← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

Chapter 174

~

အခန်း ၁၇၄ : အန်ယောင် ကူညီချင်တယ်..

~

​မနက်စာ စားသောက်ပြီးနောက် လုံယွဲ့သည် ပန်းကန်များ သိမ်းဆည်းလိုက်ပြီး အဝတ်စုတ်ဖြင့် စားပွဲကို ကျွမ်းကျင်စွာပင် စတင်သုတ်လေတော့သည်။

​ထိုသည်ကို မြင်တွေ့လိုက်ရသည့်အခါ အန်ယောင်၏ အမူအရာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ဧကရီကို တားဆီးရန်အတွက် ရှေ့သို့ အပြေးအလွှား လှမ်းသွားခဲ့သည်။

​"အရှင်မ... ဒီလို ကြမ်းတမ်းတဲ့ အလုပ်မျိုးကို အရှင်မ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ... အန်ယောင်ကိုပဲ လုပ်ခွင့်ပေးပါ.."

​သူမ၏ ကူညီချင်စိတ် ပြင်းပြနေသည်ကို မြင်တွေ့ရသည့်အခါ လုံယွဲ့က ပြုံးလိုက်ပြီး ငြင်းဆန်ခြင်းမပြုဘဲ သူမ၏လက်ထဲသို့ စားပွဲသုတ်အဝတ်စုတ်ကို ကမ်းပေးလိုက်သည်။

​"ဒါဆိုရင်လည်း စားပွဲသုတ်တဲ့အလုပ်ကို နင့်ကိုပဲ လွှဲလိုက်တော့မယ်.."

​"စိတ်ချပါ ဧကရီ အရှင်မ.. အန်ယောင်ကိုသာ လွှဲထားလိုက်ပါ.."

​အန်ယောင် အဝတ်စုတ်ကို ယူလိုက်ပြီး သူမ၏ စွမ်းအားဖြင့် ထိန်းချုပ်ကာ စားပွဲကို သုတ်ရန် ဗီဇအရ လက်ကို မြှောက်လိုက်မိသည်။ သို့သော်လည်း သူမတွင် ကျင့်ကြံခြင်းစွမ်းအားများ လုံးဝ ခန်းခြောက်နေပြီဖြစ်ရာ အရာဝတ္ထုများကို စိတ်အလိုရှိတိုင်း ထိန်းချုပ်နိုင်စသည့် အင်မော်တယ်ကျင့်စဉ်များကို လုံးဝ အသုံးမပြုနိုင်တော့ကြောင်း၊ စားပွဲကို သန့်ရှင်းစေမည့် သန့်စင်ခြင်းကျင့်စဉ်ကိုလည်း အသုံးမပြုနိုင်တော့ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။

​အခြားနည်းလမ်းမရှိတော့သဖြင့် သူမ ထိုအဝတ်စုတ်ကို လက်ဖြင့် ကိုင်ဆောင်ကာ စားပွဲကို အားစိုက်၍ သုတ်လိုက်ရတော့သည်။

​သို့သော်လည်း ခဏတာ သုတ်ပြီးသည့်အခါ အဝတ်စုတ်ထက်တွင် အစားအသောက် အကြွင်းအကျန်များနှင့် ဆီအညစ်အကြေးများ စွန်းထင်လာခဲ့ပြီး ကိုင်တွယ်ရသည်မှာ စေးကပ်ကပ် ဖြစ်လာခဲ့သဖြင့် သူမ မျက်မှောင်ကြုတ်မိသွားကာ မနှစ်မြို့သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

​ယခင်က အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် ရှိစဉ်ကမူ သူမသည် ဧကရီ၏ အနီးကပ် အစေခံမလေးအဖြစ် ဧကရီအတွက် ဝတ်လဲတော်လဲပေးခြင်း၊ ရေနွေးကြမ်း ပေးခြင်းနှင့် ဧည့်သည်တော်များကို ကြိုဆိုခြင်း စသည့် အဆင့်မြင့် တာဝန်များကိုသာ ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ပြီး ဤကဲ့သို့သော သန့်ရှင်းရေးအလုပ်များကို တစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့ဖူးပေ။

