← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃) ငြင်းပယ်ခြင်းနှင့် လောဘရမ္မက်

ပန်းတစ်ရာနတ်သမီးသည် ကျိုးယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"မင်းက တော်တယ်... တကယ်လို့ မင်းသာ ငါ့ရဲ့ ပန်းတစ်ရာနန်းတော်ကို ဝင်ဖို့ ဆန္ဒရှိရင် မင်းကို ငါ့ရဲ့ တပည့်အဖြစ် သီးသန့် ကင်းလွတ်ခွင့်ပြုပြီး လက်ခံပေးနိုင်တယ်..."

ပန်းတစ်ရာနတ်သမီး၏ ဤစကားများ ပျံ့နှံ့သွားသည်နှင့်အမျှ တစ်နေရာလုံး ချက်ချင်း ပေါက်ကွဲသွားပြီး လူတိုင်းက ကျိုးယွမ်ကို မနာလိုစွာ ကြည့်နေကြလေ၏။

"ဘုရားရေ... ငါ ကြားတာ မှားသွားတာလား... ပန်းတစ်ရာနန်းတော်က ပန်းတစ်ရာနတ်သမီးက ကောင်းမိသားစုက ကောင်းဖေးကို တပည့်အဖြစ် တကယ် လက်ခံချင်နေတာလား..."

"ပန်းတစ်ရာနတ်သမီးက တပည့်တစ်ယောက်ပဲ လက်ခံဖူးတယ် မဟုတ်ဘူးလား... ကောင်းဖေးသာ ပန်းတစ်ရာနန်းတော်ကို ဝင်သွားရင် ကောင်းမိသားစုက စုန်းဟူနယ်မြေမှာ လုပ်ချင်တာလုပ်လို့ ရသွားပြီပေါ့..."

" ဒီကောင်းဖေး သဘောတူမယ်လို့ မင်း ထင်လား..."

"အရူးမှပဲ သဘောမတူဘဲ နေမှာပေါ့... ပန်းတစ်ရာနန်းတော်မှာ ယောက်ျားလေး တပည့်ဆိုတာ အရမ်းကို ရှားပါးတာ... ဒီလောက် လှပတဲ့ အမျိုးသမီး ဆရာတစ်ယောက် ရှိနေတာက အိပ်မက်ထဲမှာတောင် ရယ်နေရမယ့် ကိစ္စပဲ..."

လူတိုင်း ဆွေးနွေးနေကြစဉ် ခေါင်းတုံးနှင့် အမျိုးသားဖြစ်သော ချန်ချင်းဘိုးဘေးကလည်း တိုက်ရိုက် ပြောဆိုလိုက်လေ၏။

"ကောင်းဖေး ဟုတ်လား... တကယ်လို့ မင်းက ငါ့ရဲ့ ချန်ချင်းဂိုဏ်းကို ဝင်ချင်တယ်ဆိုရင် မင်းကို ငါ့ရဲ့ နောက်ဆုံးတပည့်အဖြစ် ကိုယ်တိုင်ကိုယ်ကျ လက်ခံပေးနိုင်တယ်..."

ချန်ချင်းဘိုးဘေး၏ စကားများကြောင့် မြင်ကွင်းမှာ ထပ်မံ ပေါက်ကွဲသွားလေ၏။

"သေစမ်း... ငါက ဘာလို့ အဲ့ဒီလို ကံကောင်းမှုမျိုး မရှိရတာလဲ... တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် တကယ်ကို ဒေါသထွက်စရာပဲ..."

"ငါက ကောင်းဖေးလောက် မဆိုးပေမဲ့ သူက ခေါက်ရှန်းဘိုးဘေးကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရဲတယ်... သတ္တိဆယ်ဆ ရှိရင်တောင်မှ ငါ အဲ့ဒီလို ကိစ္စမျိုး လုပ်ရဲမှာ မဟုတ်ဘူး..."

"တကယ်တော့ အခုအချိန်မှာ အရှက်ရဆုံးက ကြယ်ကိုးလုံးဂိုဏ်းပဲ ဖြစ်မယ်... သူတို့ ကြောက်လန့်ပြီး တုန်ရီနေလောက်ပြီ..."

" ဒီကောင်းဖေးက ဘယ်လို ရွေးချယ်မယ်လို့ မင်း ထင်လဲ... ငါသာဆိုရင် ချက်ချင်း ဆုံးဖြတ်ချက်ချနိုင်မှာ မဟုတ်ဘူး..."

လူအုပ်ကြီး၏ ဆွေးနွေးသံများကို ကြားရသောအခါ ဤအခိုက်အတန့်တွင် ကြယ်ကိုးလုံးဂိုဏ်း၏ မဟာအကြီးအကဲ လျိုပေါ်၏ မျက်နှာပေါ်၌ ခါးသက်သက် အပြုံးများ ပြည့်နှက်နေလေ၏။

‘ကျိုးယွမ်က ကြယ်ကိုးလုံးဂိုဏ်းက လူ နှစ်ရာကျော်ကို လုံးဝ သတ်ပစ်ခဲ့လို့ ကြယ်ကိုးလုံးဂိုဏ်းက သားကောင် ဖြစ်ခဲ့ရတာ’

