အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) - တည်းခိုခန်းမှ ညတစ်ည
ဆောင်းရာသီသည် အေးချမ်းဆိတ်ငြိမ်ပြီး အနားယူရာ အချိန်သမယ ဖြစ်ပေသည်။
လင်းဖန်မှာ အိမ်တွင်း၌သာ အောင်းနေပြီး တူတစ်စုံဖြင့် သူ၏သိုင်းကွက်များကို ပိုမိုကျွမ်းကျင်ပြောင်မြောက်အောင် လေ့ကျင့်နေလေသည်။
အခြားသော ရွာသားများမှာလည်း ပြီးခဲ့သည့် နွေဦး၊ နွေရာသီနှင့် ဆောင်းဦးကာလတစ်လျှောက်လုံး ပင်ပန်းသမျှကို အိမ်တွင်း၌ပင် အနားယူအားဖြည့်နေကြသည်။
လာမည့်နွေဦးတွင် နောက်ထပ်သံသရာတစ်ပတ် ပြန်လည်စတင်ဦးမည်ဖြစ်ရာ သူတို့အနေဖြင့် ပြင်ဆင်ထားကြရန် လိုအပ်ပေသည်။
ကောက်ပဲသီးနှံစိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ဆောင်းဦးရိတ်သိမ်းချိန်တွင် အခွန်ပေးဆောင်ရန်အတွက် နောက်ဆုံးရိတ်သိမ်းခြင်းတို့ပင် ဖြစ်သည်။
ထိုအရာမှာ ပိုမိုကောင်းမွန်သော မျှော်လင့်ချက်ဟူ၍ လုံးဝမရှိသည့် သာမန်ရွာသားတစ်ဦး၏ဘဝပင် ဖြစ်ချေသည်။
…
တိုတောင်းလှသော နေ့ရက်များနှင့် ရှည်လျားလှသော ညတာများဖြင့် နေ့ရက်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။
ပါးလွှာသော နှင်းထုကြားမှ ထိုးထွက်လာသည့် သေးငယ်ပြီး ချွန်ထက်သော မြက်နုပင်စိမ်းစိမ်းလေးများကို မြင်လိုက်ရချိန်တွင် အချိန်တန်ပြီဖြစ်ကြောင်း လင်းဖန် သိလိုက်ရသည်။
အသစ်တို့အစပြုသော နွေဦးရာသီ စတင်ခဲ့ချေပြီ။
သူ ချင်ဖုန်းဂိုဏ်းသို့ ဝင်ရောက်စာရင်းသွင်းရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
ခရီးမထွက်ခွာမီ ရွာသူကြီးက သူ့ကိုရော ဦးလေးလျို၏ မိသားစုကိုပါ ညစာစားရန် ဖိတ်ကြားခဲ့လေသည်။
စားပွဲပေါ်တွင် ကြက်ကင်၊ ဟင်းသီးဟင်းရွက်များနှင့် ငါးဟင်းချိုတို့ ပြင်ဆင်ထားလေသည်။
ဆောင်းအကုန်တွင် ရရှိရန် အလွန်ခက်ခဲလှသော ဟင်းလျာများပင် ဖြစ်သည်။
ဤမျှ ခမ်းနားလှသော ညစာကြောင့် လင်းဖန် အံ့အားသင့်သွားရပြီး ဟင်းလျာများကို မြည်းစမ်းရင်း နွေးထွေးမှုကို ခံစားလိုက်ရလေသည်။
“ဟိုမင်... ငါက မင်းဘေးမှာရှိနေပြီး ပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ မင်း လင်းဖန်ရဲ့ စကားကို နားထောင်ပြီး သူပြောသမျှအတိုင်း လုပ်စေချင်တယ်”
ဟိုဖူက သူ၏ဆေးတံဖြင့် စားပွဲကိုခေါက်ကာ ဟိုမင်၏အာရုံကို ဆွဲဆောင်လိုက်သည်။
ပါးစပ်ထဲတွင် ကြက်ပေါင်တစ်ဖက်ကို ကိုက်ထားလျက် ဟိုမင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဟိုဖူ၏လက်ထဲမှ ဆေးတံသည် အပေါ်သို့ မြင့်တက်လာရာ ဟိုမင်မှာ အလိုလို တိမ်းရှောင်ရန် ကြိုးပမ်းလိုက်မိသည်။
“ဟူး...”
