← Chapters

အခန်း (၉၀)

Vol. 9 Ch. 90

အခန်း (၉၀)

Vol. 9 Ch. 90

အခန်း (၉၀) ဝိညာဉ်နယ်မြေ ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲ၊ အိမ်ထဲသို့ ဝံပုလွေ ဖိတ်ခေါ်ခြင်းလား

ချင်လော့သည် ချူဖုန်းကို မစောင့်ဆိုင်းနိုင်ခဲ့သော်လည်း အခြားလူတစ်ဦးကို အရင် တွေ့ခဲ့ရသည်။

တောင်တန်းတစ်သောင်းနယ်မြေ၏ အင်အားအကြီးဆုံး မြင့်မြတ်နယ်မြေဖြစ်သော ချန်းလန်မြင့်မြတ်နယ်မြေမှ လူတစ်ဦးပင် ဖြစ်ပေသည်။

"ငါက ချန်းလန်မြင့်မြတ်နယ်မြေရဲ့ အကြီးအကဲ ရှီယွမ်ကျန်ပါ... ဒီနေ့ ငါက ချန်းလန်မြင့်မြတ်နယ်မြေ သူတော်စင်ရဲ့ အမိန့်အရ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် ချင်လော့ကို ဝိညာဉ်နယ်မြေ ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲတော် ကို တက်ရောက်ဖို့ အထူး လာရောက် ဖိတ်ကြားတာပါ..."

ရှီယွမ်ကျန်က စကားပြောရင်း ဖိတ်စာတစ်စောင်ကို ကမ်းပေးလိုက်သည်။

ဝိညာဉ်နယ်မြေ ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲတော်ဆိုသည်မှာ နှစ်တစ်ရာလျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး တောင်တန်းတစ်သောင်းနယ်မြေရှိ မြင့်မြတ်နယ်မြေများစွာမှ သူတော်စင်သားတော် နှင့် သူတော်စင်မလေးများ စကားဖလှယ်ဆွေးနွေးကြသော ကြီးကျယ်ခမ်းနားသည့် ပွဲတော်တစ်ခု ဖြစ်ပေသည်။

ဝိညာဉ်နယ်မြေသည် အထူး လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းအစွမ်းထက် ကျင့်ကြံသူတစ်ဦး၏ လိုဏ်ဂူကမ္ဘာငယ်တစ်ခု ဖြစ်သည်ဟု ဒဏ္ဍာရီလာများက ဆိုကြသည်။

ထိုအစွမ်းထက် ကျင့်ကြံသူ သေဆုံးသွားပြီးနောက် အထူးအကြောင်းပြချက်များကြောင့် ယနေ့တိုင် တည်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲတော်ဟု ခေါ်ဆိုရခြင်းမှာ ထိုနေရာတွင် သေဆုံးနေပြီဖြစ်သော ဉာဏ်အလင်းပွင့်လက်ဖက်ပင် တစ်ပင် ရှိနေသောကြောင့်ပင်။

ဉာဏ်အလင်းပွင့်လက်ဖက်ပင်သည် သေဆုံးသွားသော်လည်း ဘေးတွင် စိုက်ပျိုးထားသော လက်ဖက်ပင်အချို့မှာ ဉာဏ်အလင်းပွင့်လက်ဖက်ပင်၏ ဂုဏ်သတ္တိအချို့ ရှိနေသေးပေသည်။

ထိုလက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့် လောကနိယာမနှင့် မဟာတာအို၏ စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် ကူညီပေးနိုင်ပြီး ကျင့်ကြံခြင်းအတွက် မြင့်မြတ်သော ရတနာတစ်ခုအဖြစ် ဒဏ္ဍာရီလာများက ဆိုကြသည်။

ဉာဏ်အလင်းပွင့်လက်ဖက်ပင်အောက်တွင် တစ်ကြိမ်မျှ အသက်ရှူရုံဖြင့် ဉာဏ်အလင်းပွင့်သွားကာ သေမျိုးခန္ဓာမှ သူတော်စင်နယ်ပယ်သို့ တက်လှမ်းသွားသူများ ရှိသည်ဟု ဒဏ္ဍာရီများက ဆိုကြပေသည်။

ဆန်းကြယ်သော အရောင်အသွေးများ ဖုံးလွှမ်းနေသဖြင့် နှစ်တစ်ရာလျှင် တစ်ကြိမ် ကျင်းပသော ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲသည် တောင်တန်းတစ်သောင်းနယ်မြေရှိ သူတော်စင်နှင့် သူတော်စင်မလေး အများအပြား၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပေသည်။

