အခန်း (၈၃)
Vol. 9 Ch. 83
အခန်း (၈၃) မျက်နှာသာအတွက်နှင့် အသက်ကို ဆုံးရှုံးလိုက်ရခြင်း
ဖုန်းထျန်းခွန်သည် တန်ဆေးဂိုဏ်းနှင့် ချင်လော့တို့အကြား ပဋိပက္ခဖြစ်နေကြောင်းကို ကြိုတင်သိရှိထားခဲ့၏။
သူက တန်ဆေးဂိုဏ်း၏ ကျေးဇူးကို ပြန်ဆပ်ရန် ဤမျှရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ခြင်းမှာ ချင်လော့အနေဖြင့် တန်ဆေးဂိုဏ်းကို တိုက်ခိုက်မည်မဟုတ်ဟု ယူဆထားသောကြောင့်ပင်။
သို့သော် သူ၏ စကားကြီးစကားကျယ်များ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ချင်လော့တို့ ရောက်ရှိလာခဲ့ပေသည်။
အကယ်၍ သူသာ နောက်ဆုတ်သွားမည်ဆိုလျှင် မျက်နှာဖြတ်ရိုက်ခံရရုံသာမက မြေပြင်ပေါ်သို့ ဖိချကာ အနင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
"ဖုန်းထျန်းခွန်ကတော့ အခု ကျားကျောပေါ်ရောက်နေပြီလို့ ငါရဲရဲကြီး ပြောရဲတယ်..."
" သေချာတယ်... သူက စကားကြီးစကားကျယ် ပြောခဲ့ပြီးမှ အခု ပြန်ရုပ်သိမ်းလိုက်ရင် ဖုန်းထျန်းခွန်ရဲ့ နာမည် ပျက်သွားမှာပဲ..."
"အခုဆိုရင် လူတိုင်းက ဖုန်းထျန်းခွန်ဟာ တန်ဆေးဂိုဏ်းကို ကျေးဇူးဆပ်ဖို့ ရှိနေတယ်ဆိုတာ သိနေကြပြီ... တကယ်လို့ သူသာ နောက်ဆုတ်သွားမယ်ဆိုရင် အနာဂတ်မှာ ဖုန်းထျန်းခွန်အတွက် အခြားသူတွေအပေါ်ယုံကြည်နိုင်စရာ အကြောင်း ရှိတော့မှာ မဟုတ်ဘူး..."
ယခုလေးတင် သူတို့က ကြောက်ရွံ့စွာ ကြည့်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ လှောင်ပြောင်သော အမူအရာများ ပြသနေကြပြီး ပွဲကောင်းတစ်ပွဲကို ကြည့်ရှုနေကြပေသည်။
ချင်လော့တို့အဖွဲ့က ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ပြီး ချင်လော့က ဖုန်းထျန်းခွန်ကို မော့ကြည့်လိုက်၏။
"ဘာလဲ... မင်းက တန်ဆေးဂိုဏ်းကို ကာကွယ်ပေးချင်နေတာလား..."
ဖုန်းထျန်းခွန်က နှုတ်ခမ်းများကို လှုပ်ရှားလိုက်သော်လည်း မည်သို့ ပြောရမည်ကို မသိတော့ချေ။
ဤအခိုက်အတန့်တွင် တန်ဆေးဂိုဏ်းအတွင်းမှ စကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။
"မျှော်စင်သခင်ဖုန်း... ဒီနေ့ ခင်ဗျားရဲ့ အကူအညီအတွက် တန်ဆေးဂိုဏ်းမှာရှိတဲ့ လူတိုင်းက ကျေးဇူးတင်ပါတယ်..."
"ဒီနေ့ကိစ္စ ပြီးသွားရင် အရင်က ဂိုဏ်းချုပ်က မျှော်စင်သခင်ဖုန်းအတွက် သူတော်စင်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ပြီးသား ဖြစ်သွားပါပြီ... ဒါပေမဲ့ ငါတို့ တန်ဆေးဂိုဏ်းကလည်း မျှော်စင်သခင်ဖုန်းကို ကျေးဇူးတင်နေမှာဖြစ်ပြီး အနာဂတ်မှာ သေချာပေါက် ကျေးဇူးတုံ့ပြန်ပါ့မယ်..."
