အခန်း ၁၇၅
Vol. 18 Ch. 175
Chapter 175
~
အခန်း ၁၇၅ : ဒီဓားက ကစားစရာ အတုပါ.. အတည်မမှတ်ကြပါနဲ့..
~
စိုစွတ်ဆူညံနေသော ပျံကျဈေးကြီးတစ်ခုအတွင်း...
ဈေးဝယ်လာကြသူများသည် ဝယ်ယူရမည့် ပစ္စည်းစာရင်းကို ကြည့်ရင်း လမ်းဘေးဝဲယာရှိ ဈေးဆိုင်တန်းများကို လိုက်လံကြည့်ရှုနေကြသည်။ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများနှင့် ဝယ်သူများ၏ ဈေးဆစ်သံများမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်နေခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဆူညံနေလေ၏။
လုံယွဲ့သည် အန်ယောင်ကို ခေါ်ဆောင်ကာ ဆိုင်တန်းများပေါ်ရှိ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ရင်း ဈေးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
သူမ ဟင်းချက်နည်းကို စတင်တတ်မြောက်ခဲ့သည့် အချိန်မှစ၍ အပြင်စာများကို မှာယူစားသောက်ခြင်း မရှိသလောက် နည်းပါးသွားခဲ့သည်။ ပုံမှန်အားဖြင့်မူ သူမသည် ဖုန်းဆော့ဖ်ဝဲလ်မှတစ်ဆင့် ဟင်းသီးဟင်းရွက်များကို မှာယူလေ့ရှိသလို၊ တစ်ခါတစ်ရံတွင်လည်း ယခုကဲ့သို့ အနီးနားရှိ ဈေးသို့ ကိုယ်တိုင်လာရောက်ကာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ရွေးချယ်ဝယ်ယူလေ့ရှိသည်။
မူလကမူ သူမသည် ယနေ့အပြင်ထွက်ရန် စိတ်ကူးမရှိခဲ့သော်လည်း အန်ယောင် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ မကြာသေးသဖြင့် သူမကို ဤလူ့လောကနှင့် ပိုမိုရင်းနှီးကျွမ်းဝင်သွားစေရန်အတွက် အပြင်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အန်ယောင်သည် သာမန်ရိုးရှင်းလှသော အမျိုးသမီး အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားပြီး သူမ၏ အင်မော်တယ်ဓားကို ကိုင်ဆောင်လျက် လုံယွဲ့၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကာ မျက်ဝန်းများက ဘေးပတ်ဝန်းကျင်ကို သတိထားနေသည်။
သို့သော်လည်း ကွာခြားချက်မှာမူ သူမသည် ဆိုင်တန်းများပေါ်ရှိ ဟင်းသီးဟင်းရွက်များကို ကြည့်ရှုနေခြင်း မဟုတ်ဘဲ ဘေးနားမှ ဖြတ်သန်းသွားလာနေသော လူအုပ်ကြီးကို သတိကြီးစွာဖြင့် စောင့်ကြည့်စစ်ဆေးနေခြင်း ဖြစ်သည်။
သူမ၏ အနီးကပ် အစေခံဟူသော တာဝန်မှာ ဧကရီ၏ နေ့စဉ်လူမှုဘဝကို ပြုစုစောင့်ရှောက်ရန် ဖြစ်ရုံတင်မကဘဲ ဧကရီ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို ကာကွယ်စောင့်ရှောက်ရန်လည်း ပါဝင်သည်။
ယခုအခါ ဧကရီသည် ကျင့်ကြံခြင်းစွမ်းအားများအားလုံး ဆုံးရှုံးနေခဲ့ပြီ ဖြစ်ရာ အပြင်သို့ ထွက်သည့်အချိန်တွင် သူမအနေဖြင့် ဧကရီကို ပို၍ အစွမ်းကုန် ကာကွယ်ရပေမည်။
ဟင်းသီးဟင်းရွက်ဆိုင်တစ်ဆိုင်၏ ရှေ့မှ ဖြတ်သန်းသွားစဉ် လုံယွဲ့သည် ခဏတာ ဝေခွဲမရဖြစ်သွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ဆိုင်ပေါ်ရှိ ဟင်းသီးဟင်းရွက်များကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
ထိုဟင်းသီးဟင်းရွက်များသည် အရောင်အသွေး စုံလင်လှပြီး အလွန်ပင် လတ်ဆတ်ဟန် ရှိသည်။
သူမ တွေးကြည့်လိုက်ရာ မကြာသေးခင်က အသားများကို အလွန်အမင်း စားသုံးမိခဲ့သဖြင့် ယခုအခါတွင်မူ ဗီတာမင်များနှင့် အမျှင်ဓာတ်များကို ပိုမိုဖြည့်တင်းရန် လိုအပ်နေပြီ ဖြစ်သည်။
"ဦးလေး... ဒီဟင်းနုနွယ်ရွက် တစ်စည်းကို ဘယ်လောက်လဲဟင်.."
