← Chapters

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း ၄၅၀

Vol. 45 Ch. 450

အခန်း (၄၅၀)

“မင်း ကျင့်ကြံမှုက သူတော်စင်အဆင့်နဲ့ လက်တစ်ကမ်းအကွာကို ရောက်နေပြီပဲ။ ကြည့်ရတာ အညတရတစ်ယောက်တော့ မဟုတ်တန်ရာဘူး။ နာမည်အရင်းကို ထုတ်ပြောပြတာ မကောင်းဘူးလား”

မီးနတ်ဘုရားဂိုဏ်းချုပ်သည် ရှေ့မှောက်ရှိ အမျိုးသမီးကို ကြည့်ရင်း မျက်ဝန်းထဲတွင် အလွန်အမင်း သတိကြီးစွာ ထားနေသည့် အရိပ်အယောင်များ ပြည့်နှက်နေလေ၏။

အစောပိုင်းက အရိပ်ထဲတွင် တစ်စုံတစ်ယောက် ပုန်းကွယ်နေသည်ဟု ကြားလိုက်ရစဉ်က သူသည် အသေးအဖွဲကိစ္စဟုသာ သဘောထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ သူမထံမှ ပြင်းထန်လှသော အရှိန်အဝါကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရပြီးနောက်တွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသည်ကို သူ သဘောပေါက်သွားပြီ ဖြစ်သည်။

မဟာပဏ္ဍိတကျန်းယန်၏ နှုတ်ခမ်းထောင့်များက အထင်သေးဟန်ဖြင့် အနည်းငယ် ကွေးညွတ်သွားလေ၏။

“သေချာနားထောင်စမ်း။ ငါ့နာမည်က ကျန်းယန်ပဲ”

မီးနတ်ဘုရားဂိုဏ်းချုပ် မျက်မှောင်ကြုတ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ဒါဆို မင်းက နတ်ဘုရားကျောင်းတော်က လူတစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီနေရာက မင်းတို့ ဝမ်တောက်ကျောင်းတော်ရဲ့ ဘေးမဲ့နယ်မြေ မဟုတ်ဘူး။ ဒါက မီးနတ်ဘုရားရဲ့ နယ်မြေပဲ။ မင်း ဘယ်လောက်ပဲ သန်မာပါစေ မီးနတ်ဘုရားကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“အို... ဟုတ်လို့လား”

မဟာပဏ္ဍိတကျန်းယန်၏ လေသံက အေးစက်ကာ အမှုမဲ့အမှတ်မဲ့ ရှိလှသည်။

“ဒါဆိုလည်း နင်တို့ ပြောပြောနေတဲ့ မီးနတ်ဘုရားဆိုတာကို ဆင့်ခေါ်လိုက်လေ။ နင်တို့ရဲ့ အဲဒီနတ်ဆိုးဘုရားမှာ ဘယ်လောက်အထိ အစွမ်းအစ ကျန်သေးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ ပြီးတော့ သူက ငါ့ကို တကယ်ပဲ နိုင်မလားဆိုတာကိုပေါ့”

သူမ စကားများက မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတ အားလုံးကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။

ဤအမျိုးသမီးမှာ သူတို့ကို လုံးဝ အရေးမစိုက်သည်မှာ ထင်ရှားလှ၏။

“ရိုင်းစိုင်းလှချည်လား”

“ဒီနေ့တော့ ငါတို့ မီးနတ်ဘုရားဂိုဏ်းရဲ့ စွမ်းအားကို မင်းကို ပြရသေးတာပေါ့”

“ဂိုဏ်းချုပ် မီးနတ်ဘုရားကို အခုချက်ချင်း ဆင့်ခေါ်လိုက်ပါ”

