အခန်း ၄၄၈
Vol. 45 Ch. 448
အခန်း (၄၄၈)
“မြင့်မြတ်သားတော် ဒါ ကျွန်တော် ပြောခဲ့တဲ့ ဝူမိုချိုင့်ဝှမ်းပါ”
မွန်းတည့်ချိန်
ယွင်ဝူတောင်တန်းအတွင်းရှိ တောင်ကုန်းတစ်ခုအထက်တွင်
ဟေးယောက်သည် ချောင်ရို့ချန်၏ ဘေးတွင်ရပ်လျက် မိုင်ပေါင်းများစွာအကွာရှိ မြူမည်းများ ဖုံးလွှမ်းနေသော ချိုင့်ဝှမ်းတစ်ခုဆီသို့ လက်ညှိုးထိုးပြရင်း ဖားယားချင်သောမျက်နှာပေးဖြင့် ပြောလိုက်သည်။
ချောင်ရို့ချန် မျက်မှောင်ကြုတ်ပြီး ထိုချိုင့်ဝှမ်းကို စိုက်ကြည့်လိုက်ရင်း သူ့နတ်ဘုရားအာရုံ က ထိုနေရာအလွန်အထိ ပျံ့နှံ့စေလိုက်၏။
နတ်ဆိုးချီ။
ထိုမြူမည်းများထဲတွင် အလွန်ပြင်းထန်သော နတ်ဆိုးချီများ ပါဝင်နေပြီး ၎င်းတို့မှာ ကမ္ဘာခြားနတ်ဆိုးများ ချန်ထားရစ်ခဲ့သည့် အကြွင်းအကျန်များပင် ဖြစ်သည်။
“တကယ်ကို အန္တရာယ်များတဲ့နေရာပဲ။ မင်း ဒါကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။ ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ အားလုံး နာရီဝက်လောက် အနားယူပြီးရင် ဝူမိုချိုင့်ဝှမ်းဆီကို ဆက်ထွက်ကြမယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ချောင်ရို့ချန်၏ ဘေးတွင်ရပ်နေသော ခြင်္သေ့ရူးမင်းသား၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်သွားသည်။
“မြင့်မြတ်သားတော် ဝူမိုချိုင့်ဝှမ်းက ကြည့်ရတာ နမိတ်မကောင်းသလိုပဲ။ ကျွန်တော်တို့ တကယ်ပဲ အထဲကို ဝင်ကြမလို့လား”
ချောင်ရို့ချန်က ပြုံးလိုက်သည်။
“ဘာလဲ ကြောက်လို့လား”
“ကျွန်တော်”
ခြင်္သေ့ရူးမင်းသား အမှန်တကယ်ပင် ထိတ်လန့်နေမိသော်လည်း ယခုအချိန်တွင် ကြောက်ရွံ့မှုကို ဝန်ခံလိုက်ပါက ဘီလူးနတ်ဘုရားကျောင်းတော်အတွက် သိက္ခာကျစရာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤအဖွဲ့ထဲတွင် ခြင်္သေ့ရူးနိုင်ငံတော်မှ မှူးမတ်မျိုးနွယ် အများအပြားလည်း ပါဝင်နေ၏။
အကယ်၍ သူ သူရဲဘောကြောင်မှု ပြမိပါက နောင်တစ်ချိန်တွင် ခြင်္သေ့ရူးထီးနန်းကို မည်သို့ ယှဉ်ပြိုင်လုယူနိုင်တော့မည်နည်း။
ချောင်ရို့ချန် အေးအေးလူလူပင် ဆက်ပြောလိုက်သည်။
“မြင့်မြတ်သားတော်က ကျိုးကြောင်းမဆင်ခြင်တတ်တဲ့သူ မဟုတ်ပါဘူး။ မင်း ကြောက်တယ်ဆိုရင် မင်း လူတွေကိုခေါ်ပြီး ဒီမှာပဲ နေခဲ့လို့ရတယ်။ ဒါပေမဲ့ အတွင်းထဲကရမဲ့ အကျိုးအမြတ်တွေကိုတော့ မင်း ဘာတစ်ခုမှ ခွဲဝေရရှိမှာ မဟုတ်ဘူး”
ခြင်္သေ့ရူးမင်းသား ပြောသည်။
“ကျွန်တော် သတိထားသင့်တယ်လို့ အကြံပြုရုံတင်ပါ။ အရင်ဆုံး ကင်းထောက်နှစ်ယောက်လောက် ရှေ့ကနေ လွှတ်ကြည့်ရင် မကောင်းဘူးလား”
“တကယ်ကို ကောင်းတဲ့အကြံပြုချက်ပဲ။ ဒါပေမဲ့ ဒီမြင့်မြတ်သားတော်က ကိုယ်တိုင်အကျိုးအမြတ်ယူဖို့အတွက် လက်အောက်ငယ်သားတွေကို သေတွင်းထဲ မောင်းမသွင်းဖူးဘူး။ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့”
