← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) - မြေးအဘိုးနှစ်ယောက်၏ ပြဇာတ်

တစ်ဖက်လူနှင့် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရမည်ဟု ခန့်မှန်းထားသော်လည်း ဤမျှလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

သူ၏ ယခင်ကအတွေးအရ တစ်ဖက်လူက မည်မျှပင် အစွမ်းထက်စေကာမူ သရေလောက်သာ ကျနိုင်မည်ဟု ထင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နယ်မြေနတ်ဘုရားအဆင့်တွင် သူ့စွမ်းအားက ထိပ်တန်းအဆင့်၌ ရှိနေပြီး ဤကမ္ဘာပေါ်တွင် သူ့အားယှဉ်နိုင်သည့်သူဟူ၍ လက်ချိုးရေတွက်၍ပင် ရနိုင်သောကြောင့်ဖြစ်သည်။

အကယ်၍ တစ်ဖက်လူ၏ စွမ်းအားက အလွန်အမင်းကြီးမားနေပါကလည်း အဘိုးဖြစ်သူက ချက်ချင်း အာရုံခံမိမည်မှာ သေချာသည်။

အဘိုးဖြစ်သူမှာ လောကဧကရာဇ်ဖြစ်ပြီး ကမ္ဘာဆန္ဒနှင့် ချိတ်ဆက်ထားကာ တစ်ကမ္ဘာလုံးကို စောင့်ကြည့်နိုင်လေ၏။

ထို့ကြောင့်ပင် တာအိုလမ်းစဉ်ဖြန့်ဝေခြင်းဖြင့် မိမိ၏စွမ်းအားကို ပိုမိုချဲ့ထွင်ရန်အတွက် တစ်ဖက်လူ၏ နယ်မြေအား သိမ်းပိုက်ဖို့ရာ လက်အောက်ငယ်သားများကို ရဲရဲဝံ့ဝံ့ စေလွှတ်ရဲခဲ့ခြင်းဖြစ်သည်။

သို့သော် အဘိုးဖြစ်သူအကြောင်း တွေးမိချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားကာ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးမှ ချွေးအေးများ ထွက်လာတော့သည်။

ကျိုးရီ ရောက်မလာမီက အဘိုးဖြစ်သူက လတ်တလောတွင် သိုသိုသိပ်သိပ်နေရန်နှင့် အပြင်တွင် ပြဿနာမရှာရန် သတိပေးခဲ့သေးသည်။ ထို့နောက် မကြာမီမှာပင် တစ်ဖက်လူ ရောက်လာခဲ့၏။

ဆိုလိုသည်မှာ အဘိုးဖြစ်သူက ထိပ်သီးသိုင်းပညာရှင်တစ်ဦး သူ့အပေါ် အန္တရာယ်ပြုလာနိုင်ကြောင်း ကြိုတင်အာရုံခံမိနေခြင်း မဟုတ်လော။

ထိုထိပ်သီးသိုင်းပညာရှင်ကလည်း ကျိုးရီပင် ဖြစ်နေခဲ့သည်။

ဤအကြိမ်တွင် ဤမျှကြီးမားသော ပြဿနာကြီးကို ဖန်တီးမိလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိသဖြင့် အကြောက်တရားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

အခြေအနေသာ အနည်းငယ် မှားယွင်းသွားပါက တကယ်သေရပေတော့မည်။ ထို့ကြောင့် မျက်နှာပန်းလှဖို့ရာကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း တောင်းပန်စကားဆိုလိုက်လေသည်။

“နယ်မြေနတ်ဘုရားကျိုးရီကိုး၊ တကယ် တောင်းပန်ပါတယ်ခင်ဗျာ၊ အထင်လွဲတာပါ၊ အားလုံးက အထင်လွဲမှုသက်သက်ပါ၊ ကျွန်တော် အရှင်သခင်ရဲ့ နယ်မြေကို တာအိုလမ်းစဉ်ဖြန့်ဖို့ လက်အောက်ငယ်သားတွေ လွှတ်ခဲ့တာ မဟုတ်ရပါဘူး၊ အဲဒီခွေးကောင်တွေက ဘာမှနားမလည်ဘဲ သူတို့ဘာသာ ထွက်သွားကြတာပါ”

“ကျွန်တော်သိလိုက်ရတဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီလေ၊ သူတို့က အမှားလုပ်ခဲ့ရုံသာမက ကျုပ်ကိုပါ ပါဝင်ပတ်သက်အောင် ဆွဲဆောင်ပြီး အရှင်သခင်ရဲ့ လက်အောက်ငယ်သားတွေကို ဒဏ်ရာရစေခဲ့တယ်၊ အဲဒီတုန်းက အရှင်သခင်ကို လာတောင်းပန်မလို့ပါပဲ”