မီးနတ်ဘုရားဂိုဏ်းချုပ်၏ မျက်နှာက ညှိုးမှောင်သွားသည်။ မီးနတ်ဘုရားဂိုဏ်းသည် လူရိုင်းဒေသတစ်ခွင်လုံးတွင် နတ်ဆိုးဂိုဏ်းအဖြစ် သတ်မှတ်ခံထားရသော်လည်း ဂိုဏ်းအတွင်း၌မူ သူသည် အမြင့်ဆုံးအာဏာပိုင် ဖြစ်သည်။

မီးနတ်ဘုရား၏ နတ်ဘုရားဝိညာဉ်နှင့် ဆက်သွယ်ချိန်တွင်သာ သုူ့ခေါင်းကို ညွတ်ရလေ့ရှိသည်။

သို့သော် ယခု အမျိုးသမီးတစ်ဦးက တပည့်များရှေ့တွင် သူ့ကို စိတ်တိုင်းကျ စော်ကားဝံ့နေသည်။ ဤအရှက်ခွဲမှုကို သူ လုံးဝ သည်းမခံနိုင်ချေ။

“မဟာပဏ္ဍိတကျန်းယန် မင်းကိုယ်တိုင် အသေခံဖို့ လမ်းရှာတာပဲ”

သူ အနက်ရောင် တိုကင်တံဆိပ်တစ်ခုကို မြှောက်လိုက်ရင်း ရှေးဟောင်းနတ်ဆိုးဘာသာစကားဖြင့် ဂါထာမန္တန်များကို ရွတ်ဖတ်လေတော့သည်။

ထိုဂါထာသံများ ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားသည်နှင့် ငြိမ်သက်နေသော ယဇ်ပလ္လင်ကြီးက ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်သံကြီးနှင့်အတူ ထူးဆန်းသော မီးလျှံတစ်ခု အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။

၎င်းမှာ ဤ ကမ္ဘာမှ မီးမျိုး မဟုတ်ချေ။

ထိုမီးလျှံ ပေါ်လာသည်နှင့် ကျန်းယန်ထံမှ ဖြာထွက်နေသော လွှမ်းမိုးချုပ်ကိုင်ထားသည့် အရှိန်အဝါများ လုံးဝ ကွယ်ပျောက်သွားရသည်။

အစောပိုင်းက မူးမေ့လဲကျသွားခဲ့ကြသော ဂိုဏ်းသားများမှာလည်း ရုတ်တရက် ပြန်လည်နိုးထလာကြပြီး သူတို့မျက်ဝန်းများတွင် ရူးသွပ်လုမတတ် ကိုးကွယ်ယုံကြည်မှု အပြည့်ဖြင့် ထိုမီးလျှံကို စိုက်ကြည့်နေကြ၏။

သူတို့သည် ယဇ်ပလ္လင်၏ ပတ်ပတ်လည်တွင် နတ်ဆိုးစကားလုံးများကို အသံကျယ်ကြီးဖြင့် တညီတညွတ်တည်း လိုက်လံရွတ်ဆိုကြတော့သည်။

မဟာပဏ္ဍိတပါပေါင်၏ မျက်ခွံများ တဆတ်ဆတ် လှုပ်ရှားသွားသည်။

“မြင့်မြတ်သားတော် အဲဒီ ကမ္ဘာခြားနတ်ဆိုး ထွက်ပေါ်လာတော့မယ့် ပုံပဲ။ ငါတို့ ဘာလုပ်ကြမလဲ”

ချောင်ရို့ချန်ကတည်ငြိမ်စွာ ပြုံးကာ ဆိုလိုက်သည်။

“ထွက်လာပါစေ။ ကျွန်တော်တို့ အတူတူ စောင့်ကြည့်ကြတာပေါ့”

“ဘာ…”

မဟာပဏ္ဍိတပါပေါင်သည် ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ချောင်ရို့ချန် ပြုံးနိုင်သေးသည်ကို မယုံကြည်နိုင် ဖြစ်သွားရ၏။

