အခန်း ၁၇၁
Vol. 18 Ch. 171
Chapter 171
~
အခန်း ၁၇၁ : ငါနဲ့ ဧကရီကို ခွဲဖို့ လုံးဝ မစဥ်းစားနဲ့...
~
"အန်ယောင်... နင့်ဆီမှာ ဝိညာဥ်ချီကျောက်တုံး.. စိတ်ဝိညာဥ်အရည်..ဒါမှမဟုတ် ကျင့်ကြံခြင်းစွမ်းအား ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဆေးလုံးတွေ ပါသေးလား.."
အန်ယောင်၏ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် လုံယွဲ့က မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် အလွန်အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
အန်ယောင်၏ ရောက်ရှိလာမှုက မျှော်လင့်မထားသော ကိစ္စတစ်ခု ဖြစ်သော်လည်း သူမ၏ ပေါ်ပေါက်လာမှုက လုံယွဲ့အတွက် အင်မော်တယ်နတ်ဆိုးတိုက်ကြီးသို့ ပြန်လည်ရောက်ရှိနိုင်မည့် မျှော်လင့်ချက်အလင်းရောင်ကို ယူဆောင်လာပေးခဲ့၏။
အကယ်၍ အန်ယောင်၏လက်ထဲတွင် ကျင့်ကြံခြင်းစွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်မည့် ဆေးလုံးများ အနည်းငယ် ပါရှိနေပါက သူမ၏ စွမ်းအားများကို ယာယီအားဖြင့် ပြန်လည်နိုးထစေနိုင်မည်။ ထိုသို့ စွမ်းအားအချို့ ပြန်လည်ရရှိပါက သူမ၏လက်ရှိ သိုလှောင်လက်စွပ်ကို ဖွင့်နိုင်မည်ဖြစ်ပြီး အတွင်း၌ သူမကိုယ်တိုင် သိမ်းဆည်းထားသော အဆင့်မြင့် ဆေးဝါးများကို ထုတ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။
သူမ၏ မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်နေမှုကို ရင်ဆိုင်ရင်း အန်ယောင်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။
"ဧကရီ... ကျွန်မမှာ စိတ်ဝိညာဥ်ကျောက်တုံးအချို့နဲ့ ဆေးလုံးတွ ပါလာခဲ့ပါတယ်.."
"ကောင်းတယ်..တကယ်ကို ကောင်းတယ်.."
လုံယွဲ့ အလွန်ပင် ပျော်ရွှင်သွားပြီး အန်ယောင်၏ ပခုံးနှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။
"မြန်မြန်... အဲ့ဒီ စိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကို ထုတ်လိုက်.."
"အာ..."
လုံယွဲ့ ဤမျှအထိ စိတ်လှုပ်ရှား ဝမ်းသာနေသည်ကို မြင်တွေ့ရသည့်အခါ အန်ယောင် ဆွံ့အသွားပြီး မျက်နှာထက်၌ ခက်ခဲသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ဒါ... တကယ်ကို တောင်းပန်ပါတယ် ဧကရီအရှင်မ... ကျွန်မ ယူဆောင်လာခဲ့တာ မှန်ပေမဲ့ အားလုံးကို သုံးပစ်လိုက်ပါပြီ.."
"အားလုံး... သုံးပစ်လိုက်ပြီ ဟုတ်လား.."
လုံယွဲ့၏ မျက်နှာထက်တွင် စိတ်ပျက်မှုများ ချက်ချင်း ထင်ဟပ်သွားခဲ့ပြီး သူမ၏ နှလုံးသားထဲတွင် တောက်လောင်ခါစ ရှိသေးသော မျှော်လင့်ချက်မီးတောက်မှာ ရက်ရက်စက်စက် ပြန်လည် ငြှိမ်းသတ်ခြင်း ခံလိုက်ရသည်။
"ဧကရီအရှင်မ... ကျွန်တော်မျိုးမက သေဒဏ်ပေးခံရဖို့ ထိုက်တန်ပါတယ်... အရှင်မအတွက် ချန်ထားဖို့ မတွေးမိခဲ့ပါဘူး.."
