← Chapters

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း (၄၄၉)

“မဟာပဏ္ဍိတရွှယ်ထုံ ကျွန်တော် တကယ်ပဲ သစ္စာမဖောက်ခဲ့ပါဘူး။ ဒါတွေအကုန်လုံးက အဲဒီကောက်ကျစ်လှည့်ဖြားတတ်တဲ့ လူသားက ပြဿနာတက်အောင် ရည်ရွယ်ချက်ရှိရှိ ရန်တိုက်ပေးနေတာပါ”

ဟေးယောက်တစ်ယောက် ဆွံ့အသွားသည်။ သူက ဤအကျိုးပြုမှုကြောင့် နတ်ဆိုးဘဝ၏ ထိပ်ဆုံးသို့ ရောက်ရှိကာ နတ်ဆိုးမလေးနှင့် လက်ထပ်ရမည့် အိပ်မက်များကို မက်နေခဲ့ခြင်း ဖြစ်လေ၏။

သေခါနီးအချိန်ကျမှ ထိုအရူးကောင် လူသားချောင်ရို့ချန်က ဤကဲ့သို့ အလှည့်အပြောင်းတစ်ခု ဖန်တီးလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထား။

မဟာပဏ္ဍိတရွှယ်ထုံ မျက်မှောင်ကြုတ်လျက် ဟေးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ချောင်ရို့ချန်ထံသို့ ရွှေ့လိုက်သည်။

“လူငယ်လေး မင်း ဒီလိုအောက်တန်းကျတဲ့ ရန်တိုက်ပေးတဲ့ အကြံတွေက ငါ့အပေါ်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မင်းရဲ့ စိတ်ပုပ်စိတ်ယုတ်တွေကို ရုပ်သိမ်းလိုက်စမ်း”

ချောင်ရို့ချန် အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

“ခင်ဗျား ကျွန်တော့်စကားကို ယုံလိမ့်မယ်လို့လည်း ကျွန်တော် မမျှော်လင့်ထားပါဘူး။ ကဲ စီနီယာ လမ်းပြပေးပါဦး။ ခင်ဗျားတို့ မီးနတ်ဘုရားဂိုဏ်းရဲ့ ဗဟိုက ယဇ်ပလ္လင်ကြီး ဘယ်လိုပုံစံရှိလဲဆိုတာ ကျွန်တော် စိတ်ဝင်စားလို့ပါ”

မဟာပဏ္ဍိတရွှယ်ထုံနှင့် ဟေးယောက်တို့ ဆွံ့အသွားကြရသည်။ ဤလူငယ်လေး ကြံစည်နေသည့်အရာကို သူတို့ ခေတ္တမျှ စဉ်းစား၍မရ ဖြစ်သွားကြ၏။

ခြင်္သေ့ရူးမင်းသားနှင့် အခြားသူများလည်း ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

အကယ်၍ မဟာပဏ္ဍိတရွှယ်ထုံ၏ အာရုံစိုက်မှုကို ခံရမည်ကို မစိုးရိမ်ပါက သူတို့ ထအော်ပြီး သတိပေးမိကြပေလိမ့်မည်။

‘မြင့်မြတ်သားတော် လျှောက်မဆော့ပါနဲ့။ နတ်ဆိုးသားရဲတွင်းဆိုတာ ဝင်ဖို့ပဲရှိပြီး ထွက်လမ်းမရှိတဲ့နေရာဗျ’

သူတို့ထဲမှတစ်ဦး ရင်ထဲကနေ အော်ဟစ်နေမိသော်လည်း နှုတ်ဆိတ်နေခဲ့ရလေ၏။

“လူငယ်လေး မင်း ဘာတွေပြောနေလဲဆိုတာ မင်းကိုယ်တိုင်ရော သဘောပေါက်ရဲ့လား”

မဟာပဏ္ဍိတရွှယ်ထုံ စိတ်ထဲတွင် ဒေါသထွက်လျက် မေးလိုက်သည်။ သူတို့သည် ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်ကို ဖမ်းဆီးရန် လာခဲ့ကြခြင်းဖြစ်သော်လည်း ထိုကောင်လေးက မည်သည့်ရုန်းကန်မှုမျှမရှိ မီးနတ်ဘုရားဂိုဏ်း၏ ဗဟိုယဇ်ပလ္လင်ဆီသို့ အတူလိုက်ပါရန် လိုလိုလားလား ရှိနေခြင်းက သူ့အောင်မြင်မှုအတိုင်းအတာကို လျော့ပါးစေသကဲ့သို့ ခံစားရစေသည်။

