အခန်း ၁၇၈
Vol. 18 Ch. 178
Chapter 178
~
အခန်း ၁၇၈ : အရှင်မ ဒုက္ခအများကြီး ခံခဲ့ရပြီ..
~
" ငှက်ကလေးက ချစ်စရာ ကောင်းလိုက်တာ..."
ပါးပြင်ထက်တွင် အနီရောင် အဝိုင်းလေးများရှိပြီး သေးငယ် အချိုးကျကာ ချစ်စရာကောင်းလှသည့် ကြက်တူရွေးလေးသည် သူမ၏ ပုခုံးထက်သို့ အလိုအလျောက် ပျံသန်းနားခိုလာသည့်အခါ အန်ယောင်၏ မျက်ဝန်းများ အရောင်တောက်သွား၏။
"ဒီလောက် ချစ်စရာကောင်းနေတာ... ဒါ အရှင်မ မွေးထားတဲ့ ငှက်ကလေး ဖြစ်ရမယ်.."
ကြက်တူရွေးလေးသည် ခေါင်းကို လှည့်လိုက်ပြီး သူ၏ ဝိုင်းစက်လှသော မျက်လုံးလေးများထဲတွင် မနှစ်မြို့သော အမူအရာများ ပေါ်ပေါက်လာခဲ့ကာ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည် ။
"သောက်တုံး.."
အန်ယောင်... "....."
ထိုစကားလုံး အနည်းငယ်ကြောင့် အန်ယောင် မှင်သက်သွားပြီး မျက်တောင်များကို ကြောင်အမ်းအမ်းဖြင့် ခတ်ရင်း အချိန်အတော်ကြာမှသာ အသိစိတ်ပြန်ဝင်လာခဲ့သည်။
သူမ နားကြားမှားသွားခြင်းလော။ ဤငှက်ကလေးက စကားပြောနိုင်သည့်အပြင် သူမကိုပါ လာရောက် ဆဲဆိုနေခြင်း ဖြစ်သည်။
ဤမျှအထိ ချစ်စရာကောင်းသော ငှက်ကလေးတစ်ကောင်က ဤကဲ့သို့ ရိုင်းစိုင်းလှသော စကားလုံးမျိုးကို မည်သို့ ပြောဆိုနိုင်ပါသနည်း။
လင်းဖန်က အန်ယောင်၏ အမူအရာကို ကြည့်ပြီး ရယ်လိုက်မိ၏ ။
ယခုအချိန်အထိ သူ၏အိမ်သို့ ရောက်ရှိလာကြသူ မည်သူမဆို ခြွင်းချက်မရှိဘဲ ဤငှက်စုတ်လေး၏ ဆဲဆိုကြိုဆိုခြင်းကို ခံရစမြဲ ဖြစ်သည်။ သူ၏အိမ်တံခါးထဲသို့ ဝင်ရောက်လာပြီးနောက် မလွှဲမရှောင်သာ ကြုံတွေ့ရမည့် မရှိမဖြစ် အဆင့်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
"တကယ့်ကို ပါးစပ်သရမ်းတဲ့ ငှက်ပဲ..."