ဝိညာဉ်နယ်မြေကို ချန်းလန်မြင့်မြတ်နယ်မြေမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မဟုတ်သကဲ့သို့ ထိုနေရာတွင် နန်းတော်များစွာနှင့် အမွေအနှစ်များ ရှိနေသဖြင့် အခြားသော မြင့်မြတ်နယ်မြေများကလည်း မက်မောနေကြရာ ချန်းလန်မြင့်မြတ်နယ်မြေက အမည်ခံ ကိုယ်စားလှယ်အဖြစ်သာ စီမံခန့်ခွဲရပြီး အခြားသော မြင့်မြတ်နယ်မြေများနှင့် သဘောတူညီချက်အရ နှစ်တစ်ရာလျှင် တစ်ကြိမ် အရည်အချင်းပြည့်မီသူများကို ဝိညာဉ်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ လက်ဖက်ရည်သောက်သုံးရန်၊ တာအိုအကြောင်း ဆွေးနွေးရန်နှင့် ယှဉ်ပြိုင်ရန် ဖိတ်ကြားရပေသည်။

ယခင် ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ အခြေအနေနှင့် ထိုအချိန်က သူ၏ ကျင့်ကြံမှုအခြေအနေအရ ချင်လော့သည် ဤဝိညာဉ်နယ်မြေ ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲအတွက် ဖိတ်စာရရှိရန် အလွန် ဖြစ်နိုင်ခြေနည်းပါးလှပေသည်။

ချင်လော့၏ လက်ရှိ အဆင့်အတန်းအရဆိုလျှင် သူ့အနေဖြင့် ဖိတ်စာရရှိရန် ပို၍ပင် မဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် ယခုအခါ မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါးဖြစ်ပြီး အဆင့်အတန်းအရဆိုလျှင် သူနှင့် တောင်တန်းတစ်သောင်းနယ်မြေမှာ ရန်သူများ မဟုတ်ကြသော်လည်း များစွာ ကွာခြားမှု မရှိသောကြောင့်ပင်။

"ငါ့ကို ဖိတ်တာလား..."

ချင်လော့က ရှီယွမ်ကျန်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။

တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ကို အရှုးပင် စဉ်းစားလျှင် သိနိုင်ပေသည်။

ဝိညာဉ်နယ်မြေအတွင်းတွင် လောကနိယာမ၏ ကန့်သတ်ချက်အချို့ကြောင့် သူတော်စင်လက်နက်များကို အသုံးပြု၍ မရနိုင်သကဲ့သို့ သူတော်စင်အဆင့် ကျင့်ကြံသူများလည်း ဝင်ရောက်၍ မရနိုင်ပေ။

ထို့ကြောင့်...

သူ့ပတ်ဝန်းကျင်ရှိ တိုက်ခိုက်ရေးစွမ်းအားများမှာ အသုံးမဝင်တော့ဘဲ သူ့ကို ဝိညာဉ်နယ်မြေအတွင်းသို့ လှည့်စားခေါ်ဆောင်ကာ တိုက်ခိုက်ရန်လား။

ရှီယွမ်ကျန်က ပြုံးကာ ပြောဆိုလိုက်သည်။

"ဒီဝိညာဉ်နယ်မြေထဲမှာ အစောဆုံး စိုက်ပျိုးထားတဲ့ ဉာဏ်အလင်းပွင့်လက်ဖက်ပင်က အသီးသီးဖို့ အချိန်တန်ပြီမို့လို့ပါ... အဲဒီကနေ ထွက်လာတဲ့ အားအနည်းဆုံး လက်ဖက်ရည်တောင်မှ သူတော်စင်အဆင့် အရည်အသွေး ရှိလောက်မယ်လို့ ခန့်မှန်းရပါတယ်..."

"ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲတော် တိုင်းမှာ သူတော်စင်သားတော် နဲ့ သူတော်စင်မလေးအဖြစ် သတ်မှတ်ခံထားရသူတွေအပြင် တောင်တန်းတစ်သောင်းနယ်မြေရဲ့ ထိပ်တန်းပါရမီရှင် စာရင်းဝင် သူတော်စင်သားတော် နဲ့ သူတော်စင်မလေး အားလုံးကိုလည်း ဖိတ်ကြားပါတယ်... ထိုက်ရွှီသူတော်စင်သားတော်လည်း ချွင်းချက် မဟုတ်ပါဘူး..."

