← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅) ရှင်သန်ရန် အခွင့်အရေး

နောက်တစ်နေ့ နံနက်တွင် ကျိုးယွမ်သည် ကျင့်ကြံမှု ပြီးဆုံးသွားချိန်၌ သူ၏ လက်ထဲတွင် အလယ်အလတ်အဆင့် ၄ မိုးကြိုးအဆောင် တစ်ခု ရှိနေလေ၏။

ဤသည်မှာ သူ ယခုလေးတင် ရေးဆွဲပြီးစီးခဲ့သော အရာဖြစ်ပြီး အပေါ်တွင် မှော်အက္ခရာ သုံးခု ပါရှိလေသည်။

ကျိုးယွမ် အလွန် ကျေနပ်သွားလေ၏။

မှော်အဆောင် ရေးဆွဲခြင်း နည်းပညာက ဤမျှလောက် လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ချေ။

အကယ်၍ ဤအရှိန်အဟုန်ဖြင့် ဆက်သွားပါက အများဆုံး ၂ နှစ်အတွင်း အဆင့် ၅ အဆောင်သခင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

ထိုအချိန်ရောက်လျှင် သူ၏ ကျင့်ကြံမှုသည် အရည်အသွေးပိုင်းအရ ခုန်တက်သွားမည်ဖြစ်ပြီး သူ၏ ကျင့်ကြံမှု အလုံးစုံကို တိုးတက်စေမည် ဖြစ်သည်။

ထိုချိန်တွင် ကျဲ့ယွင်ဇီ ဝင်လာပြီး ကျိုးယွမ်ကို အရိုအသေပေးကာ ပြောဆိုလိုက်လေ၏။

"တတိယသခင်လေး... မဟာအကြီးအကဲက ခေါ်ခိုင်းလိုက်ပါတယ်..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ လက်ထဲရှိ အလယ်အလတ်အဆင့် ၄ မိုးကြိုးအဆောင်ကို သိမ်းဆည်းကာ မဟာအကြီးအကဲရှိရာသို့ ဦးတည်သွားလေ၏။

ကျိုးယွမ် ရောက်ရှိသွားသောအခါ သူ အနည်းငယ် အံ့အားသင့်သွားသည်။၊ ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့အပြင် ကောင်းယန်၊ ချင်ယန်ယွီနှင့် ကျိုးစု တို့လည်း ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်း ကျိုးယွမ် လုံးဝ မသိခဲ့ချေ။

ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့သည် စိုးရိမ်နေပုံရသော်လည်း ကျိုးယွမ်ကို မြင်သောအခါ သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်ကြလေ၏။

လေထုက အနည်းငယ် ဖိနှိပ်မှုရှိနေကြောင်း ကျိုးယွမ် ခံစားလိုက်ရသဖြင့် ထိုင်စရာ နေရာတစ်ခုရှာပြီး ထိုင်လိုက်လေ၏။

ကောင်းကျန်းကျွန်းသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"အားလုံးပဲ... ငါ အခုလေးတင် အစည်းအဝေးကနေ ပြန်လာတာ..."

"မနေ့က တိုက်ပွဲလေး အခုမှ ပြီးသွားတာဆိုတော့... ငါတို့ စုန်းဟူနယ်မြေက အများကြီး ဆုံးရှုံးခဲ့ရတယ်... အပ်တစ်ထောင်နယ်မြေက ရုတ်တရက် တိုက်ခိုက်လာမှာကို ကာကွယ်ဖို့အတွက် သူတို့ရဲ့ အခြေအနေကို ငါတို့ ပိုသိဖို့ လိုတယ်..."

"ငါတို့ ကောင်းမိသားစုကိုလည်း ကင်းထောက်ဖို့ တာဝန်ပေးထားတယ်... ဒါကြောင့် ဘယ်သူ့ကို လွှတ်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာ ဆွေးနွေးကြရအောင်..."

ကောင်းကျန်းကျွန်း၏ စကားကို ကြားသောအခါ ကျိုးယွမ် မျက်မှောင်အနည်းငယ် ကြုတ်သွားလေ၏။

ဤကိစ္စသည် သူ့ကို ပစ်မှတ်ထားနေဖွယ်ရှိကြောင်း သူ ကြိုတင် ခံစားမိနေလေသည်။

ကောင်းယန်သည် ကျိုးယွမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးများထဲရှိ အမုန်းတရားများကို စိတ်နှလုံး အနက်ရှိုင်းဆုံးတွင် ဖုံးကွယ်ထားလိုက်လေ၏။

မနေ့ညက သူ ပြန်ရောက်လာချိန်တွင် 'ကောင်းဖေး' တွင် အဆင့် ၆ မိစ္ဆာသားရဲတစ်ကောင် ရှိနေကြောင်း ကြားလိုက်ရသဖြင့် သူ၏ မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားခဲ့ရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် မနာလိုဖြစ်နေပြီး တစ်ချိန်တည်းမှာပင် အလွန်အမင်း ကြောက်လန့်နေလေ၏။

