အခန်း ၁၇၉
Vol. 18 Ch. 179
Chapter 179
~
အခန်း ၁၇၉ : ငါ့နောက် လိုက်ခဲ့
~
"streamer ဟုတ်လား.."
အန်ယောင်က နားမလည်သော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
သူမ တစ်ကြိမ်တစ်ခါမှ မကြားဖူးသော အလုပ်အကိုင်မျိုး ဖြစ်နေသဖြင့် ဤအလုပ်က မည်သို့သော အလုပ်မျိုး ဖြစ်သည်ကို စိတ်ကူးပုံဖော်၍ မရပေ။
လုံယွဲ့သည် သူမကို ရှင်းပြရန် ခက်ခဲလိမ့်မည်ကို သိသဖြင့် ဖုန်းထဲရှိ တိုက်ရိုက်ထုတ်လွှင့်သည့် ဆော့ဖ်ဝဲလ်တစ်ခုကို ဖွင့်လိုက်ပြီး တွေ့ကရာ streamerတစ်ဦး၏ ဗီဒီယိုအခန်းထဲသို့ ဝင်ပြလိုက်သည်။
ထိုဗီဒီယိုအခန်းအတွင်း၌ အမျိုးသမီး လွှင့်ထုတ်သူတစ်ဦးသည် ဆွဲဆောင်မှုရှိပြီး ကျပ်ထုပ်နေသော အဝတ်အစားများကို ဝတ်ဆင်၍ ကင်မရာအရှေ့တွင် ညှို့ဓာတ်ပြင်းလှသော အမူအရာများကို ပြုလုပ်နေခဲ့သည်။
"အ..အရှင်မ... ဒါ... အခုလုပ်နေတဲ့ အလုပ်ဆိုတာ ဒါမျိုးလား..."
အန်ယောင်သည် ဖုန်းမျက်နှာပြင်ပေါ်ရှိ အမျိုးသမီးကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်ရင်း စိတ်ထဲတွင် ဝမ်းနည်းမှုများ တလိပ်လိပ် တက်လာခဲ့သည်။
မြင့်မြတ်လှသော ဧကရီအရှင်မသည် အခြားလူများကို ဖျော်ဖြေရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို ဤမျှ ထုတ်ဖော်ပြသရသည့်အဆင့်အထိ ကျဆင်းသွားခဲ့ရလေသလော။
"ဟင်..."
လုံယွဲ့က ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည့် အခါမှသာ သူမ မှားယွင်းစွာ နှိပ်မိသွားခြင်းဖြစ်ကြောင်း သတိပြုမိသွားခဲ့သဖြင့် ထိုဗီဒီယိုအခန်းကို လျင်မြန်စွာ ပိတ်ပစ်လိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ငါ ဒီလိုမျိုး လွှင့်တာ မဟုတ်ဘူး.."
ထိုသို့ပြောရင်း ဂိမ်းတိုက်ရိုက်ထုတ်လွှင့်နေသည့် အမျိုးသားတစ်ဦး၏ ဗီဒီယိုအခန်းကို ထပ်မံ ဖွင့်ပြလိုက်သည်။
"ကြည့်စမ်း... ဒါကမှ ငါလုပ်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်ခြင်း အလုပ်ပဲ... ငါက ဂိမ်းဆော့ရင်းနဲ့ ဒီသာမန်လူသားတွေနဲ့ စကားပြောရုံပဲ လုပ်ရတာ.."
"ဂိမ်းဆော့ပြီး သာမန်လူသားတွေနဲ့ စကားပြောရုံတင်နဲ့ ငွေရှာလို့ရတယ် ဟုတ်လား.."