ယခုကြည့်လိုက်‌သော် ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ကိုယ်ပိုင်ကိစ္စများကို မည်သူကမျှ ဂရုမစိုက်ကြတော့ချေ။

ထို့ပြင် ဤကိစ္စကို မည်သို့ အဆုံးသတ်ရမည်ကို လျိုပေါ် တကယ်တမ်း မသိတော့ချေ။

ကောင်းမိသားစုကို ပြဿနာလာရှာမိသည်ကို သူ တကယ်ကို နောင်တရနေလေပြီ။

အကယ်၍ ကောင်းမိသားစုက ကြယ်ကိုးလုံးဂိုဏ်းကို ကလဲ့စားချေချင်တယ်ဆိုရင် သူ့ရဲ့ ခြေအောက်က ခေါင်းသုံးလုံးဝိညာဉ်မြွေ တစ်ကောင်တည်းနဲ့တင် ကြယ်ကိုးလုံးဂိုဏ်း တစ်ခုလုံးကို မျိုးဖြုတ်ပစ်ဖို့ လုံလောက်လုနီးပါး ဖြစ်နေပြီ။

ကောင်းမိသားစုဘက်တွင် ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့မှာ စိတ်ခံစားမှု အတက်အကျများစွာ ခံစားနေကြရသည်။

အဆင့် ၆ မိစ္ဆာသားရဲ ခေါင်းသုံးလုံးဝိညာဉ်မြွေ ပေါ်လာခြင်းက သူတို့ကို မှင်တက်သွားစေခဲ့သည်။

ယင်ယန်လူ သတ်ဖြတ်ခံလိုက်ရခြင်းက 'ကောင်းဖေး' မှာ ရက်စက်လွန်းလှသည်ဟု သူတို့ကို ခံစားရစေသည်။

ခေါက်ရှန်းဘိုးဘေး ပေါ်လာခြင်းက သူတို့ကို ရေခဲဂူထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားရစေသည်။

ပန်းတစ်ရာနတ်သမီးနှင့် ချန်ချင်းဘိုးဘေးတို့ ဆက်တိုက် စကားပြောလာခြင်းက သူတို့ကို အလွန် ဝမ်းသာသွားစေပြီး ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ ခံစားရစေသည်။

ဤအခိုက်အတန့်တွင် ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့၏ နှလုံးများ တစ်ပြိုင်နက်တည်း ရူးသွပ်စွာ ခုန်ပေါက်နေလေ၏။

တတိယသခင်လေးက ဘယ်သူ့ကိုပဲ ရွေးချယ်သည်ဖြစ်စေ ကောင်းမိသားစုအတွက် အခြားသော အစွမ်းထက်သည့် ကျောထောက်နောက်ခံ တစ်ခုကို ထပ်မံ ရရှိသွားခြင်းပင် ဖြစ်သည်။

ထိုနေရာရှိ လူများအားလုံးထဲတွင် ကျိုးယွမ်၏ အမူအရာမှာ အတည်ငြိမ်ဆုံး ဖြစ်သည်။

သူ၏ အကြည့်များသည် အခြားသူများကို ဖုံးကွယ်ထားနိုင်သော်လည်း သူ့ကိုမူ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ကောက်ကျစ်သော အကြည့်များရှိသည့် ခေါက်ရှန်းဘိုးဘေးဖြစ်စေ၊ သူ၏ ရှေ့ရှိ ချန်ချင်းဘိုးဘေးနှင့် ပန်းတစ်ရာနတ်သမီးဖြစ်စေ အားလုံးသည် သူ၏ အောက်ဘက်ရှိ အဆင့် ၆ ခေါင်းသုံးလုံးဝိညာဉ်မြွေကို စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။

ပထမအချက်မှာ သူတို့သည် သူ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ဘယ်သောအခါကမျှ မစမ်းသပ်ဖူးသကဲ့သို့ ဒုတိယအချက်အနေဖြင့် သူ့အကြောင်းကို လုံးဝ နားမလည်ကြချေ။

ထို့ကြောင့် သူတို့အားလုံး သူ့ကို တပည့်အဖြစ် အလုအယက် လက်ခံချင်နေကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော လှည့်စားမှုကို မည်သို့များ သူမမြင်ဘဲ နေမည်နည်းဟု ကျိုးယွမ် စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိလေ၏။

ထို့နောက် ကျိုးယွမ် တွေးတောလိုက်မိသည်မှာ ကောင်းကင်ဖြစ်စဉ်အဆင့်ရှိ အစွမ်းထက်သူများ၏ သက်တမ်းမှာ အလွန် ရှည်လျားလှပေသည်။

အကယ်၍ သူသာ အချိန်ကိုဖျက်ဆီးခြင်းနည်းစနစ်ကို အသုံးပြုမည်ဆိုပါက သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံက သူတို့ကို အရှင်လတ်လတ် မီးရှို့သတ်သည်အထိ တောင့်ခံနိုင်မည်လား ဆိုသည်ကို သူ မသိချေ။

မသေချာသေးသဖြင့် သူ ပြန်သွားပြီး သေချာ ဂရုတစိုက် စဉ်းစားရန် လိုအပ်ပေသည်။

သို့သော် သူတို့ထဲမှ တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်ကိုသာ ကိုင်တွယ်ရမည်ဆိုပါက ပြဿနာရှိမည် မဟုတ်ချေ။

"စီနီယာ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်... လောလောဆယ် ဘယ်ဂိုဏ်းကိုမှ ဝင်ဖို့ အစီအစဉ် မရှိသေးပါဘူး..."