ယခင်ကဆိုလျှင် ကောင်းယန်သည် ဤအန္တရာယ်အများဆုံး တာဝန်ကို ယူရန် ကောင်းဖေးအား တိုက်ရိုက် တောင်းဆိုခဲ့ပေလိမ့်မည်။

သို့သော် ကောင်းဖေးက တတိယအကြီးအကဲနှင့် ကောင်းချုံးကျင်းတို့ကို သတ်ပစ်လိုက်ခြင်းကြောင့် ကောင်းယန်သည် တစ်ဖက်လူ၏ သွေးအေးမှုကို သဘောပေါက်သွားပြီး နောက်တစ်ကြိမ် မလုပ်ရဲတော့ချေ။

ကျိုးယွမ်၏ အကြည့်များသည် လူတိုင်းအပေါ် ဝေ့ကြည့်လိုက်လေ၏။ ကောင်းယန် စကားမပြောရဲသော်လည်း သူ ပြောမည်ဖြစ်သည်။

"မဟာအကြီးအကဲ... သတင်းအချက်အလက် စုဆောင်းဖို့ အပြင်ထွက်ရတာ သိပ်ပြီး အန္တရာယ်မများလောက်ပါဘူး... ကျွန်တော့် အစ်ကိုကြီးက ကောင်းမိသားစုရဲ့ အနာဂတ် အမွေဆက်ခံသူ ဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် စံပြဖြစ်သင့်ပါတယ်..."

"ဒါ့အပြင် သူ့မှာ ဂုဏ်သိက္ခာလည်း အလွန်မြင့်မားပြီး အကြီးအကဲတွေကလည်း သူ့ရဲ့ ဦးဆောင်မှုကို လိုက်နာကြပါတယ်... ဒါကြောင့် သူက စုံစမ်းထောက်လှမ်းရေးကို ဦးဆောင်ဖို့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်..."

ကျိုးယွမ်က စကားပြောပြီးနောက် ကောင်းယန်၊ ချင်ယန်ယွီနှင့် ကျိုးစု တို့ကို အမူအရာ ကင်းမဲ့စွာ တစ်ချက်ကြည့်လိုက်လေ၏။

ကျိုးယွမ်၏ အကြည့်များ သူတို့အပေါ် ကျရောက်လာချိန်တွင် သူတို့ သုံးဦးစလုံး တုန်ရီသွားကြပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်၏ စူးစိုက်ကြည့်ခြင်းကို ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။

ယခင်ကဆိုလျှင် သူတို့ ချက်ချင်း လက်တုံ့ပြန်ကြမည်ဖြစ်သော်လည်း ယနေ့တွင်မူ ထိုသုံးဦးစလုံး ပါးစပ်ဟလာသော်လည်း ဘာမှ မပြောရဲကြချေ။

ရှေးခေတ်ကတည်းက ဆိုးယုတ်သော လူများကို အခြားသော ဆိုးယုတ်သည့် လူများက အမြဲတမ်း အပြစ်ပေးလေ့ရှိကြပေသည်။

ကောင်းဖေးသည် ယခင်က အနိုင်ကျင့်ခံရသူ ဖြစ်သော်လည်း ယခုအခါ အခြေအနေများ ပြောင်းလဲသွားလေပြီ။

"မဟာအကြီးအကဲ... ကျွန်တော့် ဒဏ်ရာတွေက လုံးဝ မပျောက်သေးဘူး... သတင်းအချက်အလက် စုဆောင်းတဲ့ ကိစ္စကို အကြီးအကဲချင် ဒါမှမဟုတ် အကြီးအကဲကျိုး ကို တာဝန်ပေးလိုက်ပါ..."

ကောင်းယန်သည် ကျိုးယွမ်နှင့် တိုက်ရိုက် မရင်ဆိုင်ရဲသဖြင့် သူ၏ ဒေါသများကို အခြား ပြင်ပစည်း အကြီးအကဲ နှစ်ဦးအပေါ်သို့သာ ပုံချလိုက်ရလေတော့သည်။

ချင်ယန်ယွီနှင့် ကျိုးစု တို့ နှစ်ဦးစလုံးသည် ကောင်းယန်၏ စကားကို ကြားသောအခါ မျက်နှာအရောင် အနည်းငယ် ပြောင်းလဲသွားကြလေ၏။

သတင်းအချက်အလက် စုဆောင်းခြင်းသည် အန္တရာယ်အများဆုံး လုပ်ရပ်ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိထားကြသည်။

အကြောင်းမှာ သတင်းအချက်အလက် ဖလှယ်ခြင်းသည် အမြဲတမ်း တန်ဖိုးတစ်ခု ပေးဆပ်ရလေ့ရှိသောကြောင့် ဖြစ်သည်။

ကောင်းကျန်းကျွန်းသည် ကောင်းယန်နှင့် ကျိုးယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်ယန်ယွီနှင့် ကျိုးစု တို့ဘက်သို့ အကြည့်လှည့်ကာ တည်ငြိမ်စွာ မေးမြန်းလိုက်လေ၏။

"အကြီးအကဲချင်... အကြီးအကဲကျိုး... မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက် သွားဖို့ ဆန္ဒရှိလား..."

