အခန်း (၈၈)
Vol. 9 Ch. 88
အခန်း (၈၈) ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်၊ အမှားအယွင်းမရှိနိုင်သော အခြေအနေ
အခြားသူများ ဂရုစိုက်ဆုံးအရာကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းက အထူးကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိပေသည်။
ချင်လော့က ခြိမ်းခြောက်နေစဉ်တွင် စနစ်နှင့် ဆက်သွယ်လိုက်၏။
"အခု ငါ့မှာ ဗီလိန်မှတ်တွေ အများကြီးရှိတယ်... မဟာသူတော်စင်အဆင့် ဓားကျင့်ကြံသူကို ဘယ်လို လွယ်လွယ်ကူကူ ဖြေရှင်းရမလဲ..."
[စနစ်၏ အကြံပြုချက် - ၁ ။ သင့်ပတ်ဝန်းကျင်ရှိ လူများ၏ တိုက်ခိုက်ရေးစွမ်းအားကို ဆက်လက်မြှင့်တင်ပါ။ အကျိုးသက်ရောက်မှုက ရေရှည်တည်တံ့သော်လည်း အချိန်အနည်းငယ် ပိုကြာပါမည်။]
[အကြံပြုချက် - ၂ ။ ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်ပုံစံ (သူတော်စင်ထိပ်တန်းအဆင့်) ကို လဲလှယ်၍ ပူးပေါင်းလုပ်ဆောင်ပါ။ မဟာသူတော်စင်အလယ်အလတ်အဆင့် ကျင့်ကြံသူကို လုံးဝ ချေမှုန်းနိုင်ပါသည်။]
[ပစ္စည်း - ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင်ပုံစံ (သူတော်စင်ထိပ်တန်းအဆင့် )]
[မိတ်ဆက် - အစီအရင်တွင် အစွမ်းထက်သော ဓားကျင့်ကြံသူများ၏ ဓားစွမ်းအင် ၃၆,၀၀၀ ပါဝင်ပြီး ဓားစွမ်းအင်ဖြင့် ဓားကျင့်ကြံသူကို ရင်ဆိုင်ရာတွင် ဂျုံစေ့ကို ဓားဖြင့်ထိုးသကဲ့သို့ ဖြစ်လိမ့်မည်။ မဟာသူတော်စင်အဆင့် ဓားကျင့်ကြံသူကို ယှဉ်ပြိုင်နိုင်ရုံသာမက ချေမှုန်းနိုင်စွမ်းပင် ရှိပါသည်။]
[တန်ဖိုး - ဗီလိန်မှတ် ၃၀၀,၀၀၀ မှတ်]
ချင်လော့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး သူ၏ ဗီလိန်မှတ်များက ယခုအခါ ၃၃၀,၀၀၀ ကျော်သာ ရှိတော့ရာ စနစ်က တစ်ခါတည်း ၃၀၀,၀၀၀ ဖြတ်ယူသွားခဲ့သည်။
"စနစ်... မင်းက တော်တော် လည်တဲ့ကောင်ပဲလို့ ပြောရမယ်..."
[ဗီလိန်မှတ် ၃၀၀,၀၀၀ ဖြင့် သင့်အတွက် အမှားအယွင်းမရှိနိုင်သော အာမခံချက်တစ်ခု ထပ်ပေါင်းထည့်ခြင်းက တန်ဖိုးရှိပါသည်။]
[ကံကြမ္မာသားတော်၏ ခန္ဓာကိုယ်ပေါ်တွင် အရေးကြီးသော လျှို့ဝှက်ရတနာတစ်ခု ရှိနေပြီး ရရှိပါက သင် အမြတ်ကြီးထွက်ပါလိမ့်မည်။]
ချင်လော့က ယခင်က အမည်းရောင်အလင်းတန်းကို ပြန်လည်အမှတ်ရသွားပြီး ထိုအရာသည် အရင်က ဤကမ္ဘာကို ကျူးကျော်ခဲ့သော အစွန်းရောက်နတ်ဆိုးများ ချန်ရစ်ခဲ့သောအရာ ဖြစ်ရပေမည်။
ထို့ပြင် အသက်ရှင်နေသေးသော အစွန်းရောက်နတ်ဆိုးများလည်း ရှိနေသေးသည်။
"ကောင်းပြီ... လဲလှယ်မယ်..."
