← Chapters

လုန်ယွိကိုလုပ်ကြံခြင်း

Vol. 1-5 Ch. 20

လုန်ယွိကိုလုပ်ကြံခြင်း

Vol. 1-5 Ch. 20

အခန်း (၂၀) လုန်ယွိကိုလုပ်ကြံခြင်း

တစ်ဖက်လူ၏ စကားကိုကြားသည်နှင့် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ကြောင်း လုန်ယွိ သိရှိလိုက်သည်။

တိုက်ခိုက်မှုများအားလုံးက သူမထံသို့ ဦးတည်ခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင်… သူမအနေဖြင့် အုပ်စုလိုက် ထိုးဖောက်ထွက်ရန် မဖြစ်နိုင်တော့ပေ။ ရန်သူကလည်း သူမတို့အဖွဲ့ အုပ်စုလိုက် စည်းစည်းလုံးလုံးဖြင့် ထိုးဖောက်ထွက်သွားမည်ကို စိုးရိမ်ဟန် ရှိသည်။

အခြားတပည့်များ မည်သို့ပင် ဆုံးဖြတ်ပါစေ လုန်ယွိအနေဖြင့် အပြစ်တင်နိုင်မည် မဟုတ်ပေ။ အခြားတပည့်များအနေဖြင့် ရန်သူများကို မယုံကြည်လျှင်တောင်မှ အန္တရယ်နည်းသည့်လမ်းကို ရွေးခြယ်ကြမည်သာ ဖြစ်သည်။

လင်စီးယာကတော့ မျက်မှောင်များ ကြုတ်ထား၏။

သူမက အနောက်ဘက်မှ ဂိုဏ်းတူမောင်လေး ၊ ဂိုဏ်းတူညီမလေးများကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံး စိတ်သက်သာရာရသွားဟန်ရှိကြောင်း လင်စီးယာ တွေ့လိုက်ရသည်။

ရန်သူ၏ တိုက်ခိုက်မှုက သူတို့အားလုံးကိုမဟုတ်ဘဲ လုန်ယွိတစ်ယောက်တည်းကိုသာ ဦးတည်သည် မဟုတ်ပါလား။ အခြားတပည့်များအနေဖြင့် လွတ်လမ်းရှိနိုင်လေသည်။

သို့သော်… လင်စီးယာကတော့ အရေးမစိုက်ပေ။

သူမက ဂိုဏ်းတူအစ်မလုန်ယွိနံဘေးတွင် မားမားမတ်မတ် ရပ်တည်လိုက်ပြီး အနက်ရောင်ဝတ်လူကို မေးခွန်းထုတ်လိုက်သည်။

"ရှင့်ရဲ့စကားက ဘာအဓိပ္ပါယ်လဲ…"

လုန်ယွိက သူမ၏ ဂိုဏ်းတူညီမလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။

ရန်သူ၏ ရည်ရွယ်ချက်ကို လုန်ယွိ အကြမ်းဖျင်းနားလည်လိုက်သည်။ ရန်သူက သူမကို အခြားတပည့်များနှင့် လူစုခွဲလိုခြင်း ဖြစ်သည်။

သို့သော်… သူမ ရန်သူကို စမ်းသပ်ကြည့်ချင်သေးသည်။

အခြားအကြောင်းကြောင့် မဟုတ်ပေ။ အချိန်ဆွဲလိုသောကြောင့် ဖြစ်သည်။

အချိန်ဆွဲနိုင်လေ သူမအတွက် လွတ်မြောက်ရန်လမ်းကို ကြံဆနိုင်လေဖြစ်သည်။

ရန်သူခေါင်းဆောင်က အသံကိုနှိမ့်လိုက်ပြီး…

"ကျုပ်ပြောတဲ့စကားက ဒီထက် ရှင်းစရာ လိုသေးလို့လား…"

အတန်ကြာတိတ်ဆိတ်သွားပြီးမှ ရန်သူခေါင်းဆောက်က စကားဆက်ပြောသည်။

"ဒီတော့… ကျုပ်တို့ပစ်မှတ်က လုန်ယွိတစ်ယောက်တည်းပဲ… ၊ ကျန်တဲ့လူတွေအနေနဲ့ ဆန္ဒရှိရင် ထွက်သွားလို့ရတယ်… ၊ မင်းတို့ကို ကျုပ်တို့က တားဆီးမှာ မဟုတ်ဘူး…"

