အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း (၂၂၁) အစေခံ ပြုစုမှု ရှုပ်ထွေးခြင်း
"ကျေးဇူးပဲ..."
နန်ကုန်းရိုရွှယ်သည် မျက်လုံးကို အနည်းငယ် မြှင့်လိုက်ပြီး ဘေးဘက်အခန်းကို တစ်ချက်ကြည့်ကာ အကူအညီမဲ့စွာ ပြောလိုက်၏။
"လင်လန်က မူးနေတုန်းပဲဆိုတော့ ငါ့ကို ပြုစုပေးမယ့်သူ မရှိဘူးလေ... အဲဒါကြောင့် ငါကိုယ်တိုင်လည်း မထချင်တော့ဘူး..."
နန်ကုန်းယွီသည် ရှေ့သို့တိုးလာပြီး နောက်ပြောင်လိုက်သည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး... အရင်တုန်းကလည်း အစ်မတော် ရွှယ် ကိုယ်တိုင် ထပြီး အဝတ်အစား ဝတ်ဖို့ အချိန်အများကြီး ရှိခဲ့တာပဲဟာ..."
နန်ကုန်းရိုရွှယ်က သူ့ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
"ရှောင်ယွီ... မင်းက စကားထုတ်မပြောရရင် သေမှာမို့လို့လား..."
နန်ကုန်းယွီက တိုးညှင်းစွာ ရယ်မောလိုက်သည်။
"အို... ဒါက သိချင်ရုံသက်သက်ပါ... ဒါနဲ့ အစ်မတော် ရွှယ်က ကျွန်တော့်အစေခံမလေး လာပြုစုပေးတာကို စောင့်နေတာတော့ မဟုတ်ဘူးမလား..."
နန်ကုန်းရိုရွှယ်သည် မတ်တတ်ထရပ်လိုက်ပြီး မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ ပြောလိုက်၏။
"မင်း ဘယ်လိုထင်လို့လဲ..."
နန်ကုန်းယွီသည် ပြုံးလိုက်၏။
ချက်ချင်းပင် သူသည် သူမ၏ လှပသော မျက်နှာလေးကို သစ်ပေးလိုက်ပြီး ဆံပင်ကို ပုံသွင်းကာ ဆံထိုးနှင့် ဆွဲကြိုးကို ဝတ်ဆင်ပေးပြီး မိတ်ကပ်ပါးပါးလေး လိမ်းပေးလိုက်လေသည်။
ဤအရာများ အားလုံးကို သေချာစွာ လုပ်ဆောင်ပြီးနောက် နန်ကုန်းယွီသည် လက်ခုပ်တီးကာ ရယ်မောလိုက်၏။
"ကဲ... ပြီးပြီ... ဒုတိယ အစ်မတော်ကို သွားခေါ်ပြီး တော်ဝင်အဒေါ်တော်ဆီ သွားလည်ရအောင်..."
သို့သော် ထိုစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး တစ်ဝက်တစ်ပျက် ပြုံးကာ ပြောလိုက်သည်။
"ငါ မသွားဘူး..."
"ဟင်... ဒါဆို ဒုတိယ အစ်မတော်ကို ဂရုမစိုက်တော့ဘဲ နန်းတော်ဆီ တန်းသွားကြမလို့လား..."
နန်ကုန်းရိုရွှယ်သည် ခေါင်းခါယမ်းနေဆဲ ဖြစ်၏။
နန်ကုန်းယွီမှာ ဇဝေဇဝါ ဖြစ်သွားပြီး နန်ကုန်းရိုရွှယ် မည်သို့ လှည့်ကွက်လုပ်နေသည်ကို နားမလည်နိုင်ဖြစ်နေသည်။
နန်ကုန်းရိုရွှယ်သည် သူ့ကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်လိုက်ပြီး ခေါင်းခါယမ်းလျက် တိုးညှင်းစွာ ရယ်မောလိုက်၏။
"ရှောင်ယွီ... မင်း အခုထိ သတိမထားမိသေးဘူးလား..."
"ဘာကို သတိထားမိရမှာလဲ..."
နန်ကုန်းယွီသည် မျက်တောင်ခတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ထင်ဟပ်နေ၏။
နန်ကုန်းရိုရွှယ်သည် နန်ကုန်းရိုရွှေ၏ အခန်းဘက်သို့ မျက်ရိပ်ပြလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"ရိုရွှေ က မင်းသွားခေါ်မယ့်အချိန်ကို စောင့်နေတာလေ..."
"ဒါက... မဖြစ်နိုင်တာ..."