“ဒါပေမဲ့ ကံမကောင်းချင်တော့ ရှာမတွေ့ခဲ့လို့ အချိန်မီမတောင်းပန်နိုင်ခဲ့တာပါ၊ ဒါပေမဲ့ စိတ်ချပါ၊ ဒီကိစ္စကို ကျုပ်သေချာသိပါတယ်၊ အခု အရှင်သခင်ကိုယ်တိုင် ရောက်လာပြီဆိုတော့ ကျုပ်တို့ကြားက အထင်လွဲမှုတွေကို ရှင်းလင်းလိုက်ရင် အဆင်ပြေသွားမှာပါ”

“လျော်ကြေးကို နှစ်ဆတိုးပေးပါ့မယ်၊ အရှင်သခင်ကို ထပ်ပြီး နစ်နာစေမှာမဟုတ်ပါဘူး၊ ကျေနပ်တဲ့အထိ လုပ်ပေးပါ့မယ်”

ကျိုးရီက လုံအောင်းထျန်းအား လူရွှင်တော်တစ်ဦး ကခုန်နေသည်ကို ကြည့်နေသကဲ့သို့ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ ယခုအချိန်တွင် တစ်ဖက်လူက သူ့အတွက် အန္တရာယ်ဖြစ်လာနိုင်စွမ်း မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရ၏။

ရွေးချယ်ခံလူသားဟု ဆိုသူများက ဤမျှလောက်အထိ အရှက်မရှိ မျက်နှာပြောင်တိုက်ရဲမည်မဟုတ်ပေ။ ဤကောင်က အမှိုက်သက်သက်သာဖြစ်ပြီး ပြိုင်ဘက်တစ်ဦးအနေဖြင့် သတ်မှတ်ရန်ပင် မလိုအပ်တော့ချေ။

“မင်းကို အရေးပါတဲ့လူတစ်ယောက်လို့ ထင်ခဲ့ပေမဲ့ အခုကြည့်ရတာ ဒီလောက်ပဲရှိတာကိုး၊ တကယ်ကို စိတ်ပျက်ဖို့ကောင်းလွန်းတယ်၊ ဒါဆိုရင်လည်း မင်းကို တိုက်ရိုက်ပဲ အဆုံးသတ်ပေးလိုက်မယ်”

ကျိုးရီ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် ကောင်းကင်ယံ၌ မိုးကြိုးတစ်စင်း ရုတ်တရက်ပေါ်ထွက်လာသည်။

ထိုမိုးကြိုး၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး လေဟာနယ်တစ်ခုလုံးကို ရက်ရက်စက်စက် ချေမှုန်းဖျက်ဆီးပစ်လိုက်ကာ အတွင်းမှ အလွန်အမင်း ပြင်းထန်လှသော အငွေ့အသက်တစ်ခု ကျဆင်းလာသည်။

ထိုဖိအားကြောင့် မိုင်တစ်သောင်းပတ်လည်ရှိ သက်ရှိအားလုံး၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုနှင့် အကြောက်တရားများကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

အဓိကဇာတ်ကောင် ရောက်လာပြီဖြစ်ကြောင်း သိလိုက်သဖြင့် ကျိုးရီက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

အကယ်၍ သူသာ နတ်ဘုရားဧကရာဇ်အဆင့်သို့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါက ယခုအချိန်တွင် တစ်ဖက်လူကို မြင်ရုံဖြင့် ထိန်းချုပ်မရအောင် တုန်ယင်နေမိမည်မှာ သေချာသည်။

အကြောင်းအရင်းမှာ တစ်ဖက်လူ၏ စွမ်းအားက အလွန်အမင်း ကြီးမားနေရုံသာမက အလွန်အရေးကြီးသော အချက်တစ်ချက်ပါ ရှိနေသောကြောင့်ဖြစ်သည်။ ထိုသူက ဤကမ္ဘာ၏ လောကဧကရာဇ် ဖြစ်နေခြင်းပင်။

ကမ္ဘာဆန္ဒနှင့် ပဋိညာဉ်ပြုထားသော တည်ရှိမှုတစ်ခုဖြစ်ပြီး သူ၏ လှုပ်ရှားမှုတိုင်းက ဤကမ္ဘာအပေါ် ရှင်းပြ၍မရနိုင်သော လွှမ်းမိုးမှုများကို ယူဆောင်လာနိုင်စွမ်း ရှိသည်။