ချင်လော့သည် တုံ့ဆိုင်းမနေခဲ့ချေ။
အမှားအယွင်းမရှိအောင် လုပ်နိုင်နေပါလျက်နှင့် အဘယ်ကြောင့် အန္တရာယ်ခံရမည်နည်း။
လျိုကျင်းကျင်းသည် အစပိုင်းတွင် ချင်လော့ကြောင့် အမှန်တကယ် ထိတ်လန့်သွားခဲ့သော်လည်း စဉ်းစားကြည့်ပါက သူမ၏ ဆရာမှာ မဟာသူတော်စင်အဆင့် ဓားကျင့်ကြံသူဖြစ်ပြီး ဓားဆန္ဒအဆင့်မှာ ကြီးမားသောအောင်မြင်မှုအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပေသည်။
မဟာသူတော်စင်အစောပိုင်းအဆင့်သာ ဖြစ်သော်လည်း သာမန် မဟာသူတော်စင်အလယ်အလတ်အဆင့် ကျင့်ကြံသူများပင်လျှင် သူမ၏ ဆရာကို ယှဉ်နိုင်မည် မဟုတ်ချေ။
ရှုံးနိမ့်သွားလျှင်ပင် သူမ၏ ဆရာကို ဖမ်းဆီးထားရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းကဲ့သို့ ခက်ခဲလှပေသည်။
ချင်လော့တို့တွင် ထိုသို့လုပ်နိုင်စွမ်း မရှိဟု သူမ ခံစားရပေသည်။
"ဟားဟား..."
လျိုကျင်းကျင်းက လှောင်ပြောင်လိုက်ပြီး ချင်လော့ကို ကြည့်ကာ
"မင်းက ငါ့ရဲ့ဆရာကို သတ်နိုင်တယ်လို့ ထင်နေတာလား... အဲ့ဒါက လောကမှာ အရယ်ရဆုံးဟာသပဲ... မင်းက ငါ့ဆရာကို တစ်ခါမှ မမြင်ဖူးတော့ သူမ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာကို မင်း မသိဘူးလေ…”
"မင်း မလုပ်နိုင်ပါဘူး..."
"တကယ်လား..."
ချင်လော့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကြယ်တာရာ ဓားတစ်သောင်းအစီအရင် ထွက်ပေါ်လာပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဓားစွမ်းအင် ၃၆,၀၀၀ က ရှက်ယှက်ဖြတ်သန်းသွားပြီး လူများကို အသက်ရှူကျပ်သွားစေကာ စုချန်ချန်၏ မျက်နှာပေါ်တွင်ပင် ထိတ်လန့်သော အမူအရာတစ်ခု ပေါ်လာခဲ့၏။
ဤဓားအစီအရင်က သူ့ကို ခြိမ်းခြောက်မှုတစ်ခု ခံစားရစေရန် လုံလောက်နေပြီ ဖြစ်ပေသည်။
" ဒီဓားအစီအရင်ကို ငါ အသက်သွင်းလိုက်ရင်တောင် မဟာသူတော်စင်အဆင့် ကျင့်ကြံသူနဲ့ ယှဉ်တိုက်နိုင်ပြီ... တကယ်လို့ မဟာသူတော်စင်အဆင့် ကျင့်ကြံသူတွေက ဒီဓားအစီအရင်ကို အသက်သွင်းလိုက်ရင် ဘယ်လိုနေမလဲလို့ မင်း ထင်လဲ..."
ချင်လော့၏ စကားများက ဧရာမ သံတူကြီးတစ်ခု ရိုက်ချလိုက်သည့်အလား လျိုကျင်းကျင်းကို အသက်ရှူကျပ်ပြီး ကြောက်ရွံ့သွားစေခဲ့သည်။
"အဘိုး... ဒီဓားအစီအရင်က အဘိုးအတွက်ပဲ... ဓားဆန္ဒ ကြီးမားတဲ့အောင်မြင်မှုအဆင့်ရှိတဲ့ မဟာသူတော်စင်အစောပိုင်းအဆင့် ဓားကျင့်ကြံသူကို ဖမ်းထားနိုင်ဖို့ ဘယ်လောက် သေချာလဲ..."