“မြင့်မြတ်သားတော် အဲဒါက သာမန်သတ္တဝါ မဟုတ်ဘူးနော်။ ဒီလောကထဲကို ဆင်းသက်လာနိုင်တဲ့ ဘယ်ကမ္ဘခြားနတ်ဆိုးမဆို အနည်းဆုံး သူတော်စင်အဆင့်မှာ ရှိတယ်။ ဒီလိုဂိုဏ်းမျိုးက နတ်ဘုရားတစ်ပါးလို ကိုးကွယ်ထားတဲ့အရာဆိုရင်တော့ သူ့စွမ်းအားက စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး”

ချောင်ရို့ချန်ကမူ ဆက်လက်၍ အေးအေးဆေးဆေး ရှိနေဆဲပင်။

“ဦးလေး ခင်ဗျားက မဟာပဏ္ဍိတတစ်ယောက် ဖြစ်နေပြီပဲ။ တည်ငြိမ်ဖို့နဲ့ ဘယ်လိုစဉ်းစားရမလဲဆိုတာကို သင်ယူသင့်ပြီ”

မဟာပဏ္ဍိတပါပေါင် ဆွံ့အသွားရတော့သည်။

ဂါထာရွတ်ဆိုသံများ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် မီးလျှံများအတွင်းမှ ကြီးမားလှသော ဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

၎င်းကို မီးလျှံများက ဝါးမြိုထားပြီး ထို့နောက်တွင်မူ ကြီးမားလှသော ဝိညာဉ်ခန္ဓာကိုယ်ကြီး ပါရှိနေသည်။

ထိုနတ်ဆိုး ပေါ်လာသည်နှင့် ခြင်္သေ့ရူးမင်းသားနှင့် အခြားသူများမှာ မွန်းကြပ်ဖွယ် ဖိအားအောက်တွင် ချက်ချင်းပင် ထပ်မံ၍ မူးမေ့လဲကျကုန်ကြသည်။

သတိမလွတ်မီ သူတို့စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ဖြတ်ပြေးသွားခဲ့သည်။

‘သွားပြီ။ အားလုံး ပြီးသွားပြီ’

“နတ်ဆိုးဘုရင် တစ်ယောက်ရဲ့ ဝိညာဉ်ခန္ဓာပဲ”

မဟာပဏ္ဍိတကျန်းယန် ထိုသတ္တဝါကို စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားလေ၏။

ထိုအတောအတွင်း ချောင်ရို့ချန်သည် မည်သူမျှ သတိမပြုမိစေရန် သတိထားလျက် သူ့ဆရာပေးထားခဲ့သော ဓားအဆောင် အသစ်တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။

“မိုက်မဲတဲ့ လူသားတွေ...”

မီးနတ်ဆိုးဘုရားက ဆန်းပြားလှသော ရှေးဟောင်းအသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“မင်းတို့ ဒီနတ်ဘုရားကို တည့်တည့်စိုက်ကြည့်ရဲတယ်ပေါ့လေ”

သူ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ကျန်းယန်၏ ဝိညာဉ်မှာ တုန်လှုပ်သွားရသည်။ အကယ်၍ သူမ ပိုမိုသန်မာလာခြင်းမရှိပါက ထိုတစ်ချက်မျှသော အကြည့်ကပင် သူမ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

သူမ နှာခေါင်းရှုံ့လိုက်သည်။

“ကမ္ဘာခြား လူပြက်တစ်ကောင်ကများ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ခေါ်ရဲသေးတယ်။ နင်က ငါ တကယ့် နတ်ဘုရားစစ်စစ်တွေကို မမြင်ဖူးဘူးလို့ ထင်နေတာလား”

လူတိုင်း အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားကုန်ကြပြီး မယုံကြည်နိုင်ဘဲ မှင်တက်ကုန်ကြသည်။

