အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) - ဓားကျင့်ကြံခြင်းအမြုတေ
(T/N : အရှေ့ပိုင်းတွေမှာ ကျင့်ကြံခြင်းအမြစ်လို့ သုံးခဲ့ဖူးတာတွေကို ကျင့်ကြံခြင်းအမြုတေဆိုပြီး ပြောင်းလဲအသုံးပြုပါမည်။)
ဦးလေးလျိုသည် လင်းဖန်၏ သစ်သားတဲအတွင်းသို့ ဝင်လာစဉ် ရွာသားအားလုံးကို စိုက်ကြည့်လိုက်သည်။
“လင်းဖန်တစ်ယောက်တည်း အကူအညီမဲ့ပြီး ဆာလောင်နေတုန်းက မင်းတို့ဘယ်ရောက်နေကြလဲ”
“ဒီနေ့မှ မျက်နှာပြောင်တိုက်ပြီး လင်းဖန်ဆီ မျက်နှာလာလုပ်ရဲသေးတယ်ပေါ့လေ”
ဦးလေးလျိုက ဒေါသတကြီးဖြင့် ရွာသားများကို ဆူပူကြိမ်းမောင်းလိုက်လေသည်။
မေဖုန်းသည်လည်း ခါးထောက်လျက် ဦးလေးလျိုဘေးတွင်ရပ်ကာ သူ့ကို အားဖြည့်ပေးနေလေသည်။
ရွာသားများမှာမူ ခြေဖျားကိုသာ ငုံ့ကြည့်နေကြပြီး အသံပင် မထွက်ရဲကြချေ။
သူတို့မှားမှန်း သူတို့သိကြသော်လည်း ဖရိုဖရဲဖြစ်နေသော ဤချွမ်မင်းဆက်ခေတ်ကြီးတွင် သူတို့အတွက် ရွေးချယ်စရာ သိပ်မရှိခဲ့ပေ။
လင်းဖန်က လက်ကာပြလိုက်ပြီး ဦးလေးလျိုကို ထပ်မပြောရန် အချက်ပြလိုက်သည်။
သူသည် ဤရွာသားများကို မမုန်းတီးသလို ခံစားချက်လည်း မရှိလှချေ။
ခွေးဟောင်တိုင်း ခြင်္သေ့က လှည့်ကြည့်စရာ အကြောင်းမရှိပေ။
“ကောင်းပါပြီ။ ခင်ဗျားတို့ရဲ့ လက်ဆောင်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အပြင်မှာလည်း အေးတယ်၊ ကျုပ်ရဲ့ သစ်သားတဲကလည်း ခင်ဗျားတို့အားလုံးအတွက် လုံလောက်တဲ့ နွေးထွေးမှု မပေးနိုင်ပါဘူး။ အခု ကိုယ့်အိမ်ကိုယ် ပြန်ကြပါတော့”
လင်းဖန်က သူတို့၏ လက်ဆောင်များကို ငြင်းပယ်ခြင်းမရှိကြောင်း ကြားလိုက်ရသဖြင့် ရွာသားများမှာ ဝမ်းသာသွားကြလေသည်။
သူတို့သည် သိပ်ပြီး ပြဿနာမရှာကြတော့ဘဲ အချင်းချင်း စကားပြောဆိုကြကာ လင်းဖန်၏ သစ်သားတဲအတွင်းမှ ထွက်ခွာသွားကြသည်။
အဘွားလင်းကတော့ ထွက်ခွာသွားချိန်တွင် နောက်သို့လှည့်ကာ လင်းဖန်ကို အရိုအသေပေးသွားခဲ့သည်။
သူမကို ဒုက္ခသည်များလက်မှ ကယ်တင်ခဲ့သည့် သူရဲကောင်းမှာ လင်းဖန်ပင်ဖြစ်ကြောင်း သူမက ယခုအခါ ပို၍ပင် ယုံကြည်သွားလေပြီ။
“သွားကြတာပဲ ကောင်းပါတယ်”
ဦးလေးလျိုက ပြောလိုက်ပြီး လင်းဖန်ဘက်သို့ လှည့်လာသည်။
“လာ... ငါတို့နဲ့အတူ ညစာလာစားလှည့်”
“ဟုတ်ကဲ့ ဦးလေးလျို”
လင်းဖန်သည် သူတို့နှင့်အတူ ညစာစားရမည့်အတွက် အလွန်ဝမ်းသာနေပေသည်။
ဤကမ္ဘာတွင် ၎င်းသည်သာလျှင် လင်းဖန်အတွက် မိသားစုနှင့် အနီးစပ်ဆုံးအရာ ဖြစ်ပေသည်။
နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ဤငြိမ်းချမ်းမှုနှင့် နွေးထွေးမှုတို့တွင် နစ်မျောခံစားရန် သူ၏ နေ့ရက်များ သိပ်မကျန်တော့ချေ။
ညစာစားပြီးနောက် လင်းဖန်သည် သစ်သားတဲအပြင်ဘက်တွင် ဖွက်ထားသော ပစ္စည်းများကို တူးဖော်လိုက်သည်။
ယင်းတို့အားလုံးမှာ ကျဆုံးသွားသော ရန်သူများထံမှ သူရရှိထားသည့် ‘ပြန်လည်အသုံးပြုနိုင်သော’ ပစ္စည်းများ ဖြစ်ကြလေသည်။
ငွေတစ်တေးလ်၊ ငွေစအနည်းငယ်၊ ကြေးဒင်္ဂါးသုံးဆယ်နှင့် ‘တိမ်တိုက်စီးဆင်းခြင်းဓားသိုင်း’ အမည်ရ ကျင့်စဉ်လက်ရေးမူတို့ ဖြစ်သည်။
ချင်ဖုန်းဂိုဏ်းသို့ သွားမည့်ခရီးစဉ်အတွက် ငွေကြေးမှာ အလွန်အရေးပါပေသည်။ ချွမ်မင်းဆက်ခေတ်တွင် ကိစ္စရပ်များ ပြီးမြောက်ချောမွေ့စေရန် ငွေဖြင့် လမ်းခင်းပေးရန် လိုအပ်သည်။
ချင်ဖုန်းဂိုဏ်းသည်လည်း ခြွင်းချက်ဖြစ်လိမ့်မည်မဟုတ်ကြောင်း လင်းဖန် ကြိုတင်ခန့်မှန်းထားလေသည်။
ငွေများကို ဘေးဖယ်ထားလိုက်ပြီးနောက် ယခုလောလောဆယ်တွင် သူ့ကို အများဆုံး စိတ်ဝင်စားစေသည့် ကျင့်စဉ်လက်ရေးမူကို လင်းဖန် ကောက်ယူလိုက်သည်။
နိဒါန်းအခန်းကို ဖတ်ကြည့်ရာတွင် အသက်ရှူပုံကို မည်သို့ထိန်းညှိရမည်၊ တရားထိုင်ပုံနှင့် မိမိသည် မည်သည့် ဓားကျင့်ကြံခြင်းအမြုတေအမျိုးအစား ဖြစ်ကြောင်း စစ်ဆေးရန် မိမိကိုယ်ကို အတွင်းမြင်ကွင်းဖြင့် မည်သို့ရှုမှတ်ရမည်ဆိုသည့်အကြောင်း ရေးသားထားပေသည်။
ဤလက်ရေးမူနှင့် အသင့်တော်ဆုံးသူများမှာ တိမ်တိုက် ဓားကျင့်ကြံခြင်းအမြုတေ ရှိသူများပင် ဖြစ်သည်။
အခြားသူများမှာ မီး၊ ရေ သို့မဟုတ် ရေခဲ ဓားကျင့်ကြံခြင်းအမြုတေများ ဖြစ်နိုင်လေသည်။
အဆိုးရွားဆုံးအခြေအနေ၌ ဓားကျင့်ကြံခြင်းအမြုတေကို မတွေ့ရပါက ထိုသူသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်လာရန် မသင့်တော်သည်က များပေသည်။
လင်းဖန်သည် ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်လိုက်သည်။
သူသည် အသက်ကို ရှူသွင်းကာ အောင့်ထားလိုက်ပြီး ပတ်ဝန်းကျင်မှ ချီစွမ်းအင်များကို တန်းထျန်ထဲသို့ လမ်းညွှန်ပို့ဆောင်ပေးရန် ကြိုးစားရင်း သူ၏ တန်းထျန်အပေါ်သို့သာ အာရုံစိုက်ထားလိုက်သည်။
သို့သော် သူ မစွမ်းဆောင်နိုင်ခဲ့ပေ။ မည်သည့်ချီစွမ်းအင်ကိုမျှ မခံစားရဘဲ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ခေါင်းမူးလာသည်သာ အဖတ်တင်လေသည်။