ဤစကားက ဖုန်းထျန်းခွန်အား ကျားကျောပေါ်မှ ဆင်းရခက်စေရန် ပို၍ တွန်းပို့လိုက်သကဲ့သို့ပင်။
"တန်ဆေးဂိုဏ်းက သူ့ကို သူတော်စင်ဘုရင်အဆင့် တက်လှမ်းဖို့ ကူညီပေးခဲ့တာပဲ... ဒါက တကယ့်ကို ကြီးမားတဲ့ ကျေးဇူးကြီးပဲ..."
"ဘယ်သူက မဟုတ်ဘူးလို့ ပြောနေလို့လဲ... ဒီလောက် ကြီးမားတဲ့ ကျေးဇူးကိုမှ ပြန်မဆပ်ဘူးဆိုရင် တာအိုနှလုံးသား မတည်မငြိမ် ဖြစ်သွားလိမ့်မယ်..."
"တကယ်လို့ တစ်ယောက်ယောက်ကသာ ငါ့ကို သူတော်စင်ဘုရင်အဆင့် ရောက်အောင် ကူညီပေးခဲ့မယ်ဆိုရင်... ငါ သေချာပေါက် အသက်ကိုပေးပြီး ဒီကျေးဇူးကြီးကို ပြန်ဆပ်မှာပဲ..."
သူတော်စင်နယ်ပယ်တွင် အဆင့်တစ်ဆင့်ချင်းစီ တက်လှမ်းခြင်းသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားပေသည်။
သူတော်စင်အဆင့်သို့ တက်လှမ်းခြင်းမှာ ရိုးရှင်းနိုင်သော်လည်း သူတော်စင်ဘုရင်အဆင့်သို့ တက်လှမ်းခြင်းသည်ကား လူတစ်ရာတွင် တစ်ယောက်ပင် မရှိနိုင်ချေ။
ဤအဆင့်အတွက် သူတော်စင်အဆင့် ကျင့်ကြံသူ အများအပြားသည် အသက်စွန့်၍ တိုက်ခိုက်ရန် ဆန္ဒရှိကြပေသည်။
ဖုန်းထျန်းခွန်သည် သူ၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရသဖြင့် စိတ်ထဲတွင် အလွန် ဒေါသထွက်သွားခဲ့ပြီး ထိုသို့ပြောခဲ့သော တန်ဆေးဂိုဏ်းမှ သူတော်စင်၏ မိသားစုတစ်စုလုံးကို စိတ်ထဲမှ ကျိန်ဆဲလိုက်တော့သည်။
မထင်မှတ်ဘဲ တစ်ဖက်လူက ထပ်မံစကားပြောလာပြီး ဖုန်းထျန်းခွန်ကို မီးပေါ်တင်၍ ကင်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့၏။
"မျှော်စင်သခင်ဖုန်း... တကယ်လို့ ငါတို့ တန်ဆေးဂိုဏ်းကို အမှန်တကယ် မကူညီချင်ဘူးဆိုရင်လည်း တန်ဆေးဂိုဏ်းက လူတွေအားလုံး မိတ်ဆွေကို အပြစ်တင်မှာ မဟုတ်ပါဘူး..."
"ဒီနေ့ ငါတို့က တန်ဆေးဂိုဏ်းရဲ့ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အမွေအနှစ်ကို ကာကွယ်ဖို့အတွက် သေချာပေါက် သေသည်အထိ တိုက်ပွဲဝင်သွားမှာပါ... အရင်တုန်းက သံယောဇဉ်ကို ထောက်ထားပြီး ငါတို့ တန်ဆေးဂိုဏ်းက လူတွေရဲ့ အလောင်းတွေကို ကောက်ပေးဖို့ မျှော်စင်သခင်ဖုန်းကို တောင်းဆိုပါရစေ..."
‘တောက်... ဒါက ငါ့အတွက် ပြဿနာရှာနေတာ မဟုတ်ဘူးလား... ရလဒ်အနေနဲ့ ငါက အလယ်မှာ ပိတ်မိနေပြီ ’
"မင်းက ငါ့ကို တားချင်နေတာလား..."
ချင်လော့က ဖုန်းထျန်းခွန်ကို ကြည့်ကာ ဆက်မေးလိုက်သည်။
"အခြေအနေကို နားလည်တဲ့သူကမှ လူတော်လို့ ငါအကြံပေးပါရစေ... မျက်နှာရဖို့သက်သက်နဲ့ ကိုယ့်အသက်ကို အချည်းနှီး မဆုံးရှုံးစေနဲ့..."
