အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) - ဆောင်းဝင်ချိန်
ဤဖောက်သည်များက မသိကြသော်လည်း ကုန်သည်တစ်ဦးဖြစ်သည့် ဖေထုံမှာမူ နေရာအနှံ့၌ မျက်စိနှင့် နားများ ရှိနေပေသည်။
လင်းဖန် မည်သည်ကို ပြုလုပ်ခဲ့ပြီး ချင်ဖုန်းဂိုဏ်းမှ ကျင့်ကြံသူများက သူ့အား မည်သို့ ကျေးဇူးတင်ခဲ့ကြောင်းကို သူ ကြားသိထားပြီး ဖြစ်သည်။
ဖေထုံသည် ဤအလားအလာရှိသော သိုင်းပညာရှင်လောင်းလျာအား သူ့အပေါ် စိတ်ခုသွားစေရန် ခွင့်ပြုမည် မဟုတ်ပေ။
ဟယ်ရှန်းလက်နက်ဆိုင်၏ အနာဂတ်ပိုင်ရှင်တစ်ဦးဖြစ်သည့်အားလျော်စွာ သူသည် ဆိုင်ကို ပိုမိုကြီးထွားလာစေပြီး နိုင်ငံတစ်ဝှမ်း၌ ဆိုင်ခွဲများကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်ရန် ရည်မှန်းချက်ကြီးမားစွာ ရှိနေလေသည်။
“အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ လာ... ကျုပ်နောက်ကို လိုက်ခဲ့ပါ။”
ဖေထုံသည် ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးနောက် သူ၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်လည်ပြင်ဆင်လိုက်ပြီး လင်းဖန်ကို ဆိုင်အနောက်ဘက်သို့ တစ်ဖန် ပြန်လည်ခေါ်ဆောင်သွားလေသည်။
ဖေထုံသည် အထဲရှိ အလုပ်သမားများကို တီးတိုးပြောလိုက်ရာ သူတို့က လက်တွန်းလှည်းတစ်စီးဖြင့် တစ်စုံတစ်ခုကို တွန်းထုတ်လာကြသည်။
၎င်းမှာ အလုပ်သမားနှစ်ဦး သယ်မရန်ပင် အလွန်တရာ လေးလံလွန်းနေချေသည်။
“မင်းလိုအပ်တဲ့ လက်နက်က ကျုပ်ဆီမှာ ရှိတာပေါ့။ ဒါက တူတစ်စုံပဲ... သာမန်အဆင့်ရဲ့ အမြင့်ဆုံးမှာရှိပြီး ဝိညာဉ်အဆင့်နဲ့တောင် နီးစပ်နေပြီ။ တန်ဖိုးကြီးတဲ့ သံမဏိနက်နဲ့ ပြုလုပ်ထားတာ။ မင်း ကျင့်ကြံခြင်းကိုစတင်ပြီး ချီစွမ်းအင်တွေ ထည့်သွင်းလိုက်တာနဲ့ ဒါက ပိုကြီးလာလိမ့်မယ်”
လင်းဖန်က ထိုတူကြီးကို စိုက်ကြည့်လိုက်သည်။
တူ၏ထိပ်ပိုင်းကို အနားရှစ်ဖက်ရှိသော ပုံစံအဖြစ် ပုံသွင်းထားသည်။ တန်ဖိုးကြီးလှသော စန္ဒကူးနီသားဖြင့် ပြုလုပ်ထားသည့် တူ၏လက်ကိုင်မှာ ခရမ်းရင့်ရောင် သန်းနေလေသည်။
သူသည် ထိုတူကို ကောက်ကိုင်လိုက်ကာ ဟိုဟိုဒီဒီ လွှဲယမ်း၍ စမ်းသပ်ကြည့်လိုက်သည်။
အလုပ်သမားနှစ်ဦးမှာမူ သူတို့၏မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်သွားကြလေသည်။
ထိုတူတစ်စုံမှာ တစ်ခုလျှင် ကီလိုဂရမ် ၁၅၀ ခန့် အလေးချိန် ရှိပေသည်။
