အခန်း ၄၄၆
Vol. 45 Ch. 446
အခန်း(၄၄၆)
မနက်စောစော အရုဏ်တက်ချိန်
ခြင်္သေ့ရူးဘုရင့်နိုင်၏ လမ်းမများထက်တွင်
တော်ဝင်မိသားစုနှင့် မျိုးရိုးမြင့်များမှ လမ်းဘေးဈေးသည်များအထိ ယမန်နေ့ညက အကြောင်းအရာကို ဆွေးနွေးနေကြသည်။
“မနေ့ညက နေနဲ့ လအတူတူ ပေါ်လာတာကို မင်းတို့ သတိထားလိုက်မိကြလား”
“ငါလည်း မြင်တာပေါ့ဟ။ မနေ့ညက အတော်လေး ပွက်လောရိုက်သွားကြတာ။ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ ပြီးတော့ ငါ့မှာ အတွင်းသတင်းရှိတယ်”
“မြန်မြန် ငါတို့ကို ပြောပါဦး”
“…”
တော်ဝင်နန်းတော်အတွင်း ချောင်ရို့ချန် စောစောထလာပြီး ကျင့်ကြံနေ၏။ သူ ကျင့်ကြံပြီးသွားချိန် ကောင်းကင်က ထိန်လင်းလာသည်။ အပြင်ဘက် သတင်းကိုစောင့်ရင်း ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်ပြီး လက်ဖက်ရည်သောက်နေတော့၏။
ခဏအကြာတွင် မဟာပဏ္ဍိတပါပေါင် အပြုံးတစ်ခုဖြင့် ဝင်လာပြီး ချောင်ရို့ချန်ကို လက်မထောင်ပြလိုက်သည်။
“မြင့်မြတ်သားတော်ဖြစ်ထိုက်ပါတယ်။ မနေ့ညက ခွန်အားနည်းနည်းပြလိုက်တာနဲ့ ဘုရင့်မြို့တော်တစ်ခုလုံး မှင်တက်နေကြပြီ”
ချောင်ရို့ချန် သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချပြီး ပြုံးလိုက်သည်။
“ငါးစာတော့ ချပြီပြီ။ ငါး လာဟပ်မဟပ်ပဲ ကြည့်ရတော့မယ်”
မဟာပဏ္ဍိတပါပေါင် မေးသည်။
“မြင့်မြတ်သားတော် ဒီအဘိုကြီး မင်းနောက်လိုက်ပေးမယ်”
“ဟုတ်ပြီ။ ဒါပေမဲ့ ခင်ဗျား ရုပ်ဖျက်ထားဖို့တော့လိုတယ်။ မဟုတ်လည်း အရှိန်အဝါကို ရတနာတစ်ခုခုနဲ့ ဖုံးကွယ်ထားပါ”
ချောင်ရို့ချန် မဟာပဏ္ဍိတပါပေါင်အား ဝေစုပေးရမည်ကို ဂရုမစိုက်ချေ။ မည်သို့ပင် ဆိုစေ ဤနေရာက သူ့ပိုက်နက်ပေ။ မဟာပဏ္ဍိတပါပေါင် အခက်တွေ့ဟန် ပြောသည်။
“မြင့်မြတ်သားတော် အမှန်တိုင်းပြောရရင် လူရိုင်းဒေသမှာ ဒီလိုနည်းစနစ်တွေ လုပ်လေ့လုပ်ထ မရှိဘူး”
ချောင်ရို့ချန် ပြောစရာစကား ပျောက်ဆုံးသွားပြီး သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်၏။
“ဒီကျောက်စိမ်းပြားက ခင်ဗျား အရှိန်အဝါကို ဖုံးကွယ်ပေးလိမ့်မယ်။ ဝတ်ထားလိုက်”
“ကျေးဇူးတင်ပါတယ်။ ဒီအဘိုးကြီး မြင့်မြတ်သားတော်ကို သစ္စာရှိရှိ ကူညီပါ့မယ်”
မဟာပဏ္ဍိတပါပေါင် ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီးနောက် ချောင်ရို့ချန် ဆက်ပြောသည်။
