အခန်း (၈၅)
Vol. 9 Ch. 85
အခန်း (၈၅) ထိုက်ရွှီက ရန်ငြိုးများ ပြီးဆုံးသွားပြီ၊ ချူဖုန်းက သူ၏စီနီယာအစ်မများနှင့်အတူ ရောက်လာပြီ
မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်က ကောင်းကင်ကိုဆန့်ကျင်သော ခြေတံရှည်တစ်စုံဖြစ်ပြီး၊ ဤခြေတံများသည် သူ၏အသက်ထက်ပင် ပိုရှည်နေသည်ဟု ချင်လော့ ခံစားလိုက်ရပေ၏။
နတ်ဆိုးဆန်သော ခန္ဓာကိုယ်အချိုးအစား၊ နတ်သမီးကဲ့သို့ မျက်နှာနှင့် လေထဲတွင် လွင့်ပျံနေသော ဆံကေသာရှည်တို့နှင့်အတူ မှတ်ဉာဏ်များသည် သူ၏စိတ်ထဲတွင် ချက်ချင်း ပွင့်ဟလာခဲ့သည်။
"ရဲ့လင်းရွှမ်..."
ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ရုပ်ရည်သွင်ပြင်ကသာ တရားမျှတမှုဖြစ်သည်ဟု ထင်မြင်ခဲ့ဖူးသဖြင့် ရဲ့လင်းရွှမ်၏ အသက်တစ်ချောင်းကို ကယ်တင်ခဲ့လေ၏။
ယခု လူကိုယ်တိုင် ပေါ်လာသည်ကို အမှန်တကယ် မြင်တွေ့ရချိန်တွင် ယခင်ပိုင်ရှင်က အဘယ်ကြောင့် ထိုသို့တွေးခဲ့သနည်းဆိုသည်ကို ချင်လော့ နားလည်သွားခဲ့သည်။
အကြောင်းမူကား ဤမိန်းမပျိုသည် အလွန်လှပလွန်းပြီး၊ လှပလွန်းလှသဖြင့် လက်တွေ့မဆန်ဟုပင် ခံစားရသောကြောင့် ဖြစ်ပေသည်။
ဆွဲဆောင်မှုရှိသော နတ်ဆိုးမလေးတစ်ပါးကဲ့သို့ပင်။
ယခင်က လင်းယွဲ့ယောင်နှင့်မတူဘဲ ဆွဲဆောင်ခြင်းပညာရပ်ကို အသုံးပြုရန် လိုအပ်နေဆဲဖြစ်သည်။
ဤမိန်းမပျို လျှောက်ထွက်လာသည်နှင့် တစ်ပြိုင်နက် ချင်လော့၏ အာရုံများ ခေတ္တမျှ လွင့်ပါးသွားခဲ့ရ၏။
‘အဟမ်း…’
သို့သော် သူ အာရုံလွင့်သွားရခြင်းမှာ သူမ၏ မျက်နှာကြောင့်မဟုတ်ဘဲ ခြေတံရှည်များကြောင့်ပင် ဖြစ်သည်။
အရမ်းရှည်လွန်းလှသည်၊ ကောင်းကင်ကိုပင် ဆန့်ကျင်နေပေ၏။
"မတွေ့ရတာ ကြာပြီပဲ..."
ရဲ့လင်းရွှမ်က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒီမှာ ရှင့်ကို စောင့်နေတာ ဆယ်ရက်ရှိပြီ... နောက်ဆုံးတော့ ရှင် ရောက်လာပြီပေါ့..."
"ငါ့ကို စောင့်ဖို့အတွက် သက်သက် ဒီကို လာခဲ့တာလား..."
