အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) - လင်ကျားတုန့်
လင်းဖန်သည် အလောင်းအားလုံးထံမှ ရှာဖွေလိုက်ရာ တန်ဖိုးရှိမည့် ပစ္စည်းတော်တော်များများကို တွေ့ရှိရလေသည်။
အထူးသဖြင့် ထိုသခင်လေး၏ကိုယ်ပေါ်မှ ဖြစ်ပေသည်။
စုစုပေါင်း ငွေသုံးတေးလ် ကြေးဒင်္ဂါးငါးဆယ်နှင့် ချီစုစည်းမှုဆေးလုံးအချို့ကို ရရှိခဲ့သည်။
၎င်းတို့ကို သိမ်းဆည်းပြီးနောက် လင်းဖန်သည် အလုပ်စတင်တော့သည်။
သံတူရိုက်ချက်များကြောင့် ၎င်းတို့၏မျက်နှာများမှာ ကြေမွပျက်စီးနေပြီး အချို့မှာမူ မျက်နှာတစ်ခုလုံး ပျက်စီးနေပြီဖြစ်ရာ လင်းဖန်သည် အလောင်းများကို ချောက်ထဲသို့သာ ပစ်ချလိုက်လေသည်။
“အာ”
လင်းဖန် ထွက်ခွာလာချိန်တွင် ကျီးကန်းများက ၎င်းတို့၏ အဖော်များအား အော်ဟစ်ခေါ်ယူနေသံကို ကြားလိုက်ရသည်။
၎င်းတို့သည် ချောက်နက်ထဲတွင် လဲလျောင်းနေသော အလောင်းများကို စားသောက်ရန် ပြင်ဆင်နေကြလေသည်။
…
လင်းဖန်သည် သူ၏စွမ်းရည်များကို အသုံးပြုကာ တည်းခိုခန်းဆီသို့ အမြန်ဆုံး ပြန်လာခဲ့သည်။
သူပထမဆုံး လုပ်လိုက်သည့်အရာမှာ သခင်လေးလင်၏ မြင်းရထားကို ကြိုးဖြည်ကာ လွှတ်ပေးလိုက်ခြင်းပင်။
ထို့နောက် ဟိုမင်စောင့်ဆိုင်းနေသည့် နေရာသို့ သူတက်သွားလိုက်သည်။
ထန်ရွေ့သာ တစ်စုံတစ်ရာ လှုပ်ရှားလာပါက မျက်ခြေမပြတ် စောင့်ကြည့်ရန် ဟိုမင်ကို ညွှန်ကြားထားခဲ့ခြင်းပင်။
“လင်းဖန်... မင်း ပြန်လာနိုင်တာ ဝမ်းသာလိုက်တာ”
ဟိုမင်သည် လက်ဖဝါးများ၌ ချွေးများစိုရွှဲလျက် ဓားကို တင်းတင်းဆုပ်ကိုင်ကာ ထန်ရွေ့၏ အခန်းအပြင်ဘက်၌ စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
လင်းဖန်က ဟိုမင်၏ကျောကို ပုတ်ပေးလိုက်သည်။
“ကောင်းတယ်... ငါ့ကို ကူညီပြီးတော့ ဒီစာရွက်ကို ထန်ရွေ့ရဲ့ အခန်းတံခါးအောက်ကနေ သွင်းပေးစမ်းပါ”
အချိန်က ကပ်သီးကပ်သတ် ဖြစ်နေသဖြင့် သူလုပ်စရာရှိသည်များကို ဆက်လုပ်ရပေဦးမည်။
သူသည် အခန်းသို့ ပြန်လာပြီး အဝတ်အစားသစ်များ လဲလှယ်လိုက်ကာ သူ၏သံတူကို သန့်ရှင်းအောင် သုတ်လိုက်လေသည်။
အားလုံးပြီးစီးသွားသောအခါ ရေတွင်းသို့ဆင်းသွားပြီး ကိုယ်လက်သန့်စင်လိုက်သည်။
သူအခန်းသို့ ပြန်ရောက်ချိန်တွင် ဟိုမင်သည် ထန်ရွေ့၏အခန်းထဲသို့ စာရွက်ကို သွင်းပြီးသွားပြီ ဖြစ်ပေသည်။
လင်းဖန် အခန်းထဲသို့ ဝင်လာစဉ် ဟိုမင်က အနားကပ်လာ၍ တီးတိုးမေးလိုက်သည်။
“လင်းဖန်... အဲဒီလူတွေ...”
