← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇)

အစ်မ ဟျွန်းဂျူးက ခေါင်းကိုက်နေသလိုမျိုး သူ့နဖူးကို လက်ညှိုးနဲ့ ဖိထားတယ်။ ပါးစပ်ထဲက စီကရက်က အဆုံးနားအထိ လောင်ကျွမ်းသွားတော့မှ ပြာခွက်ထဲ ထိုးချေလိုက်ပြီး ပြောတယ်။

“ဒီတစ်ခါကော ဘာတွေတွေးနေပြန်ပြီလဲ”

ဒေါ်လာ သန်း ၂၀၀၀၀။

ကိုရီးယားဝမ်နဲ့ဆိုရင် သိန်းပေါင်း ၂၂ ကုဋေလောက် ရှိပါတယ်။ ဒီပမာဏဆိုရင် ကော်ပိုရေးရှင်းအကြီးကြီးတစ်ခုကို အပိုင်ဝယ်လို့ရပြီး စက်မှုလုပ်ငန်းတစ်ခုလုံးရဲ့ အခြေအနေကိုတောင် ပြောင်းလဲပစ်နိုင်တယ်။

တက်ဂယူက ပြောတယ်။

“ဒါက အရေးကြီးတယ်။ မမ”

“အဲဒီအရေးကြီးတဲ့ ကိစ္စက ဘာလဲ”

ကျွန်တော်ကတော့ မချိပြုံး ပြုံးလိုက်မိတယ်။

“ဖြည်းဖြည်းချင်း ပြောပြမယ်”

သူက ဒါက နောက်ပြောင်နေတာ မဟုတ်မှန်း ရိပ်မိသွားပုံပဲ။

“တကယ်ပဲ ဘာဖြစ်…”

အဲဒီအချိန်မှာပဲ အယ်လီက တံခါးဖွင့်ပြီး ဝင်လာတယ်။ အပြင်မှာ ရာသီဥတုပူလို့ပဲလား၊ ဒီကို အလောတကြီး ပြေးလာလို့ပဲလား မသိဘူး သူ့နဖူးမှာ ချွေးစက်လေးတွေ စိုနေပါတယ်။

“ဂျင်ဟူ။ အမေရိက ခရီးစဉ် အဆင်ပြေခဲ့ရဲ့လား”

“ပြေပါတယ်”

နောက်ပိုင်းရက်တွေက တော်တော်လေး အလုပ်ရှုပ်တော့မှာပါ။ ဒါပေမဲ့ ဒီနေ့တော့ အချိန်နည်းနည်းရလိမ့်မယ်လို့ မျှော်လင့်မိတယ်။

ကျွန်တော် အရင်ဆုံး မတ်တတ်ရပ်လိုက်တယ်။

“အသေးစိတ်ကို နောက်မှ ပြောပြမယ်။ ဒါကိုပဲ စိတ်ထဲမှတ်ထားပြီး ပြင်ဆင်ပေးပါ။ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင်ကို ခဏလောက် ခေါ်သွားဦးမယ်”

ကျွန်တော် အယ်လီ့လက်ကို ဆွဲပြီး ဌာနခွဲမန်နေဂျာရုံးခန်းထဲက ထွက်ကာ ဓာတ်လှေကားဆီ ဦးတည်လိုက်တယ်။

“ဘယ်သွားမလို့လဲ”

“ဒိတ်လုပ်မလို့”

“ဒါပေမဲ့ ငါ့ အလုပ်တွေ မပြီးသေးဘူးလေ”

“ဒီနေ့ကို နေ့တစ်ဝက်ခွင့်ယူလိုက်တယ်လို့ပဲ သဘောထားလိုက်တော့”

အယ်လီက ပြုံးပြီး ခေါင်းညိတ်ပြတယ်။

“အင်း”

ကျွန်တော်တို့ ကားထဲ ဝင်ထိုင်လိုက်ကြတယ်။

ကျွန်တော်က မောင်းသူနေရာမှာ ထိုင်၊ ထိုင်ခုံခါးပတ်ပတ်ပြီး မေးလိုက်တယ်။

“ဘယ်သွားချင်လဲ”

အယ်လီက ဒီမေးခွန်းကို စောင့်နေခဲ့သလိုမျိုး ချက်ချင်းပဲ ပြန်ဖြေတယ်။

“ကစားကွင်း။ ကိုရီးယားလူမျိုးတွေက ကစားကွင်းတွေမှာ ခဏခဏ ဒိတ်လုပ်တတ်ကြတယ်လေ၊ ဒါကြောင့် ဂျင်ဟူနဲ့ အနည်းဆုံး တစ်ခါလောက်တော့ သွားချင်ခဲ့တာ”

သူက ဇိမ်ခံနေရာမျိုးကို ပြောလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ ကစားကွင်း သွားချင်တာ ဖြစ်နေပါတယ်။

သူလည်း သူများတွေလိုပဲ သာမန်ဒိတ်မျိုးကို ကြုံဖူးချင်ပုံရတယ်။

မြို့တော်ဧရိယာမှာ နာမည်ကြီးတဲ့ ကစားကွင်း နှစ်ခုရှိတယ်၊ လီတာအုပ်စုရဲ့ လက်အောက်ခံဖြစ်တဲ့ Lita World နဲ့ ဆိုဆောင်းအီလက်ထရောနစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်တဲ့ Neverland။

အကွာအဝေးအရဆိုရင် Lita Worldက ပိုနီးပေမဲ့ ကွာလတီအရဆိုရင် Neverlandက အပြတ်အသတ် သာလွန်ပါတယ်။

“ဒါဆို Neverland သွားကြမလား”

အယ်လီက ကလေးတစ်ယောက်လို ရင်ခုန်စိတ်လှုပ်ရှားနေပုံပါပဲ။

“တကယ်လား။ တကယ်ပဲ အဲဒီကို လိုက်ပို့မလို့လား”

“ဒါပေါ့။ ယုံအင်းမှာဆိုတော့ ဒီကနေ သိပ်မဝေးပါဘူး”

သူက ပျော်လွန်လို့ ခုန်ပေါက်မတတ် ဖြစ်နေရင်းကနေ ရုတ်တရက် ကျွန်တော့်မျက်နှာကို စိုက်ကြည့်လာတယ်။

“ဘာဖြစ်လို့စိုက်ကြည့်နေတာလဲ”

“နင် ကောင်းကောင်းသိပါတယ်။ အရင်ရည်းစားနဲ့ အဲဒီကို သွားဖူးတယ်မလား”

“……”

အမှန်အတိုင်းပြောရရင် သွားဖူးပါတယ်။

အရင်က ဆွန်းအာနဲ့ တွဲတုန်းက တစ်ခါ သွားဖူးပါတယ်။

ဒါပေမဲ့ သွားဖူးကြောင်းကို အမှန်အတိုင်း ပြောလို့မဖြစ်ဘူးလေ။

“အဟမ်း။ မသွားဖူးပါဘူး”

အယ်လီက အားလုံးကို ရိပ်မိတဲ့ အပြုံးမျိုးနဲ့ ခေါင်းညိတ်ပြတယ်။

“ပညာရှိဆန်တဲ့ အဖြေပဲ။ A+ ပေးတယ်”

“……ကျေးဇူးပါပဲ”

ကျွန်တော်တို့တွေ အခုအဝတ်အစားတွေနဲ့ သွားရင် ရုံးဝန်ထမ်းနှစ်ယောက် ခိုးထွက်လာကြသလိုမျိုး မြင်ကုန်ပါလိမ့်မယ်။ အဲဒါက ပြဿနာမဟုတ်ပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကို မှတ်မိသွားရင် စိတ်ရှုပ်စရာ ဖြစ်လာမှာပါ။

“အရင်ဆုံး ဈေးဝယ်ရမယ် ထင်တယ်”

ကျွန်တော် အရင်ဆုံး အနားမှာရှိတဲ့ SPA ဆိုင်တစ်ဆိုင်ဆီ ကားမောင်းသွားလိုက်တယ်။ အယ်လီက ကာတွန်းရုပ်ပုံပါတဲ့ အဖြူရောင် တီရှပ်နှစ်ထည်ကို ရွေးလိုက်တယ်။

“ကစားကွင်းသွားရင် စုံတွဲရှပ် ဝတ်ရတာ ထုံးစံပဲလေ”

“…….”