လုံယွဲ့က ဟင်းနုနွယ်ရွက်တစ်စည်းကို ကိုင်မြှောက်၍ ဈေးသည်ကို မေးလိုက်သည်။
ဈေးသည်မှာ အသက် လေးငါးဆယ်အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်ပြီး သူက ဝမ်းမြောက်ဝမ်းသာဖြင့် သူ၏လက်ဝါးကို ဆန့်ထုတ်ပြလိုက်သည်။
"ပုံမှန်ဆိုရင်တော့ အခြားလူတွေကို ခြောက်ယွမ်နဲ့ ရောင်းတာပါ... ဒါပေမဲ့ ချောမောလှပတဲ့ မိန်းကလေးအတွက်ဆိုရင်တော့ အထူးလျှော့ဈေးအနေနဲ့ တစ်စည်းကို ငါးယွမ်ပဲ ထားပေးလိုက်မယ်... ဘယ်လိုလဲ.."
သူ့စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ထက်မြက်လှသော ဓားတစ်စင်းမှာ သူ၏ လည်ပင်းထံသို့ ရောက်ရှိနေလေပြီ ။
"ရှင် ဘာဖြစ်လို့ အခြားလူတွေကို ဈေးမလျှော့ပေးဘဲ ဧကရီ ရောက်လာတဲ့ အချိန်ကျမှ တမင်သက်သက် ဈေးလျှော့ပေးရတာလဲ.."
"အမှန်အတိုင်းပြောစမ်း... ရှင့်မှာ ဘာမကောင်းတဲ့ အကြံအစည် ရှိနေတာလဲ... ရှင့်ကို ဘယ်သူ ခိုင်းလိုက်တာလဲ.."
