← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) - လုပ်ကြံသတ်ဖြတ်သူများ

စကားဝိုင်းများအတွင်း သတင်းအမှားမျိုးစုံ ပျံ့လွင့်နေပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြချေသည်။

လင်းဖန်ကမူ ထိုအရာများကို သိပ်စိတ်မဝင်စားပေ။ သူသည် အခန်းတစ်ဝိုက်ကို အကဲခတ်လျက် မိမိနှင့် ပြိုင်ဘက်ဖြစ်လာမည့်သူများကိုသာ မှတ်သားနေလေသည်။

သူ၏အကြည့်များက ချမ်းသာသောသခင်လေးတစ်ဦးဆီသို့ ရောက်ရှိသွားချိန်တွင် ရင်းနှီးသောစနစ်သံတစ်ခုက စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၁၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

‘ရန်လိုစိတ်က ဘယ်ကနေ ရုတ်တရက်ကြီး ရောက်လာတာလဲ’

လင်းဖန်သည် ထိုသခင်လေးများဘက်သို့ ချက်ချင်း ပြန်လှည့်ကြည့်ကာ ၎င်းတို့၏မျက်နှာများကို စိတ်ထဲစွဲမြဲအောင် မှတ်သားလိုက်သည်။

သူ အများကြီး စဉ်းစားနေစရာမလိုချေ။

ထိုရန်လိုစိတ်မှာ ထိုသခင်လေးများထဲမှတစ်ဦးဆီမှ လာသည်မှာ သေချာလှပေသည်။ ထန်မိသားစုထံမှ ဖြစ်ပေလိမ့်မည်။

‘ဒီညတော့ အလုပ်လုပ်ရတော့မယ် ထင်တယ်’

လင်းဖန်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

“မင်းတို့အားလုံးက ထောက်ခံစာရှိတဲ့သူကို ရှာနေကြတာဆိုရင် ဒီမှာရှိတယ်။ ငါတို့အားလုံး သခင်လေး ထန်ရွေ့အတွက် ခွက်မြှောက်ပြီး ဂုဏ်ပြုလိုက်ကြရအောင်”

သခင်လေးတစ်ဦးက မတ်တပ်ရပ်ကာ ဝိုင်ခွက်ကို မြှောက်လျက် စတင်အဆိုပြုလိုက်လေသည်။

ထိုသခင်လေးများဝိုင်းနေသော စားပွဲတစ်ခုလုံးရှိ လူတိုင်းက ခွက်များကိုယ်စီမြှောက်ကာ လိုက်ပါဆင်နွှဲကြသည်။

အခြားသောစားသုံးသူများက ထိုစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်ကြပြီး တိုးတိုးတိုးတိုးဖြင့် ထပ်မံ ပြောဆိုလာကြပြန်သည်။

“တောက်... ငါကြားတာတော့ ထောက်ခံစာရှိရင် ဂိုဏ်းထဲဝင်ခွင့်ရဖို့ အခွင့်အလမ်း ပိုများတယ်တဲ့”

စားသောက်သူတစ်ဦးက ရေရွတ်လိုက်သည်။

“တကယ်လား။ အဲဒါသာ အမှန်ဆိုရင် ဒီထန်ရွေ့ကတော့ အနာဂတ်မှာ တကယ့်ကို အောင်မြင်ကျော်ကြားတော့မှာပဲ”

အခြားတစ်ဦးကလည်း စကားထောက်လိုက်လေသည်။

“ဟွန်း... အားကျနေစရာ မလိုပါဘူး။ သူက ချမ်းသာပြီး အာဏာရှိလို့ ရတာလေ။ ငါတို့လို သာမန်လူတွေအတွက်ကျတော့ အိပ်မက်တောင် မမက်နိုင်တဲ့အရာပဲဟာ”

ထိုစဉ် လူတစ်ဦးကမူ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ထိုစားသုံးသူ၏စကားသံက မကျေမနပ်ဖြစ်နေကာ သခင်လေး၏အာရုံကို ချက်ချင်းဆွဲဆောင်မိသွားလေသည်။

ထိုသခင်လေးက သူ၏အစေခံများဘက်သို့ အကြည့်တစ်ချက် ပေးလိုက်လေသည်။

ထိုအခါ အစေခံများက အဆိုပါဆင်းရဲသားကို အပြင်သို့ ဆွဲထုတ်သွားပြီး ဝိုင်းဝန်းရိုက်နှက်ကြတော့သည်။

“ဒါက ဂုဏ်သိက္ခာကြီးမားတဲ့ ချင်ဖုန်းဂိုဏ်းကို စော်ကားပြောဆိုတဲ့အတွက် ပေးတဲ့အပြစ်ဒဏ်ပဲ”

