အခန်း ၁၇၃
Vol. 18 Ch. 173
Chapter 173
~
အခန်း ၁၇၃ : နတ်ဆိုးအရှင်က လူယုတ်မာပဲ...
~
စားသောက်ချိန်...
မနက်စာ ပြင်ဆင်ပြီးသွားသည့်အခါ မေ့ကျီနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး လူတိုင်း ထမင်းစားပွဲတွင် ဝိုင်းဖွဲ့၍ ထိုင်လိုက်ကြသည်။
မေ့ကျီနှင့် အခြားသူများသည် ဤကာလအတွင်း လုံယွဲ့နှင့်အတူ မနက်စာ စားသောက်ရသည်ကို ရိုးအီနေပြီဖြစ်ရာ နောက်ထပ် လူတစ်ယောက် တိုးလာခြင်းက သူတို့အတွက် ထူးဆန်းသည့် အရာတစ်ခု မဟုတ်တော့ပေ။
သို့သော်လည်း နတ်ဆိုးများနှင့်အတူ ပထမဆုံးအကြိမ် ထမင်းစားပွဲတစ်ခုတည်းတွင် အတူတူ ထိုင်နေရသော အန်ယောင်အတွက်မူ အရာအားလုံးက ထူးဆန်းနေလေ၏။
ဧကရီကိုယ်တိုင်က နတ်ဆိုးများအတွက် မနက်စာ ချက်ပြုတ်ပေးနေသည့်အပြင် ထိုနတ်ဆိုးများကလည်း ဧကရီကို အရှင်မ ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုနေကြခြင်းက သူမ မည်သို့ပင် တွေးတောစေကာမူ မဖြစ်နိုင်သောအရာ ဖြစ်သော်လည်း ယခုအခါ သူမ၏ မျက်စိရှေ့မှောက်တွင် အမှန်တကယ်ပင် ဖြစ်ပျက်နေလေပြီ။
အကယ်၍ အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင်သာ ဆိုပါက မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။
"အန်ယောင်... စားပါ... အားမနာနဲ့... ငါ့ရဲ့ ဟင်းချက်စွမ်းရည်က မကြာသေးခင်ကမှ တော်တော်လေး တိုးတက်လာတာ.."
အန်ယောင်က သူမ၏ ထမင်းပန်းကန်ကို ကြည့်ရင်း အတွေးလွန်နေသည်ကို မြင်တွေ့ရသည့်အခါ လုံယွဲ့က အသားပြားကြော်တစ်ပြားကို ညှပ်၍ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး အားမနာရန် ပြုံး၍ အရိပ်အယောင် ပြလိုက်သည်။ သူမ၏ မျက်နှာထက်တွင်လည်း သူမ၏ ဟင်းချက်စွမ်းရည်အပေါ် ယုံကြည်မှုများဖြင့် ပြည့်နှက်နေလေသည်။
"ဧကရီ.. ကျွန်တော်မျိုးမကို ဒီလိုမျိုး ဘယ်လိုလုပ် ခတ်ပေးလို့ ရမှာလဲ... ကျွန်တော်မျိုးမ ဘာသာပဲ ခတ်စားပါ့မယ်..."
သူမ၏ ပန်းကန်ထဲသို့ အသားပြားကြော်တစ်ပြား ရုတ်တရက် ရောက်ရှိလာသည်ကို မြင်တွေ့ရသည့်အခါ အန်ယောင်သည် စိတ်လှုပ်ရှားသွားရသည့်အပြင် တစ်ဖက်တွင်လည်း လန့်သွားခဲ့သည်။
သူမသည် ဧကရီ၏ အနီးကပ် အစေခံမလေးမျှသာ ဖြစ်ပြီး သူမနှင့် ဧကရီအကြားတွင် အဆင့်အတန်း ကွာခြားမှုက အလွန်ကြီးမားလှ၏။ ဧကရီနှင့်အတူ ထမင်းစားပွဲတစ်ခုတည်းတွင် ထိုင်ခွင့်ရခြင်းကပင် အတုမရှိသော ကရုဏာတော် ဖြစ်နေပြီ ဖြစ်သည်။
ယခုအခါ ဧကရီကိုယ်တိုင် ခတ်ပေးသော အစားအသောက်ကို လက်ခံရရှိရန် သူမ မည်သို့ ထိုက်တန်ပါမည်နည်း။
"ရပါတယ်... ဒီနေရာမှာ ဒီလို စည်းကမ်းတွေ အများကြီး ရှိနေဖို့ မလိုဘူး... အိမ်လိုပဲ သဘောထားလိုက်.."