ချင်လော့က သူတို့ ဆရာ၏ အဆင့်ကို ရှင်းလင်းစွာ ပြောဆိုလိုက်သဖြင့် လျိုကျင်းကျင်းက လင်းယွဲ့ကို ချက်ချင်း လှည့်ကြည့်လိုက်ရာ လင်းယွဲ့မှာ ငိုကြွေးဝမ်းနည်းနေပြီး လျိုကျင်းကျင်းကိုပင် မကြည့်ရဲသည်ကို မြင်လိုက်ရသည်။
နောက်ဆုံးတွင် ဤသတင်းအချက်အလက်အားလုံးကို သူမထံမှ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ချင်လော့တို့က သူမ ဆရာ၏ အဆင့်ကို သိရှိထားပြီးဖြစ်ကာ ဤမျှ ယုံကြည်မှု ရှိနေသောကြောင့် လျိုကျင်းကျင်း၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည်။
ချင်လော့သည် သူမ ဆရာ၏ ရောက်ရှိလာမည့်အချိန်အတွက် ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းကို သက်သေပြနေပြီး သူမ ရောက်လာခြင်းက အမှန်တကယ်ပင် စိတ်လိုက်မာန်ပါ လုပ်ခဲ့မိခြင်း ဖြစ်ပေသည်။
စုချန်ချန်က စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
"အရင်တုန်းကဆိုရင်တော့ သူမကို ဖမ်းထားနိုင်ဖို့ အများဆုံး သုံးဆယ်ရာခိုင်နှုန်းပဲ သေချာတယ်... ဒါပေမဲ့ အခုတော့ တစ်ရာရာခိုင်နှုန်း သေချာလောက်ပြီ..."
သူ၏ ယုံကြည်မှုရှိသော လေသံက လျိုကျင်းကျင်း၏ တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေခဲ့သည်။
သူမ၏ ဆရာ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ထိတ်လန့်ဖွယ်ကောင်းလှပြီး၊ ကြီးမားသောအောင်မြင်မှုအဆင့်ရှိ ဓားဆန္ဒကိုပင် ထိန်းချုပ်ထားနိုင်သူ ဖြစ်သည်။
မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိနိုင်သူတိုင်းက မည်သူကမှ သာမန်ပါရမီရှင် မဟုတ်ကြပေ။
ထို့အပြင် သူမ၏ ဆရာသည် အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းမှာ ပို၍ပင် ချီးကျူးထိုက်လှသည်။
သို့သော် တစ်ဖက်လူက ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ရေးလက်နက်ကို ထိန်းချုပ်ထားနိုင်သည်ဆိုပါက၊ သူမအနေဖြင့် စိတ်ထဲတွင် မယုံကြည်ချင်သော်လည်း၊ ဤလူသည် သူမ၏ ဆရာကို အနိုင်ယူနိုင်စွမ်းရှိပြီး ထိခိုက်ဒဏ်ရာရစေနိုင်ခြေ အလွန်မြင့်မားကြောင်းကိုတော့ ငြင်းဆို၍ မရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် မိသားစုကိစ္စကို မိသားစုကသာ သိရှိသောကြောင့်ပင်။ သူမ ဆရာမှာ အလွန်ဆင်းရဲပြီး သူမ လက်ထဲရှိ ဓားသည်ပင် သူတော်စင်အဆင့် အနိမ့်ဆုံးအဆင့်မျှသာ ဖြစ်ပေသည်။
"မင်းတို့ရဲ့ဆရာ မင်းတို့ရှေ့မှာ သေသွားတာကို မင်းတို့လည်း မမြင်ချင်ဘူး မဟုတ်လား..."
ချင်လော့က ချင်းဖုန်းဓားကို အသုံးပြု၍ လျိုကျင်းကျင်း၏ မေးစေ့ကို ပင့်တင်ကာ မေးမြန်းလိုက်သည်။
"မင်းတို့ရဲ့ဆရာကလည်း အလှပိုင်ရှင်တစ်ယောက်လို့ ငါကြားတယ်... ဒါပေမဲ့..."
ချင်လော့၏ အကြည့်က သူမ၏ ပေါ်လွင်နေသော အလှတရားများထံသို့ ကျရောက်သွားပြီး
"တကယ်လို့ သူမက မင်းလိုမျိုး ဖြစ်နေမယ်ဆိုရင် သူမကို သတ်လိုက်တာထက် ပိုပြီး ခံစားရခက်မနေဘူးလား ဆိုတာ ငါမသိဘူး..."