ကောင်းကျန်းကျွန်းက မေးခွန်းမေးနေပုံရသော်လည်း တကယ်တမ်းတွင် ရွေးချယ်ခံရမည့်သူမှာ သူတို့နှစ်ဦးထဲမှ တစ်ဦး ဖြစ်မည်ဖြစ်ကြောင်း သူတို့ကို ကြိုတင် အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

ချင်ယန်ယွီနှင့် ကျိုးစု တို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး သူတို့၏ နှုတ်ခမ်းများပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာလေ၏။

ချင်ယန်ယွီ မတ်တပ်ရပ်ကာ လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ပြီး ပြောဆိုလိုက်လေ၏။

"မဟာအကြီးအကဲ... ဒီအဖွဲ့ကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်သွားပါ့မယ်..."

ချင်ယန်ယွီ၏ သဘောတူညီချက်ကို ကြားသောအခါ ကောင်းယန်နှင့် ကျိုးစု တို့ နှစ်ဦးစလုံး သက်ပြင်းချလိုက်နိုင်ကြလေသည်။

"မဟာအကြီးအကဲ... ကျွန်တော့်ရဲ့ လက်အောက်ခံ နှစ်ယောက်လည်း အားနေပါတယ်... ဒါကြောင့် သူတို့ကို အကြီးအကဲချင်နဲ့ လိုက်သွားခိုင်းလိုက်ပါ... ဒါက သူတို့ မိသားစုအတွက် အကျိုးပြုဖို့ နည်းလမ်းတစ်ခုပါပဲ..."

ကောင်းကျန်းကျွန်း ဆုံးဖြတ်ချက် မချမီမှာပင် ကျိုးယွမ်က တိုက်ရိုက် ဝင်ပြောလိုက်လေ၏။

ကျိုးယွမ်၏ စကားများက ခန်းမအတွင်းရှိ လူတိုင်းကို အံ့အားသင့်သွားစေပြီး သူ၏ စကားကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်သွားကြလေသည်။

အပျော်ရွှင်ဆုံးသူမှာ ချင်ယန်ယွီ ပင်ဖြစ်သည်။

သူသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှု ရှိသော်လည်း တတိယသခင်လေး၏ ဘေးရှိ လူနှစ်ဦးမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အစောပိုင်းအဆင့်နှင့် အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ရှိသူများဖြစ်ရာ သူတို့သည် ကြီးမားသော အကူအညီများ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။

ကောင်းကျန်းကျွန်းသည် အတော်လေး သံသယဖြစ်မိသော်လည်း တစ်ဖက်လူ၏ ဘေးတွင် ခေါင်းသုံးလုံးဝိညာဉ်မြွေ ရှိနေသည်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ ထိုနှစ်ဦးကို အနားတွင် ထားရှိရန် တကယ်တမ်း မလိုအပ်တော့ကြောင်း သဘောပေါက်သွားလေ၏။

ဤအချက်ကို တွေးမိချိန်၌ ကောင်းကျန်းကျွန်းက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"အဲ့ဒီလိုဆိုရင်လည်း ဆုံးဖြတ်လိုက်ပြီ... သွားပြီး ပြင်ဆင်ကြတော့... ငါတို့ ၁၅ မိနစ်နေရင် ထွက်မယ်..."

ဤစကားကို ကြားချိန်၌ လူတိုင်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြပြီးနောက် ထွက်ခွာသွားကြလေ၏။

ကျိုးယွမ်သည် သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ ကျဲ့ယွင်ဇီနှင့် ကျဲ့ချင်းဟယ်တို့ကို ဘေးသို့ခေါ်ကာ အခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။

"ခင်ဗျားတို့ နှစ်ယောက်ကို အဲ့ဒီကို လွှတ်လိုက်တာက ခင်ဗျားတို့ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပဲ... ခင်ဗျားတို့ ထွက်သွားပြီးတာနဲ့ ပြန်လာစရာ မလိုတော့ဘူး..."

ဤစကားကို ကြားချိန်၌ ကျဲ့ယွင်ဇီနှင့် ကျဲ့ချင်းဟယ်တို့သည် ကျိုးယွမ်ကို တစ်ပြိုင်နက်တည်း လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ကြလေ၏။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး လည်ပင်းတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရလေသည်။

အထူးသဖြင့် မိမိကံကြမ္မာကို လက်ခံထားပြီးဖြစ်သော ကျဲ့ချင်းဟယ် ပင်ဖြစ်သည်။

ထို့ပြင် ကျိုးယွမ်သည် ပိုမို အစွမ်းထက်သော ရန်သူများနှင့် ရင်ဆိုင်နေရပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များဖြင့် သူ၏ ဘေးတွင် နေထိုင်ခြင်းက တကယ်တမ်း အသုံးမဝင်ကြောင်းကို သူတို့ ကောင်းစွာ သိရှိထားကြပေသည်။

ဤအချက်ကို တွေးမိချိန်၌ သူတို့နှစ်ဦးစလုံး၏ စိတ်နှလုံးထဲတွင် ခါးသက်သက် ခံစားလိုက်ရလေ၏။

"ကျေးဇူးတင်ပါတယ် သခင်လေး..."

