← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) - အစ်ကိုလင်

လင်းဖန် ‘ထွက်ပြေး’ သွားသည်ကို မြင်သောအခါ ဝတ်စုံနက်ဝတ်ဆင်ထားသူများက နောက်မှ အပြေးအလွှားလိုက်လံဖမ်းဆီးကြလေသည်။

ပြတင်းပေါက်နှင့် အနီးဆုံးရှိနေသူများမှာမူ အများကြီး စဉ်းစားမနေတော့ဘဲ လင်းဖန်ကဲ့သို့ပင် ပြတင်းပေါက်မှ အောက်သို့ခုန်ချလိုက်ကြသည်။

ဘုန်း…

“အား...”

အချို့မှာ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် ခြေမျက်ရိုးခေါက်သွားသဖြင့် နာကျင်စွာညည်းတွားလိုက်ကြသည်။

လင်းဖန်က မီတာတစ်ဆယ်ခန့်အကွာတွင် ရပ်နေပြီး သူတို့ကိုကြည့်ကာ ခေါင်းခါပြလိုက်သည်။

ထိုအပြုအမူက သူတို့ကို အလွန်အမင်းဒေါသထွက်သွားစေသည်။

‘ဒီလို သာမန်လူတစ်ယောက်က ငါတို့ကို ခေါင်းခါပြရဲတယ်ပေါ့လေ’

သူတို့သည် ပြုတ်ကျစဉ်က မြေပြင်ပေါ်သို့ လွတ်ကျသွားခဲ့သောဓားများကို ကောက်ကိုင်ကာ လင်းဖန်ထံသို့ ပြေးဝင်လာကြသည်။

လင်းဖန်၏ အခန်းထဲတွင် ကျန်ရှိနေသော အခြားလူများမှာမူ ပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်ရာ အောက်သို့ခုန်ချသူများ နာကျင်စွာလဲလျောင်းနေသည်ကို မြင်လိုက်ရသဖြင့် တံခါးမှတစ်ဆင့် ပထမထပ်သို့ ပြေးဆင်းကာ လိုက်လံဖမ်းဆီးရန် ဆုံးဖြတ်လိုက်ကြသည်။

“ရပ်စမ်း။ မင်းမရပ်ရင် ငါ မင်းကို ဖမ်းမိတဲ့အခါကျရင် နောင်တရစေရမယ်”

ခေါင်းဆောင်ဖြစ်သူက နောက်မှ အပြေးအလွှားလိုက်လံဖမ်းဆီးရင်း အော်ဟစ်လိုက်လေသည်။

လင်းဖန်က သူ၏ခြေလှမ်းများကို အလွန်လည်းမမြန်၊ အလွန်လည်းမနှေးစေရန် ထိန်းညှိထားလေသည်။

သူသည် ထိုသူတို့ကို နေရာတစ်ခုဆီသို့ ဦးတည်ခေါ်ဆောင်သွားလိုခြင်းပင်။

မျက်ခင်းပြင်များကို ဖြတ်သန်းကာ တောအုပ်ငယ်တစ်ခုအတွင်းသို့ ဝင်ရောက်လာပြီးနောက် လင်းဖန်သည် နောက်ဆုံးတွင် ချောက်ကမ်းပါးတစ်ခု၏ဘေး၌ ရပ်တန့်လိုက်လေသည်။

ထိုချောက်ကမ်းပါးသည် အခြားတစ်ဖက်ကမ်းသို့ အနည်းဆုံးမီတာငါးဆယ်ခန့် ကျယ်ဝန်းပြီး အောက်သို့မီတာတစ်ရာခန့် နက်လှပေသည်။

လင်းဖန်နောက်သို့ လိုက်လံဖမ်းဆီးလာသော ဝတ်စုံနက်ဝတ်သူများ ရောက်ရှိလာသောအခါ သူထွက်ပြေးစရာ လမ်းမရှိတော့သည်ကို မြင်ပြီး လှောင်ပြုံးပြုံးလိုက်ကြသည်။

ခေါင်းဆောင်ဖြစ်သူက ပြင်းထန်စွာအသက်ရှူရင်း သူ၏လက်အောက်ငယ်သားတစ်ဦးကို ရှေ့သို့ ကန်ထုတ်ကာ အော်ဟစ်လိုက်သည်။

“ဘာစောင့်နေတာလဲ။ သတ်လိုက်စမ်း”