လုံယွဲ့က ဘာမှ ဂရုမစိုက်ဟန်ဖြင့် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
'အရှင်မ...'
အန်ယောင်၏ နှလုံးသားတစ်ခုလုံး လှုပ်ခပ်သွားခဲ့သည်။ သူမ၏ မျက်ဝန်းထောင့်ရှိ မျက်ရည်များကို လျင်မြန်စွာ သုတ်လိုက်ပြီး ကျေးဇူးတင်စိတ်အပြည့်ဖြင့် အသားပြားကြော်ကို ကိုက်လိုက်၏။
အရှင်မကိုယ်တိုင် ချက်ပြုတ်ထားသည့်အပြင် အရှင်မကိုယ်တိုင် သူမ၏ ပန်းကန်ထဲသို့ ခတ်ပေးသော အစားအသောက် ဖြစ်ရာ ဤကဲ့သို့သော ဂုဏ်သရေနှင့် ကရုဏာတော်မျိုးကို အင်မော်တယ်လောကတစ်ခုလုံးတွင် သူမတစ်ဦးတည်းသာ လက်ခံရရှိဖူးခြင်း ဖြစ်ပေလိမ့်မည်။
သူမအနေဖြင့် တစ်ကိုက်မျှပင် လေလွင့်အောင် လုပ်ဆောင်၍ လုံးဝ မဖြစ်ချေ။
အသားပြားကြော်က ပါးစပ်ထဲသို့ ရောက်ရှိသွားပြီး ကိုက်လိုက်သည့် ခဏတွင် အသား၏ ချိုမြိန်သော အရသာနှင့် မွှေးပျံ့သောအနံ့က လျှာဖျားထက်တွင် ချက်ချင်း ပျံ့နှံ့သွားသဖြင့် အန်ယောင်၏ မျက်ဝန်းများ လင်းလက်သွားသည်။
"တကယ့်ကို... တကယ့်ကို အရသာရှိလွန်းတယ်..."
အမှန်အတိုင်း ပြောရလျှင် ထိုအသားပြားကြော်က မည်သို့သော အရသာရှိသည်ဖြစ်စေ ဧကရီ၏ ကရုဏာတော်ကို မစော်ကားမိစေရန်အတွက် အားလုံးကို ကုန်အောင် စားမည်ဟု သူမ နှလုံးသားထဲတွင် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရလဒ်ကမူ သူမ ထင်မှတ်ထားသည်ထက် လုံးဝ ကျော်လွန်နေသည်။
သူမ သိထားသလောက်မူ ဧကရီသည်လည်း သူမကဲ့သို့ပင် အင်မော်တယ်လောကတွင် ရှိစဉ်က ဟင်းချက်ခြင်းနှင့် တစ်ကြိမ်တစ်ခါမှ မပတ်သက်ခဲ့ဖူးချေ။ ယခုအခါ ဧကရီသည် ဤမျှအထိ အရသာရှိသော အစားအသောက်များကို ချက်ပြုတ်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
"အရသာရှိရင်လည်း အများကြီး စားပါ... မီးဖိုချောင်ထဲမှာ အများကြီး ကျန်သေးတယ်.."
