← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉)

ကျွန်တော် တက်ဂယူနဲ့အတူ ဌာနခွဲမန်နေဂျာရုံးခန်းဆီ ထွက်လာခဲ့တယ်။ ရုံးခန်းထဲမှာ အစ်မ ဟျွန်းဂျူးနဲ့ အယ်လီက အတူတူထိုင်နေကြတယ်။

အစ်မ ဟျွန်းဂျူးက စီးကရက်သောက်ရင်း မေးတယ်။

"ကဲ ပြောပါဦး။ ဒေါ်လာ သန်း ၂သောင်းတောင် ဘာလို့ လိုချင်ရတာလဲ"

ကျွန်တော် စားပွဲပေါ်ကို စာအုပ်တစ်အုပ် တင်ပေးလိုက်တယ်။

စာအုပ်နာမည်က 'မဟာငလျင်ကြီးလာနေပြီ'ပါ။

"ဒီစာအုပ် ဖတ်ဖူးလား"

အယ်လီက စာအုပ်ကိုကောက်ကိုင်ပြီး သေချာကြည့်တယ်။

"ဘယ်သူရေးတာလဲ။ ပါမောက္ခ ကီရန်မိုဟန် ဆိုရင်... အာ… ကန်ဂျင်ဟူနဲ့ တွေ့ခဲ့တဲ့ Caltech က ပါမောက္ခမလား"

"ဟုတ်တယ်။ ငါတို့လည်း သူ့ရဲ့သုတေသနကို ကူညီပံ့ပိုးပေးဖို့ သဘောတူထားတယ်"

အစ်မဟျွန်းဂျူးက မေးတယ်။

"ဒါနဲ့ ကော်ပိုရိတ်ငွေတိုက်စာချုပ် ထုတ်ဝေတာနဲ့ ဘာဆိုင်လို့လဲ"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"နောက်လအနည်းငယ်အတွင်း အမေရိကမှာ ငလျင်တစ်ခု လှုပ်လိမ့်မယ်"

အတိအကျပြောရရင် အခုကနေ နောက်ထပ် နှစ်လလောက်အလိုမှာပေါ့။

ကျွန်တော့်စကားကြောင့် အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့ လန့်သွားကြတယ်။

"ဘာ"

"တကယ်ကြီးလား"

ကျွန်တော် ပါမောက္ခ မိုဟန်ဆီက ကြားခဲ့ရတာတွေကို ပြောပြလိုက်တယ်။ အကျဉ်းချုပ်ပြောရရင်တော့ စက်တင်ဘာလလောက်မှာ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့တစ်ဝိုက်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်လိမ့်မယ်လို့ သူက ခန့်မှန်းထားတာပါ။

ထင်ထားတဲ့အတိုင်းပဲ အစ်မ ဟျွန်းဂျူးက မယုံနိုင်သလို တုံ့ပြန်လာတယ်။

"ဒါဆို အဲဒီပါမောက္ခကို ယုံရုံတင်နဲ့ ဒီလိုကောက်ချက်ချ လိုက်တာပေါ့လေ"

"ကျွန်တော် အချက်အလက်တချို့ ရထားပါတယ်။ သက်သေအထောက်အထားလည်း လုံလုံလောက်လောက်ရှိတယ်"

ဆန်အန်ဒရီယပ်စ် ပြတ်ရွေ့ကြောပေါ်မှာ တည်ရှိနေတဲ့ ဆန်ဖရန်စစ္စကိုဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်ဖို့ အလားအလာအရှိဆုံး နေရာတွေထဲက တစ်ခုပါပဲ။

"ဂျပန်ငလျင်လိုမျိုး ဆန်ဖရန်စစ္စကိုမှာ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ"

ဆန်ဖရန်စစ္စကိုက အမေရိကရဲ့ အကြီးဆုံးမြို့ကြီးတွေထဲက တစ်ခုဖြစ်တဲ့အတွက် လူဦးရေလည်း ထူထပ်ပါတယ်။

ဒါက ဂျောင်ဂျူမှာ ငလျင်လှုပ်တာနဲ့ ဂန်နမ်အလယ်ခေါင်မှာ ငလျင်လှုပ်တာ ကွာခြားသလိုမျိုးပဲ။ လူအသက်အသေအပျောက်နဲ့ ပိုင်ဆိုင်မှုပျက်စီးဆုံးရှုံးမှုတွေကတော့ နှိုင်းယှဉ်လို့တောင် မရနိုင်ဘူး။

ဘေးနားက တက်ဂယူက ဝင်ပြောတယ်။

"သေချာစဉ်းစားကြည့်စမ်းပါဗျာ။ ကန်ဂျင်ဟူ မှားဖူးလို့လား"

တခြားသူတွေ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော် အောင်အောင်မြင်မြင် လုပ်ပြခဲ့ဖူးပါတယ်။ L6 ပေါက်ကွဲမှု၊ Brexit၊ ရိုနယ်ရဲ့ ရွေးကောက်ပွဲ စတာတွေပေါ့။

အစ်မ ဟျွန်းဂျူးက စီးကရက်ကို ဆေးလိပ်ပြာခွက်ထဲ ထိုးချေပြီး သတ်လိုက်တယ်။

"ဒါကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဒီတစ်ခေါက်က အခြေအနေချင်း မတူဘူး"

"ကျွန်တော် သိပါတယ်"

အစ်မဟျွန်းဂျူးက ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး မေးတယ်။

"နင် တကယ်ကြီး သေချာလို့လား"

စိတ်ထဲမှာ ယုံကြည်မှုအပြည့် ရှိနေပေမဲ့လည်း ကျွန်တော် တမင်ပဲ ဝေဝေဝါးဝါး ပြန်ဖြေလိုက်တယ်။

"ကြိုတင်ပြင်ဆင်ထားတော့ မမှားဘူးပေါ့"

အစ်မ ဟျွန်းဂျူးက လုံးဝကို စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ပုံစံနဲ့ သက်ပြင်းချတယ်။

"ဒါဆို ဖြစ်မလာနိုင်တဲ့အရာတစ်ခုအတွက် ကြိုတင်ပြင်ဆင်ဖို့ သန်း ၂သောင်း ကျော် သုံးမယ်ပေါ့လေ"

"အဲဒီထဲက တစ်ဝက်လောက်ပဲ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားတာပါ။ ဆုံးရှုံးမှုဖြစ်အောင်တော့ မလုပ်ပါဘူး"

ကျွန်တော် ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေကို ရှင်းပြလိုက်တယ်။

"ဒါပေမဲ့ ငလျင်သာ မလှုပ်ရင် ဘယ်လိုလုပ်မလဲ"

"ဒါက ဒေါ်လာ သန်း ၂သောင်းပဲလေ။ ကားအသစ်သာ အောင်မြင်သွားရင် ဒီလောက်ကတော့ လွယ်လွယ်လေး ပြန်ရှာလို့ရပါတယ်။ တကယ်လို့ မအောင်မြင်ရင်တောင် FaceIt အပါအဝင် လက်အောက်ခံကုမ္ပဏီ အနည်းငယ်ကို ရောင်းချလိုက်လို့ရတာပဲ"

ဒေါ်လာ သန်း ၂သောင်း က များပြားတဲ့ ပမာဏဖြစ်ပေမဲ့ အခြေအနေတွေ လွဲချော်သွားရင်တောင် ကုမ္ပဏီတစ်ခုလုံး ပြာကျသွားလောက်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး။

တကယ်တော့ နောက်ပိုင်းမှာ ကျွန်တော်လုပ်ဖို့ စီစဉ်ထားတာတွေကို ထည့်တွက်ရင် ပိုက်ဆံဆုံးရှုံးရုံတင်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါကို ဒီနေရာမှာ ထုတ်ပြောဖို့ မလိုဘူးလေ။

ကျွန်တော် တမင်ပဲ တက်တက်ကြွကြွ ပြောလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးသားမလို့ ဒါကိုပဲ စိတ်ထဲမှတ်ထားပေးပါ"

"ဒါနဲ့ ကျွန်တော်က OTK ကုမ္ပဏီရဲ့ စီအီးအိုပဲလေ။ ဒါကြောင့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က ကုမ္ပဏီရဲ့ မူဝါဒပဲ"

"တခြားနိုင်ငံမှာ ဒီလိုငလျင်မျိုး လှုပ်ရင်တော့ ပြန်လည်ထူထောင်ဖို့ အချိန်အတော်ကြာတဲ့အထိ စဉ်းစားလို့တောင် ရမှာမဟုတ်ဘူး။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်တွေက ငလျင်ဒဏ်ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ နီပေါနဲ့ ဟေတီတို့လို နေရာမျိုးတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်က အခုထိ နှေးကွေးနေတုန်းပဲလေ။ ဒါပေမဲ့ အမေရိကကတော့ မတူဘူး။ ဆန်ဖရန်စစ္စကိုရဲ့ ပထဝီဝင်အနေအထားနဲ့ ပတ်ဝန်းကျင်က အခြေခံအဆောက်အဦးတွေကို ထည့်တွက်ရင် ဒါက ဒီအတိုင်း အပျက်အစီးတွေအတိုင်း ကျန်ခဲ့မှာ မဟုတ်ဘူး။ 9/11 တိုက်ခိုက်မှုတုန်းက အမြွှာမျှော်စင် ပြိုကျပျက်စီးသွားပြီးနောက် ပိုပြီးခမ်းနားလှပတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ပြန်လည်တည်ဆောက်ခဲ့သလိုမျိုးပဲ၊ ငလျင်ဒဏ် ငြိမ်သက်သွားတာနဲ့ ကြီးမားတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်လေ။ တစ်ချိန်ထဲမှာပဲ မဟာမြို့ကြီးကို အပြိုင်အဆိုင် တည်ဆောက်လာကြလိမ့်မယ်။ ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရင် အဲဒီအချိန်ဇယားက ပိုပြီးတော့တောင် မြန်ဆန်လာဦးမယ်"

ဒါကို ကြားတော့ တက်ဂယူက ဝင်ပြောတယ်။

"မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အတွေ့အကြုံအရဆိုရင်..."