“မြင့်မြတ်သားတော်က ခြင်္သေရူးနိုင်ငံတစ်ဝန်း လှည့်ပတ်ခရီးထွက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းကို လွှင့်လိုက်။ နောက်လိုက်တွေ ခေါ်ယူမယ်ဆိုတဲ့ အကြောင်း ထည့်ပြောထားလိုက်”
နှစ်တစ်ထောင်ကျော် ရှင်သန်လာခဲ့သည့် မဟာပဏ္ဍိတပါပေါင်သည် ချောင်ရို့ချန် ဆိုလိုရင်းကို နားလည်သွားသည်။
“ဒီလူအိုကြီးကို သုံးရက်အချိန်ပေး။ မင်းအတွက် သင့်တော်တဲ့လူအချို့ကို စီစဉ်ပေးမယ်”
ချောင်ရို့ချန် နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွား၏။
“ခင်ဗျား စွမ်းဆောင်ရည်ကို စောင့်ကြည့်နေမယ်”
“ဟုတ်ကဲ့”
မဟာပဏ္ဍိတပါပေါင် ပြန်ဖြေပြီး လှည့်ထွက်လာသည်။ မြင့်မြတ်သားတော် လှည်ပတ်ဖို့ ခြင်္သေရူးနိုင်ငံတွင် အစေခံများ ရွေးချယ်နေသည်ဟူသော သတင်းသည် နိုင်ငံတစ်ဝန်း လျင်စွာ ပျံ့နှံ့သွားသည်။
ခြင်္သေ့ရူးနိုင်ငံ ကျင့်ကြံသူများနှင့် ဘီလူးနတ်ဘုရားကျောင်းတော်မှ တပည့်များ ထိုသတင်းကို ကြားပြီး စိတ်လှုပ်ရှားသွားကြ၏။ သူတို့အားလုံး ဘီလူးနတ်ဘုရားကျောင်းတော် ခြံဝင်းသို့ အပြေးအလွှား စာရင်းလာပေးကြသည်။
ဘုရင့်မြို့တော်တွင် ပုန်းအောင်းနေသည့် မီးနတ်ဘုရားဂိုဏ်းမှ လူများပင် ရွေးချယ်မှုတွင် ပါဝင်ရန် စာရင်းပေးလာကြ၏။ မဟာပဏ္ဍိတပါပေါင် လူလုံးထွက်မပြတော့ဘဲ မဟာပဏ္ဍိတရွှမ်ကျင်းကိုသာ ကိုင်တွယ်စေသည်။ သူကတော့ ရုပ်ဖျက်ရင်းသာ နေထိုင်တော့၏။
သုံးရက်တာအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ယနေ့ မွန်းတည့်ချိန်တွင်
ချောင်ရို့ချန် မြို့အပြင်ဘက် ဘီလူးနတ်ဘုရားကျောင်းတော်တွင် ပေါ်လာ၏။ သူသည် အဆင့်မြင့်မြင်းလှည်းတစ်စီးကို စီးနင်းထားပြီး မြင်းလှည်းထဲမှ ဆင်းလာသည်နှင့် လူတိုင်း၏ အာရုံကို ဖမ်းစားသွားတော့သည်။
ခြင်္သေ့ရူးဘုရင်နှင့် မဟာပဏ္ဍိတရွှမ်ကျင်း သူ့ကို နှုတ်ဆက်လာသည်။
“မြင့်မြတ်သားတော်”
“အင်း”
ချောင်ရို့ချန် မောက်မာစွာ ခေါင်းညိတ်ပြီး အေးစက်စက် မေးသည်။
“ဆရာဦးလေးရွှမ်ကျင်း နောက်လိုက်တွေ ရွေးပြီးပြီလား”
မဟာပဏ္ဍိတရွှမ်ကျင်း ပြုံးလိုက်၏။
“မြင့်မြတ်သားတော် စိတ်ချပါ။ ဒီလူအိုကြီး ခုနစ်ဆယ့်နှစ်ယောက် ရွေးချယ်ထားပါတယ်။ အကုန်လုံးက ပထမတန်းစား ပါရမီရှင်တွေဖြစ်လို့ စိတ်မပျက်စေရပါဘူး”
ချောင်ရို့ချန် ပြုံးလိုက်သည်။
“ကောင်းတယ်။ သူတို့ကို ခေါ်လာခဲ့”
“ဟုတ်ကဲ့ပါ”