ချင်လော့က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
သူက ဤမိန်းမပျိုနှင့် ထိုမျှအထိ ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ ယခင်က သူတို့သည် မတူညီသော အင်အားစုများမှ ဖြစ်ကြသည်။
နတ်ဆိုးဂိုဏ်း၏ ထူးဆန်းသော အပြုအမူများကြောင့် တောင်တန်းတစ်သောင်းနယ်မြေအတွင်းရှိ ဂိုဏ်းအတော်များများနှင့် ရန်ငြိုးရန်စများ ရှိကြသည်။
ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ မရှိတော့သော်လည်း၊ ထိုက်ရွှီမြင့်မြတ်နယ်မြေသည် အခြားသောဂိုဏ်းအချို့နှင့်အတူ ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး မဟာမိတ်စာချုပ်တစ်ခု ရှိနေဆဲဖြစ်ပြီး သူတို့၏ တစ်ခုတည်းသော ရန်သူမှာ နတ်ဆိုးဂိုဏ်းပင် ဖြစ်လေ၏။
သူတို့နှစ်ဦးကြားရှိ တစ်ခုတည်းသော ပတ်သက်မှုမှာ ချင်လော့က ရဲ့လင်းရွှမ်၏ အသက်ကို ကယ်တင်ခဲ့ခြင်သာ ဖြစ်သည်။
"အရင်တုန်းက ရှင် ကျွန်မအသက်ကို ကယ်ခဲ့တယ်... အခုက အဲ့ဒီကျေးဇူးကို ဆပ်ဖို့ လာခဲ့တာ..."
ချင်လော့ အံ့အားသင့်သွားပြီး ရဲ့လင်းရွှမ်ကို ကြည့်လိုက်သည်။
ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် အကူအညီပေးမှုကို အသုံးချ၍ တစ်စုံတစ်ရာ ပြန်လည်တောင်းဆိုမည့်သူမျိုး မဟုတ်ပေ။
သူကတော့…
သူက ရဲ့လင်းရွှမ်ကို အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်သည်။
အကယ်၍ ရဲ့လင်းရွှမ်ကသာ ဤတောင်းဆိုမှုကို ပြုလုပ်လာခဲ့မည်ဆိုလျှင် သူ စဉ်းစားပေးနိုင်သည်။
သို့သော် မကြာမီမှာပင် သူ စိတ်ကူးယဉ်နေမိကြောင်းကို ချင်လော့ သိရှိသွားခဲ့၏။
ရဲ့လင်းရွှမ်က ဖြည်းညင်းစွာ ပြောဆိုလာသည်ကိုသာ ကြားလိုက်ရသည်။
"ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ ရှင့်ကို ကယ်တင်ဖို့ အရင်က စီစဉ်ထားခဲ့တာ... ဒါပေမဲ့ ရှင့်မှာ လျှို့ဝှက်နောက်ခံတစ်ခု ရှိနေမယ်လို့ ထင်မထားခဲ့ဘူး..."
"ကျွန်မ ရှင့်ကို ကယ်တင်ဖို့ မလိုတော့ပေမဲ့ အသက်ကယ်ခဲ့တဲ့ ကျေးဇူးကိုတော့ ဆပ်ဖို့ အကြွေးတင်နေတုန်းပဲ..."
"ဒါကြောင့် ထိုက်ရွှီမြင့်မြတ်နယ်မြေကို ရှင်းလင်းဖျက်ဆီးဖို့ ကျွန်မ ကူညီပေးခဲ့တယ်... ဒါပေမဲ့ လုံးဝတော့ မဟုတ်ဘူး... အသက်ရှင်နေသေးတဲ့သူတွေ အားလုံးကို ကျွန်မ ဖမ်းဆီးထားပြီး ရှင် ရောက်လာမယ့်အချိန်ကို စောင့်နေတာ... သူတို့ကို ရှင် ကြိုက်သလို စီမံနိုင်တယ်..."
ချင်လော့ ချက်ချင်းပင် အရာအားလုံးကို နားလည်သွားတော့၏၊ ထို့ကြောင့် ဤမြင်ကွင်းမျိုး ဖြစ်လာခဲ့သည်။
သို့သော်လည်း သူက ရဲ့လင်းရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"နေဦး... အဲ့ဒါက မမှန်ဘူးလေ ရဲ့လင်းရွှမ်... ထိုက်ရွှီမြင့်မြတ်နယ်မြေကို ငါကိုယ်တိုင်လည်း ဖျက်ဆီးနိုင်တယ်... အခု ဒီကို လာခဲ့တာလည်း ထိုက်ရွှီမြင့်မြတ်နယ်မြေကို ရှင်းလင်းဖို့ပဲ..."
"ငါ့ရဲ့ အသက်ကယ်ကျေးဇူးကို ဒီလိုနည်းနဲ့ ပြန်ဆပ်တာက နည်းနည်းလေး မသင့်တော်ဘူးလို့ မထင်ဘူးလား..."