​သို့သော်လည်း ဧကရီအတွက် မည်မျှပင် ပင်ပန်းဆင်းရဲပြီး ညစ်ပတ်ပေရေနေပါစေ သူမ အစွမ်းကုန် သည်းခံလုပ်ဆောင်သွားမည် ဖြစ်သည်။

​မြင့်မြတ်လှသော ဧကရီ၏ ခန္ဓာကိုယ်တော်ထက်တွင် ဤအညစ်အကြေးများ စွန်းထင်သွားစေရမည့်အစား သူမ၏ လက်များကိုသာ အညစ်အကြေး အပေခံပေမည်။

​အန်ယောင် အံကြိတ်ကာ သူမ၏ စိတ်မသက်မသာဖြစ်မှုများကို အောင့်အည်းရင်း စားပွဲကို ဆက် သုတ်လိုက်သည်။

​သို့သော်လည်း ဆီအညစ်အကြေးများနှင့် အစားအသောက် အကြွင်းအကျန်များ ပေပွနေသော အဝတ်စုတ်ကြောင့် စားပွဲမှာ သန့်ရှင်းမသွားသည့်အပြင် သုတ်လိုက်တိုင်း ပို၍ပင် ညစ်ပတ်လာသည်။

​ထိုသည်ကို မြင်တွေ့ရသည့်အခါ လုံယွဲ့က သူမကို လျင်မြန်စွာ တားဆီးလိုက်ရတော့သည်။

​"အန်ယောင်... ဒီလို သုတ်ရင် သန့်ရှင်းမှာ မဟုတ်ဘူး.."

"နင် အရင်ဆုံး ပန်းကန်ပြားတစ်ချပ်ကို သုံးပြီး စားပွဲပေါ်က အစားအသောက် အကြွင်းအကျန်တွေကို အဲ့ဒီ ပန်းကန်ထဲကို ပွတ်ဆွဲထည့်ရမယ်... ပြီးမှ စားပွဲကို သုတ်ရမယ်... ဒါဆိုရင် အဝတ်စုတ်မှာ အစားအသောက်အဖတ်တွေ ပေပွမနေတော့ဘူး.."

" ပြီးတော့ အဝတ်စုတ် ညစ်ပတ်သွားရင် မီးဖိုချောင်ထဲမှာ သွားပြီး ရေဆေးရမယ်... ပြီးမှ ထပ်သုတ်ရမယ်... ဒါမှ တကယ် သန့်ရှင်းသွားမှာ.."

​လုံယွဲ့က အန်ယောင်၏ လက်ထဲမှ ပုဆိုးစုတ်ကို ပြန်ယူလိုက်ပြီး စားပွဲပေါ်ရှိ အစားအသောက် အကြွင်းအကျန်များကို အရင် ရှင်းလင်းလိုက်သည်။ ထို့နောက် ကြိုတင်ပြင်ဆင်ထားသော ပန်းကန်ဆေးရည်ပါရှိသည့် ရေပုံးထဲသို့ ထည့်ကာ စင်ကြယ်အောင် ဆေးကြောပြီးနောက် စားပွဲကို ထပ်မံ သုတ်ပြလိုက်သည်။

​ယခုအကြိမ်တွင်မူ အဝတ်စုတ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တစ်စက်မျှ အစွန်းအထင်းမရှိဘဲ ပြောင်စင်သွားသည်။

​"အို... ဒါကို ဒီလိုမျိုး သန့်ရှင်းရတာကိုး..."

​အန်ယောင်သည် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ချလိုက်မိသည်။

​သူမသည် ဧကရီ၏ အနီးကပ် အစေခံမလေး ဖြစ်ပါလျက်နှင့် ဧကရီကိုယ်တိုင်က ပြန်လည် သင်ကြားပြသပေးနေရသဖြင့် သူမကိုယ်သူမ အသုံးမကျသူတစ်ဦးဟု အမှန်ပင် ခံစားနေရသည်။

​လုံယွဲ့က စားပွဲပေါ်ရှိ ပန်းကန်များနှင့် တူများကို လက်ညှိုးညွှန်ပြလိုက်သည်။

​"စားပွဲသုတ်တာကိုတော့ ငါ့ကိုပဲ ထားလိုက်ပါ... နင်က ဒီပန်းကန်တွေနဲ့ တူတွေကို မီးဖိုချောင်ထဲကို သယ်သွားပေးဖို့ ကူညီပေးပါဦး.."

