အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇) - နတ်ဘုရားဧကရာဇ်အဆင့်သို့ တက်လှမ်းခြင်း (၂)
“အနောက်အရပ်က မဟာအလင်းမြတ်စွာဘုရားကို ငါ အခုလေးတင် ချေမှုန်းလိုက်တယ်ဆိုတာ မင်းတို့သိပြီးလောက်ပြီ”
မိစ္ဆာဧကရာဇ်က ရိုသေလေးစားစွာ လျှောက်တင်လိုက်သည်။
“သခင်လေးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ”
ကျိုးရီက စကားလမ်းကြောင်းလွှဲကာ အမိန့်ပေးလိုက်သည်။
“ဒီအနှစ်သာရမရှိတဲ့ စကားတွေကို မပြောကြနဲ့တော့၊ အခု အနောက်အရပ်တစ်ခွင်လုံးမှာရှိတဲ့ ထိပ်သီးသိုင်းပညာရှင်အများစုကို ငါ သုတ်သင်ပစ်လိုက်ပြီ”
ဒါပေမဲ့ အဲဒီဒေသက ကျယ်ဝန်းပြီး အဲဒီမှာ ကျင့်ကြံနေတဲ့သူတွေ အများကြီးကျန်နေသေးသလို အရင်းအမြစ်တွေလည်း အများကြီး ရှိသေးတယ်။ တခြားသူတွေ ယူသွားရင် နှမြောစရာကြီး"
“မင်းတို့နှစ်ယောက်လုံး ကိုယ်ပိုင်တပ်ဖွဲ့တွေနဲ့ စစ်သူကြီးတွေကို အနောက်ဘက်ကမ္ဘာဆီ စေလွှတ်ပြီး ကိုယ်ပိုင်တာအိုလမ်းစဉ်တွေကို ဖြန့်ဝေကြ၊ အဲဒီကနေတစ်ဆင့် အနောက်အရပ်ကို သိမ်းပိုက်ပြီး ကိုယ့်စွမ်းအားကို တိုးတက်အောင်လုပ်ကြ”
ဤစကားကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦးလုံး၏ မျက်လုံးများ ချက်ချင်းအရောင်လက်သွားပြီး ကျိုးရီကို လက်ယှက်အရိုအသေပေးလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် သခင်လေး”
ကျိုးရီက လက်ဝှေ့ယမ်းပြလိုက်သည်။
“သွားကြတော့”
“ဟုတ်ကဲ့ပါ”
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ကျိုးရီသည် နတ်ဘုရားဧကရာဇ်အဆင့်ကို နားလည်သဘောပေါက်ရန် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်လေတော့သည်။
တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျဉ်းလေးအတွင်း ကျိုးရီ၏ ဝင်သက်ထွက်သက်များက နက်ရှိုင်းမှန်ကန်နေသည်။
နတ်ဘုရားဧကရာဇ်အဆင့်သို့ရောက်ရန် နောက်ဆုံးအလွှာလေးတစ်ခုသာ လိုတော့ကြောင်း ကျိုးရီ ခံစားနေရသည်။
ထိုခံစားချက်ကိုသာ ရှာတွေ့လိုက်ပါက နတ်ဘုရားဧကရာဇ်အဆင့်သို့ ချက်ချင်း ချိုးဖြတ်တက်လှမ်းနိုင်မည် ဖြစ်သည်။
သူ့စွမ်းအားက နောက်ထပ် အဆင့်တစ်ခုသို့သာ တက်လှမ်းသွားပါက လက်ရှိကမ္ဘာကို မဆိုထားနှင့်၊ ကမ္ဘာများစွာ ပေါင်းစည်းထားလျှင်တောင်မှ သူ့ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ပေ။
ထိုအချိန်ကျလျှင် သူ့တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပြီး ကပ်ကမ္ဘာခေါင်းလောင်း၏ အပိုင်းအစများကို ရှာဖွေရန် အခြားကမ္ဘာများဆီသို့ ယုံကြည်မှုအပြည့်ဖြင့် သွားရောက်နိုင်ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤကမ္ဘာ၏ ထောင့်တစ်နေရာ၌။
ဧရာမရွှေရောင်လင်းယုန်ကြီးတစ်ကောင်သည် လူတစ်ယောက်၏ အရှေ့သို့ လျင်မြန်စွာ ပျံသန်းလာသည်။ ထိုလူသည် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်တွင် ခြေသည်းငါးချောင်းပါ ရွှေနဂါးတစ်ကောင်ကို ရွှေချည်မျှင်များဖြင့် ချည်ပန်းထိုး ပုံဖော်ထားလေသည်။