ကျိုးယွမ်က တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ကောင်းဖေး... မင်း သေချာ စဉ်းစားဖို့ လိုတယ်နော်... ဒါက မင်းအတွက် ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ..."

မဟာအကြီးအကဲ ကောင်းကျန်းကျွန်းသည် ပထမဆုံး အထိတ်တလန့် ဖြစ်သွားပြီး အခြားသူများ စကားမပြောမီ အလျင်အမြန် ဝင်ပြောလိုက်လေ၏။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ကောင်းဖေးက ကောင်းကင်ဖြစ်စဉ်အဆင့် ဘိုးဘေး နှစ်ဦးစလုံးကို တိုက်ရိုက် ငြင်းပယ်လိုက်ကြောင်းကို ယခုမှ သဘောပေါက်သွားကြလေသည်။

"ကောင်းဖေးက အံ့သြစရာပဲ..."

လူအများအပြားသည် ကောင်းဖေးကို လက်မထောင်မပြဘဲ မနေနိုင်အောင် ဖြစ်သွားကြလေ၏။

ကောင်းဖေးက ဤကဲ့သို့သော ဧရာမ သွေးဆောင်မှုကို တကယ်တမ်း တွန်းလှန်နိုင်ခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

"ကောင်းဖေး... အဲ့ဒီ ခေါက်ရှန်းဘိုးဘေးက မင်းကို ရန်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေတာ ငါ တွေ့တယ်... ဒါက ရှားပါးတဲ့ အခွင့်အရေးမို့ အသေးအဖွဲ ကိစ္စလေးတွေအပေါ် အာရုံမစိုက်နေပါနဲ့..."

ကောင်းကဲကလည်း ကျိုးယွမ်ထံသို့ အလျင်အမြန် အသံလှိုင်းပို့လွှတ်ပြီး စတင် ဖျောင်းဖျလေတော့သည်။

ကျိုးယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြုံး ပြုံးလိုက်မိလေ၏။ သူက အမုန်းတရားတွေ ပွားများလာအောင် လာလုပ်ရုံသက်သက်သာ ဖြစ်သည်။

အကယ်၍ သူသာ ပန်းတစ်ရာနန်းတော် သို့မဟုတ် ချန်ချင်းဂိုဏ်းသို့ ဝင်ရောက်သွားပါက အချိန်အတော်ကြာအောင် တည်ငြိမ်သော ဘဝတစ်ခုဖြင့် နေထိုင်နိုင်မည်ဟု သူ ခန့်မှန်းမိပေသည်။

‘ဒါက သူ လိုချင်တဲ့အရာများ ဟုတ်လို့လား။’

သူ လိုချင်သည်မှာ စုန်းဟူနယ်မြေ၏ ဖရိုဖရဲ အခြေအနေဖြစ်ပြီး ဤဘက်မှ သတင်းအချက်အလက်များကို အပ်တစ်ထောင်နယ်မြေသို့ ချက်ချင်း ပေးပို့နိုင်ရန် ဖြစ်သည်။

ထို့ပြင် သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိသည်လည်း မဟုတ်ချေ။ အကယ်၍ သူသာ ထွက်သွားချင်ပါက မည်သူကမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။

"မဟာအကြီးအကဲနဲ့ ဒုတိယအကြီးအကဲ... ကျွန်တော့်ကို ဖျောင်းဖျနေစရာ မလိုတော့ပါဘူး... ကျွန်တော် ဆုံးဖြတ်ချက် ချပြီးသွားပါပြီ... ဘယ်သူ့ဆီမှာမှ တပည့်မခံပါဘူး..."

ကျိုးယွမ်၏ စကားများမှာ ပြတ်သားပြီး ခိုင်မာနေသဖြင့် ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရလေ၏။

ပန်းတစ်ရာနတ်သမီးနှင့် ချန်ချင်းဘိုးဘေးတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

သူတို့၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားကြလေ၏။

ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့သည် ဤမြင်ကွင်းကို မြင်သောအခါ တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်မိကြလေ၏။

ဤတတိယသခင်လေးက အနည်းငယ် ထင်ရာစိုင်းလွန်းပြီး ဤကဲ့သို့ ကြီးမားသော ကမ်းလှမ်းမှုကို အမှန်တကယ် ငြင်းပယ်ခဲ့လေသည်။

သို့သော် ယခုအခါ ပုဂ္ဂိုလ်ကြီး နှစ်ဦး ထွက်ခွာသွားပြီဖြစ်ရာ ကောင်းကျန်းကျွန်းတို့အနေဖြင့် ဘာမှ လုပ်နိုင်စွမ်း မရှိတော့ချေ။

ကျိုးယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြုံး ပြုံးလိုက်မိလေ၏။ သူတို့ မထွက်ခွာမီ ခေါင်းသုံးလုံးဝိညာဉ်မြွေကို ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့်သွားခဲ့ကြသည်။

သို့သော် တြိဂံပုံစံသည် အတည်ငြိမ်ဆုံး ဖြစ်ပေသည်။

ခေါင်းသုံးလုံးဝိညာဉ်မြွေမှာ တစ်ကောင်တည်းသာ ရှိပြီး ကောင်းကင်ဖြစ်စဉ်အဆင့်ရှိ အစွမ်းထက်သူမှာ သုံးဦး ရှိနေသည်။

ထို့ကြောင့် လောလောဆယ်တွင် သူ အန္တရာယ်ကင်းနေဆဲပင်။

အခြေအနေကို နားလည်သွားပြီးနောက် ကျိုးယွမ်သည် အနီးအနားရှိ လျိုပေါ်ဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ ဖြတ်ပြေးသွားလေ၏။

"မင်း အခုလေးတင်က ငါ့ကို သတ်ချင်တယ်လို့ ပြောခဲ့တယ်နော်..."