“မစိုးရိမ်နဲ့... အားလုံး ရှင်းလင်းပြီးသွားပြီ။ ဒါက ငါမသေရင် သူသေရမယ့်ကိစ္စပဲ။ မင်းလည်း ဒီလိုမျိုးတွေကို ကျင့်သားရအောင် လုပ်ထားသင့်တယ်။ ဒါတွေက ဒီလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူး”
ဟိုမင်က ခေါင်းညိတ်လိုက်သည်။ သူ၏ စိတ်ထဲမှလည်း ရေရွတ်လိုက်မိသည်။
‘ငါ အခုအချိန်မှာ အမှားမလုပ်မိဖို့ လိုတယ်’
သူ့ဖခင်ပြောခဲ့သကဲ့သို့ပင် ယခုအချိန်တွင် သူလုပ်သမျှပြဿနာများကို လိုက်လံရှင်းလင်းပေးမည့်သူ မရှိတော့ချေ။
“အိပ်ဖို့ ကြိုးစားတော့။ မနက်ဖြန်ကျရင် လုပ်စရာတွေ အများကြီးရှိသေးတယ်”
လင်းဖန်က ပြောလိုက်ပြီးနောက် အိပ်စက်ရန် ပြင်လိုက်တော့သည်။
…
နောက်တစ်နေ့မနက်ခင်းတွင်…
ဆောင်းရာသီနေရောင်ခြည်၏ နွေးထွေးမှုအနည်းငယ်က မြေပြင်ထက်သို့ ဖြာကျလာသောအခါ တည်းခိုခန်းလေးသည် ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များမရှိခဲ့သည့်အလား ပုံမှန်အတိုင်း တစ်နေ့တာကို စတင်လေတော့သည်။
တည်းခိုခန်းတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်နေသည်။
တည်းခိုခန်းပိုင်ရှင်က စားပွဲထိုးများကို စားပွဲများ သန့်ရှင်းရေးလုပ်ရန် အော်ဟစ်ညွှန်ကြားနေပြီး မီးဖိုချောင်အတွင်းမှ စားဖိုမှူးများက အသားနှင့် ဟင်းသီးဟင်းရွက်များကို တစ်ချက်ချင်း ခုတ်ထစ်နေကြသည်။
ထိုထပ်တလဲလဲ ထွက်ပေါ်နေသော အသံများက တစ်နေ့တာ၏အစကို ဖော်ညွှန်းနေပေသည်။
သမ်းဝေလိုက်သံတစ်ခု ထွက်ပေါ်လာသည်။
ထန်ရွေ့သည် အိပ်ရေးဝဝဖြင့် နိုးထလာလေသည်။
သူသည် ပြုံးလိုက်မိသည်။
ထိုသာမန်အရပ်သားသည် ယခုအချိန်တွင် တစ်နေရာရာ၌ မြေမြှုပ်ခံထားရလောက်ပြီ ဖြစ်သည်။
သို့မဟုတ် အပိုင်းပိုင်းပြတ်လျက် နေရာအနှံ့၌ ပျံ့ကျဲနေလောက်ပြီ ဖြစ်သည်။
ဤသည်မှာ သူ၏ ညီအစ်ကိုဖြစ်သူ လင်ကျားတုန့်ကြောင့်ပင်။
ညီအစ်ကိုလင်အကြောင်းကို စဉ်းစားမိသောအခါ သူသည် အကျယ်ကြီး ရယ်မောလိုက်မိတော့သည်။
အလိုလိုက်ခံထားရသည့် အသုံးမကျသော ကောင်လေးပင်။
အနည်းငယ် ကုန်းချောပေးလိုက်ရုံဖြင့် သူ့ကိုယ်စား သွားရောက် ရှင်းလင်းပေးခဲ့ပေသည်။
သူသည် မတ်တပ်ရပ်ကာ အဝတ်အစားလဲလှယ်လိုက်ပြီးနောက် မျက်နှာသစ်ရန်အတွက် အစေခံများက ရေယူလာပေးမည့်အချိန်ကို စားပွဲ၌ထိုင်ကာ စောင့်ဆိုင်းနေလိုက်လေသည်။
“ကျွီ...”