​"ဟုတ်ကဲ့ပါ အရှင်မ.."

​အန်ယောင်က နာခံစွာ ခေါင်းညိတ်လိုက်ပြီး ပန်းကန်ခွက်ယောက်အားလုံးကို မီးဖိုချောင်ထဲသို့ သယ်ဆောင်သွားခဲ့သည်။

​ယခုအကြိမ်တွင်မူ အကောင်းဆုံး စွမ်းဆောင်ပြလိုသဖြင့် သူမသည် ထိုပန်းကန်ခွက်ယောက်များကို ကိုယ်တိုင် ဆေးကြောရန် စိတ်ကူးလိုက်သည်။

​သို့သော်လည်း စိမ်းသက်လှသော မီးဖိုချောင်ကို ကြည့်ရင်း သူမသည် ဘာလုပ်ရမှန်းမသိဘဲ နေရာတွင်တင် မတ်မတ်ရပ်နေမိပြန်သည်။

​ဟင်းချက်ခြင်းကဲ့သို့ပင် သူမသည် ပန်းကန်ဆေးခြင်းကိုလည်း တစ်ကြိမ်မျှ မလုပ်ဖူးသဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို မသိချေ။

​ပထမဦးစွာ ဇလုံတစ်ခုခုကို ရှာဖွေပြီး ရေဖြည့်ကာ ပန်းကန်ခွက်ယောက်များကို ထည့်သွင်းရမည် ဖြစ်ပြီး ထို့နောက် အဝတ်စုတ်ဖြင့် သန့်စင်အောင် သုတ်ရမည် ထင်သည်ဟု အန်ယောင် စိတ်ထဲတွင် တွေးလိုက်သည်။ သို့သော်လည်း မီးဖိုချောင်တွင်း လိုက်လံရှာဖွေကြည့်သည့်အခါ ဟင်းသီးဟင်းရွက် ဆေးသည့် ဇလုံတစ်ခုမှလွဲ၍ အခြား ရေလှောင်နိုင်သော ဇလုံကို ရှာမတွေ့ချေ။

​သူမ အခက်တွေ့နေစဉ်မှာပင် စားပွဲသုတ်၍ ပြီးသွားသော လုံယွဲ့သည် မီးဖိုချောင်ထဲသို့ ရောက်ရှိလာခဲ့သည်။

​အန်ယောင်၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်တွေ့ရသည့်အခါ သူမသည် ရှေ့သို့ လှမ်းလာခဲ့ပြီး ဘေစင်အရှေ့တွင် မတ်မတ်ရပ်လိုက်သည်။

​"အန်ယောင်... ဒီဘေစင်က ဒီကမ္ဘာက သာမန်လူသားတွေ ပန်းကန်ဆေးတဲ့ နေရာပဲ.."

"နင် အောက်ခြေက အပေါက်ကို ဒီပိတ်တဲ့ ပစ္စည်းနဲ့ ပိတ်လိုက်ရုံပဲ... ပြီးရင် အပေါ်က ရေခလုတ်ကို ဖွင့်ပြီး ဘေစင်ထဲမှာ ရေပြည့်လာအောင် စောင့်ရမယ်.."

"ပန်းကန်ဆေးရည် နည်းနည်း ထည့်ဖို့ မမေ့နဲ့ဦး... ပြီးရင် အဲ့ဒီ ပန်းကန်ဆေးတဲ့ အဖတ်ကို သုံးပြီး ပန်းကန်တွေနဲ့တူတွေရဲ့ မျက်နှာပြင်ကို သန့်စင်အောင် ပွတ်တိုက်ရမယ်... ဒါဆိုရင် သန့်ရှင်းသွားလိမ့်မယ်.."

​လုံယွဲ့က အပေါက်ပိတ်ပစ္စည်းကို ယူ၍ ပိတ်လိုက်ပြီး ရေခလုတ်ကို ဖွင့်ကာ ပန်းကန်ဆေးရည်ကို ယူ၍ ဘေစင်ထဲသို့ နှစ်ချက် သုံးချက် ညှစ်ထည့်လိုက်သည်။ လုပ်ဆောင်ချက်အားလုံးမှာ တစ်ဆက်တည်း ချောမွေ့လှသည်။

​"အို... ဒါက ဒီလိုမျိုးကိုး.."