အန်ယောင်သည် အပြာရောင်ဖီးနစ်ဓားကို တင်းကြပ်စွာ ကိုင်ဆောင်ထားပြီး သူမ၏ ထက်မြက်လှသော အကြည့်ဖြင့် ဈေးသည်ကို စိုက်ကြည့်နေသည်။
အကယ်၍ ထိုဈေးသည်သာ မဆင်မခြင် လှုပ်ရှားဝံ့ပါက သူ၏ ဦးခေါင်းမှာ မြေပေါ်သို့ ခဏချင်းအတွင်း ပြတ်ကျသွားပေလိမ့်မည်။
ဈေးသည်ကြီးမှာ နေရာတွင်ပင် မှင်သက်နေပြီး သူ၏ လည်ပင်းထံသို့ ရောက်ရှိနေသော ထက်မြက်လှသော ဓားသွားကို ကြည့်ရင်း ဘာဖြစ်သွားမှန်း မသိဘဲ ဇဝေဇဝါ ဖြစ်သွားသည်။
သူ မမှားဘူးဆိုရင် ဤဓားက တကယ့်ဓားအစစ်ကြီးပင် ။
သူ ဈေးထဲတွင် ဟင်းသီးဟင်းရွက် ရောင်းချလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိနေပြီဖြစ်သော်လည်း ဝယ်သူကို ဈေးလျှော့ပေးမိသဖြင့် ဓားဖြင့် ထောက်ကာ စစ်ဆေးမေးမြန်းခြင်း ခံရသည်မှာ ယခုတစ်ကြိမ်က ပထမဆုံးပင်။
ဈေးသို့ လာရောက်ပြီး ဟင်းသီးဟင်းရွက် ဝယ်ယူကြသူအများစုမှာ အနီးနားတွင် နေထိုင်ကြသူများသာ ဖြစ်၏။
ဈေးလျှော့ပေးခြင်းက ဝယ်သူ စိတ်ကျေနပ်မှုရရှိစေရန်နှင့် နောက်နောင်တွင်လည်း မိမိဆိုင်သို့ ထပ်မံလာရောက်စေရန်အတွက် ဈေးသည်တိုင်း ပြုလုပ်လေ့ရှိသော ပုံစံမျိုးသာ ဖြစ်ပြီး မည်သည့် မကောင်းသောအကြံမျှ မရှိချေ။
တစ်ချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည်လည်း ဤနေရာမှ အခြေအနေကို သတိပြုမိသွားကြပြီး ဝိုင်းအုံ၍ ကြည့်ရှုကြတော့သည်။
"ဟိုမှာ ဘာဖြစ်နေတာလဲ.."
"ငါလည်း မသိဘူး... ဈေးသည်နဲ့ စကားများနေကြတာ ထင်တယ်.."
"ဒါပေမဲ့လည်း ဓားတွေ၊ လက်နက်တွေ သုံးပြီးတော့အထိတော့ မလုပ်သင့်ပါဘူး.."
"ငါ ကြားတာတော့ ဆိုင်ရှင်က အဲ့ဒီမိန်းကလေးကို တစ်ယွမ် လျှော့ပေးလိုက်လို့ အဲ့ဒါကို မကျေနပ်လို့ ဖြစ်နေကြတာတဲ့.."
"ဟမ်... ဈေးဝယ်တာကို လျှော့ပေးတာတောင် မကျေနပ်ဘူး ဟုတ်လား.."
"..."
"ဟို... ဒါက... ငါ ဈေးလျှော့ပေးတယ်ဆိုတာ နင်တို့နှစ်ယောက်ကို ဒီဈေးမှာ ပထမဆုံးအကြိမ် မြင်ဖူးတာမလို့... ဒါကြောင့် အသိအမှတ်ပြုတဲ့ အနေနဲ့ နည်းနည်း လျှော့ပေးလိုက်တာပါ..."
ဈေးသည်ကြီး၏ နဖူးထက်မှ ချွေးစေးများ စီးကျလာခဲ့ပြီး တုန်တုန်ရီရီဖြင့် အလျင်အစလို ရှင်းပြလိုက်သည်။
"ဟမ့်... ပျာပျာသလဲ ဆင်ခြေပေးနေတာပဲ... ရှင့်ရဲ့ စကားကို ယုံကြည်လိမ့်မယ်လို့ ထင်နေတာလား.."
အန်ယောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ထဲရှိ အပြာရောင်ဖီးနစ်ဓားကို ဈေးသည်၏ လည်ပင်းထံသို့ ပိုမို၍ နီးကပ်စွာ ထောက်လိုက်သည်။
သူမ ထပ်မံ၍ အားစိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် နောက်ဘက်မှ နူးညံ့လှသော လက်သီးချက်တစ်ခုက သူမ၏ ဦးခေါင်းထံသို့ ဘုန်းခနဲ ကျရောက်လာခဲ့သည်။
"အား... ဧကရီ..."
