အခန်း (၈၁)
Vol. 9 Ch. 81
အခန်း (၈၁) လေလွင့်စွပ်စွဲချက်ကို ခံလိုက်ရသော ချင်လော့နှင့် ချူဖုန်း၏ စီနီယာအစ်မများ
အဝေးတစ်နေရာရှိ မဟာချင်အင်ပါယာ၏ အနောက်ဘက် သဲကန္တာရနယ်မြေ၌ မွန်မြတ်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် အမျိုးသားတစ်ဦးသည် သူ၏လက်ထဲရှိ သတင်းအချက်အလက်ကို ကြည့်ရှုလိုက်ရာ သူ၏မျက်လုံးများတွင် ထက်မြက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေ၏။
"သူတော်စင်ဘုရင်အဆင့် နှစ်ယောက်၊ သူတော်စင်အဆင့် အတော်များများနဲ့ မဟာသူတော်စင်အဆင့် စုချန်ချန်ပါ ပေါင်းလိုက်ရင် ဒီ နဝမညီတော်ရဲ့ အင်အားက အဋ္ဌမညီတော်နဲ့ ဆဋ္ဌမညီတော်တို့ထက် အများကြီး သာလွန်နေတာပဲ..."
"ရှန်ဝူစစ်သူကြီးဆီ သတင်းပို့လိုက်... ဒီစုမိသားစုရဲ့ အကြွင်းအကျန်ဖြစ်တဲ့ စုချန်ချန်ကို ဘယ်နည်းနဲ့မဆို ရှင်းပစ်ရမယ်..."
"တကယ်လို့ အခုချိန် စုချန်ချန်ကို မသတ်ပစ်ဘူးဆိုရင် အစောကြီးမဟုတ်ရင်တောင် နောက်ပိုင်းမှာ ငါတို့အတွက် ပြဿနာဖြစ်လာမယ်လို့ ခံစားနေရတယ်... ဘာပဲဖြစ်ဖြစ် ငါတို့ကြားမှာ သွေးကြွေးရှိနေတာပဲလေ..."
"ဒီသူတော်စင်ဘုရင်အဆင့် နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ သွားစုံစမ်းကြည့်... နာမည်မသိတဲ့သူတွေတော့ မဖြစ်နိုင်ဘူး..."
"ယင်းဝူစစ်သူကြီးကို သွားရှာပြီး သူ့မြေးကို သတ်သွားတဲ့သူက ဘယ်သူလဲဆိုတာ ငါသိတယ်လို့ ပြောလိုက် သိချင်ရင် သူ ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေးရမယ်လို့ပါ ထည့်ပြောလိုက်”
"သူ့ကို ချင်းယွင်ဂိုဏ်းကို ဖျက်ဆီးခိုင်းလိုက်... သတင်းထွက်လာတဲ့အချိန်ကျရင် ချင်းယွင်ဂိုဏ်းက လူတွေက ဝူယွမ်စစ်သူကြီးစံအိမ်ကို ဖျက်ဆီးတဲ့ကိစ္စမှာ ပါဝင်ခဲ့တယ်လို့ ပြောခိုင်းလိုက်..."
သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပေ၏။
"နဝမ ညီတော်က ဒီအမှုကနေတစ်ဆင့် ကိစ္စကြီးကြီးမားမား လုပ်ချင်နေတာ မဟုတ်ဘူးလား... အဲ့ဒါဆိုရင် ငါက မီးထပ်မွှေးပေးရမှာပေါ့..."
လက်အောက်ငယ်သားက အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်သည်။
" တတိယမင်းသား... ဒါပေမဲ့ အဲ့ဒီ ချန်မိုကို သတ်ဖို့ ကျွန်တော်တို့ လူလွှတ်ခဲ့တာလေ... အဲ့ဒါကို ကျွန်တော်တို့က…"
"ဇာတ်လမ်းတချို့ ဖန်တီးလိုက်ရင် ရတာပဲကို... ဒုတိယညီတော်က သူ့ကို သတ်ဖို့ လူလွှတ်ခဲ့တယ်လို့ ငါပြောရင်ရော ဘာဖြစ်မှာလဲ..."
မဟာချင် အင်ပါယာမြို့တော်၊ ပဉ္စမမင်းသား၏ စံအိမ်။
"အရှင်မင်းသား... စေလွှတ်လိုက်တဲ့ လူသတ်သမား သေဆုံးသွားပါပြီ..."