အန်ယောင် သတိပြန်ဝင်လာခဲ့ပြီးနောက် မကျေမနပ် ပြောလိုက်သည်။
သူမသည် အင်မော်တယ်လောကတွင် ထူးဆန်းသော စရိုက်လက္ခဏာမျိုးစုံရှိသည့် ငှက်များနှင့် သားရဲတိရစ္ဆာန် အမြောက်အမြားကို မြင်တွေ့ဖူးခဲ့ပြီး အချို့ဆိုလျှင် စကားကို သွက်လက်စွာ ပြောဆိုနိုင်ကြသည်။ သို့သော်လည်း ဤမျှအထိ စရိုက်ဆိုးဝါးလှသော ငှက်မျိုးကိုမူ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးချေ။
မှန်ပေသည်။
အန်ယောင်၏ စကားကို ကြားလိုက်ရသည့်အခါ လင်းဖန်နှင့် လုံယွဲ့တို့က ဒေါသထွက်ခြင်း မရှိသည့်အပြင် တစ်ဦးကိုတစ်ဦး ထောက်ခံသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး စိတ်ထဲမှနေ၍ လက်မထောင်ပြလိုက်ကြသည်။
ဤသည်က သာမန်လူသားတစ်ဦးတွင် ရှိသင့်ရှိထိုက်သော တုံ့ပြန်မှုမျိုးပင်။
မေ့ကျီနှင့် အခြားသူ သုံးဦးကဲ့သို့ ဆဲဆိုခြင်းခံရပြီးနောက်တွင်ပင် ဤ ငှက်စုတ်လေးကို တတွတ်တွတ် ချီးကျူးနေကြသည့် ပုံစံမျိုး မဟုတ်ချေ။
လင်းဖန်နှင့် လုံယွဲ့တို့နှင့် မတူဘဲ ဘေးနားရှိ မေ့ကျီမှာမူ ထိုစကားကို ကြားရသည့်အခါ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ပြောလိုက်သည်။
"အသိဉာဏ်ကင်းမဲ့တဲ့ အင်မော်တယ်... နင် ဒီငှက်ကို စော်ကားပြောဆိုခွင့်မရှိဘူး... ဒါက မြင့်မြတ်လှတဲ့ နတ်ဆိုးအရှင်ရဲ့ ငှက်ပဲ... သူ့ရဲ့ အဆင့်အတန်းက ငါတို့ နတ်ဆိုးစစ်သူကြီး လေးဦးရဲ့ အထက်မှာ ရှိတယ်.."
သူ ပြောဆိုနေစဉ်မှာပင် ကြက်တူရွေးလေးသည် အန်ယောင်၏ ပုခုံးထက်မှ ပျံသန်းသွားပြီး မေ့ကျီ၏ ပုခုံးထက်သို့ နားခိုလိုက်ကာ စကားကို နားလည်နေသည့်အလား သူ၏ ခေါင်းလေးကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် မော့ပြလိုက်သည်။
"မေ့ကျီ... ဖြစ်နိုင်ရင် နောက်တစ်ကြိမ်ကျရင် နတ်ဆိုးအရှင်ရဲ့ ငှက် ဆိုတဲ့ စကားလုံးမျိုးကို မသုံးပါနဲ့တော့..."
လင်းဖန်က မတတ်သာဘဲ ကြားဖြတ်ပြောဆိုလိုက်ရသည်။
မေ့ကျီက ထိုစကားလုံးကို ပြောသည့်အချိန်တိုင်း သူ၏ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားရလေ့ရှိသည်။
ထို့ပြင် ဤငှက်စုတ်လေးက သူ၏ နှလုံးသားထဲတွင် ဤမျှအထိ မြင့်မားသော အဆင့်အတန်းမျိုး မရှိချေ။
သူ့ကို ဟင်းချက်မစားသေးခြင်းမှာ သူ့တွင် ရှိသော အသားငါးကျပ်သားခန့်က အားစိုက်ရကျိုးမနပ်ဟု ယူဆသောကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက လွန်ခဲ့သောအချိန်ကတည်းက ဟင်းအိုးထဲသို့ ရောက်ရှိသွားခဲ့လေပြီ ။
"ဪ... ဒီငှက်က နတ်ဆိုးအရှင်ရဲ့ ငှက်ကိုး.."
"ဒီငှက်က ဒီလောက်အထိ စရိုက်ဆိုးဝါးနေတာ မဆန်းတော့ပါဘူး.."
ကြက်တူရွေးလေးသည် လင်းဖန်၏ ငှက်ဖြစ်ကြောင်း သိသွားပြီးနောက် အန်ယောင်၏ သဘောထားမှာ ချက်ချင်းပင် ၁၈၀ ဒီဂရီ ပြောင်းလဲသွားသည်။ စောစောက ရှိခဲ့သော ချစ်ခင်မြတ်နိုးစိတ်များအားလုံး ပျောက်ကွယ်သွားပြီး မနှစ်မြို့သော အမူအရာများဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
မြင့်မြတ်လှသော အရှင်မ၏ စရိုက်လက္ခဏာနှင့်ဆိုလျှင် ဘေးနားရှိ အိမ်မွေးတိရစ္ဆာန်တိုင်းသည် လိမ်မာရေးခြားရှိပြီး ချစ်စရာကောင်းနေရမည် ဖြစ်သည်။
ယခု ဤငှက်၏ ပါးစပ်က ဤမျှအထိ ကြမ်းတမ်းရိုင်းစိုင်းနေခြင်းမှာ နတ်ဆိုးအရှင်၏ ဘေးနားတွင် နေထိုင်ခဲ့ရသောကြောင့်သာ ဖြစ်ရမည်။
လင်းဖန်က အန်ယောင်ကို စိတ်ပျက်စွာကြည့်လိုက်ပြီး...