နန်ကုန်းယွီ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သူ၏ အမူအရာတွင် အံ့အားသင့်မှုနှင့် မသေချာမှုများ ပြည့်နှက်နေပေသည်။
နန်ကုန်းရိုရွှယ်သည် ခေါင်းအနည်းငယ် ခါယမ်းလိုက်၏။
"မင်း နားမလည်ပါဘူး... အဲဒီကောင်မလေးက နည်းနည်း အပြိုင်အဆိုင်လုပ်တတ်တယ်... မနေ့က ညစာစားပွဲမှာကတည်းက မင်း သိနိုင်ပါတယ်..."
"ဒီနေ့ မင်းကို စောင့်နေတာက ငါ့ကိုလာပြုစုပေးမယ်ဆိုရင် သူ့ကိုလည်း ပြုစုပေးရမယ်လို့ တွေးနေတာ သေချာတယ်..."
"ဒါက... ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး... ဒါဆို ချွန်းကျီ ကို သွားခိုင်းလိုက်မယ်..."
နန်ကုန်းယွီသည် မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
"မလုပ်ပါနဲ့..."
နန်ကုန်းရိုရွှယ်သည် သူ့ကို အလျင်အမြန် တားဆီးလိုက်၏။
"ငါက မင်းရဲ့ အစ်မတော်လေ... သူကကော မင်းရဲ့ အစ်မတော် မဟုတ်လို့လား... သူသာ မင်း ဒီလို ခွဲခြားဆက်ဆံတာကို သိသွားရင် ဘယ်လောက်တောင် ဒေါသထွက် သွားမလဲ"
"ဒါက..."
နန်ကုန်းယွီမှာ စကားမပြောနိုင်ဖြစ်သွားပြီး ဒီလိုကိစ္စမျိုးအတွက် ဒေါသထွက်သွားနိုင်သလားဟု တွေးမိလိုက်သည်။
သူက ယောကျ်ားလေးတစ်ယောက် ဖြစ်သည်။ နန်ကုန်းရိုရွှယ်ကို ပြုစုပေးရသည်မှာ အကျွမ်းတဝင်ရှိသော်လည်း နန်ကုန်းရိုရွှေကို ပြုစုပေးရမည်မှာ မည်သို့များ ဖြစ်နေမည်နည်း။
"ကဲ... မြန်မြန်သွားတော့..."
နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီကို အခန်းပြင်သို့ တွန်းထုတ်ကာ တံခါးကို ပိတ်လိုက်ပြီး တိုးညှင်းစွာ ရယ်မောလိုက်၏။
"ရိုရွှေ... မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ တကယ်ပဲ မျှော်လင့်နေပါတယ်..."
ထိုသို့ ပြောရင်း သူမသည် တံခါးဝတွင် ရပ်ကာ မျက်နှာချင်းဆိုင်မှ အသံများကို အာရုံစိုက်၍ နားထောင်နေလေသည်။
......
ခြံဝင်းအတွင်း၌။
နန်ကုန်းယွီသည် ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး နန်ကုန်းရိုရွှေ၏ တံခါးရှေ့သို့ ရောက်လာကာ တံခါးခေါက်၍ မေးလိုက်သည်။
"ဒုတိယ အစ်မတော်... ထတော့မလို့လား..."
တိတ်ဆိတ်သွားလေ၏။
နန်ကုန်းယွီသည် ထပ်မံ၍ တံခါးခေါက်လိုက်ရာ နန်ကုန်းရိုရွှေထံမှ ပျင်းရိလေးတွဲသော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
"ငါ နည်းနည်း ပင်ပန်းနေတယ်... ဖူရုန်းလည်း မူးနေတုန်းပဲ..."
"နားလည်ပါပြီ... အစ်မတော်ကို ပြုစုဖို့ လူတစ်ယောက် ရှာပေးပါ့မယ်..."
နန်ကုန်းယွီသည် ခေါင်းအနည်းငယ် ခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်။
"ကျေးဇူးပဲ ရှောင်ယွီ... ဒါနဲ့ အကြီးဆုံး အစ်မတော်ကိုကော ဘယ်သူပြုစုပေးတာလဲ..."
နန်ကုန်းရိုရွှေ၏ အသံ ထွက်ပေါ်လာကာ ဤမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွား၏။
‘တကယ်ပဲ အစ်မတော် ရွှယ် ပြောတဲ့အတိုင်း ဖြစ်နေတာလား’
နန်ကုန်းယွီသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။
"ဒုတိယ အစ်မတော်... အစ်မတော် ရွှယ်ဆီမှာ ငါ ကူညီပေးနေလို့... ချွန်းကျီ ကိုပဲ ကူညီခိုင်းလိုက်မယ်..."