ဥပမာအားဖြင့် သူဒေါသထွက်ချိန်တွင် ကမ္ဘာ၏ တစ်နေရာရာ၌ မိုးကြိုးပစ်ခြင်း၊ မိုးရွာခြင်း သို့မဟုတ် မြေကြီးအက်ကွဲခြင်းများ ဖြစ်ပေါ်နိုင်သည်။

အကယ်၍ သူသာ ဒဏ်ရာရသွားပါက ကမ္ဘာ့ဆန္ဒတစ်ခုလုံးလည်း ပုံမှန်မဟုတ်သော အခြေအနေများ ပြောင်းလဲသွားနိုင်ပြီး ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးခြင်း သို့မဟုတ် ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာနိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် သူသည် ဤကမ္ဘာနှင့် ချိတ်ဆက်နေပြီး ကမ္ဘာကြီး၏ ပုံစံငယ်အဖြစ်ပင် မှတ်ယူနိုင်သည်။ ကမ္ဘာဆန္ဒနှင့် ချုပ်ဆိုထားသော ပဋိညာဉ်ကို မချိုးဖောက်မီအချိန်အထိ သူက ဤကမ္ဘာ၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်နေမည်ဖြစ်သည်။

ကျိုးရီကိုယ်တိုင်ကလည်း ဤကမ္ဘာတွင် မွေးဖွားလာသူဖြစ်ရာ သူ၏ မူလခန္ဓာကိုယ်တွင်လည်း ဤကမ္ဘာ၏ စွမ်းအားတစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။

သို့သော် သူက နတ်ဘုရားဧကရာဇ်အဆင့်သို့ ကျော်ဖြတ်နိုင်ခဲ့ပြီး ချည်နှောင်မှုများကို လုံးဝဖြတ်တောက်နိုင်ခဲ့သောကြောင့်သာ ဤကမ္ဘာ၏ ချိတ်ဆက်မှုနှင့် ကန့်သတ်ချက်များမှ အပြီးတိုင် လွတ်မြောက်သွားခြင်းဖြစ်သည်။

ယခုအချိန်တွင် တစ်ဖက်လူကို ရင်ဆိုင်ရာ၌ သာမန် မျိုးဆက်သစ်လူငယ်လေးတစ်ဦးကို ကြည့်နေသကဲ့သို့ မည်သည့် ဝန်ထုပ်ဝန်ပိုးကိုမျှ မိသားစုတော့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးက သူ့အတွက် မည်သည့်အဓိပ္ပာယ်မျှ မရှိတော့သောကြောင့်ဖြစ်သည်။

ထိုအငွေ့အသက်ကို မြင်လိုက်ရချိန်တွင် လုံအောင်းထျန်း ဝမ်းသာလုံးဆို့သွားရသည်။ မိမိကို ကယ်တင်မည့်သူ ရောက်လာပြီဖြစ်ကြောင်း သူသိလိုက်လေ၏။

အဘိုးဖြစ်သူ အနားတွင်ရှိနေသမျှ ကာလပတ်လုံး သူသည် ရှုံးနိမ့်နိုင်မည်မဟုတ်ဘဲ တစ်ကမ္ဘာလုံးတွင် မည်သူကမျှ သူ့ကို အန္တရာယ်ပြုနိုင်တော့မည်မဟုတ်ပေ။

“အဘိုး၊ မြေးကို ကယ်ပါဦး”

အော်ဟစ်လိုက်သံနှင့်အတူ ကောင်းကင်ယံရှိ အက်ကွဲကြောင်းအတွင်းမှ ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ဖြူဆွတ်နေသော ဆံပင်နှင့် မုတ်ဆိတ်မွေးများရှိသည့် ပုံရိပ်တစ်ခုဖြစ်ပြီး ထိုသူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော အငွေ့အသက်က စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဤကမ္ဘာ၏ လေဟာနယ်အတားအဆီးများပင် အက်ကွဲလာတော့မည့်အလား ထင်မှတ်ရသည်။

လုံပါထျန်းက မြေးဖြစ်သူကို တိုက်ရိုက်မတုံ့ပြန်ဘဲ မလှမ်းမကမ်းရှိ ကျိုးရီကိုသာ လေးနက်တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။

သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့ရှေ့မှောက်ရှိ လူငယ်လေးက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သူ့ထက် ပိုသိသူ မရှိနိုင်ပေ။

