အခန်း ၁၉၀၃
Vol. 127 Ch. 1903
အခန်း(၁၉၀၃) မင်းရောက်လာမှတော့ ပြန်ဖို့ မစဥ်းစားနဲ့တော့
မှန်သည်။ ဤသည်က လီချန်းယွမ်၏ အင်အားက များများစားစားပြောင်းလဲခြင်းမရှိဟူသော အချက်ပေါ်၌ အခြေခံထားခြင်းဖြစ်၏။ သို့သော် လီချန်းယွမ်၏ အင်အားမှာ ထပ်မံတိုးတက်လာလျှင်ပင် လီချန်းယွမ်သည် သူ၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ချူးယွင်ဖန်း လုံးဝယုံကြည်ချက် ရှိနေ၏။
လီချန်းယွမ်၏ တိုးတက်မှုမှာ မြန်ဆန်သည်ဆိုသော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုမှာ ထိုထက်ပင် ပို၍ မြန်ဆန်လှပေသည်။
အဆင့်တက်ပြီးနောက် ချူးယွင်ဖန်းက အလယ်ပိုင်းဒေသသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ သုံးရက်အကြာတွင် သူသည် ကျွန်းကြီးတစ်ကျွန်းပေါ်ရှိ မြို့တစ်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် လူများဖြင့် ပြည့်နှက်စည်ကားနေသည်။ ဤနေရာသည် အနီးနားရှိ ပင်လယ်ပြင်၏ ဗဟိုချက်မဖြစ်သဖြင့် သီးသန့်ကျင့်ကြံသူများ စုဝေးရာမှတစ်ဆင့် တဖြည်းဖြည်း မြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။
'အရှေ့ပင်လယ်ပြင်ထဲမှာ ဒီလိုမြို့မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး'
ချူးယွင်ဖန်းက ထိုမြို့ကြီးကို အကဲခတ်ကြည့်လိုက်ရာ ကျွန်းပေါ်တွင် အကာအကွယ်အတားအဆီး အမျိုးမျိုးကို တွေ့လိုက်ရသည်။ ထိုအတားအဆီးများက ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများကို ဟန့်တားပေးထားသဖြင့် ကျွန်းပေါ်သို့ မရိုက်ခတ်နိုင်ခြင်း ဖြစ်သည်။
ကျွန်းအထက်ရှိ အကာအကွယ်အတားအဆီးများစွာမှာ နေရောင်အောက်တွင် မှိန်ပျပျ တောက်ပနေ၍ ရွှေရောင်လောကကြီးအလား ထင်မှတ်ရသည်။ ဤအတားအဆီးများက ကျွန်းတစ်ခုလုံးကို ကာကွယ်ပေးထားခြင်းဖြစ်၍ အခြားနေရာများနှင့် မတူဘဲ လူသားသီးသန့်ကျင့်ကြံသူများအတွက် မြင့်မြတ်သော မြေဖြစ်လာသည်။
ချူယွင်ဖန်းက ကမ္ဘာ စာအုပ်ထဲတွင် ဖော်ပြထားသော အရှေ့ပင်လယ်အကြောင်း အချက်အလက်များကို ပြန်လည်သတိရလိုက်သည်။ အရှေ့ပင်လယ်တွင် ကျွန်းများသည် အဆုံးမရှိသော သမုဒ္ဒရာပြင်ကြီးထဲမှ ကြယ်ပွင့်များအလား ရှိနေကြသည်။ ဤကျွန်းများသည် အရှေ့ပင်လယ်တစ်ခွင်၏ လမ်းကြောင်းအသီးသီးကို ထိန်းချုပ်ထားသော အချက်အချာနေရာများ ဖြစ်ကြသည်။