သူ၏ မျက်ခုံးကြားမှ ထွက်ပေါ်နေသော အလွန်တရာ လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါများက လူတိုင်းကို သူ့အကြည့်နှင့် ထိပ်တိုက်မဆုံရဲဘဲ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်အောင် ကြောက်ရွံ့တုန်လှုပ်စေနိုင်စွမ်း ရှိပေသည်။
ရွှေရောင်လင်းယုန်ကြီးသည် သူ့အရှေ့သို့ ရောက်ရှိလာပြီးနောက် လူသားပုံစံသို့ ပြောင်းလဲသွားကာ ဒူးထောက်လိုက်လေသည်။
“သခင်လေး... အတည်ပြုလို့ ပြီးပါပြီ။ မဟာအလင်းမြတ်စွာဘုရားကို ဖျက်ဆီးပစ်ခဲ့တဲ့ကောင်ရဲ့နာမည်က ကျိုးရီလို့ ခေါ်ပါတယ်။ ကောင်းကင်နတ်ဘုရားနန်းတော်ဒေသမှာ ရုတ်တရက်ပေါ်ထွက်လာတဲ့ နယ်မြေနတ်ဘုရားအဆင့် ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ပါ”
ဝတ်ရုံနက်အရှင်က လေးနက်သော အသံဖြင့် ရေရွတ်လိုက်သည်။
“ကျိုးရီလား... ဒီနာမည်ကို ငါ အရင်က တစ်ခါမှမကြားဖူးဘူး။ ကြည့်ရတာ ဒီကောင်က သူ့ကိုယ်သူ တော်တော်လေး ဖုံးကွယ်ထားနိုင်တာပဲ”
ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူက အမိန့်ပေးလိုက်သည်။
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလောကဧကရာဇ်ပြိုင်ပွဲကို ငါ သေချာပေါက် အနိုင်ရစေရမယ်၊ ငါ့အမိန့်ကို ဖြန့်ကြက်လိုက်၊ အရင်ဆုံး အနောက်ဘက်ကမ္ဘာဆီ လူတွေလွှတ်ပြီး တာအိုလမ်းစဉ် ဖြန့်ဝေခိုင်းလိုက်”
“အဲဒီက အရင်းအမြစ်တွေကို တတ်နိုင်သမျှ များများရအောင်ယူဖို့ ကြိုးစားပါ၊ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်မှသာ လောကဧကရာဇ်ပြိုင်ပွဲမှာ အနိုင်ရဖို့ သေချာမှာ”
“ဟုတ်ကဲ့ပါ”
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်အနည်းငယ် ကုန်လွန်သွားလေသည်။
တစ်နေ့တွင်… တံခါးပိတ် ကျင့်ကြံနေသော ကျိုးရီသည် နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဤအခြေအနေက မည်သို့သောအရာဖြစ်ကြောင်း ဖော်ပြရန် ခက်ခဲသော်လည်း ၎င်းသည် အလွန်တရာ နက်နဲဆန်းကြယ်လှပြီး မှန်းဆ၍မရနိုင်လောက်အောင် ဖြစ်နေလေသည်။
ဤခံစားချက်ကို ကျိုးရီ ခံစားလိုက်ရသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဤကမ္ဘာအတွင်း၌ မရှိတော့သကဲ့သို့ ထင်မှတ်ရသည်။
သူ၏ စိတ်ဆန္ဒများက လက်ရှိကမ္ဘာ၏ အတားအဆီးကို တိုက်ရိုက်ထိုးဖောက်နိုင်ပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်ကာ အခြားကမ္ဘာများဆီသို့ ခရီးသွားနိုင်သည့်အလား ဖြစ်နေသည်။
ကျိုးရီက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ သူ လက်ရှိရောက်ရှိနေသော နေရာမှာ အာကာသဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ဟင်းလင်းပြင်ဟု ဆိုခြင်းက လုံးဝ မှန်ကန်လှသည်တော့ မဟုတ်ပေ။
ပို၍ တိတိကျကျ ပြောရလျှင် တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုပင်။
ဤကမ္ဘာရှိ စွမ်းအင်များက အင်မတန်သန့်စင်နေသည်။
နယ်မြေနတ်ဘုရားအဆင့်ရှိသူဆိုလျှင် ဤနေရာတွင် ခဏတာ တောင့်ခံထားနိုင်ကောင်း တောင့်ခံထားနိုင်မည် ဖြစ်သော်လည်း ထိုအဆင့်သို့ မရောက်သေးသူသာ ဆိုပါက အသက်ရှူအကြိမ်အနည်းငယ်အတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေရှိလေသည်။