ဟိုမင်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဟိုဖူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆေးတံကို ပြန်ချလိုက်လေသည်။
“ငါလည်း အိုပါပြီ။ မင်းလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်။ ငါ သွန်သင်ခဲ့တာတွေကို မှတ်ထားပါ။ မင်း ချင်ဖုန်းဂိုဏ်းထဲ ဝင်ခွင့်ရတာက ငါတို့ ဟိုမိသားစုအတွက် အများကြီးအဓိပ္ပာယ်ရှိတယ်”
“ကျွန်တော်... ကြိုးစားပါ့မယ်...”
ဟိုမင်က ကြက်ပေါင်ကို ပြန်ချလိုက်ပြီး တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။
ဟိုမင်အနေဖြင့် သူ၏ဖခင်က သူ့ကို ဤကဲ့သို့သော လေသံမျိုးဖြင့် စကားပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပေသည်။
နောင်တွင် သူသည် မိမိဘာသာ ရုန်းကန်ရတော့မည်ဟူသောအသိက သူ့ဦးနှောက်ထဲသို့ နောက်ဆုံးတွင် ဝင်ရောက်လာခဲ့လေသည်။
အခြေအနေမှာ တင်းမာလာသည်ကို မြင်သောအခါ လင်းဖန်က ဝင်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ရွာသူကြီး... ကျွန်တော် ဟိုမင်ကို ဂရုစိုက်ပေးပါ့မယ်။ ကတိပေးပါတယ်”
ဦးလေးလျိုသည်လည်း စကားဝိုင်းထဲဝင်ရောက်လာပြီး ပြောလိုက်သည်။
“လင်းဖန်က အရည်အချင်းရှိတဲ့သူပဲ။ သူက ဟိုမင်ဘေးကင်းဖို့ သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်”
ထို့နောက် သူသည် လင်းဖန်က သေလုမြောပါးအခြေအနေမှ အောင်မြင်သောမုဆိုးတစ်ဦး မည်သို့ဖြစ်လာခဲ့ပုံကို ပြန်လည်ပြောပြနေတော့သည်။
ညစာစားပွဲပြီးဆုံးသွားပြီး လင်းဖန် ထွက်ခွာရန်ပြင်ဆင်လိုက်ချိန်တွင် ရွာသူကြီးက လင်းဖန်ထံသို့ ပုလင်းငယ်တစ်လုံး ကမ်းပေးလိုက်လေသည်။
“ဒီထဲမှာ ချီစုစည်းမှုဆေးလုံးတွေရှိတယ်။ မင်းရဲ့ အခွင့်အရေး ပိုများလာအောင် ဒါတွေကို ယူသွားပါ”
လင်းဖန်က ဟိုဖူ၏လက်ကို ပြန်တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
“ရွာသူကြီး... ဒါကို ကျွန်တော် လက်မခံနိုင်ပါဘူး။ ဟိုမင်ကိုပဲ ပေးလိုက်ပါ”
ဟိုဖူက ဇွတ်အတင်းပေးနေရင်း တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး လက်ခံပေးပါ။ ဟိုမင်ကို စောင့်ရှောက်ပေးဖို့ ကူညီတောင်းတဲ့ အဖိုးအခအဖြစ် သဘောထားပြီး ယူထားလိုက်ပါ”
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်ဗျာ”
လင်းဖန်က ပုလင်းကို လှမ်းယူပြီး သိမ်းဆည်းလိုက်သည်။
ဆေးလုံးများကိစ္စ ပြီးသွားသောအခါ ဟိုဖူက စာလိပ်တစ်ခုကို ထုတ်ယူကာ ဖြန့်လိုက်ပြီး ပြောလိုက်လေသည်။
