ကို ပို၍ အထင်အမြင်သေးလေလေ ဖြစ်ကာ သူတို့အားလုံးကို တိုက်ရိုက်သတ်ပစ်လိုက်ပြီး တစ်ယောက်မျှ အရှင်မထားခဲ့ပေ။

သို့သော် သတ်ဖြတ်မှု ပြုလုပ်နေစဉ်မှာပင် မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး ထိပ်သီးသိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါများက အလုံးအရင်းနှင့် ထွက်ပေါ်လာလေတော့သည်။

All Chapters