ထိုစကားနှင့်အတူ သူတို့သည် လင်းဖန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။

လင်းဖန်က သူ၏ကျောပြင်မှ သံတူတစ်စုံကို ဆွဲထုတ်လိုက်သည်။

နောက်ဆုံးတွင် သူ၏ကြိုးစားအားထုတ်မှုများက အရာထင်၊ မထင် စမ်းသပ်ရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်ပေသည်။

လင်းဖန်နှင့် အနီးဆုံးရှိနေသောလူက လက်ထဲမှဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ခလွမ်း…

လင်းဖန်က ညာလက်ကို မြှောက်လိုက်ရာ သံတူက ဓားချက်ကို ကာကွယ်လိုက်နိုင်လေသည်။

တုံ့ဆိုင်းမှုမရှိဘဲ သူ၏ဘယ်လက်က ထိုလူ၏ခြေထောက်ဆီသို့ ဝှေ့ယမ်းလိုက်သည်။

ထိုလူက အောက်သို့ငုံ့ကြည့်ကာ ရှောင်တိမ်းရန် ခြေထောက်ကို မြှောက်လိုက်သည်။

သူခေါင်းပြန်မော့ကြည့်လိုက်ချိန်တွင် ဝါကျင်ကျင်အလင်းတန်းတစ်ခုက သူ့ထံသို့ ဦးတည်လာနေပြီ ဖြစ်သည်။

ဘုန်း…

ထိုလူ၏ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားပြီး အသားစများ၊ တစ်ရှူးများနှင့် ဦးနှောက်အစအနများက နေရာအနှံ့သို့ လွင့်စင်သွားလေသည်။

၎င်းမှာ လင်းဖန်က သံတူဖြင့် ဖရဲသီးတစ်လုံးကို ရိုက်ခွဲလိုက်သကဲ့သို့ပင်။

အခြားလူများမှာ လင်းဖန်၏ကြမ်းတမ်းလှသော ခွန်အားကြောင့် တုန်လှုပ်ခြောက်ခြားကာ ကြောင်ကြောင်အမ်းအမ်း ရပ်နေကြတော့သည်။

ဆံပင်အချို့မှာ သံတူပေါ်တွင် ကပ်ညှိနေပြီး စေးကပ်ပျစ်ချွဲနေသော သွေးများက လင်းဖန်၏သံတူပေါ်မှ မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ စီးကျနေသည်။

မှိန်ဖျော့လှသော လရောင်နှင့် ပတ်ဝန်းကျင်ရှိ အမှောင်ထုအောက်တွင် လင်းဖန်သည် သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။

သူတို့သည် မသိစိတ်ဖြင့်ပင် နောက်ဆုတ်လိုက်ကြသည်။

သို့သော် သူတို့အတွက် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်ပေသည်။

သူ၏စွမ်းဆောင်ရည်ကို မျက်ဝါးထင်ထင် မြင်တွေ့သွားပြီးနောက် လင်းဖန်သည် ၎င်းတို့ကို လွတ်မြောက်သွားခွင့်ပေးမည် မဟုတ်ပေ။

ယခုအခါတွင် သားကောင်မှာ အမဲလိုက်သမား ဖြစ်လာခဲ့ပြီး အမဲလိုက်ပွဲ စတင်ခဲ့လေပြီ။

ဖုန်း…

လင်းဖန်က လူတစ်ဦး၏ခါးဆီသို့ ဝှေ့ယမ်းလိုက်ရာ သံတူသည် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။

ထိုလူ၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားခဲ့တော့သည်။

“သေစမ်း”

ဓားတစ်စင်းသည် လင်းဖန်၏လည်ပင်းဆီသို့ ဝှစ်ခနဲ ဝင်ရောက်လာလေသည်။

လင်းဖန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ၏အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။

သူသည် သံတူကို တင်းတင်းဆုပ်ကိုင်ကာ အပေါ်သို့ ပင့်တင်လွှဲရိုက်လိုက်သည်။

သွေးဖြာထွက်သံတစ်ချက် ထပ်မံထွက်ပေါ်လာသည်။

လင်းဖန်မှာ ရပ်တန့်မနေဘဲ သူ၏ခြေမြန်စွမ်းရည်ကို လျင်မြန်စွာ အသုံးပြုကာ ညာဘက်ခြမ်းရှိ လူသုံးဦးထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