အန်ယောင်က သူမ၏ ဦးခေါင်းကို လက်ဖြင့် ပွတ်သပ်လိုက်ရင်း ဘာဖြစ်လို့လဲဟူသော အမူအရာဖြင့် နောက်ကွယ်ရှိ လုံယွဲ့ထံသို့ လှည့်ကြည့်လိုက်သည်။
"အန်ယောင်... မြန်မြန် ဓားကို ပြန်သိမ်းစမ်း.."
ဘေးပတ်ဝန်းကျင်တွင် လူအုပ်ကြီး ပိုမိုများပြားလာသည်ကို မြင်တွေ့ရသည့်အခါ လုံယွဲ့က အန်ယောင်ကို စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။
"အရှင်မ.. ဒီလူက ရန်သူ့သူလျှို အသွင်ပြောင်းထားတာ ဖြစ်နိုင်ပါတယ်... ကျွန်မတို့ ပိုပြီး စစ်ဆေးမေးမြန်းလိုက်ရင်..."
"သူလျှို မဟုတ်ဘူး... သူက ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ သာမန်လူသားတစ်ယောက်ပဲ.."
"သူ့မှာ ဒီဧကရီကို ရန်ပြုရမယ့် အကြောင်းပြချက် မရှိဘူး.."
လုံယွဲ့က အန်ယောင်၏ စကားကို ဖြတ်ပြောလိုက်ပြီး သူမ၏ လက်ထဲမှ အပြာရောင်ဖီးနစ်ဓားကို လုယူလိုက်ကာ ဈေးသည်ကြီးထံသို့ လှည့်၍ အားနာစရာ အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"ဟီး...ဦးလေး တောင်းပန်ပါတယ်နော် ... ဒီကလေးမက ဦးလေးကို စနေတာပါ... စိတ်ထဲမှာ ဘာမှ မထားပါနဲ့နော်..."
"စတာ ဟုတ်လား..."
ဈေးသည်ကြီးမှာ ကြောက်လန့်တုန်လှုပ်နေဆဲ ဖြစ်ပြီး သူမ၏လက်ထဲရှိ အပြာရောင်ဖီးနစ်ဓားကို လက်ညှိုးညွှန်ပြရင်း မေးမြန်းလိုက်သည်။
"ဒါဆိုရင် အဲ့ဒီဓားက..."
"ဒီဓားက ကစားစရာပါ... အတုကြီး ..."
လုံယွဲ့က ဘာမှမဟုတ်ဟန်ဖြင့် အပြာရောင်ဖီးနစ်ဓားကို နှစ်ချက် သုံးချက် ဝှေ့ယမ်းပြလိုက်ရာ ဓားသွားက ဆိုင်ဘေးရှိ သစ်သားတိုင်ကြီးတစ်ခုပေါ်သို့ အမှတ်မထင် ဖြတ်သန်းသွားခဲ့သည်။
ခဏချင်းအတွင်းမှာပင် လက်မောင်းခန့် တုတ်လှသော ထိုသစ်သားတိုင်ကြီးမှာ ချောမွေ့စွာ ပြတ်တောက်သွားခဲ့ပြီး တစ်ဝက်မှာ လူအုပ်ကြီး၏ မျက်စိရှေ့မှောက်တွင်တင် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြိုလဲကျသွားတော့သည်။
လူတိုင်း... "..."
ထိုသည်ကို မြင်တွေ့လိုက်ရသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။
'ဒီကစားစရာက... နည်းနည်းတော့ အထက်လွန် နေသလိုပဲ..'
"ဟွတ်... ဟွတ်..."
လုံယဲ့က ချောင်းနှစ်ချက် ဟန့်လိုက်ပြီး အပြာရောင်ဖီးနစ်ဓားကို ဓားအိမ်ထဲသို့ တိတ်ဆိတ်စွာ ပြန်လည် ထည့်သွင်းလိုက်ကာ ဈေးသည်ကြီးထံသို့ လက်ချောင်းလေး လေးချောင်း ထောင်ပြလိုက်သည်။
"ဟို... ဒါဆိုရင် ကျွန်မကို ဟင်းနုနွယ်ရွက် လေးစည်းလောက် ပေးပါဦးနော်.."