ချင်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး များများစားစား ဂရုစိုက်မနေခဲ့ချေ။
"သေသွားရင်လည်း သေသွားပါစေ... တာဝန်ကို ဆက်ပြီးချိတ်ဆွဲထားလိုက်... တစ်ယောက်ယောက်က တာဝန်ယူမယ်ဆိုရင်လည်း ယူပါစေပေါ့..."
"အဆင့်ကို မြှင့်တင်လိုက်... ဘုရင်အဆင့် တာဝန်အဖြစ် မြှင့်တင်ပြီး တစ်ဖက်လူကို ဆုကြေးငွေ တိုးပေးဖို့ ပြောလိုက်..."
"ဟုတ်ကဲ့ပါ အရှင်မင်းသား..."
ထိုလူက နောက်ဆုတ်ရန် ပြင်လိုက်ချိန်တွင် ချင်ဖန်က သူ့ကို တားဆီးလိုက်၏။
"ကြယ်တာရာနန်းတော်ကို ဖျက်ဆီးဖို့ လူလွှတ်လိုက်ပြီလား..."
"ဟုတ်ကဲ့ပါ အရှင်မင်းသား... သူတို့ အဲ့ဒီကို ရောက်လုနီးပါး ဖြစ်နေပြီလို့ ခန့်မှန်းရပါတယ်..."
"ဒါဆိုရင် ခိုးကြောင်ခိုးဝှက် လုပ်နေစရာ မလိုဘူး... ချင်လော့ရဲ့ နာမည်ကို တပ်ပြီး ကြယ်တာရာနန်းတော်က လူတွေက ဝူယွမ်စစ်သူကြီးစံအိမ်ကို ဖျက်ဆီးတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောလိုက်..."
လက်အောက်ငယ်သားများမှာ အံ့အားသင့်သွားကြပေသည်။
"အရှင်မင်းသား... ဒီကိစ္စကို ဘယ်သူမှ ယုံမှာမဟုတ်ဘူးလို့ စိုးရိမ်မိတယ်..."
ချင်ဖန်က လှောင်ပြောင်လိုက်၏။
"အမှန်တရားက ဘာလဲဆိုတာ အရေးမကြီးဘူး... တကယ်လို့ သူက ဒီအကြောင်းပြချက်ကိုသုံးပြီး သွေးလမင်းမြင့်မြတ်နယ်မြေနဲ့ နတ်လက်နက်တောင်ကြားတို့ကို ဖျက်ဆီးရဲတယ်ဆိုရင်... ထိုက်ရွှီမြင့်မြတ်နယ်မြေ၊ တန်ဆေးဂိုဏ်း၊ ဓားတစ်သောင်းစံအိမ်နဲ့ တခြားအဖွဲ့တွေတောင် ရှိလာနိုင်သေးတယ်... ဒီတော့ ကြယ်တာရာနန်းတော်ကို ဘာလို့ ချင်လော့က မဖျက်ဆီးနိုင်ရမှာလဲ..."
"တစ်ယောက်ယောက်က အပြစ်ကို ခံယူပေးနေမှတော့ ငါတို့က ဘာလို့ မလုပ်ရမှာလဲ... ငါက ပထမဆုံးလူ ဖြစ်လာမှာ မဟုတ်သလို နောက်ဆုံးလူလည်း သေချာပေါက် ဖြစ်လာမှာ မဟုတ်ဘူးလေ..."
"ဦးဆောင်ရဲတဲ့သူတွေက ဖိနှိပ်ခံရဖို့ ပြင်ဆင်ထားရမယ်..."
"ငါ့ရဲ့ ကိုးယောက်မြောက် ညီတော်က အရမ်းကို ဂနာမငြိမ်ဖြစ်နေတာပဲ..."
ချင်ဖုန်း၏ စံအိမ်တွင် လက်အောက်ငယ်သားများ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးနောက် သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
"မြန်မြန်... ကျန်းကျိုး လီမိသားစုကို ဖျက်ဆီးဖို့ လူသွားရှာချေ... သူ့မိသားစုက သခင်မလေးကို ငါ့ရဲ့ အစေခံမလေး ဖြစ်လာစေချင်တယ်..."
