အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) - လှိမ့်ခြင်း
“ချင်ဖုန်းဂိုဏ်းမှ ကြိုဆိုပါတယ်။ ငါကတော့ ဆေးဖော်စပ်မှုတောင်ထွတ်က ထန်ဖေးဖြစ်ပြီး ဒီနှစ်ရဲ့ စွမ်းရည်စမ်းသပ်ပွဲကို ဦးစီးကျင်းပသူပါ။ ငါနဲ့ ဗဟိုရင်ပြင်မှာ တွေ့ဆုံဖို့ လှေကားထစ်တွေအတိုင်း တက်လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်”
အသံက မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရဘဲ လူတိုင်းမှာ မည်သူပြောနေသည်ကို သိရှိရန် မော့ကြည့်လိုက်ကြသော်လည်း မည်သူ့ကိုမျှ မမြင်တွေ့ရချေ။
‘ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားတွေထဲက တစ်ခုလား’
လူတိုင်းက စိတ်ထဲမှ တအံ့တဩ တွေးတောလိုက်ကြလေသည်။
“လာ... သွားကြစို့”
လင်းဖန်က ပြောကာ လှေကားထစ်များဆီသို့ လျှောက်လှမ်းသွားသည်။
ဟိုမင်ကလည်း ထပ်ချပ်မကွာ လိုက်ပါသွားလေသည်။
အစပိုင်း လှေကားထစ်အနည်းငယ်ကို တက်လှမ်းချိန်တွင် လင်းဖန်မှာ ထူးထူးခြားခြား မခံစားရချေ။
သို့သော် လှေကားထစ်များပေါ်သို့ တဖြည်းဖြည်း တက်လှမ်းလာသည်နှင့်အမျှ သူ၏အင်အားများ တဖြည်းဖြည်း ဆုတ်ယုတ်လာသည်ကို ခံစားလိုက်ရသည်။
၎င်းမှာ မောပန်းနွမ်းနယ်ခြင်းကြောင့် မဟုတ်ဘဲ တစ်စုံတစ်ခုက သူ၏အင်အားများကို စုပ်ယူနေခြင်း ဖြစ်ပေသည်။
စမ်းသပ်မှုက စတင်နေခဲ့လေပြီ။
ဤသည်မှာ စွမ်းရည်စမ်းသပ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။
“ဟိုမင်... မြန်မြန်လုပ်။ ဒီလှေကားက ငါတို့ရဲ့ အားအင်တွေကို စုပ်ယူနေတယ်။ အမြန်ဆုံး အပေါ်ကိုရောက်အောင် တက်ရမယ်”
လင်းဖန်က လှည့်ကြည့်ကာ ပြောလိုက်သည်။
“ငါ အစွမ်းကုန် ကြိုးစားပါ့မယ်။ ငါ့အတွက် စိုးရိမ်မနေနဲ့”
ဟိုမင်က ပြန်ပြောလိုက်သည်။
ထိုနှစ်ဦးလုံးမှာ ချက်ချင်းပင် ခြေလှမ်းများကို မြှင့်တင်လိုက်ကြလေသည်။
အခြား ဝင်ခွင့်စမ်းသပ်ခံမည့်သူများမှာမူ ဤအရာကို သိပ်ဂရုမစိုက်ကြဘဲ အချင်းချင်း စကားတပြောပြောဖြင့် လှေကားထစ်များအတိုင်း အေးအေးလူလူ တက်လှမ်းနေကြဆဲ ဖြစ်သည်။
“ဟိုလူနှစ်ယောက်ကို ကြည့်စမ်းပါဦး။ လှေကားပေါ်ကို မျောက်တွေလို ခုန်တက်နေကြတာပဲ”
“ဟုတ်ပ။ အရင်ဆုံး ရောက်သွားရင် ဂိုဏ်းထဲကို ဝင်ခွင့်ရမယ်လို့ ထင်နေကြတာ ဖြစ်လိမ့်မယ်”
“ဝတ်ထားတဲ့ အဝတ်အစား ကြမ်းကြမ်းတွေကို ကြည့်ရင် တောရွာက လာတဲ့သူတွေ ဖြစ်ရမယ်။ ဒါကြောင့်လည်း ဒီလောက် ရိုင်းစိုင်းရိုးအ သွားတာပေါ့”