ဖုန်းထျန်းခွန်သည် ဤအခိုက်အတန့်တွင် လူအများအပြားက သူ့အား ဟာသလုပ်နေကြကြောင်း ခံစားလိုက်ရပြီးနောက် လေးနက်သော အသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။
"တန်ဆေးဂိုဏ်းချုပ် လုယွမ်က ငါ့အပေါ် ကြီးမားတဲ့ ကျေးဇူးရှိခဲ့ဖူးတယ်... ဒီနေ့ ငါ့ကို မျက်နှာသာပေးလို့ ရမလား... ခဏလောက် နောက်ဆုတ်ပေးပါ..."
သူက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး တန်ဆေးဂိုဏ်းကို တစ်ရက်ခန့် ကာကွယ်ထားနိုင်လျှင် ကျေးဇူးဆပ်ပြီးရာ ကျလိမ့်မည်ဟု ခံစားလိုက်ရသည်။
"တကယ်လို့ မိတ်ဆွေက ဒီနေ့ နောက်ဆုတ်ပေးမယ်ဆိုရင် ဖုန်ယွင်မျှော်စင်က မိတ်ဆွေကို ကျေးဇူးတင်နေမှာပါ... ဘယ်လိုလဲ..."
ချင်လော့က လှောင်ပြောင်လိုက်သည်။
"စိတ်မကောင်းပါဘူး... ငါ့ရှေ့မှာတော့ မင်းရဲ့ မျက်နှာက ဘာမှတန်ဖိုးမရှိဘူး... ကျေးဇူးတရားဆိုရင်လည်း ဟားဟား..."
"ဒီအရာကို မင်း ပြန်ဆပ်မှာလား..."
ဖုန်းထျန်းခွန် နားလည်အောင် မပြောပြနိုင်သော်လည်း သူ၏အမြင်တွင် ဤကျေးဇူးက အမှန်တကယ်ပင် တန်ဖိုးမရှိချေ။
ဤသည်က ဖုန်းထျန်းခွန်၏ မျက်နှာကို မြေပြင်ပေါ်သို့ ပစ်ချကာ ပြင်းပြင်းထန်ထန် နင်းချေလိုက်ခြင်းပင် ဖြစ်၏။
ရွှံ့ရုပ်တွင်ပင် မီးကြွင်းမီးကျန် ရှိနေသေးရာ သူကဲ့သို့သော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
‘ဝုန်း’
ပြင်းထန်သော အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တိုက်ရိုက်ထိုးတက်သွားကာ လေနှင့်တိမ်တိုက်များ၏ အရောင်ကိုပင် ပြောင်းလဲသွားစေခဲ့သည်။
သူက လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"တန်ဆေးဂိုဏ်းက ငါ့အပေါ် ကျေးဇူးရှိတယ်... ဒီနေ့ ငါက ဒီတိုင်း ရပ်နေလို့မရဘူး..."
"သူ့ကို သတ်လိုက်..."
ချင်လော့က အပိုစကားများ မပြောတော့ချေ။
စကားသံ ဆုံးသွားသည်နှင့် စုချန်ချန်က လှုပ်ရှားလိုက်ပြီး သူတော်စင်လက်နက် အတော်များများကို အသုံးပြုလိုက်သည်။
ယခုအခါ စုချန်ချန်သည် အလွန် ရက်ရောနေပြီး သူ၏ လှုပ်ရှားမှုများက သတ်ဖြတ်ရန် အကွက်များသာ ဖြစ်ကာ ဖုန်းထျန်းခွန်အတွက် ထွက်ပြေးရန် အခွင့်အရေး အနည်းငယ်မျှပင် မချန်ထားခဲ့ချေ။
ဖုန်းထျန်းခွန်သည် ချင်လော့တို့အဖွဲ့ကို ရှုံးနိမ့်သွားလျှင်ပင် ထွက်ပြေးရန် ပြဿနာကြီးကြီးမားမား မရှိနိုင်ဟု တွေးထင်ထားခဲ့သည်။
ဤနည်းအားဖြင့် မိမိကိုယ်ကို မျက်နှာပန်းလှစေရန်အတွက် ကျေးဇူးဆပ်လိုက်ခြင်းအဖြစ် မှတ်ယူနိုင်ပေသည်။
သို့သော် ဤစွမ်းအား၏ အငွေ့အသက်ကို ခံစားလိုက်ရချိန်၌ သူ၏ တစ်ကိုယ်လုံး ထုံကျဉ်သွားခဲ့သည်။
ရုတ်တရက် မဟာသူတော်စင်ကြီး ဖြစ်လာသူက အဘယ်ကြောင့် အသက်လုတိုက်ခိုက်သည့် အနေအထားမျိုး ဖြစ်နေရသနည်း။
သူ၏ စိတ်ထဲတွင် စကားလုံးတစ်လုံးတည်းသာ ပေါ်လာခဲ့သည်။
"ပြေး..."