ပြန်ဖြေပြီးနောက် မဟာပဏ္ဍိတရွှမ်ကျင်း သူ့အနားက ခြင်္သေ့ရူးဘုရင်ကို ကြည့်လိုက်၏။
ခြင်္သေရူးဘုရင် ထွက်သွားပြီး ခဏအကြာတွင် လူငယ်ကျင့်ကြံသူ ခုနစ်ဆယ့်နှစ်ယောက် ချောင်ရို့ချန် ရှေ့သို့ ပေါ်လာသည်။
ချောင်ရို့ချန်ကို မြင်သည့်အခါ သူတို့ ဦးညွတ်၏။
“ကျွန်တော်တို့ မြင့်မြတ်သားတော်ကို ဂါဝရပြုပါတယ်။ မြင့်မြတ်သားတော် ပြိုင်ဘက်ကင်းပါတယ်”
“ထကြ”
ချောင်ရို့ချန် လူတိုင်းကို အထက်စီးဆန်စွာ ကြည့်သည်။
“ဒီမြင့်မြတ်သားတော်က လူရိုင်းဒေသရဲ့ ယဉ်ကျေးမှုထုံးတမ်းတွေကို ခံစားချင်လို့ ခရီးထွက်မှာ။ တစ်ချိန်တည်းမှာ ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး မင်းတို့ကို တာအိုဟောကြားပေးမယ်။ ဒါပေမဲ့ မင်းတို့အားလုံး ငါ့ကို အဆင်ပြေလွယ်ကူအောင် လုပ်ပေးရမယ်။ မဟုတ်ရင်တော့ ဦးလေးရွှမ်ကျင်းနဲ့ ခြင်္သေ့ရူးဘုရင်တို့ မျက်နှာမထောက်ဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့”
၎င်းကို ကြားသောအခါ မဟာပဏ္ဍိတရွှမ်ကျင်းနှင့် ခြင်္သေ့ရူးဘုရင်တို့ ပြုံးလိုက်ကြ၏။ မြင့်မြတ်သားတော်သည် သူတို့ကို မျက်နှာသာ ပေးနေခြင်းပင်။
လူငယ်လေးများကလည်း ပြန်ဖြေသည်။
“အမိန့်ကို နာခံပါမယ်”
“ကောင်းပြီ။ ထွက်ခွာစို့”
ထိုသို့နှယ် ချောင်ရို့ချန် လှည့်ထွက်သွားပြီး မြင်းလှည်းထဲသို့ ဝင်သွား၏။ လူငယ်ကျင့်ကြံသူများလည်း သူ့နောက် ကပ်လိုက်လာကြသည်။ သိပ်မကြာခင် လူတိုင်း၏အကြည့်အောက်တွင် ဘုရင့်မြို့တော်ထဲမှ ထွက်ခွာသွား၏။
မြင်းလှည်းအတွင်း ချောင်ရို့ချန်သည် စုန့်ကျောက်ယီနှင့်အတူ စစ်တုရင် ကစားနေသည်။
ခဏအကြာတွင် မြင်းလှည်းတံခါးပွင့်လာပြီး ရထားထိန်းအဖြစ် ရုပ်ဖျက်ထားသော မဟာပဏ္ဍိတပါပေါင် ဝင်လာသည်။
“မြင့်မြတ်သားတော် ယွင်ဝူတောင်ပေါ်က မီးနတ်ဘုရားဂိုဏ်းကို တိုက်ရိုက်သွားမလား”
ချောင်ရို့ချန် ပြုံးလိုက်သည်။
“မလောနဲ့။ ခုနစ်ဆယ့်နှစ်ယောက်ကြားထဲက မီးနတ်ဘုရားဂိုဏ်းက သူကို စောင့်ကြတာပေါ့။ ကျွန်တော်တို့ ခရီးထွက်နေတာဆိုတော့ ခြင်္သေ့ရူးနိုင်ငံယဉ်ကျေးမှုတွေ ခံစားကြတာပေါ့”
မဟာပဏ္ဍိတပါပေါင် ခဏတာ ရပ်တန့်သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးသည်။
“မြင့်မြတ်သားတော် ခုနစ်ဆယ့်နှစ်ယောက်ထဲမှာ မီးနတ်ဘုရားဂိုဏ်းက သူလျှိုပါတာလား”
“ဟုတ်တယ်”