"မင်းကလား" ကျွန်တော် ကြားဖြတ်မေးလိုက်တယ်။

တက်ဂယူက ချက်ချင်းပဲ စကားကို ပြန်ပြင်ပြောတယ်။

"SimCity ကစားခဲ့တဲ့ အတွေ့အကြုံအရ ပြောရရင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးဆုံး ပစ္စည်းတွေက သံမဏိနဲ့ ကွန်ကရစ်ပဲ"

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။

"ဟုတ်တယ်"

အရေးကြီးဆုံး အစိတ်အပိုင်းက သံမဏိပါပဲ။

သံမဏိကို စက်မှုလုပ်ငန်းတွေရဲ့ "ဆန်" လို့ တင်စားကြတယ်၊ ဘာလို့လဲဆိုတော့ ကဏ္ဍအသီးသီးမှာ သုံးစွဲနေရလို့ပါ။ ပိုဟန်သံမဏိ (အခု POSCO) ကို ဂျပန်ဆီကရတဲ့ လျော်ကြေးငွေနဲ့ တည်ထောင်ခဲ့တာက တိုက်ဆိုင်မှုမဟုတ်ပါဘူး။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်တာနဲ့ သံမဏိ ဝယ်လိုအားက သိသိသာသာ မြင့်တက်လာပြီး ထုတ်လုပ်သူတွေရဲ့ ဈေးနှုန်းအပေါ် သက်ရောက်မှုရှိလာပါလိမ့်မယ်။

ကိုယ်ပိုင် သံမဏိစက်ရုံရှိတဲ့ အွန်ဆောင်း မော်တာလို ကုမ္ပဏီမျိုးတွေကတော့ ဈေးနှုန်းမြင့်တက်မှုကို အတိုင်းအတာတစ်ခုအထိ တောင့်ခံနိုင်ပေမဲ့ အပြင်ကနေ ဝယ်ယူရတဲ့သူတွေကတော့ အကြီးအကျယ် ဒုက္ခရောက်ကြမှာပါ။

ဒီနှစ်ရဲ့ နှစ်ဝက်နောက်ပိုင်းမှာ ကားမော်ဒယ်အသစ်တွေ မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Carros အတွက်တော့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ချက်ချင်း ပြန်တွက်ချက်ရတော့မယ်။

လောလောဆယ်မှာတော့ တရုတ်ထုတ်လုပ်သူတွေက အပြည့်အဝ လည်ပတ်နေကြလို့ သံမဏိလုပ်ငန်းက လိုအပ်တာထက် ပိုလျှံနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပြီး သံမဏိထုတ်လုပ်သူတွေရဲ့ ရှယ်ယာဈေးနှုန်းတွေလည်း ထိုးကျနေပါတယ်။ တစ်ချိန်က KOSPI ရဲ့ ဈေးကွက်တန်ဖိုး အမြင့်ဆုံးစာရင်းမှာ ထိပ်ဆုံးကရှိခဲ့တဲ့ POSCO ဟာ အဆင့်ငါးနေရာကနေ ဖယ်ပေးခဲ့ရတာ ကြာပါပြီ။

ကျွန်တော် ဟင်နရီကို လှမ်းခေါ်လိုက်တယ်။

"ငါ့ကို ခေါ်လိုက်တာလား"

ဟင်နရီရဲ့ မျက်နှာအမူအရာမှာ မကျေမနပ်ဖြစ်နေတဲ့ ပုံစံမျိုး တွေ့နေရတယ်။

အစ်မ ဟျွန်းဂျူးနဲ့အတူ မော်ဒိုက်က ဗီလာတစ်ခုမှာ အပန်းဖြေခရီးထွက်ဖို့ ရင်ခုန်နေပြီးမှ ရုတ်တရက် ခရီးစဉ်ဖျက်သိမ်းကြောင်း အကြောင်းကြားစာ ရလိုက်တာမလို့ နားလည်ပေးလို့ရပါတယ်။

"ဂျပန်နဲ့ တရုတ်ကို လုပ်ငန်းကိစ္စနဲ့ ခရီးတစ်ခု သွားပေးပါ"

"ဘာကိစ္စရှိလို့လဲ"

"ငါ သံမဏိ ဝယ်ဖို့ စဉ်းစားနေလို့"

ဟင်နရီက အံ့ဩတကြီးနဲ့ မေးတယ်။

"မော်တော်ကားအတွက် ပြောတာလား"

"ကုန်ပစ္စည်းပေးသွင်းသူတွေကို လျှို့ဝှက်ဆက်သွယ်ပြီး မော်တော်ကားအတွက်ပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးအတွက်ပဲဖြစ်ဖြစ်၊ စက်မှုလုပ်ငန်းသုံးအတွက်ပဲဖြစ်ဖြစ် နောက်လာမယ့် သုံးနှစ်စာအတွက် ရသလောက် အကုန်ဝယ်ပါလို့ ပြောလိုက်ပါ"

ကျွန်တော့်ရဲ့ အကြံပြုချက်ကြောင့် ဟင်နရီက ကြောင်သွားတယ်။ ကျွန်တော်နဲ့ တက်ဂယူက ကိုရီးယားလူမျိုးဖြစ်ပေမဲ့ ဟင်နရီက အမေရိကန်လူမျိုးလေ။ သူ့နိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်နိုင်တယ်ဆိုတာကို ကြားလိုက်ရတော့ အံ့ဩသွားတာပေါ့။

"တကယ်ကြီးလား"

ကျွန်တော် သွယ်ဝိုက်ပြီး ပြန်ဖြေလိုက်တယ်။

"မသေချာသေးပေမဲ့ ဖြစ်နိုင်ခြေကတော့ တော်တော်လေး များတယ်"

ကျွန်တော် ဒီလိုပြောလိုက်ပေမဲ့ ဖြစ်နိုင်ခြေသက်သက်နဲ့တင် ကျွန်တော် လှုပ်ရှားမှာမဟုတ်ဘူးဆိုတာ ဟင်နရီ သေချာပေါက် သိပါတယ်။

"ငါ သိပ်နားမလည်ဘူး"

"ငါ့ရဲ့... မဟုတ်ဘူး၊ ပါမောက္ခ မိုဟန်ရဲ့ စကားတွေ မှားသွားပါစေလို့ပဲ ဆုတောင်းပါတယ်"

ကျွန်တော် ဟင်နရီကို အတင်းအကြပ် နားချဖို့ မကြိုးစားပါဘူး။

"ဘာပဲဖြစ်ဖြစ် အနာဂတ် ပြန်လည်ထူထောင်ရေးအတွက် ဝယ်လိုအားတွေကို ထည့်တွက်ပြီး သံမဏိနဲ့ ကွန်ကရစ်တွေကို ဝယ်ယူဖို့ စဉ်းစားထားတာ"

"ကုမ္ပဏီတွေကတော့ ဈေးနှုန်းအတက်အကျကို ကာကွယ်ဖို့ ကြိုးစားကြလိမ့်မယ်"

သံမဏိဈေးနှုန်းတွေက သံရိုင်း၊ သတ္တုအပိုင်းအစနဲ့ ရေနံစိမ်းဈေးနှုန်းတွေနဲ့ ဆက်စပ်နေပါတယ်။

အခု သံမဏိဝယ်ယူတာက အနာဂတ်မှာ ဈေးနှုန်းမြင့်တက်လာမယ့်အခြေအနေအတွက် ကြိုတင်ပြင်ဆင် တာပါပဲ။ ဒါက ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ဆက်စပ်နေရင်တော့ သိပ်ပြီး အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။

"လက်ရှိ ဈေးကွက်ပေါက်ဈေးထက် ပိုပေးရရင်တောင် အားလုံးကို ပုံသေဈေးနှုန်းနဲ့ပဲ စာချုပ်ချုပ်ဆိုဖို့ သေချာအောင်လုပ်ပါ။ ပြီးတော့ လိုအပ်သလောက် ကြိုတင်ငွေ အပြည့်အဝပေးမယ်လို့လည်း ပြောလိုက်ပါ"

အနာဂတ်မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေကို ထည့်တွက်ရင် အချိန်သိပ်မကျန်တော့ပါဘူး။ ဒါ့အပြင် ကွန်ကရစ်၊ ကြေးနီနဲ့ ရေနံစိမ်းတွေကိုလည်း ရသလောက် ကြိုတင်စုဆောင်းထားဖို့ လိုအပ်ပါတယ်။