ထိုသူ၏စကားဆုံးသွားသည်နှင့် မိစ္ဆာသားရဲအုပ်ကြီးက ဘေးသို့ အသာရှဲကာ အခြားတပည့်များ ထွက်ခွာသွားနိုင်ရန် လမ်းဖွင့်ပေးလိုက်ကြသည်။

လွတ်လမ်းကို တွေ့မြင်လိုက်ရသည်နှင့် အခြားတပည့်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

အနက်ရောင်ဝတ်လူက…

"မင်းတို့အားလုံးက မြင့်မြတ်တဲ့နယ်မြေဖြစ်တဲ့ ခွန်လွန်တောင်မှာ ကြီးပြင်းခဲ့ကြတဲ့သူတွေ ဖြစ်တယ်… ၊ ဒီတော့ ပျက်သုဉ်းနေတဲ့ အရိုင်းအစိုင်းလောကကြီးရဲ့ အကြောင်းကို  မင်းတို့ နားလည်နိုင်မှာ မဟုတ်ဘူး ၊ နဂါးမျိုးနွယ်တွေ ဘယ်လောက်ဆိုးရွားသလဲဆိုတာ မင်းတို့ သိကြမယ်မထင်ဘူး ၊ ပြင်ပလောကမှာ နဂါးမျိုးနွယ်တွေ ဘယ်လောက် အနိုင်ကျင့်ရက်စက်ကြသလဲဆိုတာ မင်းတို့ မသိနိုင်ဘူး… ၊ ဒါပေမဲ့ … ကျုပ်တို့ကတေ့ သိတယ်…"

ခဏနားပြီးနောက် အနက်ရောင်ဝတ်လူက စကားဆက်ပြောသည်။

"ဒီတော့… ဘာတွေပဲ ပေးဆပ်ရပါစေ နဂါးမျိုးနွယ်တွေကို လက်စားချေဖို့ ကျုပ်တို့က ဆုံးဖြတ်ထားတယ် ၊ မင်းတို့အားလုံးသိတဲ့အတိုင်း… ဒီမှော်ရုံနယ်မြေက ခွန်လွန်တောင်ရဲ့ ပိုင်နက်ဖြစ်တယ် ၊ ဒီမှော်ရုံနယ်မြေမှာ တိုက်ခိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ၊ အချိန်မရွေး ခွန်လွန်တောင်က စစ်ကူတွေ ရောက်လာနိုင်တယ် ၊ အဲဒီလိုသာဆို ကျုပ်တို့လည်း အသက်ရှင်နိုင်မယ် မထင်ဘူး ၊ ဒါပေမဲ့… ကျုပ်တို့ နောက်ဆုတ်မှာ မဟုတ်ဘူး ၊ လက်စားချေဖို့က ကျုပ်တို့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပဲ… ၊ မင်းတို့အားလုံး နားလည်ကြလိမ့်မယ် ထင်ပါတယ်…"

အနက်ရောင်ဝတ်လူ၏ စကားက အလွန်မှ ရှင်းလင်းလှသည်။

ခွန်လွန်တောင်မှ စစ်ကူများရောက်လာပါက သူတို့ သေရမည်ကို သိရှိသည်။ သို့သော်… အသက်အသေခံပြီး လက်စားချေမည်ဟု ဆုံးဖြတ်ထားသည်။

အခြားတပည့်များအနေဖြင့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် အသေခံတပ်သားများနှင့် ရင်ဆိုင်ရသည့်အလား ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ခံရမည် ဖြစ်သည်။

ရန်သူမှာ သာမန်ရန်သူ မဟုတ်ပေ။ သေမိန့်ကျထားသူများပမာ အသေခံတိုက်ခိုက်မည်ဟု စိတ်ပိုင်းဖြတ်ထားသူများ ဖြစ်ကြသည်။

ထိုသူ၏ပြောစကားကို လုန်ယွိလည်း ရှင်းရှင်းလင်းလင်း နားလည်သည်။

ထိုသူက နဂါးမျိုးနွယ်များ မည်မျှဆိုးရွားကြောင်း အခြားတပည့်များကို ပြောပြပြီး သူမနှင့် သွေးခွဲလိုခြင်း ဖြစ်သည်။ ရန်သူက သူမကို အုပ်စုနှင့်ကွဲကာ တစ်ယောက်တည်း ကျန်ရစ်စေလိုခြင်း ဖြစ်သည်။