"ငါ့ကို ယုံပါ... သူမ ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အရှက်ခွဲခံရမှုမျိုးကို ငါ ခံစားရစေနိုင်တယ်..."
"မင်း လုပ်ရဲတယ်ပေါ့လေ..."
လျိုကျင်းကျင်းတို့က ချင်လော့ကို အော်ဟစ်လိုက်ကြသည်။
"ငါ လုပ်မလုပ်ဆိုတာက မင်းတို့အပေါ်မှာ မူတည်တယ်..."
"အမှန်အတိုင်း ပြောရရင် မင်းတို့ရဲ့ ပါရမီနဲ့ စွမ်းအားကို ငါ သဘောကျတယ်... ဒါကြောင့် မင်းတို့က ငါနဲ့ ဆွေးနွေးဖို့ အခွင့်အရေး ရှိနေတာပဲ... မဟုတ်ရင် မင်းတို့ ဆရာတပည့် အားလုံးကို ငါ နှိမ်နင်းပစ်လိုက်မှာ..."
"သေသွားရင်လည်း ငါ့အတွက် အသုံးဝင်နေတုန်းပဲလေ..."
"သေချာ စဉ်းစားပြီးမှ ဖြေပါ... မင်းတို့မှာ အခွင့်အရေး သိပ်မများဘူး..."
ချင်လော့က လျိုကျင်းကျင်း၏ လှပသော မျက်နှာကို ပုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် ချင်လော့၏ ပုံရိပ်သည် လျိုကျင်းကျင်း၏ စိတ်ထဲတွင် နတ်ဆိုးထက် အဆတစ်သောင်း ပိုမို ကြောက်မက်ဖွယ်ကောင်းနေခဲ့ပေသည်။
စိတ်ပျက်အားငယ်မှုက သူမကို လွှမ်းခြုံသွားပြီး ဖိစီးလာခဲ့သည်။
သူမက အပြင်ဘက်သို့ ခရီးသွားလေ့ သိပ်မရှိသဖြင့် အပြင်လောကရှိ လူများ၏ စိတ်က ဤမျှ ရက်စက်ယုတ်မာနိုင်ကြောင်းကို အမှန်တကယ် မသိရှိခဲ့ချေ။
ထိုက်ရွှီမြင့်မြတ်နယ်မြေနှင့် မိုင်ထောင်ချီဝေးသော နေရာတစ်ခုတွင် ချူဖုန်းသည် လေဟာနယ်နယ်မြေမှ ကျဆင်းလာခဲ့သည်။
ဘန်း။
သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
‘ဖူး…’
သွေးအမြောက်အများကို အန်ထုတ်လိုက်ရပြီး သူ၏ အမူအရာက အလွန် ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။
"အား... မင်းကို မသတ်ရရင် လူမဖြစ်ပါစေနဲ့လို့ ငါ ကျိန်ဆိုတယ်..."
"ကောင်လေး... သူ့ကို သတ်မသတ်ဆိုတာ အရင် မပြောနဲ့ဦး... မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ကို အရင်ပေး... ငါ မင်းအတွက် လုပ်ပေးမယ်..."
ဝုန်း။
ချူဖုန်း၏ ဝိညာဉ်ပင်လယ်ထဲတွင် ကြီးမားသော တိုက်ပွဲတစ်ခု စတင်သွားခဲ့ပြီး ချူဖုန်း၏ အလျှော့ပေးမှုက တစ်ဖက်လူကို အခွင့်အရေး ရသွားစေခဲ့သည်။
သို့သော် ချူဖုန်းက သူ့ကို ကြိုတင် ကာကွယ်ထားပြီးဖြစ်ကာ ကောင်းကင်တာအို၏ အကူအညီဖြင့် အချိန်တစ်ဝက်ခန့် ကြာပြီးနောက် ထိုကောင်ကို နောက်ဆုံးတွင် ပြန်လည်မောင်းထုတ်နိုင်ခဲ့ပေသည်။
မျက်လုံးဖွင့်လိုက်ပြီးနောက် ချူဖုန်းက နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်ကာ တပည့်အကြီးဆုံးနှင့် ဆက်သွယ်လိုက်သည်။
"စီနီယာအစ်မကြီး... ကျွန်တော်က အသုံးမကျပါဘူး... ဒုတိယစီနီယာအစ်မနဲ့ အားလုံးက ကျွန်တော့်ကြောင့် အဖမ်းခံလိုက်ရပြီ..."