ဟင်နရီက ဒါကို နောက်ပြောင်နေတာလားဆိုပြီး မသေချာသလိုနဲ့ ဝေဝေဝါးဝါး ဖြစ်နေတုန်းပဲ။

"မကြာခင် သိရမှာပါ၊ ဒါပေမဲ့ အဲဒီအချိန်အထိတော့ ဒါကို လျှို့ဝှက်ထားပေးပါ"

"အာ... ဟုတ်ကဲ့၊ နားလည်ပါပြီ"

ဟင်နရီ ထွက်သွားပြီးနောက် တက်ဂယူက မေးတယ်။

"ဒီလို ရင်းနှီးမြှုပ်နှံတာ ဝေဖန်မခံရဘူးလား"

"ဒီအရာကနေ အမြတ်အစွန်းအများကြီးရဖို့ ငါ မစဉ်းစားထားဘူး။ အနာဂတ်မှာ ဈေးနှုန်းတွေ ထိုးတက်လာရင် ဈေးကွက်ကို တည်ငြိမ်အောင်လုပ်ဖို့ အမေရိကန်အစိုးရထံ ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းချဖို့ စီစဉ်ထားတာ"

တက်ဂယူက သဘောကျသွားတယ်။

"အို... အဲဒါ ကောင်းတဲ့အကြံပဲ"

ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှာဖို့ တခြားနည်းလမ်းတွေ အများကြီးရှိတာပဲလေ။

အဲဒီနောက် ကျွန်တော် စီနီယာ ဆန်းယော့ကို လှမ်းခေါ်လိုက်တယ်။

"ဒီရက်ပိုင်း အလုပ်တွေ ဘယ်လိုလဲ"

"အလုပ်ရှုပ်နေတာပေါ့။ မနေ့က ကုန်သွယ်ရေးကုမ္ပဏီတစ်ခုနဲ့ အရက်သောက်ဝိုင်းဖွဲ့လိုက်ရလို့ မိုးလင်းတဲ့အထိ သောက်လိုက်ရတယ်"

စီနီယာ ဆန်းယော့က အခုထိ အမူးမပြေသေးတဲ့ ပုံစံမျိုး ဖြစ်နေတုန်းပဲ။

ကျွန်တော် ပြုံးပြီး "အရက်သောက်ချင်ရုံတင်နဲ့ သွားခဲ့တာတော့ မဟုတ်ပါဘူးနော်" လို့ ပြောလိုက်တယ်။

စီနီယာ ဆန်းယော့က ပြင်းပြင်းထန်ထန် ငြင်းတယ်။

"မဟုတ်ပါဘူးကွာ။ အဲလိုမဟုတ်ပါဘူး။ ဟိုဘက်က ပိုင်ရှင်က ငါနဲ့ တခွက်လောက် သောက်ချင်ပါတယ်ဆိုပြီး အတင်းအကျပ် ခေါ်နေလို့ မတတ်သာဘဲ သွားလိုက်ရတာပါ"

K ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားတဲ့ Startup တွေက ပြည်တွင်းဈေးကွက်မှာ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတာပါ။ လက်အောက်ခံကုမ္ပဏီတွေရဲ့ တန်ဖိုးကို ထည့်တွက်ရင် K ကုမ္ပဏီက လုပ်ငန်းနယ်ပယ်ထဲမှာ ထိပ်တန်းအဆင့်ကို လွယ်လွယ်လေး ရောက်ရှိနိုင်ပါတယ်။ (OTK ကုမ္ပဏီရော၊ K ကုမ္ပဏီပါ သာတူညီမျှ ကုန်သွယ်ရေးကော်မရှင်က ထုတ်ပြန်တဲ့ အဆင့်သတ်မှတ်ချက်တွေ ထဲမှာ မပါဝင်သလို၊ PEF ဖြစ်တဲ့ RCK Bros လည်း မပါဝင်တာ အတူတူပါပဲ။)

Startup တချို့က အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ အလားအလာတွေကို စတင်ပြောဆိုနေကြပါပြီ။ ဒါပေမဲ့ မိခင်ကုမ္ပဏီရဲ့ ခိုင်မာတဲ့ ဘဏ္ဍာရေးအင်အားကြောင့် IPO ကနေတစ်ဆင့် ရန်ပုံငွေရှာဖွေဖို့ တကယ်လိုအပ်နေတာတော့ မဟုတ်ပါဘူး။

"ဒါနဲ့ ပြောရဦးမယ်။ စီနီယာနဲ့ အလုပ်တွဲမလုပ်ဖြစ်တာ တော်တော်ကြာသွားပြီနော်"

စီနီယာ ဆန်းယော့က အစ်မ ဟျွန်းဂျူးပြီးရင် ကျွန်တော်တို့ဆီ ချက်ချင်းဝင်လာတာမလို့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ဦးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် သူ့ကို K ကုမ္ပဏီရဲ့ ရှယ်ယာတချို့ ခွဲဝေပေးထားတာပါ။

"ဘာဖြစ်လို့လဲ"

"စီနီယာကို မြင်တော့ အရင်အချိန်တွေကို သတိရသွားလို့ပါ"

ကျွန်တော့်စကားကြောင့် စီနီယာ ဆန်းယော့က ချက်ချင်း မျက်လုံးပွင့်သွားတယ်။

"ဘာ... ဘာလဲဟ။ ငါ့ကို အလုပ်ထုတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"

ကျွန်တော် အော်ရယ်မိတယ်။

"မဟုတ်ရပါဘူးဗျာ။ စီနီယာသာမရှိရင် ကျွန်တော် ဘယ်သူ့ကို အလုပ်တွေ လွှဲပေးရတော့မှာလဲ"

စီနီယာ ဆန်းယော့က သက်ပြင်းချရင်း စိတ်အေးသွားတဲ့ပုံစံနဲ့ ပြောတယ်။

"ဟူး... တော်သေးတာပေါ့"

"လောလောဆယ် လုပ်နေတဲ့ အလုပ်တွေကို ဝန်ထမ်းတွေကို လွှဲပေးလိုက်ပြီး ခဏလောက် ကျွန်တော့်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးပါ"

ကျွန်တော် ဟင်နရီကို ပြောခဲ့တဲ့အတိုင်း စီနီယာ ဆန်းယော့ကို ထပ်ပြောပြလိုက်တယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ စီနီယာ ဆန်းယော့က အံ့ဩသွားတယ်။

"ဆန်ဖရန်စစ္စကိုမှာ ငလျင်လှုပ်မယ်လို့ ပြောတာလား။ တကယ်ကြီးလား"

"ပါမောက္ခ မိုဟန် ပြောတာ မှန်တယ်ဆိုရင်ပေါ့လေ"

"ပါမောက္ခ ပြောတာ မှန်ကန်ဖို့ အလားအလာ ဘယ်လောက်ရှိလဲ"

"၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူး၊ ဒါပေမဲ့ တော်တော်လေး မြင့်တယ်။ ဒီနှစ်ထဲမှာ ဖြစ်နိုင်သလို နောက်နှစ်ထဲမှာလည်း ဖြစ်နိုင်တယ်"

"ခဏလေး။ တကယ်လို့ ငလျင်သာ လှုပ်ရင် ရွှေနဲ့ ရေနံလိုမျိုး ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေက ဈေးနှုန်းထိုးတက်သွားမှာလေ... အဲဒါဆို ငါတို့တွေ ကုန်ကြမ်းတွေကို အရင်ဆုံး စုဆောင်းထားသင့်တာ မဟုတ်ဘူးလား"

ထင်ထားတဲ့အတိုင်းပဲ စီနီယာ ဆန်းယော့ရဲ့ စိတ်က ဒီအချက်အပေါ် ချက်ချင်း ရောက်သွားတယ်။ ဒါကြောင့်လည်း သူ့ကို အလုပ်တွေ ယုံယုံကြည်ကြည် လွှဲပေးနိုင်တာပါ။

"အဲဒီအလုပ်ကိုတော့ ဟင်နရီကို အပ်ထားပြီးပြီ။ စီနီယာကိုတော့ တခြားအလုပ်တစ်ခု ပေးမလို့"

"ဘာအလုပ်လဲ"

"တရုတ်ကိုသွားပြီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဝယ်ယူပါ။ တဲတွေ၊ ရေသန့်ဘူးတွေ၊ စောင်တွေ၊ အရေးပေါ်ဆေးဝါးတွေ စတာတွေပေါ့"

"ပမာဏ ဘယ်လောက်လဲ"

"နောက်လာမယ့် နှစ်လအတွင်း ထုတ်လုပ်နိုင်သမျှ အကုန်လုံး"

ထုတ်လုပ်သူတွေက ကျွန်တော်တို့ အော်ဒါမှာတာကိုပဲ ထိုင်စောင့်နေကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို ပြည့်မီဖို့အတွက် ပုံမှန်ထုတ်လုပ်မှုကို တိုးမြှင့်ရမှာပါ။