ကျိုးယွမ်၏ စကားများမှာ ရေခဲတမျှ အေးစက်နေသဖြင့် စိတ်အေးသက်သာသွားပြီဖြစ်သော လျိုပေါ်၏ မျက်နှာအရောင်ကို ချက်ချင်း ပြောင်းလဲသွားစေလေ၏။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လူအများအပြားသည် ကျိုးယွမ်၏ စကားကို ကြားသောအခါ သူတို့၏ စိတ်ဓာတ်များ ချက်ချင်း တက်ကြွသွားကြလေသည်။

ဤနေရာတွင် မမျှော်လင့်ဘဲ ကြည့်ရှုစရာ ပွဲကောင်းတစ်ခု ရှိနေသေးသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ထပ်မံ၍ ဆွေးနွေးလာကြပြန်သည်။

"မင်း ဘယ်လိုထင်လဲ... ကောင်းဖေးက လျိုပေါ်ရဲ့ အသက်ကို ယူမယ်လို့ ထင်လား... တကယ်လို့ ကောင်းဖေးက တကယ်လုပ်ခဲ့မယ်ဆိုရင် ပျော်စရာကြီးပဲ..."

"ငါကတော့ အဲ့လို မထင်ဘူး... ကောင်းဖေးက အဲ့ဒီလောက်တော့ မမိုက်မဲပါဘူး..."

"သူက လီပုချွန်းကို အခုလေးတင်မှ သတ်ထားတာ... ယင်ယန်နန်းတော်ကို လုံးဝ စော်ကားလိုက်တာပဲ... ပြီးတော့ တစ်ချိန်တည်းမှာပဲ ခေါက်ရှန်းဘိုးဘေးကိုပါ စော်ကားလိုက်တာ... တကယ်လို့ သူသာ လျိုပေါ်ကို ထပ်သတ်မယ်ဆိုရင် အဲ့ဒီ ပုဂ္ဂိုလ်ကြီး ၃ ယောက်က ငြိမ်နေနိုင်တော့မှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်... ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်တံခါးအဆင့်ရှိတဲ့ အစွမ်းထက်သူတွေကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ကူဘူးလေ..."

"မင်းပြောတာကို ငါ သဘောတူတယ်... ဒါပေမဲ့ ကောင်းဖေးက လျိုပေါ်ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး..."

လူအုပ်ကြီး၏ ဆွေးနွေးသံများသည် ကျိုးယွမ်ဆီသို့ ရောက်ရှိလာပြီး ကျိုးယွမ်၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေ၏။

သူ့အနေဖြင့် လျိုပေါ်ကို သတ်ရဲမည် မဟုတ်ဟု လူတိုင်း ထင်နေကြသည်။

အကယ်၍ သူသာ သတ်လိုက်ပါက လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြပေမည် မဟုတ်လား။

သို့သော် ကျိုးယွမ်သည် ဤအန္တရာယ်များသော အတွေးကို ချက်ချင်း စွန့်လွှတ်လိုက်လေ၏။

ထိုသို့လုပ်ဆောင်ခြင်းက ထိုလူ ၃ ဦးကို ထပ်မံ ရန်စသကဲ့သို့ ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။

"တတိယသခင်လေး... ဒီနေ့ကိစ္စက ကျွန်တော့်အမှားပါ... ဒါက ခင်ဗျားအတွက် ကျွန်တော့်ရဲ့ လျော်ကြေးပါ..."

လျိုပေါ်သည်လည်း အခြေအနေအရ ကွေးတတ်ဆန့်တတ်သူ ဖြစ်ရာ သိုလှောင်လက်စွပ် တစ်ကွင်းကို ကျိုးယွမ်ဆီသို့ တိုက်ရိုက် ပစ်ပေးလိုက်သဖြင့် ကျိုးယွမ်က ဖမ်းဆုပ်လိုက်လေ၏။

ကျိုးယွမ်သည် နတ်ဘုရားစိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် လျိုပေါ်၏ အပြုအမူအပေါ် အလွန် ကျေနပ်သွားလေ၏။

ကျိုးယွမ်သည် အချိန်ဆွဲမနေတော့ဘဲ ခေါင်းသုံးလုံးဝိညာဉ်မြွေကို သိမ်းဆည်းလိုက်ပြီးနောက်

ပျောက်ကွယ်သွားလေတော့သည်။

အခန်း (၂၃၄) အဓိက အင်အားစု သုံးခု၏ မနာလိုမှုများ

လျိုပေါ်သည် နောက်ဆုတ်သွားပြီး အချိန်ဆွဲမနေဘဲ ကြယ်ကိုးလုံးဂိုဏ်းမှ လူများကို ဦးဆောင်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားလေတော့သည်။

ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူတို့၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများလည်း ရှိနေလေ၏။

တတိယသခင်လေးနောက်တွင် အဆင့် ၆ မိစ္ဆာသားရဲတစ်ကောင် ဘယ်အချိန်ကတည်းက လိုက်ပါလာမှန်း သူတို့ မသိခဲ့ကြချေ။

အကယ်၍ အဆင့် ၅ မိစ္ဆာသားရဲ ဖြစ်ခဲ့မည်ဆိုပါက သူတို့နှစ်ဦးစလုံး သေချာပေါက် ပျော်ရွှင်နေကြပေလိမ့်မည်။

အကြောင်းမှာ မိသားစုအတွက် နောက်ထပ် တိုက်ခိုက်ရေး အင်အားတစ်ခု တိုးလာသောကြောင့် ဖြစ်သည်။

သို့သော် အဆင့် ၆ မိစ္ဆာသားရဲဆိုသည်မှာမူ လုံးဝ ကွဲပြားခြားနားလှပေသည်။ အဘယ်ကြောင့်ဆိုသော် အဆင့် ၆ ကျင့်ကြံခြင်း ဂိုဏ်းများ၏ စောင့်ကြည့်ခြင်းကို ခံရမည်မဟုတ်ဘဲ အဆင့် ၇ ကျင့်ကြံခြင်း ဂိုဏ်းများ၏ စောင့်ကြည့်ခြင်းကို ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။

ယခုလေးတင် ပေါ်လာခဲ့သော ပေတစ်ရာခန့် မြင့်မားသည့် ဓမ္မရုပ်သွင်ကို တွေးမိချိန်၌ ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများ ပိုမို နက်ရှိုင်းလာလေ၏။

"ထားလိုက်ပါတော့... ကိစ္စတွေက ဒီအထိ ရောက်လာပြီဆိုတော့ တစ်ဆင့်ချင်းစီ သွားရုံပေါ့..."

ကောင်းကျန်းကျွန်းက ကောင်းကဲကို နှစ်သိမ့်လိုက်ပြီးနောက် လှည့်ကာ အခန်းထဲသို့ ဝင်သွားလေ၏။

ဤအခိုက်အတန့်တွင် ကျိုးယွမ်ရှိနေသော အခန်းထဲ၌ ကျဲ့ယွင်ဇီ၏ မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေ၏။

ယနေ့ ဖြစ်ရပ်များ၏ အန္တရာယ်ကို သူမမြင်ဘဲ မည်သို့ နေနိုင်မည်နည်း။

ကျဲ့ယွင်ဇီသည် မူလက ကျိုးယွမ်ကို ကူညီနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူ ကူညီနိုင်စွမ်း မရှိသလောက်ပင် ဖြစ်နေကြောင်း သဘောပေါက်သွားလေပြီ။

သူတို့သည် အချင်းချင်း ဝန်ထုပ်ဝန်ပိုးများပင် ဖြစ်လာနေပြီ ဖြစ်သည်။

"သခင်လေး... ဒီနေ့ သခင်လေးက အရမ်းကို ထင်ပေါ်လွန်းတယ်... ဒါက ပြဿနာတွေ အများကြီးကို ဆွဲဆောင်လာနိုင်တယ်နော်..."

ခဏမျှ စဉ်းစားပြီးနောက် ကျဲ့ယွင်ဇီသည် နောက်ဆုံးတွင် စကားပြောလိုက်လေ၏။

"သခင်လေး... ကျွန်တော် တကယ်ပဲ စိုးရိမ်နေမိတယ်..."

ကျိုးယွမ်က အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"အဘိုးကျဲ့ပြောတာကို ကျွန်တော် ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ..."

"ဒါပေမဲ့ ငါတို့ ဒီကို ဘာလာလုပ်တာလဲ... စုန်းဟူနယ်မြေရဲ့ သတင်းတွေကို စုဆောင်းပြီး သူတို့ရဲ့ စည်းလုံးမှုကို ဖြိုခွဲဖို့ မဟုတ်ဘူးလား..."

"ဒီအတိုင်း သတင်းတွေ စုဆောင်းနေတာက သိပ်ပြီး အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်... သတင်းတွေ ပြန်ပို့ရင်တောင်မှ သိပ်အသုံးဝင်မှာ မဟုတ်ဘူး... ဒါကြောင့် တခြားနည်းလမ်းတစ်ခု ရှာရမယ်..."

"ဒီ တတိယသခင်လေးဆိုတဲ့ ကိုယ်ပိုင်လက္ခဏာက တော်တော်လေး ကောင်းတယ်... ရန်သူ ပိုများလာအောင် ဆွပေးဖို့ ဒီဟာကို သုံးလို့ရတယ်..."

"ခေါင်းသုံးလုံးဝိညာဉ်မြွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တမင်သက်သက် ထုတ်ပြခဲ့တာပါ... ပြင်းထန်တဲ့ ဆေးတစ်ခွက် မကျွေးဘဲ သူတို့ရဲ့ လောဘတွေကို ဘယ်လိုလုပ် ဆွဲထုတ်လို့ရမှာလဲ..."