အန်ယောင် နောင်တတရားများဖြင့် ပြည့်နှက်နေခဲ့ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ခေါင်းကို ငုံ့ထားမိသည်။
သူမ စိတ်ဝိညာဥ်ကျောက်တုံးများကို အခြားနေရာများတွင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး စိတ်ဝိညာဥ်အရည်ကိုမူ နတ်ဆိုးအရှင်၏ လက်တွင်းမှ ဧကရီကို မြန်မြန်ဆန်ဆန် ကယ်တင်ချင်စိတ် တစ်ခုတည်းဖြင့်သာ စဉ်းစားခဲ့မိသည်။ ထို့ကြောင့် နတ်ဆိုးအရှင်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နောက်ဆုံးကျန်ရှိသော စိတ်ဝိညာဥ်အရည်များကို မော့သောက်ခဲ့ခြင်းပင်။
"ရပါတယ်... ရပါတယ်... သုံးလိုက်ပြီဆိုတော့လည်း ကုန်သွားပြီပေါ့.."
လုံယွဲ့က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရင်း စိတ်ပျက်မှုများထဲမှ လျင်မြန်စွာ ရုန်းထွက်လိုက်သည်။
ပြန်လည်ရောက်ရှိနိုင်မည့် မျှော်လင့်ချက်ကို ရှာဖွေတွေ့ရှိပါက အကောင်းဆုံးဖြစ်သော်လည်း မတွေ့ရှိပါကလည်း ဤကမ္ဘာလောကတွင်သာ ထာဝရ နေထိုင်သွားရုံသာ ရှိသည်။
"အချိန်လည်း တော်တော်လေး နောက်ကျနေပြီ... ဒီနေ့ညတော့ နင် ဘေးအိမ်က ဧည့်ခန်းမှာပဲ သွားအိပ်လိုက်ပါ.."
လင်းဖန်က နံရံပေါ်ရှိ နာရီကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် အိပ်ခန်းထဲမှ အပိုအိပ်ယာတစ်ခုကို ထုတ်ယူကာ အန်ယောင်၏ အရှေ့သို့ ပစ်ပေးလိုက်သည်။
သူသည် မေ့ကျီနှင့် အခြားသူ သုံးဦးအတွက် နေ့စဉ်သုံး ပစ္စည်းမျိုးစုံကို ဝယ်ယူပေးခဲ့စဉ်က အိပ်ယာအဟောင်းအချို့ကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ ထိုအိပ်ယာအဟောင်းများကို မစွန့်ပစ်ရသေးသဖြင့် သူမအတွက် ယာယီအသုံးပြုရန် အဆင်ပြေပေသည်။
"အား.. အရှင်... အရှင်က ဒီကလေးမကို သမီးတို့ရဲ့ အခန်းထဲမှာ ပေးအိပ်မလို့လား..."
ရှန့်နှင့် အခြားသူများသည် ထိုစကားကို ကြားရသည့်အခါ အန်ယောင်ကို မနှစ်မြို့သော အကြည့်များဖြင့် စိုက်ကြည့်ကြသည်။
အင်မော်တယ်မျိုးနွယ်စုမှ သာမန်မိန်းကလေးတစ်ဦးက သူတို့နှင့် အခန်းတစ်ခန်းတည်းတွင် အတူတူ အိပ်စက်ခွင့် ရထိုက်ပါ၏လော။
ထို့အပြင် သူမသည် နတ်ဆိုးအရှင်အပေါ်တွင် ရိုသေမှုမရှိဘဲ တိုက်ခိုက်ရန်အထိ ရဲဝံ့ခဲ့သူ ဖြစ်သည်။ သူမကို မသတ်ခြင်းကပင် နတ်ဆိုးအရှင်၏ အကြီးမားဆုံးသော ကရုဏာတော် ဖြစ်နေပေပြီ။
သူတို့၏ အမြင်အရမူ ဤမိန်းကလေးကို လမ်းမပေါ်တွင်သာ ပစ်ထားသင့်သည်။
"ငြင်းခုံမနေကြနဲ့တော့.."
လင်းဖန်က ရှန့်၏ မကျေနပ်သံများကို လျစ်လျူရှုလိုက်ပြီး မေ့ကျီထံသို့ လှည့်ကြည့်လိုက်သည်။
"မေ့ကျီ... မင်းပဲ သူ့ကို ဟိုဘက်အိမ်မှာ အဆင်ပြေအောင် စီစဉ်ပေးလိုက်ပါ.."
"ဟုတ်ကဲ့ပါ အရှင်..."
မေ့ကျီက ဦးညွှတ်ကာ အမိန့်ကို နာခံလိုက်သည်။
လင်းဖန်၏ စီစဉ်မှုကို ကြားလျှင် အန်ယောင် မျက်မှောင်ကြုတ်သွားပြီး သူမ၏ မကျေနပ်မှုကို ချက်ချင်း ထုတ်ဖော်ပြောဆိုသည်။
"နတ်ဆိုးအရှင်... ငါ ဧကရီရဲ့ ဘေးနားကနေ ခြေတစ်လှမ်းမှ အဝေးခံမှာ မဟုတ်ဘူး.."