သူသည် လက်မလျှော့ဘဲ ရုပ်ခန္ဓာအဆင့် တက်လာချိန်က သူကြုံတွေ့ခဲ့ရသည်များကို ပြန်လည်အမှတ်ရလိုက်သည်။
တန်းထျန်ထဲသို့ ချီစွမ်းအင်များ မည်သို့စီးဆင်းသွားခဲ့သည်၊ ယင်းက သူ၏ ခန္ဓာကိုယ်ကို သန်စွမ်းလာစေရန် မည်သို့ကူညီပေးခဲ့သည် စသည်တို့ကို ပြန်လည်စဉ်းစားနေမိသည်။
လင်းဖန် ထပ်မံကြိုးစားကြည့်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ အရေပြားပေါ်၌ ချီစွမ်းအင် အနည်းငယ် စူးဝင်သွားသည်ကို ခံစားလိုက်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
‘ငါလုပ်တာ ဘာမှားသွားလို့လဲ’
လင်းဖန်က ညွှန်ကြားချက်များကို ပြန်ဖတ်ရင်း တွေးလိုက်မိသည်။
သူ၏ ကိုယ်နေဟန်ထားကို ပြင်ဆင်ပြီးနောက် လင်းဖန်က ထပ်မံကြိုးစားကြည့်လေသည်။
နောက်ဆုံးတွင် သူသည် တရားထိုင်ခြင်းအခြေအနေသို့ ဝင်ရောက်သွားပေသည်။
သူ၏ စိတ်အာရုံစူးစိုက်မှုက ကျယ်ပြန့်လာလေသည်။
ညဘက်၏ ဆူညံသံများနှင့် အင်းဆက်များ၏ အော်မြည်သံများက လွင့်စင်ပျောက်ကွယ်သွားသည်။
ယခုအခါ အရေပြားပေါ်သို့ ဖြတ်တိုက်သွားသော လေထု၏ လှုပ်ရှားမှုကို သူ ခံစားသိရှိနိုင်နေပြီဖြစ်ပြီး ၎င်းနှင့်အတူ ချီစွမ်းအင်များ၏ စူးရှရှအထိအတွေ့ကိုပါ ခံစားလာရပေသည်။
၎င်းမှာ သိုင်းစာလိပ်ထဲတွင် ရေးသားထားသော အခြေအနေပင်။
လင်းဖန်က သူ့၌ မည်သည့် ဓားကျင့်ကြံခြင်းအမြုတေ ပါရှိသနည်းဆိုသည်ကို သိချင်စိတ်ပြင်းပြစွာဖြင့် မိမိကိုယ်ကိုယ် အလျင်အမြန် အတွင်းရှုမှတ်ကြည့်လိုက်လေသည်။
သူ၏ အတွင်းပိုင်းတွင် အမှောင်ထုနှင့် ဟာလာဟင်းလင်းဖြစ်နေသည်မှလွဲ၍ ဘာမျှရှိမနေချေ။
အကယ်၍ တစ်စုံတစ်ယောက်၌ ဓားကျင့်ကြံခြင်းအမြုတေ ရှိနေမည်ဆိုပါက အတွင်းပိုင်းတွင် တစ်ခုခုကို မြင်တွေ့ရမည်ဖြစ်သည်။
လင်းဖန်အတွက်မူ အမှောင်ထုနှင့် ဗလာနတ္ထိမှလွဲ၍ အခြား ဘာမျှမရှိပေ။
လင်းဖန်သည် တရားထိုင်ခြင်းအခြေအနေကို ရပ်တန့်လိုက်ကာ မျက်လုံးများကို ဖွင့်၍ သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် လမ်းညွှန်ချက်များကို မှန်ကန်စွာ မလိုက်နာမိခြင်းဖြစ်နိုင်သလို သူကိုယ်တိုင်က ဓားကျင့်ကြံသူတစ်ဦးဖြစ်လာရန် မသင့်တော်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဒုတိယအချက်သာ ဖြစ်ဖို့များကြောင်း သူ တွေးလိုက်မိသည်။
ကိစ္စမရှိပါချေ၊ ဤကမ္ဘာလောကကြီးထဲတွင် သူနှင့် သင့်တော်မည့် အခြားသော ကျင့်စဉ်မျိုးစုံ ရှိနေဦးမည်သာဖြစ်သည်။
သူ၏ သားရဲစွမ်းရည်များနှင့် ပိုမိုလိုက်ဖက်ညီမည့် ကျင့်စဉ်မျိုးပင်။