"ဧကရီက တကယ့်ကို အံ့ဩစရာ ကောင်းလှပါတယ်... အန်ယောင် နားလည်သွားပါပြီ.."

​အန်ယောင် ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ထိုတာဝန်ကို ရယူရန် အလောတကြီး တောင်းဆိုတော့သည်။

​"ပန်းကန်ဆေးတဲ့အလုပ်ကို အန်ယောင်ကိုပဲ ထားလိုက်ပါ.."

​ထိုသို့ပြောပြီးနောက် သူမသည် ဘေစင်ထဲမှ ပန်းကန်ဆေးအဖတ်ကို ယူဆောင်ကာ ပစ္စည်းတစ်ခုချင်းစီကို အားစိုက်၍ စတင် ပွတ်တိုက်တော့သည်။ ပစ္စည်းတစ်ခုစီကို အကြိမ်ကြိမ် အထပ်ထပ် ပွတ်တိုက်နေပြီး အနည်းငယ်မျှသော အညစ်အကြေးပင် မကျန်ရှိတော့ဘဲ အသစ်အတိုင်း ပြောင်စင်သွားသည့် အချိန်ကျမှသာ စိတ်ကျေနပ်စွာဖြင့် ဘေးသို့ ချထားသည်။

​"အန်ယောင်...အဲ့လောက်အထိ အကြိမ်ကြိမ် ပွတ်တိုက်နေဖို့ မလိုပါဘူး... တစ်ချက် နှစ်ချက်လောက် ပွတ်ရင် ရပါပြီ..."

​လုံယွဲ့က ဘေးနားမှနေ၍ သတိပေးလိုက်သည်။

​အန်ယောင်ကမူ တည်ကြည်သော မျက်နှာထားဖြင့် ပြတ်သားစွာ ငြင်းဆန်လိုက်သည်။

"အဲ့ဒီလို လုပ်လို့ ဘယ်ဖြစ်မလဲ ... ဒါတွေက နောက်နောင် ဧကရီသုံးဆောင်ရမယ့် ပန်းကန်ခွက်ယောက်တွေပဲ... လုံးဝကို ပြောင်စင်နေရမယ်.."

​သူမ ပြောဆိုနေစဉ်မှာပင် သူမလက်ထဲရှိ ပန်းကန်ပြားပေါ်မှ အလွန်သေးငယ်သော အမည်းစက်လေးတစ်ခုကို အာရုံစိုက်မိသွားခဲ့သဖြင့် မျက်ဝန်းများကို မှေးလိုက်ပြီး ပန်းကန်ဆေးအဖတ်ဖြင့် အားအပြည့် သုံး၍ ပြင်းထန်စွာ ပွတ်တိုက်တော့သည်။

​"ခွက်.."

​အားလွန်သွားခဲ့သည့်အတွက် ထိုပန်းကန်ပြားမှာ နှစ်ခြမ်း ကွဲသွားသည်။

​အန်ယောင် မှင်သက်သွားပြီးနောက် ခက်ခဲသော အမူအရာဖြင့် လုံယွဲ့ထံသို့ လှည့်ကြည့်လိုက်သည်။

​"အရှင်မ... တောင်းပန်ပါတယ်... အန်ယောင် အမှားပြင်ဆင်ရင်းနဲ့ အမှတ်မထင် ခွဲမိသွားပုံရပါတယ်..."

​"ရပါတယ်... ပန်းကန်ပြားတစ်ချပ်တည်းပဲဟာ... ကွဲသွားရင်လည်း အမှိုက်ပုံးထဲ ပစ်လိုက်ရုံပေါ့... လက်ကို ဒဏ်ရာမရအောင် သတိထားဦး.."

​"ဟုတ်ကဲ့..."