အန်ယောင်၏ ချီးကျူးစကားကို ကြားရသည့်အခါ လုံယွဲ့က ဂုဏ်ယူစွာဖြင့် သူမ၏ ခေါင်းကို အသာမော့လိုက်ပြီး စိတ်ကျေနပ်သွားကာ မီးဖိုချောင်ထဲသို့ ပြန်လည်ဝင်ရောက်၍ ဆက်လက် ပြင်ဆင်တော့သည်။
လင်းဖန်က သူ၏ ထမင်းပန်းကန်ကို မကာ ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်ပြီးနောက် တူကို ကိုင်၍ အသားပြားကြော်တစ်ပြားကို ညှပ်ရန် လက်လှမ်းလိုက်သည်။
၎င်းကို မြင်တွေ့လိုက်ရသည့်အခါ အန်ယောင်၏ အကြည့်များက ထက်မြက်သွားခဲ့သည်။ သူမသည် သူ ညှပ်တော့မည့် အသားပြားကြော်ကို လျင်မြန်စွာဖြင့် ဦးအောင် နှိုက်ယူလိုက်ပြီး ပါးစပ်ထဲသို့ တစ်လုတ်တည်းနှင့် ထည့်လိုက်တော့သည်။
"... အရသာရှိလိုက်တာ..."
အန်ယောင်က အသားပြားကို ဝါးစားရင်း လင်းဖန်ထံသို့ အောင်နိုင်သူတစ်ဦးအလား စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် ရန်စလိုသော အမူအရာများဖြင့် ပြည့်နှက်နေလေ၏။
သူမအနေဖြင့် ဧကရီ ချက်ပြုတ်ထားသော အစားအသောက်များကို နတ်ဆိုးအရှင်အား လုံးဝ မြည်းစမ်းခွင့် ပြုမည် မဟုတ်ချေ။
လင်းဖန်က သူမနှင့် အငြင်းမပွားချင်သဖြင့် သူ၏ တူကို အခြား အသားပြားကြော်တစ်ပြားထံသို့ ထပ်မံ လှမ်းလိုက်ပြန်သည်။
သို့သော်လည်း သူ မညှပ်မိခင်မှာတင် အန်ယောင်က ထပ်မံ၍ ဦးအောင် လုယူလိုက်ပြန်ပြီး သူမ၏ ပါးစပ်ထဲသို့ အတင်း ထည့်သွင်းလိုက်ပြန်သည်။
ထိုအချိန်မှစ၍ သူ မည်သည့်အရာကို ညှပ်ရန် လက်လှမ်းသည်ဖြစ်စေ သူမက အမြဲတမ်း ဦးအောင် လုယူနေခဲ့သည်။
လင်းဖန်က အန်ယောင်၏ နှောင့်ယှက်ဖျက်ဆီးနေသော အပြုအမူများကြောင့် ဆွံ့အနေချေသည်။
'သူ ဘာဖြစ်လို့ ကလေးတစ်ယောက်လိုမျိုး အစားအသောက်တွေကို လုစားနေရတာလဲ..'
အန်ယောင်က လင်းဖန် အစားအသောက် ညှပ်မရအောင် အကြိမ်ကြိမ် တားဆီးနေသည်ကို မြင်တွေ့ရသည့်အခါ မေ့ကျီ မျက်မှောင်ကြုတ်သွားသည်။
အန်ယောင်က နောက်ထပ် အသားပြားတစ်ပြားကို အောင်နိုင်သူအလား ထပ်မံ ညှပ်ယူရန် ပြင်ဆင်လိုက်စဉ်မှာပင် မေ့ကျီ၏ တူကလည်း ထိုအသားပြားပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။
သူတို့ နှစ်ဦးစလုံးက ခေါင်းမော့လိုက်ကြပြီး အကြည့်ချင်း ဆုံရုံမျှဖြင့် သူတို့အကြားတွင် လျှပ်စစ်မီးပွားများ တဖြတ်ဖြတ် ထွက်ပေါ်လာ၏။ သူတို့က တစ်ပြိုင်နက် အားစိုက်လိုက်ကြပြီး မည်သူမျှ လျှော့မပေးကြချေ။
သူတို့၏ လုယက်မှုအောက်တွင် ထိုအသားပြားကြော်မှာ နောက်ဆုံး၌ နှစ်ခြမ်း ကွဲထွက်သွားပြီး တစ်ယောက် တစ်ခြမ်းစီ ရရှိသွားကြသည်။
"အရှင်... သုံးဆောင်ပါဦး ..."