သို့သော် မီးနတ်ဆိုးဘုရား၏ မျက်လုံးများတွင်မူ စိတ်ဝင်စားဟန်များ ဖြတ်ပြေးသွားလေ၏။

သူ ကျန်းယန်ကို သေချာစွာ အကဲခတ်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ မင်းက တကယ့် နတ်ဘုရားစစ်စစ်ရဲ့ သွေးမျိုးရိုးကို ပိုင်ဆိုင်ထားတာကိုး။ ပြီးတော့ မင်းဘေးက ကောင်လေးကလည်း အင်မော်တယ်ခန္ဓာကို နိုးထစေထားတာပဲ။ အကောင်ဆုံးပဲ။ မင်းတို့နှစ်ယောက်လုံးက ငါ့အတွက် အကောင်းဆုံး ယဇ်ကောင်တွေ ဖြစ်လာမှာ”

သူက ကျန်းယန်ကို လုံးဝ လျစ်လျူရှုလိုက်ပြီး အကြည့်များကို ဂိုဏ်းချုပ်ထံသို့ ရွှေ့လိုက်သည်။

“ယန့်ယန့် မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ ငါ သူတို့ကို ဝါးမြိုပြီးတာနဲ့ မင်းကို သူတော်စင်အဆင့်ထဲ တက်လှမ်းနိုင်မဲ့ အခွင့်အရေး ပေးမယ်”

“ကျေးဇူးကြီးလှပါတယ် အရှင်”

မီးနတ်ဘုရားဂိုဏ်းချုပ်၏ မျက်ဝန်းများတွင် ပြင်းပြသော စိတ်လှုပ်ရှားမှုများ တောက်ပလာခဲ့လေ၏။

သူတော်စင်အဆင််သို့ တက်လှမ်းနိုင်ရန်အတွက်ဆိုလျှင် ယခင်က သူ ခံစားခဲ့ရဖူးသမျှ အရှက်ခွဲမှုအားလုံး ထိုကတိစကားနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ချေ။

မီးနတ်ဆိုးဘုရား၏ အကြည့်က မဟာပဏ္ဍိတကျန်းယန်ထံမှ ချောင်ရို့ချန်ထံသို့ ရောက်ရှိသွားသည်။

“မင်းတို့ထဲက ဘယ်သူက ငါ့ရဲ့ ပထမဆုံး ယဇ်ကောင်လေး ဖြစ်ချင်လဲ။ ဟုတ်တယ်။ မင်းတို့ ရုန်းကန်လို့ရတယ်။ မင်းတို့ရဲ့ ရုန်းကန်မှုက ငါ့ရဲ့ ပျင်းရိစရာကောင်းတဲ့ ဘဝအတွက် ဖျော်ဖြေမှုတစ်ခု ဖြစ်လာနိုင်တာပေါ့”

“ဟားဟားဟား...”

ချောင်ရို့ချန် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ၏ ရိုင်းစိုင်းလှသော ရယ်မောသံက ယဇ်ပလ္လင်တစ်ခုလုံး ပဲ့တင်ထပ်သွားသဖြင့် အားလုံးကို ဇဝေဇဝါ ဖြစ်သွားစေသည်။

မဟာပဏ္ဍိတပါပေါင်ပင် သူ့ကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေမိပြီး မြင့်မြတ်သားတော်မှာ ကြောက်လွန်းလို့ ရူးသွားတာများလားဟူ‌သော အတွေး စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့ရ၏။

“မင်း ဘာကို ရယ်တာလဲ”

မီးနတ်ဆိုးဘုရား မျက်မှောင်ကြုတ်လိုက်သည်။ ဤမျှအထိ သေးနုပ်လှသော သတ္တဝါတစ်ကောင်ထံမှ ရိုင်းစိုင်းသော အမူအရာမျိုး သူ မမျှော်လင့်ထားခဲ့မိပေ။

“ကျွန်တော် ရယ်တာက ခင်ဗျားရဲ့ မာနထောင်လွှားမှုနဲ့ ခမိုက်မဲမှုကြောင့်ပဲ”