တောင်တန်းတစ်သောင်းနယ်မြေတွင် ထိပ်တန်းပါရမီရှင်စာရင်း ဟုခေါ်သော စာရင်းတစ်ခုရှိပြီး စာရင်းတွင် လူတစ်ရာ ပါဝင်ပေသည်။

ထိုစာရင်းတွင် ပါဝင်သူများသည် အမှားအယွင်းမရှိပါက အနာဂတ်တွင် သူတော်စင်နယ်ပယ်သို့ သေချာပေါက် ရောက်ရှိမည့်သူများ ဖြစ်ကြသည်။

ယုတ္တိအရဆိုလျှင် ချင်လော့သည် မဟာချင်အင်ပါယာမှ ဖြစ်သဖြင့် စာရင်းတွင် ပါဝင်မည်မဟုတ်ချေ။

သို့သော် မထင်မှတ်ဘဲ သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် စာရင်းတွင် ထည့်သွင်းခံလိုက်ရပြီး အဆင့် ကိုးဆယ့်ကိုးတွင် ရပ်တည်နေခဲ့သည်။

ဤအဆင့်သတ်မှတ်ချက် မည်သို့ဖြစ်လာသည်ကို ချင်လော့ မသိရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူ သတ်ဖြတ်ခဲ့သော လူများထဲတွင် စာရင်းဝင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့ သူ၏ အမှန်တကယ် စွမ်းအားကိုလည်း ပြင်ပလောကမှ မည်သူမျှ မသိရှိသောကြောင့်ပင်။

"ဒီတစ်ကြိမ် ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲက နှစ်တစ်သောင်းအတွင်းမှာ အကြီးကျယ်ဆုံး ဖြစ်မယ်လို့ ပြောလို့ရတယ်... ခန့်မှန်းချက်တွေအရ ဝိညာဉ်နယ်မြေထဲက ချီလင်နန်းတော်လို့ ခေါ်တဲ့ နန်းတော်တစ်ခု ပွင့်လာလိမ့်မယ်... အဲဒီအထဲမှာ ချီလင်အဆီအနှစ်သွေးကို ချိတ်ပိတ်ထားတယ်လို့ ပြောကြတယ်…”

"ဝိညာဉ်နယ်မြေထဲကို ဝင်ရောက်လာသူတိုင်းဟာ ချီလင်အဆီအနှစ်သွေးကို ရယူဖို့ အခွင့်အရေး ရှိပါတယ်... နောက်ပြီး ဓားစံအိမ်လို့ခေါ်တဲ့ နန်းတော်တစ်ခုလည်း ပွင့်လာနိုင်တယ်... အဲဒါက နောက်ဆုံးပွင့်ခဲ့တာ လွန်ခဲ့တဲ့ နှစ်သုံးထောင်ကပါ... လွန်ခဲ့တဲ့ နှစ်သုံးထောင်က ကောင်းကင်ဓားဂိုဏ်းရဲ့ သူတော်စင်တစ်ပါးဟာ ဓားစံအိမ်ကနေ ကောင်းကင်ကို ဆန့်ကျင်တဲ့ အမွေအနှစ်ကို ရရှိခဲ့ပြီး အခုဆိုရင် သူဟာ မဟာသူတော်စင်အဆင့် ဓားကျင့်ကြံသူ ဖြစ်နေပြီလို့ တချို့က ပြောကြတယ်..."

စကားတစ်ခွန်းဖြင့် ချင်လော့၏ စိတ်ကို လှုပ်ရှားသွားခဲ့၏။

တစ်ဖက်လူက ဖြစ်နိုင်ခြေရှိသော ရတနာများ သို့မဟုတ် အစွမ်းထက် အမွေအနှစ်များအကြောင်းကို အများကြီး ပြောခဲ့သော်လည်း ချင်လော့က ဂရုမစိုက်ခဲ့ချေ။

သူ ဂရုစိုက်သည်မှာ တစ်ခုတည်းသာ။ ချီလင်သွေးအဆီအနှစ်။

ချီလင်ဆိုသည်မှာ နတ်နဂါးများနှင့် နှိုင်းယှဉ်လျှင် သာလွန်မှု မရှိသော်လည်း တန်းတူ နတ်သားရဲ တစ်ပါးဖြစ်ပေသည်။

"ဖိတ်စာ ပေးပြီးသွားပြီမို့လို့ ထိုက်ရွှီသူတော်စင်သားတော် စဉ်းစားကြည့်ပါဦး... တကယ်လို့ သွားချင်တယ်ဆိုရင် ဖိတ်စာထဲက ညွှန်ကြားချက်တွေအတိုင်း ဖိတ်စာလေးကို ယူပြီး သွားလို့ရပါတယ်..."

