အခန်း (၄၀၁-၄၀၂)
Vol. 41 Ch. 401-402
အခန်း (၄၀၁) - ပေ ၂၀ မြင့်သော လူရိပ်ကြီးနှင့် လော့ချန်၏ လျှို့ဝှက်ဆန်းကြယ်လှသော မြေပြိုမှော်အတတ်
အတားအဆီးမရှိ ကျယ်ပြောလှသော လွင်ပြင်ကြီးထက်တွင် လူနှစ်ယောက် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြသည်။
လော့ချန်သည် ဝေးလံလှသော နေရာမှ ဝမ်ယွမ်ကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ ပေတစ်ထောင်ကျော်ခန့် ရှိသည်။ ဤအကွာအဝေးကို ရွေးချယ်ခြင်းမှာ အကြောင်းမဲ့ သက်သက်မဟုတ်ပေ။ ယခင်က ဝမ်ယွမ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်း၌ သွေးမြစ်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ချီကျင့်ကြံခြင်း၌ အထွတ်အထိပ်တွင်သာ ရှိသေးသဖြင့် ဤပေတစ်ထောင် အကွာအဝေးကို မဖြတ်ကျော်နိုင်ဘဲ တွမ်ချန်ခွန်း၏ ကစားခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဤအကွာအဝေးသည် လော့ချန်အတွက် ရန်သူကို အကွာအဝေးထိန်း၍ တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ရန်နှင့် အခြေတည်အဆင့်သို့ ရောက်ပြီးနောက် ဝမ်ယွမ်၏ တိုးတက်မှုကို တိုင်းတာရန် အကောင်းဆုံးပင် ဖြစ်တော့သည်။
“စကြစို့ အစ်ကိုဝမ်” ဟု လော့ချန် လှမ်း၍ အော်ပြောလိုက်သည်။
“လာခဲ့လေကွာ”
ရိုးရှင်းစွာ စကားဆိုပြီးနောက် နှစ်ဦးသား မဆိုင်းမတွပင် စတင် တိုက်ခိုက်ကြတော့သည်။
ဝမ်ယွမ်သည် ခြေတစ်လှမ်းတည်းဖြင့် အကွာအဝေး ပေတစ်ရာခန့်ကို ရုတ်ချည်း ကျုံ့ပစ်လိုက်သည်။ ထိုအရာနှင့် ဆန့်ကျင်ဘက်အနေဖြင့် လော့ချန်မှာမူ ခြေလှမ်း ၉ လှမ်းခန့် နောက်သို့ ဆုတ်ကာ အကွာအဝေးကို ပြန်လည် ဆွဲဆန့်လိုက်သည်။
ဝမ်ယွမ်၏ မျက်နှာထက်ဝယ် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
“ဟမ်.... နဂါးပျံခြေလှမ်းလား”
“ဟဲဟဲ.... နည်းနည်းပါးပါး လေ့ကျင့်ထားတာပါ”
ဝေးလံလှသော နေရာမှနေ၍ လော့ချန် ခပ်ဖွဖွ ပြုံးပြလိုက်သည်။ ထို့နောက် ဓားပုံစံ မုဒြာလက်ကွက်တစ်ခု ပုံဖော်လိုက်ရာ သိပ်သည်းလှသော ရွှေရောင်အလင်းတန်းများစွာ တရစပ် ထွက်ပေါ်လာတော့သည်။
ဝမ်ယွမ် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီးနောက် မရေမတွက်နိုင်သော သွေးချင်းနီရောင် မြွေငယ်လေးများသည် တရှူးရှူးမြည်လျက် သူ၏ ခန္ဓာကိုယ်အတွင်းမှ တိုးထွက်လာခဲ့ကြသည်။ ၎င်းတို့သည် ဝေ့ဝဲပျံသန်းကာ ရွှေရောင်အလင်းတန်းများကို ဝိုင်းပတ်ပိတ်ဆို့လိုက်ကြသည်။ ထို့နောက် အချို့ကို ဝါးမြိုပြီး အချို့ကို ခုခံရင်း ဝမ်ယွမ်ကို ရှေ့သို့ တည်ငြိမ်စွာ တိုးဝင်နိုင်ရန် လမ်းခင်းပေးလိုက်ကြသည်။
လော့ချန် ဤမြင်ကွင်းကို အံ့သြခြင်းမရှိ ကြည့်နေခဲ့သည်။ သူ တိုးတက်လာသကဲ့သို့ ဝမ်ယွမ်လည်း တိုးတက်လာသည်မှာ အမှန်ပင်။
ယခုလေ့ကျင့်မှုမှာ အသက်လုတိုက်ပွဲ မဟုတ်ဘဲ လော့ချန်အဖို့ အဆင့်တက်ပြီးနောက် သူ၏ အတတ်ပညာများ၊ နည်းလမ်းအသစ်များကို စမ်းသပ်ရန်အတွက်သာ ဖြစ်သည်။ ဝမ်ယွမ်အတွက်လည်း ထို့အတူပင်။ သူသည်လည်း အခြေတည်အဆင့်နှင့် သွေးမြစ်အဆင့်တို့ အပြန်အလှန် ပေါင်းစပ်သွားပြီးနောက် တိုက်ပွဲဖြင့် အချောကိုင်ရန် လိုအပ်နေခြင်း ဖြစ်သည်။
အဘယ်ကြောင့် လော့ချန်အနေဖြင့် အခြားသူများကို တိုက်ခိုက်ဖော်အဖြစ် မရှာဖွေခဲ့သနည်း။ အကြောင်းမှာ သူသည် ချီကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နှစ်ခုစလုံးကို ပူးတွဲလုပ်ဆောင်နေသူ ဖြစ်သဖြင့် ထို့အတူ ပူးတွဲကျင့်ကြံသူဖြစ်သော ဝမ်ယွမ်မှသာ သူ၏ နည်းလမ်းများ မည်သို့ရှိသည်၊ အားနည်းချက်များ မည်သည့်နေရာတွင် ရှိသည်ကို အကောင်းဆုံး သက်သေပြပေးနိုင်သောကြောင့်ပင်။
နှစ်ဦးသား တစ်ဦးက တိုး၊ တစ်ဦးက ဆုတ်ဖြင့် လေပြင်းအလား လျင်မြန်စွာ လှုပ်ရှားနေကြသဖြင့် လူရိပ်များပင် ဝေဝါးလာတော့သည်။ လော့ချန်သည်လည်း လက်ထဲမှ ဓားအမြုတေကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ပိုရှိလာခဲ့သည်။ ဤလုပ်ငန်းစဉ်အတွင်း သူသည် အခြားသော တိုက်ခိုက်မှု နည်းလမ်းများကိုလည်း တဖြည်းဖြည်းချင်း ထုတ်ဖော်ပြသလာခဲ့သည်။ ဓားအမြုတေကို အဓိကထားကာ ကျန့်ဖန်တံဆိပ်တော်ကို အရန်အဖြစ် အသုံးပြုသည်။ ထို့ပြင် တစ်ခါတစ်ရံတွင် အသုံးပြုသော နွယ်ပင်နှောင်ကြိုးအတတ်နှင့် မီးတောက်လိပ်ပြာအတတ်တို့ ပေါင်းစပ်လိုက်သောအခါ ဝမ်ယွမ်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေတော့သည်။