အစေခံအကြီးအကဲဖြစ်သူက အပြင်ဘက်မှ လှမ်းအော်လိုက်သည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် စကားသံများအားလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။

လူတိုင်းက မိမိတို့၏အစားအစာကိုသာ အာရုံစိုက်ကာ ငြိမ်သက်စွာ စားသောက်ကြတော့သည်။

လင်းဖန်က ဤထန်ရွေ့ဆိုသူအား သေချာစွာစိုက်ကြည့်လိုက်သည်။

သူသည်လည်း လင်းဖန်နှင့် အသက်အရွယ်တူသည့် လူငယ်တစ်ဦးဖြစ်ပြီး မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးမွှေးကျဲကျဲနှင့် တောက်ပသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

သူ၏ရုပ်သွင်က သခင်ကြီးထန်နှင့် အနည်းငယ်တူညီနေသဖြင့် လင်းဖန်၏စိတ်ထဲတွင် ဗီဇအရပင် ထိုသူကို မနှစ်မြို့မိချေ။

“မိတ်ဆွေတို့... အားလုံးရဲ့ စိတ်ခံစားချက်ကို မဖျက်ဆီးကြပါနဲ့။ ဒီနေ့ည ညစာအတွက် ငါပဲ ဧည့်ခံပါရစေ”

ထန်ရွေ့က မတ်တပ်ရပ်ကာ စားသောက်ဆိုင်အတွင်းရှိ လူတိုင်းကို အားနာသလို ပြုံးပြလိုက်ပြီး သူ၏အကြည့်များက လင်းဖန်ဆီသို့ ဖြတ်သန်းသွားချိန်တွင် ခေတ္တမျှ ရပ်တန့်သွားသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းက ပြန်လည်စိတ်လှုပ်ရှားသွားကြပြန်သည်။

“သခင်လေးထန်ရွေ့က တကယ့်ကို ရက်ရောတာပဲ”

ဘေးမှလူတစ်ဦးက မြှောက်ပင့်လိုက်သည်။

“စောစောကကောင်က သခင်လေးထန်ရွေ့ကို မနာလိုဖြစ်နေတာ အသိသာကြီး”

အခြားတစ်ဦးကလည်း လိုက်ဖားလေသည်။

“ငါတို့အားလုံး သခင်လေး ထန်ရွေ့ကို ခွက်မြှောက်ပြီး ဂုဏ်ပြုကြရအောင်”

ထိုသို့အော်ဟစ်ကာ လူအများက ဝိုင်းဝန်းထောက်ခံလိုက်ကြသည်။

လူတိုင်းက ထန်ရွေ့ကို ဖားနေကြစဉ် လင်းဖန်ကမူ ဂရုမစိုက်အားပေ။ သူသည် စားပွဲထိုးကိုခေါ်ကာ ဟင်းပွဲများ မှာယူရန်သာ အလုပ်ရှုပ်နေတော့သည်။

ရန်သူ့ဆီမှရသော အခွင့်အရေးကို လုံးဝမဖြုန်းတီးပစ်ရဘူးဟူသော အချက်မှာ သူ၏ တစ်သက်တာဆောင်ပုဒ်ပင် ဖြစ်ချေသည်။

လင်းဖန်က ရေနွေးကြမ်းနှစ်ခွက်ကို အပြည့်ငှဲ့လိုက်ပြီး တစ်ခွက်ကို ဟိုမင်၏ရှေ့၌ ချပေးလိုက်သည်။

“ဟိုမင်... များများစားထား။ မနက်ဖြန် စမ်းသပ်ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရမယ်”

လင်းဖန်က ဟိုမင်၏ရှေ့၌ ချပေးလိုက်ရင်း ပြောလိုက်သည်။

“အင်း... ငါ အားရှိအောင် စားထားပါ့မယ်”

ဟိုမင်က ပြန်ဖြေလိုက်သည်။

၎င်းတို့မှာထားသော ဟင်းပွဲများ စားပွဲပေါ်သို့ ရောက်လာချိန်တွင် ထန်ရွေ့က မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းကာ လင်းဖန်တို့၏စားပွဲဆီသို့ လျှောက်လှမ်းလာသည်။

ထန်ရွေ့က သူ့ကိုယ်သူ မိတ်ဆက်ရန်ဟန်ပြင်လိုက်သော်လည်း လင်းဖန်မှာမူ အစားအသောက်များကိုသာ အာရုံစိုက်ကာ အငမ်းမရစားသောက်နေပြီး ထန်ရွေ့ကို မျက်လုံးတစ်ချက်ပင် ပင့်မကြည့်ချေ။