ချောင်ရို့ချန် လေသံအေးအေးဖြင့် ပြောလိုက်သော်လည်း အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်ရှိနေသည်။ သူ့စကားများက လူတိုင်း၏ စိတ်ဓာတ်ကို တက်ကြွသွားစေ၏။
“မြင့်မြတ်သားတော်က တရားမျှတမှုရှိတာပဲ”
“မြင့်မြတ်သားတော်က တကယ့်ကို ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ်ပါပဲ”
“ကျွန်တော်တို့ မြင့်မြတ်သားတော်အတွက် အသက်ကိုတောင် စွန့်ဝံ့ပါတယ်”
“…”
ချောင်ရို့ချန်သည် လူစု၏ တုံ့ပြန်မှုကို ကျေနပ်သွားသည်။ ထို့နောက် သူ ခြင်္သေ့ရူးမင်းသားနှင့် ဟေးယောက်တို့ကို ချန်ထားရစ်ခဲ့ကာ စုန့်ကျောက်ယီရှိရာဆီသို့ လျှောက်သွားလိုက်၏။
ခြင်္သေ့ရူးမင်းသားမှာ ထွက်ခွာသွားသော ချောင်ရို့ချန်၏ ကျောပြင်ကို ကြည့်ရင်း ဟေးယောက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“မင်း တကယ့်ရည်ရွယ်ချက်က ဘာလဲ။ ဝူမိုချိုင့်ဝှမ်းထဲမှာ ကောင်းကင်နတ်ဆိုးရဲ့ သွေးမြူတွေ ကျန်ရှိနေသေးတာကို မင်းမသိဘူးလား။ အထဲကို တစ်ခါဝင်မိရင် အသက်ရှင်မလား၊ သေမလားဆိုတာ မသေချာတော့ဘူး”
ဟေးယောက်ကမူ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ဆိုလိုက်သည်။
“မင်းသား ကျွန်တော်မျိုးကို အပြစ်ပုံချလို့ မရပါဘူး။ မြင့်မြတ်သားတော်ကိုယ်တိုင်က ဒီလိုပြောဖို့ အမိန့်ပေးခဲ့တာပါ။ ကျွန်တော်မျိုး မငြင်းဆန်ရဲဘူး။ နောက်ပြီး မြင့်မြတ်သားတော် ရှိနေတာပဲ။ ကမ္ဘာခြားနတ်ဆိုးရဲ့ သွေးမြူဆိုတာ ဘာမှုစရာရှိလို့လဲ။ သူက အင်မော်တယ်ခန္ဓာကို အသက်သွင်းလိုက်ရုံနဲ့ အဲဒီသွေးမြူတွေက အလိုလို ပျောက်ကွယ်သွားမှာပါ”
“မင်း မင်းကွာ”
ခြင်္သေ့ရူးမင်းသားမှာ ယခုအချိန်တွင် တစ်ယောက်ယောက်ကို သတ်ပစ်ချင်စိတ် ပေါက်နေ၏။
အစပိုင်းတွင် မြင့်မြတ်သားတော်က အခြေအနေကို လာရောက်ကြည့်ရှုလိုခြင်းသာဟု သူ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
နတ်ဆိုးသွေးမြူကို မြင်လျှင် အစီအစဉ်ကို စွန့်လွှတ်လိမ့်မည်ဟု ထင်ထားသော်လည်း မြင့်မြတ်သားတော်က ဤမျှအထိ သတ္တိရဲကာ ကိုယ်တိုင်ဝင်ရောက်ရန် ကြံရွယ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။
သူ ဝူမိုချိုင့်ဝှမ်းနှင့်ပတ်သက်သော ကောလာဟလများကို ကြားဖူးထား၏။ သူ့ခမည်းတော် ခြင်္သေ့ရူးဘုရင်ကြီးကိုယ်တိုင်ပင် ထိုနေရာ၏ အနက်ရှိုင်းဆုံးအပိုင်းထဲတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ယခု သူ ဘာဆက်လုပ်သင့်သနည်း။
ထိုစဉ် မဟာပဏ္ဍိတပါပေါင် အနားသို့ ချဉ်းကပ်လာကာ အစီရင်ခံလိုက်သည်။
