← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆) - နတ်ဘုရားဧကရာဇ်အဆင့်သို့ တက်လှမ်းခြင်း (၁)

ကျိုးရီက ပြောထားသည့်အတိုင်း လွှတ်မပေးဘဲ အေးစက်စက် အမူအရာဖြင့်သာ စိုက်ကြည့်နေလိုက်သည်။

ဗုဒ္ဓပုံရိပ်ယောင်၏ မျက်နှာသွင်ပြင်က ရုတ်တရက် ပြောင်းလဲသွားသည်။

“မင်း... မင်း ကတိဖျက်တာလား။ မင်းရဲ့ သစ္စာစကားကို ရုပ်သိမ်းချင်တာလား”

ကျိုးရီက နှုတ်ခမ်းတစ်ဖက်တွန့်ရုံမျှသာ ပြုံးလိုက်သည်။

“ဒါက သာမန်ကိစ္စပဲ မဟုတ်ဘူးလား၊ ငါ မင်းကို လွှတ်ပေးလိုက်ပြီးရင် မင်းရဲ့ ပင်မခန္ဓာကိုယ်က ငါနဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူလိမ့်မယ်လို့ တကယ်ပဲ ထင်နေခဲ့တာလား၊ မင်းက ကိုယ်ပွားတစ်ခုသာသာမို့လို့ ဦးနှောက်သိပ်မရှိတာလည်း ဖြစ်နိုင်တယ်”

“ဒါက လုံးဝ မဖြစ်နိုင်ဘူးဆိုတာ ငါ ရှင်းရှင်းလင်းလင်း ပြောပြလိုက်မယ်။ တကယ်အစွမ်းထက်တဲ့သူတစ်ယောက်က တခြားသူတွေ သူ့ကို စိတ်ကြိုက်ခြယ်လှယ်တာကို ခွင့်ပြုမှာ မဟုတ်သလို၊ ပုရွက်ဆိတ်တစ်ကောင်က သူနဲ့ လာနှိုင်းယှဉ်တာကိုလည်း လက်ခံမှာမဟုတ်ဘူး”

“ငါ့စွမ်းအားက မင်းထက် အများကြီးသာနေပေမဲ့ မင်းရဲ့ ပင်မခန္ဓာကိုယ်ရှေ့မှာတော့ သာမန်ပဲ ရှိသေးတယ်၊ ငါသာ မင်းကို ဒီကမ္ဘာကနေ ထွက်သွားခွင့်ပြုလိုက်မယ်ဆိုရင် နောင်တစ်ချိန် သေရမယ့်သူက ငါပဲ ဖြစ်သွားလိမ့်မယ်”

ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“ခွေးကောင်... ငါ့ရဲ့ ပင်မခန္ဓာကိုယ်က မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး၊ အနှေးနဲ့အမြန် သူ ကိုယ်တိုင်လာပြီး မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိမ့်မယ်”

“မင်း နောက်ဆုံးမှာ အဆုံးအစမရှိတဲ့ ငရဲကို ကျရောက်ပြီး မြေမြှုပ်စရာနေရာတောင် ရှိမှာမဟုတ်ဘူး”

ကျိုးရီက ပခုံးတွန့်လိုက်ကာ ဂရုမစိုက်သည့် ဟန်ဖြင့် တုံ့ပြန်လိုက်သည်။

“ရိုးအလွန်းတယ်”

ထို့နောက် ကပ်ကမ္ဘာခေါင်းလောင်းကို မသက်ဝင်စေလိုက်ရာ ခေါင်းလောင်းအတွင်းမှ တောက်ပသော အလင်းရောင်များ ပြည့်နှက်လာပြီး နောက်တစ်စက္ကန့်မှာပင် ပုံရိပ်ယောင်ကို ပြာအဖြစ်သို့ ချက်ချင်းပြောင်းလဲပစ်လိုက်သည်။

“အား... အား... အား..."