လင်းဖန်နှင့် ဟိုမင်တို့ လှေကားပေါ်သို့ ခုန်တက်နေကြသည်ကို မြင်သောအခါ သူတို့က သရော်လှောင်ပြောင်လိုက်ကြလေသည်။
သခင်လေးထန်ရွေ့နှင့် ယှဉ်လျှင် ထိုကဲ့သို့အပြုအမူမျိုးမှာ အလွန်ပင် ရိုင်းစိုင်းလှပေသည်။
သူတို့က ထန်ရွေ့ကို သတိရသွားကာ လှည့်ကြည့်လိုက်ကြသည်။
သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားကြရလေသည်။
ထန်ရွေ့သည် လှေကားထစ်များကို ခြေလှမ်းအကြီးကြီးများဖြင့် တက်လှမ်းနေသည်။
သို့သော် ခြေလှမ်းကြီးကြီးဖြင့် တက်လှမ်းခြင်းက မလုံလောက်တော့သဖြင့် လင်းဖန်ကဲ့သို့ပင် ခုန်ဆွခုန်ဆွ တက်လှမ်းနေတော့သည်။
“သခင်လေးထန်ရွေ့... ဘာလို့ ဒီလောက် လောနေရတာလဲဗျာ။”
ဘေးနားမှ လူတစ်ယောက်က အံ့အားသင့်စွာ မေးလိုက်သည်။
ထန်ရွေ့က သူတို့ကို မည်သို့မျှ ပြန်မဖြေဘဲ ဖြတ်ကျော်သွားလေသည်။
သူ၏အမြဲတမ်း ပြုံးရွှင်နေတတ်သော မျက်နှာမှာ ပျောက်ကွယ်သွားပြီး အခြေအနေကို လှမ်းမေးနေကြသော်လည်း မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လျစ်လျူရှုထားလေသည်။
“သခင်လေးထန်ရွေ့ပါ ဘာလို့ ဒီလောက်အလောတကြီး ဖြစ်နေရတာလဲ။
လူတိုင်းမှာ စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရပြီး အချင်းချင်း ကြည့်လိုက်ကြလေသည်။
ထို့နောက်တွင်မှ သူတို့ သဘောပေါက်သွားကြသည်။
သူတို့ကိုယ်တွင်းမှ အင်အားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
အချို့မှာ လှေကားထစ်များပေါ်တွင် စတင်ထိုင်ချလိုက်ကြလေသည်။
ထိုင်နေသူများမှာ ဖြည်းဖြည်းချင်း လှေကားထစ်များပေါ်သို့ လှဲလျောင်းသွားကြတော့သည်။
ထိုသို့ဖြစ်သွားချိန်တွင် မီးခိုးရောင် တာအိုဝတ်စုံဝတ် တပည့်များ ရောက်ရှိလာပြီး ၎င်းတို့ကို သယ်ဆောင်သွားကြလေသည်။
“တောက်... ဒီလှေကားမှာ တစ်ခုခု ထူးခြားနေတယ်။ ငါတို့လည်း မြန်မြန်တက်ရမယ်”
“ငါ့ကို စောင့်ဦး”
“အားရှီ... ငါ့ကို ထားမသွားနဲ့ဦး။ ဒါ ငါ့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ”
ဝင်ခွင့်စမ်းသပ်ခံမည့်သူများမှာ အလုအယက် ပြေးတက်ကြတော့သည်။
အင်အားသိပ်မကျန်တော့သူများမှာမူ အင်အားကျန်ရှိသေးသူများကို ဆွဲကိုင်ကာ အကူအညီတောင်းခံ၍ တောင်းပန်တိုးလျှိုးနေကြတော့သည်။
လင်းဖန်က လှည့်ကြည့်လိုက်ရာ ထန်ရွေ့ တက်လာသည်ကို တွေ့ရပြီး ကျန်ရှိသူများမှာမူ သူတို့၏နောက်ကွယ်တွင် ကျန်ရစ်နေသည်ကို မြင်လိုက်ရသည်။
“ဟိုမင်... မင်း လိုက်နိုင်သေးရဲ့လား”