“မြင့်မြတ်သားတော် အင်အားကြီးအဖွဲ့အစည်းသုံးခုက ယွင်ဝူတောင်တန်းကို လုံးဝ ပိတ်ဆို့ထားလိုက်ပါပြီ။ ဒီညကျရင် တောင်တန်းတစ်ခုလုံးကို ရှင်းလင်းဖို့ စစ်တပ်တွေ စေလွှတ်ကြလိမ့်မယ်”
“ကောင်းတယ်”
ချောင်ရို့ချန်က ပြုံးလိုက်သည်။
“ဒါဆိုရင် ကျွန်တော်တို့ ဒီညမတိုင်ခင် အမြန်လှုပ်ရှားရမယ်”
နာရီဝက်ခန့် ကြာပြီးနောက်
အဓိကအဖွဲ့ကြီးသည် ခရီးစဉ်ကို ပြန်လည်စတင်ခဲ့ကြလေ၏။
ချောင်ရို့ချန် ရထားလုံးအတွင်း၌ မျက်စိမှိတ်လျက် ကျင့်ကြံနေပြီး စုန့်ကျောက်ယီကမူ အပန်းဖြေခရီးထွက်လာသည့်အလား ဘေးပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှုခံစားနေသည်။
အတန်ကြာပြီးနောက် ရထားလုံးအပြင်ဘက်မှ ဟေးယောက်၏ အသံ ထွက်ပေါ်လာသည်။
“မြင့်မြတ်သားတော် ကျွန်တော်တို့ ဝူမိုချိုင့်ဝှမ်း အပြင်ဘက်ကို ရောက်ပါပြီ”
“ရပ်လိုက်တော့”
ချောင်ရို့ချန် မျက်လုံးများကို ဖွင့်ရင်း ပြောလိုက်ကာ စုန့်ကျောက်ယီကို ခေါ်ဆောင်၍ ရထားလုံးအပြင်သို့ ထွက်လာသည်။ သူသည် ရထားလုံးကို သိုလှောင်လက်စွပ်ထဲသို့ အမှုမဲ့အမှတ်မဲ့ သိမ်းဆည်းလိုက်ပြီးနောက် လှည့်၍ ပြောလိုက်သည်။
“အခုအချိန်ကစပြီး အားလုံး ငါ့နောက်ကနေ လိုက်ခဲ့ကြ။ အဖွဲ့ထဲကနေ လမ်းခွဲမသွားဖို့ သတိထားကြ။ ဒါမှမဟုတ်ရင် မင်းတို့ရဲ့ အန္တရာယ်ကင်းမှုကို ငါ အာမမခံနိုင်ဘူး”
“ဟုတ်ကဲ့ပါ”
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ပြန်ထူးကြသည်။
ချောင်ရို့ချန်သည် စုန့်ကျောက်ယီကို ပွေ့ချီကာ ကြောင်နက်ကြီးပေါ်တွင် ထိုင်လိုက်သည်။ မဟာပဏ္ဍိတပါပေါင်က ကြောင်နက်ကြီးကို ဦးဆောင်လျက် ဝူမိုချိုင့်ဝှမ်းဆီသို့ ပထမဆုံး စတင်လျှောက်လှမ်းသွား၏။
ခြံရံလိုက်ပါလာသူများသည်လည်း ချောင်ရို့ချန်၏ နောက်မှ အလောတကြီး လိုက်ပါလာကြပြီး လမ်းခုလတ်တွင် ကျန်ရစ်ခဲ့ကာ ငိုစရာနေရာပင် ရှိတော့မည်မဟုတ်သည်ကို အလွန်စိုးရိမ်နေကြသည်။
ဝူမိုချိုင့်ဝှမ်းအတွင်းဝယ်
နတ်ဆိုးမြူများက ဝဲလှည့်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်လျက်ရှိသည်။
ချောင်ရို့ချန်သည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်၏။ ပုံမှန်အားဖြင့် မိုင်ပေါင်းရာချီ ပျံ့နှံ့နိုင်သော်လည်း ယခုအခါတွင် အပြင်ဘက် တစ်မိုင်ခန့်သာ ရောက်ရှိနိုင်တော့ကြောင်း လျင်မြန်စွာ သတိပြုမိလိုက်သည်။
အကယ်၍ ရန်သူများ ပုန်းကွယ်ရာမှနေ၍ ရုတ်တရက် တိုက်ခိုက်လာပါက သာမန်ကျင့်ကြံသူများအနေဖြင့် တုံ့ပြန်ရန် အချိန်ရလိမ့်မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာ သူသည် ခန္ဓာကျင့်ကြံသူ တစ်ဦးဖြစ်သဖြင့် ချုံခိုတိုက်ခိုက်မှုများကို ကြောက်ရွံ့နေစရာမလိုချေ။
လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားရာ ထိုလေက အေးစိမ့်မနေသော်လည်း လူတိုင်းကို ကြက်သီးမွှေးညင်းထသွားစေသည်။