"ဒီစကားကိုတော့ ငါ သိပ်ပြီး သဘောမကျဘူးနော်... ဒီငှက်စုတ်လေးကို ငါနဲ့ ယွဲ့အာက သူငယ်ချင်းတစ်ယောက်ဆီကနေ အမှတ်တရ အနေနဲ့ ယူမွေးထားတာ... သူ့ ပါးစပ်သရမ်းတာက အရင်ပိုင်ရှင်ကြောင့်လေ.. ငါနဲ့ ဘာမှမဆိုင်ဘူး.."
"မကောင်းတဲ့ အရာရာတိုင်းကို ငါ့အပေါ်ချည်းပဲ လာပြီး အပြစ်မပုံချပါနဲ့.."
"ဪ..."
အန်ယောင်က မယုံကြည်နိုင်ဟန်ဖြင့် စောင်းငဲ့ကြည့်လိုက်မိပြီး ကဲ့ရဲ့လှောင်ပြောင်သော လေသံဖြင့် သြော် တစ်လုံးတည်းကို ရေရွတ်လိုက်သည် ။
"ဟမ့်.. အသိဉာဏ်ကင်းမဲ့တဲ့ အင်မော်တယ်.."
မေ့ကျီက နှာခေါင်းရှုံ့လိုက်ပြီး...
"ဒီငှက်ရဲ့ စရိုက်က ဆိုးဝါးတာ မဟုတ်ဘူး... မြင့်မြတ်လှတဲ့ နတ်ဆိုးအရှင်ရဲ့ ခန့်ညားထည်ဝါတဲ့ အရှိန်အဝါတွေကို အမွေဆက်ခံထားတာပဲ... ဒါက ငါတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ အုပ်စိုးသူအရှိန်အဝါကို ပေါ်လွင်စေတယ်.."
ထိုသို့ပြောဆိုရင်း မေ့ကျီသည် သူ၏ ပုခုံးထက်ရှိ ကြက်တူရွေးလေးကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လင်းဖန်.... "..."
လင်းဖန် ဆွံ့အ နေချေသည် ။
သူက အခြေအနေကို သေသေချာချာ ရှင်းပြခဲ့ပါသော်လည်း မေ့ကျီ၏ စကားတစ်ခွန်းကြောင့် သူ၏ နာမည်ဂုဏ်သတင်းမှာ ပြန်လည် ဖြူစင်ရန် မည်သို့မှ မဖြစ်နိုင်တော့ချေ။
ဤငှက် ဤကဲ့သို့ ဖြစ်လာအောင် သူကိုယ်တိုင် သီးသန့် သင်ကြားပြသပေးခဲ့သည့်အလား ထင်မှတ်စရာ ဖြစ်သွားသည်။
"မေ့ကျီ... မင်း အလုပ်သွားရမယ့် အချိန် ရောက်တော့မယ် ထင်တယ်..."
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဆိုးအရှင်... ကျွန်တော်မျိုး အခုပဲ အလုပ်သွားပါတော့မယ်.."
မေ့ကျီက နံရံကပ်နာရီပေါ်ရှိ အချိန်ကို မော့ကြည့်လိုက်ပြီးနောက် သူ၏ ပုခုံးထက်မှ ကြက်တူရွေးလေးကို စားပွဲပေါ်သို့ ရိုသေစွာဖြင့် ပြန်လည် ချထားပေးလိုက်သည်။
"အင်း... သွားတော့.."