မေ့ကျီက သူ လုယူထားသော အသားပြားတစ်ခြမ်းကို ပန်းကန်ထဲသို့ ထည့်လိုက်ပြီး လင်းဖန်ထံသို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်သည်။
"ဟွန်း..."
အန်ယောင်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ထဲရှိ ကျန်ရှိနေသော အသားပြားတစ်ခြမ်းကို မကျေမနပ်ဖြင့် ပါးစပ်ထဲသို့ ထည့်သွင်းလိုက်သည်။
"မေ့ကျီ... မင်းပဲ စားလိုက်ပါ... စားပွဲပေါ်မှာ အများကြီး ရှိပါသေးတယ်.."
လင်းဖန်က အနည်းငယ် ပြုံးလိုက်ရင်း မေ့ကျီ ဆက်သလာသော အသားပြားကို ငြင်းပယ်လိုက်၏။
အန်ယောင်အနေဖြင့် စားပွဲပေါ်ရှိ ဟင်းလျာအားလုံးကို တကယ်ပဲ ကုန်အောင် စားနိုင်မလားဆိုသည်ကို သူ စောင့်ကြည့်ချင်နေသည်။
မကြာမီမှာပင် စားပွဲတစ်ခုလုံးရှိ ဟင်းလျာများကို အန်ယောင် တစ်ဦးတည်းကပင် ပြောင်စင်အောင် လုစားပစ်လိုက်သဖြင့် သူမ၏ ဝမ်းဗိုက်မှာ လုံးဝန်းကာ ဖောင်းကားနေလေပြီ။
သူမသည် အလွန်အမင်း ဗိုက်ပြည့်လွန်းလှသဖြင့် ဝမ်းဗိုက်ပေါက်ကွဲတော့မလို ခံစားနေရသော်လည်း နတ်ဆိုးအရှင် အစားတစ်လုတ်မျှ မစားရသည်ကို မြင်တွေ့ရသဖြင့် စိတ်ထဲတွင် အလွန် ဝမ်းမြောက်နေခဲ့သည်။
"ဟင်... အားလုံး ကုန်သွားပြီပဲ.."
လုံယွဲ့က စားပွဲထံသို့ ပြန်ရောက်လာပြီး ပြောင်စင်နေသော ပန်းကန်များကို ကြည့်ရင်း သူမ အနည်းငယ် အံ့အားသင့်သွားသည်။
သူမ ခဏသာ ထွက်ခွာသွားခဲ့သော်လည်း စားပွဲတစ်ခုလုံးရှိ ဟင်းလျာများအားလုံး လုံးဝ မရှိတော့ချေ။
'ဒီနေ့ ငါချက်တဲ့ ဟင်းတွေက ဒီလောက်တောင် အရသာရှိလို့လား..'
"တောင်းပန်ပါတယ် .. ဧကရီရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းလွန်းလို့ အန်ယောင် မအောင့်နိုင်ဘဲ အားလုံးကို ကုန်အောင် စားမိသွားတယ်.."
အန်ယောင်က အပြင်ပန်းတွင် အားနာဟန် ပြသနေသော်လည်း သူမ၏ စကားလုံးများထဲတွင်မူ အားနာရိပ် အနည်းငယ်မျှ မပါရှိဘဲ အောင်နိုင်သူတစ်ဦး၏ ဂုဏ်ယူမှုများသာ ပြည့်နှက်နေခဲ့သည်။
"ရပါတယ်... မီးဖိုချောင်ထဲမှာ အများကြီး ကျန်သေးတယ်.."
လုံယွဲ့က ချိုသာစွာ ပြုံးလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်သွားကာ ဝက်အူချောင်းများနှင့် အသားပြားကြော်များ အပြည့်ပါရှိသော အိုးကြီးတစ်လုံးကို ထပ်မံ သယ်ဆောင်လာခဲ့သည်။
"ဒီလောက်တောင် အများကြီး ကျန်သေးတာလား..."