“ခွေးကောင်၊ သေသင့်တဲ့ကောင်၊ ငါ့ရဲ့ ပင်ခန္ဓာကိုယ်သတ်လို့ သေစေရမယ်... ငါ ကျိန်စာတိုက်တယ်”

ရွှေခန္ဓာရုပ်ကလာပ်၏ နောက်ဆုံးကျန်ရစ်သော အသိစိတ်က သနားစဖွယ်အော်ဟစ်သံများ ဆက်တိုက် ထုတ်လွှတ်သွားလေသည်။

ဤကမ္ဘာအတွင်းရှိ ဗုဒ္ဓဂိုဏ်း၏ စွမ်းအားများသည်လည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

ကျိုးရီက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကပ်ကမ္ဘာခေါင်းလောင်းက သူ့လက်ထဲသို့ ချက်ချင်း ပြန်လည်ပျံသန်းလာသည်။

လက်ဖဝါးပေါ်တွင် ညင်သာစွာ လည်ပတ်နေသော ခေါင်းလောင်းလေးကို ကြည့်ရင်း ကျိုးရီ၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။

“ဒီပစ္စည်းက အင်မတန်အဖိုးတန်တဲ့ အမြင့်မြတ်ဆုံးရတနာ ဖြစ်နေမယ်လို့ မထင်ထားဘူး။ နောင်တစ်ချိန် တခြားသူတွေသာ သိသွားရင် ငါ အဖြစ်ဆိုးနဲ့ ကြုံရလိမ့်မယ်။ အခုချိန်ကစပြီး ဒီအမြင့်မြတ်ဆုံးရတနာကို အလွယ်တကူ ထုတ်ပြလို့ မရတော့ဘူး”

“ဒါ့အပြင် ကျန်နေသေးတဲ့ အမြင့်မြတ်ဆုံးရတနာရဲ့ အပိုင်းအစတွေအားလုံးကို အမြန်ဆုံးစုဆောင်းနိုင်မယ့် နည်းလမ်းကိုလည်း ရှာရဦးမယ်”

တစ်ဖက်လူပြောသွားသည့် စကားများအရ ဤအမြင့်မြတ်ဆုံးရတနာကိုသာ ပြန်လည်စုစည်းနိုင်ပါက ၎င်း၏ စွမ်းအားအစစ်အမှနိကို ထုတ်လွှတ်နိုင်ရုံသာမက အလွန်အစွမ်းထက်သည့် ကျင့်စဥ်နည်းလမ်းများကိုပါ ရနိုင်ခြေရှိလေသည်။

အရာအားလုံးကို ရှင်းလင်းပြီးသွားသည့်အခါ ကျိုးရီက လှည့်ကာ ထွက်ခွာသွားခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်နေသော အရက်ဆိုင်ငယ်လေးဆီသို့ သူ ပြန်ရောက်လာချိန်တွင် လေပြည်အေးအချို့က တံခါးဝမှတစ်ဆင့် ဖြတ်သန်းတိုက်ခတ်သွားသည်။

ထိုအရက်ဆိုင်လေးထဲတွင် နယ်မြေနတ်ဘုရားလင်း၊ နယ်မြေနတ်ဘုရားချင်နှင့် နယ်မြေနတ်ဘုရားကုန်းစွန်းတို့ သုံးဦးလုံး စောင့်ဆိုင်းနေဆဲပင်။

သူ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် ခပ်ဖွဖွ ချောင်းဟန့်လိုက်ကြ၏။

ထို့နောက် တစ်ပြိုင်နက်တည်း မတ်တပ်ရပ်၍ လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်ကြသည်။

“နယ်မြေနတ်ဘုရားကျိုးဆီမှာ ဒီလောက်ကြီးမားတဲ့ စွမ်းအားတွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး၊ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းပါတယ်"

“ကျွန်တော်တို့ တကယ်ကို အထင်ကြီးလေးစားမိပြီး နယ်မြေနတ်ဘုရားကျိုးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ချင်ပါတယ်။ နယ်မြေနတ်ဘုရားကျိုးဘက်ကရော ဘယ်လိုသဘောရပါသလဲ”