ရဲ့လင်းရွှမ်က ပွင့်လင်းစွာပင် ပြောဆိုလိုက်သည်။
"ရှင်က အခု မဟာချင်အင်ပါယာကလူ ဖြစ်နေပြီ... ရှင့်ရဲ့ ရန်သူက အရမ်းသန်မာဖို့ သေချာနေတယ်... ကျွန်မတို့ နတ်ဆိုးဂိုဏ်းရဲ့ စွမ်းအားက အကန့်အသတ်ရှိတယ်..."
"ရှင့်ရဲ့ အသက်ကယ်ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် နတ်ဆိုးဂိုဏ်းကို ဒုက္ခတွင်းထဲ ဆွဲမချနိုင်ဘူး... ပြီးတော့ ထိုက်ရွှီမြင့်မြတ်နယ်မြေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာတောင် ကျွန်မရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေတယ်…”
ဤစကားက ချင်လော့ကို ဆွံ့အသွားစေခဲ့သည်။
ဤမိန်းမပျိုသည် အမှန်တကယ်ပင် ဉာဏ်ကောင်းသူဖြစ်ကြောင်း သူ ဝန်ခံရမည်ဖြစ်သည်။
'တုံးဇီလိုမိန်းမမျိုးက ကံကြမ္မာသမီးတော် မဟုတ်ဘူးလား...'
ချင်လော့က သူ၏စိတ်ထဲတွင် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
ပုံမှန် ဇာတ်လမ်းသွားများအရဆိုလျှင် ဤသို့သော အမျိုးသမီးမျိုးသည် ဇာတ်လိုက်အား ကြီးမားသော ထောက်ပံ့မှုများ ပေးလေ့ရှိပြီး အဆုံးတွင် သူမ၏ ကိုယ်ပိုင်နေရာဖြစ်သော နတ်ဆိုးဂိုဏ်းကိုပင် သူ့အတွက် သစ္စာဖောက်လေ့ရှိသည်။
[ကံကြမ္မာသမီးတော် ဆိုသည်မှာ ကောင်းကင်တာအို၏ စောင့်ရှောက်မှုကို ခံရသူဖြစ်သည်။ ဒါက ပါရမီ၊ ကျင့်ကြံမှု၊ သို့မဟုတ် နောက်ခံသမိုင်းကြောင်းများကို ဆိုလိုခြင်း မဟုတ်ပါ။ သူမ၏ အမွေအနှစ်များမှာ ဤကမ္ဘာမှ မဟုတ်သောကြောင့် ဇာတ်လိုက်ကဲ့သို့ နာမည်ပျက်စာရင်းသွင်းခံရသူ မဖြစ်လာခြင်းကပင် ကံကြမ္မာမဆိုးလှဟု မှတ်ယူနိုင်ပါသည်]
ချင်လော့၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရဲ့လင်းရွှမ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ဒါက မလုံလောက်သေးဘူးလို့ ငါ ထင်တယ်... ဒီမှာရှိတဲ့ လူတစ်ယောက်ကို ရှင်းဖို့ ငါ့ကို ကူညီပေးရင်ရော ဘယ်လိုလဲ..."
"ဘယ်သူလဲ..."
ရဲ့လင်းရွှမ်က မေးမြန်းလိုက်၏။
"နောင်တဓားချောက်ကမ်းပါးက လူ..."
ရဲ့လင်းရွှမ်၏ အကြည့်များ ကျဉ်းမြောင်းသွားသည်၊ သူမအနေဖြင့် နောင်တဓားချောက်ကမ်းပါး အကြောင်းကို သိရှိထားကြောင်း ထင်ရှားပေသည်။
သူမက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်၏။
"မရဘူး... နတ်ဆိုးဂိုဏ်းက သူမကို ရန်စဖို့ မတတ်နိုင်ဘူး..."
"သူမက မဟာသူတော်စင်တစ်ပါး ဖြစ်တဲ့အပြင် ဓားကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်တယ်... အရင်တုန်းက သူမ မဟာသူတော်စင် မဖြစ်ခင်ကတောင် မဟာသူတော်စင် တစ်ပါးကို မရှုံးနိမ့်ဘဲ တိုက်ခိုက်နိုင်ခဲ့တယ်... အခုဆိုရင် သူမရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲဆိုတာ စဉ်းစားသာ ကြည့်တော့..."