သူက တကယ်ပဲ သူများတွေလုပ်သမျှ အကုန်လိုက်လုပ်ဖို့ စိတ်ကူးနေတာလား။

ကျွန်တော် အဝတ် အရင်လဲပြီး ထွက်လာခဲ့တယ်။ ခဏနေတော့ အယ်လီလည်း အဝတ်လဲခန်းထဲက ထွက်လာတယ်။

စောစောက ဝတ်ထားတဲ့ စမတ်ကျကျ ဝတ်စုံအစား ဂျင်းဘောင်းဘီ၊ ပုံပါတဲ့ တီရှပ်အဖြူရောင်နဲ့ ခြေချောင်းလေးတွေ ပေါ်နေတဲ့ ကွင်းထိုးဖိနပ်ကို ဝတ်ထားတယ်။ ပြီးတော့ မျက်နှာကို အတော်အတန် ဖုံးအုပ်ပေးထားတဲ့ နေကာမျက်မှန်ကိုလည်း တပ်ထားသေးတယ်။

“ဘယ်လိုလဲ၊ လှလား”

ဖက်ရှင်ရဲ့ အဆုံးအဖြတ်က တကယ်ပဲ မျက်နှာဖြစ်နေတာပဲ။

SPA ဝတ်စုံပဲ ဖြစ်နေပေမဲ့ အယ်လီက ဓာတ်ပုံရိုက်ကွင်းတစ်ခုထဲ ရောက်နေသလိုမျိုး လှပနေပါတယ်။ အဝတ်အစားတွေ ဝယ်ပြီးနောက် ကားပေါ် ပြန်တက်ပြီး Neverlandဆီ ဦးတည်လိုက်တယ်။

ကျွန်တော်တို့ကို မှတ်မိမယ့်သူ မရှိလောက်ပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရပ်ဝတ်ကိုယ်ရံတော်တွေကတော့ အနောက်ကနေ လိုက်လာကြတယ်။

လမ်းမှာ တက်ဂယူဆီက ဖုန်းလာတယ်။

[ ဘယ်သွားနေတာလဲ ]

“Neverland သွားမလို့”

[ ငါ ဥက္ကဋ္ဌ လင်ဂျင်ယုံဆီ ဖုန်းဆက်ပြီး ကစာကွင်းထဲမှာ အားလုံးစီးလို့ရမယ့် Pass နှစ်စောင် ပို့ပေးဖို့ ပြောလိုက်ရမလား ]

“……ငါ့ဘာသာပဲ ဝယ်လိုက်မယ်”

ဒီလောက် အလုပ်ရှုပ်နေတဲ့ ဥက္ကဋ္ဌဆီ ဘာလို့ ဖုန်းဆက်ရမှာလဲ။

Neverlandကို ရောက်တော့ ကစားကွင်းထဲမှာ အားလုံးစီးလို့ရမယ့် Pass တွေကို ဝယ်ပြီး ဝင်ခဲ့ကြတယ်။

ကျွန်တော်တို့ လက်ချင်းချိတ်ပြီး ကစားကွင်းထဲ လျှောက်လည်ရင်း ကစားနည်းအမျိုးမျိုးကို စီးခဲ့ကြတယ်။ ကျွန်တော် နောက်ဆုံးလာခဲ့တုန်းကထက်စာရင် ကစားနည်းအသစ်တွေ အများကြီး ရှိနေပါပြီ။

အလုပ်ဖွင့်ရက်ရဲ့နေ့လည်ပိုင်း ဖြစ်နေတာတောင် လာလည်တဲ့သူတွေ အများကြီးပါပဲ။ အုပ်စုလိုက် လာကြတဲ့သူတွေ၊ မိသားစုတွေနဲ့ စုံတွဲတွေ စသဖြင့်ပေါ့။

မျှော်လင့်ထားတဲ့အတိုင်းပဲ လူအများစုရဲ့ အကြည့်တွေက အယ်လီ့ဆီမှာပဲ ရောက်နေကြတယ်။ အမျိုးသားတစ်ယောက်ဆိုရင် သူ့ရည်းစားက လိမ်ဆွဲလိုက်တော့မှ အယ်လီ့ကို ကြောင်ကြည့်နေတာရပ်ပြီး သတိပြန်ဝင်လာတယ်။

ကစားနည်းတစ်ခုကနေ ဆင်းလာတာနဲ့ အယ်လီက ကျွန်တော့်လက်ကို ဆွဲပြီး ခေါ်သွားပြန်တယ်။

“လာ… ဟိုဘက်ကဟာကို ဆက်စီးရအောင်”

“ခဏလောက် နားပြီး ကော်ဖီသောက်ကြမလား”

“ဘာလို့လဲ၊ ဒီအထိ ရောက်လာမှတော့ အနည်းဆုံး နောက်တစ်ခုတော့ ထပ်စီးရမှာပေါ့”

အယ်လီက အားအင်တွေ ပြည့်ဝနေပေမဲ့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုကတော့ မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးလာနေပါပြီ။ လေယာဉ်ပေါ်က ဆင်းကတည်းက မနားရသေးမှန်း သတိထားမိလိုက်တယ်။

ညနေပိုင်းမှာတော့ လှည့်လည်ဖျော်ဖြေပွဲတွေနဲ့ ပြပွဲတွေ စတင်လာတယ်။ အယ်လီကတော့ မောပန်းပုံမပေါ်ဘဲ အဲဒီအဖွဲ့တွေနောက်ကို လိုက်ကြည့်ပြီး အဆုံးအထိ စောင့်ကြည့်နေခဲ့တယ်။

နောက်ဆုံးတော့ ကျွန်တော်တို့နောက်က လိုက်နေတဲ့ ကိုယ်ရံတော်တွေပါ မောပန်းနေတဲ့ ပုံစံမျိုး ဖြစ်လာတော့မှ ကစားကွင်းထဲကနေ ထွက်ခဲ့ကြတယ်။

အယ်လီက နှမြောတသဖြစ်တဲ့ လေသံလေးနဲ့ ပြောတယ်။

“အာ… အလုပ်ဖွင့်ရက်တွေမှာဆိုရင် မီးရှူးမီးပန်း မဖောက်ဘူးပဲ။ အဲဒါကိုလည်း ကြည့်ချင်ခဲ့တာ”

ကျွန်တော်တို့ ဂန်နမ်ဆီ ပြန်မောင်းလာခဲ့ပြီး မက္ကဆီကန် စားသောက်ဆိုင်တစ်ခုမှာ ညစာကို နောက်ကျမှ စားဖြစ်ကြတယ်။ မှာထားတဲ့ Fajitas နဲ့ Quesadillas တွေ ရောက်လာတယ်။

“ဝိုင် သောက်ကြမလား”

“မက္ကဆီကန် အစားအစာနဲ့ဆိုရင် Tequilaက မရှိမဖြစ်ပဲလေ”

ကျွန်တော်တို့ ခွက်ချင်း တိုက်လိုက်ကြတယ်။ သောက်တာ သိပ်မများသေးပေမဲ့ ပြင်းအားများတဲ့ အရက်ဖြစ်လို့ မျက်နှာက ချက်ချင်းပဲ ရဲတက်လာတယ်။

“အခု ပြောပြတော့”

“ဘာကိုလဲ”

“ဘာလို့ ခရီးမထွက်နိုင်ရတာလဲ။ ငါ ဘယ်လောက် စိတ်ပျက်သွားလဲ သိရဲ့လား”

“အင်း……”

ကျွန်တော့်မျက်နှာအမူအရာကို ကြည့်ပြီး အယ်လီက သဘောကျကာ ပြုံးလိုက်တယ်။

“ရပါတယ်။ ဒီနေ့ ဒိတ်က ပျော်စရာကောင်းလို့ ခွင့်လွှတ်လိုက်မယ်”

ဆိုင်ပိတ်ခါနီးအချိန်မှာ ကျွန်တော်တို့ Tequilaတစ်ပုလင်းလုံး ကုန်သွားခဲ့ကြတယ်။ အယ်လီက ကျွန်တော့်ထက် ပိုသောက်မိသွားပုံပဲ။

ကိုယ်ရံတော်က ကားမောင်းပေးလို့ သီးသန့် ဒရိုင်ဘာ ခေါ်စရာမလိုဘဲ ကျွန်တော်တို့ကတော့ အနောက်ခန်းမှာ ထိုင်လိုက်ကြတယ်။ တစ်လမ်းလုံး အယ်လီက ကျွန်တော့်လက်ကို ကိုင်ထားပြီး ကျွန်တော့်ပခုံးပေါ် ခေါင်းမှီထားတယ်။

ဟိုတယ်ကို ရောက်ဖို့ သိပ်မကြာလိုက်ဘူး။

“ရောက်ပြီပဲ”

“အပေါ်တက်သွားတာကို စောင့်ကြည့်ပေးမယ်”

ကျွန်တော်တို့ ကားပေါ်က အတူတူဆင်းပြီး လော်ဘီထဲ လျှောက်ဝင်ခဲ့ကြတယ်။ အယ်လီက လမ်းခွဲရမှာကို နှမြောနေတဲ့ ပုံစံပါပဲ။ ကျွန်တော်လည်း အတူတူပါပဲ။

အဲဒီအချိန်မှာ ဓာတ်လှေကား ရောက်လာပြီး တံခါးပွင့်သွားတယ်။

အယ်လီက ဓာတ်လှေကားထဲ ဝင်ရင်း ပြောတယ်။

“ဒီနေ့ ပျော်စရာကောင်းခဲ့တယ်။ နင် ပင်ပန်းနေမှာပဲ၊ မြန်မြန်ပြန်ပြီး နားလိုက်တော့နော်”

“ကောင်းသောညပါ”

ဓာတ်လှေကားတံခါးက ဖြည်းဖြည်းချင်း ပိတ်သွားတယ်။

ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ ခလုတ်ကို နှိပ်လိုက်မိတာကြောင့် ပိတ်လုဆဲဆဲ တံခါးက ပြန်ပွင့်လာတယ်။

“ဟိုလေ…”