လင်စီးယာက အေးစက်သည့်လေသံဖြင့်…

"ရှင်က ကျွန်မတို့ကို ငတုံးတွေများ ထင်နေသလား… ဂိုဏ်းတူအစ်မကိုထားခဲ့ပြီး ထွက်သွားတာနဲ့ ရှင်တို့က ကျွန်မတို့ကို သတ်ပစ်မှာ မဟုတ်လား…"

သူမစကားကြောင့် ထိုသူက ရယ်မောလိုက်၏။

"ဟဟ… ဒီမှာမိန်းကလေး… မင်းက ဒီလိုထင်မြင်ချက်တွေပေးပြီး အခြားတပည့်တွေကို လုန်ယွိနဲ့အတူ အသေခံခိုင်းမလို့လား…"

ပြောပြီးသည်နှင့် ထိုသူက သူ၏ လက်များကို ဖြန့်ကားလိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

"မင်းတို့ အေးအေးဆေးဆေး ထွက်သွားမယ်ဆိုရင် မင်တို့ကို လုံးဝမထိဘူးလို့ ကျုပ်သစ္စာပြုပါတယ်… ၊ ကျုပ် သစ္စာပျက်ခဲ့ရင် ကောင်းကင်ကမိုးကြိုးခပြီး ကျုပ်ဝိညာဉ် ပြာကျသွားပါစေ…"

မော့လီက အေးစက်စက်ပြုံးလိုက်ရင်း…

"ဟက်… မင်းက ကျုပ်တို့ကို အရူးတွေများ ထင်နေလား…"

မော့လီက အနက်ရောင်ဝတ်လူ၏နောက်တွင် ရပ်နေသော လူ (၃)ယောက်ကို မေးငေါ့ပြလိုက်ရင်း…

"မင်းက ကျုပ်တို့ကို မသတ်ဘူးပြောနေပေမယ့် မင်းရဲ့လူတွေက သတ်ဖို့ စောင့်နေတာလေ… ကျုပ်တို့ လူစုကွဲသွားတာနဲ့ မင်းရဲ့လူတွေက ကျုပ်တို့ကို ခွေးတွေကိုသတ်သလို သတ်ပစ်မှာ မဟုတ်လား…"

မိန်းကလေးတပည့်တစ်ယောက်က…

"အမှန်ပဲ… ဂိုဏ်းတူအစ်မ'လုန်' ဒီနေရာမှ သေသွားခဲ့ရင် … ကျန်တဲ့လူတွေရော လွတ်နိုင်မှာတဲ့လား…"

သူတို့အားလုံးထဲတွင် လုန်ယွိက တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သည်။

လုန်ယွိသာ သေဆုံးသွားခဲ့လျှင် သူတို့အားလုံး မည်သည့်နည်းနှင့်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

လုန်ယွိက အချိန် (၃)နှစ်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်မှ ရွှေပြဒါးအမြုတေအဆင့်သို့ အလျှင်အမြန် အဆင့်တက်ရောက်နိုင်ခဲ့သူ ဖြစ်သည်။

အခြားတပည့်များ၏ စကားကို နားထောင်ပြီးသည်နှင့် အနက်ရောင်ဝတ်လူက ရယ်မောလိုက်သည်။

ထို့နောက်… သူ့နောက်မှ လူများကို လှည့်ကြည့်လိုက်ပြီး…

"ကဲ… မင်းတို့တွေလည်း သစ္စာပြုကျိန်ဆိုကြစမ်း…"

နောက်မှလူများကလည်း အနက်ရောင်ဝတ်လူပြောသည့်တိုင်း အခြားသူများကို အန္တရယ်မပြုကြောင်း သစ္စာပြုကျိန်ဆိုလိုက်ကြသည်။

ထို့နောက်… အနက်ရောင်ဝတ်လူက လုန်ယွိကို မျက်ခုံးတစ်ချက်ပင့်ကာ လှမ်းကြည့်လိုက်ရင်း…

"သစ္စာပြုကျိန်ဆိုတာက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ… မင်းသိပါတယ်လေ… နဂါးမယ်လေး…"

