← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

Chapter 180

~

အခန်း ၁၈၀ : စီမံခန့်ခွဲသူကြီး ရူးသွားပြီ..

~

​ကျိရှန့်ထျန်းကုန်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်း...

​"ဧကရီ တိုက်ရိုက်ထုတ်လွှင့်မှု စနေပြီဟေ့.."

"ဧကရီ... ဒီနေ့လည်း တိုက်ရိုက်လွှင့်တာ ထပ်ပြီး နောက်ကျပြန်ပြီနော်.."

"ဧကရီက တကယ်ကို ယုံလို့မရဘူး.."

"..."

​တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ပရိသတ်များ၏ စောဒကတက်သော စာသားများမှာ မျက်နှာပြင်ပေါ်တွင် တစ်စစဖြင့် ပေါ်ထွက်လာခဲ့ကြသည်။

​တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ လူတိုင်း၏ မကျေမနပ် ညည်းညူနေကြသော စာသားများကို ကြည့်ရင်း လုံယွဲ့က အားနာဟန် ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။

​"တကယ်ကို တောင်းပန်ပါတယ်ရှင်... ဒီနေ့ အပြင်ကို သွားပြီး ကိစ္စအချို့ လုပ်နေတာနဲ့ အိမ်ပြန်ရောက်တာ နည်းနည်းလေး နောက်ကျသွားလို့ပါ..."

​"ဧကရီ မကြာသေးခင်ကစပြီး တော်တော်လေး အလုပ်ရှုပ်နေပုံရတယ်နော်.."

"ဟုတ်ပ... အရင်တုန်းကဆိုရင် တစ်နေ့လုံး တိုက်ရိုက်လွှင့်တာ.."

"လွှင့်ထုတ်သူကြီး ဖြစ်သွားပြီဆိုတော့ ဝင့်ကြွားနေတာပေါ့.."

" ပြီးခဲ့တဲ့အကြိမ်က သူ့မှာ ရည်းစားရှိနေပြီလို့ ပြောပြီးတဲ့နောက်ပိုင်းကစပြီး ဖြစ်လာတာပဲ.."

"မဆန်းပါဘူး... သူ့ရည်းစားနဲ့ အတူရှိနေရတာနဲ့ အလုပ်ရှုပ်နေလို့ streamဖို့ အချိန်မရှိတာ ဖြစ်ရမယ်.."

"..."

​တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ လူတိုင်းက စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြသဖြင့် လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲလာပြီး အသံတိုးတိုးဖြင့် လျင်မြန်စွာ ပြန်လည် ငြင်းခုံလိုက်သည်။

​"ရည်းစားနဲ့ အတူရှိနေတာတွေ ဘာတွေ လုံးဝ မဟုတ်ပါဘူးနော်.."

"အဝေးကြီးကနေ ဒီဧကရီကို လာရှာတဲ့ သူငယ်ချင်းတစ်ယောက် ရှိလို့... အဲ့ဒါကြောင့် သူ့ကို နေရာချပေးဖို့အတွက် အလုပ်ရှုပ်နေလို့ပါ.."

"ဒါနဲ့ အတိအကျပြောရရင်... ဒီဧကရီက သူ့ကို ကျိရှန့်ထျန်းကုန်း တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ စီမံခန့်ခွဲသူအဖြစ် ခန့်အပ်ထားလိုက်ပြီ... ဒီနေ့ကစပြီး သူက ဒီဧကရီရဲ့ကိုယ်စား တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ စနစ်တကျရှိအောင် ထိန်းသိမ်းပေးသွားမှာပါ... အားလုံး သူမနဲ့ အရင်ဆုံး မိတ်ဆက်ပေးမယ်နော်.."

​ထိုသို့ပြောပြီးနောက် လုံယဲ့သည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ အန်ယောင်၏ အကောင့်ကို အမှတ်အသားပြု၍ ဆွဲခေါ်ပြလိုက်သည်။

​ယခုအချိန်တွင် အန်ယောင်၏ ဆော့ဖ်ဝဲလ်အကောင့်နာမည်ကို ဧကရီအရှင်မ၏ အနီးကပ် အစေခံမလေး — အန်ယောင် ဟူ၍ ပြောင်းလဲထားခဲ့ပြီ ဖြစ်သည်။

​လုံယွဲ့ အချက်ပြလိုက်သည်နှင့် အန်ယောင်သည်လည်း လူတိုင်းကို တက်ကြွစွာဖြင့် နှုတ်ဆက်စကား ပြောလိုက်သည်။

​"နားထောင်ကြစမ်း... အသိဉာဏ်ကင်းမဲ့တဲ့ သာမန်သေမျိုးတို့... ငါက ဧကရီရဲ့ အနီးကပ် အစေခံမလေး အန်ယောင်ပဲ.."

