အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) - အရေခွံရုပ်သေးတျောင်
လင်းဖန်၏ စိတ်အာရုံများမှာ ဟာလာဟင်းလင်းဖြစ်နေပြီး ခန္ဓာကိုယ်အတွင်း၌ မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။ တဖြည်းဖြည်းနှင့် အတွင်းမှ လောင်ကျွမ်းနေသော ခံစားမှုက လျော့ကျသွားလေသည်။
ထို့နောက် သူ၏ကလီစာများမှ နာကျင်မှုများလည်း ပျောက်ကွယ်သွားတော့သည်။
နာကျင်မှု၏ နေရာတွင် အေးမြသော ခံစားမှုတစ်ခုက အစားထိုးဝင်ရောက်လာပြီး သူ၏ကလီစာများအပေါ်သို့ ရေခဲရေလောင်းချလိုက်သကဲ့သို့ပင်။
တစ်စတစ်စနှင့် သူ၏သတိအာရုံများ ပြန်လည်ဝင်ရောက်လာချေပြီ။
စကားပြောသံများက ပို၍ကျယ်လောင်လာသည်။
ကြမ်းပြင်ပေါ်တွင် ကုလားထိုင်များ ဆွဲငင်သံများကို ကြားနေရသည်။
လက်ဖက်ရည်ခွက်များထဲသို့ လက်ဖက်ရည်ငှဲ့ထည့်သံများလည်း ထွက်ပေါ်နေလေသည်။
သူ၏မျက်လုံးများ ဘယ်ညာလူးလာလှည့်သွားပြီးနောက် မျက်လုံးများကို ဖွင့်လိုက်သည်။
“နောက်ဆုံးတော့ နိုးလာပြီပဲ။ ဘယ်လိုနေသေးလဲ”
ကျောက်ရွေ့က မေးလိုက်လေသည်။
လင်းဖန်မှာ မူးဝေနေဆဲဖြစ်ပြီး အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်သည်။
သူ၏ဝေဝါးနေသော အမြင်အာရုံကြောင့် သဲသဲကွဲကွဲ မမြင်ရချေ။
ထို့ကြောင့် သူ၏အမြင်အာရုံများ ကြည်လင်လာစေရန် မျက်လုံးကို အားယူကာ ကျဉ်းကြည့်လိုက်ရသည်။
ကျောက်ရွေ့က သူ၏ကုတင်ဘေးတွင် ရပ်နေပြီး သူမ၏ဘေး၌ ပိုင်ချောင်နှင့် ပိုင်ထိတို့လည်း ရှိနေကြသည်။
“ကျုပ် အများကြီး သက်သာနေပါပြီ”
လင်းဖန်က ပြန်ဖြေလိုက်သည်။
သူ အဆင်ပြေကြောင်း ကြားလိုက်ရသဖြင့် ကျောက်ရွေ့က သက်ပြင်းချလိုက်ပြီး ပြောလာသည်။
“နင် သတိမေ့သွားတာ တစ်နာရီလောက်ပဲ ရှိသေးတယ်။ ယင်နဲ့ယန် ပြန်လည်အားဖြည့်ဆေးလုံးက သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးထက် ပိုပြီး အာနိသင်ကောင်းတာ သေချာသွားပြီပဲ”
“မင်း တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တာပဲ။ ဒီလောက်အထိ သတ္တိရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ပိုင်ထိက လင်းဖန်ကို အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
“ပြီးတော့ မင်းအတွက် သတင်းကောင်းတစ်ခု ရှိသေးတယ်”
ပိုင်ချောင်က ဝင်ပြောလိုက်ကာ ကျောက်ရွေ့အား လှမ်းကြည့်လိုက်သည်။
“ဂိုဏ်းတူအစ်မကြီး ကျောက်ရွေ့ကို ငါ ပြောထားပြီးပြီ။ မင်း ချင်ဖုန်းဂိုဏ်းကို ဝင်နိုင်ဖို့အတွက် ထောက်ခံစာ တစ်စောင်ရေးပေးဖို့ သူက သဘောတူထားတယ်။ အဲဒီစာနဲ့ဆိုရင် ငွေတစ်တေးလ်လည်း ပေးစရာ မလိုတော့ဘူးပေါ”
“ကျေးဇူးတင်ပါတယ်၊ ကျုပ် တကယ်ကို ကျေးဇူးတင်ပါယ်... “