ချောင်ရို့ချန်သည် မီးနတ်ဘုရားဂိုဏ်းမှ မဟာပဏ္ဍိတများ၏ သတ်ဖြတ်လိုသော အကြည့်များကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော် ဆရာ့နောက်ကို လိုက်ရင်း တကယ့် သူတော်စင်အစစ် နှစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ဖူးတယ်။ ခင်ဗျားကိုယ်ခင်ဗျား နတ်ဆိုးဘုရားလို့ ခေါ်နေပေမဲ့ ခင်ဗျားရဲ့ စွမ်းအားက သူတို့နဲ့ ယှဉ်ရင် အဝေးကြီး လိုသေးတယ်။ ကြည့်ရတာ ဒီဦးနှောက်မရှိတဲ့ ဂိုဏ်းသားတွေရဲ့ မြှောက်ပင့်မှုကို ခံရလွန်းလို့။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်လောက်အထိ သေးနုပ်နေလဲဆိုတာတောင် မသိတော့တဲ့ ပုံပဲ”

သူ စကားတစ်ခွန်း ပြောလိုက်တိုင်း မီးနတ်ဆိုးဘုရား၏ ဒေါသက ပိုမို ပြင်းထန်လာသည်။ ချောင်ရို့ချန် စကားအဆုံးသတ်ချိန်တွင် သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပုံပျက်သွားခဲ့ပြီး ပတ်ပတ်လည်ရှိ မီးလျှံများသည် အနီရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားကာ သူ၏ နတ်ဆိုး စွမ်းအားများမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

မီးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းသားများမှာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေကြပြီး သူတို့မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ လျှံထွက်နေသည်။

သူတို့သည် ချောင်ရို့ချန်ကို အလောင်းတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။

ယခုအချိန်တွင် သူတော်စင်တစ်ပါး ဆင်းသက်လာလျှင်ပင် သူ့ကို ကယ်တင်နိုင်တော့မည်မဟုတ်ချေ။

မီးနတ်ဆိုးဘုရား စကားမပြောနိုင်မီမှာပင် မဟာပဏ္ဍိတကျန်းယန် လှောင်ပြောင်သည့် လေသံဖြင့် ထပ်လောင်းပြောလိုက်သည်။

“သူ ပြောတာ မှန်တယ်။ ငါတို့ တစ်ခါက တိုက်ခိုက်ခဲ့ဖူးတဲ့ သူတော်စင်အလောင်းကောင်နဲ့ သူတော်စင်ဝိညာဉ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီကောင်က အနည်းဆုံး သုံးဆင့်လောက် ပိုပြီး အားနည်းသေးတယ်။ သူ့မှာ ပိုရှိနေတာဆိုလို့ ခေါင်းလေးတစ်ခုပါပဲ”

“မင်းတို့ ငါ့ကို ဒေါသထွက်အောင် လုပ်ရဲတယ်ပေါ့လေ”

မီးနတ်ဆိုးဘုရား ဟိန်းဟောက်လိုက်သည်။

“ဘာမှ အထင်မလွဲကြပါနဲ့”

ချောင်ရို့ချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော်က အရှိကိုအရှိအတိုင်း ပြောပြနေရုံပါ။ နှမြောစရာကောင်းတာက အဲဒီတိုက်ပွဲရဲ့ ပုံရိပ်ကို ကျွန်တော် ယူမလာခဲ့မိတာပဲ။ မဟုတ်ရင် ခင်ဗျား ကျွန်တော့်ဆရာ့ရဲ့ တကယ့် စွမ်းအားကို မြင်တွေ့ရမှာ”

“……”