“ကျွန်တော် ဘာပြောနေလဲဆိုတာ ကောင်းကောင်းသိတာပေါ့”

ချောင်ရို့ချန်က ရည်ရွယ်ချက်ရှိရှိ စကားကို ခေတ္တဖြတ်လိုက်သည်။

“ခင်ဗျားတို့ ရည်ရွယ်ချက်ကလည်း ကျွန်တော့်ကို မီးနတ်ဘုရားဂိုဏ်းရဲ့ ဗဟိုယဇ်ပလ္လင်ဆီ ခေါ်သွားဖို့ မဟုတ်ဘူးလား”

“ဟုတ်တယ်”

မဟာပဏ္ဍိတရွှယ်ထုံ ထိုစကားတွင် အမှားအယွင်း ရှာမတွေ့သော်လည်း သူ့နှလုံးသားထဲတွင် ထူးဆန်းသော မလုံခြုံမှုတစ်ခု စွဲကပ်လာသည်။

အကယ်၍ ချိုင့်ဝှမ်းအပြင်ဘက်ရှိ ကင်းစောင့်များက ချောင်ရို့ချန်တို့အဖွဲ့နောက်တွင် မည်သည့်စစ်တပ်မျှ လိုက်ပါလာခြင်းမရှိကြောင်း သတင်းပို့မထားပါက ဤကောင်လေးမှာ ဂိုဏ်း၏တည်နေရာကို ရှာဖွေရန်အတွက် သူတို့ကို အသုံးချနေခြင်းဖြစ်သည်ဟု သူ သံသယဝင်မိပေလိမ့်မည်။

“ဒါဆို ခင်ဗျားတို့က ဘာကို စောင့်နေကြတာလဲ”

ချောင်ရို့ချန် မဟာပဏ္ဍိတရွှယ်ထုံနှင့် အခြားသူများကို သူ၏လက်အောက်ငယ်သားများကဲ့သို့ သဘောထားကာ မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိသည့် ဟန်ပန်ကို ပြသလိုက်၏။

သူ၏ ရဲရင့်တည်ငြိမ်လွန်းသော အရှိန်အဝါကြောင့် ခြံရံလာသော နတ်ဆိုးအစောင့်များပင် စိတ်မသက်မသာ ဖြစ်သွားကြရသည်။

မဟာပဏ္ဍိတရွှယ်ထုံ ဒေါသတကြီး ဟောက်လိုက်သည်။

“မင်း ငါတို့ မီးနတ်ဘုရားဂိုဏ်းရဲ့ ဗဟိုယဇ်ပလ္လင်ဆီကို ဒီလောက်တောင် သွားချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ ဒါပေမဲ့ ဒီသတိပေးတာကိုတော့ မှတ်ထားလိုက်ဦး။ ဘာလှည့်ကွက်မှ သုံးဖို့မကြိုးစားနဲ့၊၊ မဟုတ်ရင် ငါ့ရဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို မင်း ကိုယ်တိုင် မြင်တွေ့စေရမယ်။ ကဲ ထွက်ကြစို့”

ချောင်ရို့ချန်က သူ့နောက်ကွယ်မှ လူများကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“သွားကြစို့”

အခြားသူများမှာမူ တုန်တုန်ရင်ရင်ဖြင့် ထရပ်ကြရ‌လေ၏။

ခြင်္သေ့ရူးမင်းသား အနားသို့လာပြီး တိုးတိုးလေး ကပ်ပြောသည်။

“မြင့်မြတ်သားတော် ဒါ ကျားခံတွင်းထဲသိုးလေးတွေ ဝင်နေသလိုပဲမဟုတ်လား”

သူက မိမိတို့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေမိသော်လည်း ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်ကို မလွန်ဆန်ဝံ့ချေ။

ချောင်ရို့ချန် ပြုံးလိုက်သည်။

“ခြင်္သေ့လေး သေချာနားထောင်စမ်း။ ငါ ဒီစကားကို နောက်တစ်ကြိမ် ထပ်မပြောဘူးနော်”