"ဒီနေ့ကစပြီး ငါက ဧကရီ ပေးအပ်ထားတဲ့ ကြီးမားလှတဲ့ တာဝန်ကို လက်ခံပြီးတော့ ဒီနေရာရဲ့ စနစ်တကျရှိမှုကို ထိန်းသိမ်းသွားမှာ ဖြစ်တယ်.."

​ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားသည်။

​"အိုး... အိုး... မျှော်လင့်ထားတဲ့အတိုင်း ဧကရီရဲ့ သူငယ်ချင်းပဲ... တကယ်ကို ဇာတ်ကောင်ထဲ နစ်မြုပ်နေတာပဲ.."

"အနီးကပ် အစေခံမလေးတစ်ယောက်လို သရုပ်ဆောင်နေတာလား.."

"ဒါဆိုရင် ငါတို့ကော ဝိုင်းဝန်းပြီး ပူးပေါင်းပေးတဲ့အနေနဲ့ နာမည်တွေ ပြောင်းလိုက်ကြရင် မကောင်းဘူးလား.."

"ငါ အရင်ဆုံး လုပ်မယ်... ငါ အရင်ဆုံး လုပ်မယ်.."

"..."

​လူတစ်ဦး၏ ဦးဆောင်မှုအောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ လူတိုင်းသည် မိမိတို့၏ အကောင့်နာမည်များကို စတင်၍ အပြိုင်အဆိုင် ပြောင်းလဲကြတော့သည်။

​ဧကရီ၏ မိန်းမစိုးကြီး...

ဧကရီ၏ ကိုယ်ရံတော်ဗိုလ်ချုပ်...

ဧကရီ၏ အနီးကပ် ကိုယ်ရေးကိုယ်တာ အမျိုးသား အစေခံ..

ဧကရီ၏ ကိုယ်ပိုင် အတွင်းခံ..

ဧကရီ၏ ပါပီလေး..

...

​ခဏအတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ ရာထူးအဆင့်အတန်းမျိုးစုံနှင့် ထူးဆန်းသော နာမည်များစွာ ထွက်ပေါ်လာခဲ့ပြီး ကြီးမြတ်လှသော အမတ်မင်းကြီးများ၊ ဝန်ကြီးချုပ်များမှသည် သာမန် အိမ်စောင့်ခွေးအထိ ပါဝင်နေခဲ့သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးမှာ အမှန်တကယ်ပင် အမြင့်မြတ်ဆုံးသော နန်းတော်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်သွားသည်။

​အန်ယောင်က နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။

​ဧကရီက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ ဤမျှလောက်များပြားလှသော လူများကို အမှန်တကယ်ပင် ရာထူးခန့်အပ်ထားခြင်းလော။

​အခြားလူများကတော့ ထားလိုက်ပါတော့၊ သို့သော်လည်း ဧကရီ၏ အိမ်မွေးခွေး ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

​"ဧကရီ... ဒီကမ္ဘာမှာ အိမ်မွေးခွေးတွေကော အင်တာနက် သုံးလို့ရလို့လားဟင်..."

​"ပုံမှန်အားဖြင့်တော့ မရပါဘူး... ဒီလူက နာမည်ပေးထားတာသက်သက်ပဲလေ... သူက ခွေးအစစ် မဟုတ်ဘူး..."

​လုံယွဲ့က ရယ်ချင်လာသဖြင့် ပါးပြင်များပင် တုန်ရီလာသည် ။

​အတိတ်ကာလကဆိုလျှင် သူမအနေဖြင့် ဤကဲ့သို့သော နာမည်များကို မြင်တွေ့ရပါက ရယ်မောမိပေလိမ့်မည်။ သို့သော်လည်း တိုက်ရိုက်လွှင့်သည့် သက်တမ်း အနည်းငယ် ရှိလာခဲ့ပြီးနောက် ထူးဆန်းသော အင်တာနက်အသုံးပြုသူမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသဖြင့် အသားကျနေခဲ့ပြီ ဖြစ်သည်။

​ဤသည်က ဤကမ္ဘာရှိ အင်တာနက်လောက၏ ကြီးမားလှသော ထူးခြားချက်တစ်ခု ဖြစ်ပြီး သူမအနေဖြင့် မနှစ်မြို့ခြင်း မရှိသည့်အပြင် အလွန်ပင် စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆမိသည်။

​ဤကဲ့သို့သော နောက်ပြောင်တတ်ပြီး အဓိပ္ပာယ်မရှိသော အင်တာနက်အသုံးပြုသူများအတွက် သူမတွင်လည်း သီးသန့် တန်ပြန်နည်းလမ်း ရှိနေသည် ဖြစ်ရာ...