ဝမ်ယွမ်ဘက်သည်လည်း သာမန်ထက် ကျော်လွန်လှသော ပေါက်ကွဲအားကို ပြသခဲ့သည်။ သူ အသုံးများသော လက်နက်မှာ ထိပ်တန်းအဆင့် ဓားရှည်မှော်လက်နက်တစ်ခု ဖြစ်သည်။ ဤလက်နက်ကို သူသည် မကြာသေးမီက ထျန်းလန်နတ်ဘုရားမြို့တော်၏ မှောင်ခိုစျေးကွက်တစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ပြီး သူ၏ သွေးချီများကို ပိုမို၍ ဆွဲဆန့်ပေါက်ကွဲစေနိုင်စွမ်း ရှိသည်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ပေရာချီ ရှည်လျားသော ကြီးမားလှသည့် ဓားစွမ်းအင် လှိုင်းလုံးကြီးများ ဝုန်းကနဲ ထွက်ပေါ်လာတတ်သည်။
နှစ်ဦးသား တိုက်ကွက်များ ဖလှယ်နေကြသော်လည်း အဆုံးစွန်သော နည်းဗျူဟာများ ထုတ်မသုံးဘဲနှင့်မူ တစ်ဦးကိုတစ်ဦး အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သိနေကြသည်။
ဝမ်ယွမ်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရင်း အမှန်အတိုင်းပင် ချီးမွမ်းလိုက်သည်။
“မင်းရဲ့ တိုးတက်မှုက တကယ်ကို အထင်ကြီးစရာပဲ”
လော့ချန်က တဟဲဟဲ ရယ်မောလိုက်ရင်း
“ကျွန်တော်က အခြေတည်အဆင့် အလယ်ပိုင်းကို ရောက်သွားပြီဆိုတော့ အစ်ကိုဝမ်ကို အသာလေး နှိပ်ကွပ်လို့ရပြီ ထင်နေတာ.... ဟဲဟဲ”
ဝမ်ယွမ်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားသည်။
“ဟ မင်း တိုးတက်နေသလို ငါလည်း နေ့တိုင်း အိပ်နေတာ မဟုတ်ဘူးကွ၊ ငါ အခုဆိုရင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း၊ အရိုးအကြော ပြောင်းလဲခြင်း၊ ရိုးတွင်းခြင်ဆီဆေးကြောခြင်းနဲ့ သွေးကြောဖွင့်လှစ်ခြင်း ဆိုတဲ့ အဆင့် ၄ ခုစလုံးကို အပြီးတိုင် ကျွမ်းကျင်သွားပြီကွ.... အာရုံခံပေါက် ဖွင့်လှစ်ခြင်း အဆင့်ကို အခု စလုပ်နေပြီ ဆိုပေမဲ့ လင်းစွမ်းအားကို ကြိုပြီး ထိန်းချုပ်နိုင်နေပြီ၊ ကျင့်ကြံခြင်းအဆင့်အတန်းနဲ့ တိုင်းတာမယ်ဆိုရင် ငါကလည်း သွေးမြစ်အဆင့်လတ်စစ်စစ်ဖြစ်ပြီး အခြေတည်အဆင့်အလယ်ပိုင်း ဒါမှမဟုတ် နှောင်းပိုင်း ကျင့်ကြံသူတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ကွ”
ခန္ဓာကိုယ် ကျင့်ကြံခြင်းတွင် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း၊ အရိုးအကြောပြောင်းလဲခြင်းနှင့် ရိုးတွင်းခြင်ဆီဆေးကြောခြင်းတို့သည် သွေးမြစ်အဆင့်ဦး ဖြစ်သည်။ သွေးကြောဖွင့်လှစ်ခြင်းနှင့် အာရုံခံပေါက်ဖွင့်လှစ်ခြင်းတို့မှာမူ သွေးမြစ်အဆင့်လတ် ဖြစ်သည်။ လင်းစွမ်းအား၊ မှောင်စွမ်းအား၊ အသွင်ပြောင်းစွမ်းအားနှင့် အမြုတေစွမ်းအား ဟူသော အရှိန်အဟုန် ၄ မျိုးမှာမူ သွေးမြစ်အဆင့်နှောင်းပိုင်းတွင် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဝမ်ယွမ်သည် သွေးချီများကို လင်းစွမ်းအားအဖြစ် ပြောင်းလဲနိုင်သော နည်းလမ်းကို ကြိုတင်ကျွမ်းကျင်ထားသဖြင့် အခြေတည်အဆင့်လတ် သို့မဟုတ် နှောင်းပိုင်းနှင့် ရင်ဘောင်တန်းနိုင်သည်ဟု ဆိုခြင်းမှာ လွန်ရာမကျချေ။ အထူးသဖြင့် သူ့တွင် အခြေတည်အဆင့်ဦး၏ အရှိန်အဟုန် ရှိနေသေးသဖြင့် ပျံသန်းမှု နှေးကွေးခြင်းဟူသော ဟာကွက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့လေပြီ။
လော့ချန် မျက်ခုံးပင့်လိုက်ရင်း ဆိုသည်။
“ဒါဆိုရင် အစွမ်းကုန် ထုတ်သုံးကြမလား"
“သေချာလို့လား”
“သေချာတာပေါ့.... ပြီးတော့ အတတ်နိုင်ဆုံး မရှောင်ဘဲနဲ့ စမ်းသပ်ကြည့်ရအောင်”
“ကောင်းပြီ.... ဒါဆိုရင် မင်း အရင်စလိုက်”
ဝမ်ယွမ်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း တည်ငြိမ်လှသော ဆရာကြီးတစ်ဦး၏ အမူအရာကို ဖမ်းလိုက်သည်။