"နေဦး... ငါ ကြားတာ မမှားဘူးမလား... ရှောင်ယွီ... မင်းက သူ့ကို ပြုစုပေးတာလား..."
နန်ကုန်းရိုရွှေ၏ အသံတွင် အံ့အားသင့်မှုများ ပြည့်နှက်နေပေသည်။
"ဟုတ်တယ်..."
နန်ကုန်းယွီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
တိတ်ဆိတ်သွားလေ၏။ အခန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။
"ဒုတိယ အစ်မတော်... ဘယ်လိုလဲ... ချွန်းကျီ ကို လွှတ်လိုက်ရမလား... ဒါမှမဟုတ် ချိုးယဲ့ ဒါမှမဟုတ် တုန်းရွှယ် ကို လွှတ်လိုက်ရမလား..."
နန်ကုန်းယွီက ဤသို့မေးလိုက်ချိန်တွင် သူ၏ အမူအရာမှာ စကားမပြောနိုင်လောက်အောင် ဖြစ်နေလေပြီ။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ အမြဲတစေ ခံစားနေရ၏။
‘ဘာတွေဖြစ်နေတာလဲ’
ထိုအချိန်မှာပင် အခန်းတွင်းမှ အသံတစ်သံ နောက်ဆုံးတွင် ထွက်ပေါ်လာသည်။
"ရှောင်ယွီ... အရင် ဝင်လာခဲ့..."
နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
‘အစ်မတော် ရွှယ် ပြောတဲ့အတိုင်း တကယ်ပဲ ဖြစ်လာတာလား’
နန်ကုန်းယွီသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် နန်ကုန်းရိုရွှယ်၏ စကားကို သတိရသွားကာ နောက်ဆုံးတွင် အထဲသို့ ဝင်သွားလေ၏။
‘သူက ယောကျ်ားလေးတစ်ယောက်ပဲ... ဘာကို ကြောက်ရမှာလဲ…’
နန်ကုန်းယွီသည် အခန်းထဲသို့ ဝင်ကာ တံခါးကို ပိတ်လိုက်သည်။
"ဒုတိယ အစ်မတော်... ဘာပြောမလို့လဲ..."
"ဒီနေရာကို လာခဲ့..."
ဤအနည်းငယ် ရှက်ရွံ့နေသော အသံကို ကြားချိန်တွင် နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြန်၏။
သို့တိုင်အောင် သူသည် လျှောက်သွားလိုက်သည်။
သူ၏ ရင်ထဲတွင် စကားမပြောနိုင်ဖြစ်သွားပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
‘ဒုတိယ အစ်မတော်က တကယ်ကို ဆိုးသလို ကစားရတာကို သဘောကျတာပဲ’
မကြာမီတွင် သူသည် သူမ၏ လှပသော မျက်နှာလေးကို သစ်ပေးခြင်း၊ ဆံပင်ဖြီးပေးခြင်း၊ ဆံထိုးနှင့် ဆွဲကြိုး ဝတ်ဆင်ပေးခြင်းတို့ကို စတင်လုပ်ဆောင်ပေးလိုက်၏။
နောက်ဆုံးတွင် သူမအတွက် မိတ်ကပ်ပါးပါးလေး လိမ်းပေးလိုက်လေသည်။
ဤအရာများ အားလုံးကို ပြီးစီးသွားချိန်တွင် နန်ကုန်းယွီက လက်ခုပ်တီးလိုက်သည်။
"ကဲ... အားလုံး အတူတူပဲနော်... ဘယ်သူ့ကိုမှ မျက်နှာလိုက်မထားဘူး..."
ထိုစကားကို ကြားချိန်မှသာ နန်ကုန်းရိုရွှေသည် ကျေနပ်စွာ ပြုံးလိုက်၏။
"သွားကြစို့... သွားပြီး ပလုတ်ကျင်းရအောင်..."
ထိုသို့ ပြောရင်း သူမသည် နန်ကုန်းယွီကို ဆွဲကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ နန်ကုန်းရိုရွှယ်၏ အခန်းတံခါးမှာ ပွင့်နေပြီး သူမသည် ထိုနေရာတွင် ရပ်ကာ တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်နေလေ၏။
နန်ကုန်းရိုရွှေသည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"အကြီးဆုံး အစ်မတော်လည်း ထပြီပဲ... ပလုတ်ကျင်းပြီးပြီလား..."
"မကျင်းရသေးဘူး..."