​"သူ့ကို သုံးနာရီလောက် စကားပြောခွင့် ပိတ်လိုက်ပါ.."

​"အမိန့်အတိုင်းပါ..."

​အမိန့်ကို ရရှိသည်နှင့် တပြိုင်နက် အန်ယောင်သည် တွန့်ဆုတ်ခြင်းမရှိဘဲ အကောင့်အပြီးပိတ်ခြင်း ကို ချက်ချင်း ပြုလုပ်လိုက်သည်။

​'နိမ့်ကျတဲ့ သာမန်လူသားတစ်ဦးက ဧကရီရဲ့ အိမ်မွေးခွေးအဖြစ် ခံယူဖို့ တကယ်ကို တွေးရဲ နေတာပဲ..'

'ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေးမျိုးကို နင့်လိုကောင်က လွယ်လွယ်ရမလား ..စဥ်းစားလေ...'

​ပရိသတ်များနှင့် စကားစမြည် ပြောဆိုပြီးနောက် လုံယွဲ့သည် သူမ၏ ဂိမ်းတိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်တော့သည်။

​သူမအနေဖြင့် ဂိမ်းကို သေသေချာချာ မဆော့ဖြစ်သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ဂိမ်းစတင်သည်နှင့် တပြိုင်နက် အမှားအယွင်းတစ်ခု ပြုလုပ်မိသွားခဲ့ပြီး တစ်ဖက်ရန်သူ သုံးဦး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

​၎င်းကို မြင်တွေ့လိုက်ရသည့်အခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ လူတိုင်းက ချက်ချင်းပင် ကဲ့ရဲ့လှောင်ပြောင်သော စာသားများကို အပြိုင်အဆိုင် ပေးပို့ကြတော့သည်။

​"ဧကရီ လက်ရည်ကျနေပြီဟ.."

"ရှားရှားပါးပါးပဲ... ဧကရီက first blood ဖြစ်သွားတယ်ဟ.."

"ဧကရီက ညံ့လိုက်တာ... နောက်ထပ် အများကြီး လေ့ကျင့်ဖို့ လိုသေးတယ်.."

"..."

​'လူယုတ်မာတွေ... ဧကရီက အမှားနည်းနည်း လုပ်မိတာကို လှောင်ရဲ ကြတယ်ပေါ့ ..'

​အန်ယောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ လက်ချောင်းများဖြင့် ဖုန်းမျက်နှာပြင်ကို အရှိန်အဟုန်ဖြင့် နှိပ်၍ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ကဲ့ရဲ့လှောင်ပြောင်သော စကားလုံးများ ရေးသားနေကြသူများကို တစ်ဦးချင်းစီ လိုက်လံ ပိတ်ဆို့လိုက်တော့သည်။

​ဧကရီ၏ အဆင့်အတန်းက မည်မျှအထိ မြင့်မြတ်လှပါသနည်း။ သူမအနေဖြင့် သူမ၏ အဆင့်အတန်းကို နှိမ့်ချလျက် တိုက်ရိုက်ထုတ်လွှင့်ပေးပြီး သေမျိုးတို့ကို သူမ၏ အလှအပများကို ကြည့်ရှုခွင့် ပေးထားခြင်းကပင် ကြီးမားလှသော သနားညှာတာမှု ဖြစ်နေပြီ ဖြစ်သည်။ ဤနိမ့်ကျလှသော သာမန်လူသားများက ကျေးဇူးကန်းသည့်အပြင် ကဲ့ရဲ့လှောင်ပြောင်ဝံ့ကြသေးသည်။

​သူမသည် ဧကရီကိုယ်တိုင်ကိုယ်ကျ အထူးအာဏာ အပ်နှင်းထားသော စီမံခန့်ခွဲသူတစ်ဦး ဖြစ်သည့်အတိုင်း မည်သို့လျှင် ကြည့်နေနိုင်ပါမည်နည်း။