ထိုလူနှစ်ဦးသည် တစ်ပြိုင်နက်တည်း လက်နှစ်ဖက်ယှက် နှုတ်ဆက်လိုက်ကြလေ၏။

ကျိုးယွမ် အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"ကျဲ့ချင်းဟယ်... မင်း ပြန်ရောက်သွားရင် ဒီမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ငါ့ဆရာကို ပြောပြလိုက်ပါ..."

"သူ့ကို စိတ်မပူဖို့ ပြောလိုက်ပါ... ငါ အဆင်ပြေမှာပါ..."

"နောက်တစ်ချက်က ဖမ်းဆီးခံထားရတဲ့ တတိယသခင်လေးကို ပြန်လွှတ်ပေးဖို့ သူတို့ကို ငါ အကြံပြုချင်တယ်... မင်းတို့ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရနိုင်တယ်..."

ကျဲ့ချင်းဟယ်က အလျင်အမြန် လက်နှစ်ဖက်ယှက် နှုတ်ဆက်လိုက်ပြီး ခေါင်းညိတ်ကာ ကျဲ့ယွင်ဇီနှင့်အတူ ဆုတ်ခွာသွားလေတော့သည်။

ထိုပုံရိပ်နှစ်ခု အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျိုးယွမ်၏ မျက်လုံးများ တောက်ပနေလေ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် ကြင်နာတတ်သူဖြစ်သောကြောင့် ဤသို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကျိုးယွမ်သည် ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားမှ သူ့ကို စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် အကြည့်များကို ခံစားနေရလေ၏။

သို့သော် သူတို့၏ မျက်စိအောက်တွင် သူ ပျောက်ကွယ်သွားပါက မည်သို့များ တွေးထင်ကြမည်ကို သူ သိချင်နေမိလေသည်။

သေချာသည်မှာ ကျိုးယွမ် ထွက်ခွာရန် အစီအစဉ် မရှိသေးချေ။

အပ်တစ်ထောင်နယ်မြေကို ကူညီရန် သဘောတူထားပြီးဖြစ်ရာ သဘာဝကျကျပင် သူတို့အတွက် ပိုလုပ်ပေးရမည် ဖြစ်သည်။

မကြာမီ ကောင်းမိသားစုသည် ချင်ယန်ယွီ၊ ကျဲ့ယွင်ဇီ၊ ကျဲ့ချင်းဟယ် နှင့် အခြား နတ်ဘုရားအသွင်ပြောင်းလဲခြင်း အစောပိုင်းအဆင့်ရှိ လူနှစ်ဦး ပါဝင်သော ၅ ယောက်အဖွဲ့ကို စေလွှတ်လိုက်လေ၏။

ထိုကဲ့သို့သော ပေါင်းစပ်မှုသည် လုံးဝ အားကောင်းလှသော်လည်း ကံမကောင်းစွာဖြင့် အလယ်တွင် သစ္စာဖောက် နှစ်ဦး ပါဝင်နေသဖြင့် အင်အားကို ချက်ချင်း လျော့ကျသွားစေလေ၏။

ကျိုးယွမ်သည် သူတို့ကို သွားရောက် နှုတ်ဆက်ရန် အထူး အချိန်ပေးခဲ့ပြီးနောက် ပြန်လည် လှည့်ထွက်လာခဲ့လေ၏။

နှစ်ရက်ခန့် အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားလေသည်။

ဤနှစ်ရက်အတွင်း ကျိုးယွမ်သည် သူ၏ အခန်းထဲတွင် မှော်အဆောင်များ ရေးဆွဲခြင်း၊ ပေါင်းစပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကိုသာ ပြုလုပ်နေခဲ့လေ၏။

နှစ်ရက်အကြာတွင် သူ့ထံ၌ အဆင့် ၅ မြေ၊ သစ်သား အဆောင် ၄ ခု၊ အဆင့် ၅ မိုးကြိုး၊ မီး အဆောင် ၄ ခုနှင့် အဆင့် ၅ သတ္တု၊သစ်သား အဆောင် ၁ ခု ထပ်မံ ရရှိလာလေပြီ။

ဤမှော်အဆောင် ၉ ခုကို ကြည့်ရင်း ကျိုးယွမ်၏ မျက်လုံးများ တောက်ပနေလေတော့သည်။

အခန်း (၂၃၆) သစ္စာဖောက်နှင့် တပည့်မလေး

ကျိုးယွမ်သည် နေအိမ်မှထွက်လာပြီး အပြင်ဘက်တွင် လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်လေ၏။