​အန်ယောင်သည် ကွဲသွားသော ပန်းကန်ပြားအစများကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ပြီး ဘေစင်ထဲမှ အခြား ပန်းကန်ပြားတစ်ချပ်ကို ဂရုတစိုက် ထပ်မံ မယူလိုက်သည်။

​သို့သော်လည်း လူသားတို့ ကြောက်ရွံ့တတ်သည့် အရာကသာ အမြဲတမ်း ဖြစ်ပျက်လာတတ်စမြဲပင်။

​ယခုအကြိမ်တွင် သူမ အလွန် သတိထားနေခဲ့သော်လည်း သူမ၏ လက်များတွင် ပန်းကန်ဆေးရည်များ ပေပွနေခဲ့သဖြင့် ပန်းကန်ပြားမှာ ကိုင်တွယ်ရသည်မှာ အလွန် ချောကျိနေခဲ့သည်။

​ပွတ်တိုက်နေစဉ်အတွင်း သူမ၏ လက်ချော်သွားခဲ့ပြီး ပန်းကန်ပြားမှာ လက်ထဲမှ ချက်ချင်း လျှောကျသွားခဲ့သည်။

​သူမ လျင်မြန်စွာဖြင့် လွင့်စင်ကျလာသော ပန်းကန်ပြားကို ဖမ်းယူရန် ဗီဇအရ လက်လှမ်းလိုက်မိသော်လည်း ပျာပျာသလဲ ဖြစ်သွားခဲ့သည့်အတွက် ဘေးနားရှိ ဆေးကြောပြီးသား ဖြစ်သော ပန်းကန်ခွက်ယောက်များကို တိုက်မိသွား၏။

"​ဝုန်း ဒုန်း ဂလွမ်.."

​ပန်းကန်များ၊ တူများ ၊ ဇွန်းနှင့် ပန်းကန်ပြားများအားလုံး မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ဆက်တိုက်ဆိုသလို ကွဲအက်သံများ ပဲ့တင်ထပ်သွားသည်။

​အန်ယောင်... "..."

​လုံယွဲ့... "..."

​"အရှင်မ.. ကျွန်တော်မျိုးမ တကယ့်ကို တောင်းပန်ပါတယ်... အန်ယောင် သေဒဏ်ပေးခံရဖို့ ထိုက်တန်ပါတယ်.."

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် အန်ယောင်က ဒူးထောက်လိုက်ပြီး ခေါင်းကို မြေပြင်နှင့်တိုက်ကာ တောင်းပန်စကား ဆိုတော့သည်။ ထို့နောက် ကွဲအက်နေသော ပန်းကန်အစအနများကို တစ်ခုချင်းစီ လိုက်လံ ကောက်ယူရန် ပြင်ဆင်လိုက်သည်။

​"ရပါတယ်... ရပါတယ်... ငါပဲ သိမ်းလိုက်ပါ့မယ်... အဲ့ဒီလို လက်နဲ့ ကောက်ရင် လက်ကို ရှမိလိမ့်မယ်.."

​လုံယွဲ့က ကွဲအက်နေသောအစများကို လက်ဗလာဖြင့် သိမ်းဆည်းရန် ပြင်ဆင်နေသော အန်ယောင်ကို လျင်မြန်စွာ တားဆီးလိုက်ရသည်။

​ထိုအချိန်တွင် ဆူညံသံကို ကြားလိုက်ရသော မေ့ကျီသည် တံမြက်စည်းနှင့် ဂေါ်ပြားကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

​"အရှင်မ... ကျေးဇူးပြုပြီး သတိထားပါ ... သန့်ရှင်းရေးကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ.."

​ထိုသို့ပြောပြီးနောက် မေ့ကျီသည် မြေပြင်ပေါ်ရှိ ကွဲအက်နေသောအစအနအားလုံးကို လျင်မြန်စွာ လှည်းကျင်း သိမ်းဆည်းပစ်လိုက်သည်။

​အန်ယောင်သည် ဘေးနားတွင် မှင်သက်စွာ ရပ်နေမိပြီး သူမကိုယ်သူမ အသုံးမကျသူတစ်ဦးဟု ရုတ်တရက် ခံစားလိုက်ရသည်။

​ဟင်းချက်ရာတွင် ကူညီပြန်တော့လည်း အစားအသောက်များကို ပျက်စီးစေခဲ့ကာ၊ ပန်းကန်ဆေးရာတွင် ကူညီပြန်တော့လည်း ပန်းကန်ခွက်ယောက်များကို ခွဲမိခဲ့သည်။ နောက်ဆုံး အမှိုက်သိမ်းသည့် ကိစ္စတွင်ပင် နတ်ဆိုးအရှင်၏ လက်အောက်ခံလောက် မစွမ်းဆောင်နိုင်။