လောလောဆယ်မှာတော့ တရုတ်နိုင်ငံတစ်ခုထဲကသာ တိုတောင်းတဲ့ အချိန်အတွင်းမှာ အများဆုံး ပမာဏကို ထုတ်လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ပမာဏ မလုံလောက်ရင်တော့ သယ်ယူပို့ဆောင်ရေး အချိန်ပိုတိုတောင်းတဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ဆီကို ကန်ထရိုက်ထပ်ပေးပြီး ထုတ်လုပ်ဖို့ စီစဉ်ထားတယ်။

နောက်ရက်မှာတော့

ဟင်နရီနဲ့ စီနီယာ ဆန်းယော့တို့က ဂျပန်နဲ့ တရုတ်နိုင်ငံဆီ အသီးသီး ထွက်ခွာသွားကြပြီး ကျွန်တော့်ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဆက်သွယ်ခဲ့ကြတယ်။

ဒီအတောအတွင်းမှာပဲ ကျွန်တော်က Silicon Valley မှာရှိတဲ့ ကျွန်တော်တို့ရဲ့ လက်အောက်ခံကုမ္ပဏီတွေကို ပြောင်းရွှေ့ဖို့အတွက် အစားထိုးနေရာတစ်ခုကို ရှာဖွေခဲ့တယ်။ လောလောဆယ်မှာတော့ အလားအလာအရှိဆုံး နေရာတွေက Orange County၊ Pasadena နဲ့ LA အနီးက Ontario ပတ်ဝန်းကျင်တို့ပဲ ဖြစ်ပုံရပါတယ်။

ရုတ်တရက် ပြောင်းရွှေ့ရတဲ့အတွက် ကြီးမားတဲ့ ကန့်ကွက်မှုတွေ ရှိလာနိုင်ပေမဲ့ ကျွန်တော်တို့ကတော့ ရှေ့ဆက်လုပ်ဆောင်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိပါဘူး။

တစ်ချိန်ထဲမှာပဲ တိုတောင်းတဲ့ ကာလအတွင်း ငှားရမ်းနိုင်မယ့် ဂိုဒေါင်တွေကိုလည်း ရှာဖွေခဲ့တယ်။ အဲဒီဂိုဒေါင်တွေက ငလျင်ဘေးအန္တရာယ် ကင်းရှင်းတဲ့ဇုန်တွေမှာ ရှိရမယ်၊ အန္တရာယ်ရှိတဲ့ နေရာတွေနဲ့ နီးရမယ်၊ သွားလာရလွယ်ကူရမယ်။ ဒါမှသာ ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို မြန်မြန်ဆန်ဆန် သယ်ယူပို့ဆောင်နိုင်မှာပါ။

"ကျွန်တော်တို့ လူထုကိုလည်း အသိပေးဖို့ လိုအပ်တယ်"

စကားလုံးတစ်လုံးက ဘာလဲဆိုတာထက် ဘယ်သူက ပြောတာလဲဆိုတာက ပိုအရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် ရရှိထားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သတင်းတွေကြောင့် လူတွေက ကျွန်တော့်စကားကို ပေါ့ပေါ့ဆဆ သဘောထားကြမှာ မဟုတ်ပါဘူး။

ကျွန်တော့်ရဲ့ သတိပေးချက်တစ်ခုထဲနဲ့တင် အသေအပျောက်တွေကို လျှော့ချနိုင်မှာဖြစ်ပေမဲ့ ဒါက မလုံလောက်သေးပါဘူး။

ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့အတွက် အမျိုးသားအဆင့် ရွှေ့ပြောင်းရေးအစီအစဉ်တစ်ခုကို ချမှတ်ရပါမယ်။ ပြီးတော့ ကျွန်တော်သိတဲ့ လူတွေထဲမှာ အဲဒါကို အကောင်အထည်ဖော်နိုင်တဲ့သူက အတိအကျပြောရရင် တစ်ယောက်ပဲ ရှိပါတယ်။

ပြဿနာကတော့ အဲဒီလူက ကျွန်တော့်စကားကို ယုံပါ့မလားဆိုတာပါပဲ။

ဘဏ္ဍာရေးဈေးကွက်ထဲကို စတင်ဝင်ရောက်လာကတည်းက OTK ကုမ္ပဏီဟာ အမြဲတမ်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ဖြစ်ခဲ့တယ်။

လူတွေက ကော်ပိုရိတ်ငွေတိုက်စာချုပ် ထုတ်ဝေမှုကနေတစ်ဆင့် ရရှိလာတဲ့ ဒေါ်လာ သန်း ၂သောင်း ကို ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာကိုပဲ အာရုံစိုက်နေကြတာပါ။ စာချုပ်တွေက ဘယ်လောက်ပဲ လျှို့ဝှက်ထားပါစေ၊ ကောလာဟလတွေကိုတော့ တားဆီးထားလို့မရခဲ့ပါဘူး။

မကြာခင်မှာပဲ OTK ကုမ္ပဏီက သံမဏိတွေကို အကြီးအကျယ် ဝယ်ယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။

ဒါက OTK ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းထဲကို ဝင်ရောက်တော့မယ်ဆိုတဲ့ ကောလာဟလတွေကို ဖြစ်ပေါ်စေခဲ့ပြီး သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေကို သိသိသာသာ မြင့်တက်သွားစေခဲ့တယ်။

ဒါပေမဲ့ အဲဒီကောလာဟလတွေက ပျက်ပြယ်သွားဖို့ အချိန်အများကြီး မကြာလိုက်ပါဘူး။

OTK ကုမ္ပဏီက စွမ်းအင်နဲ့ အဖိုးတန်သတ္တုတွေကို အနာဂတ်ဈေးကွက်ရော၊ လက်ငင်းဈေးကွက်မှာပါ စတင်စုဆောင်းနေခဲ့လို့ပါပဲ။

ငလျင်လှုပ်ပြီးနောက်ပိုင်းလုပ်ဆောင်မယ့် ကန်ဂျင်ဟူရဲ့ ရည်ရွယ်ချက်ကို အဖြေရှာဖို့ ဈေးကွက်က ရုန်းကန်နေခဲ့ရတယ်။

ဒီလိုအခြေအနေတွေကြားထဲမှာပဲ ကောလာဟလအသစ်တစ်ခု ထပ်ထွက်လာခဲ့တယ်။ အဲဒါကတော့ သူတို့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သိုလှောင်နေကြတယ်ဆိုတာပါပဲ။

အဲဒီအချိန်ကျမှသာ လူတွေက ကန်ဂျင်ဟူ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်က ပါမောက္ခတစ်ယောက်ကို ကူညီပံ့ပိုးပေးခဲ့တဲ့ လတ်တလောသတင်းကို ပြန်သတိရလာကြပြီး အဲဒီပါမောက္ခရဲ့ အထူးပြုဘာသာရပ်က တခြားမဟုတ်ဘဲ ငလျင်ဗေဒဖြစ်နေတာကို သတိပြုမိသွားကြတယ်။

ဒါကို ကြားလိုက်ရတော့ သမ္မတ ပတ်ဆီဟျွန်းက "ဒီကောင် ဒီတစ်ခေါက်ကော ဘာတွေ ကြံစည်နေပြန်တာလဲ" လို့ တိုးတိုးလေး ရေရွတ်လိုက်တော့တယ်။

အခန်း (၁၈၀)

ကျွန်တော် လက်အောက်ခံ ကုမ္ပဏီရဲ့ အမှုဆောင်တွေကို ရုံးချုပ်နဲ့ သုတေသနစင်တာ ရွှေ့ပြောင်းဖို့ ညွှန်ကြားလိုက်တယ်။

သဘာဝကျကျပဲ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ရှိလာခဲ့တာပေါ့။

“ကျွန်တော်တို့ရဲ့ အဓိက ဝန်ထမ်းတွေ အလုပ်ထွက်သွားကြလိမ့်မယ်”

Silicon Valley ပတ်ဝန်းကျင်က ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာတင် အိမ်ခြံမြေဈေးနှုန်းနဲ့ လူနေမှုစရိတ် အမြင့်မားဆုံး နေရာအဖြစ် နာမည်ကြီးတာပါ။

ဒါပေမဲ့ ကုမ္ပဏီတွေက ဒီနေရာမှာပဲ အခြေစိုက်နေကြတာက အိုင်တီကုမ္ပဏီတွေ၊ Startup တွေနဲ့ ကမ္ဘာ့ထိပ်တန်း အရည်အချင်းရှိသူတွေ အားလုံး စုစည်းနေကြလို့ပါပဲ။

တခြားကုမ္ပဏီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်တာ ဒါမှမဟုတ် အရည်အချင်းမြင့် ဝန်ထမ်းတွေကို ရှာဖွေတဲ့နေရာမှာ Silicon Valleyကို အစားထိုးနိုင်တဲ့ နေရာမရှိပါဘူး။ ဒါ့အပြင် Silicon Valleyမှာ အလုပ်လုပ်နေတဲ့သူတွေက တခြားဒေသကို မပြောင်းချင်ကြဘူးလေ။ ဒါကြောင့်လည်း CarOS က သုတေသနစင်တာကိုပဲ ဒီမှာထားပြီး ရုံးချုပ်ကိုတော့ ဒီထရိုက် မှာ ထားခဲ့တာပါ။