"ငါက ဧကရီရဲ့ အနီးကပ် အစေခံပဲ... ဧကရီနဲ့ အမြဲတမ်း အတူရှိနေရမှာ... နင် ငါ့ကို ဧကရီနဲ့ ခွဲထုတ်ဖို့ မကြိုးစားနဲ့.."
ယခင်က သူမ ဧကရီ၏ ဘေးနားတွင် မရှိခဲ့သဖြင့်သာ နတ်ဆိုးအရှင်အနေဖြင့် အခွင့်ကောင်း ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူမ ဧကရီ၏ ဘေးနားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ရာ နတ်ဆိုးအရှင်ကို မည်သည့်အခွင့်အရေးမျှ ထပ်မံပေးတော့မည် မဟုတ်ချေ။
အကယ်၍ ဧကရီသာ နတ်ဆိုးအရှင်နှင့် နှစ်ဦးတည်း ရှိနေပါက ထိုယုတ်မာသော နတ်ဆိုးအရှင်က ချိုသာသော စကားလုံးများဖြင့် ဧကရီ၏ စိတ်ဓာတ်ကို မည်သို့ ဖျက်ဆီးဦးမည်ကို မည်သူ သိနိုင်မည်နည်း။
သူမ ဧကရီအရှင်မကို ကာကွယ်ရပေလိမ့်မည်။
"အန်ယောင်..."
လင်းဖန် စကားမပြောရသေးခင်မှာပင် သူမ၏ ဘေးနားရှိ လုံယွဲ့က ပြောလိုက်သည်။
"ဧကရီ... စိတ်မပူပါနဲ့... ကျွန်မ အန်ယောင် ရှိနေသရွေ့တော့ နတ်ဆိုးအရှင်က အရှင်မအပေါ် မကောင်းတဲ့ စိတ်ကူးတွေ ကြံစည်ဖို့ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး.."
အန်ယောင်က လုံယွဲ့ထံသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး သူမ၏လက်ကို ရင်ဘတ်ပေါ်တွင် တင်၍ ပြတ်သားမှုနှင့် သစ္စာရှိမှုများ ပြည့်နှက်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"အန်ယောင်... နင် ဘေးအိမ်မှာပဲ သွားအိပ်တာ ပိုကောင်းပါလိမ့်မယ်.."
လုံယွဲ့က အန်ယောင်၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း လေးနက်သော အမိန့်တစ်ခုကို ပေးလိုက်သည်။
ဤကာလအတွင်း သူမသည် မေ့ကျီနှင့် အခြားသူ သုံးဦးကို ဘေးအိမ်သို့ ပြောင်းရွှေ့ပေးရန်အတွက် အခန်းသစ်တစ်ခုကို သီးသန့် ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။ နေ့ခင်းဘက်တွင် သူမနှင့် လင်းဖန် နှစ်ဦးစလုံးသည် တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် အလုပ်ကိစ္စများဖြင့် အလုပ်ရှုပ်နေကြရပြီး ညဘက်ရောက်မှသာ နှစ်ဦးတည်း သီးသန့်ရှိမည့် အချိန်ကို ပိုင်ဆိုင်နိုင်၏။
ဇနီးမောင်နှံနှစ်ဦး၏ ညဉ့်နက်ပိုင်း လောကီထူးခြားချက်များကို အခြားသူတစ်ဦးက လာရောက် အနှောင့်အယှက်ပေးခြင်းကို သူမ မည်သို့ ခွင့်ပြုနိုင်မည်နည်း။
"အမ်..."
အန်ယောင်သည် လုံယွဲ့ကို မှင်သက်စွာ စိုက်ကြည့်နေမိပြီး သူမ နားကြားမှားသွားခြင်းလားဟုပက် သံသယဝင်သွားသည်။
အင်မော်တယ်လောကတွင် ရှိစဉ်က ဧကရီ၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်ခွင့်ရသည့် တစ်ဦးတည်းသောလူမှာ သူမသာ ဖြစ်ပြီး ဧကရီ၏ အိပ်ရာဘေးတွင် အမြဲတမ်း အလုပ်အကျွေး ပြုခဲ့ရသူ ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ဧကရီသည် နတ်ဆိုးအရှင်နှင့် အတူရှိနေရန်အတွက် သူမကို ဘေးအိမ်တွင် သွားအိပ်ရန် အမှန်တကယ်ပင် ပြောခဲ့ချေပြီ။
"ဧကရီ... ဧကရီက အန်ယောင်ကို စနေတာ မလား.."