ထို့နောက် သူက အခြားတပည့်များကို လှမ်းကြည့်လိုက်ပြီး…

"ကဲ… အခုထိ မင်းတို့ကို ကျုပ်က သတ်မယ်လို့ ထင်နေသေးရင်တော့… ကျုပ်မှာ ပြောစရာ စကားမရှိတော့ဘူး…"

ခဏနားပြီးမှ အနက်ရောင်ဝတ်လူက ဆက်ပြောလိုက်သည်။

"မင်းတို့ကို နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်… ၊ ကျုပ်တို့မှာ အချိန်မရှိဘူး… ၊ ဒီတော့ မင်းတို့ အခု ထွက်သွားမယ်ဆိုရင် ထွက်သွားနိုင်တယ်… ၊ အသေခံဖို့ နေခဲ့မယ်ဆိုလည်း ကျုပ်တို့ဘက်က ကြိုဆိုပါတယ်ကွာ…"

ပြောပြီးသည်နှင့် အနက်ရောင်ဝတ်လူက အခြားတပည့်များကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

သူတို့ မည်သို့ဆုံးဖြတ်ချက်ချမည်ကို စောင့်ဆိုင်းနေဟန် ရှိ၏။

လင်စီးယာက သူမနောက်မှ တပည့်များကို လှမ်းကြည့်လိုက်သည်။ တပည့်များထဲမှ တစ်ဝက်ခန့်က ထွက်ခွာသွားရန် ဆန္ဒရှိနေကြောင်း ရိပ်မိလိုက်သည်။

သူမ တပည့်များကို စကားပြောရန် ဟန်ပြင်လိုက်သော်လည်း မည်သည့်စကားသံမှ ထွက်မလာခဲ့ပေ။ အန္တရယ်ကင်းမည့်လမ်းကို ရွေးခြယ်မည့်သူများကို တားဆီးရန် သူမတွင် အကြောင်းပြချက် မရှိပေ။

ရန်သူများက ထွက်ခွာသွားမည့်သူများကို ဒုက္ခမပေးပါဟု ကျိန်ဆိုထားကြသည်။ သူတို့ကျိန်ဆိုသည့် ကျိန်စာမှာ မဟာတာအိုကျိန်စာဖြစ်သည်။

ထို့ကြောင့်… ရန်သူများကလည်း အမှန်မဟုတ်ဘဲ ကျိန်ဆိုကြမည် မဟုတ်ပေ။ အနည်းဆုံးတော့ အခြားတပည့်များ အန္တရယ်ကင်းရာသို့ ထွက်ခွာသွားနိုင်မည် ဖြစ်လေသည်။

တပည့်များအားလုံး တိတ်ဆိတ်နေကြပြီ မည်သူမှ စတင်ထွက်ခွာသွားခြင်း မရှိကြပေ။ သူတို့က လွတ်မြောက်ရာသို့ သွားချင်ကြသော်လည်း လုန်ယွိကို အားနာနေဟန် ရှိသည်။

လုန်ယွိ သက်ပြင်းတစ်ချက်ချလိုက်သည်။

သူမ စကားပြောမှ ဖြစ်ပေတော့မည်။

"ဂိုဏ်းတူညီမလေး'လင်'… မင်း သူတို့အားလုံးကို ခေါ်ထုတ်သွားပါ … ငါ ဒီမှာ ရန်သူနဲ့ တိုက်ခိုက်မယ်…"

အခြားတပည့်ငယ်များကို သူမနှင့်အတူ ရန်သူကို ရင်ဆိုင်စေခြင်းက တရားမျှတမှုမရှိကြောင်း လုန်ယွိ နားလည်သည်။

သူတို့ကို နေခိုင်းခြင်းက သူတို့ကို သေခိုင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူမ ထိုသို့ မလုပ်ရက်နိုင်ပေ။

လင်စီးယာကတော့ လုန်ယွိနံဘေးမှ တစ်ဖဝါးမှ မခွာဘဲ မတ်တတ်ရပ်လျှက်ရှိသည်။

သူမက…

"ကျွန်မ မသွားဘူး…"

ထို့နောက် သူမက အနောက်မှ တပည့်များကို လှည့်ကြည့်လိုက်ပြီး…

"မင်းတို့သွားကြတော့…  သူတို့ က မင်းတို့ကို အန္တရယ်ပြုမှာ မဟုတ်ပါဘူး…"