လော့ချန်လည်း အားနာမနေတော့ချေ။ မီးလုံးကြီးများစွာသည် သူ၏ ရှေ့မှောက်တွင် ရူးသွပ်စွာဖြင့် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့အားလုံး အတူတကွ ပေါင်းစပ်သွားကာ တောက်ပလှသော နေမင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အရှိန်အဟုန်အရ ဆက်လက်၍လည်း စွမ်းအားများ စုဆောင်းနေဆဲ ဖြစ်သည်။
ဝမ်ယွမ် ချက်ချင်းပင် ဆွံ့အမှင်သက်သွားကာ လက်ကို အမြန်ပင် ဝှေ့ယမ်းပြလိုက်ရတော့သည်။
“တော်ပြီ.... တော်ပြီ.... ရပ်လိုက်ဦး”
“ဟေ့ကောင် ငါ ပြောနေတယ်လေ.... ရပ်ဦးလို့”
လော့ချန် လက်ကွက်ကို ပြောင်းလဲလိုက်ရာ ထိုတောက်ပလှသော နေမင်းကြီးမှာ တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့ပြီး ပတ်ဝန်းကျင်တွင် ပူပြင်းလှသော ချီစွမ်းအင်များသာ ထင်ကျန်ရစ်ခဲ့တော့သည်။
ဝမ်ယွမ် သူ့အား ကြည့်ရင်း ဆူလိုက်သည်။
“မင်း အစက နေမီးလျှံအတတ်ကို သုံးတုန်းကတော့ ငါ့အနေနဲ့ ခုခံနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိပါသေးတယ်.... ဒါပေမဲ့ မင်းက အဲဒီအပေါ်မှာ စွမ်းအားတွေကို ဆက်တိုက် စုဆောင်းနေတာက ဘာသဘောလဲကွ.... တကယ့်တိုက်ပွဲမှာ ရန်သူက မင်းကို ဒီလောက်အထိ အချိန်ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား”
“အစ်ကိုဝမ်ပဲ ကျွန်တော့်ကို အရင်စခိုင်းတာလေ” ဟု လော့ချန် မျက်နှာပြောင်တိုက်၍ ပြောလိုက်သည်။
ဝမ်ယွမ်က မျက်လုံးကို တစ်ချက် စွေကြည့်လိုက်ရင်း
“ငါ မင်းရဲ့ နေမီးလျှံအတတ်ကို အသိအမှတ်ပြုလိုက်ပြီ ဟုတ်ပြီလား.... အခု တခြားတစ်ခု ပြောင်းလိုက်ဦး”
လော့ချန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လက်ကွက်များကို ထပ်မံပြောင်းလဲလိုက်ပြန်သည်။ နောက်တစ်ခဏတွင် ကြီးမားလှသော ချီစွမ်းအင် ရေလှိုင်းကြီးတစ်ခုသည် ဝမ်ယွမ်၏ ခြေဖဝါးအောက်မှ ဝုန်းကနဲ ထွက်ပေါ်လာခဲ့သည်။
ဝမ်ယွမ်၏ မျက်ခုံးများ လှုပ်ခါသွားရပြန်သည်။
“ဒီလောက်တောင် မြန်ဆန်လှတဲ့ မှော်အတတ် ထုတ်ဖော်မှုနှုန်းလား”
သူ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော ဓားစွမ်းအင် လှိုင်းလုံးကြီးသည် ရေလှိုင်းကြီးကို တိုက်ရိုက်ပင် အလယ်မှ ဖြတ်တောက်ပစ်လိုက်သည်။ သို့သော် ထိုရေလှိုင်းကြီးမှာ ပျက်ပြယ်မသွားဘဲ ဟိန်းဟောက်နေသော ရေနဂါးကြီး နှစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သူ့ထံသို့ ပြေးဝင်လာပြန်သည်။
ဝမ်ယွမ်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားရသည်။
“ဒါက ပထမအဆင့် လှိုင်းလုံးမှော်အတတ်လား”
နောက်ပြောင်နေသည်ပင် ဖြစ်ရမည်။ မည်သည့် ပထမအဆင့် လှိုင်းလုံးမှော်အတတ်က ဤမျှအထိ လိုက်လျောညီထွေရှိပြီး စုံလင်လှပါ့မည်နည်း။ ဝမ်ယွမ်မှာမူ သူ၏ ခန္ဓာကိုယ်ကြောင့် ထိုရေလှိုင်းထဲသို့ ရောက်သွားသည့်တိုင် မည်သည့်ဒဏ်ရာမျှ ရရှိမည်မဟုတ်သော်လည်း သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာဆိုပါက ပြင်းထန်လှသော ရေဖိအားကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်ပေသည်။ ဝမ်ယွမ်တစ်ယောက် ဒဏ်ရာမရရှိနိုင်သည့်တိုင်အောင် အရှက်မကွဲလိုသဖြင့် ကောင်းကင်ယံသို့ အမြန်ပင် ပျံသန်း တက်လိုက်သည်။ ခြေဖဝါးအောက်ရှိ ရေနဂါးနှစ်ကောင်မှာ ဟိန်းဟောက်လျက် နောက်မှ လိုက်ပါလာသော်လည်း ဝမ်ယွမ်၏ ပျံသန်းမှုအရှိန်ကိုမူ လိုက်မမှီနိုင်ကြချေ။
ဝမ်ယွမ် စိတ်အနည်းငယ် လျော့လိုက်သည့် အချိန်မှာပင် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သူ မဆိုင်းမတွပင် နောက်သို့ လှည့်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်။
ကြီးမားလှသော သွေးရောင်လက်ဝါးရိပ်ကြီးသည် ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံလျက် ထွက်ပေါ်ခဲ့သည်။ သူ ရိုက်ထုတ်လိုက်သော လမ်းကြောင်းတွင်မူ မည်သည့်အချိန်ကတည်းက ဖြစ်ပေါ်နေမှန်းမသိသော ဧရာမ တောင်ကုန်းကြီးတစ်ခု ရှိနေပေသည်။
“ကျန့်ဖန်တံဆိပ်တော်လား”
“မဟုတ်ဘူး…. ဒါက ပထမအဆင့် မြေစိုင်တောင်အတတ်ပဲ”
လက်ဝါးရိပ်ကြီးနှင့် တောင်ကုန်းကြီးတို့ တိုက်မိပြီး ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တော့သည်။
ဝုန်းးး....