ဘာပြောရမလဲ။

ကျွန်တော် ဇဝေဇဝါ ဖြစ်နေတုန်း အယ်လီက အရင် ပြောလာတယ်။

“နောက်ထပ် တစ်ခွက်လောက် ထပ်သောက်မလား။ မနေ့ညက သောက်လက်စ ဝိုင် ကျန်သေးတယ်”

“ဪ… သောက်မလား”

ကျွန်တော် သူနဲ့အတူ ဓာတ်လှေကားထဲ ဝင်လိုက်တယ်။

ထူးဆန်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ တိတ်ဆိတ်မှုက ကျွန်တော်တို့ကို ဝန်းရံသွားတယ်။

အယ်လီ့အခန်းက ၂၆ ထပ်မှာ ရှိတာပါ။ အခန်းရှေ့ရောက်တော့ ကတ်ပြားနဲ့ တံခါးဖွင့်လိုက်တယ်။ အယ်လီက အရင်ဝင်ပြီး ကျွန်တော်က အနောက်ကနေ လိုက်ဝင်ခဲ့တယ်။

သူ့ကို ဟိုတယ်ရှေ့အထိ လိုက်ပို့ပေးတာ ခဏခဏ ဖြစ်ပေမဲ့ အခန်းထဲ ဝင်တာကတော့ ဒါနဲ့ဆို ဒုတိယအကြိမ်ပါပဲ။

တွဲဖို့ ဆုံးဖြတ်ပြီးကတည်းကဆိုရင် ဒါက ပထမဆုံးအကြိမ်ထင်တယ်။

တံခါးက အလိုအလျောက် ပိတ်သွားတယ်။ သူ ကတ်ပြားကို မထိုးရသေးတာကြောင့် အခန်းထဲက မှောင်နေတုန်းပဲ။

အဲဒီအချိန်မှာ အယ်လီက ရုတ်တရက် လှည့်လာပြီး ကျွန်တော့်ကို ဖက်ကာ နမ်းလိုက်တယ်။ ချိုမြိန်တဲ့ ရနံ့က အရက်နံ့နဲ့ ရောယှက်နေတယ်။

အကြာကြီး နမ်းပြီးနောက် အယ်လီက ရုန်းထွက်လိုက်ပြီး ပြောတယ်။

“ဒါက ခွင့်ရက်ကို ဖျက်ပစ်လိုက်တဲ့အတွက် ပေးရတဲ့ တန်ဖိုးပဲ”

ကျွန်တော်တို့ တွဲခဲ့တာ လအနည်းငယ် ရှိပြီဖြစ်ပြီး အသားချင်းထိတာနဲ့ နမ်းတာတွေက သဘာဝကျနေပြီ ဖြစ်ပေမဲ့ ဒီထက်ပိုပြီး ရှေ့ဆက်ဖို့ကျတော့ နှစ်ယောက်လုံး သတိထားနေခဲ့ကြတယ်။

ကျွန်တော့်မှာလည်း လိုချင်တပ်မက်တဲ့စိတ်တွေ အများကြီး ရှိခဲ့ပေမဲ့ နှစ်ယောက်လုံးက အလုပ်ရှုပ်နေကြပြီး ဘေးပတ်ဝန်းကျင်က လူတွေကြောင့်လည်း စိုးရိမ်စိတ် အနည်းငယ် ရှိနေခဲ့တာပါ။

ပိုပြီး ရင်းနှီးခွင့်မရအောင် တားဆီးထားတဲ့ စည်းတစ်ခု ရှိနေသလိုပါပဲ။ ဒါပေမဲ့ အခုတော့ အဲဒီစည်းကို ဖြတ်ကျော်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ခံစားလိုက်ရတယ်။

အယ်လီက ကတ်ပြားကို ထိုးထည့်လိုက်တော့ မီးတွေက အလိုအလျောက် ပွင့်လာတယ်။ အရက်ကြောင့်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ့မျက်နှာလေးက နီမြန်းနေတယ်။

သူက အရမ်းလှနေတာကြောင့် ကျွန်တော် ခဏလောက် ငေးကြည့်နေမိတယ်။ အယ်လီက စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ပြောတယ်။

“… ငါတို့ ဝိုင်သောက်ဖို့ လာတာမလား။ အဲဒီ ဝိုင်က…”

ကျွန်တော် သူ့လက်ကို ဆွဲပြီး ရင်ခွင်ထဲ ထည့်လိုက်တယ်။ ပြီးတော့ အိပ်ခန်းဆီ ဦးတည်ရင်း ထပ်ပြီး နမ်းလိုက်ကြပြန်တယ်။

ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ကုတင်ပေါ် လဲကျသွားကြတယ်။

ကျွန်တော် လက်လှမ်းပြီး အယ်လီ့ပါးပြင်လေးကို ပွတ်သပ်ပေးလိုက်တယ်။

“အဆင်ပြေရဲ့လား”

ကျွန်တော့်မေးခွန်းကို အယ်လီက ပြန်မဖြေဘဲ မျက်လုံးလေးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်။

သတိပြန်ရလာတဲ့အချိန်မှာ မြို့လယ်ခေါင်တစ်ခုမှာ ရောက်နေမှန်း သိလိုက်ရတယ်။

ဘယ်နေရာလဲဆိုတာ ချက်ချင်းပဲ မှတ်မိတယ်။

လမ်းတစ်ဖက်မှာ လူပေါင်းရာနဲ့ချီပြီး ဖန်စီအဆောက်အဦးကြီး တစ်ခုရဲ့ အရှေ့မှာ တန်းစီနေကြတယ်၊ သူတို့တွေက Nphone Z ကို ဝယ်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ စိတ်လှုပ်ရှားနေကြတာပါ။

ကျွန်တော့်ဘေးမှာတော့ အနောက်တိုင်းဝတ်စုံပြည့် ဝတ်ထားတဲ့ လူဖြူတစ်ယောက်က ဖုန်းပြောရင်း အလုပ်ရှုပ်နေတယ်၊ Bluetoothနားကြပ် တပ်ထားပြီး သူ့လက်ပတ်နာရီကို ခဏခဏ ကြည့်နေပါတယ်။ သူ့မျက်နှာမှာ ဒေါသတွေ ပြည့်နေတာပဲ။

မီးပွိုင့်က နီနေတုန်းပဲ။

မီးပွိုင့်ပြောင်းသွားရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော် သိနေတယ်။ ဒါပေမဲ့ အမှန်တရားကို မသိကြတဲ့ လူတွေကတော့ ပျော်ပျော်ပါးပါး ရယ်မောပြီး စကားပြောနေကြတုန်းပဲ။

ဒါတွေကို ကျွန်တော့်ကို ဘာလို့ ပြနေတာလဲ။

ဘာမှမသိဘဲ ဘာမှမလုပ်ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သိနေပြီဆိုရင်တော့ ကျွန်တော် မလွဲမသွေ ရွေးချယ်မှုတစ်ခု လုပ်ရတော့မယ်။ အဲဒီရွေးချယ်မှုနောက်က လိုက်လာမယ့် အကျိုးဆက်တွေနဲ့ တာဝန်တွေကို ကျွန်တော်ပဲ ထမ်းဆောင်ရလိမ့်မယ်။

ကျွန်တော် ဒီအကြောင်းတွေကို တွေးတောနေတုန်း မီးပွိုင့်က ပြောင်းသွားတယ်။ လူသွားလမ်းမှာ စောင့်နေတဲ့ လူတွေအားလုံးက အလျင်အမြန်ပဲ ဖြတ်ကူးကြတယ်။

ဝုန်း

နားကွဲမတတ် အသံကြီးနဲ့အတူ မြေကြီးက အက်ကွဲပြီး ပြင်းပြင်းထန်ထန် တုန်ခါသွားတယ်။ Npple Store အရှေ့မှာ စောင့်နေတဲ့ လူတွေက အော်ဟစ်ပြီး ထွက်ပြေးကြတယ်။

ဒါပေမဲ့ မြေပြင်က ပြိုကျသွားတာကြောင့် လူအများစုက အောက်ကို ကျသွားကြတယ်။ လမ်းပေါ်မှာ မောင်းနေတဲ့ ကားတွေက တိုက်မိပြီး ဟွန်းတီးသံတွေ ဆူညံသွားတယ်။ ဒရိုင်ဘာတချို့က ကားပေါ်ကနေ ခုန်ဆင်းပြီး ထွက်ပြေးကြတော့တယ်။

ဘေးပတ်ဝန်းကျင်က မိုးမျှော်တိုက်ကြီးတွေက စောင်းလာတယ်။ ကွဲကြေနေတဲ့ ဖန်စတွေနဲ့ အပျက်အစီးတွေက မိုးရွာသလိုမျိုး ကျလာတယ်။

အထပ်ပေါင်းများစွာ အပေါ်ကနေ ကျလာတဲ့ အရာဝတ္ထုတွေက လက်နက်တွေလိုပဲ အသက်အန္တရာယ် ပေးနိုင်ပါတယ်။ ကွန်ပျူတာတစ်လုံးက လူတစ်ယောက်ရဲ့ ခေါင်းပေါ်ကို တည့်တည့်ကြီး ကျလာတယ်။