“ဒါက ချင်ဖုန်းဂိုဏ်းဆီ ဘယ်လိုသွားရမလဲဆိုတဲ့ မြေပုံပဲ။ ဖုန်းရှိုးမြို့ကနေ မြောက်ဘက်ကို သွားရမယ်။ နှစ်ရက်ခရီး နှင်ရလိမ့်မယ်။ လမ်းခရီးအလယ်မှာ တည်းခိုခန်းတစ်ခု ရှိတယ်။ မင်းတို့ အဲဒီမှာ တစ်ည တည်းခိုလို့ရတယ်။ စာရင်းသွင်းဖို့ သွားကြတဲ့လူအတော်များများကလည်း အဲဒီမှာ တည်းကြမှာမလို့ အဲဒီနေရာက အတော်လေး ဘေးကင်းပါတယ်”
မြေပုံကို ခေတ္တမျှ ကြည့်ရှုပြီးနောက် လင်းဖန်က စာလိပ်ကို ပြန်လည်လိပ်ပတ်ကာ သိမ်းဆည်းလိုက်လေတော့သည်။
ထို့နောက် ရွာသူကြီးကို နှုတ်ဆက်ရမည့်အချိန်သို့ ရောက်ရှိလာလေသည်။
ကောင်းမွန်လှသော စားသောက်ဖွယ်ရာများကြောင့် ဝမ်းဗိုက်ပြည့်တင်းနေပြီး မီးဖိုဘေးမှ နွေးထွေးမှုနှင့်အတူ လင်းဖန်မှာ တစ်ညလုံး ကောင်းမွန်စွာ အိပ်စက်ခွင့်ရခဲ့လေသည်။
…
နောက်တစ်နေ့…
လင်းဖန်မှာ နေမထွက်မီ နိုးနှင့်နေပြီ ဖြစ်သည်။
မှောင်မိုက်နေသော အခန်းထဲတွင် အလင်းရောင်မှိန်ပျပျ ဖယောင်းတိုင်မီးကို အားပြုလျက် လင်းဖန်သည် သူ၏အသုံးအဆောင်များနှင့် လက်နက်များကို ထုပ်ပိုးလိုက်သည်။
ထိုစာမူကျမ်းစာအုပ်မှတစ်ပါး ကျန်အရာအားလုံးကို ထုပ်ပိုးလိုက်ခြင်းပင်။
သူသည် တိမ်တိုက်စီးဆင်းခြင်းဂိုဏ်းမှ သူလျှိုတစ်ယောက်အဖြစ် အထင်လွဲမခံလိုချေ။
သူအရာအားလုံး ပြင်ဆင်ပြီးစီးသွားချိန်တွင် ဟိုမင်မှာ ပြင်ပ၌ စောင့်ဆိုင်းနေလျက်ရှိသည်။
မျက်ကွင်းညိုနေသော မျက်ဝန်းများဖြင့် ဟိုမင်က လင်းဖန်ကို နှုတ်ဆက်လိုက်သည်။
လင်းဖန်က သတိပြုမိသော်လည်း မည်သည့်အရာမျှမပြောရန်သာ ဆုံးဖြတ်လိုက်သည်။
“လာ၊ သွားကြစို့။ ငါတို့ လမ်းအဝေးကြီး လျှောက်ရဦးမယ်”
လင်းဖန်က ပြောလိုက်သည်။
ဟိုမင်က တိတ်တဆိတ်သာ ခေါင်းညိတ်လိုက်လေသည်။
ရွာစပ်သို့ ရောက်ရှိလာချိန်တွင် ဟိုမင်မှာ လှည့်ကြည့်ကာ ခဏမျှ ရပ်တန့်သွားသည်။
ထို့နောက် သူက အောက်သို့ ကိုင်းချကာ အပြင်းအထန် ဦးညွှတ်လိုက်သည်။
ထို့နောက် သူက ပြန်လည်မတ်တတ်ရပ်ကာ လင်းဖန်၏ ကျောကို ပုတ်လိုက်သည်။
“ငါတို့ လောကကြီးကို ထွက်ကြည့်ရမယ့်အချိန် ရောက်ပြီ”
မွန်းတည့်ချိန်သို့ ရောက်သောအခါ သူတို့သည် တည်းခိုခန်းသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့ ရောက်ရှိချိန်၌ ထိုနေရာတွင် လူအုပ်ကြီးဖြင့် စည်ကားနေခဲ့ပြီ ဖြစ်သည်။
အချို့သော လူများသည် ပိုးဖဲကတ္တီပါဝတ်စုံများကို ဝတ်ဆင်ထားပြီး အစေခံများ ဝန်းရံလျက် ပူနွေးသော စားသောက်ဖွယ်ရာများကို သုံးဆောင်နေကြသည်။
မြင်းရထားများဖြင့် ခရီးနှင်လာကြသဖြင့် ၎င်းတို့မှာ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝမရှိဘဲ လန်းဆန်းတက်ကြွနေပုံ ရချေသည်။
ဤသူများမှာ ချမ်းသာသော မိသားစုများမှ ဆက်ခံသူ သခင်လေးများ ဖြစ်ကြပေသည်။