ချူးယွင်ဖန်းက မြို့ထဲသို့ ဆင်းသက်ဝင်ရောက်သွားသည်။ မြို့အတွင်း၌ အရှေ့ပင်လယ် ဒေသခံများသာမက တရှမှ လာသော ကျင့်ကြံသူ အများအပြားကိုလည်း တွေ့ရှိရသည်။ သူ ခွဲခြားနိုင်ရခြင်းမှာ အရှေ့ပင်လယ်ကျင့်ကြံသူများသည် တရှနှင့် ကာလရှည်ကြာ ကွဲကွာနေခဲ့သဖြင့် ဝတ်စားဆင်ယင်မှုပုံစံမှာ တရှနှင့် အနည်းငယ် ကွဲပြားနေသောကြောင့် ဖြစ်သည်။ ကွာခြားချက်မှာ မကြီးမားလှသော်လည်း အဝတ်အစားပုံစံကို ကြည့်ရုံဖြင့် တရှမှ ကျွမ်းကျင်သူ ဟုတ်မဟုတ်ကို အလွယ်တကူ ခွဲခြားနိုင်ပေသည်။
မြို့ထဲသို့ ဝင်ဝင်ချင်း၌ပင် လူအုပ်ကြီးသည် မြို့လယ်ခေါင်ဆီသို့ ဦးတည်သွားနေကြသည်ကို ချူးယွင်ဖန်း သတိပြုမိလိုက်သည်။ မြို့လယ်တွင် ကျင့်ကြံသူအများအပြားက အိမ်တော်တစ်ခု၏ ရှေ့တွင် ရပ်နေကြသည်။ လူတိုင်းမှာ တစ်ခုခုကြောင့် စိတ်ဝင်တစား ဖြစ်နေပုံပေါ်၏။
ထိုအိမ်ဝင်းအတွင်းရှိ ဆိုင်းဘုတ်တစ်ခုပေါ်တွင် စာလုံးများကို ထွင်းထုထားသည်။ ၎င်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှသဖြင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ထိုစာလုံးများကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
"ဒါ လီချန်းယွမ် လာတဲ့ လီမျိုးနွယ်စုလား”
"လီမျိုးနွယ်စုက အလယ်ပိုင်းဒေသကနေ ထွက်လာပြီး အရှေ့ပင်လယ်အထိ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"
"ငါကြားတာတော့ လီချန်းယွမ် ကိုယ်တိုင်တောင် ဒီကို ရောက်နေတယ်တဲ့။ သူက ရှေးဟောင်းအမွေအနှစ်တစ်ခုအတွက် လာတာထင်တယ်။ တကယ်ကို အရှက်မရှိတာပဲ"
"ဟုတ်တယ်၊ သူက အရှေ့ပင်လယ်က အင်အားစုတွေကို လုံးဝ အလေးမထားဘူး။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ သူက တရှရဲ့ ဟန်ထျန်းမြို့ဝန်လေ။ လူငယ်မျိုးဆက်ထဲမှာ နံပါတ်တစ် ကျွမ်းကျင်သူပဲ။ သူ့ကို သတ်နိုင်တဲ့သူ မရှိတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ တရှရဲ့ အမျက်ဒေါသကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ”
လူတိုင်းမှာ ထိုအကြောင်းကို ပြောနေကြရာ အထူးသဖြင့် ဒေသခံများမှာ မကျေမနပ်ဖြစ်နေသော အမူအရာများဖြစ်နေသည်။ လီချန်းယွမ်သည် အရှေ့ပင်လယ်သို့ လာရာတွင် မိမိကိုယ်ကိုယ် နှိမ့်ချခြင်းမရှိဘဲ အရှေ့ပင်လယ်ရှိ အင်အားစုများကို ဂရုမစိုက်သကဲ့သို့ ဝင့်ဝင့်ကြွားကြွား ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