"အကယ်၍ ကျွန်တော် မမှားဘူးဆိုရင် ကျွန်တော့်ကို အထူး တာဝန်တစ်ခု ပေးအပ်လာနိုင်ခြေ အရမ်းများတယ်..."

"ခင်ဗျားတို့ နှစ်ယောက် ဒီနေ့ ဒီရောက်နေပြီဆိုတော့ ကျွန်တော် ညွှန်ကြားချက် တချို့ ပေးလိုက်ပါ့မယ်... အကယ်၍ ကျွန်တော် ထွက်သွားရင် ခင်ဗျားတို့ နှစ်ယောက်လည်း ဒီကနေ ချက်ချင်း ထွက်သွားဖို့ နည်းလမ်းရှာရမယ်..."

"ဒီကိုယ်ပိုင်လက္ခဏာကို ကျွန်တော် အချိန်အကြာကြီး သုံးနိုင်တော့မှာ မဟုတ်ဘူး... ဒါကြောင့် ခင်ဗျားတို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်..."

ကျိုးယွမ်၏ အမူအရာမှာ သူ စကားပြောလေလေ ပို၍ တည်ကြည်လေးနက်လာလေလေ ဖြစ်သည်။

ကျဲ့ယွင်ဇီနှင့် ကျဲ့ချင်းဟယ်တို့သည်လည်း ဤညွှန်ကြားချက် မည်မျှ အရေးကြီးကြောင်းကို နားလည်ထားသဖြင့် တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြလေ၏။

ကျိုးယွမ် ခန့်မှန်းထားသည့်အတိုင်းပင် စခန်းအတွင်းရှိ လူတိုင်းသည် သူ၏ ခေါင်းသုံးလုံးဝိညာဉ်မြွေအကြောင်းကို ပြောဆိုနေကြလေ၏။

အဆင့် ၆ ဖြစ်စေ၊ အဆင့် ၇ ကျင့်ကြံခြင်း အင်အားစုများဖြစ်စေ ခေါင်းသုံးလုံးဝိညာဉ်မြွေအပေါ် ပြင်းထန်သော စိတ်ဝင်စားမှု ရှိနေကြသည်။

ခေါက်ရှန်းဂိုဏ်း၏ ပင်မစခန်းတွင် ခေါက်ရှန်းဘိုးဘေးသည် မှုန်ကုပ်ကုပ် အမူအရာဖြင့် ထိုင်နေပြီး သူ၏ အောက်ဘက်တွင် ခေါက်ရှန်းဂိုဏ်း၏ အကြီးအကဲတစ်ဦး ရှိနေလေ၏။

ဤအကြီးအကဲ၏ အမည်မှာ ဖေ့တာ ဖြစ်ပြီး ကောင်းကင်တံခါး အလယ်အလတ်အဆင့် ကျင့်ကြံမှု ရှိလေသည်။

"ဘိုးဘေး... ကျွန်တော် အခုလေးတင် အကြမ်းဖျင်း စုံစမ်းကြည့်ပြီးပြီ... ဒီ ကောင်းဖေးရဲ့ နောက်ခံက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်…”

"ကောင်းဖေးက ကောင်းယွီရှန်းရဲ့ သားမဟုတ်ဘူး... ထူးဆန်းတဲ့ လူတစ်ယောက်နဲ့ ကောင်းယွီရှန်းရဲ့ ဇနီးတို့ရခဲ့တဲ့ သားပဲ..."

"လွန်ခဲ့တဲ့ နှစ်တစ်ရာက ကောင်းယွီရှန်းရဲ့ ဇနီးက ခရီးထွက်ရင်း အန္တရာယ်နဲ့ ကြုံရပြီး ထူးဆန်းတဲ့ လူတစ်ယောက်က ကယ်တင်ခဲ့တယ်... အဲ့ဒီနောက်တော့ သူတို့နှစ်ယောက် အတူတူ နေခဲ့ကြတယ်..."

"မူလက အဲ့ဒီထူးဆန်းတဲ့ လူက ကောင်းယွီရှန်းရဲ့ ဇနီးကို ခေါ်သွားဖို့ ရည်ရွယ်ထားတာ... ဒါပေမဲ့ သူ့ရဲ့ ရန်သူက စုန်းဟူနယ်မြေကို ရောက်လာခဲ့တယ်..."

"တခြား ရွေးချယ်စရာ မရှိတော့လို့ ကောင်းယွီရှန်းရဲ့ ဇနီးကို ကောင်းမိသားစုဆီ ပြန်ပို့ပေးခဲ့ရတာပဲ..."