အခြားသူများမှာမူ လင်းဖန်ကဲ့သို့ပင် စုတ်ပြဲနေသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြရသည်။
အိမ်မှနေ၍ တစ်လမ်းလုံး ခြေကျင်လျှောက်လာခဲ့ကြရသဖြင့် ပင်ပန်းနွမ်းနယ်ကာ ဆာလောင်မွတ်သိပ်နေကြဟန် ရှိချေသည်။
တည်းခိုခန်းထဲသို့ ဝင်လိုက်စဉ် လင်းဖန်က ဟိုမင်ကို တိုးတိုးကပ်၍ သတိပေးလိုက်သည်။
“သတိဝီရိယရှိရှိနဲ့ ဂရုတစိုက်နေ”
သူတို့အလှည့် ရောက်သောအခါ ဆိုင်အကူက ဆီးကြိုနှုတ်ဆက်ရင်း မမေးလိုက်သည်။
“နှစ်ယောက်လားဗျ။ စားသောက်ရုံပဲလား၊ ဒါမှမဟုတ် တစ်ညအိပ် တည်းခိုမလို့လား”
လင်းဖန်က ပြန်မေးလိုက်သည်။
“တစ်ညအိပ်ရင် ဘယ်လောက်ကျလဲ။”
ဆိုင်အကူသည် လင်းဖန်ကိုကျော်၍ တည်းခိုခန်းသို့ လျှောက်လာနေသော လူချမ်းသာသခင်လေးတစ်စုကို လှမ်းကြည့်ကာ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“ကြေးဒင်္ဂါး ဆယ်ပြား ကျမယ်”
လင်းဖန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အသေအချာ စဉ်းစားကာ သွားကိုကြိတ်လျက် ကြေးဒင်္ဂါးများကို ထုတ်ပေးလိုက်သည်။
သူတို့အနေဖြင့် တောရိုင်းထဲတွင် တစ်ညခန့် စခန်းချ အိပ်စက်နိုင်သော်လည်း လုံလောက်သော အနားယူမှု မရှိပါက ဟိုမင်အပေါ် သက်ရောက်မှုရှိမည်ကို သူ မလိုလားပေ။
အဆုံးသတ်တွင်မူ စွမ်းရည်စမ်းသပ်မှု၏ စံသတ်မှတ်ချက်များမှာ မည်သို့မည်ပုံဆိုသည်ကို မည်သူမျှ မသိကြချေ။
ဆိုင်အကူသည် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးရွှင်သွားကာ ကြေးဒင်္ဂါးများကို လှမ်းယူလိုက်ပြီးနောက် သူတို့နှစ်ဦးကို ဒုတိယထပ်ရှိ အခန်းဆီသို့ လမ်းပြခေါ်ဆောင်သွားလေသည်။
လင်းဖန်နှင့် ဟိုမင်သည် ၎င်းတို့၏ ပစ္စည်းများကို အခန်းထဲသို့ ထည့်သွင်းပြီးနောက် ညစာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
ဧည့်သည်များသည် ၎င်းတို့အချင်းချင်း စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြလေသည်။
“မင်းတို့ ကြားပြီးကြပြီလား။ စွမ်းရည်စမ်းသပ်မှုကို ပြောင်းလဲလိုက်ပြီတဲ့”
ဧည့်သည်တစ်ဦးက စတင်၍ စကားစလိုက်သည်။
“ပြောင်းလဲလိုက်တယ် ဟုတ်လား။ ငါက မနှစ်က စမ်းသပ်မှုရဲ့ လျှို့ဝှက်ချက်စာရွက်ကို အခုလေးတင်ပဲ ဝယ်ထားတာလေ”
အခြားတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
“ထောက်ခံစာပါလာတဲ့ အထူးရွေးချယ်ခံရသူ တချို့လည်း ရှိတယ်လို့ ငါကြားတယ်”
အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်လေသည်။
ထောက်ခံစာအကြောင်းကို ကြားလိုက်ရချိန်တွင် လူတိုင်းက မနာလိုဝန်တိုစိတ်ဖြင့် ဟစ်အော်ညည်းတွားလိုက်ကြလေတော့သည်။