လင်းဖန်က လှမ်းမေးလိုက်သည်။
လှေကားထစ်များ၏ အဆုံးသတ်ကို မလှမ်းမကမ်းတွင် မြင်တွေ့နေရပြီ ဖြစ်သည်။
“အင်း... လိုက်နိုင်ပါသေးတယ်”
ဟိုမင်မှာမူ ဤအချိန်၌ အလွန်ပင် မောပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း ပြန်ဖြေလိုက်သည်။
ရွာသူကြီးဟိုဖူမှ သူ့အား ချီစုစည်းမှုဆေးလုံးများ မဖြစ်မနေ သောက်သုံးစေကာ လေ့ကျင့်ခိုင်းခဲ့သည့် အတိတ်မှပုံရိပ်များက ဟိုမင်၏စိတ်အာရုံထဲသို့ လှိုင်းလုံးကြီးတစ်ခုပမာ တိုးဝင်လာလေသည်။
ကြိုတင်ပြင်ဆင်မှုအားလုံးမှာ အလဟဿ ဖြစ်မသွားခဲ့ပေ။
ဟိုမင်၏ခွန်အားနှင့် ခံနိုင်ရည်မှာ ယခုအခါ သာမန်အရွယ်ရောက်ပြီးသား အမျိုးသားအများစုထက် သာလွန်နေပြီဖြစ်သည်။
လင်းဖန်က လှည့်ကာ ခရီးကို ဆက်သွားရန် ပြင်လိုက်သည်။
သို့သော်ငြား သူက ထန်ရွေ့ထံသို့ လှမ်းကြည့်လိုက်သည့်အခါ ထန်ရွေ့က ဟိုမင်ဆီသို့ မေးငေါ့ပြနေသည်ကို တွေ့လိုက်ရသည်။
သူက သူ၏နောက်ကွယ်မှ လူတစ်ယောက်ကို အချက်ပြနေခြင်းပင်။
ထိုလူက ခေါင်းညိတ်လိုက်ပြီး ခြေလှမ်းတစ်လှမ်းဖြင့် ထန်ရွေ့ကိုကျော်ဖြတ်ကာ ခုန်ပျံတက်လာလေသည်။
လင်းဖန် တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိလိုက်သည်။
ဤလူမှာ အသက်ပိုကြီးပုံရပြီး ဂိုဏ်းဝင်ရန် လာရောက်ကြသည့် ဆယ်ကျော်သက်လူငယ်အားလုံးထက် များစွာအသက်ကြီးပေသည်။
ကျင့်ကြံသူတစ်ယောက်ပင်။
လင်းဖန်က လျင်မြန်စွာ အောက်သို့ပြန်ဆင်းလာခဲ့သည်။
“ငါ့ကို ကူညီပါဦး... ငါ အရမ်း ပင်ပန်းနေလို့။”
ထိုလူက ဟိုမင့်အနီးသို့ ရောက်လာသည်နှင့် သူ၏ခြေကျင်းဝတ်ကို လှမ်းဖမ်းလိုက်သည်။
ဟိုမင်က ချက်ချင်းတုံ့ပြန်လိုက်ပြီး ထိုလူ၏လက်ကို ကန်ထုတ်ကာ အော်ဟစ်လိုက်လေသည်။
“ငါ့အနားက ထွက်သွားစမ်း”
သို့သော်ငြား ထိုလူက လက်လွှတ်မပေးချေ။
သူ၏ခွန်အားက ဟိုမင်ယှဉ်နိုင်ရန်အတွက် အလွန်အင်အားကြီးမားလွန်းနေသည်။
ထိုလူက လင်းဖန် ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ လင်းဖန်ကိုပါ ဆွဲဖမ်းရန် ကြိုးစားလိုက်ပြန်သည်။
သို့ရာတွင် လင်းဖန်၏စူးရှသောမျက်ဝန်းများက မိမိကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူသည် တောင့်တင်းသွားပြီး ဟိုမင်၏ခြေကျင်းဝတ်ကို ဖမ်းဆုပ်ထားရာမှ လွှတ်ပေးလိုက်တော့သည်။
ထိုလူမှာ စိတ်လွတ်သွားသည့်အလား မတ်တတ်ရပ်လိုက်ပြီးနောက် လှေကားထစ်များအတိုင်း အောက်သို့ လိမ့်ကျသွားလေတော့သည်။
“တောက်...”