ဝမ်ယွမ်သည် လေထဲတွင် ပေါ့ပါးစွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။ သူ၏ နောက်တွင်မူ ထိုတောင်ကုန်းကြီးမှာ ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်သည်။
ဝေးလံလှသော နေရာမှ လော့ချန်ကို ကြည့်ရင်း သူပြောလိုက်သည်။
“မင်းရဲ့ မှော်အတတ် ထုတ်ဖော်မှုက တကယ့်ကို အံ့မခန်း အဆင့်အထိ ရောက်နေပြီဆိုတာ ဟုတ်ပေမဲ့.... ဒီလို ပထမအဆင့် မှော်အတတ်တွေကို သုံးပြီး ငါ့ကို ရင်ဆိုင်ချင်နေတာကတော့ ငါ့ကို နည်းနည်း အထင်သေးရာ မကျလွန်းဘူးလား"
ဝေးလံလှသော နေရာ၌ လော့ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။
“အစ်ကိုကြီးဝမ်ကို ဒီညီလေး အထင်မသေးရဲပါဘူးဗျာ”
ပြောပြီးပြီးချင်း လော့ချန် လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင် လှိုင်းလုံးကြီးတစ်ခုသည် သူ့အား ဗဟိုပြုလျက် ဝုန်းကနဲ ထွက်ပေါ်ကာ ပျံ့နှံ့သွားတော့သည်။
စစ်တလင်းပြင် တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ ဖိအားကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ဝမ်ယွမ်၏ မျက်နှာထား ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွားရတော့သည်။
“မကောင်းတော့ဘူး”
သူ နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း ထိုထူးဆန်းသော ဖိအားကြီးအောက်တွင် သူ၏ အရှိန်မှာ ထက်ဝက်နီးပါးခန့် နှေးကွေးသွားခဲ့သည်။ ထိုအချိန်မှာပင် ချီစွမ်းအင် လှိုင်းသုံးခုသည် အောက်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့မှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ကြသည်။
လှိုင်းလုံးများ ထပ်မံ မြင့်တက်လာပြီး နေမင်းကြီး ပြန်လည် ထွက်ပေါ်လာကာ ဧရာမ တောင်ကုန်းကြီးလည်း အထက်မှ ပြိုကျလာတော့သည်။
ပူပြင်းခြောက်သွေ့လှသော ချီစွမ်းအင် လှိုင်းလုံးကြီးသည် မီးတောင်ပေါက်ကွဲသွားသကဲ့သို့ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများဖြင့် လှိမ့်ဝင်လာခဲ့သည်။ ပျက်စီးပြိုလဲသွားသော တောင်ကုန်းကြီးနှင့်အတူ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးများမှာလည်း ဆက်တိုက်ပင် မြည်ဟည်း ထွက်ပေါ်နေတော့သည်။
ဝုန်းး.... ဝုန်းး.... ဝုန်းး....
ထိုဖျက်ဆီးအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တုန်ခါနေပြီး သက်ရှိမှန်သမျှကို ချေမှုန်းပစ်ရန် ကြိုးစားနေသကဲ့သို့ ရှိနေသည်။ ထိုမျှတင်မကသေးဘဲ မူလက ကြည်လင်ပြာလွင်နေသော ရေလှိုင်းကြီးများမှာလည်း မည်သည့်အချိန်ကတည်းက ပြောင်းလဲသွားမှန်းမသိဘဲ ပူပြင်းနီရဲနေသော ချော်ရည်ပူကြီးများအဖြစ် ပြောင်းလဲသွားကာ တလိမ့်လိမ့် စီးဆင်းနေကြတော့သည်။
ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားသော မီးခိုးလုံးကြီးများသည်လည်း တခဏချင်းအတွင်းမှာပင် ဤစစ်တလင်းတစ်ခုလုံးကို ဝါးမြိုပစ်လိုက်ကြတော့သည်။
အချိန်အတော်ကြာပြီးနောက်....။
ပေ ၂၀ ခန့် မြင့်မားလှသော လူရိပ်ကြီးတစ်ခုသည် အပေါ်ပိုင်းဗလာကျင်းလျက် မီးခိုးလုံးများကြားမှ ခြေလှမ်းကာ ထွက်လာခဲ့သည်။ ကြွက်သားကြီးများဖြင့် ပြည့်နှက်နေသော သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးခိုးနှင့် ဖုန်မှုန့်များ ပေရေနေသော်လည်း ဒဏ်ရာအနာတရများစွာ မတွေ့ရချေ။ ဤသည်ကို ကြည့်ခြင်းဖြင့် လော့ချန် ထိုတိုက်ခိုက်မှုအပေါ်တွင် စနစ်တကျ ထိန်းချုပ်ထားကြောင်း ထင်ရှားလှပေသည်။
“အဟွတ်.... အဟွတ်....”
ဝမ်ယွမ် သူ၏ ဧရာမဝိညာဉ်အသွင်ပြောင်းခြင်းအတတ်ကို ရုပ်သိမ်းလိုက်ရာ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း ပြန်လည် သေးငယ်သွားခဲ့သည်။ သူသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကောင်းကင်ယံတွင် ပျံသန်းနေသော လော့ချန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဒါ ဘာမှော်အတတ်လဲကွ”
လော့ချန် ခပ်ဖျော့ဖျော့ ပြုံးရင်း ပြန်ဖြေလိုက်သည်။
“ဒီအတတ်ကို.... မြေပြိုအတတ်လို့ ခေါ်တယ်ဗျ"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၀၂) - အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မလည်း အဖွဲ့ချုပ်ခေါင်းဆောင်နဲ့ တစ်လမ်းတည်းကို လျှောက်လှမ်းပါ့မယ်
လွင်ပြင်လေ့ကျင့်ရေးကွင်းထက်တွင်....။