"အဲ့ဒီအချိန်တုန်းက ကောင်းယွီရှန်းက တံခါးပိတ် ကျင့်ကြံနေတုန်းပဲ... ဒါပေမဲ့ ကောင်းမိသားစုက ဘိုးဘေးက အဲ့ဒီမှာ ရှိနေတယ် အဲ့ဒီထူးဆန်းတဲ့ လူက ကောင်းမိသားစုကို ဖိအားပေးဖို့ သူ့ရဲ့ ကျင့်ကြံမှုကို အသုံးပြုခဲ့တယ် ဘိုးဘေးကလည်း အဲ့ဒီကိစ္စကို အသံတိတ် လက်ခံပေးခဲ့ရတယ်"

"ကောင်းယွီရှန်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးနောက် သူ့ဇနီးက ကောင်းဖေးကို မွေးပြီးနေပြီ... အဲ့ဒါက ကောင်းယွီရှန်းကို ရူးသွပ်သွားလောက်အောင် ဒေါသထွက်စေခဲ့တာပဲ"

"ကောင်းယွီရှန်းက ရုတ်တရက် ပေါ်လာတဲ့ ဒီတရားမဝင်တဲ့ ကလေးကို သတ်ချင်ခဲ့တယ်... ဒါပေမဲ့ သူ့ဇနီးက အသက်လု ကာကွယ်ပေးခဲ့ပြီး ကောင်းယွီရှန်းရဲ့ လက်ဝါးရိုက်ချက်ကို ခံလိုက်ရတယ်... အဲ့ဒီနောက် ကောင်းမိသားစုက... ဘိုးဘေးက ဝင်စွက်ဖက်ပြီး ကောင်းယွီရှန်းကို တားဆီးခဲ့တယ်..."

"ကောင်းယွီရှန်းက ကောင်းဖေးကို ဘိုးဘေးနဲ့ သူ့ဇနီးရဲ့ ကလေးလို့ တစ်ချိန်က ထင်ခဲ့ဖူးတယ်... ဒါကြောင့် သူ အရမ်း နာကျင်ခဲ့ရတာ..."

"ဒါပေမဲ့ နှစ်အနည်းငယ်ကြာတော့ သူ့ဇနီး သေဆုံးသွားတယ်... သေဆုံးရတဲ့ အကြောင်းရင်းက ကောင်းယွီရှန်း ရိုက်ခဲ့တဲ့ အဲ့ဒီ ပါးရိုက်ချက်ကြောင့်ပဲ..."

"ကောင်းယွီရှန်းက သူ့ရဲ့ တတိယသားကို သေလောက်အောင် မုန်းတီးခဲ့တယ်... ဒါပေမဲ့ ဘိုးဘေးက ဖိနှိပ်ထားလို့ သူက ခေါင်းငုံ့ခံနေရတာ..."

" ဒီတတိယသခင်လေးက တော်တော်လေး ဉာဏ်ကောင်းပြီး သူ့ရဲ့ ကျင့်ကြံမှုကလည်း လျင်မြန်စွာ တိုးတက်လာတယ်... ဒါပေမဲ့ သူက ဘယ်သူနဲ့မှ စကားမပြောတဲ့အတွက် တော်တော်လေး အေးစက်စက် နိုင်တယ်..."

"နယ်မြေနှစ်ခုကြားက ဒီစစ်ပွဲမှာ ကောင်းယွီရှန်းက ကောင်းဖေးကို တိုက်ရိုက် စေလွှတ်ခဲ့တာ... စစ်မြေပြင်မှာ သူ့ကို သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပဲ"

"သူ့ဘေးက ခေါင်းသုံးလုံးဝိညာဉ်မြွေနဲ့ ပတ်သက်ပြီးတော့ ဘာသတင်းအချက်အလက်မှ မရှိပါဘူး... ဘယ်ကနေ ရလာမှန်းကို မသိတာပါ"

"ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်အရ ဒီ အဆင့် ၆ မိစ္ဆာသားရဲကို သူ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး... ဒါကြောင့် ဒီကိစ္စကို အပြည့်အဝ စုံစမ်းလို့ မရသေးပါဘူး..."

ဖေ့တာ စကားပြောပြီးနောက် ခေါက်ရှန်းဘိုးဘေးကို လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ပြီးနောက် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်လေ၏။

ဖေ့တာ၏ စကားကို ကြားသောအခါ ခေါက်ရှန်းဘိုးဘေးသည် မျက်မှောင်အနည်းငယ် ကြုတ်သွားလေ၏။

ကောင်းမိသားစု၏ ဘိုးဘေးမှာ အိုမင်းနေပြီဖြစ်သော်လည်း လွန်ခဲ့သော ရာစုနှစ်တစ်ခုက သူသည် အစစ်အမှန် ကောင်းကင်တံခါး အထွတ်အထိပ်အဆင့် ရှိသူတစ်ဦး ဖြစ်ခဲ့ပေသည်။

ကောင်းမိသားစုသည် မိသားစု တစ်ခုတည်းအပေါ် မှီခိုပြီး အဆင့် ၆ ကျင့်ကြံခြင်း အင်အားစု တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်း၏ အကြောင်းရင်းမှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။

ကောင်းမိသားစုမှ ဘိုးဘေးကို အညံ့ခံအောင် လုပ်နိုင်သူသည် ကျင့်ကြံမှုအဆင့်တွင် သူ့ထက် သေချာပေါက် မြင့်မားရပေမည်။

တစ်နည်းဆိုရသော် ကောင်းဖေးတွင် ကောင်းကင်ဖြစ်စဉ်အဆင့် ဖခင်တစ်ဦး ရှိနေခြင်းပင် ဖြစ်သည်။

သို့သော် ဤလူသည် နှစ်တစ်ရာနီးပါး ပေါ်မလာတော့ချေ။ ဘာဖြစ်သွားမှန်း မည်သူမျှ မသိကြချေ။