ခြင်္သေ့ရူးမင်းသားသည် သူ၏ ခြင်္သေ့ဝါစီးတော်ယာဉ်ကို အသိစိတ်မဲ့စွာ ပုတ်လိုက်ရင်း မြင့်မြတ်သားတော်နှင့် အမှီလိုက်ရန် နှိုးဆော်လိုက်သည်။
သို့သော် ခြင်္သေ့ဝါသည် ချောင်ရို့ချန်၏အနားသို့ မချဉ်းကပ်ဝံ့ချေ။ သားရဲတိရစ္ဆာန်များတွင် ရှင်းလင်းပြတ်သားသော အဆင့်အတန်းခွဲခြားမှုများ ရှိကြ၏။
ထိုကျားနတ်ဆိုးထံမှ ထွက်ပေါ်နေသော ဖိအားက သူ့ဝိညာဉ်ထဲအထိ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခြင်းပင်။
လေပြင်း ဖြတ်သန်းသွားသည်နှင့် အားလုံး၏ အမြင်အာရုံကို ကွယ်ထားသော မြူမည်းများသည် တဖြည်းဖြည်း ရှင်းလင်းသွား၏။
ချောင်ရို့ချန်သည် သတိကို လျှော့ချခြင်းမရှိ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာသည်။
လမ်းခရီးတစ်လျှောက်တွင် ရံဖန်ရံခါ တိုက်ခတ်သော လေပြေမှတစ်ပါး ချောင်ရို့ချန်းတို့အဖွဲ့ မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရချေ။
မည်မျှကြာအောင် လျှောက်လှမ်းခဲ့သည်မသိ အဖွဲ့သည် အနက်ရောင် နတ်ဆိုးမြူထုကို အန္တရာယ်ကင်းကင်းဖြင့် ဖြတ်ကျော်နိုင်သွား၏။
မျက်စိရှေ့မှောက်သို့ ရောက်ရှိလာသည်မှာ ထူးဆန်းသော တောအုပ်တစ်ခု ဖြစ်သည်။
ဤတောအုပ်ရှိ သစ်ပင်တိုင်းသည် ပင်စည်မှအစ အရွက်အဆုံး တစ်ခုလုံး အနက်ရောင်သာ။
ထို့အပြင် သစ်ပင်တိုင်းသည် ကွေးကောက်ဆန်းပြားစွာ ပေါက်ရောက်နေကြပြီး အဝေးမှကြည့်လျှင် သစ်ပင်နတ်ဆိုးအုပ်စုကြီးတစ်ခု မတ်တပ်ရပ်နေသည့်နှယ်။
ချောင်ရို့ချန် လှည့်၍ ခြင်္သေ့ရူးမင်းသားကို ပြုံးပြလိုက်သည်။
“ခြင်္သေ့လေး မင်း မြင်တယ်မလား။ ဒီဝူမိုချိုင့်ဝှမ်းက ထင်သလောက် မကြောက်ဖို့ကောင်းပါဘူး။ မှောင်နေတာတစ်ခုပဲ ရှိတာ။ နေမမြင်ရရုံပါပဲ”
ခြင်္သေ့ရူးမင်းသား၏ မျက်ခွံများမှာ ထိန်းမနိုင်သိမ်းမရ လှုပ်ခါသွား၏။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ၏စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ကြီးစိုးလာသည်။
သူက အမြန်ပင် ပြောလိုက်သည်။
“မြင့်မြတ်သားတော် ဒီနေရာက သိပ်အန္တရာယ်များတယ်။ ကျွန်တော်တို့ သတိထားပြီး ရှေ့ဆက်သင့်တယ်”
ချောင်ရို့ချန် ပြုံးကာ ဆိုလိုက်သည်။
“အန္တရာယ်များတယ်ဆိုတာထက် ဒီတောအုပ်ထဲမှာ ငါတို့ကို ချုံခိုတိုက်ဖို့ စောင့်နေတဲ့သူတွေ ရှိနေတယ်။ ပြီးတော့ မဟာပဏ္ဍိတ တစ်ယောက်က ကိုယ်တိုင်ဦးဆောင်နေတာ”
ဤစကားကို ကြားလိုက်ရသောအခါ အားလုံး၏မျက်နှာများ ဖြူလျော်သွားကြ၏။ သူတို့က သိုလှောင်လက်စွပ်များထဲမှ လက်နက်များကို အလောတကြီး ထုတ်ယူလိုက်ကြသည်။
ခြင်္သေ့ရူးမင်းသား ဆွံ့အသွားလေ၏။
“အ... မြင့်မြတ်သားတော် နောက်နေတာ မဟုတ်ဘူးမလား”
“မြင့်မြတ်သားတော်က ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ နောက်လေ့မရှိဘူး”