မြေပြိုအတတ်ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ဝမ်ယွမ်မှာ အတန်ကြာအောင် ဆွံ့အသွားရသည်။ သူ ဤမျှအထိ စုတ်ပြတ်သတ်သွားရသဖြင့် စိတ်ခုသွားခြင်းမျိုး မဟုတ်ပေ။ သူကိုယ်တိုင် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝပါလျက်နှင့် လော့ချန်၏ လှည့်ကွက်အတွင်းသို့ မသိမသာ ဆွဲသွင်းခြင်း ခံလိုက်ရသောကြောင့် ဖြစ်ပေသည်။
ဤမှော်အတတ်ကား အလွန်ပင် စွမ်းအားကြီးလှပေသည်။ သို့သော် ထုတ်ဖော်ရန် ကန့်သတ်ချက်များမှာလည်း အလွန်ပင် ကြီးမားလှပေလိမ့်မည်။ လော့ချန်၏ ယခုလက်ရှိ ကျွမ်းကျင်ထားသော အဆင့်အတန်းအရ ဆိုလျှင်မူ ဤအတတ်ကို နေမီးလျှံအတတ်ကဲ့သို့ စိတ်အလိုကျ လျင်မြန်ချောမွေ့စွာ ထုတ်ဖော်နိုင်စွမ်း မရှိသေးချေ။
သို့သော် သူ အလွန်ပင် ဉာဏ်ကောင်းလှသည်။ ထိုမှော်အတတ်ကို အပိုင်းပိုင်း ခွဲခြမ်းစိတ်ဖြာပစ်ပြီးနောက် ပြိုင်ဘက် မရိပ်မိစေဘဲ တဖြည်းဖြည်းချင်း အစီအစဉ်တကျ ပေါင်းစပ်ထုတ်ဖော်သွားခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းအဆင့်၌ သူသည် တမင်သက်သက် နေမီးလျှံအတတ်၏ စွမ်းအားများကို စုဆောင်းခဲ့ပြီးနောက် ပြန်လည်ရုပ်သိမ်းလိုက်ဟန် ပြုခဲ့သည်။ ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်အတွင်း၌ ပူပြင်းလှသော ချီစွမ်းအင်များ ထင်ကျန်ရစ်ခဲ့သည်။ ၎င်းကိုပင် အထောက်အကူပြုပစ္စည်းအဖြစ် သုံး၍ ကျန်ရှိသော အဆင့်များကို ဆက်တိုက် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
ကြောင်အမ်းနေသော သူ့အစ်ကိုကြီး ဝမ်ယွမ်ကို ကြည့်ရင်း လော့ချန် အကျေနပ်ကြီး ကျေနပ်နေတော့သည်။
တစ်နှစ်တာ အချိန်ကာလအတွင်း သူသည် ပထမအဆင့် မှော်အတတ်များ ဖြစ်ကြသော မြေစိုင်တောင်အတတ်နှင့် လှိုင်းလုံးမှော်အတတ်တို့ကို ပါရမီရှင်အဆင့်မှ အထွတ်အထိပ်အဆင့်သို့ တွန်းပို့နိုင်ခဲ့ပေပြီ။ ထိုအခါ သူ၏ အဓိက အခြေခံမှော်အတတ်သုံးခုဖြစ်သော မီးလုံးမှော်အတတ်၊ မြေစိုင်တောင်မှော်အတတ်နှင့် လှိုင်းလုံးမှော်အတတ်တို့မှာ ပြီးပြည့်စုံသော ဟန်ချက်ညီမှုကို ရရှိသွားကြပြီး ဒုတိယအဆင့် တိုက်ခိုက်ရေးမှော်အတတ်ကြီးဖြစ်သော မြေပြိုမှော်အတတ်အဖြစ်သို့ ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ လော့ချန်သည် မြေပြိုအတတ်ကို ထုတ်ဖော်ရာတွင် ယခင်ကထက် များစွာ ပိုမိုသက်သာလွယ်ကူလာခဲ့သည်။ မြန်မြန်ဆန်ဆန် ထုတ်ဖော်နိုင်သည့် အဆင့်သို့ မရောက်သေးသည့်တိုင်အောင် မြေပြိုအတတ်သည် ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် သူသည် ဤတိုက်ခိုက်ရေးမှော်အတတ်၏ အနှစ်သာရကို မသိမသာ ဖောက်ထွင်းသဘောပေါက်လာခဲ့ပေပြီ။
မြေစိုင်တောင်အတတ်က အဓိက ဖိနှိပ်ချုပ်ချယ်သည်။ လှိုင်းလုံးမှော်အတတ်က အဓိက နှောင့်နှေးစေသည်။ မီးလုံးကမူ အဓိက ပေါက်ကွဲအားကို ပေးစွမ်းသည်။ သုံးမျိုးလုံး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားချိန်တွင်မူ ရန်သူကို ထွက်ပြေး၍မရအောင် ပိတ်ဆို့ထားနိုင်ရုံတင်မကဘဲ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲအားအောက်တွင် ဖျက်ဆီးခြင်း အင်အားစုကြီးတစ်ခုကိုပါ ဖြစ်ပေါ်စေတော့သည်။ ယခုလေးတင် သူသည် မြေပြိုအတတ်ကို အပိုင်းပိုင်းခွဲပြီး အဆင့်သုံးဆင့်ဖြင့် ခွဲခြားထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး ရလဒ်မှာလည်း အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။
“မင်းရဲ့ တိုးတက်မှုက ဒီလောက်အထိ မြန်ဆန်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ဝမ်ယွမ်တစ်ယောက် သတိပြန်ဝင်လာခဲ့ပြီးနောက် ထပ်ခါတလဲလဲ ချီးမွမ်းတော့သည်။
“မင်းကို ငါ တစ်ခါက ရန်သူတွေကို အနိုင်ရဖို့ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် သုံးရမယ်လို့ ပြောခဲ့တာကို အခုထိမှတ်မိသေးတယ်၊ အခုတော့ မင်းရဲ့ တိုက်ကွက်တွေက ဘယ်လောက်အထိ ထက်မြက်နေပြီလဲဆိုရင်.... ငါကိုယ်တိုင်တောင် မသိမသာနဲ့ လှည့်ကွက်ထဲ ရောက်သွားရတယ်”
လော့ချန် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ တစ်ဖက်သားအား အပေါ်စီးမှ ကြည့်နေခြင်းမှာ ရိုင်းရာကျသည် မဟုတ်ပေလော။
“အစ်ကိုဝမ်ကလည်း.... အချင်းချင်း မြှောက်ပြောနေပြန်ပြီ”
ဝမ်ယွမ်က ခေါင်းကို တွင်တွင် ခါယမ်းလိုက်ရင်း လေးနက်စွာဖြင့်
“ဟေ့ကောင်ရ.... ငါဘယ်တုန်းက စိတ်ထဲမပါဘဲ ပြောဖူးလို့လဲ၊ ခုနက မင်းထုတ်ဖော်လိုက်တဲ့ အတတ်ထဲမှာ စွမ်းအားတွေ အပြည့်အဝမပါသေးဘူးဆိုတာ ငါ ခံစားမိတယ်၊ တကယ်လို့ အဲဒီစွမ်းအားတွေအားလုံးသာ အပြည့်အဝ ပေါက်ကွဲထွက်လာမယ်ဆိုရင်....”