ဒါက တကယ့်ကို ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းလိုမျိုးပါပဲ။ မယုံနိုင်စရာ ကောင်းလွန်းပါတယ်။

နောက်တော့ ကျွန်တော် အဲဒီအနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ လူရဲ့ လက်ကို ကိုင်ထားမိတယ်။ သူက ကြောက်လန့်တကြားနဲ့ ကျွန်တော့်ကို ကြည့်ပြီး အသက်ကယ်ဖို့ အော်ဟစ်နေတယ်။

ကျွန်တော် သူ့ကို ဆွဲတင်ဖို့ ကြိုးစားခဲ့ပေမဲ့ အမှန်တရားကို သိနေတယ်၊ ကျွန်တော် သူ့ကို မကယ်နိုင်ခဲ့ဘူး။

မိုးမျှော်တိုက်ကြီး ပြိုကျလာပြီး နေရောင်ကို ကွယ်သွားတော့တယ်။

အဲဒီအချိန်မှာပဲ…

“ဟင်း”

မျက်လုံးဖွင့်လိုက်တာနဲ့ အရင်ဆုံး မြင်လိုက်ရတာက အယ်လီ့ရဲ့ လန့်ဖျတ်သွားတဲ့ မျက်နှာအမူအရာပါ။

“အဆင်ပြေရဲ့လား”

“အင်း”

နဖူးကနေ ချွေးစေးတွေ စီးကျလာတယ်။

အယ်လီက စောင်ကို ဖယ်ပြီး ရေခပ်ပေးဖို့ ထလိုက်တယ်။ အမှောင်ထဲမှာ ထူးဆန်းတဲ့ ပုံရိပ်တစ်ခု ပေါ်လာတယ်။

“နင် ရုတ်တရက် ညည်းညူပြီး လူးလိမ့်နေလို့”

စောင်အောက် ပြန်ဝင်လာပြီး အယ်လီက မီးကို ခပ်မှိန်မှိန်လေး ဖွင့်လိုက်တယ်။

ကျွန်တော် ရေကို တစ်ကျိုက်ထဲ မော့သောက်လိုက်တယ်။

“အိပ်မက်မက်လို့ပါ”

“ဘာအိပ်မက်လဲ”

ဒါကို ဘယ်လို ရှင်းပြရမလဲ။

ကျွန်တော် ဂရုတစိုက်နဲ့ ပြောလိုက်တယ်။

“လူတွေ သေနေကြတဲ့ အိပ်မက်”

“ကြောက်စရာကြီးပဲ”

အယ်လီက ဖန်ခွက်ကို လှမ်းယူလိုက်တယ်။

ကျွန်တော် ညည်းတွားသလိုမျိုး မေးလိုက်မိတယ်။

“ငါ့မှာရှိတဲ့ ပိုက်ဆံတွေနဲ့ တစ်ယောက်ယောက်ကို ကယ်နိုင်ရင် ငါ ဘာလုပ်သင့်လဲ”

ခဏလောက် တွေးပြီးနောက် အယ်လီက ကျွန်တော့်ကို ပြန်မေးတယ်။

“နင် ဘာလုပ်ချင်လို့လဲ။ ဂျင်ဟူ”

“ငါ…”

အခုထိ မျက်လုံးမှိတ်လိုက်ရင် သေဆုံးနေတဲ့ လူတွေရဲ့ ပုံရိပ်က မျက်စိထဲ ပေါ်လာနေတုန်းပဲ။

အတိအကျပြောရရင် သူတို့ကို ကယ်တင်ဖို့ ကျွန်တော့်မှာ တာဝန်မရှိပါဘူး။ အဓိပ္ပာယ်မရှိဘဲ ဝင်ပါရင် ပိုက်ဆံတွေ ကုန်ပြီး အန္တရာယ်ထဲ ရောက်သွားနိုင်ပါတယ်။

ဒါတွေကို တကယ်ပဲ ရင်ဆိုင်နိုင်ပါ့မလား။

ကျွန်တော် အမှန်အတိုင်းပဲ ပြောလိုက်တယ်။

“အခုထိ မသိသေးဘူး။ ဒါက ငါ လုပ်သင့်တဲ့အရာလား၊ ဒါမှမဟုတ် လုပ်နိုင်တဲ့အရာလား ဆိုတာ…”

“ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ၊ ဘယ်လောက်ပဲ တော်တဲ့လူဖြစ်ဖြစ် အရာအားလုံးကိုတော့ မလုပ်နိုင်ပါဘူး”

အဲဒါ အမှန်ပဲ။

အခုအချိန်မှာတောင် ကမ္ဘာပေါ်မှာ စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူပေါင်းများစွာ သေဆုံးနေကြရတာပါ။ ဆီးရီးယား ဒါမှမဟုတ် ISIS နယ်မြေတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ လူတိုင်း သိကြတာပဲလေ။

ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံနဲ့ ဩဇာအာဏာအားလုံးကို စုစည်းလိုက်ရင်တောင် သူတို့အားလုံးကို မကယ်နိုင်ပါဘူး။

ဒါပေမဲ့… ကျွန်တော့်ရှေ့မှာတင် သေဆုံးနေတာကို မသိချင်ယောင်ဆောင်ပြီး ဘာမှမဖြစ်သလိုမျိုး ကျွန်တော် ဆက်နေသွားနိုင်ပါ့မလား။

“ငါ့မှာရှိတဲ့ ပိုက်ဆံတွေအားလုံး ပျောက်ကွယ်သွားပြီး… ငါက OTK ကုမ္ပဏီရဲ့ စီအီးအို မဟုတ်တော့ရင်ကော၊ အဆင်ပြေလား”

ကျွန်တော့်စကားကြောင့် အယ်လီ့မျက်နှာ တင်းမာသွားတယ်။

“နင် အခု ဘာပြောလိုက်တာလဲ”

“အဲဒါက…”

“နင်က ပိုက်ဆံရှိလို့ပဲ ငါက ဂျင်ဟူကို သဘောကျတာလို့ ပြောချင်တာလား”

“အဲလိုတော့လည်း မဟုတ်…”

ကျွန်တော့်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် အယ်လီက အဓိပ္ပာယ်မရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ရုတ်တရက် ရယ်မောလိုက်တော့တယ်။

လူတစ်ယောက်ကို သဘောကျဖို့ အကြောင်းရင်း အမျိုးမျိုး ရှိကြပါတယ်။ ရုပ်ရည်၊ စိတ်နေသဘောထား၊ ပညာရေး၊ အလုပ်အကိုင်၊ မိသားစု စသဖြင့်ပေါ့။ ပိုက်ဆံကလည်း အဲဒီအထဲက တစ်ခုပါပဲ။

အရင်းရှင်လူ့အဖွဲ့အစည်းမှာ ပိုက်ဆံရှိတာက ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတစ်ခု ဖြစ်တာ သေချာတယ်။ အဲဒါကို သဘောကျတာက အပြစ်တော့ မဟုတ်ပါဘူး။

အယ်လီက ဟန်ဆောင်ပန်ဆောင် အမူအရာလေး လုပ်ပြတယ်။

“နင် ပိုက်ဆံရှိရှိ မရှိရှိ အရေးမကြီးဘူး။ ဂျင်ဟူအရှေ့မှာ မကြွားချင်လို့ အောင့်ထားတာ။ ငါ့ လစာတစ်ခုထဲနဲ့တင် ငါတို့ နှစ်ယောက်လုံး ကောင်းကောင်း နေထိုင်သွားလို့ရတယ်”

သူ့ရဲ့ အမူအရာလေးက ချစ်စရာကောင်းလွန်းလို့ ကျွန်တော် ရယ်မိသွားတယ်။

“အင်း။ အဲဒါတော့ ဟုတ်တယ်”

သူ ဘယ်လောက် လှလဲဆိုတာကို ခဏလောက် မေ့သွားခဲ့တာပဲ။

ကျွန်တော့်ရည်းစားက Golden Gate ရဲ့ အရည်အချင်းရှိတဲ့ ရှေ့နေတစ်ယောက် ဖြစ်နေတာလေ။

“အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ ငါ့ကို အဆုံးအထိ ယုံကြည်ပေးနိုင်မလား”

“ဒါပေါ့။ ဂျင်ဟူက လုပ်ချင်တာကိုပဲ လုပ်ပါ”

ကျွန်တော် လုပ်ချင်တာက…

“ကျေးဇူးပါပဲ”

ကျွန်တော် ထပ်ပြီး မဝေခွဲနိုင်ဖြစ်မနေတော့ဘဲ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်တော့တယ်။

အခန်း (၁၇၈)

နိုးလာပြီးတဲ့နောက်မှာတော့ ပြန်အိပ်လို့ မရတော့ဘူး။

ကျွန်တော်တို့ ဘေးချင်းယှဉ်လဲလျောင်းရင်း စကားပြောဖြစ်ကြတယ်။

“ဒါနဲ့ အယ်လီက ငါ့ကို ဘာလို့ သဘောကျတာလဲ”

အယ်လီက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေတယ်။

“နင်က လန်းလို့လေ”

ကျွန်တော့်ရုပ်ရည်နဲ့ ပတ်သက်လို့ ထူးထူးခြားခြား မကျေနပ်စရာ မရှိပေမဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ထက် ရုပ်ချောတဲ့ အမျိုးသားတွေ အများကြီး ရှိတာပါ။