"သွေးလမင်းမြင့်မြတ်နယ်မြေနဲ့ ပူးပေါင်းပြီး ဝူယွမ်စစ်သူကြီးစံအိမ်ကို ဖျက်ဆီးမှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲလိုက်..."
" နဝမညီတော်က ငါ့အတွက် အပြစ်တွေကို ထမ်းပိုးပေးနေတာပဲ... သူလည်း သိပ်ပြီး ဂရုစိုက်မယ် မထင်ဘူးလေ..."
"ဟားဟားဟား…”
ချင်ဖုန်းသည် ချင်လော့ကို လှည့်စားလိုက်နိုင်သည်ဟု ခံစားရပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရာ သူက အလွန်ကျေနပ်သွားပေ၏။
နတ်ဆိုးနှိမ်နင်းရေးဌာန၊ တပ်ဖွဲ့ ၁၀ ၏ တပ်မှူးချုပ်သည် အသေးစိတ် အချက်အလက်များကို ရရှိချိန်၌ ဇဝေဇဝါ ဖြစ်သွားပေသည်။
"ဝူယွမ်စစ်သူကြီးစံအိမ် ဖျက်ဆီးခံရတဲ့အမှုက ဒီလောက်တောင် ကျယ်ပြန့်နေတာလား..."
"သွေးလမင်းမြင့်မြတ်နယ်မြေက အဓိက ကြိုးကိုင်သူဖြစ်ပြီး ကောင်းကင်ကပ်ဘေးနန်းတော်ကလည်း ပါဝင်နေတယ်... နတ်လက်နက်တောင်ကြားကလည်း သံသယရှိစရာဖြစ်ပြီး ဓားတစ်သောင်းစံအိမ်၊ တန်ဆေးဂိုဏ်းနဲ့ ယွင်ရှန်းရှောင်မိသားစုတို့တောင် ပါနေသေးတယ်... ဒီအရာက..."
အခြားသူများမှာ ထုံကျဉ်သွားကြပေ၏။
ဝူယွမ်စစ်သူကြီးသည် သူတော်စင်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသည်။
သူသည် မဟာချင်အင်ပါယာရှိ စစ်သူကြီးများစွာထဲတွင် သာမန်လူတစ်ယောက်သာဖြစ်ရာ သူ့ကို လူအများအပြားက ရန်ငြိုးဖွဲ့ထားသည်ဟု ဆိုခြင်းမှာ ရယ်စရာကောင်းလှပေ၏။
"နဝမ မင်းသားကို အမှုကို ဆက်မချဲ့ဖို့ ချက်ချင်း အကြောင်းကြားလိုက်... အမှုကို ပိတ်လိုက်လို့ရပြီလို့ ငါထင်တယ်..."
"တကယ်လို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သူက တောင်တန်းတစ်သောင်းနယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်..."
"ရူးတာပဲ... တကယ်ကို ရူးတာပဲ... ဒါက အနာဂတ်မရှိတဲ့ မင်းသားတစ်ပါး ဘယ်ဟုတ်တော့မလဲ... သူက ဘိုးဘေးတစ်ပါးပဲ..."
နောင်တဓားချောက်ကမ်းပါးသည် ကောင်းကင်သို့ ထိုးတက်နေသော ဧရာမဓားကြီးတစ်လက်နှင့် တူပေသည်။
ပုံမှန်အားဖြင့် လူသူအရောက်အပေါက် နည်းပါးသော်လည်း ယနေ့တွင် လူတစ်ဦးက ကောင်းကင်မှ ကျဆင်းလာခဲ့၏။
"ဂျူနီယာမောင်လေး..."
အမျိုးသမီးတစ်ဦးက အော်ဟစ်လိုက်ပြီး ခုန်ထွက်ကာ ကျဆင်းလာသော ချူဖုန်းကို ဖက်တွယ်လိုက်သည်။
သွေးသံရဲရဲဖြစ်နေသော ချူဖုန်းကို ကြည့်ရင်း အမျိုးသမီးက ထိတ်လန့်တကြား ပြောဆိုလိုက်၏။
"ဂျူနီယာမောင်လေး... ရှောင်ဖုန်း... သတိထားပါဦး... သတိထားပါဦး"
ရင်းနှီးနေသော နွေးထွေးသည့် ပွေ့ဖက်မှုကို ခံစားလိုက်ရချိန်၌ သူသည် ယခု နောင်တဓားချောက်ကမ်းပါးသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ချူဖုန်း သိရှိသွားပေသည်။
သူက မျက်လုံးများကို ဖွင့်လိုက်ပြီး အနီးကပ် ရှိနေသော လှပသည့် စီနီယာအစ်မကို ကြည့်ကာ ဝမ်းနည်းစွာဖြင့် ပြောဆိုလိုက်သည်။
"တတိယ စီနီယာအစ်မ... တတိယ စီနီယာအစ်မမှာ တစ်ခုခု ဖြစ်သွားပြီ "
‘ဝုန်း’
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ဤအခိုက်အတန့်တွင် သူတို့၏အနီးသို့ ကျဆင်းလာခဲ့၏။
"တတိယ စီနီယာအစ်မ ဘာဖြစ်သွားတာလဲ..."