"ရှင့်ကို အကြံပေးပါရစေ... သူမနဲ့ ပဋိပက္ခ မဖြစ်ပါစေနဲ့... ရှင့်ရဲ့ မဟာချင်အင်ပါယာကိုပဲ ပြန်ပြီး ပုန်းနေလိုက်ပါ... မဟုတ်ရင် ရှင် သေသွားနိုင်တယ်..."
"ရှင့်ရဲ့ အဖိုးက မဟာသူတော်စင်အဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်နေရင်တောင် ရှင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး..."
သူမအနေဖြင့် ငြင်းပယ်လိုက်ရခြင်းအပေါ် တစ်ဖက်တွင် ချင်လော့အတွက် အနည်းငယ် ရက်စက်လွန်းသလို ခံစားမိနေခဲ့သည်။
သို့မဟုတ် ချင်လော့ ပြောခဲ့သည့်အတိုင်း၊ ထိုက်ရွှီမြင့်မြတ်နယ်မြေကို ရှင်းလင်းပေးရုံမျှဖြင့် အသက်ကယ်ကျေးဇူးကို အပြည့်အဝ ပြန်ဆပ်ရာ မရောက်သေးဟု တွေးမိနေခြင်းလည်း ဖြစ်နိုင်ပေသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက တစ်စုံတစ်ရာကို ပစ်ပေးလိုက်သည်။
ဝှစ်…
ထိုအရာက ချင်လော့၏ အရှေ့သို့ လွင့်ပျံလာခဲ့သည်။
သူမက ရှင်းပြလိုက်သည်။
"ဒါက ကောင်းကင်ထိုးဖောက်အပ်ပဲ... အရေးကြီးတဲ့ အချိန်ကျရင် ရှင့်အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်..."
"အဲ့ဒီနေ့က အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ဆပ်ပြီးသွားပြီ... အခုကစပြီး ငါတို့ အချင်းချင်း ဘာအကြွေးမှ မရှိတော့ဘူး..."
ရဲ့လင်းရွှမ်က ထိုသို့ပြောပြီးနောက် လှည့်ကာ ထိုက်ရွှီမြင့်မြတ်နယ်မြေ အတွင်းပိုင်းသို့ လျှောက်သွားခဲ့သည်။
မကြာမီမှာပင် နတ်ဆိုးဂိုဏ်းသားများသည် သူတို့၏ သားရဲများကို တစ်ကောင်ပြီးတစ်ကောင် အသက်သွင်းကာ ထိုက်ရွှီမြင့်မြတ်နယ်မြေမှ ထွက်ခွာသွားကြတော့၏။
"ဒီမိန်းမက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ..."
ချင်လော့က သူ၏လက်ထဲရှိ အပ်ကို ကစားရင်း ရဲ့လင်းရွှမ်တို့ ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်ကာ ရယ်မောလိုက်သည်။
" စည်းမျဥ်းကိုလက်ကိုင်ထားတဲ့ လူတွေကို ငါ သဘောကျတယ်..."
"ငါတို့ ထပ်တွေ့ရဦးမယ်လို့ ခံစားမိတယ်..."
"အရင်ဆုံး ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတွေ ဘယ်လိုအခြေအနေ ရှိလဲဆိုတာ သွားကြည့်ကြရအောင် "
သူတို့အားလုံး အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရပြီး ထိုက်ရွှီဘိုးဘေး၏ ခြေလက်များကို ဧရာမသံကြိုးကြီးများဖြင့် ထိုးဖောက်ကာ သူ၏ကျင့်ကြံမှုကို ချိတ်ပိတ်ထားလေ၏။
ချင်လော့ကို မြင်တွေ့လိုက်ရချိန်တွင် သူက မျက်လုံးများကို ဖွင့်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"မင်းလို ခွေးကောင်လေး... ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေက မင်းကို ပျိုးထောင်ပေးခဲ့တာကို မင်းက ထိုက်ရွှီမြင့်မြတ်နယ်မြေကို ဒီလိုပြန်ပြီး ကျေးဇူးဆပ်ရတာလား..."