လင်းဖန်က ကုတင်ပေါ်မှ ဆင်းကာ သူတို့၏အကူအညီအတွက် ကျေးဇူးတင်ရန် ကြိုးစားလိုက်သည်။
သို့သော် ပိုင်ထိက သူ့ကို ကုတင်ပေါ်သို့ ပြန်ဖိချထားလိုက်ပြီး ပြောလာသည်။
“တခမ်းတနားတွေ လုပ်မနေပါနဲ့တော့ကွာ”
ကျောက်ရွေ့က ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလေသည်။
“နင့်ရဲ့ မီးသမင် မိစ္ဆာအမြုတေက ငါ့ရဲ့အဆင့်တက်လှမ်းမှုမှာ အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်၊ အမှန်ဆိုရင် ငါတို့ကတောင် နင့်ကို ကျေးဇူးတင်ရမှာပါ”
သူ၏ကျေးဇူးတင်စကားကို ဖော်ပြရန်အတွက် လင်းဖန်သည် အားယူရုန်းကန်ကာ ကုတင်ပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ကျောက်ရွေ့အား အရိုအသေပေးလိုက်ပေသည်။
“ဒီမှာ ချီစုစည်းမှုဆေးလုံး တစ်ပုလင်းနဲ့ ထောက်ခံစာ။ မင်းရဲ့အခြေခံကို ခိုင်မာစေဖို့နဲ့ အတွင်းဒဏ်ရာတွေ သက်သာစေဖို့ ချီစုစည်းမှုဆေးလုံးကို သောက်လိုက်ပါ”
ကျောက်ရွေ့သည် လင်းဖန်အား အနီရောင်အဆို့နှင့် ကြွေပုလင်းငယ်တစ်လုံးကို ကမ်းပေးလိုက်သည်။
အဆိုပါပုလင်းထဲတွင် လင်းဖန်အား စွမ်းရည်စမ်းသပ်ပွဲအတွက် အဆင်သင့်ဖြစ်စေမည့် ချီစုစည်းမှုဆေးလုံး ပါဝင်လေသည်။
ငွေတစ်တေးလ်ထက် ပိုမိုတန်ဖိုးရှိလှသဖြင့် အညိုရောင်စာအိတ်အတွင်းရှိ ထောက်ခံစာကို လင်းဖန်က အလွန်တရာ သတိထား၍ ကိုင်တွယ်လိုက်သည်။
အကယ်၍ သူသာ ချင်ဖုန်းဂိုဏ်းသို့ ဝင်ရောက်ခွင့်ရခဲ့ပါက လက်နက်များ၊ ကျင့်စဉ်စာအုပ်များ၊ ဆေးလုံးများနှင့် အားဆေးများအတွက် ငွေကြေးမြောက်မြားစွာ လိုအပ်မည် ဖြစ်ပေသည်။
“သွေးကန်ကိစ္စကရော ဘယ်လိုဖြစ်သွားပြီလဲ၊ ရွာကရော ဘေးကင်းပါ့မလား”
ကြာနက်ဂိုဏ်းမှ လက်စားချေမည်ကို စိုးရိမ်နေသဖြင့် ရှေ့ဆက် ဖြစ်လာမည့်အရာကို လင်းဖန်က မေးမြန်းလိုက်သည်။
“အဲဒီ ခွေးသူတောင်းစားတွေ၊ သူတို့နာမည်ကို ကြားလိုက်ရုံနဲ့တင် ငါ့သွေးတွေ ဆူပွက်လာတယ်”
ပိုင်ထိက နှာခေါင်းမှ လေပူများမှုတ်ထုတ်လိုက်ပြီး လက်သီးဆုပ်ကို ဝှေ့ယမ်းကာ ညည်းတွားလိုက်သည်။
ပိုင်ချောင်က ခေါင်းခါယမ်းလိုက်ပြီး ရပ်တန့်ရန် အချက်ပြသည့်အနေဖြင့် နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်လိုက်လေသည်။
ပိုင်ထိ ရပ်တန့်သွားသောအခါ ကျောက်ရွေ့က ရှင်းပြလိုက်သည်။
“သွေးကန်ကို ရှင်းလင်းဖို့ ငါတို့ အကူအညီ တောင်းထားပါတယ်။ ရွာအတွက် စိတ်မပူပါနဲ့။ ဧကရာဇ်နန်းတော်နဲ့ ချင်ဖုန်းဂိုဏ်းက လူအင်အားသုံးပြီး ကြာနက်ဂိုဏ်းရဲ့အကြွင်းအကျန် အားလုံးကို ရှာဖွေသတ်ဖြတ်သွားမှာပါ”
“မင်းက သတ္တိလည်းရှိသလို ခွန်အားလည်း ကြီးမားတယ်။ ဂိုဏ်းကိုဝင်လာပြီးရင် မင်းအတွက် ကြီးကျယ်တဲ့ အနာဂတ်တစ်ခုကို ငါ မြင်ယောင်နေမိတယ်”