မဟာပဏ္ဍိတပါပေါင် ငိုတော့မည့်မျက်နှာ ဖြစ်နေပြီဖြစ်သည်။

သူက အသံတိုးတိုးဖြင့် ဆိုလိုက်၏။

“မြင့်မြတ်သားတော်... အခုက စီနီယာမိုးမြေရဲ့ အကြောင်းကို လာပြီး ကြွားလုံးထုတ်နေရမဲ့ အချိန်မဟုတ်ဘူးလေ။ မင်းက သူ့ကို ဘယ်လောက်ပဲ ချီးမွမ်းနေပါစေ ဒီနေရာမှာ ပေါ်လာမှာ မဟုတ်ဘူး”

“မှန်တယ်”

မီးနတ်ဆိုးဘုရားက မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။

“မင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ ဆရာ့အကြောင်းကို ဘယ်လောက်ပဲ ထုတ်ပြောနေပါစေ၊ သူက နယ်ပယ်တွေကို ဖြတ်ကျော်ပြီး ငါ့ မီးနတ်ဘုရားဂိုဏ်းဆီ ပေါ်လာနိုင်မှာ မဟုတ်ဘူး။ ငါ ဒီဟင်းလင်းပြင် တစ်ခုလုံးကို ပိတ်ဆို့ထားပြီးသား။ ဒီမှာ ဘာဖြစ်နေလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး”

“ဒီနေ့က မင်းလို မာနကြီးတဲ့ ကောင်လေးရဲ့ သေနေ့ပဲ။ ဝါးမြိုခြင်းနတ်ဆိုးမီးလျှံ”

ကျယ်လောင်လှသော ဟိန်းဟောက်သံနှင့်အတူ သူသည် နတ်ဆိုးမီးလုံးကြီးတစ်လုံးကို ချောင်ရို့ချန်ထံသို့ တည့်တည့် မှုတ်ထုတ်လိုက်တော့သည်။

“ဆရာ... ကျွန်တော့်ကို ကူညီပါဦး”

ချောင်ရို့ချန်၏ အော်ဟစ်သံနှင့်အတူ သူ့လက်ထဲရှိ ဓားကျောက်စိမ်းထံမှ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့၏။

‘ချွင်’

ထက်မြက်လှသော ဓားမြည်သံတစ်ခုက လေထုကို ခွဲဖြတ်သွားသည်။

ထိုကျောက်စိမ်းအတွင်းမှ စူးရှတောက်ပလှသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုတစ်ချက်တည်းဖြင့် ဆူညံသံအားလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။

ထိုဓားအလင်းတန်း၏ နောက်ကွယ်တွင် ကြီးမြတ်လှသော နတ်ဘုရားပုံရိပ်တစ်ခု တစ်ခု ပေါ်ထွက်လာသည်။

ထိုပုံရိပ်သည် လောကထဲသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ဦးကဲ့သို့ သူ့ဓားကို မြှောက်လိုက်ရာ ဓားသွားအရှိန်အဝါသည် နတ်ဆိုး၏ မီးလျှံနှင့် တည့်တည့် ရင်ဆိုင်တွေ့ဆုံသွားတော့၏။

ဓားအလင်း ရောက်ရှိသွားသည်နှင့် နတ်ဆိုးမီးလျှံများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားရသည်။

မီးနတ်ဆိုးဘုရား၏ မျက်လုံးများသည်လည်း ပြူးကျယ်သွားလေ၏။

သူ့မီးလျှံက ယခုလောက် အလွယ်တကူ ပျောက်ကွယ်သွားသည်လော။ သူ ပင်ကိုယ်အသိဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ဓားအလင်းက မြန်ဆန်လွန်းလှသည်။

သူသည် ထိုဓားအလင်း သူ့ထံသို့ ထိုးစိုက်ဝင်ရောက်လာသည်ကိုသာ ကြည့်နေနိုင်တော့၏။

“မလုပ်နဲ့”

အော်ဟစ်သံနှင့်အတူ မီးနတ်ဆိုးဘုရား၏ ဦးခေါင်းသည် ဓားချီများ၏ ထိုးစိုက်ခြင်းကို ခံလိုက်ရသည်။

“ဒုန်း”