မကြာမီ တစ်ဖက်မှ သတင်းရောက်လာခဲ့၏။
"ဆရာက နောက်နှစ်ရက်အတွင်း ထိုက်ရွှီမြင့်မြတ်နယ်မြေကို သေချာပေါက် ရောက်လာလိမ့်မယ်... ငါတို့ရဲ့ နောင်တဓားချောက်ကမ်းပါးကို စော်ကားရဲတဲ့သူတွေအတွက် သေလမ်းပဲ ရှိတယ်..."
ဆရာတို့ နောက်နှစ်ရက်အတွင်း ရောက်လာမည်ကို ကြားချိန်၌ ချူဖုန်းက သူ၏ မျက်ရည်များကို သုတ်လိုက်ပြီး သူ၏ ရင်ခွင်ထဲတွင် သေဆုံးသွားသော ရှာယွီဝေး၏ မြင်ကွင်းကို အမှတ်ရသွားရာ သူ၏ စိတ်ကို ဓားဖြင့် လှီးဖြတ်ခံလိုက်ရသည့်အလားပင်။
ချင်လော့၏ ဂုဏ်ယူနေသော အမူအရာကို အမှတ်ရသွားပြီးနောက် သူက ပြင်းထန်စွာ အော်ဟစ် လိုက်သည်။
"ငါ ချူဖုန်းက ဒီနေ့ လောကကြီးကို တိုင်တည်ပြီး ကျိန်ဆိုတယ်... ဒီဘဝမှာ မင်းကို သတ်ပစ်မယ်... ထာဝရ နတ်ဆိုးလမ်းစဉ်ထဲကို ဝင်သွားရရင်တောင် ငါ နောင်တမရဘူး..."
‘ဝုန်း’
ကောင်းကင်ယံမှ မိုးကြိုးသံတစ်သံ ထွက်ပေါ်လာပြီး ချူဖုန်း၏ ကျိန်ဆိုမှုကို တုံ့ပြန်လိုက်သည့်အလားပင်။
ချင်လော့သည် သူ၏ စိတ်နှလုံးနတ်ဆိုး ဖြစ်လာခဲ့သည်။
အကယ်၍ ချင်လော့ကိုသာ မသတ်နိုင်ခဲ့လျှင် သူက အထွတ်အထိပ်သို့ မည်သည့်အခါမျှ တက်လှမ်းနိုင်မည် မဟုတ်ချေ။
သူ၏ ချစ်သူအတွက်ဖြစ်စေ၊ သူကိုယ်တိုင်အတွက်ဖြစ်စေ ချင်လော့ကို သေချာပေါက် သတ်ရပေမည်။
ချင်လော့ကိုသာ သတ်နိုင်မည်ဆိုလျှင် နတ်ဆိုးဝိညာဉ်တစ်ကောင် ဖြစ်သွားလျှင်လည်း ဘာဖြစ်မည်နည်း။
ထိုက်ရွှီမြင့်မြတ်နယ်မြေအတွင်းတွင် လျိုကျင်းကျင်းက ချင်လော့ကို မော့ကြည့်ကာ သွားကြိတ်၍ မေးမြန်းလိုက်၏။
"တကယ်လို့ ငါတို့က မင်းရဲ့ ဓားကျွန်ဖြစ်ဖို့ သဘောတူမယ်ဆိုရင် ငါတို့ရဲ့ ဆရာကို မသတ်ဘူးလို့ မင်း ကတိပေးနိုင်မလား..."
ဤစကားကို မေးလိုက်သည်နှင့် ကိုးဆယ်ရာခိုင်နှုန်းခန့် အောင်မြင်သွားပြီဖြစ်ကြောင်း ချင်လော့ သိလိုက်သည်။
"သေချာတာပေါ့... ငါ ချင်လော့က လူကောင်းတစ်ယောက် မဟုတ်ပေမဲ့ ငါ့ရဲ့ ကတိကို တည်တယ်... ပြောတဲ့အတိုင်း လုပ်တယ်..."