"ငါ အရမ်းမုန်းတယ်... ကျေးဇူးကန်းတဲ့ကောင်၊ အစောကြီးဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် မင်း ဝဋ်လည်လိမ့်မယ်..."
ချင်လော့က ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။
"အဘိုးကြီး... ထိုက်ရွှီမြင့်မြတ်နယ်မြေက ကျုပ်ကို ပျိုးထောင်ပေးခဲ့တဲ့ အရင်းအမြစ်တွေက ကျုပ်ရဲ့ဆရာ ပေးခဲ့တာတွေပဲ... ပြီးတော့ ကျုပ်ရဲ့ဆရာက ဒီအကြောင်းပြချက်အတွက် ထိုက်ရွှီမြင့်မြတ်နယ်မြေကို ဘယ်လောက်တောင် ပေးဆပ်ခဲ့ရသလဲ... ဇာတ်လမ်းအစအဆုံးကို ခင်ဗျား သိတာပဲလေ… ကျုပ် အသေးစိတ် မပြောတော့ဘူး…”
"ဒါပေမဲ့ ဆရာ အန္တရာယ်နဲ့ ရင်ဆိုင်ရပြီး မြင့်မြတ်နယ်မြေကို အကူအညီ လှမ်းတောင်းတဲ့အချိန်တုန်းက ခင်ဗျားတို့ သွားမကယ်ခဲ့ဘူးလေ... နောက်ဆုံးတော့ သူ့ရဲ့ ရုပ်အလောင်းကို သူ့သူငယ်ချင်းကပဲ သယ်လာပေးခဲ့ရတယ်..."
"ကျုပ်က ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် တစ်ပါး ဖြစ်ပေမဲ့ မြင့်မြတ်နယ်မြေအပေါ်မှာ ကျေးဇူးတင်တဲ့စိတ် မရှိဘူး... ဒါ့အပြင် ခင်ဗျားတို့က ကျုပ်ကို စီရင်ချက်ချပြီး သတ်ပစ်ဖို့တောင် ရည်ရွယ်ခဲ့သေးတယ်..."
သူက သူ့ဘာသာ တိတ်တဆိတ် ရေရွတ်လိုက်၏။
"အဲ့ဒီအချိန်တုန်းက ကျုပ်ကိုယ်ကျုပ်ပဲကယ်တင်ခဲ့ရတာ... ကျုပ်တို့ကြားမှာ ရန်ငြိုးတွေပဲရှိပြီး ကျေးဇူးတရားဆိုတာ မရှိဘူး... ကျုပ်က ကျေးဇူးနဲ့ ရန်ငြိုးကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်တဲ့သူပဲ..."
"ဒါကြောင့် ထိုက်ရွှီမြင့်မြတ်နယ်မြေကို ဖျက်ဆီးပစ်ရတဲ့အပေါ်မှာ ကျုပ် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး နည်းနည်းလေးမှ မရှိဘူး..."
"ခင်ဗျား မသိသေးဘူးလို့ ထင်တယ်... မှန်တယ်၊ လျိုချန်ဟယ်က ခင်ဗျားထက်အရင် သွားနှင့်ပြီ... မြန်မြန် လိုက်သွားလိုက်ဦး... တကယ်လို့ အမြန်လိုက်သွားရင် သူ့ကို မှီကောင်း မှီနိုင်လောက်တယ်..."
"မဟုတ်သေးဘူး၊ မဟုတ်သေးဘူး... ကျုပ် စကားမှားသွားတယ်... ခင်ဗျား လိုက်သွားစရာ မလိုပါဘူး... ခင်ဗျားတို့ တွေ့ရအောင် သိပ်မကြာခင် ပို့ပေးလိုက်မယ်..."
"ဒီတစ်ကြိမ်တော့ ခင်ဗျားတို့ သေသေချာချာ ညီအစ်ကိုတွေ လုပ်လို့ရပြီ..."