စကားပြောပြီးနောက် ရှီယွမ်ကျန်သည် လှည့်ထွက်သွားခဲ့သည်။

အနီးနားမဟာချင်အင်ပါယာရှိ စားသောက်ဆိုင်တစ်ခုတွင် ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦးသည် မလှမ်းမကမ်းရှိ တောင်တန်းနှင့် သစ်တောများဆီသို့ ငေးမောကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများက အနည်းငယ် တွေဝေနေခဲ့သည်။

သူမ၏ မှတ်ဉာဏ်များက လွန်ခဲ့သော ခုနစ်နှစ်ခန့်သို့ ပြန်ရောက်သွားသည့်အလားပင်။

သူမသည် မတော်တဆမှုတစ်ခုကြောင့် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်နေချိန်တွင် အပြင်ဘက်သို့ ခရီးထွက်လာသော လူငယ်လေးတစ်ဦး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။

လူငယ်လေးက သူမကို မိုင်ပေါင်းများစွာဝေးသော တောင်ပေါ်လမ်းများတစ်လျှောက် တောက်လျှောက် သယ်ပိုးလာခဲ့ပြီး တောင်ပေါ်ရွာလေး တစ်ရွာသို့ ခေါ်ဆောင်သွားကာ ရွာသားများထံမှ ဆန်ဖြူအနည်းငယ် တောင်းရမ်း၍ ဆန်ပြုတ်တစ်ပန်းကန် ချက်ပြုတ်ပြီး သူမကို တစ်လုပ်ချင်းစီ ခွံ့ကျွေးခဲ့သည်။

ထိုဆန်ပြုတ်သည် သူမဘဝတွင် စားဖူးသမျှ အကောင်းဆုံး အစားအစာဖြစ်ကြောင်း သူမ ကျိန်ဆိုရဲပေသည်။

သူမက ထိုတောင်ပေါ်ရွာလေးသို့ နောက်တစ်ကြိမ် သွားချင်ခဲ့သော်လည်း ဤနေရာသို့ ရောက်ချိန်တွင် သူမ တွန့်ဆုတ်နေပြီး ကြောက်ရွံ့နေခဲ့သည်။

"ရှောင်ရွှမ်... စိတ်မပူပါနဲ့... မင်းအတွက် ငါ လက်စားချေပေးမယ်... သေချာပေါက်... သေချာပေါက် လုပ်ပေးမှာပါ..."

"ငါ ကိုယ်တိုင် အဲ့ဒီသားရဲကို သတ်ပြီး သူ့ရဲ့ ခေါင်းကို မင်းရဲ့ အုတ်ဂူဆီ ယူလာပြီး ဂါရဝပြုရမယ်..."

အရိုးကွဲမတတ် အေးစက်လှသော အငွေ့အသက်များက စားသောက်ဆိုင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး အရက်သောက်နေသူ အများအပြားမှာ တုန်လှုပ်သွားကြပေသည်။

ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် လူငယ်တစ်ဦး ဝင်လာပြီး ဤအငွေ့အသက်များကို မမြင်ရသော အရာများအဖြစ် ပျောက်ကွယ်သွားစေခဲ့သည်။

"ချင်းယန်... ငါ ပြောသားပဲ... မင်း ဘာလို့ ဒီလောက် အားစိုက်ထုတ်ပြီး အဲ့ဒီကောင်ကို ဉာဏ်အလင်းပွင့်လက်ဖက်ရည်ပွဲတော်မှာ ပါဝင်ခိုင်းရတာလဲ..."

"ငါ့အမြင်အရဆိုရင် အဲ့ဒီကောင်က မဟာချင်အင်ပါယာမှာ သိပ်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... သူက မင်းသားဖြစ်ဖြစ်ချင်းမှာပဲ ဒီလောက် ရဲရဲတင်းတင်း လှုပ်ရှားရဲတာ... တခြားမင်းသားတွေကလည်း အလကား ထမင်းစားနေတဲ့ကောင်တွေ မဟုတ်ဘူးလေ... သူ့ကို သတ်ဖို့တောင် စီစဉ်နေလောက်ပြီ..."

ပျင်းရိလေးတွဲနေသော အမျိုးသားတစ်ဦးက အောက်ထပ်မှ တက်လာပြီး ရှန်ချင်းယန်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"ငါ သူ့ကို ကိုယ်တိုင် သတ်မှာပါ..."

ရှန်ချင်းယန်က တစ်လုံးချင်းစီ ပြောဆိုလိုက်၏။

"ဖိတ်စာ ပို့ပြီးပြီလား..."