ဤနေရာသည် ယာယီစခန်းတစ်ခု ဖြစ်သော်လည်း စုန်းဟူနယ်မြေ၏ အင်အားစု အကြီးအငယ် တစ်ရာကျော် စုဝေးနေသဖြင့် လူဦးရေမှာ အလွန် များပြားလှပေသည်။

အရောင်းအဝယ်ပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် ယာယီလမ်းမကြီးတစ်ခုကို တည်ဆောက်ထားပြီး အင်အားစု အကြီးအငယ်တိုင်းနီးပါးတွင် ကိုယ်ပိုင် ဆိုင်ခန်းများ ရှိကြလေ၏။

ကျိုးယွမ်သည် အပြင်ထွက်၍ လမ်းလျှောက်ရင်း စိတ်အပန်းဖြေရန် ဆုံးဖြတ်လိုက်လေသည်။

ဤလမ်းမကြီးသည် ညီညာသော တောင်ကြားတစ်ခုအတွင်း၌ တည်ရှိပြီး ဆိုင်ခန်းပေါင်း ရာနှင့်ချီ၍ ရှိပေသည်။

ကျိုးယွမ် လမ်းမပေါ်တွင် လျှောက်သွားနေစဉ် သူ၏ နောက်မှ လူအများအပြား၏ ဝိညာဉ်စွမ်းအင်များ လိုက်ပါလာသည်ကို ရှင်းလင်းစွာ ခံစားနေရသော်လည်း သူ ဂရုမစိုက်ခဲ့ချေ။

"ပန်းတစ်ရာ စားသောက်ဆိုင်..."

ကျိုးယွမ်သည် သူ၏ ရှေ့ရှိ ဆိုင်းဘုတ်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်လေ၏။

စုန်းဟူနယ်မြေသို့ ရောက်ရှိသည့် ပထမဆုံးနေ့ကတည်းက စုန်းဟူနယ်မြေတွင် အကောင်းဆုံးဝိုင်မှာ ပန်းတစ်ရာနန်းတော်၏ ပန်းတစ်ရာဝိုင် ဖြစ်ကြောင်း သူ ကြားသိခဲ့ရသည်။

ဤဝိုင်ကို ပန်းတစ်ရာဖြင့် စိမ်၍ ချက်လုပ်ထားပြီး ဤဝိုင်ချက်ရာတွင် အသုံးပြုသော ရေမှာ သန့်စင်သော စမ်းရေများသာ ဖြစ်သည်ဟု ဆိုကြလေ၏။

ကျိုးယွမ်သည် အခြားကိစ္စများဖြင့် အလုပ်များနေသဖြင့် မြည်းစမ်းခွင့် မရခဲ့ချေ။ ယခုအခွင့်အရေးရပြီဖြစ်ရာ သူ သဘာဝကျကျပင် မြည်းစမ်းကြည့်ရမည် ဖြစ်သည်။

ကျိုးယွမ်သည် စားသောက်ဆိုင်သို့ ဖြည်းညင်းစွာ လျှောက်သွားပြီးနောက် ပြတင်းပေါက်ဘေးရှိ ခုံတစ်ခုကို ရှာ၍ ထိုင်လိုက်လေ၏။

စားသောက်ဆိုင်အတွင်း လူအတော်လေး များပြားပြီး စားပွဲထိုးများအားလုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။

ကျိုးယွမ်သည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ကြည့်လိုက်ရာ ဤသူများအားလုံးမှာ ပန်းတစ်ရာနန်းတော်မှ တပည့်များဖြစ်ကြောင်း ချက်ချင်း နားလည်သွားလေ၏။

သူတို့၏ ကျင့်ကြံမှုအဆင့်များမှာ မမြင့်မားဘဲ အများစုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။

ကျိုးယွမ် ရောက်လာသည်ကို မြင်သောအခါ တစ်စုံတစ်ယောက်က ချက်ချင်း ရှေ့သို့ တက်လာခဲ့လေ၏။

ကျိုးယွမ်သည် ပန်းတစ်ရာဝိုင် တစ်အိုးနှင့် အမြည်းအချို့ကို မှာယူလိုက်လေသည်။

ပန်းတစ်ရာဝိုင်သည် အမှန်တကယ်ပင် စျေးကြီးလှပြီး တစ်အိုးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ သောင်း ပေးရလေရာ၊ ကျိုးယွမ်တွင် ဝိညာဉ်ကျောက်တုံးများ အလုံအလောက် ရှိနေသော်လည်း သူ အနည်းငယ် အံ့အားသင့်သွားခဲ့ရလေ၏။

ခန်းမအတွင်းရှိ လူများသည် ကျိုးယွမ် ပန်းတစ်ရာဝိုင် သောက်နေသည်ကို မြင်သောအခါ လူအများအပြားသည် သူ့ကို စိတ်ဝင်တစား စတင်ကြည့်ရှုလာကြလေ၏။