ဤတွေ့ရှိချက်နှင့်အတူ သူ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လာပြီဖြစ်သည်။
သူ၏ ခါးပတ်ဓားမှာ သိပ်အသုံးမဝင်တော့ပေ။
သခင်ကြီးထန်၏ လည်ပင်းကိုပင် ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိချေ။
အခြားသော ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင် ဤခါးပတ်ဓားကိုသာ အသုံးပြုနေမည်ဆိုပါက သူသည် လွယ်ကူသောပစ်မှတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
လက်နက်ကို အဆင့်မြှင့်တင်ရန်နှင့် အသစ်တစ်ခုခု ရှာဖွေရမည့်အချိန် ရောက်လာလေပြီ။
…
ဖုန်းရှိုးမြို့…
ဟယ်ရှန်းလက်နက်ဆိုင်…
“ကြိုဆိုပါတယ်။ မင်းတို့ကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့ ဘာများ ကူညီပေးရမလဲ”
လင်းဖန်နှင့် ဟိုမင်တို့ ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ ဖေထုံမှာ ပြုံးရွှင်သွားလေသည်။
“ကျုပ် ပိုကောင်းတဲ့ တစ်ခုခုကို လိုချင်တယ်။ သိုင်းပညာရှင်တွေကို ရင်ဆိုင်နိုင်လောက်တဲ့အထိ သန်မာတဲ့အရာမျိုးပေါ့”
“ဟမ်း... ဝိညာဉ်အဆင့် လက်နက်တွေမှပဲ အဲဒီလို လုပ်နိုင်မှာပါ။ ဒါပေမဲ့ တန်ဖိုးကတော့ အနည်းဆုံး ငွေတစ်တေးလ်လောက် ကျလိမ့်မယ်”
ဆိုင်ထဲရှိ အခြားသော ဖောက်သည်များက လင်းဖန်၏ စကားကို ကြားလိုက်ရသောအခါ သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
ဤသည်က ဘာအဓိပ္ပာယ်နည်း။
ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်က သိုင်းပညာရှင်များကို ရင်ဆိုင်မည့်အကြောင်း ပြောနေသည်လား။
စုတ်ပြတ်နေသော အဝတ်အစားများနှင့်ဆိုလျှင် သူက အင်အားကြီး မိသားစုတစ်ခုခုမှ သခင်လေးတစ်ပါးနှင့်လည်း တူမနေပါချေ။
လင်းဖန်သည် ထိုသို့သော ကျင့်ကြံသူအချို့ကို သတ်ဖြတ်ပြီးဖြစ်သည်ကို မသိကြသဖြင့် သူတို့က လင်းဖန်အား လှောင်ပြောင်ရယ်မောလိုက်ကြသည်။
လင်းဖန်က ဂရုမစိုက်သော်လည်း ဖေထုံကမူ ထိုဖောက်သည်များကို ဆိုင်ထဲမှ နှင်ထုတ်လေသည်။
“ဘာမှမဝယ်ရင် ထွက်သွားကြ”
ဖေထုံက အကူအညီပေးရန် အဆင်သင့်ဖြစ်နေသော သူ၏အစောင့်များနှင့်အတူ သူတို့ကို တွန်းထုတ်လိုက်လေသည်။
“ခင်ဗျား ဘာဖြစ်နေတာလဲ”
“ဟုတ်တယ်၊ သူက ဘာကောင်မှ မဟုတ်တဲ့ကောင်လေးပဲကို”
“ရပ်လိုက်၊ ကျုပ်ဘာသာ ထွက်သွားမယ်”
ဖောက်သည်များမှာ အမြဲတစေ ဖော်ရွေတတ်သော ဖေထုံ၏ ပြောင်းလဲသွားသော သဘောထားကြောင့် အံ့အားသင့်သွားကြလေသည်။