“ရိုးရိုးသားသားပြောစမ်း၊ မင်း ခုနက စွမ်းအား ဘယ်လောက်လောက် သုံးလိုက်တာလဲ"
လော့ချန် လက်သုံးချောင်းထောင်ပြလိုက်သည်။
“သုံးဆယ်ရာခိုင်နှုန်းပဲလား”
ဝမ်ယွမ် ဤတစ်ကြိမ်တွင်မူ လုံးဝ အံ့သြသွားရတော့သည်။
သုံးဆယ်ရာခိုင်နှုန်းသော စွမ်းအားကပင် မိမိအား ဧရာမဝိညာဉ်အသွင်ပြောင်းခြင်းအတတ်ကို ထုတ်သုံးရန် ဖိအားပေးနိုင်ခဲ့သည်။ အကယ်၍ စွမ်းအားအပြည့်ကို ထုတ်သုံးခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ပေါက်ကွဲအားအောက်တွင် သူ အစွမ်းကုန် ခုခံလျှင်ပင် ပြာဖြစ်သွားနိုင်သည် မဟုတ်လော။
သူ အံ့သြနေသည်ကို မြင်လိုက်ရသဖြင့် လော့ချန် ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“အစ်ကိုဝမ်ကလည်း ဘာကိစ္စ ဒီလောက်အထိ လန့်နေရတာလဲဗျာ.... တကယ်လို့ ဒါသာ တကယ့် အသေအလဲ တိုက်ပွဲဆိုရင်.... အစ်ကိုကြီးရဲ့ စွမ်းရည်နဲ့ အတွေ့အကြုံအရ ဒုတိယအဆင့် ရောက်ကတည်းက ရအောင်ရှောင်နိုင်မှာ သေချာပါတယ်.... ဒီလိုဆိုရင် နောက်ပိုင်း လာမယ့် အပြင်းအထန် ပေါက်ကွဲမှုတွေထဲမှာ ပိတ်မိနေစရာ အကြောင်းမရှိတော့ဘူး မဟုတ်လား"
ထိုဒုတိယအဆင့်တွင် သူသည် ဝမ်ယွမ်အား အနောက်သို့ ဆုတ်ခွာစေရန် လှိုင်းလုံးမှော်အတတ်ကို သုံးခဲ့ခြင်း ဖြစ်သည်။
ဝမ်ယွမ် အသေအချာ စဉ်းစားကြည့်လိုက်သည်။ အကယ်၍ တကယ့် အသေအလဲတိုက်ပွဲသာဆိုပါက ထိုလှိုင်းလုံးအတတ်သည် သာမန် အခြေတည်အဆင့် ကျင့်ကြံသူကို ခြိမ်းခြောက်နိုင်သော်လည်း သူ့အတွက်မူ မည်သို့မျှ ခြိမ်းခြောက်မှု မဖြစ်နိုင်ချေ။ သူသည် တိုက်ရိုက်ပင် အတင်းအဓမ္မ ဖောက်ထွက်သွားပြီး လော့ချန်၏ နောက်ဆက်တွဲ မှော်အတတ် ထုတ်ဖော်မှုများကို ကြားဖြတ်နှောင့်ယှက်ပစ်ရန်သာ လိုအပ်ပေသည်။
အချင်းချင်း အပြန်အလှန် စမ်းသပ်တိုက်ခိုက်ကြခြင်းသာ ဖြစ်သဖြင့် သူ အမြင်လှစေရန် နောက်သို့ ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကို သဘောပေါက်သွားပြီးနောက် သူ စိတ်ထဲ၌ သက်သာရာရသွားတော့သည်။ သို့တိုင်အောင် အလွန်ပင် အံ့သြချီးကျူးနေမိဆဲ ဖြစ်သည်။
“မင်းကတော့လေ.... တဖြည်းဖြည်းနဲ့ ပိုပြီးတော့ နပ်လာတာပဲ”
“ဒါပေါ့.... ကျွန်တော်က လူတွေရဲ့ အထာကို ကောင်းကောင်းနောကျေနေတဲ့ လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်ကြီးပဲဥစ္စာ”
လော့ချန်က တဟဲဟဲ ရယ်မောလိုက်ရင်း “ဆက်ပြီး တိုက်ဦးမလား” ဟု မေးလိုက်သည်။
ဝမ်ယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သူ၏ သိုလှောင်အိတ်ထဲမှ ဖျင်ကျမ်းဝတ်ရုံ တစ်ထည်ကို ထုတ်ယူကာ ဗလာကျင်းနေသော ခန္ဓာကိုယ်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် လွှမ်းခြုံလိုက်သည်။
“ဟ ဘာလို့ ဆက်တိုက်ရဦးမှာလဲ.... အင်္ကျီတောင် မင်းကြောင့် ပျက်စီးသွားပြီ”
“ဟဲဟဲ.... ပိုကြည့်ကောင်းသွားတာပေါ့ဗျ၊ တကယ်လို့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျွန်တော်သာ အရင်ဆုံး အဝတ်အစားတွေ ချွတ်လိုက်မယ်ဆိုရင် ဘယ်သူကများ ကျွန်တော်နဲ့ အချီပေါင်း ၃၀၀ လောက် ယှဉ်တိုက်ရဲမှာလဲ၊ ဒါပေမဲ့ အစ်ကိုကြီးဝမ်ရယ်.... အစ်ကိုက တိုက်ပွဲဖြစ်တိုင်း အင်္ကျီတစ်ထည် လဲနေရတာကြီးကတော့ သိပ်မဟုတ်သေးဘူးနော်"
နှစ်ဦးသား တစ်လမ်းလုံး တစ်ယောက်ကိုတစ်ယောက် စနောက်ကာ လေပွားနေကြတော့သည်။
နှုတ်သီးကောင်းလျှာပါး လော့ချန်အား ဝမ်ယွမ်သည်လည်း အကျောမခံ ပြန်ပြောသည်သာ။ အမှန်စင်စစ် သူသည် ဧရာမဝိညာဉ်အသွင်ပြောင်းခြင်းအတတ်ကို ထုတ်ဖော်လိုက်သောကြောင့်သာ ခန္ဓာကိုယ် ကြီးမားလာသဖြင့် ပေါက်ကွဲထွက်လာရခြင်း ဖြစ်သည်။ ဤကဲ့သို့သော ကြီးမားလှသည့် ခန္ဓာကိုယ် အပြောင်းအလဲကို ထောက်ပံ့ပေးနိုင်မည့် ဝတ်ရုံများမှာ အလွန်ပင် ရှားပါးလှပေသည်။ ဆွဲဆန့်နိုင်စွမ်း အလွန်ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများ လိုအပ်ရုံတင်မကဘဲ အနည်းဆုံး အဆင့် ၃ အရွယ်အစားညှိအစီအရင်ကို ထည့်သွင်းရေးဆွဲထားရန် လိုအပ်ပေသည်။ အဆင့် ၃ ကဲ့သို့သော အစီအရင်ကို ရေးဆွဲနိုင်သည့် ဝတ်ရုံများမှာ သာမန်ဝတ်ရုံ မဟုတ်တော့ဘဲ မှော်ရတနာအဆင့်သို့ ရောက်ရှိသွားပေပြီ။ သူ့တွင်မူ ထိုကဲ့သို့သော ရတနာကောင်းမျိုး မရှိသေးချေ။
လော့ချန်ကမူ ဝမ်ယွမ်၏ သွေးဘေးဒုက္ခလက်ညှိုးအတတ်ကို ကောင်းကောင်း မခံစားလိုက်ရသဖြင့် အနည်းငယ် နှမြောနေမိသည်။ ဝမ်ယွမ်သည် ချီနှင့် ခန္ဓာကိုယ် ပူးတွဲကျင့်စဉ်ကို အခြေခံကာ လင်းစွမ်းအားနှင့် ချီစွမ်းအင်များ ပေါင်းစပ်၍ ၎င်း၏ နောက်ဆက်တွဲနည်းလမ်းများကို ဖော်ထုတ်နေသည်ဟု သူ သိထားသည် မဟုတ်လော။
ဝမ်ယွမ်ကမူ လော့ချန်အပေါ်တွင် ထိုအတတ်ကို စမ်းသပ်လိမ့်မည် မဟုတ်ချေ။ ထိုသတ်ကွက်မှာ သူကိုယ်တိုင်ပင် တီထွင်နေဆဲ အဆင့်သာ ရှိသေးရာ စိတ်တိုင်းကျ မထိန်းချုပ်နိုင်သေးပေ။ နှစ်ဦးစလုံး၏ အနက်ရှိုင်းဆုံးသော သတ်ကွက်များနှင့် ပတ်သက်၍မူ မည်သူမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိကြချေ။ ထိုအရာများမှာ မှော်ရတနာ အဆင့်များနှင့် သက်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ အခြေတည်အဆင့်၏ စွမ်းအားဖြင့် မှော်ရတနာများကို ထုတ်ဖော်အသုံးပြုမည်ဆိုပါက စိတ်တိုင်းကျ ထိန်းချုပ်ရန် အလွန်ပင် ခက်ခဲလှပေသည်။
....