လူသားဧကရာဇ်အလံအတွင်း၌ ဝိညာဉ်အားလုံးသည် တန်းတူညီမျှဖြစ်ကြသည်၊ ဘိုးဘေးနှင့် သူတော်စင်အရှင်သခင်ဟူ၍ လုံးဝ မရှိတော့ချေ။
ထိုက်ရွှီမြင့်မြတ်နယ်မြေအတွင်း၌၊ ချင်လော့သည် လင်းရော့ရွှမ်တစ်ယောက်တည်းကိုသာ လွှတ်ပေးခဲ့လေ၏။
ချင်လော့ တရားစီရင်ခံရချိန်က သူမသည် သူ၏ဘက်မှ ရပ်တည်ပြောဆိုပေးခဲ့သော တစ်ဦးတည်းသော အကြီးအကဲဖြစ်ပေသည်။
သူမသည် ချင်လော့၏ ပါရမီကြောင့်ဖြစ်စေ၊ သို့မဟုတ် အခြားအကြောင်းပြချက်များကြောင့်ဖြစ်စေ မည်သို့ပင်ဆိုစေကာမူ သူ့ကို သတ်ဖြတ်လိုသူများကို တားဆီးရန် သူမ ပြောဆိုပေးခဲ့ခြင်း ဖြစ်သည်။
"ချင်လော့..."
လင်းရော့ရွှမ်က ချင်လော့ကို ကြည့်ကာ စကားပြောလိုသော်လည်း ထိန်းချုပ်ထားခဲ့သည်။
"အကြီးအကဲလင်း... ဘာမှ ဆက်ပြောဖို့ မလိုတော့ဘူး... သူတို့ သေကိုသေရမယ်..."
နောက်ဆုံးတွင် လင်းရော့ရွှမ်သည် ထိုက်ရွှီမြင့်မြတ်နယ်မြေကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်များဖြင့် လှည့်ထွက်သွားခဲ့လေ၏။
ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ တပည့်များအနက် သုံးပုံနှစ်ပုံမှာ နတ်ဆိုးဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးဖြစ်ကာ သုံးပုံတစ်ပုံသာ ကျန်ရစ်တော့သည်။
ချင်လော့၏ အမိန့်ပေးမှုအောက်တွင် ကျန်ရှိနေသော သုံးပုံတစ်ပုံမှာလည်း အသတ်ခံလိုက်ရပေ၏။
ခွေးတစ်ကောင်ကို ရိုက်နှက်နေသည့်အလား ထိုလူများ၏ ပုံရိပ်များနှင့် မျှော်လင့်ချက်မဲ့စွာ အသက်ချမ်းသာပေးရန် တောင်းပန်နေသံများကို ကြားရချိန်တွင် သူက အေးစက်စွာ ပြောဆိုလိုက်သည်။
"စွပ်စွဲပုတ်ခတ်မှုတွေနဲ့ ကောလာဟလတွေအတွက် ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်... အဲ့ဒီတန်ဖိုးကတော့ မင်းတို့ရဲ့ အသက်ပဲ..."
ထိုက်ရွှီဘိုးဘေးမှလွဲ၍ ထိုက်ရွှီမြင့်မြတ်နယ်မြေ တစ်ခုလုံး လုံးဝ ဖျက်ဆီးခံလိုက်ရလေပြီ။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်၌ ထိုက်ရွှီဘိုးဘေးသည် ချက်ချင်းပင် ရူးသွပ်သွားခဲ့တော့၏။
"ချင်လော့... တိရစ္ဆာန်၊ တိရစ္ဆာန်ကောင်... အား... ငါ မင်းကို သတ်မယ်၊ သတ်ကိုသတ်ရမယ်..."
သူ သွေးရူးသွေးတန်း ဖြစ်နေချိန်တွင် ထက်မြက်သော ဓားချီတစ်စင်းသည် ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ အပြင်ဘက်မှ ဝင်ရောက်လာကာ အဆောက်အအုံတစ်ခုကို ချက်ချင်း ဆွဲဖြဲပစ်လိုက်လေသည်။
အေးစက်သော အသံတစ်သံက ထွက်ပေါ်လာ၏။
"ငါ့ရဲ့ နောင်တဓားချောက်ကမ်းပါးက တပည့်ကို မင်းက ဘယ်လိုတောင် ထိရဲတာလဲ... ဒီနေ့ မင်း ဘယ်လို အဆင့်အတန်းမျိုး ရှိနေပါစေ၊ မင်း သေရတော့မယ်..."
ထိုက်ရွှီဘိုးဘေး အံ့အားသင့်သွားပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ချင်လော့... မင်းက နောင်တဓားချောက်ကမ်းပါးကို ရန်စလိုက်တာလား..."