​အားလုံးကို အပြီးတိုင် ပိတ်ပစ်ရမည်။

​တစ်ခဏအတွင်းမှာပင် အကောင့်အပြီး ပိတ်ဆို့ခြင်းခံရသော အသုံးပြုသူများ၏ သတိပေးစာသားများမှာ စာသားပုံးအတွင်း၌ အရှိန်အဟုန်ဖြင့် အထက်သို့ ဆက်တိုက် တက်လှမ်းနေခဲ့ပြီး ၎င်း၏ အရှိန်မှာ ပုံမှန်စာသားများ ပေးပို့သည့် အရှိန်နီးပါးပင် ရှိနေခဲ့သည်။

​လူတိုင်း ဆွံ့အသွားကြသည်။

​"အမေရေ... ဒီစီမံခန့်ခွဲသူရဲ့ အကောင့်ပိတ်တဲ့ အရှိန်က နတ်ဘုရားအဆင့်ပဲ.."

"ပြေးကြဟေ့... စီမံခန့်ခွဲသူကြီး ရူးသွားပြီ..."

"ဒါက အနီးကပ် အစေခံမလေး ဘယ်ဟုတ်ပါ့မလဲ... ဒါက ဧကရီရဲ့ ကိုယ်ပိုင် လုပ်ကြံသတ်ဖြတ်သူ စစ်စစ်ပဲ.."

"ဧကရီ... ကျေးဇူးပြုပြီး ဧကရီရဲ့ စီမံခန့်ခွဲသူကို ထိန်းပေးပါဦး..."

"..."

​အန်ယောင်၏ ညှာတာမှုကင်းမဲ့လှသော အရေးယူပိတ်ဆို့မှုများအောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးမှာ အော်ဟစ်ညည်းညူသံများဖြင့် ပြည့်နှက်သွားသည်။

​အချို့သောလူများမှာ စာသားပေးပို့ပြီး ဒုတိယစက္ကန့်အတွင်းမှာပင် အကောင့်အပြီး ပိတ်ဆို့ခြင်း ခံလိုက်ရရှာ၏။

​တစ်ခဏအတွင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ မည်သူမျှ စကားအလွယ်တကူ မပြောဝံ့ကြတော့ချေ။ စာသားပုံးအတွင်း၌ ဧကရီအပေါ် ချီးကျူးထောပနာပြုသော စကားလုံးများသာ ကျန်ရှိတော့သည်။

​ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် အန်ယောင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

​ယခုမှပင် ကြည့်ရသည်က အဆင်ပြေသွားတော့သည်။

​သာမန်လူသားများဆိုသည်မှာ ဧကရီအပေါ် မြင့်မြတ်လှသော ရိုသေမှုများနှင့် ချီးကျူးမှုများကိုသာ ပေးဆက်ရမည် ဖြစ်သည်။

​လုံယွဲ့သည် အစပိုင်းတွင် သတိမပြုမိသေးချေ။ သူမ ခေါင်းလှည့်ကြည့်လိုက်သည့် အချိန်ကျမှသာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ စာသားများမှာ ပုံမှန်ထက် ထက်ဝက်ကျော်မျှ လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။

​'စောင့်ကြည့်သူ အရေအတွက်က အများကြီးပါ..ဒီနေ့ မန့်တဲ့သူက ဘာလို့ ဒီလောက် နည်းနေတာလဲ.. ပြီးတော့ ဘာလို့ ချီးကျူးစကားတွေကြည့်ပဲ ပို့နေကြတာလဲ.. '

​သူမ သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည့် အခါတွင်မူ ချက်ချင်းပင် လန့်ဖြန့်သွားသည်။

​တိုက်ရိုက်ထုတ်လွှင့်မှု၏ စာသားပုံးအတွင်း၌ အသုံးပြုသူများကို အပြီးတိုင် ပိတ်ဆို့လိုက်သည်ဟူသော သတိပေးစာသားများမှာ ဆက်တိုက် တက်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရပြီး ၎င်းတို့အထဲတွင် သူမ၏ အဆင့်မြင့် ပရိသတ်အချို့နှင့် အဆင့်မြင့်မားလှသော ကြည့်ရှူသူ အမြောက်အမြား ပါဝင်နေသည်။

​လုံယွဲ့က ခေါင်းလှည့်ကြည့်လိုက်ရာ အန်ယောင်သည် သူမ၏ ဖုန်းမျက်နှာပြင်ကို စူးစိုက်ကြည့်နေပြီး လက်ချောင်းများကို အဆက်မပြတ် နှိပ်ရင်း စီမံခန့်ခွဲသူတစ်ဦး၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

​"အန်ယောင်... တော်တော့... ရပ်လိုက်ဦး.."