သို့သော်လည်း သူတို့ရှေ့ရှိ ဆယ်ကျော်သက်လူငယ်လေးသည် ၎င်းတို့ကို ထမင်းစားတူတစ်စုံပမာ ပေါ့ပေါ့ပါးပါး လွှဲယမ်းပြနေလေသည်။
ဖေထုံ၏မျက်နှာထက်တွင် အပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။
သူရရှိထားသော သတင်းအချက်အလက်များမှာ မှန်ကန်ကြောင်း ယခုအခါတွင် အတည်ပြုနိုင်သွားပြီ ဖြစ်ပေသည်။
“လင်းဖန်... မင်း ဒီလောက်တောင် ခွန်အားကြီးလိမ့်မယ်လို့ ငါ မထင်ထားမိဘူး”
ဤသည်မှာ လင်းဖန်၏စွမ်းဆောင်နိုင်စွမ်းကို ဟိုမင် အနီးကပ် မြင်တွေ့လိုက်ရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
အံ့ဩစရာ မရှိတော့ပေ။
သူ၏ဖခင်က လင်းဖန်နှင့် ခင်မင်ရင်းနှီးစွာ နေထိုင်ရန် အဘယ်ကြောင့် အထပ်ထပ် မှာကြားနေခဲ့သည်ကို ယခုမူ သူ နားလည်သွားပြီ ဖြစ်သည်။
‘အရမ်းကောင်းတာပဲ... ငါ လိုအပ်နေတဲ့ လက်နက်နဲ့ကွက်တိပဲ’
လင်းဖန် တွေးလိုက်မိသည်။ အဆင့်တစ်ခုနှင့်အထက်ရှိသော ကျင့်ကြံသူများသည် သာမန်လက်နက်များ၏ ခုတ်ထစ်ပိုင်းဖြတ်မှုများကို ခံနိုင်ရည်ရှိပုံရပေသည်။
ဓားဖြင့် ခုတ်ထစ်၍ မရနိုင်ပါက ရိုက်ခတ်အားကို အဘယ်ကြောင့် အသုံးမပြုရမည်နည်း။ သူ၏တူကြီးများဖြင့် သေစေနိုင်လောက်သော ရိုက်ချက်များကို ဖော်ဆောင်နိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူသည် ဓားကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ဖန်တီးခံထားရသူ မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်နေတော့သည်။
“ဒါအတွက်က ငွေတစ်တေးလ်။ မင်းက ငွေအများကြီး သုံးစွဲနေတာဆိုတော့ မင်းရဲ့သူငယ်ချင်းလိုချင်တဲ့ လက်နက်တစ်ခုကို အခမဲ့ ပေးပါ့မယ်”
လင်းဖန်သည် ဖေထုံအား အထင်ကြီးလေးစားစွာဖြင့် ကြည့်လိုက်မိသည်။
ဖေထုံမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသကဲ့သို့ လုပ်ဆောင်သွားခဲ့သည်။
သူသည် ဟိုမင်အား လင်းဖန်အပေါ် ကျေးဇူးတင်စိတ် ဖြစ်ပေါ်စေခဲ့ရုံသာမက အခြားတစ်ဖက်တွင်လည်း လင်းဖန်ကို သူ၏ဝယ်ယူမှုအတွက် ‘လျှော့ဈေး’ ရရှိခဲ့သည့်အတွက် ကျေနပ်ပျော်ရွှင်သွားစေခဲ့သည်။
“ဟိုမင်... မင်း ကြိုက်နှစ်သက်တဲ့ လက်နက်တစ်ခုခုကို ရွေးလိုက်လေ”
“ကျေးဇူးအများကြီးတင်တယ်ကွာ လင်းဖန်ရာ။ ဒါပြီးရင် ငါတို့ ချွမ်ဝေ့ရွှမ်မှာ သွားပြီး စားသောက်ကြတာပေါ့။ ငါ့အဖေက လက်နက်ဝယ်ဖို့ ပေးလိုက်တဲ့ ငွေတွေကို အခုတော့ ပိုကောင်းတဲ့နေရာမှာ သုံးလို့ရသွားပြီ”