ကျိုးရီက သူတို့ကို အေးဆေးတည်ငြိမ်စွာပင် ကြည့်လိုက်သည်။

“ကြည့်ရတာ ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အပြည့်အဝ နားမလည်သေးဘူးထင်တယ်၊ အရင်က ခင်ဗျားတို့ကို အခွင့်အရေး အကြိမ်ကြိမ်ပေးခဲ့ပြီးပြီ”

“အဲဒီတုန်းကသာ လိမ်လိမ်မာမာနဲ့ နားထောင်ခဲ့မယ်ဆိုရင် အခုချိန်မှာ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အားကိုးရတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်နေလောက်ပြီလို့ ထင်တယ်”

“ဒါပေမဲ့ ကံမကောင်းတာက အခု ခင်ဗျားတို့ သဘောတူလာတဲ့အချန် ကျွန်တော့်ရဲ့ စွမ်းအားကို ထုတ်ပြပြီးမှ ဖြစ်နေတာပဲ၊ နှင်းတောထဲမှာ မီးသွေးပို့တာက ပန်းပွင့်ပေါ်မှာ ပန်းထပ်ဆင်တာထက် ပိုအဖိုးတန်တယ်ဆိုတဲ့ စကားတစ်ခွန်းကို ခင်ဗျားတို့ ကြားဖူးမှာပါ”

“ဒါကြောင့် ကျွန်တော်တို့ရဲ့ မဟာမိတ်လမ်းစဥ်က အခုအကျုံးမဝင်တော့ဘူး”

နယ်မြေနတ်ဘုရားလင်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိ၏။

ဤရလဒ်ကို သူ အစောကတည်းက ခန့်မှန်းမိပြီးဖြစ်သည်။

လက်တွေ့တွင်လည်း အမှန်တကယ်ပင် ဖြစ်လာခဲ့ချေပြီ။ သူတို့အနေဖြင့် ဘာလုပ်နိုင်စွမ်းမှ မရှိတော့ပေ။

တစ်ဖက်လူ၏ စွမ်းအားက အလွန်အားကောင်းလွန်းနေရာ သဘောတူရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

ဤနေရာရှိ မည်သူမဆို မကျေနပ်သည့်အရိပ်အယောင် အနည်းငယ်မျှ ပြသရဲပါက နောက်တစ်စက္ကန့်တွင် မဟာအလင်းမြတ်စွာဘုရား၏ နောက်သို့လိုက်ကာ ငရဲပြည်သို့ ရောက်သွားနိုင်ခြေ အလွန်များလေသည်။

မျက်နှာပျက်ခြင်းနှင့် လှောင်ပြောင်ခံရခြင်းမှ ကင်းဝေးစေရန်နှင့် အရိုက်ခံရပြီးမှ သဘောတူရသည့်အဖြစ်မျိုး မဖြစ်စေရန် အသက်အကြီးဆုံးဖြစ်သည့် နယ်မြေနတ်ဘုရားလင်းက ပထမဆုံး စကားစလိုက်သည်။

“ဒီနေ့မှစပြီး ကျွန်တော် လင်မျိုးရိုးဟာ နယ်မြေနတ်ဘုရားကျိုးရဲ့ လက်အောက်ကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်”

“စီနီယာလင်း...”

နယ်မြေနတ်ဘုရားကုန်းစွန်းနှင့် နယ်မြေနတ်ဘုရားချင်တို့မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များကို မဖုံးကွယ်နိုင်ကြတော့ပေ။

နှစ်တစ်ထောင်ကျော်ကြာ ကျင့်ကြံခဲ့သော နယ်မြေနတ်ဘုရားလင်းတစ်ယောက် ယခုအခါ အခြားသူတစ်ဦး၏ လက်အောက်ခံ ဖြစ်လာရခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းသော ကိစ္စပင်ဖြစ်သည်။

နှစ်တစ်ထောင်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ရသမျှမှာ ယခုအခါ သူတစ်ပါးအတွက် ကျင့်ကြံလာရသကဲ့သို့ အချည်းနှီး ဖြစ်သွားခဲ့လေပြီ။