ဤကမ္ဘာတစ်ခုလုံးက သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေပြီး ကမ္ဘာပေါ်၌ ဖြစ်ပျက်သမျှ မည်သည့်အရာကမျှ သူ့အာရုံမှ လွတ်ကင်းခြင်းမရှိချေ။

သို့သော် မထင်မှတ်ထားသည်မှာ ဤမျှအစွမ်းထက်သော ပညာရှင်တစ်ဦး ဤနေရာတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယခုအချိန်အထိပင် ထိုသူ၏ စွမ်းအားက မည်မျှကြီးမားကြောင်းကို ဖောက်ထွင်းမမြင်နိုင်ခြင်းဖြစ်သည်။

ဤအခြေအနေမျိုး ဖြစ်ပေါ်လာပါက ဖြစ်နိုင်စရာအကြောင်းအရင်း တစ်ခုတည်းသာ ရှိသည်။

တစ်ဖက်လူ၏ စွမ်းအားက သူ၏ အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေခြင်းဖြစ်ပြီး ထိုအာရုံခံနိုင်စွမ်းကို ကျော်လွန်နိုင်သည့် တစ်ခုတည်းသော အဆင့်မှာလည်း နတ်ဘုရားဧကရာဇ်အဆင့်ပင်။

အစပိုင်းက တစ်ဖက်လူမှာ ထိုအဆင့်ရှိ ပညာရှင်တစ်ဦး ဖြစ်နိုင်သည်ဟု ခန့်မှန်းရုံသက်သက်သာဆိုလျှင် ဤမျှလောက်အထိ စိုးရိမ်နေမည်မဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ မကြာသေးမီက ဤစကြဝဠာအတွင်း၌ မည်သူမည်ဝါမှန်း မသိရသော နတ်ဘုရားဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ပေါ်ထွက်လာခြင်းဖြစ်သည်။

သူ့မိတ်ဆွေများကို မေးမြန်းခဲ့သော်လည်း ထိုသူက မည်သူဖြစ်ကြောင်း၊ မည်သည့်နေရာမှ လာကြောင်း မည်သူကမျှ မသိခဲ့ကြပေ။

ထို့ကြောင့် ဤအခြေအနေအရ ရှေ့မှောက်ရှိ လူငယ်လေးမှာ အလွန်လျှို့ဝှက်ဆန်းကြယ်လှသော ထိုထိပ်သီးသိုင်းပညာရှင်ဖြစ်ရန် သေချာသလောက်ရှိ‌နေ၏။

တစ်နည်းအားဖြင့်ဆိုရသော် တစ်ဖက်လူ၏ ဇာစ်မြစ်ကို သေချာပေါက် အတည်ပြုနိုင်ခဲ့သည်။ ဤသည်ကပင် သူ့အတွက်ဘအကြီးမားဆုံးသော ဖိအားကြီး ဖြစ်နေတော့သည်။

“အဘိုး၊ သားကို ကယ်ရမယ်နော်၊ မဟုတ်ရင် ဒီတစ်ခါတော့ သားတကယ်သေရတော့မယ်”

လုံအောင်းထျန်းက အဘိုးဖြစ်သူ၏ပေါင်ကို ဖက်ကာ ခါးသီးစွာ အသနားခံလိုက်သည်။

လုံပါထျန်း၏ ရင်ထဲတွင်မူ ကြီးမားသော ရုန်းကန်မှုကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ယခုအချိန်တွင် သူ ပေါ်မလာသင့်ကြောင်း ကောင်းကောင်း သိထားသည်။

အကယ်၍ သူသာ ထွက်မလာခဲ့ပါက သူ၏ ဂုဏ်ဒြပ်ကြောင့် ဘေးဒုက္ခမှ လွတ်မြောက်နိုင်သေးသည်။ ဥပမာအားဖြင့် သူက လောကဧကရာဇ်ဖြစ်၍ နယ်မြေနတ်ဘုရားများကြားရှိ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ဆင်ခြေပေး၍ရနိုင်သည်။

သို့သော် မြေးဖြစ်သူကိုလည်း စွန့်ပစ်၍ မဖြစ်နိုင်ပေ။ ဤမြေးလေးမှာ သူကိုယ်တိုင် အပင်ပန်းခံကာ ပြုစုပျိုးထောင်ပေးခဲ့သုဖြစ်သည်။

လောကဧကရာဇ်ရာထူးကို ဆက်ခံစေရန် ရည်ရွယ်ကာ မျှော်လင့်ချက်ကြီးကြီး ထားရှိခဲ့သည်။ ထိုသို့သာ ဖြစ်လာခဲ့ပါက သူတို့မိသားစု ကြီးပွားတိုးတက်လာနိုင်ပြီး အနာဂတ်တွင် သူတို့မိသားစုကို မည်သူကမျှ အလွယ်တကူ ကျော်လွန်နိုင်မည်မဟုတ်တော့ပေ။