ဟိုမင်က လင်းဖန်၏ကမ်းလှမ်းမှုကို ဝမ်းသာအားရ လက်ခံလိုက်လေသည်။
သေချာစဉ်းစားပြီးနောက် ချင်ဖုန်းဂိုဏ်း၏အဓိက ကျင့်ကြံခြင်းလမ်းစဉ်မှာ ဓားကျင့်စဉ်ဖြစ်သည့်အတွက် သူသည် ဓားတစ်လက်ကိုသာ ရွေးချယ်လိုက်တော့သည်။
လင်းဖန် အိမ်သို့ ပြန်လည်ရောက်ရှိလာသောအခါ ထိုသံတူများကို စမ်းသပ်ကြည့်လေသည်။
သို့သော် သူလုပ်ဆောင်နိုင်သည်မှာ ဟိုရမ်းသည်ရမ်း လွှဲရိုက်ရုံမျှသာ ရှိတော့သည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူသည် ‘တိမ်တိုက်စီးဆင်းခြင်းဓားသိုင်း’ ကျမ်းစာအုပ်ထဲမှ ကွက်ကွက်ကွင်းကွင်းရှိလှသော လှုပ်ရှားမှုများကို ဓားအစား သံတူများဖြင့် အစားထိုးကာ လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အချို့သော သိုင်းကွက်များမှာ လိုက်ဖက်ညီသော်လည်း အချို့မှာမူ အဆင်မပြေလှပေ။
ထို့ကြောင့် လင်းဖန်သည် သံတူတစ်စုံနှင့် ကိုက်ညီမှုရှိစေရန် ကိုယ်တိုင် ပြုပြင်မွမ်းမံ၍ လေ့ကျင့်ရလေတော့သည်။
သူသဘောကျသော သိုင်းကွက်များထဲမှ တစ်ကွက်မှာ ‘တိမ်ဖြတ်တိုက်ခိုက်မှု’ ဖြစ်သည်။
ဘယ်လက်ဖြင့် ရန်သူ၏ခြေထောက်များကို တိုက်ခိုက်လိုက်ပြီးနောက် ရုတ်တရက် ကိုယ်ကိုလှည့်ကာ ညာလက်ဖြင့် ရန်သူ၏လည်ပင်းကို ဖြတ်တိုက်ရသည့် တိုက်ကွက်ပင်။
သူ့တွင် သိုင်းကွက်များ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ရန် လုံလောက်သော ချီစွမ်းအင် မရှိသေးသော်လည်း အဆင့် ၃ ရုပ်ခန္ဓာ၏ အရှိန်အဟုန်ပြင်းသော ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့်ပင် တိုက်ကွက်များ၏ ပြင်းအားမှာ တော်တော်လေး အစွမ်းထက်လှပေသည်။
လေ့ကျင့်ခြင်းအပေါ် အာရုံစူးစိုက်ထားစဉ် အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။
တစ်ရက်တွင် သူလေ့ကျင့်နေစဉ် ရွာသူကြီးဟိုဖူ ရောက်လာခဲ့သည်။
သူ့လက်ထဲတွင် ဆေးတံကိုကိုင်ရင်း လင်းဖန် မည်မျှအထိ သန်မာထွားကျိုင်းလာသည်ကို ကြည့်ကာ ဟိုဖူမှာ အံ့အားသင့်လျက် ရှိပေသည်။
ဤလူငယ်လေးမှာ မကြာသေးခင်က ပိန်လှီချည့်နဲ့ပြီး သေလုမျောပါး ဖြစ်ဖူးခဲ့သည်ဟု မည်သူက ထင်ထားပါမည်နည်း။
“ရွာသူကြီး... ကျွန်တော် ဘာကူညီပေးရမလဲဗျာ”
လင်းဖန်က ရွာသူကြီးအတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည်။
“ဒါက ထန်မိသားစုအကြောင်းပါ...”