သူ့အခန်းတံခါး ပွင့်သွားလေသည်။
သူ လှည့်ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်၌ စက္ကူစတစ်ရွက် ကျနေသည်ကို သတိပြုမိလိုက်သည်။
“အဲဒါ ဘာလဲ”
သူက ထိုစက္ကူစကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
အစေခံက ခါးကိုင်းကာ ကောက်ယူလိုက်ပြီး သူ့ထံသို့ လှမ်းပေးလိုက်သည်။
သူသည် စက္ကူစကို လှမ်းယူကာ ရေးသားထားသော စာများကို ဖတ်ကြည့်လိုက်သည်။
အစပိုင်းတွင် သူ၏ကျဲပါးသော မျက်ခုံးအစုံမှာ တွန့်ချိုးသွားပြီး စိတ်ရှုပ်ထွေးသွားဟန် ရှိသော်လည်း ဆက်ဖတ်ကြည့်လေလေ မျက်မှောင်ကြုတ်မှုက ပြင်းထန်သော စိုက်ကြည့်မှုအဖြစ်သို့ ပြောင်းလဲသွားကာ မျက်နှာတစ်ခုလုံး ဒေါသရိပ်များ ဖုံးလွှမ်းသွားတော့သည်။
ဒုန်း…
ထန်ရွေ့က စားပွဲကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ဒီသတ္တိကြောင်တဲ့ကောင်”
သခင်လေးလင်က သူကိုယ်တိုင် လင်းဖန်ကိုသတ်ရန် သတ္တိမရှိတော့ကြောင်း စက္ကူပေါ်တွင် ရေးသားထားခဲ့ခြင်း ဖြစ်သည်။
သူသည် သူ၏အစေခံများနှင့်အတူ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ပြီး ယခုအကြိမ် ချင်ဖုန်းဂိုဏ်းသို့ ဝင်ခွင့်ဖြေဆိုခြင်းကို လက်လွှတ်ရန် ရွေးချယ်လိုက်လေသည်။
ထန်ရွေ့က သေချာစွာ ထပ်မံစစ်ဆေးကြည့်ရာ တံဆိပ်အစစ်ပြီး အစ်ကိုလင်၏ တံဆိပ်အစစ်အမှန် ဖြစ်နေပေသည်။
“အစ်ကိုလင်နဲ့ သူ့အစေခံတွေ ရှိနေသေးလားဆိုတာ သွားကြည့်စမ်း”
ထန်ရွေ့က အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
ထန်ရွေ့၏အစေခံက ဦးညွှတ်ကာ အပြင်သို့ ထွက်သွားလေသည်။
မကြာမီအချိန်အတွင်း ထိုအစေခံမှာ ပြန်လည်ရောက်ရှိလာပြီး အစ်ကိုလင်နှင့် ၎င်း၏အစေခံများ မရှိတော့ကြောင်း အတည်ပြုပေးလိုက်သည်။ ၎င်းတို့၏မြင်းရထားပင် ပျောက်ကွယ်နေပြီ ဖြစ်သည်။
သူတို့သည် သန်းခေါင်ယံအချိန်၌ပင် တည်းခိုခန်းမှ ထွက်ခွာသွားခဲ့ကြသည်မှာ သေချာသလောက် ရှိပေသည်။
ထန်ရွေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီး အစေခံကို စက္ကူနှင့် စုတ်တံ ယူလာခိုင်းလိုက်သည်။
သူသည် လင်မိသားစုထံသို့ အစ်ကိုလင် ပြန်လည်ရောက်ရှိလာခြင်း ရှိမရှိ မေးမြန်းသည့် စာတစ်စောင် ရေးသားလိုက်သည်။
“ဒီစာရယ်၊ ဒီစက္ကူစရယ်ကို လင်မိသားစုဆီ အမြန်ဆုံး သွားပို့စမ်း။ မြန်မြန်လုပ်”
ထန်ရွေ့က သူရေးသားထားသော စာနှင့် လက်ထဲမှ စက္ကူစကို အစေခံထံသို့ ကမ်းပေးလိုက်သည်။
ထန်ရွေ့အနေဖြင့် သေချာအောင် စုံစမ်းရမည် ဖြစ်သည်။
ဟုန်ဖုန်းမြို့မှ လင်မိသားစုမှာ ထန်မိသားစုလောက် အင်အားမကြီးမားသော်လည်း အလွယ်တကူ ဗိုလ်ကျ၍ရသော မိသားစု မဟုတ်ချေ။
အကယ်၍ အစ်ကိုလင်သာ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် ၎င်းတို့ကို အသုံးချ၍ လင်းဖန်ကို သုတ်သင်ခိုင်းနိုင်မည် ဖြစ်သည်။
“လင်းဖန်...”