ချောင်ရို့ချန် စစ်တုရင်ခုံပေါ်တွင် အမည်းရောင်အရုပ်တစ်ရုပ်ချလိုက်သည်။
“သေချာပုန်းနေပေမဲ့ သူ့မျက်လုံးတွေက သစ္စာဖောက်နေတယ်။ ကျန်တဲ့သူတွေက ကျွန်တော့်ကို လေးစားသမှုနဲ့ ကြည့်နေချိန် သူက ကျွန်တော့်ကို ကြည့်တိုင်း လောဘတွေပြည့်နေတယ်။ ခဏလေးပဲဆိုပေမဲ့ ကျွန်တော် အာရုံခံလိုက်နိုင်တယ်”
၎င်းကို ကြားသောအခါ မဟာပဏ္ဍိတပါပေါင် ချောင်ရို့ချန်ကို လက်မထောင်ပြသည်။
“မြင့်မြတ်သားတော်က မျက်စိရှင်တာပဲ။ ဒီလူအိုကြီးတောင် အဲ့လိုအချက်လေးတွေ သတိမထားမိဘူး။ ဒါဆိုလည်း သူ့ကို ရက်နည်းနည်းလောက် မာနထောင်လွှားခွင့် ပေးလိုက်ဦးမယ်။ နောက်ဆို သူ ငိုရတော့မှာ”
မျက်စိတစ်မှိတ်အတွင်း လဝက်ကျော် ကုန်လွန်သွား၏။ ချောင်ရို့ချန် လမ်းတစ်လျှောက်တွင် နားလိုက် ဆက်သွားလိုက်နှင့် ခရီးထွက်လာပြီး ရက်အနည်းငယ်ကြာတိုင်း တာအိုဟောကြာပြီး လမ်းညွှန်ပေးတတ်သည်။ သူသည် လူငယ်ခုနစ်ဆယ့်နှစ်ယောက်နှင့် ရင်းနှီးလာပြီး အများစုက မြင့်မြတ်သားတော်ကို တစ်သက်လုံး ကူညီပေးမည်ဟု ကျိန်ဆိုလာ၏။
ချောင်ရို့ချန် ထိုစကားများကို ဂရုမစိုက်သလို လူတိုင်းကို တန်းတူညီမျှ ဆက်ဆံသည်။
ညနေခင်းတစ်ခု
ယာဉ်တန်းသည် ခြင်္သေရူးနိုင်ငံနယ်စပ်ကို ရောက်လာရာ မင်းသားက ရှေ့ထွက်လာသည်။
“မြင့်မြတ်သားတော် ရှေ့မှာ ယွင်ဝူတောင်ရှိပါတယ်။ ကျွန်တော့်တို့ လမ်းလွှဲက သွားမလား။ ဒါမှမဟုတ် ဆင်ဘီလူးနိုင်ငံကို တိုက်ရိုက်သွားမလား”
“ဘာလို့လဲ။ ယွင်ဝူတောင်မှာ အန္တရာယ်ရှိလို့လား”
ချောင်ရို့ချန် ပြုံးကာ မေးသည်။
“မြင့်မြတ်သားတော် ကျွန်တော်တို့လို ကျင့်ကြံသူလေးတွေအတွက်တော့ အန္တရာယ်များတယ်။ ဒါပေမဲ့ မြင့်မြတ်သားတော်အတွက်ဆိုရင်တော့ အန္တရာယ် မရှိပါဘူး”
“ဒါဆိုလည်း ငါတို့ ယွင်ဝူတောင်ထဲ ဝင်ကြတာပေါ့။ ငါတို့ အခွင့်အရေးတွေတောင် ရနိုင်တယ်”
“အုပ်စုထဲကနေ ယွင်ဝူတောင်နဲ့ ရင်းနှီးတဲ့သူ ရှိ မရှိ သွားမေးလိုက်”
“ဟုတ်ကဲ့”
မင်းသားက လှည့်ထွက်သွားသည်။ ခဏအကြာတွင် သိမ်းငှက်နှာခေါင်းနှင့် ကျင့်ကြံသူတစ်ဦးကို ခေါ်ပြီး ပြန်ရောက်လာသည်။
“မြင့်မြတ်သားတော် သူက ဟေးဟောက်ပါ။ သူ ကျွန်တော်တို့ ခြင်္သေ့ရူးနိုင်ငံကို မဝင်ခင် ယွင်ဝူတောင်မှာ ဆယ်စုနှစ်တစ်ခုကြာ နေခဲ့ဖူးပါတယ်။ သူက ယွင်ဝူတောင်အကြောင်း ကောင်းကောင်း သိပါတယ်”
၎င်းကိုကြားသောအခါ ချောင်ရို့ချန် ဟေးယောက်ကို မေးလိုက်၏။
“သူ ပြောတာ ဟုတ်သလား”