"ထွက်ပြေးချင်နေတာလား... နောက်ကျသွားပြီ..."
စုချန်ချန်၏ လက်ထဲရှိ သူတော်စင်လက်နက် အနည်းငယ်က ပြင်းထန်စွာ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းသွားသော တံဆိပ်တုံးကြီးတစ်ခုက ဖုန်းထျန်းခွန်ဆီသို့ ကျဆင်းလာခဲ့သည်။
"အရမ်း ကြောက်စရာကောင်းတာပဲ..."
"ဒါက... ဒါက မဟာသူတော်စင်အဆင့် ကျင့်ကြံသူလား... တကယ့်ကို ထိတ်လန့်စရာပဲ..."
အမှောင်ထဲတွင် ပုန်းကွယ်နေသော သူတော်စင်များ၏ မျက်နှာများမှာ တစ်ယောက်ပြီး တစ်ယောက် ပြင်းထန်စွာ ပြောင်းလဲသွားကြပြီး အားလုံးက အသက်ရှူကျပ်သွားသည့် ခံစားချက်မျိုးကို ခံစားလိုက်ကြရ၏။
စုချန်ချန်၏ အတွေးတစ်ချက်ဖြင့်ပင် သူတို့ကို နေရာမှာတင် ချေမွပစ်နိုင်မည်ဟု သူတို့ ခံစားလိုက်ရသည်။
ဖုန်းထျန်းခွန်သည် စုချန်ချန်ကို ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း စုချန်ချန်၏ တိုက်ခိုက်မှုအောက်တွင် နည်းလမ်းများအားလုံး ပြိုလဲသွားခဲ့သည်။
သေချင်စော်နံလာသည့် ခံစားချက်က သူ့ကို ရိုက်ခတ်သွားပြီး ဖုန်းထျန်းခွန်က ချက်ချင်းပင် အသက်ချမ်းသာပေးရန် တောင်းပန်လိုက်သည်။
"မလုပ်ပါနဲ့... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..."
လက်ဝါးရိုက်ချက်တစ်ခုက ဖုန်းထျန်းခွန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး သူ၏ တစ်ကိုယ်လုံး ပြိုကွဲသွားတော့မည်ဟု ခံစားလိုက်ရသည်။
မဟာသူတော်စင်၏ တိုက်ခိုက်မှုက အလွန် ထိတ်လန့်ဖွယ်ကောင်းလှပေ၏။
ဘန်း။
သူ၏ တစ်ကိုယ်လုံးက တန်ဆေးဂိုဏ်း၏ အစီအရင်ကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားပြီး အစီအရင်တစ်ခုလုံး လှိုင်းဂယက်ထသွားခဲ့သည်။
သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် ဟန့်တားနိုင်သည်ဟု ဆိုထားသော အစီအရင်ကြီးသည် ပြိုလဲသွားခဲ့ရသည်။
ဖုန်းထျန်းခွန်၏ ကျဆင်းလာသော အရှိန်က လျော့ကျမသွားဘဲ တန်ဆေးဂိုဏ်းမှ ဂိုဏ်းသားများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် တန်ဆေးဂိုဏ်း၏ အမြင့်ဆုံးတောင်ထွတ်ဆီသို့ ပြင်းထန်စွာ ရိုက်မိသွားခဲ့သည်။
ထိုနေရာရှိ ဂိုဏ်းချုပ်ခန်းမဆောင်ကြီးမှာ သူ့ကြောင့် အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
‘ဖူး’
ဖုန်းထျန်းခွန်က လေထဲတွင် ရှိနေစဉ် သွေးများ အဆက်မပြတ် အန်ထုတ်နေပြီး သွေးခဲများပါ ရောနှောနေကာ သွေးရေတံခွန်ကြီး တစ်ခုအလား ဖြစ်နေခဲ့သည်။