အယ်လီက အတိတ်ကို ပြန်ပြောင်းသတိရရင်း ပြောတယ်။

“ငါ ကန်ဂျင်ဟူ အကြောင်း စသိတာက L6 ကိစ္စတုန်းက။ ကိုရီးယားစတော့စျေးကွက် ပြိုလဲသွားတော့ အာရှဌာနခွဲမှာပါ ပရမ်းပတာတွေ ဖြစ်ကုန်တယ်လေ။ အဲဒီတုန်းက ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှုမျိုးကို ဘယ်သူလုပ်ခဲ့တာလဲဆိုတာ တွေးပြီး စိတ်ဝင်စားမိသွားတာ။ နောက်ဆုံးတော့ ဂျက်စီကာနောက်ကို လိုက်ပြီး ကိုရီးယားကို ရောက်လာရင်း နင်နဲ့ ဆုံခဲ့တာပဲ။ အဲဒီအချိန်တုန်းကတော့ သူစိမ်းမြေမှာ ဆုံတဲ့ အမျိုးသားတစ်ယောက်ကို သဘောကျမိသွားလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး”

“ဒါဆို ငါတို့ ပထမဆုံး ဆုံကတည်းက သဘောကျခဲ့တာပေါ့”

“အင်း၊ အဲလိုပဲ ထင်တာပဲ။ ဘာလို့လဲမသိဘူး။ ငါ့မျက်စိထဲမှာ ဂျင်ဟူက တောက်ပတဲ့ အရှိန်အဝါတွေနဲ့ အရမ်းကြည့်ကောင်းနေခဲ့တာ”

“အဲလိုလား”

ဒီစကားကို ကြားတော့ လူတစ်ယောက်ကို ပြေးသတိရမိတယ်။ ဆွန်းအာကလည်း အရင်က ဒီလိုမျိုး ပြောဖူးတယ်။

လဲလျောင်းရင်းနဲ့ ဆက်တိုက် စကားပြောနေမိတော့ ဖြည်းဖြည်းချင်း အိပ်ငိုက်လာတယ်။

မီးပိတ်ဖို့ ကိုယ်ကို အနည်းငယ် လှည့်လိုက်တဲ့အချိန်မှာ အယ်လီက ကျွန်တော့်ကို အနောက်ကနေ လှမ်းဖက်လိုက်တယ်။ နူးညံ့အိစက်တဲ့ ခံစားချက်က တစ်ကိုယ်လုံးကို ဖြတ်သန်းသွားပြီး သူ့ရဲ့ ထွက်သက်ဝင်သက် လေငွေ့လေးက ကျွန်တော့်နားရွက်ကို ယားကျိကျိ ဖြစ်စေတယ်။

ကျွန်တော် မအောင့်နိုင်တော့ဘဲ လှည့်ပြီး အယ်လီ့ကို နမ်းလိုက်မိတော့တယ်။

“ငါ အလုပ်သွားရဦးမယ်လေ…”

“နောက်ကျမှ သွားတော့ ဘာဖြစ်လဲ”

“မရဘူးလေ။ ဂျက်စီကာ ဆူလိမ့်မယ်”

သူ့ပါးစပ်ကသာ အဲလိုပြောနေတာ၊ အယ်လီက ကျွန်တော့်ထက်တောင် ပိုပြီး တက်ကြွနေသေးတယ်။

နေမထွက်ခင်အထိ အချိန်တွေ အများကြီး ကျန်ပါသေးတယ်လေ။

ကျွန်တော်တို့ မနက်စာအတွက် Room Service မှာလိုက်ကြတယ်။

ညဝတ်အင်္ကျီတွေ ဝတ်ထားရင်းနဲ့ပဲ ရိုးရိုးရှင်းရှင်း မနက်စာစားပြီး ကော်ဖီသောက်ကြတယ်။ အယ်လီက ရေချိုးပြီးနောက် ရုံးဝတ်စုံပြည့် လဲလှယ်လိုက်တယ်။

ဟိုတယ်က Golden Gate အဆောက်အဦးနဲ့ သိပ်မဝေးဘူး။

အနားမှာ ကားပါကင်ထိုးပြီးနောက် ဘေးပတ်ဝန်းကျင်မှာ လူမရှိတာ သေချာမှ အယ်လီ့ကို နမ်းလိုက်တယ်။

သူက ကလေးတစ်ယောက်လို ညည်းပြတယ်။

“အာ… အလုပ်မသွားချင်ဘူး”

“ခွင့်တိုင်လိုက်လို့ မရဘူးလား”

“ကြိုမပြောဘဲ အလုပ်ပျက်ရင် ဂျက်စီကာ စိတ်ဆိုးလိမ့်မယ်”

အစ်မဟျွန်းဂျူး စိတ်ဆိုးရင် တကယ် ကြောက်ဖို့ကောင်းတာတော့ အမှန်ပဲ။

အယ်လီက စိတ်ကို အတင်းပြန်စုစည်းလိုက်တယ်။

“ပြီးတော့ နောက်ဆိုရင် ဂျင်ဟူကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ငါ အလုပ်ကြိုးစားဖို့လိုတယ်လေ”

“ဒီစကား ကြားရတာတင် အားရှိသွားတာပဲ”

အယ်လီ အဆောက်အဦးထဲ ဝင်သွားတာကို ကြည့်ပြီးနောက် ကျွန်တော် ကားမောင်းထွက်ခဲ့တယ်။ အလုပ်ကို တန်းမသွားဘဲ အဝတ်လဲဖို့ အိမ်ကို အရင်ပြန်ခဲ့တယ်။

အိမ်ပြန်ရောက်ဖို့ သိပ်မကြာလိုက်ပါဘူး။

မြေအောက်ကားဂိုဒေါင်မှာ ကားရပ်ပြီး ဓာတ်လှေကားစီးကာ ဧည့်ခန်းထဲ တက်လာခဲ့တယ်။ တံခါးပွင့်သွားတာနဲ့ တက်ဂယူက ဧည့်ခံဆိုဖာပေါ်မှာ လက်ပိုက်ပြီး ထိုင်နေတာကို ချက်ချင်း မြင်လိုက်ရတယ်။

ကျွန်တော် လန့်သွားမိတယ်။

“ဟေ့ကောင်။ မင်း ဒီမှာ ဘာလုပ်နေတာလဲ”

တက်ဂယူက ကျွန်တော့်ကို စိုက်ကြည့်ပြီး တည်တည်တံ့တံ့နဲ့ အပြစ်တင်တယ်။

“မင်း ဒိတ်လုပ်ဖို့ ထွက်သွားပြီးကတည်းက တစ်ညလုံး အိမ်လည်းပြန်မလာ၊ ဘယ်သူ့ကိုမှလည်း အဆက်အသွယ်မလုပ်ဘဲ ဘာတွေလုပ်နေတာလဲ”

ကျွန်တော် ချက်ချင်းပဲ ရှင်းပြဖို့ ကြိုးစားလိုက်တယ်။

“မဟုတ်ပါဘူး၊ အဲဒါက…”

ဒါနဲ့နေပါဦး။ ငါက သူ့ကို ဘာလို့ ရှင်းပြနေမိတာလဲ။

တက်ဂယူက ကျွန်တော့်ပခုံးကို ပုတ်ပြီး ပြောတယ်။

“ဂုဏ်ယူပါတယ်။ သူငယ်ချင်း”

“ဘာ… ဘာကို ဂုဏ်ယူတာလဲ”

“ဘယ်တော့ မင်္ဂလာဆောင်မှာလဲ”

“…ဘာလို့ အခုကတည်းက မင်္ဂလာဆောင်တဲ့အထိ တွေးနေရတာလဲ”

အချိန်တန်ရင်တော့ လုပ်မှာပေါ့။

ကျွန်တော် ဆိုဖာပေါ် ပစ်လှဲလိုက်တယ်။ အဝတ်လဲပြီး အလုပ်သွားဖို့ပဲ စိတ်ကူးထားတာပါ။ ဒါပေမဲ့ အိမ်ရောက်သွားတော့ လက်ညှိုးတစ်ချောင်းတောင် မလှုပ်ချင်တော့ဘူး။

နည်းနည်းတော့ အိပ်ငိုက်နေပြီ ထင်တယ်။

“မင်း တစ်ခုခုလုပ်နေရင်း တစ်ညလုံး မအိပ်ရသေးဘူးမလား”

“မင်းဘာသာမင်းပဲ တွေးကြည့်လိုက်တော့”

တက်ဂယူက အဓိပ္ပာယ်ပါပါနဲ့ ပြုံးတယ်။

“ဟီးဟီး”

“……”

မင်း စိတ်ထဲ ဘာတွေ လျှောက်တွေးနေတာလဲ။

“အလုပ်အကြောင်း ပြောရအောင်”