အန်ယောင်က ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။
သူမ၏ အသိစိတ်ထဲတွင်မူ သာမန်လူသားများသည် ကာယလုပ်အားဖြင့်သော်လည်းကောင်း သို့မဟုတ် မိမိတို့၏ အနုပညာအတတ်ပညာများကို ပြသ၍သော်လည်းကောင်း ငွေရှာကြသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဂိမ်းဆော့ရင်း စကားပြောရုံမျှဖြင့် ငွေရှာနိုင်သော အလုပ်မျိုးကိုမူ သူမ တစ်ခါမှ မမြင်တွေ့ဖူးချေ။
"အတိအကျပဲ... ဒါက ဒီကမ္ဘာမှာပဲ ရှိတဲ့ ထူးခြားတဲ့ အလုပ်အကိုင်မျိုးပေါ့... စောင့်ကြည့်တဲ့ လူတွေ ပိုများလေလေ.. ငွေ ပိုရလေလေပဲ.."
လုံယွဲ့က ပြုံးလိုက်ပြီး သူမ၏ ကိုယ်ပိုင်အကောင့်ကို စိတ်အားထက်သန်စွာဖြင့် ဖွင့်ပြလိုက်ပြန်သည်။
"ဒါက ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အကောင့်ပဲ... အခုဆိုရင် ဖော်လိုဝါ ၁.၅ သန်းတောင် ရှိနေပြီနော်.."
အန်ယောင်က ဖုန်းမျက်နှာပြင်၏ အနားသို့ တိုးကပ်ကြည့်ရှုလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
"အရှင်မ... ဖော်လိုဝါ ၁.၅ သန်းဆိုတာ ဘာကို ဆိုလိုတာလဲဟင်.."
"ဟင်း ဟင်း... ဖော်လိုဝါ ၁.၅ သန်းဆိုတာက ဒီကမ္ဘာပေါ်က သာမန်လူသား ၁.၅ သန်းက ငါ့ကို အစဉ်အမြဲ စောင့်ကြည့်ပြီး ဝန်းရံနေကြတယ်လို့ ဆိုလိုတာပေါ့.."
လုံယွဲ့သည် သူမ၏ ဖြူစင်လှသော လည်တိုင်လေးကို မော့၍ ဂုဏ်ယူဝင့်ကြွားနေပြီး နှာခေါင်းမှာ ကောင်းကင်ပေါ်သို့ ရောက်လုမတတ် ရှိနေချေသည်။
"သာမန်လူသား ၁.၅ သန်းက အရှင်မကို ဝန်းရံနေကြတာ ဟုတ်လား.."
အန်ယောင်မှာ အံ့သြသွားပြီးနောက် ထိုအံ့ဩမှုများမှာ တဖြည်းဖြည်းနှင့် နက်ရှိုင်းလှသော ကြည်ညိုလေးစားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဧကရီအရှင်မက မျှော်လင့်ထားတဲ့အတိုင်းပါပဲ... ဘာအားစိုက်ထုတ်မှုမှ မလိုဘဲနဲ့ ဒီကမ္ဘာက သာမန်လူသားတွေကို အလွယ်တကူပဲ အောင်နိုင်ခဲ့တာ... အန်ယောင် တကယ်ကို ကြည်ညိုလေးစားမိပါတယ်.."
"ဪ... ဒါက ဘာမှမဟုတ်ပါဘူး... ငါ့အတွက်တော့ အရမ်း လွယ်ပါတယ်.."
လုံယွဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး...
"နောင်နောင်ကျရင် ငါ့ရဲ့ ပရိသတ်အရေအတွက်က ၁၅ သန်း... အဲ့ဒီကနေ သန်း ၁၅၀ အထိ တိုးသွားဦးမှာ... ဟားဟားဟား..."