သို့သော် သူတို့တွင် အခြားသူများအတွက် ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်လည်း ယခုအခါ ရပ်တည်ချက်တစ်ခုကို ရွေးချယ်ရမည့်အချိန်နှင့် ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။

နယ်မြေနတ်ဘုရားလင်းက သူ၏ ရပ်တည်ချက်ကို ပြသပြီးနောက် ကျိုးရီက သူတို့နှစ်ဦးကို ကြည့်လိုက်ရာ သူ့အဓိပ္ပာယ်က အလွန်ရှင်းလင်းနေသည်။

‘သူ့လိုပဲ လက်နက်ချမလား၊ ဒါမှမဟုတ် သေမလား'

သူတို့နှစ်ဦးမှာ ခေါင်းညိတ်သဘောတူရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ နယ်မြေနတ်ဘုရားချင်က သက်ပြင်းချကာ ဆိုလိုက်သည်။

“စီနီယာလင်းတောင် ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်မတို့နှစ်ယောက်အတွက် ထပ်ပြောစရာ ဘာမှမရှိတော့ပါဘူး၊ အခုချိန်ကစပြီး နယ်မြေနတ်ဘုရားကျိုးရဲ့ လက်အောက်ကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်”

ကျိုးရီက ခေါင်းညိတ်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုကို သူတို့၏ ဦးခေါင်းထက်သို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။

၎င်းမှာ ထိုသုံးဦးကို ထိန်းချုပ်ရန် အသုံးပြုသော သူ၏ သီးသန့် တာအိုအမှတ်အသားပင်။

သူတို့က အပြင်ပန်းတွင် လက်အောက်ခံသွားပြီဖြစ်သော်လည်း သူနှင့် အမှန်တကယ် စိတ်သဘောထားတိုက်ဆိုင်ခြင်း မရှိသေးပေ။

နောင်တစ်ချိန်တွင် မျှော်လင့်မထားသော အခြေအနေတစ်ခုခု ပေါ်ပေါက်လာပါက သူ့ကို ချက်ချင်း သစ္စာဖောက်သွားနိုင်သည်။

ကျိုးရီသည် မိမိအတွက်ရော မိမိ၏ လက်အောက်ငယ်သားများအတွက်ပါ မည်သည့် လျှို့ဝှက်အန္တရာယ်မျှ ချန်ထားလိုခြင်းမရှိပေ။

သူတို့သုံးဦးမှာ လုံးဝ ခုခံငြင်းဆန်ခြင်းမရှိကြပေ။ ဤအခြေအနေတွင် သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချရန် မည်သည့်အခွင့်အရေးမျှ မရှိတော့ပေ။

ဤသုံးဦးကို ဖြေရှင်းပြီးနောက် နောက်တစ်ဆင့်မှာ လောကဧကရာဇ်ပြိုင်ပွဲအတွက် ဖြစ်သည်။

နယ်မြေနတ်ဘုရားလင်းက ရိုရိုသေသေ မေးမြန်းလိုက်သည်။

“နယ်မြေနတ်ဘုရားကျိုး... လောကဧကရာဇ်ဖြစ်လာဖို့ ဘယ်သူ့ကို ရွေးချယ်ထားတာလဲဆိုတာ မေးခွင့်ပြုပါ”

ကျိုးရီတစ်ယောက် ခေတ္တမျှ စဉ်းစားခန်းဝင်သွားသည်။

သူ၏ မျက်ဝန်းများအတွင်း၌ နက်ရှိုင်းကျယ်ပြန့်လှသော ရည်မှန်းချက်များ လင်းလက်လျက်ရှိသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဆုံးဖြတ်ချက်မချရသေးဘူး၊ အရင်က ပြောခဲ့သလိုပဲ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းမှာ အခွင့်အရေးရှိပါတယ်”

သူ့အတွက်မူ သူ နှိမ်နင်းထားသော လက်အောက်ငယ်သားများထဲမှ မည်သူက လောကဧကရာဇ် ဖြစ်လာသည်ဖြစ်စေ အရေးမကြီးပေ။