ထို့ကြောင့် သူ့ကြမ္မာကို စမ်းသပ်ဖို့ရာ ထွက်လာရန် တွေးခဲ့မိသည်။ ကံတရားကိုသာ အားကိုးပါက မြေးဖြစ်သူ အသက်ရှင်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။

ထို့ပြင် သူတို့မိသားစုသည်လည်း ကယ်တင်ခံရနိုင်ပေသည်။

“တိတ်စမ်း၊ တိရစ္ဆာန်ကောင်”

လုံပါထျန်းက ဟိန်းဟောက်လိုက်ပြီး လက်မြှောက်ကာ မြေးဖြစ်သူကို ကောင်းကင်ထက်မှနေ၍ တိုက်ရိုက် ရိုက်ချလိုက်လေသည်။

ဘုန်း...။

ကောင်းကင်ပြိုကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ လုံအောင်းထျန်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

ဤရိုက်ချက်၏ စွမ်းအားက အစောပိုင်းတွင် ကျိုးရီအသုံးပြုခဲ့သော တိုက်ကွက်ထက် အားနည်းခြင်းမရှိပေ။ ဤတိုက်ကွက်ကြောင့် လုံအောင်းထျန်း ဒဏ်ရာရသွားမည်မှာ သေချာသော်ငြား တစ်ဖက်တွင်လည်း ဤသည်က နည်းဗျူဟာတစ်ခု ဖြစ်နေသည်။

ကျိုးရီ၏ ရိုက်နှက်မှုကို ခံရမည့်အစား သူကိုယ်တိုင်ရိုက်နှက်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

အနည်းဆုံးတော့ တစ်ဖက်လူ၏ ဒေါသများ ပြေလျော့သွားပါက ဤကိစ္စကို ပြီးပြတ်သွားပြီဟု သတ်မှတ်၍ ရနိုင်မည်ဖြစ်သည်။

“အဟွတ်၊ အဟွတ်၊ အဘိုး၊ ဘာလုပ်တာလဲ”

လုံအောင်းထျန်းက အောက်ဘက်မှ ဖြည်းညင်းစွာ တွားသွားထလာပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ အဘိုးဖြစ်သူကို မော့ကြည့်လိုက်ချိန်တွင် ယခုအချိန်၌ အဘိုးဖြစ်သူက သူစိမ်းတစ်ယောက်ဖြစ်သည်ဟု ခံစားလိုက်ရ၏။

ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ခံစားချက်တစ်ခုကို အဘိုးဖြစ်သူထံမှ အာရုံခံလိုက်မိသကဲ့သို့ပင်။ ၎င်းမှာ အကြောက်တရားဖြစ်သည်။ ဟုတ်ပေသည်၊ အကြောက်တရားပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ထောင်က အဘိုးဖြစ်သူမှာ အလွန်အစွမ်းထက်ခဲ့သဖြင့် ဤခံစားချက်မျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ ထိုအချိန်က ဆန့်ကျင်သူအားလုံးကို အလွယ်တကူ သတ်ဖြတ်ခဲ့ပြီး လောကဧကရာဇ်ပလ္လင်ပေါ်သို့ တက်လှမ်းနိုင်ခဲ့သည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အဘိုးဖြစ်သူကို မည်သူကမျှ အလွယ်တကူ မတိုက်ခိုက်ရဲခဲ့ပေ။ သူကိုယ်တိုင်ကလည်း အဘိုးဖြစ်သူကို ဤကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးဟု တိတ်တဆိတ် ယုံကြည်ထားခဲ့သည်။

သို့သော် ယခုအချိန်မှာတော့ သူ၏ အတွေးများ မှားယွင်းနေကြောင်း၊ အလွန်အမင်း မှားယွင်းနေခဲ့ကြောင်း သဘောပေါက်သွားလေပြီ။ သူ့အဘိုးက ဤကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ထိပ်သီးသိုင်းပညာရှင် မဟုတ်တော့ပေ။

အဘိုးဖြစ်သူထက် ပိုမိုအစွမ်းထက်သော တည်ရှိမှုများ ရှိနေသေးသည်။ ထိုအထဲတွင် ကျိုးရီလည်း တစ်ဦးအပါအဝင် ဖြစ်နေသည်။ ဤအချိန်တွင် သူ၏အမြင်တစ်ခုလုံး ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရသည်။

All Chapters