ခြင်္သေ့ရူးမင်းသားမှာ တုန်လှုပ်သွားပြီး အလောတကြီး ခေါင်းညိတ်ပြလိုက်ရသည်။

“နားလည်ပါပြီ”

ကျန်ရှိနေသူများမှာလည်း ဘာမှ ထပ်မပြောဝံ့ကြတော့ချေ။ အကယ်၍ မြင့်မြတ်သားတော် သူတို့ကို စွန့်ပစ်လိုက်ပါက မဟာပဏ္ဍိတတစ်ဦး၏ လက်မှ လွတ်မြောက်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆိုးအစောင့်များသည် ချောင်ရို့ချန်တို့အဖွဲ့ကို ခြောက်ခြားဖွယ်ကောင်းသော တောအုပ်ကြီးနှင့် သွေးမြစ်တစ်စင်းကို ဖြတ်ကျော်၍ ခေါ်ဆောင်သွား၏။ ထို့နောက် သူတို့သည် နတ်ဆိုးဓားအစီအရင် တစ်ခုကို ဖြတ်သန်းကာ နတ်ဆိုးမီးလျှံပင်လယ်နှင့် ရွှံ့နွံတောကြီးကို ကျော်ဖြတ်ခဲ့ကြသည်။

နာရီအနည်းငယ် ကြာပြီးနောက် သူတို့သည် မီးနတ်ဘုရားဂိုဏ်း၏ ဗဟိုယဇ်ပလ္လင် အပြင်ဘက်သို့ ရောက်ရှိလာကြ၏။ သူတို့မျက်စိရှေ့မှောက်တွင် ကောင်းကင်ယံသို့ ထိုးထွက်နေသော အလွန်ကြီးမားသည့် အနက်ရောင် နန်းတော်ကြီးတစ်ခု ပေါ်လာပြီး ထိုနန်းတော်အထက်တွင် အသက်ဝင်လှသော ဘီလူးနတ်ဆိုးကြီးတစ်ကောင်၏ ပုံကို ထုလုပ်ထားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရရုံမျှဖြင့် လူတိုင်း၏ စိတ်နှလုံးမှာ တုန်လှုပ်သွားကာ ချွေးစေးများ ပြန်လာတော့သည်။

ချောင်ရို့ချန် ထိုဗိသုကာလက်ရာကို စေ့စေ့စပ်စပ် ကြည့်ရှုရင်း ဤဂိုဏ်းသည် မိမိတို့၏ အသိုက်အမြုံကို ကြေညာမောင်းခတ်နေသည့်အလား ဆန်းပြားခမ်းနားသော နန်းတော်ကြီးကို တည်ဆောက်ထားခြင်းမှာ အလွန်ထူးဆန်းသည်ဟု တွေးမိလိုက်၏။ ထို့နောက် သူ မဟာပဏ္ဍိတရွှယ်ထုံဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“စီနီယာ ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ စောင့်ရှောက်မှုသာမရှိရင် အဲဒီ ဓာတ်ကြီးငါးပါး နတ်ဆိုးနယ်မြေ ကို ဖြတ်ကျော်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး”

“မင်း...”

မဟာပဏ္ဍိတရွှယ်ထုံ ဒေါသကြောင့် မျက်နှာကြီး နီမြန်းလာပြီး ထိုသို့ စိတ်ပျက်ဖွယ်ကောင်းသော စကားများကို ပြောဆိုနေသည့် ကောင်လေးကို ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားလေ၏။ သူ့အမြင်တွင် ချောင်ရို့ချန်၏ လေသံမှာ သူတို့က ဝံပုလွေများကို အသိုက်ထဲသို့ အလိုအလျောက် ခေါ်ဆောင်လာပေးသည့်အလား ဖြစ်နေသောကြောင့်ပင်။

သို့သော် ထိုကောင်လေး၏ ခန္ဓာနှင့် ဝိညာဉ်ကို နဂိုအတိုင်း ရရှိစေရန်အတွက် မဟာပဏ္ဍိတရွှယ်ထုံသည် ဒေါသကို မြိုသိပ်လိုက်လေ၏။

“ကောင်လေး မင်း ယဇ်ပလ္လင်ပေါ်ကို ခြေချလိုက်ပြီးတဲ့နောက်မှာလည်း ဒီလောက်အထိ မာနထောင်လွှားနိုင်သေးလားဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့”

ချောင်ရို့ချန်က ပခုံးတွန့်ပြကာ ပြန်ဖြေလိုက်သည်။

“ဒါဆိုလည်း ယဇ်ပလ္လင်ဆီ သွားကြတာပေါ့။ ကျွန်တော်လည်း ခင်ဗျားတို့ မီးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တခြား မဟာပဏ္ဍိတတွေကို တွေ့ချင်နေတာနဲ့ အတော်ပဲ”

“ငါ...”