ကျွန်တော်တို့မှာ ရွေးချယ်စရာ သုံးခု ရှိတယ်။

ပထမတစ်ခုကတော့ နတ်မျက်စိ မြင်ခဲ့တာကို လျစ်လျူရှုပြီး ဘာမှမလုပ်ဘဲ နေလိုက်ဖို့ပဲ။ ဒီလိုဆိုရင်တော့ ငလျင်လှုပ်တဲ့အခါ Silicon Valley မှာရှိတဲ့ ကျွန်တော်တို့ရဲ့ လက်အောက်ခံကုမ္ပဏီနဲ့ သုတေသနဓာတ်ခွဲခန်းတွေက အကြီးအကျယ် ပျက်စီးဆုံးရှုံးလိမ့်မယ်။

ပြီးတော့ ငလျင်ဒဏ်ကို တိုက်ရိုက်ခံလိုက်ရတဲ့ အမေရိကန်ကလည်း ခဏတာ ပရမ်းပတာ ဖြစ်သွားပြီး တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ သူတို့ရဲ့ ဩဇာအာဏာ ချဲ့ထွင်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်။ ဒီဖြစ်စဉ်အတွင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားပြီး ကမ္ဘာကြီးက ပိုပြီးတော့တောင် ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

အဲဒါက တကယ်ပဲ အဆိုးရွားဆုံး အခြေအနေ ဖြစ်လာမှာပါ။

ဒုတိယရွေးချယ်စရာကတော့ အားလုံးကို အန္တရာယ်ရှိကြောင်း အသိပေးပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို အရင်ဆုံး ရွှေ့ပြောင်းဖို့ပဲ။ ဒီနည်းလမ်းကတော့ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် တိုက်ရိုက်ပျက်စီးမှုကို အနည်းဆုံး ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ ပြဿနာကတော့ ကျွန်တော်ပြောတာကို ဘယ်သူက ယုံပြီး လိုက်လုပ်မှာလဲ။

ဘေးအန္တရာယ်ဆိုတာ ဖြစ်ပျက်လာတော့မှသာ ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ နားလည်ကြတာလေ။

ပွန်ပေ(Pompei)မြို့ မပျက်စီးခင် တစ်ရက်အလိုတုန်းက ဗီဆူးဗီးယပ်စ်မီးတောင် ပေါက်ကွဲတော့မယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ရင်ကော။ ဂျပန်ငလျင်ကြီးမတိုင်ခင် တစ်ရက်အလိုတုန်းက ဆူနာမီလာတော့မယ်၊ နျူကလီးယားစက်ရုံတွေ ပေါက်ကွဲတော့မယ်လို့ တစ်ယောက်ယောက်က အော်ဟစ်ခဲ့ရင်ကော။

ယုံကြမယ်ထင်လား။

လူတွေက အဲဒီသတိပေးချက်ကို ယုံပြီး ရွှေ့ပြောင်းကြမလား၊ ဒါမှမဟုတ် ပြောတဲ့သူကို အရူးတစ်ယောက်လိုပဲ ဆက်ဆံကြမလား။

သတိမပေးခဲ့ရင် တစ်မျိုးပေါ့၊ ဒါပေမဲ့ မသေချာမရေရာတဲ့ သတိပေးချက်မျိုး လုပ်လိုက်ပြီးနောက် တကယ်ပဲ တစ်ခုခုဖြစ်လာရင် 'မင်းတို့ကျတော့ အရင် ထွက်ပြေးတယ်' 'ဘာလို့ ပိုပြီး ပြတ်ပြတ်သားသား အရေးမယူခဲ့တာလဲ' ဆိုတဲ့ ဝေဖန်မှုတွေ ထွက်လာလိမ့်မယ်။

“အဲဒါက လူဆိုးတစ်ယောက် ဖြစ်သွားရုံပဲ ရှိမယ်”

“ဒါဆို တတိယ ရွေးချယ်စရာက ဘာလဲ”

“နည်းလမ်းမျိုးစုံ သုံးပြီး အရာအားလုံးကို ရင်းပစ်ဖို့ပဲ၊ ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်ဖို့ လူ တတ်နိုင်သမျှ အများကြီးကို ရွှေ့ပြောင်းပေးရမယ်”

“ငါတို့ အဲလိုလုပ်ဖို့ ဆုံးဖြတ်ပြီးပြီ မဟုတ်ဘူးလား”

“အင်း”

“ငါတို့ လူ့အသက်တွေကို ကယ်ရမယ်”

“အဲဒါမှ ငါတို့လည်း အသက်ရှင်နိုင်မှာ”

9/11 အကြမ်းဖက်မှုတုန်းက သေဆုံးသူအရေအတွက်က ၁ သောင်းလောက် ရှိခဲ့ပါတယ်။

အဲဒီအကြမ်းဖက်မှုတစ်ခုထဲနဲ့တင် ကမ္ဘာ့စတော့စျေးကွက်တွေ ပြိုလဲကုန်တယ်။ ကိုရီးယားလည်း ချွင်းချက်မဟုတ်ဘဲ KOSPI နဲ့ KOSDAQ နှစ်ခုလုံး စံချိန်တင်အောင် ကျဆင်းသွားခဲ့တယ်။

ဒါပေမဲ့ အမေရိကန်က 9/11ထက် အဆတစ်ရာမက ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်ရရင်ကော။

အကြမ်းဖက်တိုက်ခိုက်မှုနဲ့ သဘာဝဘေးအန္တရာယ်ကတော့ ကွာခြားမှုရှိတာပေါ့၊ ဒါပေမဲ့ ငွေကြေးနဲ့ စက်မှုလုပ်ငန်းတွေ ခဏတာ ရပ်တန့်ပြီး ကျဆင်းသွားမှာကတော့ သေချာတယ်။ စနစ်ကြီး ရပ်တန့်သွားရင် ထုတ်လုပ်မှုနဲ့ စားသုံးမှုတွေက ပုံမှန်အတိုင်း ဆက်မသွားနိုင်တော့ပါဘူး။

OTK ကုမ္ပဏီ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအများစုက မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေထက် လူသုံးကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကိုပဲ အဓိက ရောင်းချတာပါ။

ဥပမာ CarOS ဆိုရင် နှစ်ဝက်ပိုင်းမှာ ကားအသစ်တွေ မိတ်ဆက်တော့မှာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက ကားဝယ်၊ ညစ်ညမ်းဗီဒီယိုကြည့် ဒါမှမဟုတ် ပီဇာမှာစားနေတော့မှာလဲ။

တစ်နည်းအားဖြင့် ပြောရရင် ပျက်စီးဆုံးရှုံးမှုကို အတတ်နိုင်ဆုံး တားဆီးနိုင်မှသာ ကျွန်တော်တို့လည်း ရှင်သန်နိုင်မှာပါ။

ဒါပေမဲ့ ကျွန်တော် ဆက်ပြီး စိုးရိမ်နေရတဲ့ အကြောင်းရင်းကတော့…

“ငလျင်မလှုပ်ခင်အထိတော့ ငါတို့က ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ လှောင်ပြောင်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်။ တကယ်လို့ ခန့်မှန်းချက်သာ မှားသွားရင် အရာအားလုံး ဆုံးရှုံးသွားနိုင်တယ်”

ကောလာဟလတွေကြောင့် လူမှုအဖွဲ့အစည်း ပရမ်းပတာ ဖြစ်သွားရင် တာဝန်ယူရမှာပါ။ အချိန်အကြာကြီး တည်ဆောက်ခဲ့ရတဲ့ ဂုဏ်သတင်းက တစ်ခဏချင်းမှာတင် ပြိုလဲသွားပြီး အဆုံးမရှိတဲ့ တာဝန်ယူမှုတွေနောက် လိုက်လာပါလိမ့်မယ်။

“ဒါပေမဲ့ ငလျင်ကတော့ မလွဲမသွေ လှုပ်မှာပဲမလား”

“အဲလိုပဲ ဖြစ်လိမ့်မယ်”

မှန်ကန်တဲ့အရာကို လုပ်ဖို့အတွက် တစ်ခါတလေမှာ ကြီးမားတဲ့ သတ္တိလိုပါတယ်။

မနေ့က အယ်လီနဲ့ စကားပြောရင်း ဒါကို သဘောပေါက်ခဲ့တယ်။

'ဒါက ငါ လုပ်သင့်တဲ့အရာလား၊ ဒါမှမဟုတ် လုပ်နိုင်တဲ့အရာလား ဆိုတာ မသေချာပေမဲ့… ဒါက ငါ တကယ်လုပ်ချင်တဲ့ အရာပဲ'

တက်ဂယူက ခေါင်းငြိမ့်ပြတယ်။

'အဲလိုဆိုရင်တော့ ရွေးချယ်စရာ မရှိဘူးပေါ့။ မင်း လုပ်ချင်ရင် လုပ်ရမှာပဲ'

'မင်းကော။ အဆင်သင့် ဖြစ်ပြီလား'

'ငါက ဘာကို အဆင်သင့် ဖြစ်ရမှာလဲ။ ဝေဖန်တာတွေကိုတော့ မင်းပဲ ခံရမှာလေ'

'…'

အဲဒါလည်း ဟုတ်တာပဲ။

ထုံးစံအတိုင်းပဲ စကားလုံးတွေထက် ကောလာဟလတွေက ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတယ်။

ကျွန်တော် ပါမောက္ခ ကီရန်မိုဟန် ရဲ့ သုတေသနကို ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့ အချက်က နေရာအနှံ့ကို ချက်ချင်းပဲ ပျံ့သွားတော့တယ်။