လေ့ကျင့်ရေးကွင်းပြင်မှ ထွက်ခွာလာပြီးနောက်....။
လော့ချန်သည် ဝမ်ယွမ်ကို ခေါ်၍ ခေါင်းလောင်းရွှေအိုးရိပ်မြုံတွင် အကြီးအကျယ် ကျွေးမွေးခဲ့သည်။
နှစ်ဦးစလုံးမှာ ခန္ဓာကိုယ်ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ဤတစ်ကြိမ်တွင်မူ မည်သို့မျှ အားနာခြင်းမရှိဘဲ အားပါးတရ စားသောက်ခဲ့ကြသည်။
နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး ၅၀၀ ခန့်အထိ ကုန်ကျသွားခဲ့ရာ ဤပမာဏမှာ အဆင့်နိမ့် ချီစုစည်းဆေးလုံးတစ်လုံး၏ တန်ဖိုးနှင့် ညီမျှပေသည်။ ဤမျှအထိ ကုန်ကျသွားသဖြင့် အမောင်လော့ချန် စိတ်ထဲမှ နှမြောတသ ဖြစ်နေမိသည်။ နောက်ဆုံးအကြိမ် ဤဆိုင်တွင် ကျွေးမွေးခဲ့စဉ်က တာဟဲဈေးမြို့တော်တွင် ချန်ရှို့ဖိန်ကို ဧည့်ခံခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဝိညာဉ်ကျောက်တုံး ၅၀ ကျော်ခန့်သာ ကုန်ကျခဲ့သည် မဟုတ်ပါလော။ ဤတစ်ကြိမ်တွင်မူ ၅၀၀ ကျော်အထိ ကုန်ကျသွားခဲ့ရာ တကယ်ကို ဖြုန်းတီးရာ ကျလွန်းလှပေသည်။ သို့သော် ဝမ်ယွမ်၏ ကျေနပ်နေသော မျက်နှာကို မြင်ရသည့်အခါ တန်သည်ဟု သူ တွေးလိုက်မိသည်။
ဝိညာဉ်ကျောက်တုံးများကို ရှာဖွေနေခြင်းမှာ သုံးစွဲရန်အတွက် မဟုတ်ပါလော ။ထို့ပြင် ဤတစ်ကြိမ်တွင် အစားအစာကောင်းများစွာကို စားသောက်ခဲ့ရသဖြင့် ပြန်ရောက်၍ အစာခြေဖျက်ပြီးပါက ခန္ဓာကိုယ်အတွက် အနည်းနှင့်အများတော့ အကျိုးကျေးဇူး ရှိနိုင်ပေသည်။ ဤသည်ကိုလည်း ကျင့်ကြံခြင်းတစ်ခုဟု သတ်မှတ်၍ ရပေသည်။
ခွဲခွာခါနီးတွင် ဝမ်ယွမ်က စကားတစ်ခွန်း ပြောခဲ့သည်။
“စီမာဟွေ့နန်က ချီသန့်စင်အထွတ်အထိပ်ကို ရောက်တော့မယ် ထင်တယ်၊ သူမ တကယ်လို့ အခြေတည်အဆင့်ကို တက်လှမ်းဖို့အတွက် တံခါးပိတ်ကျင့်ကြံတော့မယ်ဆိုရင်.... လော့ထျန်းအဖွဲ့ဘက်မှာ မင်း တစ်ယောက်ယောက်ကို ရှာပြီး ကြီးကြပ်ခိုင်းထားရလိမ့်မယ်"
ဤစကားကို ကြားလိုက်ရချိန်တွင် လော့ချန်၏ မျက်ခုံးအစုံမှာ မသိမသာဖြင့် ကြုတ်သွားရတော့သည်။
အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက် လိုအပ်သော အချိန်ကာလမှာ မရှည်လျားလှချေ။ ယေဘုယျအားဖြင့် ဆယ်ရက်ကျော် သို့မဟုတ် တစ်လခန့်သာ ကြာမြင့်တတ်သည်။ သို့သော် အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ရန်အတွက် လိုအပ်သော အချိန်မှာမူ အတော်အတန် ရှည်လျားလှပေသည်။
သူကိုယ်တိုင်ပင် ၃ နှစ်ခန့် အချိန်ယူခဲ့ရသည်။
တွမ်ဖုန်းကို ထည့်မတွက်လျှင်ပင် မင်လုံယွီမှာ အချိန် ခြောက်လ ယူခဲ့ရပြီး ဝမ်ယွမ်သည်လည်း အချိန် လပိုင်းခန့် ယူခဲ့ရသည်။
အကယ်၍ နောက်ဆုံးလူနှစ်ဦး၏ စံနှုန်းအရ တွက်ချက်မည်ဆိုပါက လော့ထျန်းအဖွဲ့သည် အနည်းဆုံး ခြောက်လခန့်အထိ ခေါင်းဆောင်မရှိသော ကာလတစ်ခုကို ရင်ဆိုင်ရဖွယ် ရှိနေပေသည်။ ဤသည်မှာ အရှိန်အဟုန်ဖြင့် တိုးတက်နေသော လော့ထျန်းအဖွဲ့အတွက်မူ သတင်းကောင်းတစ်ခု မဟုတ်ချေ။
ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် လော့ချန် တည်ငြိမ်စွာဖြင့် ဆိုသည်။
“ကိစ္စမရှိပါဘူး.... သူမ ချီသန့်စင်အထွတ်အထိပ်ကို ရောက်တာနဲ့ ကျွန်တော် အကုန် သေချာ စီစဉ်လိုက်ပါမယ်”
....