လုံယွဲ့က လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် နောင်တစ်ချိန်တွင် ပရိသတ် သန်းပေါင်းများစွာ ရှိလာမည့် အိပ်မက်ကမ္ဘာထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ပြီး ဤကမ္ဘာတစ်ခုလုံးကို သူမ စိုးမိုးအုပ်ချုပ်နေသည့်အလား ခံစားနေမိတော့သည်။
သူမတွင်သာ ပရိသတ် သန်းပေါင်းများစွာ ရှိလာခဲ့ပါက ဤကမ္ဘာ၏ သမ္မတရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဧကရီအဖြစ် ထပ်မံ အုပ်ချုပ်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
"ဖြောင်း... ဖြောင်း... ဖြောင်း..."
အန်ယောင်က ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဖြည်းဖြည်းချင်း လက်ခုပ်တီးလိုက်သည်။
"အန်ယောင်က အရှင်မကို အပြည့်အဝ ယုံကြည်ပါတယ်... အရှင်မရဲ့ မြင့်မြတ်လှတဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီကမ္ဘာပေါ်က သာမန်လူသားအားလုံးကို ဒူးထောက်လာအောင် သေချာပေါက် လုပ်ဆောင်နိုင်မှာပါ.."
လင်းဖန်က ဘေးနားတွင် ထိုင်၍ လုံယွဲ့နှင့် အန်ယောင်တို့၏ အပြန်အလှန် စကားပြောဆိုမှုများကို ဆွံ့အစွာ စိုက်ကြည့်နေသည်။
တစ်ယောက်က ရဲရဲရင့်ရင့်ကြွားရဲသလို နောက်တစ်ယောက်ကလည်း အဟုတ်မှတ်ပြီး ယုံကြည်နေသည်။
ဤကမ္ဘာပေါ်တွင် ပရိသတ် ဆယ်သန်းကျော်ရှိသော တိုက်ရိုက်လွှင့်သူ အနည်းငယ်သာ ရှိပြီး သန်းတစ်ရာကျော် ရှိသည်ဟူ၍မူ သူ တစ်ခါမှ မကြားဖူးချေ။
သို့သော်လည်း လုံယွဲ့တစ်ယောက် စိတ်ကူးယဉ်အိပ်မက်ထဲတွင် နစ်မြုပ်နေပြီး မျက်နှာထက်၌ မျှော်လင့်ချက်များနှင့် ယုံကြည်မှုများ ပြည့်နှက်နေသည်ကို မြင်တွေ့ရသည့်အတွက် ရေအေးဖြင့် ပက်ဖျန်းကာ စိတ်ဓာတ်မကျစေချင်ပေ။
'ထားလိုက်ပါတော့... ကလေးမလေး ပျော်နေရင် ပြီးတာပါပဲ..နည်းနည်းလောက် စိတ်ကူးယဉ်တာကလည်း မကောင်းတာတော့ မဟုတ်ပါဘူး..'
"အန်ယောင်... နင်ကော နောင်တစ်ချိန်မှာ ငါ့ကို ဝန်းရံမယ့် ပရိသတ် သန်းပေါင်းများစွာထဲက တစ်ယောက် ဖြစ်ချင်လား.."
စိတ်ကူးယဉ်ရာမှ အသိစိတ် ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် လုံယွဲ့က အန်ယောင်ကို လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။
အန်ယောင်သည် တွန့်ဆုတ်ခြင်းမရှိဘဲ လုံယွဲ့၏ ရှေ့သို့ ချက်ချင်း လျှောက်သွားကာ ဒူးတစ်ဖက်ထောက်၍ ရိုသေစွာဖြင့်...
"ဧကရီအရှင်မ... ဘယ်နေရာကိုပဲ ရောက်ရောက်... အန်ယောင်က အရှင်မရဲ့ နောက်ကို သေသည်အထိ သစ္စာရှိရှိ လိုက်ပါသွားဖို့ သစ္စာဆိုပါတယ်.."
"ကောင်းတယ်.."