လင်းဖန်၏ စွမ်းဆောင်ရည်များကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသဖြင့် ပိုင်ချောင်မှာ လင်းဖန်အား အထင်ကြီးလျက်ရှိနေခဲ့သည်။
လင်းဖန်သည် သာမန်မုဆိုးတစ်ဦးထက် ပိုမိုသန်စွမ်းနေခဲ့ပြီ ဖြစ်သည်။ သူသာ ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့လျှင် မည်မျှအထိ စွမ်းအားကြီးမားလာမည်နည်း။
ဂိုဏ်းအတွင်း၌ စွမ်းရည်မျိုးစုံရှိသော လူပေါင်းများစွာကို မြင်ဖူးခဲ့သော်လည်း လင်းဖန်၏စွမ်းရည်များက အကောင်းဆုံးများထဲတွင်ပင် ထင်ရှားနေပေသည်။
“ကျေးဇူးတင်ပါတယ်။ ကျုပ် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ခင်ဗျားတို့ကို စိတ်ပျက်အောင် မလုပ်မိဖို့ မျှော်လင့်ပါတယ်”
လင်းဖန်က ပြန်လည်ဖြေကြားလိုက်သည်။
ပိုင်ချောင်က ခေါင်းညိတ်ပြလိုက်ပြီး သဘောကျနှစ်သက်သော အမူအရာကို ပြသလိုက်သည်။
လင်းဖန် သက်သာလာသည်ကို အားရကျေနပ်သွားပြီးနောက် ကျောက်ရွေ့နှင့် ပိုင်ချောင်တို့သည် လင်းဖန်အား နှုတ်ဆက်ကာ မကြာမီပင် ထွက်ခွာသွားကြလေသည်။
ချင်ဖုန်းဂိုဏ်းသို့ ပြန်လည်သတင်းပို့ရန် အချိန်က သူတို့အတွက် အလွန်အရေးကြီးပေသည်။
သို့သော် ပိုင်ထိမှာမူ ကြာနက်ဂိုဏ်း၏ တိုက်ခိုက်မှုတစ်စုံတစ်ရာ ရှိလာခဲ့ပါက ရွာကို ကာကွယ်ရန်အတွက် ကျန်ရစ်ခဲ့မည် ဖြစ်သည်။
…
သစ်တောအုပ်အတွင်း၌…
သွေးကန်ဘေးတွင် လူနှစ်ဦး ရပ်နေကြသည်။
တစ်ဦးမှာ အမှောင်တမန်တော်ဖြစ်ပြီး သူ၏ဘေးတွင် အဘိုးအိုတစ်ဦး ရှိနေလေသည်။
ထိုအဘိုးအိုမှာ ပိန်လှီပြီး ထိပ်ပြောင်နေကာ သူ၏လက်ဖျံများနှင့် ခန္ဓာကိုယ်အနှံ့တွင် အနီရောင် ဂါထာမန္တန်စာတန်းများ ရေးဆွဲထားလေသည်။
သူနှင့်ပတ်သက်၍ ထူးဆန်းသောအချက်မှာ သူ၏အရေပြားကို လူနှင့်သားရဲများထံမှ မတူညီသော အရေပြားအပိုင်းအစများဖြင့် ချုပ်စပ်ထားသကဲ့သို့ ဖြစ်နေခြင်းပင်။
“ဟီးဟီးဟီး... နှမြောစရာပဲ။ ဒီသွေးကန် အစီအရင်ကြီးက အလဟဿ ဖြစ်သွားပြီ။ ကြာနက်သခင်ကြီးတော့ သိပ်ပြီး သဘောကျမှာ မဟုတ်ဘူး”
အဘိုးအိုက စူးရှသော အသံဖြင့် ပြောလိုက်လေသည်။
လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားလျက် အမှောင်တမန်တော်က အဘိုးအိုအား မျက်စောင်းထိုးကြည့်လိုက်ပြီး ပြောလိုက်သည်။
“အရေခွံရုပ်သေးတျောင်၊ ညွှန်ကြားထားတဲ့အတိုင်း ဒီနေရာကို ရှင်းလင်းလိုက်ပါ။ ငါ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ဒီက အစောင့်တွေအားလုံးကို သတ်သွားတဲ့ တရားခံကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးနိုင်အောင် သေချာပေါက်လုပ်မယ်”
“ဟီးဟီးဟီးဟီး...”