ကျိုးယွမ်က အခြားသူများ၏ အကြည့်များကို လျစ်လျူရှုကာ ဆက်လက်၍ ဝိုင်သောက်နေလေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပန်းတစ်ရာဝိုင်မှာ စျေးကြီးသော်လည်း ကျိုးယွမ် သောက်လိုက်သည်နှင့်အမျှ သူ၏ ကိုယ်လက်အင်္ဂါများနှင့် အရိုးများတစ်လျှောက် နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရလေ၏။

"မင်း ကြားပြီးပြီလား... မနေ့က အပ်တစ်ထောင်နယ်မြေက သစ္စာဖောက်တစ်ယောက်ကို ဖမ်းမိတယ်တဲ့... အပ်တစ်ထောင်နယ်မြေက သက်တံရောင်အမြဲစိမ်းသီလရှင်ကျောင်း ကလို့ ပြောကြတယ်..."

"တစ်ယောက်တည်း မဟုတ်ဘူး ၃ ယောက်တဲ့... တစ်ယောက်က နေရာမှာတင် သေသွားပြီး ကျန်တဲ့ နှစ်ယောက်က ဖမ်းမိသွားတယ်..."

"ဖမ်းမိတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်က ငါတို့ရဲ့ စုန်းဟူနယ်မြေမှာ ရာစုနှစ်တစ်ခုနီးပါး ပုန်းအောင်းနေခဲ့ပြီး အပြင်စည်း အကြီးအကဲ ရာထူးအထိတောင် တက်လာခဲ့တယ်တဲ့..."

"ငါတို့ ဒီကိစ္စကို သေချာ စုံစမ်းရမယ်... ဒီလို သူလျှိုအဖွဲ့မျိုး တစ်ဖွဲ့ထက်မက ရှိနေနိုင်တယ်..."

"သူတို့ကို လူပုံအလယ်မှာ အပိုင်းပိုင်း ခုတ်ထစ်ပြီး သေဒဏ်ပေးသင့်တယ်လို့ ငါ ထင်တယ်... အဲ့ဒါမှ ငါတို့ကို သစ္စာဖောက်ချင်တဲ့ သူတွေကို ဟန့်တားနိုင်မှာ..."

"မှန်တယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုက်ပွဲကြောင့် ငါတို့ရဲ့ စုန်းဟူနယ်မြေမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတာ ဒီသစ္စာဖောက်တွေနဲ့ ပတ်သက်နေရမယ်..."

ကျိုးယွမ်သည် ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားရသောအခါ အတော်လေး အံ့အားသင့်သွားသော်လည်း ထို့နောက်တွင်မူ စိတ်သက်သာရာ ရသွားလေ၏။

အပ်တစ်ထောင်နယ်မြေက တစ်ကြိမ်တည်းနှင့် လူ ၁၀ ဖွဲ့ စေလွှတ်လိုက်ရာ ၁ ဖွဲ့ သို့မဟုတ် ၂ ဖွဲ့လောက် ရှာဖွေတွေ့ရှိသွားခြင်းမှာ ပုံမှန်သာ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ထဲမှ မည်သူကမျှ စုန်းဟူနယ်မြေရှိ ကျန်ရှိနေသူများ၏ ကိုယ်ပိုင်လက္ခဏာများကို မသိရှိကြသဖြင့် ပေါ်လွင်သွားမည်ကို စိုးရိမ်ရန် မလိုအပ်ချေ။

ဤအခိုက်အတန့်တွင် ကျိုးယွမ်သည် အပ်တစ်ထောင်နယ်မြေမှ လူများကို အနည်းငယ် လေးစားသွားမိလေ၏။

ဤချဉ်းကပ်မှုသည် ဂိုဏ်းအတွင်းရှိ ပါရမီရှင်များကို လေ့ကျင့်ပေးရုံသာမက စုန်းဟူနယ်မြေတွင် သတင်းပေး အမြောက်အမြားကိုပါ ထိရောက်စွာ ဖန်တီးပေးနိုင်လေ၏။

ထိုချိန်တွင် လူအနည်းငယ် လှေကားမှ တက်လာကြလေသည်။ စုစုပေါင်း ၂ ဦးဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

ကျိုးယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။ ဤအမျိုးသားကို ကြည့်ရသည်မှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။

အကယ်၍ သူသာ မှန်ကန်စွာ ခန့်မှန်းနိုင်ပါက ဤအမျိုးသားကို သူ သေချာပေါက် သိကျွမ်းရမည် ဖြစ်သော်လည်း ထိုအမျိုးသား၏ မျက်နှာမှာ မှုန်ဝါးနေသဖြင့် သူ မပြောနိုင်ခဲ့ချေ။

ကျိုးယွမ်က တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ ထပ်မံ မကြည့်တော့ချေ။

သို့သော် ထိုချိန်တွင် အမျိုးသမီးက ကျိုးယွမ်ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားလေ၏။

အမျိုးသမီးသည် အလျင်အမြန် ရှေ့သို့ တက်လာပြီး မလှမ်းမကမ်းရှိ ကျိုးယွမ်ထံသို့ ချဉ်းကပ်လာကာ တွန့်ဆုတ်စွာ မေးမြန်းလိုက်လေ၏။

"ရှင်က ကောင်းမိသားစုက စီနီယာအစ်ကို ကောင်းဖေးလား..."