လုံယွဲ့၏ မျက်နှာထက်တွင် ဝမ်းသာသော အပြုံးများ ပေါ်ပေါက်လာခဲ့ပြီး သူမကို လက်ဖြင့် အသာ ဆွဲထူလိုက်သည်။
"ခဏနေကျရင် ငါ နင့်ကို မှတ်ပုံတင်လုပ်ဖို့ ကူညီပေးမယ်... ပြီးရင် ဖုန်းဆင်းကတ်ထုတ်ပြီး ဖုန်းတစ်လုံးပါ ဝယ်ပေးမယ်.."
"နင် ဆော့ဖ်ဝဲလ်အကောင့် ဖွင့်ပြီးသွားတာနဲ့ ငါ့ရဲ့ နာမည်ကို ရှာပြီး ဖော်လိုး လုပ်လိုက်ဦး... အဲ့ဒီလိုဆိုရင် နင်က ငါ့ကို ဝန်းရံမယ့် ပရိသတ်တွေထဲက တစ်ယောက် ဖြစ်သွားပြီ.."
"ဟုတ်ကဲ့ပါ အရှင်မ.."
အန်ယောင်က ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်ပြီး သူမအနေဖြင့် အရှင်မကို ဝန်းရံမည့် ပရိသတ်တစ်ဦး ဖြစ်ခွင့်ရတော့မည် ဖြစ်သဖြင့် စိတ်ထဲတွင် ဂုဏ်ယူနေမိသည်။
"လင်းဖန်..."
လုံယွဲ့က ခေါင်းကို လှည့်လိုက်ပြီး သူမ၏ တောက်ပလှသော မျက်ဝန်းလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်ကာ လေသံထဲတွင် အနည်းငယ်ချွဲနွဲ့သည့် အမူအရာများ ပါရှိနေခဲ့သည်။
သူမအနေဖြင့် စကားလုံးများစွာ ထပ်မံပြောဆိုရန် မလိုချေ။ လင်းဖန်သည် သူမ ဘာကို အလိုရှိနေသည်ကို အလိုအလျောက် သဘောပေါက်ပြီးသား ဖြစ်သည်။
လွန်ခဲ့သောအချိန်က သူမကို မှတ်ပုံတင်ပြုလုပ်ပေးစဉ်က သူမအနေဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ဖြုန်းတီးသည်ဟု ဆိုကာ မကျေမနပ် ဖြစ်ခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ယခုအခါတွင်မူ သူမ၏ အကောင့်ထဲ၌ ပရိသတ်တစ်ဦး ပိုမိုရရှိစေရန်အတွက် အန်ယောင်ကို မှတ်ပုံတင်ပြုလုပ်ပေးရန် သူ့ကို လာရောက် တောင်းဆိုနေခြင်း ဖြစ်သည်။
ဧကရီက တကယ့်ကို ပြောင်းလဲသွားခဲ့ပေပြီ။
"သွားကြစို့.."
လင်းဖန်က ဆိုဖာပေါ်မှ ထလိုက်ပြီး လုံယွဲ့ကို အလိုလိုက်သော အပြုံးဖြင့် ပြုံးပြလိုက်သည် ။
မည်သို့ပင်ဖြစ်စေ သူသည် အန်ယောင်အတွက် မကြာမီ မှတ်ပုံတင်နှင့် ဖုန်းတစ်လုံးကို စီစဉ်ပေးရန် စိတ်ကူးရှိပြီးသား ဖြစ်သည့်အပြင် ယခုအခါ ဤသည်က သူ၏ ချစ်လှစွာသော ဇနီးလေး၏ ဆန္ဒလည်း ဖြစ်နေသည် မဟုတ်ပါလော။
"ဟီးဟီး..."