လီချန်းယွမ်က အရှေ့ပင်လယ်ရှိ ရှေးဟောင်းအမွေအနှစ်တစ်ခုအတွက်ရောက်လာခြင်းဖြစ်ကာ ဤနေရာရှိ ကျင့်ကြံသူများ၏ အမြင်၌ ဤအမွေအနှစ်က ၎င်းတို့နှင့်သာ ဆိုင်သင့်သည်ဟုယူဆထားကြသော်လည်း လီချန်းယွမ်က ဝင်ရောက်နှောက်ယှက်၍ ၎င်းတို့၏ အခွင့်အရေးကို လုယူရန် ကြိုးစားနေသဖြင့် လုံးဝ ကြိုဆိုခြင်းမရှိကြပေ။
အရှေ့ပင်လယ်ကျင့်ကြံသူများထဲတွင်လည်း ထူးချွန်သူများစွာ ရှိ၏။ လီချန်းယွမ်ကို မည်သူမျှ မယှဉ်နိုင်ခြင်းမဟုတ်ဘဲ တရှ၏ အမျက်ဒေါသကို မည်သူမျှ မခံစားချင်ကြခြင်းသာ ဖြစ်သည်။
'လီချန်းယွမ် ဒီမှာ ရှိနေတာလား’
ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေတော့သည်။
မိမိက ပို၍ သန်မာလာစေရန် ကြိုးစားနေသကဲ့သို့ လီချန်းယွမ်သည်လည်း တစ်နေရာတည်းတွင် ရပ်တန့်နေမည်မဟုတ်ကြောင်းသူသိသည်။ လီချန်းယွမ်၏ ဩဇာအာဏာဖြင့်ဆိုပါက ချူးယွ၍်ဖန်းကို ကိုယ်တိုင်ပင် တိုက်ခိုက်ရန်မလိုဘဲ နည်းလမ်းပေါင်းစုံဖြင့် ဒုက္ခပေးနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်း လိုက်လံခုခံရုံသာ တတ်နိုင်ခြင်းမှာ ၎င်းတို့နှစ်ဦးကြားရှိ အကြီးမားဆုံးသော ကွာဟချက်ပင် ဖြစ်သည်။
သို့သော် ဤသည်မှာ အခွင့်ကောင်းတစ်ခု ဖြစ်နိုင်ကြောင်း ချူးယွင်ဖန်း ရုတ်တရက် သဘောပေါက်သွားသည်။ အမြဲတမ်း သူက အလင်းထဲတွင်ရှိ၍ လီချန်းယွမ်က အမှောင်ထဲတွင် ရှိနေသဖြင့် လီချန်းယွမ်၏ တိုက်ခိုက်မှုများကိုသာ သူက အမြဲခံစစ်အနေဖြင့် ရင်ဆိုင်ခဲ့ရသည်။ ယခုမူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ လီချန်းယွမ်သည် အရှေ့ပင်လယ်သို့ ပေါ်ပေါ်တင်တင် ရောက်ရှိနေပြီး အလင်းထဲသို့ ရောက်နေပြီဖြစ်သည်။ ချူးယွင်ဖန်းလည်း တိုက်တိုက်ဆိုင်ဆိုင် ဤနေရာသို့ ရောက်ရှိနေလိမ့်မည်ဟု လီချန်းယွမ် လုံးဝထင်ထားမည် မဟုတ်ပေ။
ဤသည်မှာ လီချန်းယွမ်ကို သူ၏ အစီအစဉ်နှင့် သူပြန်တိုက်ရန် ချူးယွင်ဖန်းအတွက် အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်သည်။
ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် ကြံစည်တွေးတောနေသော အလင်းတန်းများ တောက်ပလာသည်။ လီချန်းယွမ် ရှေးဟောင်းအမွေအနှစ် ရကာ အင်အားတိုးလာမည်ကို သူ လုံးဝမစိုးရိမ်ပေ။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ၍၊ ၎င်းမှာ ဤအခွင့်အရေးကို အသုံးချကာ လီချန်းယွမ်ကို အပြတ်ရှင်းရန်ပင် ဖြစ်သည်။
"မင်း အရှေ့ပင်လယ်ကို ရောက်လာမှတော့... ပြန်ဖို့ မစဉ်းစားနဲ့တော့။"