ကျိုးရီက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ရေရွတ်လိုက်သည်။
“ဒီနေရာက စွမ်းအင်တွေက အရမ်းအစွမ်းထက်တာပဲ၊ မဟာဗုဒ္ဓဘိုးဘေးရဲ့ ပုံရိပ်ယောင်က ငါ လက်ရှိနေထိုင်တဲ့ ကမ္ဘာကနေ ထွက်ပြေးဖို့ ကြိုးစားတုန်းက ဖွင့်ခဲ့တဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှာလည်း ဒီလိုစွမ်းအင်မျိုး ပါဝင်နေတယ်”
‘ဒါဆိုရင်... ဒါက မဟာကမ္ဘာအသီးသီး ဆုံဆည်းရာ ဟင်းလင်းပြင် ပင်မအချက်အချာနေရာပဲ ဖြစ်ရမယ်’
‘ငါ့ရဲ့ စွမ်းအားက လက်ရှိမှာ ဒီနေရာက စွမ်းအင်တွေကို တောင့်ခံနိုင်တဲ့အဆင့်ကို ရောက်နေပြီမလို့ ဒီနေရာကို လမ်းညွှန်ခေါ်ဆောင်ခံခဲ့ရတာပဲ'
‘အတွင်းက လျှို့ဝှက်ချက်တွေကိုသာ ငါ နားလည်သဘောပေါက်နိုင်ရင် နတ်ဘုရားဧကရာဇ်တစ်ပါးအဖြစ် တက်လှမ်းနိုင်လိမ့်မယ်'
‘တကယ်လို့ ရှုံးနိမ့်ခဲ့ရင်တော့ ဒီနေရာမှာ ထာဝရပိတ်မိနေနိုင်သလို ဒီကမ္ဘာကြီးရဲ့ စွမ်းအင်အစိတ်အပိုင်းအဖြစ်တောင် ပြောင်းလဲသွားနိုင်ခြေရှိတယ်'
ကျိုးရီက ခေတ္တမျှ စဉ်းစားခန်းဝင်လိုက်ပြီးနောက် ဤကမ္ဘာကို ချက်ချင်း ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။
ဤကမ္ဘာ၏ စွမ်းအားသည် အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထားကြောင်း သူ အလျင်အမြန် ရှာဖွေတွေ့ရှိသွားသည်။
ပထမအပိုင်းတစ်ခုမှာ အချိန်ဖြစ်ပြီး အခြားအပိုင်းတစ်ခုမှာ ဟင်းလင်းပြင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ၎င်းသည် အချိန်နှင့် ဟင်းလင်းပြင်တို့၏ ပေါင်းစပ်မှုပင် ဖြစ်သည်။
အချိန်နှင့် ဟင်းလင်းပြင်၏ စွမ်းအားကို နားလည်သဘောပေါက်မှသာ ဤကမ္ဘာမှ စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်ပြီး နတ်ဘုရားဧကရာဇ်အဆင့်သို့ ချက်ချင်း ချိုးဖြတက်လှမ်းနိုင်မည် ဖြစ်သည်။
သူက ဤစွမ်းအားနှစ်ခုနှင့် အပြန်အလှန် ဆက်သွယ်ရန် စတင်ကြိုးစားလိုက်သည်။ ဟင်းလင်းပြင် စွမ်းအားကို စုပ်ယူလိုက်သောအခါ သူ၏ မူလဝိညာဉ်သည် အဆက်မပြတ် ကျယ်ပြန့်လာပြီး ပုံသဏ္ဌာန်မမှန်သော အနေအထားသို့ ပြောင်းလဲသွားကြောင်း သူ တွေ့ရှိလိုက်ရသည်။
၎င်းမှာ သူ့ကိုယ်တွင်းရှိ ဟင်းလင်းပြင် စွမ်းအားကို မထိန်းချုပ်နိုင်သောကြောင့် ဖြစ်ပြီး စုပ်ယူပြီးနောက် သူ၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို မထိန်းသိမ်းနိုင်တော့ခြင်းဖြစ်သည်။
ခေတ္တရပ်နားပြီးနောက် ကျိုးရီသည် အချိန်စွမ်းအားကို ပြန်လည်စုပ်ယူရန် ကြိုးစားလိုက်သော်လည်း အချိန်စွမ်းအားကို စုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်မှာ အလျင်အမြန် အိုမင်းရင့်ရော်လာကြောင်း တွေ့လိုက်ရသည်။
အရေပြားများတွန့်လိန်ကာ သက်စောင့်စွမ်းအင်များ အလျင်အမြန် ယိုစိမ့်ထွက်လာနေသည်ကို ခံစားလိုက်ရသည်။
သို့သော် ဤအချိန်မှာပင် သူ့စိတ်ထဲရှိ ထာဝရအသက်တာအိုသစ်သီးက အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဆုံးရှုံးသွားသော သက်စောင့်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးလိုက်သည်။
ကျိုးရီ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အမူအရာတစ်ခု ပေါ်လာသည်။