"ဂျူနီယာညီမလေး ဘာဖြစ်သွားတာလဲ..."
"ဂျူနီယာမောင်လေး... ဘာဖြစ်ခဲ့တာလဲ... တတိယ စီနီယာအစ်မက မင်းနဲ့အတူ နတ်လက်နက်တောင်ကြားမှာ ရှိနေတာ မဟုတ်ဘူးလား..."
ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်မိန်းကလေး ၅ ယောက်က ချူဖုန်းအား ဝိုင်းရံထားကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အမူအရာများ ရှိနေကြပေသည်။
"ဂျူနီယာမောင်လေး ကို အရင်သက်သာလာအောင် လုပ်ပေးလိုက်... သူက အခု ဒဏ်ရာအပြင်းအထန် ရထားတယ်..."
ဒုတိယစီနီယာအစ်မက ချူဖုန်းကို စိတ်မကောင်းစွာဖြင့် ကြည့်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ချူဖုန်းထံ ပေးအပ်လိုက်သည်။
"ဂျူနီယာမောင်လေး... ဒါကို သောက်လိုက်နော်..."
ချူဖုန်းက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ ကောင်းကင်ဝိညာဉ်သစ်သီးကို ထုတ်ယူကာ တစ်ကိုက်တည်း စားလိုက်၏။
ကောင်းကင်ဝိညာဉ်သစ်သီးသည် ဆေးလုံးများနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် အသုံးပြုရ လွယ်ကူပေသည်။
ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများကို ကုသပေးနိုင်ရုံသာမက ကျင့်ကြံမှုကိုပါ တိုးတက်စေနိုင်လေသည်။
"ဒါက ကောင်းကင်ဝိညာဉ်သစ်သီးပဲ..."
ဒုတိယစီနီယာအစ်မက အံ့အားသင့်သွားသည်။
"ဂျူနီယာမောင်လေးရဲ့ ကံကြမ္မာက တကယ်ကို ကောင်းလွန်းတယ်..."
ချူဖုန်းသည် ကောင်းကင်ဝိညာဉ်သစ်သီးကို စားသုံးပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင် ပူနွေးသော စီးကြောင်းတစ်ခု စတင်စီးဆင်းလာကာ သူ၏ ဒဏ်ရာများက မျက်စိရှေ့တွင်ပင် စတင်သက်သာလာခဲ့ပေသည်။
သူက မတ်တတ်ထလိုက်ပြီး ဝမ်းနည်းစွာဖြင့် ပြောဆိုလိုက်သည်။
"အရာအားလုံးက ကျွန်တော့်အမှားပါ... ကျွန်တော်သာ နတ်လက်နက်တောင်ကြားကို လက်စားချေဖို့ မသွားခဲ့ဘူးဆိုရင် တတိယ စီနီယာအစ်မက ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး..."
"ဟင်..."
ဒုတိယစီနီယာအစ်မက တည်ကြည်လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်၏။
"ဂျူနီယာမောင်လေး... ရှင်းရှင်းလင်းလင်း ပြောပြပါဦး... နတ်လက်နက်တောင်ကြားမှာ မင်းရဲ့ တတိယစီနီယာအစ်မကို ဖမ်းထားနိုင်တဲ့ စွမ်းအားရှိလို့လား..."