စားပွဲပေါ်သို့ နောက်ထပ် အိုးကြီးတစ်လုံး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ အန်ယောင် ထိတ်လန့်သွား၏။ သူမ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်မိပြီး မျက်နှာထက်တွင် ခက်ခဲသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူမသည် စားပွဲပေါ်ရှိ ဟင်းလျာများကသာ အားလုံးဖြစ်လိမ့်မည်ဟု ကြိုတင် ထင်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ဧကရီ၏ မီးဖိုချောင်ထဲတွင် ဤမျှအထိ အိုးကြီးတစ်လုံး ကျန်ရှိနေဦးမည်ဟု မျှော်လင့်မထားခဲ့ချေ။
သူမအနေဖြင့် မည်သို့ ကုန်အောင် စားနိုင်ပါတော့မည်နည်း။
"ဆက်ပြီး စားဦးမလို့လား..."
လင်းဖန်က နောက်ပြောင်လိုသော အမူအရာဖြင့် အန်ယောင်ကို စိန်ခေါ်သည့် အကြည့်များဖြင့် မေးလိုက်သည်။
နောက်ဆုတ်ရန် ပြင်ဆင်နေသော အန်ယောင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားပြီး သူမ၏ မျက်နှာထက်တွင် ပြတ်သားမှုများ ထွက်ပေါ်လာခဲ့သည်။
"စားမယ်..."
ထိုသို့ပြောပြီးနောက် သူမ အသားပြားကြော်တစ်ပြားကို ထပ်မံ ညှပ်ယူလိုက်ပြီး အားစိုက်ကာ စတင် ဝါးစားတော့သည်။
မူလက အရသာရှိပြီး မွှေးပျံ့လှသော အသားပြားကြော်မှာ ယခုအခါတွင်မူ သူမ၏ ပါးစပ်ထဲ၌ ဖယောင်းတုံးကို ဝါးနေရသည့်အလား ဖြစ်နေပြီး မျိုချရန်အတွက် အလွန်အမင်း ခက်ခဲနေလေပြီ ။
သို့သော်လည်း နတ်ဆိုးအရှင်ကို အခွင့်အရေး မပေးနိုင်ဟူသော စိတ်တစ်ခုတည်းဖြင့်သာ သူမ အံ ကြိတ်ကာ တစ်ကိုက်ပြီး တစ်ကိုက် အတင်းမျိုချနေခဲ့သည်။
သို့သော်လည်း သူမသည် သူမ၏ အင်အားကို အထင်ကြီးမိသွားခဲ့ပုံရသည်။ အသားပြားကြော် အနည်းငယ်ကိုသာ စားပြီးသွားသည့် အချိန်တွင် သူမသည် သေဆုံးနေသော ဝက်တစ်ကောင်ကဲ့သို့ စားပွဲပေါ်တွင် မှောက်လျက် လဲကျသွားတော့သည်။
လင်းဖန်က ပြုံးလိုက်ပြီး အသားပြားကြော်တစ်ပြားထံသို့ သူ၏ တူကို ထပ်မံ လှမ်းလိုက်သည်။
ယခုအကြိမ်တွင်မူ အန်ယောင်သည် စိတ်ရှိသော်လည်း ကိုယ်မပါနိုင်တော့။ သူ အသားပြားကို ညှပ်ယူသွားသည်ကို မျက်လုံးအဝိုင်းသားဖြင့်သာ စိုက်ကြည့်နေတော့သည်။
အကယ်၍ သူမသာ နောက်ထပ် တစ်ကိုက်မျှ ထပ်စားမိပါက သူမ၏ ဝမ်းဗိုက်မှာ အမှန်တကယ်ပင် ပေါက်ကွဲသွားပေလိမ့်မည်။
"အန်ယောင်... နင် ဆက်မစားတော့ဘူးလား.."
အန်ယောင် စားပွဲပေါ်တွင် လှဲလျောင်း၍ မလှုပ်မယှက် ရှိနေသည်ကို မြင်တွေ့ရသည့်အခါ လုံယွဲ့က နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
အန်ယောင်က ခေါင်းကို အသည်းအသန် ရမ်းခါလိုက်ရင်း..