​လုံယွဲ့က အလျင်အစလိုဖြင့် အန်ယောင်ကို တားဆီးလိုက်ပြီး...

​"နင် ဘာဖြစ်လို့ ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်တွေကို အကုန်လုံး လိုက်ပြီး ပိတ်ပစ်နေရတာလဲ..."

​"အရှင်မ... ဒီသာမန်လူသားတွေက အရှင်မအပေါ် ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောနေကြလို့ပါ... လက်အောက်ခံအနေနဲ့ သူတို့ကို ပါးစပ်ပိတ်သွားအောင် လုပ်ဆောင်ရုံသက်သက်ပါပဲ.."

​အန်ယောင်က လေးနက်သော မျက်နှာထားဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။

​လုံယွဲ့ တုံ့ပြန်ရန် စကားလုံး ရှာမတွေ့ဘဲ ဆွံ့အသွား၏။

​"သူတို့က တကယ်တော့ ငါ့ကို နောက်ပြောင်ပြီး စကားပြောနေကြတာသက်သက်ပါ... ဒီအဆင့်လောက်က အကောင့်ပိတ်ဖို့ မလိုပါဘူး..."

​"သာမန်သေမျိုးတွေက အရှင်မအပေါ် ဒီလို ရိုင်းစိုင်းတဲ့ နောက်ပြောင်မှုမျိုး ဘယ်လိုလုပ်ပြီး လုပ်ဝံ့ကြတာလဲ.."

​အန်ယောင်၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နေပြီး လုံးဝ အလျှော့မပေးသော တရားသူကြီးတစ်ဦးအလား ရှိနေသည်။

​ဤခဏတွင် လုံယွဲ့မှာ စိုးရိမ်စိတ်ကြောင့် ခေါင်းတစ်ခုလုံး ထူပူနေသည် ။

​ဤအချိန်တိုအတွင်း အနည်းဆုံး လူတစ်ထောင်ကျော်ခန့် ပိတ်ဆို့ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

​ထိုအထဲမှ အများစုမှာ ပုံမှန်အားဖြင့် သူမနှင့် နောက်ပြောင်စကား ပြောဆိုရသည်ကို နှစ်သက်ကြသော သစ္စာရှိ ပရိသတ်များ ဖြစ်ကြသည်။

​ဤကဲ့သို့သော အကောင့်ပိတ်သည့် အရှိန်အဟုန်အတိုင်းသာ ဆိုပါက မကြာမီ အချိန်အတွင်း သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်အားလုံး အကုန် အပိတ်ခံလိုက်ရမည်ကို သူမ အမှန်ပင် စိုးရိမ်မိသည်။

​"ဒီအဆင့်လောက် နောက်ပြောင်တာတွေကို စိတ်ထဲထားဖို့ မလိုဘူး.. အခုချက်ချင်း အဲ့ဒီလူတွေအားလုံးကို ပြန်ပြီး ဖွင့်ပေးလိုက်... ချက်ချင်းပဲ... အခုချက်ချင်း လုပ်လိုက်တော့.."

​"ဟုတ်ကဲ့ပါ..."

​လုံယွဲ၏ စိုးရိမ်ပူပန်ပြီး တည်ကြည်လှသော မျက်နှာထားနှင့် ပြတ်သားလှသော သဘောထားကို မြင်တွေ့ရသည့်အခါ အန်ယောင် ထပ်မံ၍ တွန့်ဆုတ်ခြင်းမရှိဝံ့တော့ဘဲ စောစောက သူမ ပိတ်ဆို့ခဲ့သော လူများကို တစ်ဦးချင်းစီ အလျင်အစလို ပြန်လည် ဖွင့်ပေးလိုက်ရတော့သည်။

​သူမ၏ စိတ်ထဲတွင်မူ မည်သို့မှ နားမလည်နိုင်။ သူမသည် ဧကရီ၏ ညွှန်ကြားချက်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ စနစ်တကျရှိမှုကို ထိန်းသိမ်းပေးရုံမျှသာ ဖြစ်သည်။ သို့ပါလျက်နှင့် အရှင်မက ဘာဖြစ်လို့ ဤမျှအထိ စိုးရိမ်တကြီးဖြင့် ဒေါသထွက်နေရသနည်း။

​သူမအနေဖြင့် တစ်ခုခုကို ထပ်မံ၍ မှားယွင်းစွာ ပြုလုပ်မိပြန်လေပြီလော။

All Chapters