နန်ကုန်းရိုရွှယ်သည် ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး တံခါးဝတွင် သူမအတွက် ပြင်ဆင်ထားသော ရေကိုယူကာ ပလုတ်ကျင်းလိုက်၏။
နန်ကုန်းရိုရွှေကလည်း အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ တံခါးဝရှိ ရေကိုယူကာ ပလုတ်ကျင်းလိုက်သည်။
မကြာမီတွင် သူတို့ သုံးဦးသည် မင်းသားစံအိမ်မှ ထွက်ခွာကာ နန်းတော်သို့ သွားခဲ့ကြသည်။
သူတို့သုံးဦးသည် ချင်အန်းလန်ထံသို့ အလည်အပတ် သွားကြပြီး နန်ကုန်းယွီကမူ နန်ကုန်းကျင်းချီကို ရှာဖွေရန် တစ်ယောက်တည်း ထွက်ခွာသွားခဲ့၏။
သူ ထွက်သွားသည်ကို မြင်သောအခါ နန်ကုန်းရိုရွှယ်သည် နန်ကုန်းရိုရွှေကို ဆွဲခေါ်ကာ နန်းတွင်းဥယျာဉ်တော်သို့ သွားခဲ့လေသည်။
"အကြီးဆုံးအစ်မတော်... ဘာလို့ ငါ့ကို ဒီနေရာ ဆွဲခေါ်လာတာလဲ..."
နန်ကုန်းရိုရွှယ်သည် ထိုနေရာတွင် အသံလုံ တားမြစ်နယ်ပယ်တစ်ခုကို ချထားလိုက်ပြီး သူမကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်လိုက်၏။
"ရှောင်ယွီ ပြုစုပေးတာ ဘယ်လိုခံစားရလဲ..."
နန်ကုန်းရိုရွှေ၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။
"တော်တော်လေး ကောင်းပါတယ်... အကြီးဆုံး အစ်မတော် သဘောကျတာလည်း အံ့ဩစရာ မဟုတ်ပါဘူး... ကြည့်လေ... ငါတို့ရဲ့ ဆံပင်ပုံစံနဲ့ မိတ်ကပ်တွေက သိပ်မကွာဘူးမလား..."
သို့သော် နန်ကုန်းရိုရွှယ်က ပြုံးရုံသာ ပြုံးလိုက်၏။
"အင်း... နားလည်ပါပြီ... မင်းက တော်တော်လေး ရဲတင်းလိမ့်မယ်လို့ ငါ မထင်ထားမိဘူး... ရင်ဖုံးနဲ့ အတွင်းခံကိုတောင် သူ့ကို..."
ထိုစကားကို ကြားသည်နှင့် နန်ကုန်းရိုရွှေ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"အကြီးဆုံး အစ်မတော်... ဘာပြောလိုက်တယ်... သူက ဘယ်လိုလုပ် အဲဒီလို…”
သို့သော် ထိုသို့ ပြောလိုက်ချိန်မှာပင် သူမ ရုတ်တရက် သဘောပေါက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားလေ၏။
"အကြီးဆုံး အစ်မတော်... နင် မလုပ်လောက်ပါဘူးနော်..."
နန်ကုန်းရိုရွှယ်သည် သူမ၏ ပခုံးကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် ပုတ်လိုက်ပြီး သက်ပြင်းချဟန်ဆောင်ကာ ပြောလိုက်သည်။
"ဟူး... တတ်နိုင်ဘူးလေ... ခြောက်နှစ်တောင် အတူတူ နေလာခဲ့တာဆိုတော့ ငါက အကျင့်ဖြစ်နေပြီ..."
ထိုသို့ ပြောပြီးနောက် သူမသည် လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေ၏။
နန်ကုန်းရိုရွှေသည် ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ကာ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး အကြောင်းပြချက်မရှိဘဲ ယားယံလာသလို ခံစားလိုက်ရပေသည်။
အခန်း (၂၂၂) မင်း မှားနေတာ သေချာလို့လား
ဖုန်းရှန်း ခန်းမဆောင်။
နန်ကုန်းကျင်းချီ ဤနေရာတွင် ရှိနေသဖြင့် နန်ကုန်းယွီသည် ဤနေရာသို့ တန်းတန်းမတ်မတ် လာခဲ့ပေ၏။
သူသည် မည်သူ့ကိုမျှ မေးမြန်းနေစရာ မလိုချေ။
နန်းဆောင်၏ အပြင်ဘက်၌။
နန်ကုန်းယွီ ရောက်ရှိလာသည်ကို မြင်ချိန်တွင် အစောင့်နှစ်ဦးက ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုကာ နှုတ်ဆက်လိုက်ကြသည်။
"ကျန်းပေ့မင်းသားကို ဂါရဝပြုပါတယ်..."