သူ့ဦးခေါင်းခွံ ပေါက်ကွဲသွားခဲ့ပြီး နတ်ဘုရားဝိညာဉ်မှာလည်း ပြာအဖြစ်သို့ လုံးဝ ပျက်စီးသွားသည်။

ထိုပေါက်ကွဲမှုအတွင်းမှ မြင့်မြတ်သောအလင်းတန်းများ ပြည့်နှက်နေသည့် အနီရောင်ရင့်ရင့် နတ်ဆိုးကျောက်တုံး တစ်တုံးသာ ယဇ်ပလ္လင်ပေါ်သို့ လွင့်စင်ကျလာခဲ့သည်။

မဟာပဏ္ဍိတကျန်းယန် ၎င်းကို အလွယ်တကူ ဖမ်းယူလိုက်ပြီးနောက် ချောင်ရို့ချန်ထံ ပစ်ပေးလိုက်သည်။

ချောင်ရို့ချန် ထိုကြီးမားလှသော နတ်ဆိုးကျောက်တုံးကို ဖမ်းယူကာ သိုလှောင်လက်စွပ်ထဲသို့ သွက်လက်သော လှုပ်ရှားမှုဖြင့် ထည့်သွင်းလိုက်သည်။ ထိုလှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် အခြားသူများမှာ ဘာဖြစ်သွားသည်ကိုပင် သဘောမပေါက်လိုက်ကြချေ။

ဓားအလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားချိန်တွင် ယဇ်ပလ္လင်တစ်ခုလုံး၌ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားတော့သည်။

ခန်းမဆောင်တစ်ခုလုံး ကြောက်ဒူးတုန်လျက် မှင်တက်နေကြသည်။ မည်သူမျှ အသက်ပင် ဝဝမရှူဝံ့ကြချေ။

အားလုံး၏ အကြည့်များက သူတို့မျက်စိရှေ့မှောက်ရှိ မြင်ကွင်းကို စိုက်ကြည့်နေကြပြီး စိတ်ထဲတွင် ထိတ်လန့်မှုကြောင့် အသိဉာဏ်များ ဆွံ့အနေကြ၏။

“ဟူး...”

ချောင်ရို့ချန် သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။

“ကျွန်တော် အမှန်အတိုင်း ပြောတဲ့အခါကျရင် ဘာလို့ ဘယ်သူမှ မယုံကြတာလဲမသိဘူး”

ကျင့်ကြံသူတိုင်းက သူ့ထံသို့ လှည့်ကြည့်လိုက်ကြသည်။

ချောင်ရို့ချန်က သူ့လက်ထဲရှိ ဓားကျောက်စိမ်းကို အမှုမဲ့အမှတ်မဲ့ ဆော့ကစားရင်း ရှေ့မှောက်ရှိ မှင်တက်နေကြသော မဟာပဏ္ဍိတများကို ဝေ့ဝဲကြည့်ကာ ပြုံးလိုက်သည်။

“ကဲ... ဒါဆိုရင်”

သူ အေးအေးလူလူပင် မေးလိုက်သည်။

“ခင်ဗျားတို့ထဲက ဘယ်သူ.. ကျွန်တော်နဲ့ နောက်ထပ် ဆက်ပြီး တိုက်ချင်သေးလဲ”

တိတ်ဆိတ်ခြင်း။

တိတ်ဆိတ်ခြင်းတစ်ခုတည်းသာ ပြန်လည်ဖြေကြားမှုပင်။

ချောင်ရို့ချန်၏ အပြုံးက ပိုမိုနက်ရှိုင်းလာတော့သည်။

“အာ... ဘယ်သူမှ စကားမပြောကြဘူးဆိုတော့ ခင်ဗျားတို့ အားလုံးက ကျွန်တော်နဲ့ တိုက်ချင်နေကြတယ်လို့ အဓိပ္ပာယ်ရတာပေါ့။ ဟုတ်လား”

All Chapters