အရေခွံရုပ်သေးတျောင်သည် အစောင့်များအကြောင်း အမှောင်တမန်တော် ပြောသည်ကို ကြားသောအခါ ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
အမှောင်တမန်တော်က သူ့ကို စိုက်ကြည့်ရုံသာ ကြည့်နေသည်။
အမှောင်တမန်တော်ထံမှ နောက်ထပ် တုံ့ပြန်မှု မရနိုင်တော့ကြောင်း ခံစားမိသွားသော အရေခွံရုပ်သေးတျောင်သည် အလုပ်စတင်တော့သည်။
သူက ဝတ်ရုံထဲမှ ခေါင်းလောင်းတစ်ခုကို ထုတ်ယူကာ လှုပ်ခါလိုက်သည်။
သူတို့နောက်တွင် ရပ်နေကြသော လူဆယ်ဦးခန့်သည် ခေါင်းလောင်းသံကို ကြားသည်နှင့် လှုပ်ရှားလာကြသည်။
ထိုလူများ၏ မျက်နှာများမှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး တိတိကျကျ ဆိုရလျှင် မတူညီသော အရေပြားအပိုင်းအစများဖြင့် ချုပ်စပ်ထားခြင်း ဖြစ်ပေသည်။
သူတို့သည် ခံစားချက်မဲ့နေသော မျက်နှာများဖြင့် တိုင်များ၊ ကြိုးများကို ရှင်းလင်းကြပြီး သွေးကန်ကို မြေကြီးများဖြင့် ဖုံးအုပ်လိုက်ကြလေသည်။
ပြန့်ကျဲနေသော အလောင်းများကိုလည်း သယ်ဆောင်သွားကြသည်။
အရေခွံရုပ်သေးတျောင်သည် သခင်ကြီးထန်၏ အလောင်းဆီသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လျက် ကြည့်ရှုလိုက်သည်။
“ဒီကောင်က နမူနာကောင်းတစ်ခုပဲ။ သူ့ကို ငါ့ရဲ့စုဆောင်းမှုထဲကို ထည့်ရမယ်။ ဟီးဟီးဟီးဟီး...”
အမှောင်တမန်တော်ကမူ တိတ်ဆိတ်စွာဖြင့် အောက်သို့သာ ငုံ့ကြည့်နေလေသည်။
သွေးကန်၌ သူ၏ကျရှုံးမှုကြောင့် ကြာနက်သခင်ကြီးမှာ သူ့အပေါ် သိပ်ပြီး ကျေနပ်မှုမရှိလှချေ။ ထို့ကြောင့် အရေခွံရုပ်သေး တျောင်က တာဝန်လွှဲပြောင်းယူရခြင်း ဖြစ်ပေသည်။
‘အရာရာ ချောမွေ့မနေစေရအောင် ငါ လုပ်ပြမယ်’
အမှောင်တမန်တော်က စိတ်ထဲမှ ကြိတ်တွေးလိုက်လေသည်။