သူတို့၏ အသံများသည် တိုးမနေခဲ့ဘဲ နန်ကုန်းကျင်းချီနှင့် ရှောင်အန်းကျစ်တို့ကို သွယ်ဝိုက်၍ သတင်းပို့လိုက်ခြင်းလည်း ဖြစ်ပေ၏။
ရှောင်အန်းကျစ် ဆိုသည်မှာ နန်ကုန်းကျင်းချီ၏ အနားတွင် ခစားရသော မိန်းမစိုးငယ်ပင် ဖြစ်သည်။
နန်ကုန်းယွီ စကားမပြောနိုင်မီ နန်ကုန်းကျင်းချီ၏ အသံ ထွက်ပေါ်လာပေ၏။
"ရှောင်ယွီ မြန်မြန် ဝင်လာခဲ့..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ဖုန်းရှန်း ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားသည်။
ဖုန်းရှန်း ခန်းမဆောင်သည် ဧကရာဇ်၏ အိပ်ဆောင်ဖြစ်သော်လည်း တိတိကျကျ ဆိုရလျှင် အနောက်ဘက်ခန်းမဆောင်ကသာ ဧကရာဇ် အနားယူရာ နေရာ ဖြစ်ပေ၏။
အရှေ့ဘက်ခန်းမဆောင်မှာမူ ဧကရာဇ် အလုပ်လုပ်ရာ နေရာဖြစ်ပြီး စာကြည့်ဆောင်နှင့် တူညီပေသည်။
နန်ကုန်းယွီ ဖုန်းရှန်း ခန်းမဆောင်သို့ ဝင်ရောက်လာချိန်တွင် နန်ကုန်းကျင်းချီက သူ့ကို ကြိုဆိုရန် ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူက ရှေ့သို့တိုးကာ နန်ကုန်းယွီ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်၍ နဂါးပလ္လင်ပေါ်တွင် ထိုင်စေရန် ခေါ်ဆောင်သွားခဲ့သည်။
"ရှောင်ယွီ မင်း ဘာကိစ္စရှိလို့ ဒီကို လာတာလဲ... နောက်ဆုံးတော့ ဧကရာဇ် လုပ်ချင်သွားပြီလား..."
နန်ကုန်းယွီသည် လုံးလုံးလျားလျား အားနာမနေခဲ့ချေ။
သူသည် ကလေးဘဝကတည်းက ထိုနဂါးပလ္လင်ပေါ်တွင် အကြိမ်ရေ မရေမတွက်နိုင်အောင် ထိုင်ခဲ့ဖူးသည်။
သူက နဂါးပလ္လင်ပေါ်တွင် မှီထိုင်လိုက်ပြီး ရယ်မောလိုက်၏။
"အစ်ကိုတော်ပဲ ဒီပလ္လင်ပေါ်မှာ ထိုင်သင့်ပါတယ်... ကျွန်တော်က မကြာခင် မြင့်မြတ်နယ်မြေကို သွားရတော့မှာဆိုတော့ အဲ့ဒီမှူးမတ်တွေနဲ့ စိတ်ကစားပွဲတွေ ကစားဖို့ အချိန်မရှိဘူး..."
ထိုစကားကြောင့် နန်ကုန်းကျင်းချီမှာ စကားမဆိုနိုင်တော့ဘဲ သူ လိုချင်သော အဖြေကို မရရှိခဲ့သည့်အလား အနည်းငယ် စိတ်ပျက်သွားပုံရပေ၏။
သူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး မေးမြန်းလိုက်သည်။
"ဒါဆို... ရှောင်ယွီ ဒီတစ်ခေါက် ဘာကိစ္စရှိလို့ လာတာလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက နန်ကုန်းကျင်းချီအား ပြုံးစိစိဖြင့် ကြည့်ကာ စနောက်လိုက်၏။
"အစ်ကိုတော် အစ်ကိုတော်ရဲ့ ကိုယ်လုပ်တော် ထွက်ပြေးသွားတာလား..."
ဤစကားကို ကြားချိန်တွင် ရှောင်အန်းကျစ်က ဘာမျှမကြားလိုက်ရသည့်အလား ချက်ချင်းပင် ခေါင်းငုံ့သွားပေသည်။
နန်ကုန်းကျင်းချီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"မဟုတ်ပါဘူး... ငါ့မှာ ဟွေ့ကိုယ်လုပ်တော်နဲ့ တယ်ကိုယ်လုပ်တော် နှစ်ယောက်ပဲ ရှိတယ်... သူတို့နှစ်ယောက်လုံး နန်းတော်ထဲမှာပဲ ရှိနေတာပါ..."
နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သတိပေးလိုက်သည်။
"အစ်ကိုတော် ငယ်ငယ်တုန်းက ကျွန်တော် စီစဉ်ပေးခဲ့တဲ့ မင်္ဂလာပွဲကို မှတ်မိသေးလား..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းကျင်းချီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပေ၏။
"မင်းက အဲ့ဒီကိစ္စကို ပြောတာလား... မင်းက ဒါကိုတောင် ပြောရဲသေးတယ်ပေါ့... ငါ လုံးဝကို အံ့ဩမှင်တက်သွားခဲ့ရတာ"
"ဒါနဲ့ မင်းက ဘာလို့ ဒီကိစ္စကို ရုတ်တရက် ထုတ်ပြောရတာလဲ"
နန်ကုန်းယွီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။
"အဲ့ဒီတုန်းက အနောက်မြူခိုးအင်ပါယာ ဧကရာဇ်က ဒီမင်္ဂလာပွဲကို သဘောတူခဲ့တယ် မဟုတ်ဘူးလား အစ်ကိုတော် ကိုယ်လုပ်တော်တွေ ရွေးချယ်တုန်းက ဘာလို့ သူ့ကို မထည့်ခဲ့တာလဲ"
နန်ကုန်းကျင်းချီက ခေါင်းခါလိုက်ပြီး ပြောဆိုပေ၏။
"ခမည်းတော်က ကိုယ်လုပ်တော်တွေ ရွေးချယ်ပေးတုန်းက ငါ စဉ်းစားခဲ့သေးတယ် ဒါပေမဲ့ အနောက်မြူခိုးအင်ပါယာက ကျီယွီဝေ့က လေ့ကျင့်ရေးတာဝန်တစ်ခုမှာ သေဆုံးသွားပြီလို့ ပြောခဲ့တယ်"
ဤနေရာသို့ ရောက်ချိန်တွင် နန်ကုန်းကျင်းချီသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အံ့ဩတကြီး မေးမြန်းလိုက်သည်။
"ရှောင်ယွီ မင်းက ရုတ်တရက်ကြီး ဒါကို ထုတ်ပြောလာတာဆိုတော့ မင်း တစ်ခုခု ထူးခြားတာကို တွေ့ခဲ့လို့လား"
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။
"ဟုတ်တယ် ကျွန်တော် မနေ့က အစေခံမလေး တစ်ယောက်ကို ဝယ်ခဲ့တယ် သူ့ရဲ့ ရုပ်သွင်က အဲ့ဒီတုန်းက မင်းသမီးကြီးနဲ့ နည်းနည်း ဆင်တူတယ် သူ့နာမည်က ကျိုးရှောင်ဝေးလို့ ပြောတယ် ဘာဆက်ဖြစ်လဲဆိုတာ ခန့်မှန်းကြည့်ပါလား "
"ဘာဖြစ်လို့လဲ"
နန်ကုန်းကျင်းချီ မေးမြန်းလိုက်ချိန်တွင် သူ၏ စိတ်နှလုံးသားထဲ၌ မသေချာသော ခန့်မှန်းမှုတစ်ခု ရှိနေပြီ ဖြစ်ပေသည်။
နန်ကုန်းယွီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
"ရလဒ်အနေနဲ့ ရှင်းမုန်းက သူ့ဆီမှာ တစ်ခုခု မှားယွင်းနေတာကို အာရုံခံမိသွားပြီးတော့ သူ့နာမည်က ကျီယွီဝေ့ ဆိုတာကို တိုက်ရိုက် တွက်ချက်လိုက်နိုင်တယ် တိုက်ဆိုင်လွန်းမနေဘူးလား”
ဤစကားကို ကြားချိန်တွင် နန်ကုန်းကျင်းချီသည် တစ်စုံတစ်ခုကို နားလည်သွားပုံရကာ အနည်းငယ် တန့်သွားပေ၏။
သူက ခေါင်းခါလိုက်ပြီး ရယ်မောလိုက်သည်။
"ဒါဆိုရင် သူဖြစ်ဖို့များတယ်... အဲ့ဒီတုန်းက သူ သဘောမတူလို့ ထွက်ပြေးသွားတာ ဖြစ်လိမ့်မယ်..."
"အစ်ကိုတော် အစ်ကိုတော့်မှာ ဘာအကြံအစည်မှ မရှိဘူးလား..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
"အကြံအစည်..."
နန်ကုန်းကျင်းချီက အနည်းငယ် အံ့အားသင့်သွားပြီး ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
"ငါက ဘာအကြံအစည် ရှိရမှာလဲ..."
"သူ့ကို ပြန်ပို့လိုက်လေ... ပြီးတော့ အနောက်မြူခိုးအင်ပါယာ ဧကရာဇ်ကို သူ့ကို ပြန်ပို့ခိုင်းလိုက်... အစ်ကိုတော်ရဲ့ နန်းဆောင်ထဲမှာ လူတစ်ယောက် ထပ်တိုးလာတာပေါ့..."
နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး ဆက်လက် ပြောဆိုပေ၏။
"ဒါမှမဟုတ် ကျွန်တော်က သူ့ကို နန်းတော်ထဲ တိုက်ရိုက် ပို့ပေးရမလား... နောက်မြူခိုး အင်ပါယာက ဒါကို မြင်တွေ့ရရင် ဝမ်းသာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်..."
"မလုပ်နဲ့..."
နန်ကုန်းကျင်းချီက လျင်မြန်စွာ တားဆီးလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"ငါလည်း သူ့ကို မကြိုက်သလို သူလည်း ငါ့ကို မကြိုက်ပါဘူး... ဒီလိုလုပ်ဖို့ တကယ် မလိုအပ်ပါဘူး..."
"ဒါ့အပြင် အခု သူက မင်းရဲ့ အစေခံမလေး ဖြစ်နေပြီ မဟုတ်ဘူးလား... ရှောင်ယွီ မင်းပဲ သူ့ကို လက်ခံလိုက်ပါလား..."
သို့သော် သူ စကားပြောပြီးနောက်၌ နန်ကုန်းယွီက သူ့အား ထူးဆန်းသော အမူအယာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် အံ့ဩသွားပေ၏။
"ဘာဖြစ်လို့လဲ... ငါ ပြောတာ တစ်ခုခု မှားသွားလို့လား..."
နန်ကုန်းယွီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး စကားမဆိုနိုင်ဖြစ်သွားသည်။
"တစ်ခုခု မှားသွားလို့လား ဆိုတာက ဘာသဘောလဲ... အစ်ကိုတော် ပြောတာ မမှားဘူးလား... အဲ့ဒါက အစ်ကိုတော့်ရဲ့ စေ့စပ်ထားသူလေ... ပြီးတော့ အစ်ကိုတော်က
ကျွန်တော့်ကို လက်ခံခိုင်းနေတယ်... ဒါက ဘယ်လို အပြုအမူမျိုးလဲ..."
နန်ကုန်းကျင်းချီ၏ အမူအယာ အေးခဲသွားပြီး သူ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။
ရှောင်ယွီက သူ့ကို အရူးလုပ်ရန် ဤနေရာသို့ လာရောက်သကဲ့သို့ အဘယ့်ကြောင့် ခံစားနေရသနည်း။
နန်ကုန်းကျင်းချီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။
"ရှောင်ယွီ ရိုးရိုးသားသား ပြောရရင် မင်း ဘာတွေ စဉ်းစားနေတာလဲ..."
နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး သူ့အား စကားမဆိုနိုင်စွာဖြင့် ကြည့်လိုက်ပေ၏။
"အစ်ကိုတော် ဖိအားတွေ အရမ်း များနေလို့လား... အစ်ကိုတော့်ရဲ့ စေ့စပ်ထားသူ အသက်ရှင်နေသေးတယ် ဆိုတာကို သိလိုက်ရလို့ ကျွန်တော် လာပြောပြတာလေ... အစ်ကိုကပဲ ဒါကို စဉ်းစားသင့်တာ မဟုတ်ဘူးလား..."
နန်ကုန်းကျင်းချီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး အားကိုးရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"ကောင်းပြီ... ငါ မင်းနဲ့ မငြင်းနိုင်တော့ဘူး... ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... အနောက်မြူခိုးအင်ပါယာကို လူလွှတ်ပြီး စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်မယ်... ဒါဆိုရင် အခုကစပြီး သူ လွတ်လပ်သွားပြီပေါ့..."
"ဒါမှမဟုတ် နောက်မြူခိုး အင်ပါယာက သူ သေသွားပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား... ပြီးတော့ သူ့နာမည်က ကျိုးရှောင်ဝေးလို့ သူ ပြောခဲ့တယ် မဟုတ်လား... ဒါဆိုရင် အခုကစပြီး သူက မင်းရဲ့ အစေခံမလေး ကျိုးရှောင်ဝေးပဲ ဖြစ်သွားလိမ့်မယ်..."
ဤစကားကို ကြားရချိန်တွင် နန်ကုန်းယွီသည် ခေါင်းခါကာ မပြုံးဘဲ မနေနိုင်တော့ချေ။
"အစ်ကိုတော်က ကောင်းကင်က
ရွေးချယ်ခံရသူ တစ်ယောက် ဖြစ်ပြီးတော့ ကျီယွီဝေ့ကလည်း အလွန် လှပတဲ့ မိန်းမချောလေး ဖြစ်နေတာတောင် အစ်ကိုတော်တို့က ဘာလို့ တစ်ယောက်နဲ့တစ်ယောက် သဘောမကျရတာလဲ..."