ပါမောက္ခ ကင်ဟိုမင် တုန်းက အခြေအနေနဲ့တော့ မတူဘူး။ ဘတ္ထရီက ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ တိုက်ရိုက်ပတ်သက်နေပေမဲ့ ငလျင်ကတော့ ဆက်စပ်မှု သိပ်မရှိဘူးလေ။

ဒါ့အပြင် ပါမောက္ခ ကင်ဟိုမင် က စက်မှုလုပ်ငန်းနဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်နှစ်ခုလုံးမှာ ကျွမ်းကျင်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရပေမဲ့ ပါမောက္ခ မိုဟန် ကတော့ သုတေသနနယ်ပယ်မှာ အလှမ်းဝေးတဲ့ အဆိုပြုချက်တွေကြောင့် ထူးဆန်းတဲ့သူတစ်ယောက်လို အမြင်ခံရတာပါ။

အစိုးရက အကြောင်းပြချက်မရှိဘဲ ထောက်ပံ့မှုကို ဖြတ်တောက်ပစ်တာလို့ထင်လို့လား။

သူ့ကို လူထူးလူဆန်းလို့ သတ်မှတ်ကြပေမဲ့ သူက Caltech ရဲ့ ပါမောက္ခ တစ်ယောက်ပါပဲ။ သူ့ရဲ့ အစွန်းရောက်တဲ့ အဆိုပြုချက်တွေက အထောက်အထား အားနည်းပေမဲ့ သူ့ရဲ့ အရည်အချင်းကိုတော့ သံသယဝင်စရာ မလိုပါဘူး။

ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်အပေါ် Speculation တွေနဲ့ ကောလာဟလမျိုးစုံ ထွက်ပေါ်လာခဲ့တယ်။ ငလျင်ဗေဒ နယ်ပယ်ကလည်း မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုလို တုံ့ပြန်ကြတယ်။

ကျွန်တော်ကတော့ အဲဒီတုံ့ပြန်မှုတွေကို သိပ်ပြီး ဂရုမစိုက်ပါဘူး။ ကိုယ့်ပိုက်ဆံကိုယ် သုံးတာပဲ၊ ဘယ်သူက ဘာပြောနိုင်မှာလဲ။

ကာရီ က အလုပ်ရှုပ်နေတဲ့ ပါမောက္ခ မိုဟန် ကိုယ်စား တောင်းဆိုထားတဲ့ အချက်အလက်တွေကို စုစည်းပြီး ပို့ပေးလာတယ်။ အဲဒီထဲမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း Pacific Ring of Fireမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တွေရဲ့ အကျဉ်းချုပ် ပါဝင်ပါတယ်။

မထင်မှတ်ထားရလောက်အောင် ရာနဲ့ချီပြီး ရှိနေတာပါ။ ဒါက တိုက်ရိုက် ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့တာတွေရဲ့အရေအတွက်ပဲ ရှိသေးတယ်။ အဝေးက ငလျင်တွေ ဒါမှမဟုတ် သတိမထားမိလိုက်တဲ့ ငလျင်တွေကိုပါ ထည့်တွက်ရင်တော့ ရေတွက်လို့တောင် ရမှာမဟုတ်ပါဘူး။

တက်ဂယူက အံ့အားသင့်သွားတဲ့ ပုံစံနဲ့ ကြည့်တယ်။

“တကယ်ပဲ ဒီလောက်အထိ ငလျင်တွေ အများကြီး လှုပ်နေတာလား”

“မနှစ်က ဂျောင်ဂျူ မှာလည်း တစ်ခါ လှုပ်ခဲ့တယ်လေ”

ဂျပန်ကတော့ Pacific Ring of Fire ထဲမှာ တည်ရှိနေတာကြောင့် ငလျင်လှုပ်တာက နေ့စဉ်လိုမျိုး ဖြစ်နေတာပါ။ ဆန့်ကျင်ဘက်အနေနဲ့ ကိုရီးယားကတော့ အခုထိ ဘေးကင်းတဲ့ ဇုန်အဖြစ် သတ်မှတ်ခံထားရတာပါ။

ဒါပေမဲ့ ဂျောင်ဂျူ ငလျင်ကြောင့် ကိုရီးယားကလည်း ဘေးမကင်းတော့ဘူးဆိုတာ အတည်ပြုလိုက်သလို ဖြစ်သွားပြီး ခေတ်စားတဲ့ ဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းတွေ အလုအယက် ရောင်းချခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် ငလျင်တွေက ရေတွက်လို့မရအောင် ရှိနေပေမဲ့ တစ်နှစ်ကို အဓိက ငလျင်ကြီးကတော့ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ပဲ ရှိတတ်ပြီး အများစုက Pacific Ring of Fire အတွင်းမှာပဲ ဖြစ်ပွားတာပါ။

“ဒါနဲ့ အားလုံးကို ဖျောင်းဖျလို့ ရပါ့မလား”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“ဖြစ်နိုင်ခြေတော့ နည်းလိမ့်မယ်”

ငွေတိုက်စာချုပ်တွေက ယုံကြည်မှုအပေါ် အခြေခံပြီး ထုတ်ဝေတာပါ။

အစိုးရငွေတိုက်စာချုပ်တွေက နိုင်ငံတော်ရဲ့ ယုံကြည်မှုနဲ့ အာမခံထားပြီး ကော်ပိုရိတ်ငွေတိုက်စာချုပ်တွေကတော့ ကုမ္ပဏီရဲ့ ယုံကြည်မှုနဲ့ အာမခံတာပါ။

နိုင်ငံတစ်ခုက ထုတ်ဝေတဲ့ အစိုးရငွေတိုက်စာချုပ်တွေက ဘေးကင်းတယ်လို့ ထင်ရပေမဲ့ အမြဲတမ်းတော့ အဲလိုမဟုတ်ပါဘူး။

၂၀၁၅ ခုနှစ် ဂရိနိုင်ငံရဲ့ ငွေကြေးကယ်ဆယ်ရေးတုန်းက အစိုးရငွေတိုက်စာချုပ်တွေကို ကိုင်ဆောင်ထားတဲ့ နိုင်ငံတွေက အကြွေးလျှော့ပေါ့ပေးခဲ့ရမှုကြောင့် သူတို့ရဲ့ ရင်းနှီးငွေ ထက်ဝက်နီးပါး ဆုံးရှုံးခဲ့ရပြီး ၁၉၉၈ ခုနှစ် ရုရှားရဲ့ ကြွေးမြီဆိုင်းငံ့မှုတုန်းကလည်း ရင်းနှီးမြှုပ်နှံသူတွေက အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ (နာမည်ကြီး Long Term Capital ဖြစ်ရပ်က အဲဒီတုန်းက ဖြစ်ခဲ့တာ)

ငွေတိုက်စာချုပ်တွေကို အချိန်မှန် ပြန်လည်ပေးဆပ်ရင်တောင် ကွဲပြားခြားနားတဲ့ အချက်တစ်ခု ကျန်ပါသေးတယ်။ အဲဒါကတော့ ငွေလဲနှုန်းပါပဲ။ တကယ်လို့ သက်တမ်းပြည့်တဲ့အချိန်မှာ အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးက ထိုးကျသွားရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ငွေတိုက်စာချုပ်ကနေ အမြတ်ရရင်တောင် ငွေလဲနှုန်းကြောင့် ဆုံးရှုံးမှုတွေ ကြုံရနိုင်ပါတယ်။

လက်ရှိမှာ ဘရာဇီးရဲ့ ၁၀ နှစ်သက်တမ်း အစိုးရငွေတိုက်စာချုပ်အတိုးနှုန်းက ၁၀ ရာခိုင်နှုန်း ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါက ဖွံ့ဖြိုးပြီးနိုင်ငံအများစုရဲ့ ငွေတိုက်စာချုပ်အတိုးနှုန်းထက် လေးဆလောက် ပိုများတာပါ။ တချို့ ရင်းနှီးမြှုပ်နှံသူတွေက မြင့်မားတဲ့ အတိုးနှုန်းကြောင့် ဆွဲဆောင်ခံခဲ့ရပေမဲ့ မကြာသေးခင်က ရီးရယ်လ်ငွေကြေး တန်ဖိုးပြိုလဲမှုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်။

အခမဲ့ မနက်စာဆိုတာ မရှိပါဘူး၊ မြင့်မားတဲ့ အတိုးနှုန်းတွေနောက်မှာ အကြောင်းပြချက် ရှိတတ်စမြဲပါပဲ။

ဒါပေမဲ့ ငွေတိုက်စာချုပ်တွေကို အစကတည်းက ဒေါ်လာနဲ့ ထုတ်ဝေခဲ့ရင်တော့ ဒီလိုစိုးရိမ်စရာ မလိုပါဘူး။

ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းဆုံး ငွေတိုက်စာချုပ်ကတော့ အမေရိကန် အစိုးရငွေတိုက်စာချုပ်ပဲ ဖြစ်မှာ သေချာပါတယ်။