လုန်ယွိက လင်စီးယာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"ဂိုဏ်းတူညီမလေး…"

ဟု သတိပေးသလို ခေါ်လိုက်၏။

သို့သော်… လင်စီးယာကတော့ လုန်ယွိနှင့်အတူ ရန်သူများကိုရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချထားဟန် ရှိသည်။

လင်စီးယာက လုန်ယွိကို ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မ… ကျွန်မကိုတော့ ထွက်သွားဖို့ မပြောပါနဲ့ ၊ ကျွန်မက တောင်ပေါ်မှာ အစ်မနဲ့အတူတူ ကျင့်ကြံရင်း ကြီးပြင်းလာခဲ့သူပါ… ၊ အစ်မနဲ့ကျွန်မ အရမ်းရင်းနှီးကြတာမျိုး မဟုတ်ပေမယ့် … အစ်မက ကျွန်မကို အမြဲတမ်း လမ်းပြပေးခဲ့တဲ့သူပါ… ၊ တပည့်အငယ်တွေဘေးကင်းရာကို ထွက်သွားတာ လက်ခံနိုင်ပေမယ့် ကျွန်မကတော့ အစ်မကို လုံးဝထားမသွားနိုင်ပါဘူး…"

လုန်ယွိက လင်စီးယာကို အေးစက်စွာဖြင့် ကြည့်လိုက်ရင်း…

"မင်း ထွက်မသွားဘူးဆိုရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မယ်… ၊ ငါ့တစ်ယောက်တည်းကမှ လွတ်မြောက်နိုင်ချေရှိသေးတယ်…"

လုန်ယွိစကားကြောင့် လင်စီးယာ အံ့သြမှင်တက်သွားလေသည်။

သူမက မယုံကြည်နိုင်စွာဖြင့်…

"ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

လုန်ယွိက…

"နဂါးတစ်ကောင်အနေနဲ့ ဘယ်လိုရှင်သန်ရမလဲဆိုတာ ငါ သင်ယူထားပြီးသားပါ… ဒါပေမဲ့ အနားမှာ လူသားတစ်ယောက်ရှနေရင် ငါ့အတွက် အခက်တွေ့လိမ့်မယ်…"

လင်စီးယာ စကားပြောရန် ပါးစပ်ကို ဟ လိုက်သော်လည်း မည်သည့်စကားသံမှ ထွက်မလာခဲ့ပေ။

လုန်ယွိ ပြောနေသည့် စကားများက အမှန်လား ၊ အမှားလား သူမ ဝေခွဲမရ ဖြစ်နေ၏။

လုန်ယွိက…

"မင်း… သူတို့ကိုခေါ်ပြီး အမြန်ထွက်သွားတော့…"

လင်စီးယာ မည်သည့်စကားမှ မပြောတော့ပေ။

မည်သည့်စကားမျိုး ပြောရမည်မှန်းလည်း သူမ မသိရှိတော့ပေ။ သို့သော် … သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

သူမ လုန်ယွိကို သေတွင်းထဲတွင် တစ်ယောက်တည်း မထားခဲ့ချင်ပေ။

တပည့်တစ်ယောက်က…

"ဂိုဏ်းတူအစ်မ'လင်' … သွားကြရအောင်ပါ…"

တစ်ယောက်က ပြောလိုက်သည်နှင့် နောက်လူများကလည်း လိုက်ပြောကြသည်။

"ဟုတ်တယ်… ဂိုဏ်းတူအစ်မ'လင်' … ကျုပ်တို့နေမယ်ဆိုလည်း ဂိုဏ်းတူအစ်မလ'လုန်'  အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာပဲ…"

"ဟုတ်ပါတယ် … ဂိုဏ်းတူအစ်မ'လင်'…"

လင်စီးယာ ဆုပ်ထားသည့် လက်သီးများကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။

ထို့နောက်… ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

လင်စီးယာ လုန်ယွိကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက်… အခြားတပည့်များကို ဦးဆောင်ကာ သားရဲအုပ်ကြီး ဖွင့်ပေးထားသည့်လမ်းအတိုင်း ထွက်ခွာသွားလေတော့သည်။