မဟာပဏ္ဍိတရွှယ်ထုံ အံကြိတ်၍ ချောင်ရို့ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး မကြာမီ သေလူဖြစ်တော့မည့်သူနှင့် စကားများမနေရန် မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးလိုက်ရတော့၏။

ဂိုဏ်းချုပ်ကိုယ်တိုင် ထိုကောင်လေးကို အသက်ရှင်လျက်နှင့် အကောင်းအတိုင်း ခေါ်ဆောင်လာရန် အမိန့်ပေးထားခြင်း ဖြစ်သည်။

ချောင်ရို့ချန် နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။

“စီနီယာ လမ်းပျောက်သွားတာတော့ မဟုတ်ပါဘူးနော်”

“ဟမ့်”

မဟာပဏ္ဍိတရွှယ်ထုံ ဘာမှ ထပ်မပြောရန် ဆုံးဖြတ်လိုက်လေတော့သည်။

အကယ်၍ သူ စကားဆက်ပြောနေပါက ဤကောင်လေးကြောင့် ရူးသွပ်သွားပေလိမ့်မည်။

သူ ကျောက်လှေကားထစ်များပေါ်သို့ လေးလံသော ခြေလှမ်းများဖြင့် တက်လှမ်းသွား၏။ ယခုအခါ သူတို့သည် မီးနတ်ဘုရားဂိုဏ်း၏ ဗဟိုယဇ်ပလ္လင်သို့ ရောက်ရှိနေပြီဖြစ်ရာ ကောင်လေး လွတ်မြောက်သွားမည်ကို ပူပန်နေစရာမလိုတော့ချေ။

ချောင်ရို့ချန် အေးအေးလူလူပင် အနောက်မှ လိုက်ပါလာပြီး သူ့ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်လျက်ရှိသည်။

နောက်လိုက်များသည် တုန်လှုပ်နေကြသော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်ကာ အမှီလိုက်နေကြရ၏။

ရှည်လျားသော လှေကားထစ်များကို တက်လှမ်းပြီးနောက် ခမ်းနားထည်ဝါသော နန်းတော်ကြီးအတွင်းသို့ ဝင်ရောက်လာကြသည်။

ခန်းမဆောင်၏ ဝဲယာနှစ်ဖက်စလုံးတွင် နက်မှောင်သော သံချပ်ကာများကို ဝတ်ဆင်ထားပြီး တောက်ပသော လက်နက်များကို ကိုင်ဆောင်ထားကြသည့် ဂိုဏ်းသားများ အတန်းနှစ်တန်းဖြင့် မတ်တပ်ရပ်နေကြ၏။ ထိုလူတို့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများက လေထုထဲတွင် ပြည့်နှက်နေသည်။

သူတို့ မျက်လုံးများသည် ဓားသွားကဲ့သို့ ထက်မြက်လှပြီး တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အသားထဲအထိ ထိုးဖောက်သွားနိုင်သည့်အလားပင်။

ခြင်္သေ့ရူးမင်းသားနှင့် အခြားသူများမှာ ခြေလှမ်းတိုင်းတွင် ချွေးစေးများ ပြန်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေပြီး ရှေ့သို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ ငရဲပြည်သို့ လျှောက်လှမ်းနေရသည့်အလား ခံစားနေကြရလေ၏။

မွန်းကြပ်ဖွယ်ကောင်းသော လမ်းလျှောက်မှု အပြီးတွင် နောက်ဆုံး၌ ကြီးမားလှသော ယဇ်ပလ္လင်ကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

ယဇ်ပလ္လင်၏ ပတ်ပတ်လည်တွင် မီးနတ်ဘုရားဂိုဏ်း၏ တပည့်ပေါင်းများစွာ ရပ်နေကြသည်။ ထိုယဇ်ပလ္လင်၏ ဆန့်ကျင်ဘက် မြင့်မားသော စင်မြင့်ထက်တွင် မဟာပဏ္ဍိတများ၏ အရှိန်အဝါများကို ထုတ်ဖော်နေကြသည့် လူရိပ်အနည်းငယ် ရပ်နေကြလေ၏။