လင်းဖန်က ခေါင်းကို အသာ ညိတ်ပြလိုက်ပြီး မေ့ကျီ အပြင်သို့ မထွက်ခွာမီ သတိပေးစကား တစ်ခွန်း ထပ်မံ မှာကြားလိုက်သည်။
"ငါ မှာထားတဲ့ ကိစ္စကိုလည်း မမေ့နဲ့ဦး.."
"ဟုတ်ကဲ့ပါ အရှင်..."
မေ့ကျီက အဓိပ္ပာယ်ကို သဘောပေါက်သွားသဖြင့် နာခံစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
"အရှင်မ... သူပြောတဲ့ အလုပ်သွားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲဟင်... နတ်ဆိုးမျိုးနွယ်စုတွေက ဒီကမ္ဘာပေါ်မှာ တစ်ခုခု ကြံစည်နေကြတာလား.."
မေ့ကျီ ထွက်ခွာသွားသည်ကို ကြည့်ရင်း အန်ယောင်သည် လုံယွဲ့၏ ဘေးနားသို့ တိုးကပ်လိုက်ကာ စူးစမ်းလိုစိတ်ဖြင့် အသံတိုးတိုး မေးလိုက်သည်။
သူမသည် မနေ့ညကတည်းက မေ့ကျီတို့ထံမှ အလုပ်သွားသည်ဟူသော စကားလုံးကို ကြားသိခဲ့ရခြင်း ဖြစ်ပြီး ယခုအခါတွင်လည်း သူက ထိုအကြောင်းပြချက်ဖြင့် အပြင်သို့ ထွက်ခွာသွားသဖြင့် စိတ်ထဲတွင် သံသယများနှင့် စိုးရိမ်စိတ်များ ဝင်လာသည်။
ဤနတ်ဆိုးမျိုးနွယ်စုဝင်များသည် အခွင့်ကောင်းယူကာ ဤကမ္ဘာကို သိမ်းပိုက်ရန် ကြိုးစားနေကြခြင်းလော။
အန်ယောင်၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်တွေ့ရသည့်အခါ လုံယွဲ့က အသာ ပြုံးလိုက်ပြီး ရှင်းပြသည်။
"စိတ်မပူပါနဲ့... သူတို့က ငွေရှာဖို့အတွက် သာမန်အတိုင်း အလုပ်သွားလုပ်ကြတာပါ.."
"ဒီလူ့လောကမှာ ငွေကြေးက အရမ်း အရေးပါပြီး နေရာတိုင်းမှာ သုံးစွဲရတယ်... အလုပ်လုပ်ပြီး ငွေရှာမှသာ နေ့စဉ် လူမှုဘဝ ကုန်ကျစရိတ်တွေကို ကာမိမှာလေ.."
"သူတို့တင်မကဘူး... ငါကိုယ်တိုင်လည်း ဒီကမ္ဘာမှာ အလုပ်တစ်ခု လုပ်နေတာပဲ.."
ထိုစကားကို ကြားလိုက်ရသည့်အခါ အန်ယောင် အံ့ဩတုန်လှုပ်သွားသည်။
"ဧ... ဧကရီအရှင်မ... အရှင်မကိုယ်တိုင်လည်း ငွေရှာဖို့အတွက် အလုပ်လုပ်နေရတာ ဟုတ်လား.."
"အင်း... ဟုတ်တယ်... ငါက တစ်လတစ်လကို ငွေအတော်လေး များများ ရှာနိုင်တယ်နော်..."