သူမက မေးမြန်းလိုက်သည်။

"သတင်းရထားတာတော့ ချန်းလန်မြင့်မြတ်နယ်မြေက လူတွေက ဖိတ်စာ ပို့ပြီးပြီတဲ့... အဲ့ဒီကောင် သွားမယ်လို့ မင်း ထင်လား..."

ထိုလူက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"သူ သေချာပေါက် သွားမှာပါ..."

ရှန်ချင်းယန်က ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်၏။

"ငါ ရထားတဲ့ အချက်အလက်တွေအရ သူက မာနကြီးပြီး မောက်မာတဲ့ကောင်... အသိဉာဏ်ကင်းမဲ့တဲ့ကောင်ပဲ... မဟာချင်အင်ပါယာရဲ့ မင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မဟာသူတော်စင်အဆင့် ကျောထောက်နောက်ခံ ရှိတာနဲ့တင် တရားဥပဒေမဲ့ လုပ်လို့ရတယ်လို့ သူ ထင်နေတာလေ..."

"သူက ရုတ်တရက် ချမ်းသာလာသူတွေမှာရှိတဲ့

ပုံမှန်စိတ်ဓာတ်မျိုးရှိတယ် ဒါက သူ့အတွက် ကြွားဝါဖို့ အခွင့်အရေး တစ်ခုပဲလေ... ဘယ်လိုလုပ် သူ လက်လွှတ်ခံမှာလဲ..."

"သူ သွားမှာပါ... သေချာပေါက်ကို သွားမှာပါ..."

ရှန်ချင်းယန်က သေချာစွာဖြင့် ပြောဆိုလိုက်သည်။

ထိုလူက တိတ်တဆိတ် ခေါင်းယမ်းလိုက်သော်လည်း ချင်လော့ သွားမည့် အလားအလာမှာ အလွန်နည်းပါးသည်ဟု သူ ခံစားရပေသည်။

လူကြီးလူကောင်းတစ်ယောက်က အန္တရာယ်ရှိသော နံရံအောက်တွင် မရပ်တည်သကဲ့သို့ ထိုသူတော်စင်များ၏ အကာအကွယ်မှ ဝေးကွာသွားခြင်းက ချင်လော့ကို ကလေးတစ်ယောက်ကဲ့သို့ အလွယ်တကူ ကိုင်တွယ်နိုင်စေမည် မဟုတ်ပါလား။

ချင်လော့သည် ရူးသွပ်နေသူ တစ်ယောက်ဖြစ်လျှင်ပင် ဝိညာဉ်နယ်မြေသို့ သွားရောက်မည့် အရူးတစ်ယောက်တော့ မဖြစ်နိုင်ချေ။

သူတော်စင်သားတော် နှင့် သူတော်စင်မလေးတိုင်းက အနည်းဆုံး လိုဏ်ဂူကောင်းကင်အဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိကြပေသည်။

ချင်လော့အတွက်မူ လွန်ခဲ့သော လအနည်းငယ်က သူသည် နတ်စွမ်းအင်အဆင့် သေးသေးလေး တစ်ခုသာ ရှိသေးပေသည်။

ထို့ပြင် သူသည် သာမန် သေမျိုးခန္ဓာသာဖြစ်ပြီး ပါရမီရှင် လုံးဝ မဟုတ်ချေ။

"သွားမှာလား..."

စုချန်ချန်က လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

တစ်ယောက်ယောက်က ချင်လော့ကို သွားစေချင်နေကြောင်း သူ မြင်နိုင်ပြီး ထိုနေရာတွင် တစ်ယောက်ယောက်က ချင်လော့ကို ပစ်မှတ်ထားကောင်း ထားနိုင်ပေသည်။

"သွားရမှာပေါ့... ဘာလို့ မသွားရမှာလဲ..."

ချင်လော့က အေးစက်သော အမူအရာကို ပြသလိုက်ပြီး

"သူတို့က အိမ်ထဲကို ဝံပုလွေ ဖိတ်ခေါ်ချင်နေမှတော့ အရသာရှိတဲ့ အစားအစာလေးတွေ သွားမမြည်းစမ်းဘဲ နေလို့ရမလား..."

ဤစကားကို ကြားလိုက်ရချိန်၌ စုချန်ချန် အံ့အားသင့်သွားပြီး ယခုမှ သတိရသွားသည့်အလားပင်။

ချင်လော့သည် သူတော်စင်အဆင့်နှင့် နီးစပ်သော တိုက်ခိုက်ရေးစွမ်းအားကို မသိမသာ ပိုင်ဆိုင်ထားပြီးဖြစ်လေသည်။

All Chapters