လိမ့်ကျလာသော ထိုလူ၏ခန္ဓာကိုယ်ကို ရှောင်တိမ်းရင်း ထန်ရွေ့က ဒေါသတကြီး ဆဲရေးလိုက်သည်။
သူ့နောက်ကွယ်မှ အခြားသူများမှာမူ ထိုမျှ ကံမကောင်းကြပေ။
အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ကြသူအချို့မှာ တိုက်မိပြီးနောက် လှေကားထစ်များအတိုင်း အောက်သို့ လိမ့်ကျသွားကြလေသည်။
အရိုးကျိုးသံများနှင့်အတူ လှေကားထစ်များပေါ်တွင် သွေးကွက်များ စွန်းထင်ကျန်ရစ်ခဲ့သည်။
“တော်ကြစမ်း”
ကောင်းကင်ယံထက်မှ ထိုဟိန်းဟောက်သံကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။
ဤတစ်ကြိမ်တွင်မူ ထန်ဖေး၏အသံထဲ၌ ဒေါသတရားများဖြင့်သာ ပြည့်နှက်နေပေသည်။
ဂိုဏ်းတပည့်များက ချက်ချင်းပေါ်လာပြီး ၎င်းတို့၏ဓားများကို ဝှေ့ယမ်းလိုက်ကာ လေပြင်းတစ်ချက် တိုက်ခတ်စေလျက် လိမ့်ကျနေသူများကို ဘေးကင်းစွာ ဖေးမလိုက်ကြလေသည်။
ဤရုတ်ရုတ်သဲသဲ ဖြစ်ပျက်နေစဉ်အတွင်း လင်းဖန်နှင့် ဟိုမင်တို့မှာ လှေကားပေါ်သို့ ဆက်လက်တက်ခဲ့ကြပြီး နောက်ဆုံးတွင် ထိပ်ဆုံးသို့ ရောက်ရှိသွားကြလေသည်။
အေးမြသောလေပြေညင်းက တိုက်ခတ်လာပြီး ခန္ဓာကိုယ်တွင် ကပ်ငြိနေသော ချွေးစိုဝတ်လွှာများကြောင့် ဖြစ်ပေါ်နေသည့် ပူအိုက်စပ်ဖျဉ်းမှုကို သက်သာစေလေသည်။
“ဟုတ်တယ်ကွ... ငါ လုပ်နိုင်ခဲ့ပြီ။ အဖေ... သား လုပ်နိုင်ခဲ့ပြီ”
ဟိုမင်က သူ၏အောင်မြင်မှုအတွက် ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
လင်းဖန်က သူ၏ကျောကို ပုတ်ပေးလိုက်ကာ ပြောလိုက်သည်။
“ဂုဏ်ပြုဖို့ အချိန်မရှိသေးဘူး... နောက်ထပ် လာဦးမှာ”
သူတို့မှာ အသက်ကို ဝဝရှူသွင်းရင်း ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်ကြသည်။
ကြီးမားလှသော ရင်ပြင်ကျယ်ကြီးထက်တွင် ဂိုဏ်းတပည့် ငါးဆယ်ကျော်က တန်းစီရပ်လျက် ၎င်းတို့ကို စောင့်ကြိုနေကြပေသည်။
ထိုနေရာတွင် စားပွဲတစ်လုံးရှိပြီး ဂိုဏ်းတပည့်တစ်ဦးက ထိုင်လျက် ၎င်းတို့အား လက်လှမ်းပြနေသည်။
လင်းဖန်နှင့် ဟိုမင်တို့သည် စားပွဲဆီသို့ လျှောက်လှမ်းသွားလိုက်ကြသည်။
ဂိုဏ်းတပည့်က ၎င်းတို့အား ဆေးလုံးတစ်လုံးစီ ပေးအပ်ရင်း ပြောလိုက်သည်။
“ဒါက ချီပြန်လည်အားဖြည့်ဆေးလုံးပဲ... မင်းတို့ စောစောက ကုန်ခမ်းသွားတဲ့ အင်အားတွေကို ပြန်ဖြည့်ပေးလိမ့်မယ်။ သောက်ပြီးရင်တော့ နောက်ထပ် ညွှန်ကြားချက်အတွက် ဒီနားမှာပဲ စောင့်နေကြ”
ထိုဆေးလုံးထံမှ မွှေးပျံ့အီဆိမ့်သောရနံ့များ ထွက်ပေါ်နေပြီး ကိုင်ဆောင်ထားသူများအား ချက်ချင်းစားသုံးချင်စိတ် ဖြစ်ပေါ်စေပေသည်။
စနစ်က မည်သည့်မကောင်းသော ရည်ရွယ်ချက်ကိုမျှ သတိပေးခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် လင်းဖန်က ထိုဆေးလုံးကို မြိုချလိုက်သည်။
ဆေးလုံးက ဗိုက်ထဲသို့ ရောက်ရှိသွားပြီးနောက် သူ၏တန်းထျန်အတွင်းမှ နွေးထွေးသော စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာလေသည်။
သူ၏အင်အားများက တဖြည်းဖြည်း ပြန်လည်ပြည့်ဝလာခဲ့ပြီဖြစ်သည်။
ထို့နောက်တွင် သူက ဘေးသို့ဖယ်ကာ နောက်ထပ်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
“သူ့ကို တားကြစမ်း... ဟို လူလိမ်ကို…”