“ဟိုမင်... ကြက်ပေါင်တစ်ခု ထပ်စားဦး”

လင်းဖန်က ဟိုမင်၏ပန်းကန်ထဲသို့ ကြက်သားတုံး ထည့်ပေးရင်း ပြောလိုက်သည်။

“ကျေးဇူးပဲ”

ဟိုမင်က ပြောလိုက်သည်

၎င်းတို့နှစ်ဦးမှာမူ ထန်ရွေ့အား စကားဝိုင်းအတွင်း ဝင်ရောက်ပြောဆိုခွင့်မပေးဘဲ မိမိတို့အချင်းချင်းသာ ဆက်တိုက် စကားပြောနေကြလေသည်။

ထန်ရွေ့မှာ အနေရခက်သွားကာ ဟန်ဆောင်အပြုံးတစ်ခု ပြုံးပြပြီး သူ၏ထိုင်ခုံဆီသို့ ပြန်လျှောက်သွားတော့သည်။

ပြန်သွားသည့်လမ်းတွင် သူက စတင်စဉ်းစားနေမိသည်။

‘အဲဒီလင်းဖန်က တစ်ခုခုကို ရိပ်မိသွားတာများလား’

‘မဖြစ်နိုင်တာ။ ငါ သူ့ကို သတ်ချင်နေတာကို သူ ဘယ်လိုမှ သိစရာအကြောင်းမရှိဘူး’

ယခုမူ လင်းဖန်နှင့် ရင်းနှီးကျွမ်းဝင်ဟန်ဆောင်မည့် သူ၏အကြံအစည်မှာ ပျက်စီးသွားခဲ့ရချေပြီ။

‘ထားလိုက်တော့။ သူတို့ ငါ့ကို သံသယဝင်ရင်လည်း ဘာဖြစ်လဲ။ သေသွားတဲ့ သာမန်လူတစ်ယောက်အတွက် ဘယ်သူကမှ ပြဿနာအကြီးအကျယ်ရှာမှာ မဟုတ်ဘူး’

သူ့နေရာသို့ ပြန်ရောက်လာသောအခါ သူ၏မိတ်ဆွေများမှာ မြင်တွေ့လိုက်ရသည့် အခြေအနေကြောင့် ဒေါသထွက်နေကြလေသည်။

“အဲဒီတောသားက မင်းကို ပစ်ထားရဲတယ်ပေါ့။ ငါ သူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်မယ်”

ထန်ရွေ့က သူ၏မိတ်ဆွေကို ဆွဲတားလိုက်ပြီးနောက် ကောက်ကျစ်သောအပြုံးတစ်ခုနှင့်အတူ နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

သူ၏မိတ်ဆွေက ခေါင်းညိတ်လိုက်ပြီး မျက်နှာထက်တွင် ယုတ်မာသောအပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လွင်လာလေသည်။

ထန်ရွေ့ပြောပြီးသွားသောအခါ နှစ်ဦးသားမှာ အော်ဟစ်ရယ်မောလိုက်ကြလေသည်။

သူတို့မသိသည်မှာ လင်းဖန်သည် တောယုန်၏အကြားအာရုံကို အသက်သွင်းထားပြီးဖြစ်ရာ ဖြစ်ပျက်သမျှကို အကုန်အစင် ကြားသိနေခဲ့ခြင်းပင်။

လင်းဖန်သည် သူတို့၏အစီအစဉ်ကို ကြားရသောအခါ ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။

သူသည် ကြက်ပေါင်သားနောက်ဆုံးတစ်လုပ်ကို ကိုက်ဝါးလိုက်ရင်း ဟိုမင်ကို ထွက်ခွာရန် အချက်ပြလိုက်သည်။

ထို့ပြင် ကောင်တာမှ စက္ကူနှင့်စုတ်တံကို တောင်းယူကာ စာအချို့ ရေးသားပြီးနောက် အခန်းသို့ ပြန်လာခဲ့လေသည်။

ညဉ့်ဦးယံမှာ စတင်ရုံသာ ရှိသေးသည်။

…

ညဉ့်နက်သန်းခေါင်ယံအချိန်…

ဧည့်သည်အားလုံးမှာလည်း ချီစုစည်းမှုဆေးလုံးများကို သောက်သုံးကာ နေ့စဉ်ပြုလုပ်မြဲဖြစ်သော တရားထိုင်ခြင်းများကို ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် စောစီးစွာပင် အိပ်ရာဝင်ခဲ့ကြလေသည်။

လူတိုင်းမှာ မိမိတို့ကိုယ်ကို အကောင်းဆုံးအခြေအနေတွင် ရှိနေစေရန် ပြင်ဆင်ထားချင်ကြသည် မဟုတ်ပါလော။