အန်ယောင်က အားတင်း၍ ပြုံးလိုက်ရင်း ဤလက်ရှိ အမှန်တရားကို လက်မခံချင်ဘဲ ရှိနေကာ ဤသည်က ဧကရီ သူမအပေါ် နောက်ပြောင်ကျီစယ်နေခြင်းသာ ဖြစ်ပါစေဟု နှလုံးသားထဲမှ ဆုတောင်းနေမိသည်။
ထို့နောက် မြင်ကွင်းက ပြောင်းလဲသွားခဲ့ပြီး ဒုန်းဟူသော တံခါးပိတ်သံနှင့်အတူ အန်ယောင်သည် သူမ၏ အိပ်ယာနှင့် အသုံးအဆောင်များကို ပွေ့ပိုက်လျက် အခန်းအပြင်ဘက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရ၏။
ယခုအချိန်အထိ သူမသည် အခြေအနေကို အပြည့်အဝ သတိမဝင်နိုင်သေးဘဲ နေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိကာ မယုံကြည်နိုင်စွာ မျက်တောင်ခတ်နေမိသည်။
သူမအနေဖြင့် မောင်းထုတ်ခံလိုက်ရပုံ ရပေသည်။
"အဲ့မှာ ကြောင်ပြီး ရပ်မနေနဲ့... ငါ့နောက်ကို လိုက်ခဲ့.."
မေ့ကျီက မှင်သက်နေသော အန်ယောင်ကို သတိပေးလိုက်ပြီး သူမကို သူတို့ နေထိုင်ရာ ဘေးအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
"ဒါက ဧည့်ခန်းပဲ... နောက်ဆိုရင် ဒါက နင့်ရဲ့ နေရာ... နင် ဆိုဖာပေါ်မှာ အိပ်ချင်ရင်ဖြစ်ဖြစ်.. ကြမ်းပြင်ပေါ်မှာ အိပ်ချင်ရင်ဖြစ်ဖြစ် နင် သဘောရှိသလို လုပ်နိုင်တယ်.."
"ဟိုဘက်ကတော့ မီးဖိုချောင်ပဲ... နင် ဟင်းချက်ချင်ရင် လွတ်လွတ်လပ်လပ် သုံးနိုင်တယ်... ဒါပေမဲ့ ချက်ပြီးရင် ဂတ်စ်အိုးကို ပိတ်ဖို့ မမေ့နဲ့.."
"ပြီးတော့ ဟိုဘက်ကတော့ ဒီအိမ်ရဲ့ တစ်ခုတည်းသော အိမ်သာနဲ့ ရေချိုးခန်းပဲ... နင် လိုအပ်ရင် သုံးခွင့်ရှိတယ်.."
"မှတ်ထားပါ... ဒါတွေအားလုံးက နတ်ဆိုးအရှင်ရဲ့ ကရုဏာတော်ကြောင့်ပဲ... ကျေးဇူးသိတတ်စမ်း.."
မေ့ကျီက အခန်းတွင်းရှိ နေရာအသီးသီးကို လက်ညှိုးညွှန်ပြရင်း အန်ယောင်ကို တစ်ခုချင်းစီ မိတ်ဆက်ပေးလိုက်သည်။
သူ့အနေဖြင့် အင်မော်တယ်မျိုးနွယ်စုဝင်များကို သဘောမကျသော်လည်း အန်ယောင်သည် အရှင်မ၏ လူဖြစ်နေသည့်အပြင် နတ်ဆိုးအရှင်ကိုယ်တိုင်ကလည်း သူမကို အပြည့်အဝ တာဝန်ယူရန် ညွှန်ကြားထားခဲ့သည်။ ထို့ကြောင့် သူသည် နတ်ဆိုးအရှင်၏ အမိန့်ကို တိကျစွာ နာခံပြီး သူ၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရပေမည်။
အန်ယောင်သည် အိပ်ယာကို ပွေ့ပိုက်လျက် နေရာတွင် ရပ်နေရင်း အခန်းတွင်းကို ကြည့်လိုက်သည်။
သူမသည် တစ်နေ့နေ့တွင် နတ်ဆိုးမျိုးနွယ်စု၏ နယ်မြေထဲ၌ အခြားသူ၏ အမိုးအကာအောက်တွင် ခိုလှုံနေထိုင်ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ဖူးချေ။
"နင့်ကိုငါ ကူညီရအုံးမလား.."
မေ့ကျီက အန်ယောင်၏ လက်ထဲရှိ အိပ်ယာနှင့် ပစ္စည်းများကို ညွှန်ပြရင်း မေးလိုက်သည်။
"ဟွန်း... မလိုဘူး.."
