← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

Chapter 172

~

အခန်း ၁၇၂ : စောင့်ရှောက်ပေးရမယ့် ကလေး နောက်တစ်ယောက် တိုးလာပြန်ပြီ

~

​နောက်တစ်နေ့မနက်စောစော...

​"ဒေါက်.. ဒေါက် ..ဒေါက်.."

​မိုးလင်းစအချိန်၌ပင် အခန်းအပြင်ဘက်မှ တံခါးခေါက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

​လင်းဖန်က မျက်မှောင်ကြုတ်၍ တံခါးသွားဖွင့်လိုက်ရာ မျက်ကွင်းများ ညိုမည်းနေသည့် အန်ယောင်က အဝင်ဝတွင် မတ်မတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

​"ဒီလောက်အစောကြီး ဘာကိစ္စရှိလို့လဲ.."

​"ငါက ဧကရီရဲ့ အနီးကပ် အစေခံပဲ... ဧကရီရဲ့ နေ့စဉ် လူမှုဘဝကို ပြုစုစောင့်ရှောက်ဖို့က ငါ့ရဲ့ တာဝန်... ဧကရီအရှင်မကို လုပ်ကျွေးပြုစုဖို့ ငါ လာခဲ့တာ.."

​အန်ယောင်က ရင်ဘတ်ကို ကော့၍ ပြောလိုက်သည်။

​မနေ့ညက သူမသည် နတ်ဆိုးအရှင်၏ လက်တွင်းမှ ဧကရီအရှင်မကို မည်သို့ ကယ်တင်ရမည်နည်းဟူသော အကြောင်းအရာကို တစ်ညလုံး ဟိုလှည့်ဒီလှည့်ဖြင့် တွေးတောနေခဲ့သည်။ သေသေချာချာ စဉ်းစားပြီးနောက်တွင်မူ နည်းလမ်းတစ်ခုသာ ရှိပေတော့သည်။

​ထိုသည်က အနီးကပ် အစေခံ ဖြစ်သည့်အတိုင်း ဧကရီ၏ ဘေးနားတွင် တတ်နိုင်သမျှ ကပ်တွယ်နေထိုင်ပြီး ဧကရီအနေဖြင့် နတ်ဆိုးအရှင်၏ ချိုသာသော စကားလုံးများဖြင့် ထပ်မံ လှည့်စားခြင်း မခံရအောင် တားဆီးကာကွယ်ရန်ပင်။

​"အင်း... ဝင်လာခဲ့လေ.."

​လင်းဖန်က ခဏ စဥ်းစားလိုက်ပြီးနောက် တံခါး ဖွင့်ပေးကာ သူမကို အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

​အန်ယောင်က လုံယွဲ့၏ အယုံကြည်ရဆုံးသော လူယုံတစ်ဦး ဖြစ်နေသဖြင့် သူမကို အပြင်ဘက်တွင် ပစ်ထားစရာ အကြောင်းပြချက် မရှိချေ။

​"ဧကရီအရှင်မ... ကျွန်တော်မျိုးမ ရောက်လာပါပြီ.."

​အခန်းထဲသို့ ဝင်ရောက်လာသည်နှင့် အန်ယောင်က လုံယွဲ့၏ ပုံရိပ်ကို လိုက်လံရှာဖွေရင်း ဘေးပတ်ဝန်းကျင်ကို လျင်မြန်စွာ ဝေ့ကြည့်လိုက်သည်။

​"ရောက်လာပြီလား... အရင် ထိုင်နေဦး... အစားအသောက်တွေ မကြာခင် အဆင်သင့် ဖြစ်တော့မယ်.."

​လုံယွဲ့၏ အသံက မီးဖိုချောင်ထဲမှ ထွက်ပေါ်လာ၏။ အန်ယောင် မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်သော အမူအရာဖြင့် မီးဖိုချောင်အဝင်ဝသို့ လျှောက်သွားသည်။

​သူမ မြင်တွေ့လိုက်ရသည်မှာ လုံယွဲ့သည် မီးဖိုအရှေ့တွင် ချက်ပြုတ်ရာတွင်သုံးသည့် အဝတ်ကို ဝတ်ဆင်ထားပြီး မီးတောက်ကြီးကြီးဖြင့် ဒယ်အိုးကို ကျွမ်းကျင်စွာ ကိုင်၍ ဟင်းချက်နေခြင်းပင်။

​အန်ယောင် ဆွံသွားတော့သည်။

​"ဧ... ဧကရီ..အရှင်မ ဘာလုပ်နေတာလဲ.."