“တကယ်ပဲ အကြောင်းပြချက်က ဘာလဲဗျာ”

ကျွန်တော် ပါမောက္ခ ကီရန်မိုဟန် ရဲ့ အဆိုပြုချက်ကို ပြောပြပြီး သူတို့ကို ဖျောင်းဖျဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သလို ဖိအားလည်း ပေးခဲ့ရတယ်။

ကျွန်တော်က လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အကြီးဆုံး ရှယ်ယာရှင်ပဲ၊ စီမံခန့်ခွဲသူ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော့်စကားကို မနားထောင်ရင် ရှယ်ယာရှင်များ အစည်းအဝေး ခေါ်ယူပြီး သူတို့ကို ရာထူးကနေ ဖယ်ရှားပိုင်ခွင့် အာဏာ ရှိပါတယ်။

“တစ်လအတွင်း အပြီးပြောင်းရမယ်”

လူတိုင်းက ကျွန်တော့်ကို အရူးတစ်ယောက်လို တုံ့ပြန်ကြပေမဲ့ လိုက်နာဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ပါဘူး။

ကံကောင်းတာက ဒီကုမ္ပဏီတွေက Startup အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး အိုင်တီနဲ့ ဝန်ဆောင်မှုပိုင်းကိုပဲ အဓိက လုပ်တာမလို့ စက်ရုံကြီးတစ်ခုလုံးကို ရွှေ့ရတာထက်စာရင်တော့ ပိုပြီး လွယ်ကူပါတယ်။

ကျွန်တော်တို့ နေရာအသစ်ကို အတည်ပြုလိုက်ပြီး အရေးကြီးတဲ့ စက်ပစ္စည်းတွေကို သယ်ယူဖို့ တုန်ခါမှုဒဏ်ခံ ကားတွေကို စီစဉ်လိုက်တယ်။

ရွှေ့ပြောင်းမယ့် အစီအစဉ် အတည်ဖြစ်သွားတာနဲ့ ဝန်ထမ်းတချို့က အလုပ်ထွက်စာ တင်လာကြတယ်။ အဲဒီထဲမှာ coderတွေ၊ ပရိုဂရမ်မာတွေနဲ့ အင်ဂျင်နီယာတွေလို အဓိက ဝန်ထမ်းတချို့လည်း ပါဝင်နေပါတယ်။

ကျွန်တော်က အလုပ်ထွက်စာတင်တဲ့သူတွေကို ချက်ချင်း ထွက်ခွင့်ပေးမယ့်အစား သုံးလစာ အားလပ်ရက် ပေးလိုက်တယ်။

အဲဒီအတောအတွင်းမှာ သူတို့ စိတ်ပြောင်းသွားရင် အချိန်မရွေး ပြန်လာလို့ရပါတယ်။ တကယ်လို့ စိတ်မပြောင်းရင်တော့ အဲဒီသုံးလစာကို လစာပြည့် ခွင့်ရက်အဖြစ် တွက်ချက်ပေးပြီးမှ အလုပ်ထွက်စာကို လက်ခံပေးမယ်လို့ ကတိပေးလိုက်တယ်။

ဒီကိစ္စတွေကို ကိုင်တွယ်နေတုန်းမှာပဲ ArcIT ရဲ့ စီအီးအို ပီတာ ကတ်ဆူယို နဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။

သူက ဂျပန်-ဗြိတိန် ကပြားတစ်ယောက် ဖြစ်ပေမဲ့ ဂျပန်စကားတော့ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပါဘူး။ အဲဒါနဲ့ ဆန့်ကျင်ဘက်ပဲ ဗြိတိန်လေသံ အပြည့်နဲ့ စကားပြောတာပါ။

“မတွေ့ရတာ ကြာပြီနော်”

“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ တကယ်ပဲ မတွေ့ရတာ ကြာသွားပြီ”

ArcIT က ယူကေမှာ အခြေစိုက်ပြီး ဥရောပမှာ အဓိက လည်ပတ်တာပါ။ အမေရိကနဲ့ မတူတာမလို့ အဲဒီဘက်ကို သွားဖို့ အခွင့်အရေး သိပ်မရှိဘူးလေ။

ကျွန်တော် ဆန်ဖရန်စစ္စကို ငလျင်အကြောင်းကို ပြောပြပြီး သူ့ကို ပြောလိုက်တယ်။

“ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲတော့ မသိပေမဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေက မြို့ပြတစ်ခုလုံးကို အသစ်ပြန်လည် ပုံဖော်ဖို့ လိုလာလိမ့်မယ်။ မင်းတို့လည်း ကိုယ်နဲ့သက်ဆိုင်တဲ့ အလုပ်တွေကို ကြိုတင်ပြင်ဆင်ထားနိုင်ရင် ကောင်းမယ်”

ပြန်လည်ထူထောင်ရေးရဲ့ အတိုင်းအတာကို ထည့်တွက်ရင် ဒါက တစ်ကမ္ဘာလုံးက ဆောက်လုပ်ရေး ကုမ္ပဏီတွေ ပါဝင်မယ့် အကြီးစား ပရောဂျက်ကြီး ဖြစ်လာမှာပါ။

ဗိသုကာပညာမှာ ကုန်ကြမ်းတွေကနေ ဆောက်လုပ်ရေး နည်းလမ်းတွေအထိ အရာအားလုံးကို ဒီဇိုင်းအဆင့်မှာတင် ဆုံးဖြတ်ပြီးသားပါ။ တင်ဒါအောင်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီက အဲဒီဒီဇိုင်းအတိုင်း လိုက်လုပ်ရုံပါပဲ။

တကယ်လို့ ArcIT က မြို့ပြပြန်လည် တည်ဆောက်ရေးရဲ့ အသေးစိတ် ပုံစံကြမ်းကို ဆွဲပေးနိုင်ရင် ပြန်လည်ထူထောင်ရေးမှာ ပါဝင်မယ့် ဆောက်လုပ်ရေး ကုမ္ပဏီအားလုံးအပေါ် ဩဇာလွှမ်းမိုးနိုင်မယ့် အာဏာကို ရရှိပါလိမ့်မယ်။

ပီတာ က ခက်ခဲနေတဲ့ ပုံစံ ဖြစ်သွားတယ်။

“ငါတို့မှာ လက်ရှိ ပရောဂျက်တွေနဲ့တင် ဝန်ထမ်း မလောက်မင ဖြစ်နေတာ။ ပြီးတော့ မြို့ပြဒီဇိုင်း ဆိုတာက ပုံမှန်အားဖြင့် အလုပ်ကြီးတစ်ခု ဖြစ်ပြီး ဖြစ်နိုင်ခြေတစ်ခုထဲအပေါ် အခြေခံပြီး အချိန်နဲ့ လူအင်အားကို ဒီလိုအလုပ်မှာ သုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

ကျွန်တော် သူ့ကို ပြောလိုက်တယ်။

“OTK Company ရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ငါ အမိန့်ပေးနေတာ မဟုတ်ဘူး၊ အပ်နှံသူတစ်ယောက်အနေနဲ့ တောင်းဆိုနေတာပါ။ တကယ်လို့ ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ရရင် ဒါမှမဟုတ် ရပ်တန့်လိုက်ရရင် ကုန်ကျစရိတ်အားလုံးကို OTK Company ကပဲ တာဝန်ယူပေးပါမယ်။ ဒါက အရမ်းအရေးကြီးပြီး လိုအပ်တဲ့ အလုပ်တစ်ခုပါ။ ArcIT အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးစရာ မရှိပါဘူး”

ဂန်နမ် ဘူတာရုံအနီးမှာ အပြာရောင်မှန်တွေနဲ့ မွမ်းမံထားတဲ့ အထပ်မြင့်အဆောက်အဦး လေးခုက Seosung Town လို့ လူသိများတဲ့ အဆောက်အဦးစုကြီးအဖြစ် တည်ရှိနေပါတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံ ရဲ့ ရုံးခန်းက Seosung Town ရဲ့ အဆောက်အဦး D မှာ ရှိပြီး အဲဒီမှာ ဆိုဆောင်း အီလက်ထရောနစ် အပါအဝင် ဆိုဆောင်း အုပ်စု ရဲ့ အဓိက လက်အောက်ခံ ကုမ္ပဏီတွေ စုစည်းနေကြတာပါ။

ကျွန်တော် ကားပေါ်က ဆင်းလိုက်တာနဲ့ စောင့်ဆိုင်းနေတဲ့ ဝန်ထမ်းတစ်ယောက်က ဥက္ကဋ္ဌရုံးခန်းဆီကို လမ်းညွှန်ပေးတယ်။ ဓာတ်လှေကားက ၄၅ ထပ်မှာ ရပ်သွားခဲ့တယ်။

အတွင်းရေးမှူးရဲ့ လမ်းညွှန်မှုနဲ့အတူ အထဲကို ဝင်လိုက်တဲ့အခါ ဥက္ကဋ္ဌ လင်ဂျင်ယုံ က စားပွဲရှေ့က သူ့ရဲ့ ထိုင်ခုံကနေ ထရပ်လိုက်တယ်။

“ဒီအထိ ရောက်အောင် လာပေးလို့ ကျေးဇူးတင်ပါတယ်”