ချောင်ရို့ချန် ပခုံးတွန့်ပြလိုက်ပြီး တောအုပ်ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။
“အားလုံး ထွက်လာခဲ့ကြတော့။ မဟာပဏ္ဍိတတစ်ယောက် ရှိနေတာပဲ၊၊ ဒီလို နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်”
“ခိ ခိ ခိ...”
တောအုပ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော လှောင်ရယ်သံတစ်သံ ပဲ့တင်ထပ်လာ၏။
ချောင်ရို့ချန်၏ နောက်လိုက်များ ချက်ချင်းပင် တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။
သူတို့ထဲမှ အများစုမှာ ဝူမိုချိုင့်ဝှမ်း၏ ကြောက်မက်ဖွယ်ရာ ပုံပြင်များကို ကြားဖူးထားသဖြင့် မပေါ့ဆဝံ့ကြချေ။
သူတို့သည် မြင့်မြတ်သားတော်၏ အမိန့်ပေးသံကို စောင့်ဆိုင်းရင်း လက်နက်များကို အသင့်ပြင်ထားကြလေ၏။
သို့သော် ချောင်ရို့ချန် တည်ငြိမ်စွာဖြင့် ထိုတောအုပ်ကို ကြည့်နေပြီး မည်သည့်လှုပ်ရှားမှုမျှ ပြုလုပ်ရန် အရိပ်အယောင်မရှိပေ။
သစ်ရွက်လှုပ်ရှားသံများနှင့်အတူ ရက်စက်ကြမ်းကြုတ်သော ပုံပန်းသဏ္ဌာန်ရှိသည့် နတ်ဆိုးစစ်သည်တော်တစ်စု တောအုပ်ထဲမှ ထွက်ပေါ်လာသည်။
သူတို့ကို ဦးဆောင်လာသူမှာ သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးများ၊ ညှိုးခြောက်နေသော မျက်နှာနှင့် အရိုးပေါ်အရေတင် ဖြစ်နေသော အဘိုးအိုတစ်ဦးပင်။
သူက စွမ်းအားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ခြင်းမရှိသော်လည်းမဟာပဏ္ဍိတတစ်ဦး၏ မရည်ရွယ်စွာ ထွက်ပေါ်လာသော ဖိအားကြောင့် ချောင်ရို့ချန်၏ နောက်လိုက်အချို့မှာ သူတို့စီးတော်ယာဉ်များပေါ်မှ လိမ့်ကျကုန်ကြသည်။
သူတို့ စီးတော်ယာဉ်များသည် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားကြပြီး အားနည်းသော သားရဲအချို့မှာ မူးမေ့လဲကျသွားကြ၏။
ထိုအဘိုးအို၏ နီရဲသောမျက်လုံးများသည် ချောင်ရို့ချန်ထံသို့ ကျရောက်သွားသည်။ သူ၏ သန်မာထွားကျိုင်းပြီး သွေးသားအသက်ဓာတ် ပြည့်ဝနေသော ခန္ဓာကိုယ်ကို ကြည့်ရင်း အဘိုးအို၏ မျက်ဝန်းတွင် လောဘရိပ်များ ဖြတ်ပြေးသွားတော့သည်။
“ကောလာဟလတွေအတိုင်း ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် ပီသပါပေတယ်။ ဒီလို အရှိန်အဝါနဲ့ တည်ငြိမ်မှုမျိုးက လူရိုင်းဒေသမြင့်မြတ်နယ်မြေတွေက မြင့်မြတ်သားတော်တွေကိုတောင် ကျော်လွန်နေပြီ”
ချောင်ရို့ချန် လက်သီးဆုပ်ရင်း နှုတ်ဆက်လိုက်သည်။
“ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုး။ ဒါပေမဲ့ ကျွန်တော့်စွမ်းအားက ဝမ်တောက်ကျောင်းတော်ရဲ့ မျိုးဆက်သစ်တွေထဲမှာ ပထမတောင် မဟုတ်သေးပါဘူး။ ကျွန်တော့် အကြီးဆုံးစီနီယာအစ်ကိုကြီးရဲ့ စွမ်းဆောင်ရည်ကို အဘိုး မတွေ့လိုက်ရတာ နှမြောစရာပဲ”
“….”