ကျိုးယွမ် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး အမျိုးသမီးကို တစ်ချက်ကြည့်ကာ ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် မေးမြန်းလိုက်လေ၏။

"မိန်းကလေး... မင်း ငါ့ကို သိလို့လား..."

ဤစကားကို ကြားချိန်၌ အမျိုးသမီး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ပေါ်လာပြီး အလျင်အမြန် ခေါင်းညိတ်ကာ ပြောဆိုလိုက်လေ၏။

"စီနီယာအစ်ကို ကောင်း... ကျွန်မက ရွှီမိသားစုက ရွှီကျွမ်လေ... ရှင် ကျွန်မကို မှတ်မိသေးလား..."

"ကျွန်မတို့ ရွှီမိသားစုနဲ့ ကောင်းမိသားစုက မျိုးဆက်အလိုက် မိတ်ဆွေတွေလေ... ကျွန်မ ကလေးဘဝတုန်းကတောင် ကောင်းမိသားစု အိမ်မှာ ခဏလောက် နေခဲ့ဖူးသေးတယ်... စီနီယာအစ်ကို ကောင်း မှတ်မိသေးလား..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် ချက်ချင်း မှင်တက်သွားလေ၏။ ဤအရာများနှင့် ပတ်သက်၍ သူ လုံးဝ မှတ်မိခြင်း မရှိချေ။

ကျိုးယွမ်၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သောအခါ ရွှီကျွမ်က ဂရုမစိုက်ဘဲ ယဉ်ကျေးမှုမရှိစွာဖြင့် ကျိုးယွမ်နှင့် မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်လေ၏။

ဤအခိုက်အတန့်တွင် ရွှီကျွမ်၏ မျက်လုံးများ တောက်ပနေလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းဖေး၏ နတ်ဘုရားစွမ်းအား အစွမ်းပြမှုကို သူမ မြင်တွေ့ခဲ့ရကတည်းက သူမ၏ စိတ်နှလုံးများ ခုန်ပေါက်နေခဲ့လေ၏။

ကောင်းမိသားစုနှင့် ရွှီမိသားစုမှာ စေ့စပ်ထားကြသည်။ သေချာသည်မှာ ရွှီကျွမ်နှင့် စေ့စပ်ထားသူမှာ ကောင်းဖေးမဟုတ်ဘဲ ကောင်းဖေး၏ ဒုတိယအစ်ကို ကောင်းလုံ ပင်ဖြစ်သည်။

သို့သော် ရွှီကျွမ်က ဂရုမစိုက်ချေ။ သူမက ကောင်းဖေးကို သဘောကျနေခြင်း ဖြစ်သည်။

သူမ အမြဲတမ်း သဘောကျနေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းဖေး၏ နတ်ဘုရားစွမ်းအား ပြသမှုသည် ရွှီကျွမ်၏ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့လေ၏။

သူမ၏ ခင်ပွန်းလောင်းမှာ ထိုကဲ့သို့ တကယ့် ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိသော သူမျိုးကို လိုချင်ပေသည်။

သူမ၏ ဝမ်းကွဲအစ်ကို ရွှီမောင်း အကြောင်းကို ပြောရလျှင် သူမ၏ အမြင်တွင် သူသည် ဖားယားတတ်သော သူတစ်ဦးမျှသာ ဖြစ်သည်။

သူမကို ဆယ်စုနှစ်များစွာကြာအောင် ဖားယားနေခဲ့သော်လည်း သူမ လုံးဝ မကြိုက်ချေ။

"အစ်ကို ကောင်းဖေး... ငယ်ငယ်တုန်းက ကျွန်မကို ဓားသိုင်း သင်ပေးခဲ့တာလေ... မေ့သွားပြီလား..."

"အဲ့ဒီတုန်းက အစ်ကို့မှာ ကောင်းမိသားစုထဲမှာ သူငယ်ချင်း သိပ်မရှိတော့ ကျွန်မနဲ့ပဲ အတူတူ နေရတာ အကြိုက်ဆုံးလေ... ကျွန်မတို့ အတူတူ အပြင်ကို ခိုးထွက်လေ့ရှိကြတယ် မဟုတ်လား..."

ရွှီကျွမ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူမ၏ ကလေးဘဝ အမှတ်တရများကို အလျင်အမြန် ပြန်ပြောပြနေကာ သူမ၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများ ပြည့်နှက်နေလေ၏။

ကျိုးယွမ် လုံးဝ ဆွံ့အသွားရလေသည်။

ဤမေးခွန်းကို မည်သို့ ဖြေရမည်ကို သူ မသိခဲ့ချေ။ ကံကောင်းထောက်မစွာဖြင့် ထိုချိန်တွင် အခြားအသံတစ်သံ ထွက်ပေါ်လာလေ၏။

"အစ်မကျွမ်... အစ်မ အဲ့ဒီအကြောင်းတွေ ပြောတာကို ကျွန်တော် တစ်ခါမှ မကြားဖူးပါလား..."