အန်ယောင်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ အိပ်ယာနှင့် ပစ္စည်းများကို သယ်ဆောင်ကာ ဧည့်ခန်းထဲသို့ ဝင်လိုက်ပြီး ဆိုဖာ၏ အောက်ခြေတွင် အိပ်ယာကို ဖြန့်ခင်းလိုက်သည်။
"အင်မော်တယ်မျိုးနွယ်စုကလူတွေက အခုထိ မာနကြီးနေတုန်းပဲ... မေ့ကျီ... သူ့ကို လျစ်လျူရှုထားလိုက်စမ်းပါ.."
ရှန့်က စိတ်ပျက်သွားဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ အခန်းထဲသို့ ဝင်သွားသည်။
"ငါတော့ ဂိမ်းသွားဆော့တော့မယ်.."
ယင်းနွီက အန်ယောင်ကို ရန်လိုသော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ရှန့်၏ နောက်သို့ လိုက်သွား၏။
"အင်မော်တယ်မျိုးနွယ်စုက ကလေးမ... နင် ဒီနေရာမှာ စည်းကမ်းမဲ့တဲ့ အပြုအမူမျိုး လုပ်ဝံ့ရင်တော့ သတိထားစမ်း... ငါ ကြိုပြီး သတိမပေးခဲ့ဘူးလို့ မပြောနဲ့.."
လုံယဲ့က အေးစက်စွာ ပြုံးလိုက်ပြီး အစွယ်ထုတ်ပြကာ ခြိမ်းခြောက်ပြီးနောက် သူ၏ အခန်းထဲသို့ ဝင်သွားသည် ။
"နင် တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို ပြောနိုင်တယ်.."
"ငါ မနက်ဖြန် အလုပ်သွားရမှာမို့လို့ အခု သွားပြီး နားတော့မယ်.."
မေ့ကျီကလည်း ထိုသို့ပြောဆိုပြီးနောက် လှည့်ကျောခိုင်းကာ ထွက်ခွာသွားသည်။
အန်ယောင် မျက်မှောင်ကြုတ်ကာ ထွက်ခွာသွားသော မေ့ကျီ၏ ကျောပြင်ကို စိုက်ကြည့်နေမိပြီး နှလုံးသားထဲတွင် သံသယများ ဝင်လာ၏။
'အလုပ်.. ဟုတ်လား...'
'ဒီနတ်ဆိုးမျိုးနွယ်စုကလူတွေက ဒီကမ္ဘာမှာ အမှန်တကယ် ဘာတွေ လုပ်နေကြတာလဲ..'
အန်ယောင် ဆက်၍ မတွေးတောတော့ချေ။ အိပ်ယာကို ပြင်ဆင်ပြီး စောင်ကို ခြုံလိုက်သည်။ ထို့နောက် သူမ လှဲလျောင်းလိုက်ပြီး မျက်ဝန်းများက မျက်နှာကြက်ကို မှင်သက်စွာ စိုက်ကြည့်နေမိကာ နက်ရှိုင်းလှသော မရေရာသည့် ခံစားချက်ကြီးတစ်ခုက နှလုံးသားထဲတွင် တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။
ပထမဆုံးအနေဖြင့် သူမသည် ကျင့်ကြံခြင်းစွမ်းအားများ မရှိသော စိမ်းသက်လှသည့် ကမ္ဘာကြီးသို့ ရောက်ရှိလာခဲ့ပြီး ဧကရီအရှင်မကို ရှာဖွေစဉ်အတွင်း အငတ်ဘေး ကြုံတွေ့ခဲ့ရကာ သာမန်လူသားများ၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ တောအုပ်ထဲတွင် အိပ်စက်ခဲ့ရသဖြင့် ခြင်ကိုက်ခြင်းကို ခံခဲ့ရပြီး ယခုအခါတွင်မူ နတ်ဆိုးမျိုးနွယ်စု၏ နယ်မြေထဲ၌ အိပ်စက်နေရလေပြီ။
အားလုံးထက် ပိုမို၍ မယုံကြည်နိုင်စရာ အကောင်းဆုံးအချက်မှာ ဧကရီကိုယ်တိုင်ကလည်း နတ်ဆိုးအရှင်နှင့် အတူရှိနေခြင်းပင်။
အကယ်၍ အင်မော်တယ်လောကမှ သက်ကြီးဝါကြီး အကြီးအကဲများသာ ဤအကြောင်းကို သိရှိသွားပါက မိုးမီးလောင်ပေလိမ့်မည်။ ဤသတင်း သတင်းပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် အင်မော်တယ်လောကတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။