​"ဟင်... ဟင်းချက်နေတာလေ.."

"ဒီနေ့မနက်အတွက် ဝက်အူချောင်း ကြော်နေတာ... ပြီးတော့ အသားပြားလည်း ဆီပူထိုးနေတယ်... မကြာခင် ပြီးတော့မှာပါ.."

​လုံယွဲ့က အနည်းငယ် ပြုံးလိုက်ရင်း သူမကိုယ်တိုင် ပြင်ဆင်ပြီးသွားသော အသားပြားများကို ပန်းကန်ထဲသို့ ဂုဏ်ယူစွာဖြင့် ထည့်လိုက်သည်။

​"ဟင်း... ဟင်းချက်နေတာ ဟုတ်လား.."

​အန်ယောင်သည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်လိုက်ပြီးနောက် လင်းဖန်ထံသို့ ဒေါသတကြီး လှည့်ကြည့်လိုက်သည်။

​"နတ်ဆိုးအရှင်... နင်က ဧကရီကို ဒီလို အိမ်မှုကိစ္စတွေ ခိုင်းစေပြီး အစေခံတစ်ယောက်လို နှိပ်စက်ဝံ့တယ်ပေါ့.."

"ဧကရီက သန့်ရှင်းစင်ကြယ်တဲ့ အင်မော်တယ် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်သူပဲ... ဒီလို အောက်ကျနောက်ကျ အလုပ်မျိုးကို ဘယ်လိုလုပ်မှာလဲ..နင် ဧကရီရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် လုပ်နေတာလား.."

​လင်းဖန်... "..."

​လင်းဖန်က သူမကို ဘာပြန်ပြောရမည် မသိဘဲ မျက်လုံးအဝိုင်းသားဖြင့်သာ စိုက်ကြည့်နေမိသည်။

​'ဒါက ဟင်းချက်ရုံ သက်သက်ပဲလေ... ဘာလို့ နိုင်ငံရေးတွေ ပါလာတာလဲ..'

​လုံယွဲ့ကလည်း မီးဖိုချောင်ထဲမှနေ၍ စကားဖြတ်ပြောလိုက်သည်။

"အန်ယောင်... ငါက ငါ့ရဲ့ ကိုယ်ပိုင်ဆန္ဒအရ ဟင်းချက်နည်း သင်နေတာပါ... လင်းဖန်နဲ့ ဘာမှမဆိုင်ဘူး.."

"ဟင်းချက်ရတာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်... ငါ တော်တော်လေး သဘောကျတယ်.."

​သူမ ဟင်းချက်နည်းကို စတင် သင်ယူခဲ့ရသည့် အချိန်ကတည်းက ဤကဲ့သို့သော ခံစားချက်ကို တဖြည်းဖြည်း သဘောကျလာခဲ့ခြင်း ဖြစ်သည်။ ဟင်းလျာတစ်ခုချင်းစီတွင် မတူညီသော ချက်ပြုတ်နည်းများ ရှိကြပြီး အမွှေးအကြိုင်များနှင့် မီးအပူချိန် မျှတမှုကလည်း မရှိမဖြစ် လိုအပ်ပေသည်။

​သူမအနေဖြင့် အကြိမ်ကြိမ် ကြိုးစားအားထုတ်ပြီးနောက် သူမကိုယ်တိုင် ချက်ပြုတ်ထားသော အရသာရှိလှသည့် ဟင်းလျာတစ်ပန်းကန်ကို ပြင်ဆင်ပြီးသွားသည့် အချိန်တွင် နှလုံးသားထဲ၌ ဝမ်းမြောက်ခြင်းနှင့် ဂုဏ်ယူခြင်းများဖြင့် ပြည့်နှက်လာကာ အောင်မြင်မှု ခံစားချက်တစ်ခု ထွက်ပေါ်လာတတ်သည်။

​သူမ စားချင်သည့်အရာကို စိတ်ကြိုက် ချက်ပြုတ်နိုင်ခြင်းက သူမ ငယ်စဉ်က ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ဝင်ရောက်ပြီး အင်မော်တယ်ကျင့်စဉ်မျိုးစုံကို သင်ယူခဲ့ရစဉ်ကထက်ပင် လျော့နည်းခြင်းမရှိသော ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။

​"ဧကရီ... ဧကရီရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလို မီးဖိုချောင် အလုပ်မျိုးကို ဘာလို့ လုပ်နေရဦးမှာလဲ..."