လုံယွဲ့က တောက်ပစွာ ပြုံးလိုက်ပြီး သူ့ကို အခန်းထဲမှ စိတ်အားထက်သန်စွာဖြင့် ဆွဲခေါ်သွားသည်။
သူတို့ သုံးဦးသည် ပထမဦးစွာ ရဲစခန်းသို့ သွားရောက်ကာ မှတ်ပုံတင် ပြုလုပ်ခဲ့ကြပြီးနောက် ဆက်သွယ်ရေးရုံးသို့ သွားရောက်ကာ ဖုန်းဆင်းကတ် ထုတ်ယူ၍ လမ်းဘေးရှိ ဆိုင်တစ်ခုမှ ဖုန်းတစ်လုံးကိုပါ တစ်ပါတည်း ဝယ်ယူခဲ့ကြသည်။
ဖုန်း ရရှိသည့် အချိန်တွင် အန်ယောင်သည် လုံယွဲ့၏ လမ်းညွှန်ပြသမှုအောက်၌ အကောင့်တစ်ခုကို လျင်မြန်စွာ ဖွင့်လိုက်ပြီး လုံယွဲ့၏ အကောင့်ကို ဖော်လိုလုပ်ကာ သူမကို ဝန်းရံမည့် ပရိသတ်တစ်ဦးအဖြစ်သို့ တရားဝင် ရောက်ရှိသွားခဲ့တော့သည်။
သူမ၏ အကောင့်ထဲတွင် ပရိသတ်တစ်ဦး ထပ်မံတိုးလာခဲ့သဖြင့် လုံယွဲ့ ဝမ်းသာသွားပြီး အန်ယောင်ကို သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုအခန်းအတွင်း၌ စီမံခန့်ခွဲသူ အဖြစ် ချက်ချင်း ခန့်အပ်လိုက်တော့သည်။
"ဒီနေ့ကစပြီး နင်က ငါ့ ကျိရှန့်ထျန်းကုန်း တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ စီမံခန့်ခွဲသူ ဖြစ်သွားပြီ.."
"အရှင်မ... စီမံခန့်ခွဲသူဆိုတာ ဘာကို ဆိုလိုတာလဲဟင်.."
"စီမံခန့်ခွဲသူဆိုတာက ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အုပ်ချုပ်ရတဲ့ လူပဲ... သူတို့ရဲ့ တာဝန်ကတော့ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ ငြိမ်သက်မှုနဲ့ စနစ်တကျ ရှိမှုကို ထိန်းသိမ်းဖို့အတွက် ငါ့ကို ကူညီပေးရတာ.."
"အကယ်၍ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အချိန်မှာ ပြဿနာရှာတဲ့လူ သို့မဟုတ် ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောဆိုတဲ့လူကို မြင်တွေ့ရရင် စီမံခန့်ခွဲသူအနေနဲ့ သူတို့ကို စကားပြောခွင့် ပိတ်လိုက်လို့ရတယ်... အဲ့ဒီလိုဆိုရင် သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဘာစကားမှ ထပ်ပြီး မပြောနိုင်တော့ဘူး.."
လုံယွဲ့က စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။
သူမအနေဖြင့် ဂိမ်းဆော့ရင်း တစ်ဖက်တွင်လည်း ပရိသတ်များ၏ စာသားများကို စီမံခန့်ခွဲရန်အတွက် ခက်ခဲနေသည်။ အထူးသဖြင့် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် စောင့်ကြည့်သူ အမြောက်အမြားရှိပြီး လူအမျိုးမျိုး ပါဝင်နေသဖြင့် သူမကို ကူညီပေးမည့် သီးသန့် စီမံခန့်ခွဲသူတစ်ဦး လိုအပ်နေ၏။
အန်ယောင် ရောက်ရှိလာခြင်းက သူမ အတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားသည်။