"ဪ... ရပါတယ်..."
ဈေးသည်ကြီးက ကြောင်အမ်းအမ်းဖြင့် ပြန် ထူးလိုက်ပြီး ဟင်းနုနွယ်ရွက် လေးစည်းကို ယူ၍ အိတ်ထဲသို့ ထည့်ကာ လုံယွဲ့ထံသို့ ကမ်းပေးလိုက်သည်။
လုံယဲ့က အိတ်ကို ယူဆောင်လိုက်ပြီး ဖုန်းဖြင့် ကုဒ်စကင်ဖတ်ကာ ၂၄ ယွမ် ပေးချေလိုက်ပြီးနောက် အန်ယောင်ကို ဆွဲလျက် ထိုနေရာမှ ထွက်ပြေးသကဲ့သို့ အလျင်အစလို ထွက်ခွာသွားခဲ့တော့သည်။
တကယ့်ကို အရှက်ရစရာ ကောင်းလွန်းလှသည်။
ဟင်းသီးဟင်းရွက် ဝယ်ယူရုံမျှဖြင့် လူအများ၏ ထူးဆန်းသော အကြည့်များဖြင့် အကြည့်ခံရခြင်း ဖြစ်ရာ နောက်နောင် ဤဈေးသို့ သူမ မည်သို့ လာရဲပါတော့မည်နည်း။
မြန်မြန် ဆက်ဝယ်ပြီး အိမ်ကိုပဲ ပြန်တာ ပိုကောင်းလိမ့်မည်ဟု လုံယွဲ့ စိတ်ထဲတွင် တွေးမိပြီး သူမ ပုံမှန် ဝယ်ယူနေကျ ဖြစ်သော ကြက်ဥဆိုင်ထံသို့ လျှောက်လှမ်းလာခဲ့သည်။
"အန်တီ... ကျွန်မ ကြက်ဥ လာဝယ်ပြန်ပြီနော်..."
"အရမ်းလှတဲ့ မင်းသမီးလေး ရောက်လာပြီပဲ... ဒီနေ့ လတ်ဆတ်တဲ့ ကြက်ဥအသစ်တွေ ရောက်ထားတာ ရှိတယ်.."
ဆိုင်ရှင် အန်တီကြီးက တောက်ပစွာ ပြုံးလိုက်ပြီး ပလတ်စတစ်အိတ်တစ်ခုကို ကမ်းပေးလိုက်သည်။
လုံယွဲ့က အိတ်ကို ယူဆောင်ကာ ကြက်ဥများကို တစ်လုံးချင်းစီ ဂရုတစိုက် ရွေးချယ်လိုက်သည်။ အိတ်အပြည့် ရွေးချယ်ပြီးသွားသည့်အခါ ထိုအိတ်ကို ဆိုင်ရှင် အန်တီကြီးထံသို့ ကမ်းပေးလိုက်သည်။
အန်တီကြီးက အိတ်ကို ယူဆောင်၍ အီလက်ထရွန်းနစ် ချိန်ခွင်ပေါ်သို့ တင်ကာ အလေးချိန် တွက်ချက်လိုက်ပြီးနောက် ဈေးနှုန်းကို ပြောလိုက်သည်။
"အတိအကျ ၄ ကီလို ရှိတယ်... အားလုံးပေါင်း ၂၄ ယွမ် ကျသင့်ပါတယ်... သမီးလေးအတွက် အပို နှစ်လုံး လက်ဆောင် ထည့်ပေးလိုက်မယ်နော်.."
ထိုသို့ပြောပြီးနောက် အန်တီကြီးက ဆိုင်ပေါ်မှ ကြက်ဥနှစ်လုံးကို ထပ်မံ ယူဆောင်ကာ အိတ်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အန်တီ..."