စုချန်ချန်သည် လေထဲတွင် ရပ်နေပြီး တန်ဆေးဂိုဏ်း အတွင်းရှိ အရာအားလုံးကို ငုံ့ကြည့်နေခဲ့၏။
ဖုန်းထျန်းခွန်သည် အပျက်အစီးများကြားမှ ရုန်းကန်ထွက်ပေါ်လာသော်လည်း သူသည် သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ယခုအခါတွင် သူ အလွန်နောင်တရနေမိပြီဖြစ်သည်။ သူ မလာခဲ့သင့်ချေ။
ကိုယ်ကျင့်တရားအရ အပြစ်တင်ခံရခြင်းက အသက်ဆုံးရှုံးရခြင်းထက် များစွာ ပိုကောင်းလှပေသည်။
နောက်တစ်ခဏတွင် သူ့ကို ပို၍ နောင်တရစေမည့် အရာတစ်ခု ပေါ်လာခဲ့သည်။
တန်ဆေးဂိုဏ်း၏ ယာယီဂိုဏ်းချုပ်၊ တန်ဆေးဂိုဏ်းတွင် တစ်ဦးတည်း ကျန်ရစ်သော သူတော်စင်က တန်ဆေးဂိုဏ်း၏ အကြီးအကဲ အားလုံးကို ခေါ်ဆောင်ကာ လေထဲရှိ စုချန်ချန်ကို အရိုအသေပေးလိုက်၏။
"တတန်ဆေးဂိုဏ်းက လက်နက်ချဖို့ ဆန္ဒရှိပါတယ်... စီနီယာအနေနဲ့ ကရုဏာသက်ပြီး ကျွန်ုပ်တို့ တန်ဆေးဂိုဏ်းရဲ့ အမွေအနှစ်ကို ချန်ထားပေးပါ..."
‘ဖူး’
ဖုန်းထျန်းခွန်သည် နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး တန်ဆေးဂိုဏ်းမှ ထိုလူများကို ဝါးမျိုမည့်အလား ကြည့်လိုက်သည်။
သူက ဘာလဲ။ သူက တန်ဆေးဂိုဏ်းအတွက် အသတ်ခံရတော့မည့်အချိန်တွင် တန်ဆေးဂိုဏ်းက တကယ်ကြီး ဒူးထောက်လိုက်သည်လား။
"အား... ငါ နောင်တရတယ်..."
ဖုန်းထျန်းခွန်၏ ဟိန်းဟောက်သံနှင့်အတူ ဂုဏ်သိက္ခာကြီးမားသော သူတော်စင်ဘုရင်သည် ဤအခိုက်အတန့်တွင် ဒေါသထွက်လွန်း၍ သေဆုံးသွားခဲ့ပေသည်။
ချင်လော့က သေဆုံးသွားသော ဖုန်းထျန်းခွန်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မကောင်းစွာဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒီ သနားစရာကောင်းတဲ့ မျက်နှာသာလေးအတွက်နဲ့ ကိုယ့်အသက်ကို ဆုံးရှုံးရတာ တန်လို့လား..."
သူက ဖုန်းထျန်းခွန်၏ အနီးသို့ ပျံသန်းသွားပြီး လူသားဧကရာဇ်အလံကို ထုတ်ယူလိုက်သည်။
သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူကို အလဟဿ မဖြစ်စေသင့်ချေ။
ထို့နောက် သူက တန်ဆေးဂိုဏ်းမှ အဆင့်မြင့် အရာရှိအချို့ကို ကြည့်ကာ အမိန့်ပေးလိုက်၏။
"မင်းတို့ တန်ဆေးဂိုဏ်းရဲ့ အရင်းအမြစ်တွေ အားလုံးကို ငါ့ဆီ လာပေးကြ..."
"မှတ်ထားပါ... အဲဒါက မင်းတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်ထဲက အရာတွေအပါအဝင် အားလုံးကို ပြောတာပဲ..."
"မဟုတ်ရင် မင်းတို့ တန်ဆေးဂိုဏ်းရဲ့ အမွေအနှစ်ကို ဖြတ်တောက်လိုက်ဖို့ ငါ ဝန်လေးနေမှာ မဟုတ်ဘူး..."