“ဘာမှအပန်းမကြီးပါဘူးဗျာ။ ဒီနားတင်ပဲဥစ္စာ”

ကားမောင်းလာရင် ငါးမိနစ်တောင် မကြာပါဘူး။

ကျွန်တော် ဥက္ကဋ္ဌ လင်ဂျင်ယုံ နဲ့ အကြိမ်အနည်းငယ် တွေ့ဖူးပေမဲ့ ဒီနေရာကို ရောက်ဖူးတာကတော့ ဒါပထမဆုံးပါပဲ။ အတွင်းပိုင်းက သပ်ရပ်နေပြီး ဘာပစ္စည်းမှ ရှုပ်ပွမနေဘူး။ ကျယ်ဝန်းတဲ့ အခန်းထဲမှာ လိုအပ်တဲ့ ပရိဘောဂတွေပဲ ထားရှိတာပါ။

ပြတင်းပေါက်ကနေတစ်ဆင့် Seosung Town တစ်ခုလုံးကိုလည်း အပြည့်အဝ မြင်တွေ့နိုင်ပါတယ်။

Seosung Town ကို ကွယ်လွန်သူ ဥက္ကဋ္ဌ လင်အီကွမ် က တည်ဆောက်ခဲ့တာဖြစ်ပြီး သူက ဒီနေရာမှာပဲ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာလေ။

ဒါကို စဉ်းစားမိတော့ စိတ်ထဲမှာ ထူးထူးခြားခြား စိတ်ဝင်စားစရာ ကောင်းနေသလို ခံစားရတယ်။

နိုင်ငံရေး ပတ်သက်မှုတွေ၊ သမဂ္ဂ နှိမ်နင်းမှုတွေနဲ့ အခွန်ရှောင်မှုတွေလို ကိစ္စရပ်မျိုးစုံ ရှိခဲ့ပေမဲ့ ကွယ်လွန်သူ ဥက္ကဋ္ဌ လင်အီကွမ် ဟာ ထူးချွန်တဲ့ စီမံခန့်ခွဲသူတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဒါကြောင့် သူ လဲကျသွားပြီး ဥက္ကဋ္ဌ လင်ဂျင်ယုံ ရဲ့ အုပ်ချုပ်မှု စတင်တဲ့အခါ ရှယ်ယာရှင်တွေက စိုးရိမ်ပူပန်မှုတွေ ပြသခဲ့ကြတယ်။

သူက ရေရှည် ဆက်ခံသူ သင်တန်းကို တက်ရောက်ခဲ့ဖူးပေမဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု အရည်အချင်းကိုတော့ အတည်မပြုရသေးဘူးလေ။

ဒါပေမဲ့ အများပြည်သူရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ အခုဆိုရင် လူအများစုက သူ့ရဲ့ ခေါင်းဆောင်မှုကို အောင်မြင်မှုတစ်ခုအဖြစ် မြင်နေကြပါပြီ။ ရှယ်ယာဈေးနှုန်းတွေ ကလည်း တည်တည်ငြိမ်ငြိမ် မြင့်တက်နေတာပါ။

သဘာဝကျကျပဲ ဒါက ဥက္ကဋ္ဌ လင်ဂျင်ယုံ ရဲ့ အရည်အချင်းတစ်ခုထဲကြောင့် မဟုတ်ဘဲ သူ့ရဲ့ ရှေ့လူ လုပ်ခဲ့တဲ့ အချိန်ကိုက် ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း ပါတာပေါ့။ လုပ်ငန်းနယ်ပယ်အသစ်တွေကို ရှာဖွေရမယ့် တာဝန်က တတိယမျိုးဆက် စီမံခန့်ခွဲသူတွေဆီ ပေးအပ်ထားတဲ့ အရာပါ။

ကံကောင်းတာက လျှပ်စစ်ကားကဏ္ဍမှာ ရဲရဲဝံဝံ တိုးတက်လာမှုက ဝါရင် ဘတ်ဖတ် ရဲ့ ပံ့ပိုးမှုနဲ့အတူ ရလဒ်တွေ စတင်ပြသနေပါပြီ။ Berkshire Hathaway ဟာ Block deal တွေပြီးနောက်မှာတောင် ဆိုဆောင်း အီလက်ထရောနစ် နဲ့ ဆောင်း SB တို့ရဲ့ ရှယ်ယာတွေကို ဆက်တိုက် ဝယ်ယူနေခဲ့တယ်။

“ကော်ဖီ သောက်မလား”

“ဟုတ်ကဲ့”

ကျွန်တော်တို့ ထိုင်လိုက်ကြပြီး အတွင်းရေးမှူးက ကော်ဖီ ယူလာပေးတယ်။

“ကျွန်တော် အရင်က တောင်းဆိုထားတဲ့ ကိစ္စကို စစ်ဆေးပေးပြီးပြီလား”

“အေး။ ဒါနဲ့ မင်းက Nphone Z ရဲ့ မိတ်ဆက်မယ့်ရက်ကို ဘာလို့ စိတ်ဝင်စားနေရတာလဲ”

ကျွန်တော် မသိမသာပဲ ဆင်ခြေတစ်ခု ပေးလိုက်တယ်။

“သက်ဆိုင်တဲ့ App တွေကို ဖန်တီးနေတဲ့ လက်အောက်ခံ ကုမ္ပဏီတွေ ရှိလို့ပါ။ ကျွန်တော်တို့လည်း Nphone Z မိတ်ဆက်မယ့်ရက်နဲ့ ကိုက်ညီမယ့် ပွဲတစ်ခုကို စီစဉ်ဖို့ စဉ်းစားထားလို့ပါ”

ဥက္ကဋ္ဌ လင်ဂျင်ယုံ က ကျွန်တော့်စကားအပေါ် ဘာမှ သံသယမရှိပါဘူး။

“အမေရိကအပါအဝင် ပထမဆုံး မိတ်ဆက်မယ့် နိုင်ငံတွေအတွက် ရက်စွဲကို စက်တင်ဘာ ၂၈ ရက်လို့ သတ်မှတ်ထားတယ်။ ကိုရီးယားကတော့ ဒုတိယအုပ်စုမှာ ပါဝင်တာမလို့ အောက်တိုဘာလလယ်လောက်မှာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ရက်စွဲ အတိအကျကိုတော့ မသတ်မှတ်ရသေးဘူး”

“ဪ... ဟုတ်ကဲ့”

၂၈ ရက်နေ့ဆိုရင်တော့ အချိန်အနည်းငယ် ရပါသေးတယ်။ လက်ရှိ အခြေအနေအရ ဆိုရင် ရက်အနည်းငယ်ကကို အရမ်းတန်ဖိုးရှိနေတာလေ။

ကျွန်တော်တို့ ကော်ဖီသောက်ရင်း အတန်ကြာအောင် စကားပြတ်သွားခဲ့တယ်။

ခဏအကြာမှာတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံ က စကားစလာတယ်။

“မင်း CalTechက ပါမောက္ခ မိုဟန်ရဲ့ သုတေသနကို ထောက်ပံ့နေတယ်လို့ ကြားတယ်”

“ဟုတ်ပါတယ်”

“ပြီးတော့ OTK Company က ကုန်ကြမ်းတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဝယ်ယူနေပြီး Silicon Valley မှာရှိတဲ့ လက်အောက်ခံ ကုမ္ပဏီတွေကို ရွှေ့ပြောင်းနေတယ်လို့လည်း ကြားတယ်”

“ဟုတ်ပါတယ်”

ရွှေနဲ့ ရေနံကတော့ အရောင်းအဝယ် ပမာဏ များပြားတာကြောင့် ဈေးကွက်ကို အများကြီး သက်ရောက်မှု မရှိစေပေမဲ့ ကြေးနီနဲ့ အလူမီနီယံ အပါအဝင် တခြား အဖိုးတန်သတ္တုတွေကတော့ ကျွန်တော်တို့ စတင်ဝယ်ယူကတည်းက ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့တယ်။

အဖိုးတန်သတ္တုတွေထဲမှာ ကျွန်တော်တို့ ကြေးနီကို အဓိက အာရုံစိုက်နေတာပါ။ အကြောင်းပြချက်ကတော့ သူ့ရဲ့ လျှပ်ကူးမှု မြင့်မားတာကြောင့် လျှပ်စစ်ဝိုင်ယာကြိုးတွေအတွက် မရှိမဖြစ် လိုအပ်လို့ပါပဲ။ အနာဂတ်မှာ လျှပ်စစ်ကွန်ရက်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ကြေးနီ အမြောက်အမြား လိုအပ်ပါလိမ့်မယ်။

“ကျွန်တော်လည်း အဲဒီအကြောင်းကို ပြောမလို့ပဲ။ ဆိုဆောင်း အီလက်ထရောနစ် အပါအဝင် ဆိုဆောင်း အုပ်စု ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ ဓာတ်ခွဲခန်းတွေက Silicon Valley ရဲ့ ဆန်ဟိုဆေး ဒေသမှာ စုစည်းနေကြတာမလား။ အတတ်နိုင်ဆုံး အမြန်ဆုံး ရွှေ့ပြောင်းဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။ အချက်အလက်တွေကို ဆာဗာတွေမှာ Backup လုပ်ထားပေမဲ့ အရေးကြီးတဲ့ စက်ပစ္စည်းတွေကို ကြိုတင်ရွှေ့ပြောင်းထားပြီး အစားထိုး နေရာတွေကို မြန်မြန် ရွေးချယ်ထားတာ ကောင်းလိမ့်မယ်။ တခြားကုမ္ပဏီတွေပါ ရွှေ့ပြောင်းလာကြရင် ဈေးနှုန်းတွေ ထိုးတက်သွားလိမ့်မယ်”