စကားပြောသူမှာ ရွှီကျွမ်နှင့်အတူ လာသော ရွှီမောင်း ဖြစ်သည်။ သူ၏ မျက်လုံးများတွင် တင်းမာမှု အရိပ်အယောင် အချို့ ရှိနေဆဲပင်။

စားသောက်ဆိုင် ခန်းမအတွင်း၌ လူအများအပြားသည် ကျိုးယွမ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြလေ၏။

ယခုလေးတင်က ကျိုးယွမ် ရှိနေသည်ကို သူတို့ မသိခဲ့ကြချေ။

ကျိုးယွမ်၏ အဆင့်အတန်းကြောင့် သူတို့ အလေးအနက် မထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ရွှီကျွမ်၏ မိတ်ဆက်စကားကို ကြားသောအခါ လူအများအပြားသည် ကျိုးယွမ်ကို စတင်ကြည့်ရှုလာကြလေ၏။

ဤသည်မှာ မကြာသေးမီက စုန်းဟူနယ်မြေတွင် အလွန် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ရှိပြီး နောက်တွင် အဆင့် ၆ မိစ္ဆာသားရဲတစ်ကောင် လိုက်ပါနေသူကို မည်သူက မမနာလိုဘဲ နေမည်နည်း။

ရွှီကျွမ်သည် ရွှီမောင်း၏ စကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း သူမ၏ 'အစ်ကို ကောင်းဖေး' ရှေ့တွင် သူမ၏ ပုံရိပ်ကို ထိန်းသိမ်းထားရမည် ဖြစ်သည်။ မဟုတ်ပါက သူမ ကျိန်ဆဲနေမိပြီ ဖြစ်သည်။

ရွှီကျွမ်သည် အလျင်အမြန် ပြုံးကာ ကျိုးယွမ်ကို ပြောဆိုလိုက်လေ၏။

"အစ်ကို ကောင်းဖေး... ဒါက ကျွန်မရဲ့ ဝမ်းကွဲအစ်ကို ရွှီမောင်း လေ..."

ရွှီကျွမ် စကားပြောပြီးနောက် ရွှီမောင်းဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ဝမ်းကွဲအစ်ကို... အစ်ကိုက ငါတို့ ရွှီမိသားစုနဲ့ အတူရှိနေတာ သိပ်မကြာသေးဘူးလေ... ဒါ့အပြင် ဒီကိစ္စတွေက ငါနဲ့ အစ်ကို ကောင်းဖေး ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စတွေဆိုတော့ သဘာဝကျကျပဲ အပြင်လူတွေကို ငါ ပြောပြမှာ မဟုတ်ဘူးပေါ့..."

သူမ၏ ရှေ့ရှိ ဝမ်းကွဲအစ်ကိုနှင့် သူမ ဘာမှမပတ်သက်ကြောင်း ကျိုးယွမ်ကို ပြသရန် ရွှီကျွမ်က "အပြင်လူ" ဆိုသည့် စကားလုံးကို အလေးပေး ပြောဆိုလိုက်လေ၏။

ဤစကားကို ကြားချိန်၌ ကျိုးယွမ်သည် ရွှီမောင်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ရယ်ချင်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

‘သူက ဖားယားတတ်တဲ့သူတွေကို မစိမ်းပါဘူး။ဒါပေမဲ့ သူတို့ထဲက အနည်းငယ်ကပဲ အဆုံးသတ် ကောင်းလေ့ရှိကြတယ်။’

‘မင်းက ဖားယားမယ့်သူ ဖြစ်ချင်တယ်ဆိုရင် တံဆိပ်တုံးတစ်ခု ဖြစ်အောင် လုပ်လိုက်... တစ်ချက်လျက်လိုက်ရင် မင်းမှာ အများကြီး ရလာလိမ့်မယ်...

ငါ လျက်ဖို့ အချိန်ရှိမရှိ ဆိုတာကတော့ ငါ့ရဲ့ အချိန်ဇယားပေါ်မှာပဲ လုံးဝ မူတည်တယ်’

ထို့နောက် ကျိုးယွမ်သည် ရွှီကျွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"မိန်းကလေးရွှီ... တောင်းပန်ပါတယ်... အရင်တုန်းက ကိစ္စတွေကို ငါ သိပ်မမှတ်မိတော့ဘူး..."

ရွှီကျွမ်သည် ကျိုးယွမ်၏ စကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားလေ၏။

သို့သော် ထို့နောက်တွင် သူမက "မဖြစ်ဘူး... ငါ ဒီလောက် လွယ်လွယ်နဲ့ အရှုံးပေးလို့ မဖြစ်ဘူး..." ဟု သူ့ကိုယ်သူ တိတ်တဆိတ် ပြောလိုက်လေ၏။

All Chapters