“ထာဝရအသက်တာအိုသစ်သီးက တော်တော်လေး အသုံးဝင်နေတုန်းပဲ၊ ငါ့အထင်တော့ ထာဝရအသက်တာအိုသစ်သီး ကိုယ်တိုင်ကလည်း အချိန်ရဲ့ စွမ်းအားနဲ့ ဆက်စပ်နေတာပဲ ဖြစ်ရမယ်၊ အဲဒါက အချိန်ရဲ့ စွမ်းအားကို ဖိနှိပ်နိုင်မလားဆိုတာ သိချင်မိတယ်”
ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် သူ့စိတ်ထဲရှိ ထာဝရအသက်တာအိုသစ်သီးနှင့် ဆက်သွယ်ရန် ချက်ချင်းကြိုးစားလိုက်သည်။
နောက်တစ်စက္ကန့်မှာပင် ထာဝရအသက်တာအိုသစ်သီးက သူ့ကို တုံ့ပြန်လာပြီး ပိုမိုများပြားသော အချိန်စွမ်းအားများကို ထုတ်ပေးလိုက်သည်။
ဤအချိန်စွမ်းအားကြောင့် သူ စုပ်ယူထားသော အချိန်စွမ်းအားများကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်။
ထာရ၀အသက်တာအိုသစ်သီး၏ အကူအညီဖြင့် ကျိုးရီ၏ စွမ်းအားများမှာလည်း ပို၍ သန်မာလာခဲ့လေသည်။
မကြာမီမှာပင် ခန္ဓာကိုယ်တွင်းရှိ အချိန်စွမ်းအားသည် လက်ရှိကမ္ဘာရှိ အချိန်ဒြပ်စင်များ၏ ပြင်းအားနှင့် ဟန်ချက်ညီသွားလေသည်။
ဤအခြေအနေအရ သူသည် ဤနေရာရှိ အချိန်စွမ်းအား၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပြီဖြစ်သည်။
သို့သော် ဤနေရာတွင် အချိန်စွမ်းအားတစ်ခုတည်း ရှိနေခြင်းမဟုတ်ဘဲ ဟင်းလင်းပြင်စွမ်းအားပါ ရှိနေသေးသည်။ သူ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် စွမ်းအားကိုပါ စုပ်ယူနိုင်ရန် လိုအပ်လေသည်။
ကျိုးရီက ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိသွားသည်။
“ဒီနေရာက အချိန်စွမ်းအားနဲ့ ဟင်းလင်းပြင်စွမ်းအားက အပြန်အလှန် အထောက်အကူပြုပြီး ရောယှက်နေတယ်ဆိုတော့ စွမ်းအားနှစ်ခုလုံးက တစ်ခုကိုတစ်ခု ဖိနှိပ်နိုင်တယ်လို့ ဆိုလိုတာပဲ”
“ငါက အခု ဒီနေရာက အချိန်စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်နေပြီဆိုတော့ ဟင်းလင်းပြင်စွမ်းအားကိုလည်း လွယ်လွယ်လေး ဖိနှိပ်နိုင်လောက်တယ်၊ ဟုတ်တယ်၊ ဒါက အကြံကောင်းပဲ”
ကျိုးရီသည် ဟင်းလင်းပြင်စွမ်းအားကို ဖိနှိပ်ရန် အချိန်စွမ်းအားအား ချက်ချင်း အသုံးပြုလိုက်ရည ရလဒ်က သိသိသာသာ ထိရောက်မှုရှိခဲ့လေသည်။
ဟင်းလင်းပြင်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ညှာတာမှုကင်းမဲ့စွာ ဖိနှိပ်ခံလိုက်ရ၏။
ကျိုးရီ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ရုန်းကန်နေသော်လည်း အချိန်စွမ်းအားနှင့် ကျိုးရီ၏ ပိတ်ဆို့မှုကို မဖောက်ထွင်းနိုင်တော့ပေ။
စွမ်းအားနှစ်ခုကို ထိုက်ချိသင်္ကေတတစ်ခုကဲ့သို့ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေရန် ကျိုးရီက သဏ္ဍာန်မဲ့ကျင့်စဉ်ကို အသုံးပြုလိုက်၏။
အစွန်းနှစ်ဖက်က ချိတ်ဆက်မိသွားသော်လည်း တစ်ခုနှင့်တစ်ခု ကစဉ်ကလျားဖြစ်ခြင်းတော့ မရှိတော့ပေ။
ဤအဆင့်သို့ ရောက်သောအခါ သူ ကျင့်ကြံထားသော စွမ်းအားနှစ်ခုမှာလည်း ဟန်ချက်ညီသွားခဲ့လေပြီ။
ကျိုးရီ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာကာ နတ်ဘုရားဧကရာဇ်အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တော့သည်။