​အန်ယောင်က လုံယွဲ့၏ ဘေးနားသို့ အပြေးအလွှား သွားရောက်ကာ ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

​လုံယွဲ့ကမူ ဘာမှ ဂရုမစိုက်ဟန်ဖြင့်...

"ဧကရီ ဖြစ်နေလို့ ဟင်းမချက်ရဘူးလို့ ဘယ်သူပြောလဲ.."

​"ကျွန်မ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး... ဒီလို သေးဖွဲတဲ့ ဟင်းချက်တဲ့အလုပ်မျိုးကို ဧကရီကိုယ်တိုင် လုပ်ဆောင်နေဖို့ မလိုပါဘူးလို့ ပြောတာပါ.."

"ဧကရီတစ်ခုခု စားချင်တယ်ဆိုရင် ကျွန်မကိုသာ မိန့်ကြားလိုက်ပါ.."

​ထိုစကားကို ကြားလိုက်ရသည့်အခါ လုံယွဲ့က မီးကို ပိတ်လိုက်ပြီး ယောက်မကို ချလိုက်ကာ အန်ယောင်ထံသို့ လှည့်၍ သူမ၏အရှေ့ရှိ မီးဖိုကို လက်ညှိုးညွှန်ပြရင်း မေးလိုက်သည်။

​"ဒါဆိုရင်... နင် ဟင်းချက်တတ်လို့လား.."

​"...မချက်တတ်ပါဘူး.."

​အန်ယောင် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ချလိုက်မိသည်။

အင်မော်တယ်လောကတွင် ရှိစဉ်က ဧကရီ တစ်ခုခု စားချင်လျှင် နန်းတွင်းစားဖိုမှူးများကို မိန့်ကြားလိုက်ရုံသာ ရှိပြီး သူတို့က ဟင်းလျာများကို ချက်ချင်း ယူဆောင်လာပေးကြခြင်း ဖြစ်သည်။ သူမအနေဖြင့် ကိုယ်တိုင် လုပ်ဆောင်ရန် မလိုခဲ့သဖြင့် တစ်ကြိမ်တစ်ခါမှ ဟင်းမချက်ခဲ့ဖူးချေ။

​"ဒါဆို အပြင်မှာ သွားထိုင်နေတော့... ငါ ချက်တာ ခဏနေ ပြီးတော့မယ်.."

​လုံယွဲ့က ငါ ကြိုသိနေသားပဲဟူသော အမူအရာကို ပြသလိုက်ပြီး သူမကို မီးဖိုချောင်ထဲမှ မြန်မြန်ထွက်ရန် တိုက်တွန်းလိုက်သည်။

​အန်ယောင်သည် ငယ်စဉ်ကတည်းက သူမ၏ အနီးကပ် အစေခံမလေး ဖြစ်ခဲ့သည့်အတိုင်း သူမ ဘာလုပ်နိုင်သည်၊ ဘာမလုပ်နိုင်သည်ကို လုံယွဲ့က အသေအချာ သိ၏။

​သူမကို ဟင်းချက်တတ်လားဟု မေးလိုက်ခြင်းက သူမကို နောက်ဆုတ်သွားအောင် လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။

​"ဧကရီ... ကျွန်မ အခု လောလောဆယ် မချက်တတ်သေးပေမဲ့ သင်ယူလို့ ရပါတယ်... ဧကရီအရှင်မကို ဒီနေရာမှာ ကူညီပေးပါရစေ.."

​အန်ယောင်က ခေါင်းကို မော့လိုက်ပြီး ပြတ်သားသော စကားလုံးများဖြင့်ပြောလိုက်သည်။

ဧကရီအရှင်မ၏ အနီးကပ် အစေခံမလေး ဖြစ်သည့်အတိုင်း သူမ၏ တာဝန်မှာ ဧကရီကို စောင့်ရှောက်ရန် ဖြစ်သည်။ ယခုအခါ ဧကရီက သူမအတွက် ဟင်းချက်ပေးနေသည်ကို သူမ မည်သို့ ကြည့်ရက်နိုင်မည်နည်း။

​အကယ်၍ ထိုသို့သာ ဖြစ်ပါက အနီးကပ် အစေခံဟူသော သူမ၏ တည်ရှိမှုက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

​အန်ယောင်၏ ပြတ်သားလှသော အမူအရာကို မြင်တွေ့ရသည့်အခါ လုံယွဲ့သည် ဝေခွဲမရဖြစ်သွားပြီးနောက် ဟင်းချက်သည့် နေရာမှ ဘေးသို့ ဖယ်ပေးလိုက်သည်။

​"ကောင်းပြီ... ဒါဆိုရင်လည်း နင် စမ်းကြည့်လိုက်ပေါ့.."