​ကျင့်ကြံခြင်းစွမ်းအားများ မရှိသည့်အခါ သူမ ဘာတစ်ခုမှ ကောင်းမွန်အောင် မလုပ်ဆောင်နိုင်ချေ။

​အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ဧကရီသည် သူမကို စိတ်ပျက်သွားပြီး နောက်နောင် အနားတွင် မထားတော့ဘဲ နေမည်လော။

​"အန်ယောင်... နင်က ကျင့်ကြံခြင်းစွမ်းအား မရှိတဲ့ ခန္ဓာကိုယ်နဲ့ မလိုက်လျောညီထွေဖြစ်သေးလို့ပါ... ဒါကြောင့် အသားမကျတာက သဘာဝပဲ... စိတ်ထဲမှာ အရမ်းကြီး မထားပါနဲ့.."

​အမှားလုပ်ထားသော ကလေးငယ်တစ်ဦးကဲ့သို့ စကားမဆိုဘဲ တိတ်ဆိတ်စွာ ရပ်နေသော အန်ယောင်ကို မြင်တွေ့ရသည့်အခါ လုံယွဲ့က နူးညံ့စွာ ပြုံးလိုက်ရင်း နှစ်သိမ့်ပေးလိုက်သည်။

​အန်ယောင်၏ ထိုကဲ့သို့သော ပုံစံကို ကြည့်ရင်း လုံယွဲ့သည် သူမ ဤကမ္ဘာသို့ စတင် ရောက်ရှိလာစအချိန်ကို ပြန်လည် သတိရမိသွားခြင်း ဖြစ်သည်။

​ထိုအချိန်က သူမသည်လည်း ကျင့်ကြံခြင်းစွမ်းအားများ အားလုံး ဆုံးရှုံးခဲ့ရသဖြင့် လုပ်ဆောင်သမျှ အရာအားလုံးက ခက်ခဲနေခဲ့ပြီး ဘာတစ်ခုမှ နားမလည်ခဲ့ချေ။

​သူမအနေဖြင့် ဤခံစားချက်ကို အပြည့်အဝ ကိုယ်ချင်းစာမိသဖြင့် အန်ယောင်ကို အပြစ်တင်ရန် စိတ်ကူး လုံးဝ မရှိ။

​"အရှင်မ.. အန်ယောင် အပြင်ကို အရင် သွားပါရစေ..."

​လုံယွဲ့၏ နူးညံ့လှသော နှစ်သိမ့်စကားများကို နားထောင်ရင်း အန်ယောင်သည် သူမကိုသူမ ပိုမို အပြစ်တင်မိကာ ဝမ်းနည်းသွားခဲ့ရပြီး ခေါင်းကို ငုံ့လျက် မီးဖိုချောင်ထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားသည်။

​သူမ၏ အထီးကျန်လှသော ကျောပြင်ကို ကြည့်ရင်း လုံယွဲ့သည် နှလုံးသားထဲတွင် ဝမ်းနည်းသွားပြီး ခဏတာ စဥ်းစားပြီး​နေက် အန်ယောင်ကို လှမ်းခေါ်လိုက်သည်။

​"အန်ယောင်... ငါ ခဏနေရင် ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ ဈေးကို သွားမလို့... အဲ့ဒီကျရင် ပစ္စည်းတွေ ဝိုင်းသယ်ပေးဖို့ လူလိုတယ်... ငါနဲ့အတူ လိုက်ခဲ့ပါလား.."

​ထိုစကားကို ကြားလိုက်ရသည့်အခါ အန်ယောင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်ရာ သူမ၏ ပျောက်ဆုံးနေသော မျက်ဝန်းအစုံတွင် မျှော်လင့်ချက် အလင်းရောင်များ ပြန်လည် လင်းလက်လာခဲ့ကာ နှုတ်ခမ်းထောင့်များကလည်း အနည်းငယ် ကော့ညွတ်သွားခဲ့ပြီး လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ကဲ့ပါ ဧကရီအရှင်မ.."

​ဧကရီ၏ ဘေးနားတွင် သူမ ရှိနေဖို့ လိုအပ်နေသေးသည်ပင်။

​

All Chapters