Berkshire Hathaway ရဲ့ ဥက္ကဋ္ဌ ဝါရင် ဘတ်ဖတ် က သူ့ရဲ့ အရန်ငွေအများစုကို အမေရိကန် အစိုးရငွေတိုက်စာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံထားပြီး အဲဒါက အန္တရာယ်အကင်းဆုံး ပိုင်ဆိုင်မှု ဖြစ်တယ်လို့ အမြဲတမ်း ပြောလေ့ရှိတယ်။

ဒါကလည်း နားလည်ပေးလို့ရပါတယ်။ အမေရိကန်က အရင်းနဲ့ အတိုးကို ပေးဆပ်ဖို့ ပျက်ကွက်ခြင်း မရှိသရွေ့ အမေရိကန်ငွေတိုက်စာချုပ်တွေက ဘေးကင်းနေဦးမှာပဲ။ တကယ်လို့ အဲလိုသာ ဖြစ်လာခဲ့ရင် ကမ္ဘာ့ဘဏ္ဍာရေးစနစ်တစ်ခုလုံး ပြိုလဲသွားပြီလို့ ယူဆလို့ရပါတယ်။

အစ်မ ဟျွန်းဂျူး က ငွေတိုက်စာချုပ်စျေးကွက်ကို ခွဲခြမ်းစိတ်ဖြာပြီး ရလဒ်ကို ချက်ချင်းပဲ အစီရင်ခံလာတယ်။

ထုတ်ဝေမယ့် ပမာဏက ဒေါ်လာ သန်း ၂ ထောင်။ အတိုးနှုန်းက ၃.၈ ရာခိုင်နှုန်း။ အတိုးပေးချေမှုကို နှစ်စဉ် ပြုလုပ်သွားမှာပါ။

လက်ရှိမှာ ၃ နှစ်သက်တမ်းရှိ အမေရိကန် အစိုးရငွေတိုက်စာချုပ် အတိုးနှုန်းက ၂ ရာခိုင်နှုန်းကျော် ဝန်းကျင်မှာ ရှိနေပြီး AA+ အဆင့်ရှိတဲ့ NFL ရဲ့ ငွေတိုက်စာချုပ်အတိုးနှုန်းက ၃ ရာခိုင်နှုန်း ရှိပါတယ်။

“OTK ကုမ္ပဏီ ရဲ့ ငွေတိုက်စာချုပ်တွေက ၃ ရာခိုင်နှုန်းကျော်ကျော်လောက် အတိုးနှုန်းနဲ့ ထိန်းထားနိုင်လိမ့်မယ်။ ဒါပေမဲ့ ပမာဏက တော်တော်လေး များနေတယ်”

ပုံမှန်အားဖြင့် ဒီလိုပမာဏမျိုးဆိုရင် ပြိုင်ဆိုင်မှုရှိတဲ့ လေလံစနစ်ကတစ်ဆင့် အာမခံပေးသူကို ရွေးချယ်ရမှာ ဖြစ်ပေမဲ့ ထုံးစံအတိုင်းပဲ ကျွန်တော်တို့က Golden Gate ကိုပဲ လွှဲအပ်လိုက်တယ်။ အခကြေးငွေကိုတော့ ရောင်းချရငွေရဲ့ 8 basis points (၀.၀၈ ရာခိုင်နှုန်း) အဖြစ် သတ်မှတ်လိုက်တယ်။

ရောင်းချပေးမယ့် အာမခံသူက ကြီးမားတဲ့ အခကြေးငွေကို တောင်းခံမယ့်အစား ရောင်းချရမယ့် ပမာဏအတွက် တာဝန်ယူရမယ်။ ကိုယ်တိုင်တောင် မဝယ်ချင်တဲ့ ငွေတိုက်စာချုပ်တွေကို သူများကို ရောင်းဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူးလေ။

Golden Gate က ဝယ်လိုအား မလုံလောက်တဲ့ အခြေအနေမျိုးအတွက် စုစုပေါင်း ထုတ်ဝေမှုရဲ့ ၂၀ ရာခိုင်နှုန်းအထိ (ဒေါ်လာ သန်း ၄၀၀ ခန့်) ကို တာဝန်ယူကိုင်တွယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

Golden Gate က OTK ကုမ္ပဏီ ငွေတိုက်စာချုပ်တွေရဲ့ ထုတ်ဝေမှု အခြေအနေတွေကို လူသိရှင်ကြား ကြေညာပြီး ဝယ်လိုအားကို စုဆောင်းခဲ့တယ်။

ဘဏ္ဍာရေး အကြပ်အတည်းနောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက စီးပွားရေးကို လှုံ့ဆော်ဖို့အတွက် အတိုးနှုန်းတွေကို လျှော့ချပြီး ငွေကြေးတွေ ထည့်သွင်းခဲ့ကြတယ်။ ရလဒ်အနေနဲ့ စျေးကွက်ထဲမှာ ငွေဖြစ်လွယ်မှု (Liquidity) တွေ မြင့်တက်လာခဲ့တယ်။

အတိုးနှုန်း နိမ့်ကျမှုကြောင့် သွားစရာနေရာ မရှိဖြစ်နေတဲ့ ငွေတွေက အနည်းငယ်မျှ ပိုပြီး မြင့်မားတဲ့ အတိုးနှုန်းရမယ့် အခွင့်အရေးတွေကို လိုက်ရှာနေကြတာပါ။

တခြားကုမ္ပဏီတွေနဲ့ မတူဘဲ OTK ကုမ္ပဏီ မှာ အကြွေး အနည်းငယ်ပဲ ရှိပါတယ်။ တချို့ လက်အောက်ခံကုမ္ပဏီတွေမှာ ချေးငွေ ရှိပေမဲ့ အဲဒါက ထိန်းချုပ်နိုင်တဲ့ ပမာဏပါပဲ။

အတိုချုပ်ပြောရရင် ဆုံးရှုံးမှု မရှိနိုင်တဲ့ ကော်ပိုရိတ်ငွေတိုက်စာချုပ်မျိုးပါပဲ။ သက်တမ်းက တိုတောင်းပြီး အတိုးနှုန်းကလည်း သင့်တော်တယ်။ ဒါ့အပြင် လာမယ့် သုံးနှစ်အတွင်းမှာ ငွေတိုက်စာချုပ်ထပ်မံ ထုတ်ဝေမှာ မဟုတ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ကြေညာထားပြီးသား။

အဖွဲ့အစည်းတွေနဲ့ ပင်စင်ရန်ပုံငွေအဖွဲ့တွေဆီကနေ ဝယ်လိုအားတွေ မြင့်တက်လာခဲ့တယ်။

စင်ကာပူရဲ့ GIC၊ ဒတ်ခ်ျ ပင်စင်ရန်ပုံငွေအဖွဲ့တွေနဲ့ နော်ဝေရဲ့ အချုပ်အခြာအာဏာပိုင် ရန်ပုံငွေအဖွဲ့တွေက သိသိသာသာ စိတ်ဝင်စားမှု ပြသခဲ့ကြသလို ရေနံချမ်းသာတဲ့ ဆော်ဒီအာရေဗျနဲ့ ယူအေအီး တို့လို နိုင်ငံတွေကလည်း ပါဝင်လာကြတယ်။

ထောက်ပံ့မှု လွန်ကဲမှာကို စိုးရိမ်ခဲ့ကြပေမဲ့ ဝယ်လိုအားက ၁၀၀ ရာခိုင်နှုန်းအထက်ကို အလွယ်တကူ ကျော်လွန်သွားခဲ့တယ်။

ဒါက OTK ကုမ္ပဏီ ရဲ့ တည်ငြိမ်မှုအပေါ် မြင့်မားတဲ့ အကဲဖြတ်မှုကို ထင်ဟပ်စေရုံသာမက ကမ္ဘာလုံးဆိုင်ရာ ငွေဖြစ်လွယ်မှု ပေါကြွယ်ဝနေတာကိုလည်း ပြသနေတယ်။

ဒေါ်လာ သန်း ၂သောင်း ပမာဏရှိတဲ့ ကော်ပိုရိတ်ဘွန်းက ထုတ်ဝေပြီးချင်းမှာတင် ချက်ချင်းပဲ ကုန်သွားခဲ့တယ်။

အဓိကကတော့ OTK ကုမ္ပဏီ က တစ်ကမ္ဘာလုံးကနေ ဒေါ်လာ ၂သောင်းကို ၃.၈ ရာခိုင်နှုန်း အတိုးနှုန်းနဲ့ ချေးယူလိုက်တာပါပဲ။ သုံးနှစ်အတွင်း စုစုပေါင်း အတိုးနှုန်းက ၁၁.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ OTKကုမ္ပဏီအနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း ၇၆၀ စီ ပေးချေရမှာ ဖြစ်ပြီး သုံးနှစ်အတွင်း စုစုပေါင်း အတိုး ဒေါ်လာ သန်း ၂.၂၈ထောင် ပေးရမှာပါ။

ဒီငွေတွေကို သုံးနှစ်အတွင်း ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပေမဲ့ ဘယ်လိုနေရာမှာ ဘယ်လိုသုံးမလဲဆိုတာကတော့ ကျွန်တော့်ရဲ့ သဘောထားအပေါ်မှာပဲ လုံးဝ မူတည်နေပါတော့တယ်။

All Chapters