​"ဟုတ်ကဲ့ပါ.."

​အန်ယောင် မီးဖိုအရှေ့သို့ ပြတ်သားစွာ လျှောက်သွားခဲ့သော်လည်း မစတင်ရသေးခင်မှာပင် ဘာလုပ်ရမှန်းမသိ ဇဝေဇဝါ ဖြစ်သွား​၏။

​သူမ၏အရှေ့ရှိ ဤမီးဖိုတွင် ထင်းထည့်ရမည့် အပေါက်လည်း မရှိသလို ကြိုတင် ပြင်ဆင်ထားသော ထင်းများလည်း မရှိချေ။ သူမအနေဖြင့် မီးကို မည်သို့ မွှေရမည်နည်း။

​ဧကရီ မီးတောက်ကြီးကြီးဖြင့် ဟင်းချက်နေသည်ကို သူမ အသေအချာ မြင်တွေ့ခဲ့ရသော်လည်း မီးက ဘာဖြစ်လို့ ရုတ်တရက် ငြှိမ်းသွားရသနည်း။

​လုံယွဲ့က အန်ယောင်၏ အခက်အခဲကို မြင်တွေ့လိုက်ရသဖြင့် ပြုံးလိုက်ပြီး မီးဖွင့်သည့် ခလုတ်ကို လှည့်ပြလိုက်သည်။

​"ဒါက မီးဖွင့်တဲ့ ခလုတ်ပဲ... အောက်ကို ဖိချပြီး အသာ လှည့်လိုက်ရင် မီးပွင့်လာလိမ့်မယ်.."

"ဒါတွေအားလုံးက ဒီကမ္ဘာက သာမန်လူသားတွေရဲ့ ဉာဏ်ပညာနဲ့ တီထွင်ဖန်တီးမှုတွေပဲ.."

​သူမ ပြောဆိုနေစဉ်မှာပင် ချောက်ခနဲ အသံနှင့်အတူ ဂတ်စ်မီးဖိုမှ မီးတောက်များ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

​"အို... တကယ့်ကို ဧကရီအရှင်မပီသပါပေတယ်... ဒီကမ္ဘာက ဆန်းကြယ်တဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့ နည်းလမ်းကို ဒီလောက်အထိ တိတိကျကျ သိနေတာပဲ.."

​အန်ယောင် အံ့အားသင့်သွားပြီး လုံယွဲ့ကို ချီးကျူးစကား ပြောတော့သည်။

​"ဒါက ဘာမှ မဟုတ်ပါဘူး..."

​ချီးကျူးစကားများကို နားထောင်ရင်း လုံယွဲ့ အနည်းငယ် ရှက်ရွံ့သွား၏။

​အမှန်စင်စစ်တွင်မူ သူမသည်လည်း ယခင်က ဤအတိုင်း ဘာမှမသိရှိခဲ့ဘဲ လင်းဖန်၏ ညွှန်ကြားပြသမှုအောက်တွင်မှ မီးဖွင့်နည်းကို သင်ယူခဲ့ရခြင်း ဖြစ်သည်။

​"အခု မီးပွင့်လာပြီ... အောက်ခြေ တူးမသွားအောင် အဆင်ပြေအောင် မွှေပေးလိုက်ဦး.."

​"ဟုတ်ကဲ့ပါ..."

​လုံယွဲ့၏ ညွှန်ကြားမှုအောက်တွင် အန်ယောင်သည် ဧကရီ ဒယ်အိုးကိုင်ခဲ့သည့် ပုံစံကို ပြန်လည် စဉ်းစားလိုက်ပြီးနောက် သူမကိုယ်တိုင်လည်း ဒယ်အိုးကို အားအင်အပြည့်ဖြင့် လှန်ရန် ကြိုးစားလိုက်သည်။

​သို့သော်လည်း ကျင့်ကြံခြင်းစွမ်းအားများ မရှိသည့်အတွက် ဒယ်အိုး၏ အလေးချိန်မှာ သူမ ထင်မှတ်ထားသည်ထက် များစွာ ပိုမို လေးလံနေခဲ့ပြီး ပထမဆုံးအကြိမ် လှန်ရန် ကြိုးစားမှုမှာ ကျရှုံးသွားခဲ့ရသည်။

​အန်ယောင် မျက်မှောင်ကြုတ်လိုက်ပြီး အားမွေးလိုက်ကာ ဒယ်အိုးကို အားအပြည့်ဖြင့် ထပ်မံ လှန်ရန် ကြိုးစားပြန်သည်။

​ယခုအကြိမ်တွင်မူ အားလွန်သွားခဲ့သည့်အတွက် ဒယ်အိုးထဲရှိ ဝက်အူချောင်းများသည် ဆီပူများနှင့်အတူ ဒယ်အိုးအပြင်ဘက်သို့ လွင့်စင်ထွက်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်နှင့် မျက်နှာထက်သို့ လာစင်ကုန်တော့သည်။

​"အား..."