ဥက္ကဋ္ဌ လင်ဂျင်ယုံ က ခဏလောက် တုံ့ဆိုင်းနေပြီးမှ သတိထားပြီး စကားပြောလာတယ်။

“မင်းက အလွန်အကျွံ ကြောက်နေတာလို့ ငါ ထင်တယ်။ ခဏလောက် အနားယူပြီး ဘေးနားက လူတွေရဲ့ သဘောထားကို နားထောင်ကြည့်ဖို့ အကြံပြုချင်တယ်”

ဒါကလည်း သာမန်လူတွေရဲ့ အမြင်ပဲ ဖြစ်မှာပါလေ။

“ကျွန်တော် ငလျင်အတွက် ပြင်ဆင်နေရုံနဲ့ ဘယ်သူက ကျွန်တော့်ကို အမြော်အမြင် ရှိတယ်လို့ ထင်မှာလဲ။ သူတို့က ကျွန်တော် အလွန်အကျွံ တုံ့ပြန်နေပြီး ကြောက်ရွံ့မှုတစ်ခုထဲနဲ့ပဲ အစွဲအလမ်းကြီးနေတယ်လို့ ထင်ကြမှာပါပဲ”

ဥက္ကဋ္ဌ လင်ဂျင်ယုံ က စိုးရိမ်ပူပန်တဲ့ မျက်နှာအမူအရာနဲ့ ပြောတယ်။

“နှစ်သိမ့်ဆွေးနွေးမှုတချို့ ခံယူကြည့်ရင် ဘယ်လိုလဲ။ မကောင်းတဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူးနော်။ ငါကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ ကုထုံးအတွက် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပုံမှန်ပြသလေ့ရှိသလို တခြား စီအီးအို တွေလည်း အတူတူပါပဲ”

အုပ်စုကြီးတစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်တာက လူတွေ အားကျစရာ ဖြစ်နိုင်ပေမဲ့ လက်တွေ့မှာတော့ စိတ်ပိုင်းဆိုင်ရာ ဖိအားက တော်တော်လေး များပါတယ်။

ရောင်းအား ကျဆင်းမှာ၊ ရှယ်ယာဈေး ထိုးကျမှာနဲ့ အများပြည်သူရဲ့ ထင်မြင်ချက်တွေကို စိုးရိမ်ရတယ်လေ။ ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အခွန်စစ်ဆေးမှုတွေနဲ့ တောင်ကိုရီးယားမှာဆိုရင် တစ်ခါတလေ ထောင်ကျနိုင်တဲ့အရေးကိုပါ စိုးရိမ်ရတာပါ။

နည်းလမ်းမျိုးစုံနဲ့ ကြည့်ရင် ဒါက ဖိအား အရမ်းများတဲ့ အလုပ်ပဲ။

“ငါ့ရဲ့ ဂျူနီယာက ပြီးခဲ့တဲ့အကြိမ် ဆန်ဖရန်စစ္စကို ငလျင်တုန်းက လဲကျသွားပြီး ခဏလောက် ပြန်နိုးမလာခဲ့ဘူး။ ငလျင်တစ်ခုကို ကြုံတွေ့ပြီးနောက်မှာ ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာတာက လုံးဝကို သဘာဝကျပါတယ်။ အဲဒီအချက်ကို ရှိတဲ့အတိုင်း လက်ခံဖို့က အရေးကြီးတယ်”

ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘဲ တခြားသူဆိုရင်လည်း ဒီလိုပဲ ခံစားရမှာပါ။

စစ်ပွဲ ဒါမှမဟုတ် ဘေးအန္တရာယ်တွေကြောင့် PTSD ခံစားရတဲ့သူတွေလိုမျိုး ကျွန်တော်လည်း ငလျင်ရဲ့ စိတ်ဒဏ်ရာထဲမှာ ပိတ်မိနေတာပေါ့လေ။

ကဲ... သူတို့က ဒီလိုပဲ မြင်ကြရင်တော့ ကျွန်တော့်အတွက် ပိုပြီး အဆင်ပြေတာပေါ့။

ဥက္ကဋ္ဌ လင်ဂျင်ယုံ က အားနာတဲ့ လေသံနဲ့ ပြောတယ်။

“ကျွန်တော် လူမှုရေးအရ ဝင်စွက်ဖက်သလို ဖြစ်သွားရင် စိတ်မရှိပါနဲ့”

“မဖြစ်ပါဘူးကွာ။ အခုလို စိုးရိမ်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်”

OTK Company နဲ့ ဆိုဆောင်း အုပ်စု က ပြိုင်ဘက်တွေ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်သူတွေ ဖြစ်တာကြောင့် အခုလို စိုးရိမ်ပေးတာ သဘာဝကျပါတယ်။

“အဲဒါထက် ကျွန်တော် ဒီနေ့ အလုပ်အကြောင်း ပြောချင်လို့ပါ”

“ဘာကိစ္စ စဉ်းစားထားလို့လဲ”

“ကျွန်တော် ဘတ္ထရီတချို့ ဝယ်ချင်လို့”

ခေတ်သစ် ကမ္ဘာကြီးရဲ့ အခြေခံက လျှပ်စစ်ပါပဲ။

စက်တင်ဘာလဆိုရင် ချမ်းအေးတဲ့ ဒဏ်ကိုတော့ အများကြီး စိုးရိမ်စရာ မလိုပေမဲ့ ကယ်ဆယ်ရေးစခန်းမှာ လျှပ်စစ်မရှိတော့တာက အဓိက ပြဿနာပါပဲ။ ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို အားသွင်းရမှာ ဖြစ်သလို ညဘက်မှာလည်း မီးလင်းဖို့ လိုအပ်ပါတယ်။

အစိုးရက လျှပ်စစ်မီး ပြန်ရဖို့ကို ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ပေမဲ့ ဦးစားပေးလုပ်ဆောင်နေတဲ့အချိန်အတွင်း ကျွန်တော်တို့တွေ လျှပ်စစ် လိုအပ်ပါတယ်။

ဆောင်း SB ဟာ တရုတ်အစိုးရရဲ့ ဘတ္ထရီ ထောက်ပံ့ကြေး အစီအစဉ်ကနေ ဖယ်ထုတ်ခံထားရပြီး လက်ရှိ စက်ရုံလည်ပတ်မှုနှုန်းက ၇၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေသေးတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ အော်ဒါမှာမယ့် ပမာဏကို ကိုင်တွယ်နိုင်လောက်မှာပါ။

“GPSနဲ့ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကိုလည်း အော်ဒါမှာပါမယ်။ အချိန်အများကြီး မကျန်တာမလို့ ထုတ်လုပ်မှုကို အတတ်နိုင်ဆုံး အမြန်ဆုံး စတင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ထွက်လာတဲ့ ပမာဏကို လေကြောင်းလိုင်းကနေတစ်ဆင့် ကယ်လီဖိုးနီးယားဆီကို တိုက်ရိုက် ပို့ပေးပါ”

ဒါကို ကြားတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံ က အထီးကျန်တဲ့ မျက်နှာအမူအရာနဲ့ အသာအယာ သက်ပြင်းချတယ်။

“မင်း တကယ်ပဲ အဲဒီပါမောက္ခရဲ့ စကားကို ယုံကြည်နေတာလား”

ကျွန်တော်က ပါမောက္ခ မိုဟန်ရဲ့ စကားကို ယုံတာထက် ကျွန်တော် မြင်ခဲ့ရတဲ့ မြင်ကွင်းကိုပဲ ယုံတာပါ။

“ကဲ... စီနီယာကော ဘယ်လိုထင်လဲ”

“ဆန်ဖရန်စစ္စကို ပတ်ဝန်းကျင်မှာ ငလျင်လှုပ်ဖို့ အလားအလာ များတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ မင်းရဲ့ စိုးရိမ်ပူပန်မှုက အလွန်အကျွံ ဖြစ်နေပုံပဲ။ မြေငလျင်ဗေဒ ပါမောက္ခတစ်ယောက်ရဲ့ စကားတစ်ခွန်းထဲနဲ့ လှုပ်ရှားလိုက်ပြီး ဘာမှမဖြစ်လာရင် OTK Company က လူပြက် ဖြစ်သွားလိမ့်မယ်”

အတိအကျ ပြောရရင်တော့ အခုကတည်းက လူပြက်တစ်ယောက် ဖြစ်ဖို့ လမ်းစပေါ်နေပါပြီ။

စီအီးအို ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခု ပြိုလဲသွားနိုင်သလို ကျရှုံးနေတဲ့ ကုမ္ပဏီတစ်ခုလည်း ပြန်လည် ဦးမော့လာနိုင်တယ်လေ။