ခေါက်ရှန်းဘိုးဘေးသည် မသေချာမရေရာမှုများကို အမုန်းဆုံး ဖြစ်သည်။ ဤအချက်ကြောင့်ပင် သူ ယနေ့အချိန်အထိ အသက်ရှင်နေနိုင်ခြင်း ဖြစ်ပေသည်။

အဆင့် ၆ ခေါင်းသုံးလုံးဝိညာဉ်မြွေကို ခေါက်ရှန်းဘိုးဘေးက မရရအောင် ယူမည်ဟု ဆုံးဖြတ်ထားသည်။

အကြောင်းမှာ ခေါင်းသုံးလုံးဝိညာဉ်မြွေသည် အနာဂတ်တွင် အဆင့် ၇ သို့မဟုတ် အဆင့် ၈ အထိ ဆင့်ကဲပြောင်းလဲလာမည် ဖြစ်သောကြောင့်ပင်။

အဆင့် ၈ သတ္တဝါတစ်ကောင်အကြောင်း တွေးမိရုံဖြင့် ခေါက်ရှန်းဘိုးဘေး၏ နှလုံးသားကို ခုန်မြန်လာစေသည်။

ထိုအရာက လူသားကျင့်ကြံသူများ၏ ကောင်းကင်လှိုဏ်ဂူအဆင့်နှင့် ညီမျှသော စွမ်းအားတစ်ခုဖြစ်ပြီး အစွမ်းအထက်ဆုံး ပြိုင်ဘက်များ အချင်းချင်း လုယက်ကြမည့် အရာတစ်ခုပင် ဖြစ်ပေသည်။

"သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်... တစ်ခုခုထူးခြားရင် ငါ့ကို ချက်ချင်း အသိပေး..."

ခေါက်ရှန်းဘိုးဘေးက တည်ငြိမ်စွာ အမိန့်ပေးလိုက်လေ၏။

ဤစကားကို ကြားချိန်၌ ဖေ့တာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ဘိုးဘေးမှာ အန္တရာယ်ကင်းကြောင်း မြင်သောအခါ သူ ဆုတ်ခွာသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ပန်းတစ်ရာနန်းတော်၌ ပန်းတစ်ရာနတ်သမီးသည်လည်း ဤကိစ္စအတွက် အစီအစဉ်များ ပြုလုပ်နေလေ၏။ အမျိုးသမီးတစ်ဦးက သတင်းပို့နေသည်။

"ဘိုးဘေး... ကောင်းမိသားစုကို တစ်ချိန်လုံး စောင့်ကြည့်ဖို့ လူတွေ စီစဉ်ထားပြီးပါပြီ..."

ပန်းတစ်ရာနတ်သမီးက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"စောင့်ကြည့်ရုံပဲ စောင့်ကြည့်ပါ... ဘာမှမလုပ်နဲ့... ကျန်တဲ့ အဘိုးကြီး နှစ်ယောက်လည်း စောင့်ကြည့်နေကြတယ်..."

ဤစကားကို ကြားချိန်၌ အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"ဘိုးဘေး... ကျွန်တော်တို့ စခန်းထဲမှာဆိုရင် လှုပ်ရှားဖို့ ခက်ခဲလိမ့်မယ်..."

"ကောင်းမိသားစုဝင်တွေကို အပြင်ဘက်ကို ထွက်သွားအောင် နည်းလမ်းမရှာနိုင်ရင် နောက်ပိုင်း လှုပ်ရှားဖို့ အရမ်း ခက်ခဲပါလိမ့်မယ်..."

ဤစကားကို ကြားချိန်၌ ပန်းတစ်ရာနတ်သမီးက ခေါင်းညိတ်လိုက်ပြီး အဆိုပြုချက်ကို သဘောတူကြောင်း ပြသလိုက်လေ၏။

ချန်ချင်းဂိုဏ်းဘက်တွင်လည်း ချန်ချင်းဘိုးဘေးသည် ကောင်းမိသားစုရှိရာဘက်သို့ စူးစိုက်ကြည့်ရင်း အေးစက်သော အပြုံးတစ်ခုကို ပြုံးနေကာ သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော လောဘရမ္မက်များကို ဖော်ပြနေလေ၏။

ချန်ချင်းဘိုးဘေးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ် ဝေဝါးသွားကာ ပျောက်ကွယ်သွားလေ၏။

သူ ပြန်လည် ပေါ်လာချိန်တွင် ခေါက်ရှန်းဂိုဏ်း တည်ရှိရာ နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ခေါက်ရှန်းဘိုးဘေးသည် ချန်ချင်းဘိုးဘေး ရောက်လာမည်ကို အစကတည်းက သိနေပုံရလေ၏။ သူ အနည်းငယ်မျှ အံ့အားသင့်မသွားခဲ့ချေ။

ထို့နောက် သူတို့နှစ်ဦးသည် အတွင်း၌ နာရီဝက်ခန့် ကြံစည်မှုများ ပြုလုပ်ပြီးနောက် ချန်ချင်းဘိုးဘေးသည် ကျေနပ်စွာ ထွက်ခွာသွားလေတော့သည်။

ကောင်းမိသားစုကို ပစ်မှတ်ထားသည့် အထူးသဖြင့် သူ့ကို ပစ်မှတ်ထားသော အစီအစဉ်တစ်ခု စတင်တော့မည်ကို ကျိုးယွမ် လုံးဝ မသိခဲ့ချေ။

All Chapters