ချောင်ရို့ချန်တို့အဖွဲ့ ပေါ်လာသည်နှင့် အားလုံး၏ အကြည့်များက သူတို့ထံသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

ထိုအကြည့်များထဲတွင် လောဘ၊ သွေးဆာမှုနှင့် မနာလိုမုန်းတီးမှုများ ပြည့်နှက်နေသဖြင့် ခြင်္သေ့ရူးမင်းသားနှင့် အခြားသူများ ဦးရေပြားများပင် ထုံကျဉ်သွားကြ၏။ သူတို့အရေပြားပေါ်တွင် ပုရွက်ဆိတ်များ တက်နေသည့်အလား ရွံရှာထိတ်လန့်ဖွယ် ခံစားချက်များကိုရနေကြသည်။

သို့သော် ချောင်ရို့ချန်ကမူ တည်ငြိမ်စွာ မော့ကြည့်လိုက်ပြီး စင်မြင့်ထက်ရှိ မဟာပဏ္ဍိတ ခုနစ်ယောက်ကို အကဲခတ်နေသည်။ သူ၏ သေးငယ်သော လှုပ်ရှားမှုမှာ ထိုသူများ၏ ထက်မြက်သော မျက်လုံးများမှ လွတ်မြောက်သွားခြင်းမရှိချေ။

အထက်မှနေ ကျယ်လောင်လှသော အသံကြီးတစ်သံ ပဲ့တင်ထပ်လာလေ၏။

“ရိုင်းစိုင်းတဲ့ ကောင်လေး ငါတို့ရှေ့ ရောက်နေတာတောင် မင်းက ဒူးမထောက်သေးဘူးလား”

ထိုအသံကြောင့် ခြင်္သေ့ရူးမင်းသားနှင့် အခြားသူများမှာ ချက်ချင်းပင် အလွန်အမင်း ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်လဲကျကုန်ကြ၏။

ချောင်ရို့ချန်၊ မဟာပဏ္ဍိတပါပေါင်နှင့် စုန့်ကျောက်ယီ သုံးဦးတည်းသာ ဘာမှမဖြစ်ခဲ့သည့်အလား မတ်တပ်ရပ်နေသည်။

ချောင်ရို့ချန် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး စုန့်ကျောက်ယီကို သူ့နောက်ကွယ်တွင် ကွယ်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဆင်မြန်းလိုက်၏။

“ခင်ဗျားတို့က ကျွန်တော့်ကို ဒူးထောက်ခိုင်းချင်တာလား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ”

“ဟမ်”

မဟာပဏ္ဍိတတစ်ဦး၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး သူတော်စင်တစ်ပိုင်းအဆင့်၏ ပြင်းထန်လှသော ဖိအားလှိုင်းတစ်ခုကို ချောင်ရို့ချန်ထံသို့ ရိုက်ခတ်စေလိုက်သည်။

ချောင်ရို့ချန်က ပခုံးတွန့်ကာ ဆိုလိုက်သည်။

“ခင်ဗျား ဒီထက်မက ကြိုးစားသင့်သေးတယ်။ ဒီလောက်အဆင့်နဲ့တော့ ယားတောင်မယားဘူး”

ထိုမဟာပဏ္ဍိတ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားလေ၏။

“မိုက်မဲပြီး မာနကြီးတဲ့ကောင်။ မင်းက သေတွင်းထဲ ရောက်နေတာတောင် ဒီနေရာမှာ အဓိပ္ပာယ်မရှိတာတွေ လာပြီး လျှောက်ပြောဝံ့သေးတယ်ပေါ့လေ”

ချောင်ရို့ချန်က ခပ်ဖွဖွ ရယ်မောလိုက်၏။

“ခင်ဗျားတို့လို အဘိုးကြီး ရှစ်ယောက်တည်းနဲ့ ကျွန်တော့်ကို ဖမ်းနိုင်မယ်လို့ ထင်နေတာလား။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ အထင်ကြီးလွန်းနေကြတာပဲ”

“ဟမ့်”