ရွာသူကြီးက ဆေးတံကို တစ်ချက်ဖွာကာ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“သခင်ကြီးထန်က ကျင့်ကြံခြင်း မပြုလုပ်နိုင်လို့ ထန်မိသားစုကနေ အပယ်ခံထားရတဲ့သူ တစ်ယောက်ပဲ။ ဒါပေမဲ့လည်း သူက ထန်မိသားစုရဲ့ သွေးသား ဖြစ်နေတုန်းပဲလေ။ ပြီးတော့ မင်းက ကျောက်ရွေ့ကို ကူညီပြီး သူ့ကို သတ်လိုက်တဲ့ကိစ္စကြောင့် သူတို့ မင်းအပေါ် တော်တော်လေး ဒေါသထွက်နေကြတယ်”
“မင်း ချင်ဖုန်းဂိုဏ်းကို ရောက်သွားတဲ့အခါ သူတို့ မကောင်းကြံဖို့ ပြင်နေတယ်လို့ ငါ သတင်းရထားတယ်။ သူတို့ရဲ့ မိသားစုဝင်အချို့က ဂိုဏ်းထဲမှာ အာဏာရှိတယ်ဆိုတော့ မင်းကို ဒုက္ခပေးဖို့ စောင့်နေကြတာ။ မင်း သတိထားတာ အကောင်းဆုံးပဲ။”
လင်းဖန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ရွာသူကြီး။ ချင်ဖုန်းဂိုဏ်းထဲ ရောက်ရင် ကျွန်တော် အထူးသတိထားပါ့မယ်”
သူက ရေနွေးခွက်ထဲတွင် ဝဲပျံကာ ဝိုင်းချာလည်နေသော လက်ဖက်ခြောက်ဖတ်လေးများကို စိုက်ကြည့်လိုက်သည်။
‘ငါသာ အစွမ်းထက်မယ်ဆိုရင် သူတို့ ငါ့ကို ပြဿနာရှာဖို့ စိတ်ကူးရဲကြမှာ မဟုတ်ဘူး’
သူ့စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
“ကူညီဖို့ကိစ္စကတော့... ငါ့သား ဟိုမင်...”
ရွာသူကြီး စကားမဆုံးခင်မှာပင် လင်းဖန်က အလျင်အမြန် ဝင်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ရွာသူကြီး။ ဟိုမင် သူ့လမ်းသူသွားတာလည်း ပြဿနာမရှိပါဘူး။ သူ့ကို ဘေးကင်းအောင် ထားတာက အကောင်းဆုံးပဲ”
ဟိုဖူက ခပ်တိုးတိုးရယ်မောကာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“မဟုတ်ဘူး... ငါဆိုလိုတာက မင်းကို သူ့ကို ကူညီစောင့်ရှောက်ပေးစေချင်တာ။ ဟိုမင်က သိပ်ဉာဏ်မကောင်းပေမဲ့ စိတ်ထားကောင်းတယ်”
“ထန်မိသားစုအတွက်လည်း သိပ်မစိုးရိမ်ပါနဲ့။ ငါ့မှာလည်း အဲဒီဂိုဏ်းထဲမှာ ကိုယ်ပိုင် အဆက်အသွယ်တွေ ရှိပါသေးတယ်”
လင်းဖန်က ခေါင်းညိတ်လိုက်လေသည်။ သူသည် ရွာသူကြီးအပေါ် ယခင်ကထက် ပိုမိုကြည်ညိုလေးစားသွားမိသည်။
ဟိုမင်ကို သူ့ဘေးတွင် ထားခြင်းက အန္တရာယ်များ ရောက်လာနိုင်သော်လည်း ဟိုဖူမှာမူ ဤသို့သာ ဆုံးဖြတ်ခဲ့သည်။
လင်းဖန်၏ အဖြေကို ကျေနပ်သွားသော ဟိုဖူသည် ရေနွေးကြမ်းကို မော့သောက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
ကောင်းကင်ယံမှ ဖြူဖွေးနုနယ်သော အစက်အပြောက်လေးများ မြေပြင်ပေါ်သို့ ဝဲပျံကာ ကျဆင်းလာနေချေပြီ။
နှင်းပွင့်များပင်…
နောက်ဆုံးတွင် ဆောင်းရာသီ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။