"စီနီယာအစ်မ... မလုပ်ပါနဲ့..."
အခြားသူများက လျိုကျင်းကျင်း ဘာလုပ်ချင်နေသည်ကို သတိပြုမိသွားပြီး ချက်ချင်း ဝင်ပြောကာ တားဆီးလိုက်ကြ၏။
"ဘာလဲ... သဘောထား မတူကြဘူးလား..."
"ဒီလိုဆိုမှတော့ ဆွေးနွေးစရာ ဘာမှမရှိတော့ဘူး... ငါ့ရဲ့ သည်းခံနိုင်စွမ်းကလည်း အကန့်အသတ် ရှိတယ်..."
"နှစ်ယောက်ကို အရင် သတ်လိုက်..."
လူသတ်ရန် ပြောလိုက်သော ချင်လော့၏ စကားက လျိုကျင်းကျင်းကို တုန်လှုပ်သွားစေပြီး စစ်သူကြီး ကျန်းတို၏ ပုဆိန်က သူတို့ထဲမှ ဂျူနီယာညီမလေး တစ်ဦး၏ လည်ပင်းပေါ်သို့ ကျရောက်လာချိန်တွင် သူမက ချက်ချင်း ပြောဆိုလိုက်သည်။
"ငါ သဘောတူတယ်... မင်းရဲ့ ဓားကျွန်ဖြစ်ဖို့ ငါ သဘောတူတယ်..."
"ငါတို့ အားလုံး သဘောတူတယ်..."
လျိုကျင်းကျင်းက ဂျူနီယာညီမလေးများကို ကြည့်ကာ အော်ဟစ်လိုက်၏။
"မင်းတို့က ငါတို့ရှေ့မှာ ဆရာ သေသွားတာကို မြင်ချင်နေကြတာလား... ငါတို့ကို ပြုစုပျိုးထောင်ပြီး သင်ကြားပေးခဲ့တဲ့ ဆရာ့ကို ဒီလိုနည်းနဲ့ ကျေးဇူးဆပ်ကြမှာလား..."
သူမ တွေးထားသည်မှာ သူမ အသက်ရှင်နေချိန်တွင်သာ ဆရာဖြစ်သူကို သတိပေးနိုင်မည်ဖြစ်သည်။
အကယ်၍ သူတို့သာ သေဆုံးသွားပါက ဆရာဖြစ်သူသည် သေချာပေါက် သူတို့အတွက် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ လက်စားချေပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ဆရာဖြစ်သူ၏ ကံကြမ္မာမှာ တွေးကြည့်၍ပင် မရနိုင်ချေ။
"ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ..."
တစ်ဖက်လူ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို ချင်လော့ မသိသော်လည်း သူက ရလဒ်ကိုသာ လိုအပ်ပေသည်။
သေချာပေါက် သူတို့က ရိုးရိုးသားသား လက်နက်မချလျှင် အချို့မှာ သေဆုံးသွားမည်ဖြစ်ရာ သိပ်ပြီး အရေးမကြီးပေ။
သူတို့က ဓားကျွန်မျှသာဖြစ်ပြီး မဖြစ်မနေ ရယူရမည့်အရာမျိုး မဟုတ်ချေ။
ချင်လော့သည် အမျိုးသမီး အနည်းငယ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်၌ ချန်ကျန့်ရှန်းက ဖြတ်ပြောလိုက်သည်။
"အရှင်မင်းသား... အရှင်မင်းသားဆီကို တင်ပြရမယ့် အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါတယ်..."
"ဘာကိစ္စလဲ..."
ချင်လော့က မေးမြန်းလိုက်၏။
"ကျွန်တော့်ရဲ့ မြေးကို သတ်တဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာကို ပြောပြမယ်ဆိုပြီး တတိယမင်းသားက ချင်းယွင်ဂိုဏ်းကို တိုက်ခိုက်ဖို့ ကျွန်တော့်ကို ခိုင်းထားပါတယ်..."
"ပြီးတော့ ချင်းယွင်ဂိုဏ်း ဖျက်ဆီးခံရတဲ့ ကိစ္စကို အရှင်မင်းသား အပေါ်ကို လွှဲချဖို့ စီစဉ်ထားပါတယ်…”