သူသည် ညာလက်ကို မြှောက်ကာ ညာဘက်အစွန်ဆုံးမှလူ၏ ပခုံးဆီသို့ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။

ထိုလူသည် သူ၏ဓားဖြင့် ခုခံရန် ကြိုးစားသော်လည်း သံတူသည် ဓားကို အလွယ်တကူပင် ရိုက်ချိုးကာ ကွေးညွတ်သွားစေခဲ့ပြီး အရှိန်မှာ လျော့ပါးမသွားဘဲ ပခုံးကို ဖြတ်ကျော်လျက် ရင်ဘတ်ထဲသို့ အားပြင်းစွာ စိုက်ဝင်သွားတော့သည်။

လင်းဖန်၏ဘယ်ဘက်ရှိ ကျန်လူနှစ်ဦးသည် သူတို့အလှည့်သို့ရောက်မည်ကို မစောင့်နေတော့ပေ။ ၎င်းတို့သည် လင်းဖန်ဆီသို့ ပြိုင်တူ ခုတ်ပိုင်းလာကြလေသည်။

တစ်ဦးက အပေါ်မှနေ၍ ဦးခေါင်းကို ခုတ်ပိုင်းလာပြီး အခြားတစ်ဦးက ဘေးဘက်မှနေ၍ ခါးအထက်ကို ပိုင်းဖြတ်ရန် ကြိုးစားလာသည်။

ဘုန်း…

လင်းဖန်က သံတူဖြင့် အပေါ်မှ ခုတ်ပိုင်းလာသူ၏ ဦးခေါင်းတည့်တည့်သို့ ပစ်ပေါက်လိုက်ရာ ဦးခေါင်းဆီသို့ ဦးတည်လာသော ဓားချက်မှာ ရုတ်ချည်း ရပ်တန့်သွားလေသည်။

ခါးဆီသို့ ဦးတည်လာသော ဓားချက်မှာ နီးကပ်လာသောအခါ သူသည် သံမဏိလက်သည်းစွမ်းရည်ကို အသုံးပြုကာ ထိုဓားကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်လိုက်ပြီး သူ၏လက်သည်းအား ထိုလူ၏ရင်ဘတ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။

အမိန့်ပေးနေသော ခေါင်းဆောင်ဖြစ်သူမှာမူ တစ်ကိုယ်လုံး ထိန်းမရသိမ်းမရဖြင့် တုန်လှုပ်လာလေသည်။

‘ဒါ... ဒါ မဖြစ်နိုင်ဘူး’

‘ငါ့ရဲ့အစေခံတွေက အတော်ဆုံးတွေထဲက သေသေချာချာ ရွေးချယ်ထားတာလေ’

‘ငါက မနက်ဖြန်ကျရင် ချင်ဖုန်းဂိုဏ်းကို ဝင်ပြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာရမယ့်သူ။ ငါ့မိသားစုရဲ့ ဂုဏ်သရေနဲ့ အာဏာကို ဆက်ခံရမယ့်သူပဲ’

‘ဒီလိုနေရာမျိုးမှာ ဘယ်သူမှ မသိဘဲ သေသွားလို့ မဖြစ်ဘူး’

‘တောက်... အဲဒီထန်ရွေ့’

‘သူက ငါ့ကို အသုံးချရဲတယ်ပေါ့လေ’

ခေါင်းဆောင်ဖြစ်သူမှာ အတွေးနက်နေစဉ်အတွင်း လင်းဖန်သည် ကျန်ရှိနေသော အစောင့်များကို အားစိုက်ထုတ်ရန်ပင်မလိုဘဲ အလွယ်တကူ ရှင်းလင်းလိုက်တော့သည်။

ခွန်အားနှင့် ရက်စက်ကြမ်းကြုတ်မှုအပိုင်းတွင်မူ ၎င်းတို့သည် လင်းဖန်ကို လုံးဝမယှဉ်နိုင်ချေ။

အာ...