ထန်ရွေ့က တီးတိုးရေရွတ်လိုက်မိသည်။
လင်းဖန်တစ်ယောက်တည်းမှ လူအများအပြားကို မည်သို့ ရင်ဆိုင်သွားခဲ့သနည်း။ သူသည် ထိုအရာမှာ အမှန်တကယ် ဟုတ်မဟုတ် စဉ်းစားနေမိသည်။
သူ့အနေဖြင့် လင်းဖန်အား သာမန်တောလိုက်မုဆိုးတစ်ဦးဟူ၍ သတ်မှတ်ထားသော အမြင်များမှာ စတင်ပြောင်းလဲလာခဲ့ချေပြီ။
…
လင်းဖန်နှင့် ဟိုမင်တို့ နိုးလာသောအခါ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ကာ နံနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
ထမင်းစားဆောင်ကြီးအတွင်း၌ ထုံးစံအတိုင်း စကားပြောသံများဖြင့် ဆူညံလျက် ရှိနေသည်။
မည်သို့ပင်ဆိုစေ ယနေ့သည် ချင်ဖုန်းဂိုဏ်းသို့ ရောက်ရှိမည့်နေ့ ဖြစ်ပေသည်။
ထို့အပြင် ၎င်းတို့အတွက် လူမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် မိသားစု၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် အဖိုးတန်သော အခွင့်အရေးလည်း ဖြစ်ပေသည်။
“ဒီနေ့ ငါ စွမ်းရည်စမ်းသပ်မှုကို အကောင်းဆုံး ဖြတ်ကျော်ပြမယ်”
“သေချာလို့လား။ မင်းမှာ ထောက်ခံစာတောင် မရှိဘူးလေ”
“ငါ့မှာ ဒါရှိလို့ပေါ့”
ထိုလူက စားပွဲပေါ်သို့ ဆေးပုလင်းတစ်ပုလင်းကို တင်လိုက်လေသည်။
အခြားလူတစ်ဦးကမူ ထိုပစ္စည်းမှာ မည့်သည့်အရာဖြစ်သည်ကို သိရှိကြောင်း၊ ကျင့်ကြံသူများ၏ စွမ်းရည်ကို နှစ်ဆခန့် မြှင့်တင်ပေးနိုင်သည်ဟူသော ကောလာဟလ ထွက်ရှိထားသည့် ဆေးလုံးများဖြစ်ကြောင်း အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ထိုဆေးလုံးများက စွမ်းရည်စမ်းသပ်မှုကို မလွဲမသွေ အောင်မြင်စေမည်မှာ သေချာကြောင်းလည်း အာမခံနေကြသည်။
လင်းဖန်မှာမူ ငွေရှာရန်အတွက် ဆေးအတုများ လှည့်လည်ရောင်းချနေသော ထိုသိသာထင်ရှားလှသည့် လှည့်ကွက်ကိုကြည့်ပြီး ခေါင်းယမ်းလိုက်မိတော့သည်။
ဟိုမင်သည် ထိုဆေးအတုများကို တောင့်တသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သောအခါ လင်းဖန်က သူ့အား သတိပေးလိုက်သည်။
“ဒါက အတုဖြစ်ဖို့ များတယ်။ ဒီလိုစျေးသည်တွေက လူတွေရဲ့ စိုးရိမ်ပူပန်မှုကို အခွင့်ကောင်းယူပြီး ပိုက်ဆံရှာနေကြတာ”
“ငါ သိပါတယ်၊ ဒါပေမဲ့ ငါ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးက...”
“စိတ်မပူပါနဲ့။ မင်း အောင်မြင်မှာပါ”
လင်းဖန်က ဟိုမင်၏ ကျောကို ပုတ်ပေးလိုက်ရင်း အားပေးလိုက်သည်။
ရုတ်တရက် ထမင်းစားဆောင်ကြီးတစ်ခုလုံး ဆူညံသွားပြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“သခင်လေး ထန်ရွေ့ပါလား”