နန်ကုန်းကျင်းချီက ခေါင်းခါလိုက်၏။
"ဘာလို့ ဘာလို့လဲ ဆိုတဲ့ မေးခွန်းတွေ ဒီလောက် များနေရတာလဲ... တစ်ခုခုကို သဘောကျဖို့အတွက် တကယ်ကို အကြောင်းပြချက်တွေ အများကြီး မရှိပါဘူး..."
"နေပါဦး..."
သူ စကားပြောနေစဥ် နန်ကုန်းကျင်းချီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိသွားပုံရပြီး သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပေသည်။
"ရှောင်ယွီ မင်း ဘာတွေ ပြောနေတာလဲ... လမ်းမှာ တစ်ခုခု ဖြစ်ခဲ့လို့လား... ငါ့ကို
ပြောပြစမ်း..."
နန်ကုန်းယွီက ခေါင်းခါလိုက်ပြီး ပြုံးကာ ကျီယွီဝေ့နှင့် တွေ့ဆုံခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးနှင့် သူတို့၏ စကားပြောဆိုမှုများကို ပြန်လည် ပြောပြလိုက်သည်။
နောက်ဆုံးတွင် နန်ကုန်းယွီက ရယ်မောလိုက်ပြီး ပြောဆိုပေ၏။
"သူက အစ်ကိုတော်ရဲ့ နန်းတော်ဆီ လာမယ့်အစား ပုန်းအောင်းပြီးတော့ အစေခံမလေးအဖြစ် နေချင်နေတာ... အစ်ကိုတော် သူ့ကို စိတ်ဆိုးအောင် ဘာတွေများ လုပ်ခဲ့လို့လဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းကျင်းချီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
"ငါက သူ့ကို ဘယ်လိုလုပ် စိတ်ဆိုးအောင် လုပ်နိုင်မှာလဲ... အဲ့ဒီတုန်းက စားသောက်ပွဲမှာ သူ့ကို မြင်တွေ့ခဲ့တာကလွဲရင် အဲ့ဒီနောက်ပိုင်း သူ့ကို မတွေ့ရတော့ဘူးလေ... ငါက သူ့ကို ဘယ်လိုလုပ် စိတ်ဆိုးအောင် လုပ်နိုင်မှာလဲ..."
"ဒါက ထူးဆန်းတယ်..."
နန်ကုန်းယွီက စဉ်းစားနေဟန် ဆောင်လိုက်သော်လည်း နန်ကုန်းကျင်းချီက ခေါင်းခါလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
"ကောင်းပြီ... အံ့ဩမနေနဲ့တော့... ငါ ပြောခဲ့သလိုပဲ အခုကစပြီး သူက မင်းရဲ့ အစေခံမလေး ကျိုးရှောင်ဝေးပဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက မျက်တောင်ခတ်လိုက်သည်။
"အစ်ကိုတော် အစ်ကိုတော် စိတ်မခုဘူးလား..."
"စိတ်ခုစရာလား... မင်းက အရူးလုပ်ဖို့ သက်သက် လာတာလို့ ငါ ထင်တယ်... ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ထွက်သွားတော့..."
နန်ကုန်းကျင်းချီက အားကိုးရာမဲ့စွာဖြင့် လက်လှမ်းကာ နန်ကုန်းယွီအား တွန်းထုတ်လိုက်ပြီး ရယ်မောလျက် ဆူပူကြိမ်းမောင်းလိုက်ပေ၏။
နန်ကုန်းယွီက မျက်တောင်ခတ်လိုက်သည်။
"အစ်ကိုတော် အစ်ကိုတော် တကယ် ပြန်မစဉ်းစားတော့ဘူးလား... ကျီယွီဝေ့က အလွန် လှပတဲ့ မိန်းမချောလေးပဲ... သူက ကျွန်တော့်အနားမှာ အစေခံမလေးအဖြစ် နေရတာ သူ့အတွက် နှမြောစရာ ကောင်းတယ်..."
"ထွက်သွား... ထွက်သွား... ထွက်သွား..."
နန်ကုန်းကျင်းချီက စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး ရယ်မောလျက် ဆူပူကြိမ်းမောင်းလိုက်၏။
"သူ ဘာပဲလုပ်လုပ် မင်း သူ့ကို မင်းသမီး တစ်ပါးအဖြစ် တင်မြှောက်ရင်တောင် ငါနဲ့ မဆိုင်ဘူး..."
သို့သော် ထိုအချိန်၌ သူသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား နန်ကုန်းယွီအား ပြုံးစိစိဖြင့် ကြည့်လိုက်ပေသည်။