ရန်သူများကလည်း သူတို့ကို တားဆီးခြင်း မရှိပေ။

လုန်ယွိကတော့ ထွက်ခွာသွားကြသူများ၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

အမှန်တော့… သူမအတွက် လွတ်လမ်းမရှိတော့ပေ။

အခြားသူများ ရှိနေလျှင် သူမအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ဟု ပြောလိုက်ခြင်းမှာ အခြားသူများ ထွက်ခွာသွားစေရန် တမင်သက်သက် ပြောလိုက်သည့်စကားမျှသာ ဖြစ်သည်။

အစပိုင်းတွင်ဆိုလျှင် လုန်ယွိအတွက် လွတ်မြောက်နိုင်ချေရှိသေးသော်လည်း ယခုတော့ သူမအတွက် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ထို့ပြင်… စောစောက သားရဲမိစ္ဆာများနှင့်တိုက်ခိုက်ရင်း သူမ ဒဏ်ရာအပြင်းအထန်ရထားခဲ့သည် မဟုတ်ပါလား။

လင်စီးယာနှင့် အခြားသူများ ထွက်ခွာသွားသည်နှင့် လုန်ယွိက အနက်ရောင်ဝတ်လူကို ကြည့်လိုက်သည်။

"မင်းတို့ဘယ်သူတွေလဲ… ဘယ်တောင်ထွတ်ကလဲ… ၊ အခုဆိုရင် ငါက သေလူဖြစ်နေပါပြီ… မင်းတို့ ဘယ်သူတွေလဲဆိုတာ ပြောပြလို့ရတယ် မဟုတ်လား…"

အနက်ရောင်ဝတ်လူက…

"သိတော့ရော မင်းဘာလုပ်နိုင်မှာမို့လို့လဲ…"

ထို့နောက်… အနက်ရောင်ဝတ်လူက မိစ္ဆာသားရဲများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

သူ့အတွက် အချိန်မရှိပေ။ ထို့ကြောင့် စကားများရင်း အချိန်မဖြုန်းနိုင်တော့ပေ။

စကားပြောနေခြင်းက အဓိပ္ပါယ်မဲ့အချိန်ဖြုန်းခြင်းသာ ဖြစ်ပြီး စကားပြောမည်ဆိုလျှင်လည်း လုန်ယွိကို သတ်ပြီးမှပဲ ပြောရပေလိမ့်မည်။

"ဝုန်း…"

လုန်ယွိ၏ မျက်နှာက ချက်ချင်းပင် နဂါးတစ်ကောင်၏ ဦးခေါင်းအသွင်ပြောင်းလဲသွားပြီး သူမ၏ လက်များကလည်း နဂါးလက်သည်းများအသွင် ကူးပြောင်းသွားသည်။

သူမအတွက် အားသာချက်မှာ စွမ်းအားကြီးမားသည့် နဂါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

"ဘုန်း…"

နောက်ထပ် ကျယ်လောင်သည့် အသံကြီးတစ်သံလည်း ထွက်ပေါ်လာလေသည်။

လုန်ယွိ၏ နဂါးလက်သည်းများ ၊ နဂါး အမြီးများနှင့် လှည့်ပတ်တိုက်ခိုက်မှုအောက်တွင် မိစ္ဆာသားရဲများ လွင့်ထွက်ကုန်ကြသည်။

သို့သော်… သူမ၏တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားကြသည့် မိစ္ဆာသားရဲများရှိသလို တစ်ဖက်တွင်လည်း သူမကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည့် မိစ္ဆာသားရဲများစွာက မကုန်မခမ်းနိုင် ရှိနေလေသည်။

အနက်ရောင်ဝတ်လူက တိုက်ပွဲကို ကြည့်နေ၏။

သူက တန်ခိုးစွမ်းအားများကို စုစည်းထားပြီး လုန်ယွိအားနည်းသွားသည့်အချိန်တွင် အခွင့်ကောင်းယူတိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

လုန်ယွိကလည်း မိစ္ဆာသားရဲများကို တိုက်ခိုက်နေရင်း ထိုသူ၏ အကြံအစည်ကို ကောင်းကောင်းနားလည်လိုက်သည်။

သို့သော်… သူမအတွက် အရာရာက အလွန်နောက်ကျခဲ့ပြီ ဖြစ်လေသည်။

All Chapters