ချူးယွင်ဖန်းက မူလက လီချန်းယွမ်ကို ကြင်ယာတော်ရွေးပွဲတွင် သတ်ရန် စီစဉ်ထားသော်လည်း ယခု အခွင့်အရေးသစ် ပေါ်လာပြီဖြစ်သဖြင့် သူ လုံးဝလက်လွတ်မခံတော့ပေ။ အထူးသဖြင့် လီချန်းယွမ်သည် ပေါင်းထိုင်မှ သတင်းများ အပြင်မထွက်နိုင်အောင် ထိုဂိုဏ်းက ၎င်းတို့အားတစ်ခုတည်းဖြင့် တားနိုင်စွမ်းရှိမည်မဟုတ်ပေ။
ထိုဖြစ်ရပ်နောက်ကွယ်တွင် အင်အားစုအများအပြား ပူးပေါင်းကြံစည်မှု ရှိနေရမည်။ တရှနိုင်ငံတော်အတွင်း စစ်သေနာပတိချုပ်ရုံးက မည်မျှထိ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ထားသည်ကို ချူးယွင်ဖန်း အတိအကျမသိသော်လည်း မည်သို့ဖြစ်ပျက်နေသည်ကိုမူ ခန့်မှန်းနိုင်သည်။
သို့သော်လည်း ဤကိစ္စကို ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သူ သိထားသည်။ အမွေအနှစ်အတွက် လာရောက်တိုက်ပွဲဝင်ခြင်း ဖြစ်ရာ သူ့ကို တမင်ပစ်မှတ်ထားသူရှိပါက အသက်အန္တရာယ် ရှိနိုင်သောကြောင့် လီချန်းယွမ် တစ်ယောက်တည်း လာလိမ့်မည်မဟုတ်ပေ။
အင်အားစုအသီးသီး၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ ချူးယွင်ဖန်း တစ်ဦးတည်း မဟုတ်ပေ။ ပါရမီရှင်စာရင်းဝင် လူငယ်တိုင်းမှာ အင်အားစုများ၏ နှိပ်ကွပ်ခြင်းနှင့် ပစ်မှတ်ထားခြင်းကို အကြိမ်ကြိမ် ခံရလေ့ရှိသည်။ ထိုအခြေအနေကို မကျော်ဖြတ်နိုင်သူများမှာ စာရင်းမှ ပယ်ဖျက်ခြင်း ခံရမည်ဖြစ်ကာ ကျော်ဖြတ်နိုင်သူများမှာမူ ၎င်းတို့၏ ကျင့်ကြံမှုခရီးတွင် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ပြောင်းလဲမှုများကို ကြိုဆိုခွင့်ရကြသည်။
စာရင်းဝင်ရခြင်းမှာ ဘေးဒုက္ခတစ်ခု ဖြစ်သလို အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပေသည်။
ဤသို့ တွေးတောရင်း ချူးယွင်ဖန်း၏ ရုပ်သွင်မှာ တိတ်တဆိတ် ပြောင်းလဲသွားတော့သည်။ သူ၏ အရပ်က နှစ်မီတာခန့် ရှည်လာကာ ခန့်ညားသော လူငယ်လေးအသွင်မှ ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူ၏ လက်ထဲတွင်လည်း သံမဏ ကျိုင်းတစ်ချောင်း ပေါ်လာသည်။ ၎င်းမှာ မျောက်နတ်ဆိုးဘုရင်အသုံးပြုခဲ့သော လက်နက်ပင် ဖြစ်သည်။
မျောက်နတ်ဆိုးဘုရင်မှာ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားခဲ့ရသော်လည်း အားနည်းသောကြောင့် မဟုတ်ပေ။ ထိုစဉ်က ချူးယွင်ဖန်းက အစွမ်းကုန် အင်အားမြှင့်ထားသောကြောင့်သာ ဖြစ်သည်။
ချူယွင်ဖန်၏ လက်ထဲရှိ ထိုကျိုင်း၏ စွမ်းအားမှာ သံသယဖြစ်ဖွယ် မရှိပေ။ သာမန် ဖန်ဆင်းရှင်အဆင့် များပင်လျှင် ဤကျိုင်းဖြင့် ထိမှန်ပါက ပြင်းပြင်းထန်ထန်ဒဏ်ရာရ၍ ပြာအဖြစ်ပြောင်းလဲသွားနိုင်သည်။
--