"ဟားဟားဟား... မင်းက နောင်တဓားချောက်ကမ်းပါးကို ရန်စလိုက်ပြီဆိုတော့ မင်း သေပြီပဲ... မင်း သေသွားတာကို ငါ့မျက်လုံးနဲ့တပ်အပ် မြင်ချင်သေးတယ်... ဟားဟားဟား..."
ချင်လော့က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဆူညံနေတာပဲ..."
"သူ့ကို သတ်လိုက်..."
စစ်သူကြီး ကျန်းတို၏ ကြမ်းတမ်းသော ပုဆိန်ခုတ်ချက်တစ်ခုက ရှေ့သို့ ပိုင်းဖြတ်သွားလေ၏။
ရွှမ်း…
ထိုက်ရွှီဘိုးဘေး၏ ခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ခင်ဗျားကို ပွဲကြည့်ခွင့် မပေးနိုင်ဘူး... ဒါက ခင်ဗျားကို ပိုပြီး ခံစားရခက်စေမှာပဲ..."
ထိုက်ရွှီဘိုးဘေးသည် လက်မခံနိုင်စွာဖြင့် မျက်လုံးများ မှိတ်သွားခဲ့ပြီး အသားနှင့်သွေးများ ဖုံးလွှမ်းနေသော သူ၏ဝိညာဉ်ကို လူသားဧကရာဇ်အလံက သိမ်းယူသွားခဲ့လေ၏။
ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ တောင်တံခါးပေါက်ဘက်မှ လူတစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက် ဖြည်းညင်းစွာ လျှောက်လှမ်းဝင်လာသည်ကို ချင်လော့ အကြည့်ရောက်သွားခဲ့သည်။
မိန်းမပျိုငါးဦးနှင့် အမျိုးသားတစ်ဦးဖြစ်ပြီး၊ မိန်းမပျိုတစ်ဦးစီတိုင်းတွင် ကိုယ်ပိုင်ဆွဲဆောင်မှုများ ရှိကြသည်။
အချို့က ချစ်စရာကောင်းပြီး၊ အချို့က ခြေတံရှည်များရှိကာ၊ အချို့က ရင်သားထွားကြိုင်းကြ၏၊ အချို့က ဖြူစင်ရိုးသားဟန်ရှိပြီး၊ အချို့က ဆွဲဆောင်မှုအပြည့် ရှိနေကြသည်။
ချူဖုန်း၏ ဤကံကြမ္မာသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်ဟု ဆိုရမည်ဖြစ်ပြီး သူ၏ စီနီယာအစ်မတိုင်းက အလွန်လှပလွန်းလှပေ၏။
လျိုကျင်းကျင်းက ချင်လော့ကို ကြည့်ကာ ဩရှသောအသံဖြင့် ပြောဆိုလိုက်သည်။
"ငါ့ရဲ့ ဂျူနီယာညီမလေးကို ချက်ချင်း လွှတ်ပေးစမ်း... မဟုတ်ရင် ငါတို့ နောင်တဓားချောက်ကမ်းပါးက မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်..."
"မဟာသူတော်စင်အဆင့် အငွေ့အသက် မရှိဘူး..."
စုချန်ချန်က တစ်ချက်ကြည့်ပြီးနောက် ပြောဆိုလိုက်၏။
"အသန်မာဆုံးက အဖွဲ့ကို ဦးဆောင်လာတဲ့ အဲ့ဒီကောင်မလေးပဲ... သူတော်စင်ဘုရင်အဆင့်မှာ ရှိတယ်..."
ချင်လော့က ပြုံးလိုက်ပြီး ချူဖုန်းကို ကြည့်ကာ ပြောဆိုလိုက်သည်။
" ဒီကိုမလာခင် သတင်းအချက်အလက် နည်းနည်းလေးတောင် မစုဆောင်းခဲ့ဘူးလား..."
"မင်းက မင်းရဲ့စီနီယာအစ်မတွေကို တကယ်ပဲ ချောက်ချတတ်တဲ့ ကျွမ်းကျင်သူပဲ..."
"အဘိုးကို ကယ်တင်တဲ့ ဘူးသီးညီအစ်ကိုလို ဟန်ဆောင်နေတာလား…”