"မစားတော့ပါဘူး .. အန်ယောင်ရဲ့ ဗိုက်က မဆန့်တော့ဘူး..."
"ဒါဆိုရင်လည်း ကျန်တာတွေကို ငါပဲ အပြတ်ရှင်းလိုက်တော့မယ်.."
ထိုစကားကို ကြားလိုက်ရသည့်အခါ လုံယွဲ့က သူမ၏ အကျီလက်များကို လိပ်တင်လိုက်ပြီး ထမင်းပန်းကန်နှင့် တူကို ကိုင်ကာ အလေးအနက် စားသောက်သည့် အခြေအနေသို့ ဝင်ရောက်လိုက်သည်။
သူမ အရမ်း မြန်မြန်ဆန်ဆန် စားသောက်ခြင်းမျိုး မဟုတ်သော်လည်း သူမ၏ လက်ထဲရှိ ပန်းကန်နှင့် တူမှာမူ တစ်စက္ကန့်မျှပင် ရပ်တန့်သွားခြင်း မရှိချေ။
သူမ အသားများကို အားရပါးရ စားသောက်နေပြီး အသားပြားကြော်တစ်ပြားမှာ နှစ်ကိုက် သုံးကိုက်အတွင်းမှာတင် ပျောက်ကွယ်သွားခဲ့ကာ အိုးထဲရှိ ဝက်အူချောင်းများနှင့် အသားပြားများမှာလည်း မျက်စိရှေ့မှောက်တွင်ပင် လျင်မြန်စွာ လျော့နည်းသွားခဲ့သည်။
အန်ယောင်သည် ဧကရီ တစ်ပန်းကန်ပြီး တစ်ပန်းကန် စားသောက်နေသည်ကို ဆွံအစွာ စိုက်ကြည့်နေမိပြီး လုံယွဲ့က အိုးထဲရှိ အစားအသောက်အားလုံးကို အပြတ်ရှင်းပစ်လိုက်သည့် အချိန်ကျမှသာ သူမ၏ အံ့အားသင့်မှုများထဲမှ ရုန်းထွက်နိုင်ခဲ့တော့သည်။
ထိုဝက်အူချောင်းကင်များနှင့် အသားပြားကြော် အိုးကြီးတစ်လုံးအပြင် ကျန်ရှိနေသေးသော ဆန်ပြုတ်အိုးတစ်ဝက်မှာ သာမန်လူ လေးငါးယောက်စာမျှ ရှိသော်လည်း ယခုအခါ ဧကရီတစ်ဦးတည်းကပင် အားလုံးကို အပြတ်ရှင်းပစ်လိုက်ခြင်း ဖြစ်သည်။
သူမ အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် ရှိစဉ်ကမူ ဧကရီသည် နန်းတွင်းပွဲတော်များတွင် အစားအသောက် အနည်းငယ်မျှကိုသာ မြည်းစမ်းလေ့ရှိပြီး ငှက်တစ်ကောင်ကဲ့သို့ အစားနည်းသူ ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ သူမသည် တစ်ကြိမ်တည်းနှင့်တင် ဤမျှအထိ အများကြီး စားသောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယုတ်မာလှသော နတ်ဆိုးအရှင်သည် ယခင်က ဧကရီအရှင်မကို ဝလင်အောင် ကျွေးမွေးခဲ့ခြင်း မရှိတာ သေချာသည်။
ဤအကြောင်းကို တွေးမိသည်နှင့် အန်ယောင်သည် လင်းဖန်ထံသို့ ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲရှိ ရန်လိုမှုများမှာ အဆပေါင်းများစွာ ပိုမို ပြင်းထန်လာခဲ့တော့သည်။
သူသည် ဧကရီကို ဟင်းချက်ခိုင်းပြီး နှိပ်စက်ရုံတင်မကဘဲ ဧကရီကို ဝအောင်ပင် မကျွေးမွေးခဲ့ချေ။ ဤနတ်ဆိုးအရှင်က တကယ့်ကို ယုတ်မာပက်စက်လွန်းလှ၏။