​စူးရှလှသော အော်ဟစ်သံတစ်ခုက မီးဖိုကျောင်းထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ အန်ယောင်သည် သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေလေ၏။

​ဘေးနားတွင် တိတ်ဆိတ်စွာ စောင့်ကြည့်နေသော လင်းဖန်က သက်ပြင်းချလိုက်ပြီး အသင့်ပြင်ဆင်ထားသော အပူလောင်သက်သာစေသည့် ဆေးကို ကျွမ်းကျင်စွာ ထုတ်ယူပေးလိုက်သည်။

​လုံယွဲ့က ဆေးဘူးကို ယူလိုက်ပြီး အန်ယောင်၏ ခန္ဓာကိုယ်နှင့် မျက်နှာထက်ရှိ အပူလောင်ဒဏ်ရာများကို ဂရုတစိုက် သုတ်လိမ်းပေးလိုက်သည်။

​"စောစောက နင် အားအရမ်း သုံးလိုက်တာ မှားသွားတာ..."

​"တောင်းပန်ပါတယ် .. အန်ယောင်က ဧကရီကို ဒုက္ခပေးမိပြန်ပါပြီ..."

​အန်ယောင်၏ မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်နေခဲ့ပြီး မျက်နှာလေးထက်တွင် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေလေသည်။

​သူမအနေဖြင့် ကူညီပေးနိုင်ခြင်း မရှိသည့်အပြင် အဆင်သင့်ဖြစ်ခါနီး ဖြစ်နေသော ဝက်အူချောင်းများကိုလည်း လေလွင့်စေခဲ့ကာ အပူလောင်အောင် လုပ်မိခဲ့သည်။

​ဤသည်က ဧကရီ၏အရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် တာဝန်မကျေပွန်ခြင်း ဖြစ်သည်။ သူမအနေဖြင့် အနီးကပ် အစေခံဟူသော ဂုဏ်သတင်းနှင့် မထိုက်တန်တော့ဟု အမှန်ပင် ခံစားနေရသည်။

​"ရပါတယ်... နောက်မှ ပြန်ချက်တာပေါ့... နင် ဘာမှမဖြစ်ရင်ပဲ တော်ပါပြီ.."

​လုံယွဲ့က ဆေးဘူးကို သိမ်းလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးထက်တွင် နှစ်သိမ့်ပေးသော နူးညံ့သည့် အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။

​အန်ယောင်၏ မျက်ဝန်းများထဲမှ မျက်ရည်များမှာ ဆည်ကျိုးသကဲ့သို့ ချက်ချင်းပင် လျှံကျလာခဲ့ပြီး လုံယွဲ့၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။

​"ဝူး ဝူး... ဧကရီ..."

​လုံယွဲ့က ပြုံးလိုက်မိပြီး သူမကို နှစ်သိမ့်ပေးရန်အတွက် သူမ၏ ဦးခေါင်းနောက်ဘက်ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

​လင်းဖန် ပြောခဲ့ဖူးသည်မှာ မေ့ကျီနှင့် အခြားသူ သုံးဦး ရောက်ရှိလာပြီးနောက် စောင့်ရှောက်ပေးရမည့် ကလေး လေးယောက် တိုးလာသလိုမျိုး ခံစားရသည်ဟု ဆိုသည်။ သူမအနေဖြင့် ယခင်က ၎င်းကို အပြည့်အဝ နားမလည်ခဲ့သော်လည်း ယခုအခါတွင်မူ ရုတ်တရက် ကိုယ်ချင်းစာမိသွားခဲ့ပြီ ဖြစ်သည်။

​သူမအတွက် စောင့်ရှောက်ပေးရမည့် ကလေး နောက်တစ်ယောက် ထပ်မံ တိုးလာပြန်ပြီဟု ခံစားလိုက်ရတော့သည်။

All Chapters