အလယ်ဗဟိုတွင် ထိုင်နေသော မီးနတ်ဘုရားဂိုဏ်းချုပ်က နှာခေါင်းရှုံ့လိုက်သည်။

“ကောင်လေး မင်းက မဟာပဏ္ဍိတ နှစ်ယောက်ကို ခေါ်လာရုံနဲ့ မင်းကို ဘယ်သူမှ မထိရဲတော့ဘူးလို့ ထင်နေတာလား”

ထိုစကားလုံးများမှာ ခန်းမဆောင်အတွင်း၌ မိုးကြိုးပစ်ချလိုက်သည့်အလား ပဲ့တင်ထပ်သွားလေ၏။

မဟာပဏ္ဍိတများ၏ အကြည့်များမှာ ချက်ချင်း ပါပေါင်နှင့် စုန့်ကျောက်ယီတို့ထံသို့ ရောက်ရှိသွားကြသည်။

ထိတ်လန့်နေကြသော ခြင်္သေ့ရူးမင်းသားနှင့် အခြားသူများသည်လည်း နောက်ဆုံး၌ စိတ်သက်သာရာရမှုကို အနည်းငယ် ခံစားလိုက်ရ၏။

မိမိတို့ဘက်တွင်လည်း မဟာပဏ္ဍိတ နှစ်ဦး ရှိနေသဖြင့် မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်လော။

မဟာပဏ္ဍိတပါပေါင်က ဖော်ရွေသော အပြုံးဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

“ဂိုဏ်းချုပ် တကယ်ကို ထက်မြက်တဲ့ မျက်လုံးတွေပဲဗျာ။ ကျွန်တော့်ရဲ့ အထောက်အထားကို တစ်ချက်ကြည့်ရုံနဲ့တင် ရိပ်မိတယ်ပေါ့”

ဂိုဏ်းချုပ် ပြန်လည်မဖြေကြားနိုင်မီမှာပင် ယဇ်ပလ္လင်၏ ပတ်ပတ်လည်တွင် မာနထောင်လွှားလှသော အသံတစ်သံ ပဲ့တင်ထပ်လာတော့၏။

“နင့် အထောက်အထားကို ရိပ်မိတာ သူမဟုတ်ဘူး။ ယဇ်ပလ္လင်ထဲမှာ ရှိနေတဲ့အရာက ရိပ်မိတာ”

အားလုံးက ထိတ်လန့်တကြားဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။

ချောင်ရို့ချန်တို့အဖွဲ့၏ အထက်တွင် တောက်ပလှသော နေမင်းတစ်စင်း တဖြည်းဖြည်း ချင်း ပေါ်ထွက်လာပြီး အတိုင်းအဆမရှိသော အလင်းတန်းများ ဖြာထွက်လာတော့လေ၏။

ထိုနေမင်း ပေါ်ထွက်လာသည့် တစ်ခဏ၌ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြောင့် နတ်ဆိုကျင့်ကြံသူ အများစုမှာ သတိမေ့၍ လဲကျကုန်ကြသည်။

ဆယ်ဂဏန်းခန့်သာ မတ်မတ်ရပ်နိုင်ရန် ရုန်းကန်နေကြရ၏။

မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတများပင် မျက်နှာများ ဖြူလျော်သွားကြရပြီး နဖူးမှ ချွေးစေးများ စီးကျလာခဲ့ကြသည်။

ဂိုဏ်းချုပ်၏ မျက်နှာမှာလည်း ညှိုးမှောင်သွားပြီး ထိုနှိပ်စက်ညှဉ်းပန်းနေသော ဖိအားကို ခုခံရန်အတွက် သူ၏ ကိုယ်ပိုင်အရှိန်အဝါကို ထုတ်ဖော်လိုက်ရသည်။

“တာအိုမိတ်ဆွေ... ရောက်နေမှတော့”

သူ အေးစက်စွာဖြင့် ပြောလိုက်သည်။

“ဒီလို လှည့်ကွက်တွေ သုံးနေဖို့ ဘာလိုတော့မလဲ။ ကိုယ်ထင်ပြပြီး ပွင့်ပွင့်လင်းလင်းပဲ တိုက်ခိုက်ကြတာပေါ့”

“နင့် ဆန္ဒအတိုင်း ဖြစ်စေရမယ်”

တောက်ပလှသော နေမင်းကြီးမှာ လှုပ်ရှားသွားခဲ့ပြီး ၎င်း၏အတွင်းထဲမှ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။ သူမသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး လှပကာ အလွန်အမင်း မာနထောင်လွှား၏။

All Chapters