လုံယွဲ့က ကျေးဇူးတင်စိတ်ဖြင့် ပြုံးလိုက်ပြီး ဖုန်းဖြင့် ငွေပေးချေရန် ပြင်ဆင်လိုက်သော်လည်း သူမတွင် အကြွေစေ့အချို့ ကျန်ရှိနေသေးသည်ကို သတိရသွားသဖြင့် ၂၅ ယွမ်ကို ထုတ်ယူကာ အန်တီကြီးထံသို့ ကမ်းပေးလိုက်သည်။
အန်တီကြီးက ဝမ်းမြောက်စွာဖြင့် ထိုငွေကို ယူဆောင်လိုက်ပြီး အကြွေပြန်အမ်းရန်အတွက် သူမ၏ ရှေ့ရှိ အံဆွဲကို ဆွဲဖွင့်လိုက်၏။
ထိုသည်ကို မြင်တွေ့ရသည့်အခါ အန်ယောင်၏ အကြည့်များက ထက်မြက်သွားခဲ့ပြန်ပြီး သူမ၏ ဓားကို ထပ်မံ၍ ဆွဲထုတ်လိုက်ကာ ထိုအန်တီကြီး၏ လည်ပင်းထက်သို့ ဓားသွားကို တင်လိုက်ပြန်သည်။
"ရှင့်ရဲ့ လက်တွေက ဘာလုပ်နေတာလဲ... အံဆွဲထဲကနေ ဘာလက်နက် ထုတ်ဖို့ ကြံစည်နေတာလဲ.."
အဒေါ်ကြီး အလွန်ထိတ်လန့် သွားသဖြင့် နေရာတွင်ပင် တောင့်တင်းသွားပြီး လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်ရှားရဲတော့ချေ။
"တောင်းပန်ပါတယ် အန်တီ..."
လုံယွဲ့က သူမ၏ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိပြီး အန်ယောင်ကို ဘေးနားရှိ အကွယ်တစ်ခုသို့ အလျင်အစလို ဆွဲခေါ်သွားခဲ့ကာ သူမ၏ ပါးပြင်နှစ်ဖက်ကို လက်ဖြင့် ကိုင်ဆွဲ၍ ဟိုဘက်ဒီဘက်သို့ အားရပါးရ ဆွဲညှစ်တော့သည်။
"အန်ယောင်... ဒါက သာမန်လူသားတွေ နေထိုင်တဲ့ ကမ္ဘာပဲ... နတ်ဆိုးနယ်မြေထဲ ရောက်နေတာ မဟုတ်ဘူး.."
"သူတို့က ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ သာမန်လူသားတွေပဲ... မိစ္ဆာကျင့်ကြံသူတွေလည်း မဟုတ်ဘူး၊ နတ်ဆိုးတွေလည်း မဟုတ်ဘူး၊ ပြီးတော့ သားရဲတွေလည်း မဟုတ်ဘူး..."
"ဒီဧကရီရဲ့ ခွင့်ပြုချက်မရဘဲနဲ့ နောက်နောင် ဓားကို လုံးဝ ထပ်မထုတ်ရဘူး ကြားလား.."
"အူး... အူး... အူး... အန်ယောင်... အန်ယောင် နားလည်ပါပြီ..."
အန်ယောင်က ပါးပြင်များ နာကျင်လှသဖြင့် ညည်းညူရင်း နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်ရတော့သည်။
သူမအနေဖြင့် နားမလည်နိုင်။ သူမသည် ဧကရီ၏ ဘေးအန္တရာယ်ကိုသာ အစွမ်းကုန် ကာကွယ်စောင့်ရှောက်လိုခြင်း ဖြစ်ပါလျက်နှင့် ဧကရီက ဘာဖြစ်လို့ သူမအပေါ် ဤမျှအထိ ဒေါသထွက်နေရပါသနည်း။