လင်းဖန်နှင့် ဟိုမင်တို့သည်လည်း ထိုနည်းတူပင် ပြုလုပ်ခဲ့ကြသည်။

သူတို့၏ကုတင်များမှာ မျက်နှာချင်းဆိုင်တွင် ရှိနေပြီး အပြန်အလှန်နှုတ်ဆက်ကာ အိပ်စက်လိုက်ကြတော့သည်။

မကြာမီပင် သူတို့၏အခန်းအတွင်းမှ ကျယ်လောင်သော ဟောက်သံများ ထွက်ပေါ်လာချေတော့သည်။

ကျွီ…

လူသူကင်းမဲ့နေသော စင်္ကြံလမ်းပြင်ပရှိ သစ်သားကြမ်းပြင်ထံမှ ကျွီကနဲအသံများ ထွက်ပေါ်လာသည်။

မျက်နှာဖုံးအမည်းများစွပ်ကာ အဝတ်နက်ဝတ်ဆင်ထားသော လူအုပ်မှာ လက်ထဲ၌ ဓားများကို ကိုင်ဆောင်လျက် လင်းဖန်၏အခန်းဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာကြလေသည်။

တံခါးနှင့်အနီးဆုံးရှိ လူမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။

ခွမ်း…

တံခါးနောက်ကွယ်တွင် တင်ထားသော ပန်းအိုးမှာ တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် မြေသို့ ကျကွဲသွားပြီး ကျယ်လောင်သောအသံ ထွက်ပေါ်သွားလေသည်။

“မင်း...”

မျက်နှာဖုံးစွပ်လူများထဲမှ တစ်ဦးမှာ ထိုပေါ့ဆမှုကြောင့် ဒေါသထွက်သွားသည်။

“ဘာလဲ။ မင်းတို့က ဘယ်သူတွေလဲ...”

လင်းဖန်က အိပ်ရာမှ လူးလဲထလိုက်ရင်း ထိုလူများကို ကြောက်ရွံ့တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

ဤသည်က ထိုလူများကို ပိုမိုရဲတင်းသွားစေခဲ့သည်။

“ဝင်ပြီး သူ့ကို သတ်စမ်း”

ခေါင်းဆောင်ဖြစ်သူက အမိန့်ပေးလိုက်လေသည်။

သူတို့သည် အခန်းတွင်းသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး လက်များကိုမြှောက်ကာ လင်းဖန်ရှိရာဆီသို့ ဝိုင်းဝန်းခုတ်ပိုင်းလိုက်ကြလေသည်။

ဗုန်း…

သူတို့၏ဓားများမှာ စောင်နှင့် သစ်သားကုတင်ဘုတ်ပြားကိုသာ ထိမှန်သွားပြီး တိုးဖျော့သောအသံတစ်ခု ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းဖန်မှာ ကုတင်ပေါ်မှ လွှားကနဲ ခုန်ဆင်းလိုက်ပြီး ဘေးကင်းရာသို့ ရှောင်တိမ်းသွားခဲ့ပြီဖြစ်သည်။

ထိုလူများ သူ့ဘက်သို့ ပြန်လှည့်မလာနိုင်ခင်မှာပင် လင်းဖန်က သူတို့ကို နောက်ကွယ်မှနေ၍ တွန်းထုတ်လိုက်ရာ ကုတင်ပေါ်သို့ ဟန်ချက်ပျက်ကာ ပြုတ်ကျသွားကြလေသည်။

“သူ့သူငယ်ချင်းကို အရင်သတ်စမ်း”

အနောက်တွင် ရပ်နေသောလူက အော်ဟစ်အမိန့်ပေးလိုက်သည်။

ကျန်ရှိသောလူများမှာလည်း အမိန့်အတိုင်း ဟိုမင်၏ကုတင်ဆီသို့ ဝိုင်းအုံသွားကြလေသည်။

ဖုန်း…

သို့သော် ဟိုမင်မှာ ကုတင်ပေါ်တွင် ရှိမနေခဲ့ချေ။

“သူ ငါတို့ကို လှည့်စားနေတာပဲ။ သူ့ကို ဖမ်းစမ်း”

ထိုလူများအားလုံးမှာ ဒေါသတကြီးဖြင့် လင်းဖန်ဆီသို့ ပြိုင်တူပြေးဝင်လာကြတော့သည်။

လင်းဖန်က ကြောက်လန့်တကြားဖြစ်ဟန်ဆောင်လိုက်ရင်း ဖွင့်လှစ်ထားသော ပြတင်းပေါက်ဆီသို့လှည့်ကာ အပြင်ဘက်သို့ လွှားကနဲ ခုန်ချလိုက်လေသည်။

All Chapters