လုံယွဲ့သည် သူမ၏ ဖြူစင်ဝင်းပသော လည်တိုင်လေးကို ဂုဏ်ယူစွာဖြင့် မော့လိုက်ပြီး မျက်နှာထက်တွင် အောင်နိုင်သူတစ်ဦးကဲ့သို့ စိတ်ကျေနပ်စွာ ပြုံးလိုက်သည် ။
သူမ၏ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ခြင်း လုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် အောင်မြင်နေခဲ့ပြီး အံ့ဩစရာကောင်းလောက်အောင်ပင် ဖော်လိုဝါ ၁.၅ သန်းအထိ ရှိနေခဲ့ပြီ ဖြစ်သည်။ သူမ တိုက်ရိုက်ထုတ်လွှင့်သည့် နေ့တိုင်းတွင် အနည်းဆုံး ပရိသတ် သောင်းနှင့်ချီ၍ စောင့်ကြည့်လေ့ရှိကြပြီး ဤသည်ကို သူမအနေဖြင့် လေးလမပြည့်ခင် အချိန်တိုအတွင်း၌ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းဖန် ပြောခဲ့ဖူးသည့်အတိုင်း ဤကမ္ဘာတွင် ဤမျှလောက်သော အချိန်တိုအတွင်း ပရိသတ်အမြောက်အမြားကို ဆွဲဆောင်နိုင်ခြင်းက အွန်လိုင်းလုပ်ငန်းလောက၌ အံ့ဩစရာကောင်းသော အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။
လုံယွဲ့က သူမ၏ အောင်မြင်မှုများအပေါ် ဂုဏ်ယူဝင့်ကြွားနေစဉ်မှာပင် အန်ယောင်မှာမူ ခေါင်းကို စိတ်ဓာတ်ကျစွာဖြင့် ငုံ့ချလိုက်မိသည်။
မြင့်မြတ်လှသော ဧကရီအရှင်မအနေဖြင့် ဤကမ္ဘာတွင် ငွေကြေးအတွက် အလုပ်လုပ်ရသည့်အဆင့်အထိ ကျဆင်းသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ စောစောက ဈေးဝယ်သည့်အချိန်တွင် ဧကရီ ဈေးဆစ်နေရသည်ကို ယခုမှပင် သဘောပေါက်သွားတော့သည်။
သူမ ဧကရီ၏ ဘေးနားတွင် မရှိခဲ့သော အချိန်ကာလအတွင်း ဧကရီသည် မည်မျှအထိ ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရမည်နည်း။
ထိုသို့ တွေးတောမိသည့်အခါ သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များမှာ ထိန်းမရဘဲ စီးကျလာခဲ့တော့သည်။
"အရှင်မ... အရှင်မ တကယ်ကို ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရတာပဲ..."
"ဟမ်..."
အန်ယောင်၏ ရုတ်တရက် ဝမ်းနည်းကိုယ်ချင်းစာမှုကြောင့် လုံယွဲ့ဇဝေဇဝါ ဖြစ်သွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
သူမအနေဖြင့် ဤကမ္ဘာသို့ စတင်ရောက်ရှိခါစအချိန်က ပတ်ဝန်းကျင်နှင့် စိမ်းသက်နေခဲ့သဖြင့် အနည်းငယ် ညှိုးငယ်ခဲ့ရသည်မှာ အမှန်ပင် ဖြစ်သော်လည်း တဖြည်းဖြည်း အသားကျလာခဲ့ပြီးနောက်တွင်မူ နေ့စဉ်နေ့တိုင်း သစ်သီးများ၊ ကိတ်မုန့်များ၊ မုန့်ပဲသရေစာများကို အဝစားသုံးနေခဲ့ရသည်။ ထို့ပြင် တိုက်ရိုက်ထုတ်လွှင့်ရင်း ပရိသတ်များနှင့် စကားပြောဆိုခြင်း၊ ဂိမ်းဆော့ခြင်း၊ ဖုန်းသုံးခြင်းနှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်း စသည်တို့ကိုသာ လုပ်ဆောင်နေခဲ့ရသဖြင့် ပင်ပန်းဆင်းရဲလှသည်ဟု မဆိုနိုင်ချေ။
"တကယ်တော့ အဆင်ပြေပါတယ်... ငါ့ရဲ့ အလုပ်က လွယ်ကူပြီး သက်တောင့်သက်သာ ရှိတယ်... နင် အရမ်းကြီး စိုးရိမ်မနေပါနဲ့.."
ထိုစကားကို ကြားရသည့်အခါမှသာ အန်ယောင် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။ သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်ရင်း စူးစမ်းလိုစိတ်ဖြင့် ထပ်မံ မေးလိုက်သည်။
"အရှင်မ... အရှင်မ ဒီကမ္ဘာမှာ လုပ်နေတဲ့ အလုပ်က ဘာအလုပ်မျိုးလဲဟင်.."
"ဟီးဟီး..."
လုံယွဲ့က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြုံးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့်...
"streamer လေ..."