"လင်းယွဲ့ရဲ့ ကျင့်ကြံမှုက သူတော်စင်အဆင့် နောက်ပိုင်းအဆင့်ကို ရောက်နေပြီလေ... ငါသိသလောက် နတ်လက်နက်တောင်ကြားမှာ သူတော်စင်နောက်ပိုင်းအဆင့် ကျင့်ကြံသူ ရှိချင်မှ ရှိမှာ... သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူဆိုရင် ပိုတောင်ဝေးသေးတယ်... သူတို့က ဘယ်လိုလုပ်ပြီး တတိယစီနီယာအစ်မကို ဖမ်းထားနိုင်မှာလဲ…”
"အဲ့ဒါက တခြားလူတစ်ယောက်ပါ... ပြီးတော့ သူ့ဘေးမှာ သူတော်စင်အဆင့် ကျင့်ကြံသူ အတော်များများနဲ့ သူတော်စင်ဘုရင် တစ်ပါးတောင် ရှိသေးတယ်..."
"သူက ဘာလို့ ကျွန်တော့်ကို ပစ်မှတ်ထားတာလဲ ဆိုတာ ကျွန်တော် မသိဘူး... ဘာပဲဖြစ်ဖြစ် စီနီယာအစ်မက ကျွန်တော့်ကြောင့် အဖမ်းခံလိုက်ရတာပါ..."
"ဟမ့်..."
ဒုတိယစီနီယာအစ်မက အေးစက်စွာ နှာမှုတ်လိုက်၏။
"နတ်လက်နက်တောင်ကြားက တော်တော် သတ္တိရှိတာပဲ... သွားမယ် ငါနဲ့အတူ နတ်လက်နက်တောင်ကြားကို လိုက်ခဲ့..."
"ဒုတိယစီနီယာအစ်မ... သူက ကျွန်တော့်ကို သုံးရက်အတွင်း ထိုက်ရွှီမြင့်မြတ်နယ်မြေကို လာဖို့ သတင်းစကားပါးလိုက်တယ်... မဟုတ်ရင် တတိယစီနီယာအစ်မရဲ့ အလောင်းကို လာကောက်ဖို့ ပြောတယ်..."
"မာနကြီးလိုက်တာ..."
ဒုတိယစီနီယာအစ်မက အော်ဟစ်လိုက်သည်။
"ဆရာကို ဆက်သွယ်လိုက်မယ်... ဆရာနဲ့ စီနီယာအစ်မကြီးတို့ အလုပ်ကိစ္စပြီးပြီလား မသိဘူး..."
မကြာမီ တစ်ဖက်မှ အကြောင်းပြန်လာရာ ဒုတိယစီနီယာအစ်မ လျိုကျင်းကျင်းက အခြားသူများကို ပြောဆိုလိုက်သည်။
"ဆရာတို့က အမြန်ဆုံး ပြန်လာလိမ့်မယ်... သုံးရက်ဆိုတော့ အများကြီး ကွာခြားမှာ မဟုတ်ဘူးလေ..."
"ဆရာက ငါတို့ကို ထိုက်ရွှီမြင့်မြတ်နယ်မြေကို အရင်သွားခိုင်းတယ်... ငါတို့က အဲ့ဒီရောက်ရင် ထိုက်ရွှီမြင့်မြတ်နယ်မြေထဲမှာ ဆုံကြမယ်..."
"ငါတို့ရဲ့ နောင်တဓားချောက်ကမ်းပါးက တပည့်တွေကို ထိရဲတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် သွေးကြွေးနဲ့ ပြန်ဆပ်ရမယ်..."
‘ဝုန်း’
လျိုကျင်းကျင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒများ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးတက်သွားပေ၏။
"ဒုတိယစီနီယာအစ်မ... အစ်မက သူတော်စင်ဘုရင်အဆင့်ကို အဆင့်တက်လှမ်းသွားပြီလား..."
အခြားဂျူနီယာညီမများက အံ့အားသင့်သွားကြသည်။
လျိုကျင်းကျင်းက ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ပြီးတော့ ငါ့ရဲ့ ဓားဆန္ဒကလည်း တိုးတက်လာခဲ့တယ်... ဓားဆန္ဒမူလပုံစံ အသေးစားအဆင့်ကို ရောက်နေပြီဆိုတော့ တစ်ဖက်လူက ဝါရင့် သူတော်စင်ဘုရင်ဆိုရင်တောင် ငါ အနိုင်ရနိုင်တုန်းပဲပေါ့..."
"သွားကြမယ်... ဂျူနီယာညီလေး... စီနီယာအစ်မတွေက မင်းအတွက် လက်စားချေပေးမယ် "