လပြည့်ဝန်းကြီးကို နောက်ခံပြုလျက် ကျီးကန်းတစ်ကောင်သည် အော်မြည်ကာ ပျံသန်းသွားလေသည်။ ယခုအခါ လင်းဖန်နှင့် ထိုခေါင်းဆောင်ဖြစ်သူ နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

လင်းဖန်က သူ၏လက်ကို ဘေးသို့ လွှဲခါလိုက်ရာ သံတူပေါ်တွင် ကပ်ညှိနေသော သွေးများ၊ ဆံပင်များနှင့် အသားစများမှာ မြေပြင်ပေါ်သို့ လွင့်ထွက်သွားလေသည်။

ထို့နောက် သူသည် ခေါင်းဆောင်ဖြစ်သူဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။

“ငါ့ကို လွှတ်ပေးစမ်း။ ငါ့အစေခံတွေကို သတ်တဲ့ကိစ္စအတွက် မင်းကို ငါ ခွင့်လွှတ်ပေးနိုင်ရုံတင်မကဘူး၊ မင်းအတွက် စကားကောင်းတွေလည်း ပြောပေးမယ်။ ငါတို့ လင်မိသားစုက မင်းကို ချင်ဖုန်းဂိုဏ်းထဲ ဝင်နိုင်အောင် ကူညီပေးလိမ့်မယ်”

“ဟွန့်…”

လင်းဖန်က နှာခေါင်းရှုံ့လျက် ခေါင်းခါယမ်းလိုက်သည်။ အသက်ဘေးမှ လွတ်မြောက်ရန် တောင်းပန်နေချိန်တွင်ပင် ဤကဲ့သို့သော သခင်လေးများသည် မောက်မာလှသော အမူအရာကို ဖျောက်ဖျက်နိုင်ခြင်း မရှိကြသေးချေ။

ခေါင်းဆောင်ဖြစ်သူသည် လင်းဖန်၏တုံ့ပြန်မှုကို မြင်သောအခါ ပို၍ ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်များကို အလောတကြီး ပြောဆိုတော့သည်။

“ငါ မင်းကို ငွေတစ်ရာတေးလ်နဲ့ ကျွန်တွေ အများကြီး ပေးဦးမယ်... တကယ် ပြောတာ...”

သို့သော် သူသည် တုန်လှုပ်ချောက်ချားစွာဖြင့် လင်းဖန်၏မျက်လုံးများကို စိုက်ကြည့်မိပြီးနောက် မည်သည့်စကားမှ ထပ်မံ၍ မဟရဲတော့ချေ။

လင်းဖန်သည် တည်ငြိမ်စွာ မတ်တပ်ရပ်နေလျက် ထိုလူ့ထံ စက္ကူတစ်ရွက်နှင့် စုတ်တံတစ်ချောင်း ကမ်းပေးလိုက်သည်။

ထိုလူသည် စက္ကူပေါ်တွင် အလျင်အမြန် ရေးသားလိုက်ပြီးနောက် ပြီးဆုံးသွားသောအခါ သူ၏တံဆိပ်တုံးကို ထုတ်ယူကာ စက္ကူပေါ်သို့ ဖိနှိပ်လိုက်တော့သည်။

အရာအားလုံး ပြီးစီးသွားချိန်တွင် လင်းဖန်သည် ထိုစက္ကူကို သိမ်းဆည်းလိုက်ပြီး သံတူဖြင့် ဝှေ့ယမ်းလိုက်ရာ ထိုလူ၏ဦးခေါင်းမှာ ရုတ်ချည်းပင် ပေါက်ကွဲထွက်သွားလေသည်။

အကယ်၍ အုပ်စုခေါင်းဆောင်စွမ်းရည်သာ မရှိခဲ့ပါက လင်းဖန်သည် ယနေ့ညတွင် ဤမျှအထိ စွန့်စားလိမ့်မည် မဟုတ်ပေ။

လင်းဖန်က စက္ကူကို သေသေချာချာ သိမ်းဆည်းလိုက်စဉ် သူ၏စိတ်ထဲ၌ ရင်းနှီးနေသော စနစ်သံတစ်ခု ထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသူအား သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၅၀]

[လက်ရှိ ကလဲ့စားချေအမှတ် : ၂၅၀]

လင်းဖန်အနေဖြင့် သူ၏ရုပ်ခန္ဓာအဆင့်အားမြှင့်တင်ရန် ခရီးဝေးကြီး လျှောက်လှမ်းရဦးမည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ့၌ အခြားလုပ်စရာ ကိစ္စများ ရှိနေသေးချေပြီ။

ဥပမာအားဖြင့် ကျန်ရှိနေသော ပစ္စည်းများကို တစ်ကျော့ပြန် ပြန်လည်အသုံးချရန်ပင် ဖြစ်ပေတော့သည်။

All Chapters