ဒါပေမဲ့ စီအီးအို က PTSD ကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်ရင် ကုမ္ပဏီက ဘာဖြစ်သွားမလဲ။

“ကျွန်တော့်ကို ယုံတာ မယုံတာက အရေးမကြီးပါဘူး။ ဒီနေရာမှာ ကျွန်တော့်ရဲ့ အမြင်ကို စည်းရုံးဖို့ စိတ်ကူးမရှိပါဘူး။ အရေးကြီးတာက စာချုပ်ပဲလေ။ စီနီယာ ဘယ်လိုလုပ်မလဲ”

“တကယ်လို့ ငါ ငြင်းရင်ကော”

“ဒါဆိုရင်တော့ ကျွန်တော် CL အီလက်ထရောနစ် နဲ့ CL Chemical တို့ဆီ သွားရမှာပေါ့။ ဘတ္ထရီနဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိတာပဲလေ”

ဒီလို ပြောလိုက်ပေမဲ့ အချိန်တိုအတွင်းမှာ ဒီလောက် ပမာဏအများကြီးကို အမြောက်အမြား ထုတ်လုပ်ပေးနိုင်ဖို့ ဆိုဆောင်း အီလက်ထရောနစ် လောက် သင့်တော်တဲ့ ကုမ္ပဏီ မရှိပါဘူး။ သူတို့က ကမ္ဘာလုံးဆိုင်ရာ အိုင်တီ ထုတ်လုပ်သူတွေထဲမှာ အိုင်တီကဏ္ဍ အားလုံးကို အချင်းချင်း အချိတ်အဆက်မိဆုံး လုပ်ဆောင်နိုင်တာပါ။

Anfl ဆိုရင် ဟာ့ဒ်ဝဲပစ္စည်းတွေရဲ့ ဒီဇိုင်းကိုပဲ ကိုင်တွယ်ပြီး အစိတ်အပိုင်း ထုတ်လုပ်မှုနဲ့ တပ်ဆင်မှုကိုတော့ အပြင်ကုမ္ပဏီတွေကိုပဲ အပ်နှံတာပါ။ ဆိုဆောင်း အီလက်ထရောနစ် ကတော့ ဒီဇိုင်း၊ အစိတ်အပိုင်း ထုတ်လုပ်မှုနဲ့ တပ်ဆင်မှု အားလုံးကို ကုမ္ပဏီတွင်းမှာတင် တိုက်ရိုက် ကိုင်တွယ်တာပါ။ ဒါကြောင့် အော်ဒါတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံ က ဆိုဖာပေါ် မှီချလိုက်ပြီး တွေးတောနေပုံပဲ။

စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ အမြတ်အစွန်းကို ဦးစားပေးရမယ်။ တစ်ယောက်ယောက်က ပစ္စည်းတွေအတွက် ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ အဲဒီလူက စိတ်မှန်ရဲ့လား မမှန်ဘူးလား ဆိုတာကို သူတို့က ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လင်ဂျင်ယုံ က ခါးသီးတဲ့ မျက်နှာအမူအရာနဲ့ စကားပြောလာတယ်။

“ပမာဏ ဘယ်လောက်အထိ လိုအပ်လဲ”

ကျွန်တော် အတိုချုံးပဲ ပြန်ဖြေလိုက်တယ်။

“အများကြီးလိုအပ်တာပါ”

ကန်ဂျင်ဟူ ရဲ့ နာမည်ဂုဏ်သတင်းက အလိုအလျောက် မောင်းနှင်မှု နည်းပညာ တိုးတက်လာတာနဲ့ ဘတ္ထရီ ကုန်ကြမ်းအသစ်တွေ ဖန်တီးနိုင်မှုကြောင့် တစ်ရက်ထက်တစ်ရက် မြင့်တက်လာခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်ကတော့ သူက နားမလည်နိုင်စရာ အပြုအမူတချို့ကို ပြသခဲ့တယ်။

သူက CalTechရဲ့ မြေငလျင်ဗေဒဌာန သုတေသနကို ထောက်ပံ့တာ၊ ကုန်ကြမ်းတွေမှာ ရင်းနှီးမြှုပ်နှံတာနဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းတွေကို ဝယ်ယူတာ စတာတွေကို လုပ်ဆောင်နေခဲ့တာပါ။

Silicon Valley မှာရှိတဲ့ လက်အောက်ခံ ကုမ္ပဏီတွေ စတင်ရွှေ့ပြောင်းလာတဲ့အခါကျမှ လူတွေက ကန်ဂျင်ဟူ ဘာတွေးနေလဲဆိုတာကို နားလည်လာကြတယ်။

အဲဒါက ငလျင်အတွက် ပြင်ဆင်နေတာပဲ။

ဒီအချက်ကို လူသိများသွားတာနဲ့ ‘မဟာငလျင်ကြီးလာနေပြီ’ စာအုပ်က အွန်လိုင်းနဲ့ စာအုပ်ဆိုင်တွေမှာ ချက်ချင်းပဲ ကုန်သွားခဲ့တယ်။ ထပ်မံဝယ်ယူဖို့ ကြိုးစားမှုတွေကလည်း အချည်းနှီး ဖြစ်ခဲ့ရတယ်။ အကြောင်းကတော့ ထုတ်ဝေသူက ဒေဝါလီခံသွားခဲ့လို့ပါပဲ။ ကံမကောင်းစွာနဲ့ Ebook ဗားရှင်းလည်း မရှိတာကြောင့် stockကုန်သွားတာနဲ့ စာအုပ်ကို ရနိုင်မယ့် နည်းလမ်း မရှိတော့ပါဘူး။

ပါမောက္ခ ကီရန်မိုဟန် ရဲ့ သုတေသန ဓာတ်ခွဲခန်းမှာ စာအုပ်အစောင်ရေ ၃၀၀ ခန့် ကျန်ရှိနေပါသေးတယ်။ ဒေသခံ စာအုပ်ဆိုင် ဝန်ထမ်းတွေက ပစ်ကပ်ကားတွေ မောင်းလာပြီး စာအုပ်တွေ ပြည့်နေတဲ့ သေတ္တာတွေကို လာသိမ်းကြတယ်။ အဲဒီစာအုပ်တွေက စင်ပေါ်တင်လိုက်တာနဲ့ ချက်ချင်း ကုန်သွားခဲ့တာပါပဲ။

အမေရိကရဲ့ အကြီးဆုံး အွန်လိုင်းစာအုပ်ဆိုင်ဖြစ်တဲ့ AMZ က ပါမောက္ခ ကီရန်မိုဟန် ဆီ ဆက်သွယ်ပြီး Ebook ထုတ်ဝေဖို့ ဖြစ်နိုင်ခြေကို မေးမြန်းခဲ့တယ်။ မူရင်းစာသားကို ရရှိပြီးနောက် သူတို့က တည်းဖြတ်မှုကို အပြီးသတ်ပြီး သုံးရက်အတွင်းမှာတင် Ebookကို စတင်ရောင်းချခဲ့တယ်။

Ebookအဖြစ် ထွက်ရှိလာတာနဲ့ ‘မဟာငလျင်ကြီး လာနေပြီ’ ဟာ အရောင်းရဆုံး စာအုပ်မျိုးစုံကို ကျော်ဖြတ်ပြီး ပထမနေရာကို ထိုးတက်သွားခဲ့တယ်။

မီဒီယာတွေကလည်း ပါမောက္ခ ကီရန်မိုဟန် ရဲ့ အရင်က စာတမ်းတွေကိုပါ ရှာဖွေပြီး သတင်းဆောင်းပါးတွေကို အပြိုင်အဆိုင် ဖော်ပြလာကြတယ်။

[ပါမောက္ခ ကီရန်မိုဟန် က နောက်လအနည်းငယ်အတွင်း ဆန်ဖရန်စစ္စကို ဒေသမှာ အကြီးစားငလျင် လှုပ်ခတ်လိမ့်မယ်လို့ ဆိုလိုက်ပြီ။]

[အလက်စကာ ငလျင်နဲ့ ဂျပန်အရှေ့ပိုင်း ငလျင်ကြီးတွေထက် ပိုမိုဆိုးရွားတဲ့ ဘေးအန္တရာယ် သတိပေးချက်။]

[ဆန်ဖရန်စစ္စကိုဟာ ၁၉၀၆ ခုနှစ်နဲ့ ၁၉၈၉ ခုနှစ်က အိပ်မက်ဆိုးတွေကို ပြန်လည် ကြုံတွေ့ရတော့မှာလား။]

[အကြီးစားငလျင်ကြီးက တကယ်ပဲ ရောက်လာတော့မှာလား။]

[ဒါက အလွန်အကျွံ စိုးရိမ်ပူပန်မှုလား၊ ဒါမှမဟုတ် သဘာဝကျတဲ့ သံသယလား။]

ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ ဒေသတစ်ခုလုံးဟာ ကယ်လီဖိုးနီးယား ပြည်နယ်တစ်ခုလုံးနဲ့အတူ အကြီးစားငလျင်ရဲ့ ကြောက်ရွံ့မှုတွေကြောင့် လှုပ်ခတ်လို့ နေခဲ့တော့တယ်။

All Chapters