ကျိုးရီသည် ထိုမျှလောက် သဘောထားမသေးသိမ်သလို အမြင်လည်း မကျဉ်းမြောင်းပေ။ သူ့ရည်မှန်းချက်သည် အစမှကတည်းက ဤလောကဧကရာဇ်နေရာငယ်လေး မဟုတ်ပေ။

သူ့မျက်လုံးထဲတွင် ကမ္ဘာပေါင်း သုံးထောင်အထက်ရှိ နယ်မြေများအထိ လွှမ်းခြုံနိုင်သော ပိုမိုကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်တစ်ခုရှိနေသည်။

စစ်မှန်သော ထိပ်သီးသိုင်းပညာရှင်များသည် သူတို့၏ရည်မှန်းချက်များကို အမြဲတမ်း မြင့်မြင့်ထားလေ့ရှိသည်။

နိမ့်ကျ‌သောရည်မှန်းချက်တစ်ခုကို သတ်မှတ်လိုက်သည်နှင့် အလွယ်တကူ ကျေနပ်ရောင့်ရဲသွားတတ်ပြီး ထိုသို့ ကျေနပ်သွားခြင်း၏ ဆိုးကျိုးမှာ ဆက်လက်တိုးတက်မှု မရှိတော့ခြင်းပင်။

နယ်မြေနတ်ဘုရားလင်းနှင့် အခြားသူများ၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။

“နယ်မြေနတ်ဘုရားကျိုး... ကျွန်တော်တို့က အဲဒီနေရာအတွက်ယှဉ်ပြိုင်ဖို့ တကယ်ပဲ အရည်အချင်းပြည့်မီရဲ့လား”

“သေချာတာပေါ့”

“ကျေးဇူးတင်ပါတယ် နယ်မြေနတ်ဘုရားကျိုး”

ဤအချိန်တွင် သူတို့သုံးဦးမှာ မိမိတို့၏ အမြင်များ အလွန်ကျဉ်းမြောင်းနေကြောင်း ရုတ်တရက် သဘောပေါက်သွားကြသည်။

ကျိုးရီသည် သူတို့ကို လုံးဝ ဂရုမစိုက်ပေ။ ပို၍ တိတိကျကျ ပြောရလျှင် ထိုနေရာကို သူ လုံးဝ စိတ်မဝင်စားခြင်းဖြစ်သည်။ သို့သော် သူတို့ကတော့ မိုက်မဲစွာဖြင့် ထိုနေရာကို ရတနာတစ်ခုသဖွယ် ရင်ဝယ်ပိုက်ထားခဲ့ကြသည်။

ဤအချက်တစ်ချက်တည်းနှင့်တင် သူတို့သည် ကျိုးရီ၏ အနောက်တွင် ပြတ်ကျန်ခဲ့ပြီဖြစ်သည်။

ကျိုးရီက လက်ဝှေ့ယမ်းလိုက်သည်။

“ပြန်ပြီး ကျင့်ကြံကြတော့၊ မဟာအလင်းမြတ်စွာဘုရား အသတ်ခံလိုက်ရပြီမလို့ လောကဧကရာဇ်ပြိုင်ပွဲအတွရ် နောက်ထပ်နှစ်နေရာ ကျန်သေးတယ်၊ ဒီနှစ်နေရာအတွက် ကျွန်တော် အမြန်ဆုံးအတည်ပြုပြီးတာနဲ့ လောကဧကရာဇ်ပြိုင်ပွဲက တရားဝင် စတင်တော့မှာပဲ”

“ဟုတ်ကဲ့ပါ”

သူတို့သုံးဦးလုံး ခေါင်းညိတ် သဘောတူလိုက်ကြပြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။

ထို့နောက် ကျိုးရီသည် မိစ္ဆာဧကရာဇ်နှင့် လီရွှန်ကျိုးတို့ကို ဆင့်ခေါ်လိုက်သည်။

“သခင်လေး”

သူတို့နှစ်ဦးမှာ ထိုနေရာသို့ အလျင်အမြန် ရောက်ရှိလာကြသည်။

သူတို့သည် ကျိုးရီနှင့် သိပ်မဝေးသဖြင့် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။

All Chapters