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း ချောင်ရို့ချန်ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်ကြ၏။
‘ဒီလူ စိတ်ရူးပေါက်သွားတာလား’
‘ဒီလိုအချိန်မျိုးမှာ လာပြီး အရောတဝင် စကားပြောနေရသလား။ သူတို့ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာ မသိဘူးလား’
ခြင်္သေ့ရူးမင်းသား နောင်တများ တလိမ့်လိမ့် တက်နေမိသည်။ ဤနေရာတွင် နတ်ဆိုးစစ်သည်မဟာပဏ္ဍိတတစ်ဦး ပုန်းကွယ်နေမှန်း သိပါက ခြေထောက်နှစ်ဖက်လုံး ကျိုးသွားပါစေဦးတော့ အထဲသို့ လုံးဝ ဝင်လာခဲ့မည် မဟုတ်ပေ။
အဘိုးအိုက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။
“လူငယ်လေး ငါ ဘယ်သူလဲဆိုတာ မင်း သဘောမပေါက်ဘူးလား”
“သိတာပေါ့။ အဘိုးက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ သွေးပါတဲ့ နတ်ဆိုးစစ်သည်တော် မဟာပဏ္ဍိတတစ်ယောက်ပဲ။ သွေးမျိုးရိုးကတော့ နည်းနည်း မစင်ကြယ်ဘူးပေါ့လေ။ ဒါ့အပြင် ကျွန်တော်တို့ ဝမ်တောက် ကျောင်းတော်ရဲ့ ထုံးစံက မတိုက်ခိုက်ခင်မှာ အမြဲတမ်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တာပါ”
ချောင်ရို့ချန်က လုံးဝ ကြောက်ရွံ့ခြင်းမရှိ သာမန်စကားပြောနေသည့်အလား ဆိုလိုက်သည်။
“မင်း ငါ့ကို မကြောက်ဘူးလား”
အဘိုးအိုသည် ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ မဟုတ်သေး။ ဤကောင်လေး လူမိုက်အားကိုးနှင့် လာပြီး ကြိမ်းဝါးနေခြင်း ဖြစ်ရမည်။
“မကြောက်ပါဘူး”
ချောင်ရို့ချန်၏ ယဉ်ကျေးပျူငှာသော ဟန်ပန်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်ပြောင်ကျီစယ်သော မျက်နှာပေးဖြင့် အစားထိုးဝင်ရောက်လာလေ၏။
“ကျွန်တော် ဒီကိုမလာခင်ကတည်းက၊ ဟေးယောက်က ကျွန်တော့်ကို ပြောပြပြီးသား။ ဒါက အဘိုးတို့ မီးနတ်ဘုရားဂိုဏ်းရဲ့ နယ်မြေတဲ့။ ကျွန်တော့်ကို ချုံခိုတိုက်ဖို့ မဟာပဏ္ဍိတတစ်ယောက် စောင့်နေလိမ့်မယ်ဆိုတာကိုပေါ့”
ဤစကားသည် မိုးကြိုးပစ်ချလိုက်သည့်အလား အားလုံးကို တုန်လှုပ်သွားစေ၏။ မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆိုးစစ်သည်တော်များနှင့် ချောင်ရို့ချန်၏ နောက်လိုက်များအားလုံး တောင့်တင်းသွားကြပြီး သူတို့ ဟေးယောက်ထံသို့ တစ်ပြိုင်နက်တည်း ကြည့်လာကြသည်။