သူမ ငယ်စဉ်ကတည်းက ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သော အနီးကပ် အစေခံမလေး ဖြစ်သည့်အတိုင်း သူမ၏ သစ္စာရှိမှုအပေါ် သံသယဖြစ်စရာ မလိုချေ။ ထို့ပြင် သူမသည် အလုပ်လုပ်ရာတွင်လည်း အစဉ်အမြဲ လေးနက်တည်ကြည်ပြီး တာဝန်သိတတ်သူ ဖြစ်သည်။ လုံယွဲ့အနေဖြင့် ဤစီမံခန့်ခွဲသူ ရာထူးကို သူမထံသို့ လွှဲပြောင်းပေးအပ်ရန် အလွန်ပင် စိတ်အေးရသည်။
အန်ယောင်က အသေအချာ နားထောင်နေမိပြီး မျက်ဝန်းများထဲတွင် တဖြည်းဖြည်းနှင့် မျှော်လင့်တောင့်တမှုများ ပေါ်ပေါက်လာခဲ့သည်။
သူမအနေဖြင့် စီမံခန့်ခွဲသူဟူသော ရာထူးကို အပြည့်အဝ နားမလည်သေးသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူများကို သူမစိတ်ကြိုက် စကားပြောခွင့် ပိတ်ပင်နိုင်သည်ဟူသော အချက်ကို သိရှိလိုက်ရသည့် အချိန်၌ ဤရာထူးမှာ သာမန်ထက် ထူးကဲလွန်းလှသည်ကို သဘောပေါက်လိုက်သည်။
အရှင်မ၏ ကိုယ်စား တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ လူများ၏ အသက်ကို ပိုင်စိုးခွင့် ရရှိလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤသည်က အရှင်မအနေဖြင့် သူမအပေါ် ထားရှိသော လေးနက်လှသည့် ယုံကြည်မှု ဖြစ်ပေသည်။
"ဘယ်လိုလဲ... အန်ယောင်... နင် ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ စီမံခန့်ခွဲသူအဖြစ် တာဝန်ထမ်းဆောင်ဖို့ အလိုရှိရဲ့လား.."
လုံယွဲ့က အမူအရာကို ပြင်လိုက်ပြီး အင်မော်တယ်လောကတွင် ဧကရီတစ်ပါးအနေဖြင့် ပြောလေ့ရှိသော လေသံမျိုးကို အသုံးပြုလိုက်သည်။
ဤခဏတွင် ဆိုဖာပေါ်၌ ထိုင်နေသော သူမ၏ ပုံစံမှာ နန်းတော်ကြီးအတွင်းရှိ ရာဇပလ္လင်ပေါ်တွင် ထိုင်၍ လက်အောက်ခံကို ရာထူးအာဏာများ အပ်နှင်းနေသည့်အလား ထင်မှတ်ရသည်။
အန်ယောင်က ဒူးတစ်ဖက်ထောက်၍ လက်ဟန်ပြုလုပ်ကာ ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
"လက်အောက်ခံ အန်ယောင်က အရှင်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှထမ်းဆောင်ဖို့ အသင့်ရှိနေပါတယ်.."
အရှင်မက သူမထံသို့ ဤမျှအထိ အရေးကြီးလှသော တာဝန်ကို အပ်နှင်းခဲ့ခြင်းဖြစ်ရာ သူမအပေါ်တွင် ကြီးမားလှသော မျှော်လင့်ချက်များ ထားရှိနေသည်မှာ သေချာသည်။ သူမအနေဖြင့် အရှင်မ၏ မျှော်လင့်ချက်များကို ဦးလည်မသုန် ထမ်းရွက်ရပေ တော့မည်။
လင်းဖန်က လက်ကို မေးတွင်ထောက်ထားပြီး လုံယွဲ့နှင့် အန်ယောင်တို့၏ အပြန်အလှန် သရုပ်ဆောင်မှုများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။
ဤသည်က တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ခလုတ်အနည်းငယ် နှိပ်ပြီး စီမံခန့်ခွဲသူအဖြစ် သတ်မှတ်ပေးရုံမျှသာ ဖြစ်သည်။ ဤမျှအထိ လေးနက်တည်ကြည်သော ပုံစံမျိုး ပြုလုပ်ရန် အမှန်တကယ် လိုအပ်ပါ၏လော။