တစ်လခန့် ကုန်ဆုံးသွားပြီးနောက်....။
ထျန်းလန်တောင်ထိပ်၊ ပင်း- ၆ ဂူဗိမာန်အတွင်း၌ ဖြစ်သည်။
ဤနေရာမှာ လော့ထျန်းအဖွဲ့၏ အမည်ဖြင့် အထူးသီးသန့် ငှားရမ်းထားခဲ့သော ဒုတိယအဆင့် အဆင့်လတ် ဂူဗိမာန်တစ်ခု ဖြစ်သည်။ ချီစွမ်းအင် သိပ်သည်းဆမှာ အဆင့်နိမ့်နှင့် အဆင့်မြင့်ကြားတွင် ရှိသည်။
သာမန်အချိန်များတွင် မင်လုံယွီနှင့် ဝမ်ယွမ်တို့သာ အသုံးပြုကြသည်။
တွမ်ဖုန်းကမူ ဤနေရာသို့ လာလေ့မရှိချေ။ သူသည် ဖုန်းရှနှင့် လက်ထပ်ပြီးကတည်းက အဆင့်နိမ့် ဂူဗိမာန်တစ်ခုကို သီးသန့်ငှားရမ်းနေထိုင်ခဲ့သည်။ ဇနီးမောင်နှံနှစ်ဦး အဖွဲ့အတွင်း အတူတူ နေထိုင်မည်ဆိုပါက အဆင်မပြေ ဖြစ်လာနိုင်သောကြောင့်ပင်။ သီးသန့်ဂူဗိမာန် ငှားရမ်းခအတွက် ကုန်ကျမည့် ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်၍မူ ထိုပမာဏမှာ တွမ်ဖုန်းအတွက် ဘာမှမဟုတ်ချေ။ လက်နက်ခန်းမဆောင်၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် သူ၏ လစဉ် ဝင်ငွေမှာ လော့ချန်ကို မမှီနိုင်သည့်တိုင်အောင် သာမန် အခြေတည်အဆင့် ကျင့်ကြံသူများထက် များစွာ ကျော်လွန်လှပေသည်။
ယခုအချိန်တွင် ဆိတ်ငြိမ်လှသော ဂူဗိမာန်အတွင်း၌ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးသာ သီးသန့် ရှိနေကြသည်။
“မင်းရဲ့ အစ်ကိုကြီးနဲ့ မောင်လေးက.... မင်းကို လာမကြည့်ကြဘူးလား" ဟု လော့ချန် မေးလိုက်သည်။
စီမာဟွေ့နန်၏ အမူအရာမှာ တည်ငြိမ်လို့နေသည်။
“ကျွန်မ သူတို့နဲ့ တွေ့ခဲ့ပြီးပါပြီ၊ ပြောသင့်ပြောထိုက်တာတွေကိုလည်း အားလုံး ရှင်းရှင်းလင်းလင်း ပြောပြထားခဲ့ပြီးပါပြီ"
သူမ အလွန်ပင် တည်ငြိမ်လှသည်။ လော့ချန် မြင်တွေ့ခဲ့ဖူးသမျှသော အခြေတည်အဆင့်သို့ တက်လှမ်းတော့မည့် မည်သူမဆိုထက်မဆို ပိုမို၍ တည်ငြိမ်နေခဲ့သည်။
တွမ်ဖုန်း တက်လှမ်းစဉ်တုန်းက ထက်မြက်လှသော ဇွဲလုံ့လများဖြင့် ပြည့်နှက်နေခဲ့သည်။
ဝမ်ယွမ် တက်လှမ်းစဉ်တုန်းကမူ အားမာန်အပြည့်နှင့် အရှိန်အဟုန် ကောင်းမွန်နေခဲ့သည်။
မင်လုံယွီတုန်းကမူ သူ၏ ကနဦးစိတ်နှလုံးသားကို ပြန်လည်ရရှိထားခဲ့သဖြင့် ပြတ်သားထက်မြက်နေခဲ့သည်။
မုရုံချင်းလျန်နှင့် ပတ်သက်၍မူ ချင်လျန်ချန်းက စောင့်ရှောက်ပေးခဲ့သဖြင့် လော့ချန်အနေဖြင့် သူမ တံခါးပိတ်ကျင့်ကြံစဉ်က အခြေအနေကို သိပ်မသိရချေ။ သို့သော် နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသော ကျရှုံးမှုများကို ကြည့်ခြင်းအားဖြင့် သူမသည် ထိုစဉ်က အခြေတည်အဆင့်သို့ တက်လှမ်းရန် စိတ်ဓာတ်ခိုင်မာခဲ့သည့်တိုင်အောင် စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် မပြတ်သားမှုအချို့ ရှိနေခဲ့သည်မှာ သေချာလှပေသည်။
ထိုသူများနှင့် နှိုင်းယှဉ်လိုက်ပါက စီမာဟွေ့နန်၏ တည်ငြိမ်မှုမှာ အနည်းငယ် အံ့သြစရာ ကောင်းလွန်းလှပေသည်။ သိသာလှသည်မှာ သူမ၏ ပါရမီအရည်အသွေးမှာ ထိုသူများကို မမှီနိုင်ရုံတင်မကဘဲ စိတ်ထဲတွင် စိုးရိမ်ပူပန်ရမည့် အသေးအဖွဲ ကိစ္စရပ်များမှာလည်း ထိုသူများထက် များစွာ ပိုမိုများပြားလှသည်။ သို့သော် သူမသည် ဤကဲ့သို့ပင် တည်ငြိမ်အေးဆေးစွာဖြင့် ရှိနေခဲ့ရာ အခြေတည်အဆင့် တက်လှမ်းမှု အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းတို့အပေါ်တွင် အလွန်အမင်း စိုးရိမ်ပူပန်နေဟန် မရချေ။
လော့ချန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ စမ်းသပ်မှုအတွင်း စီမာဟွေ့နန်သည် အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် ထိုမှတ်ဉာဏ်ပိုင်းမှာ အတော်အတန် ဝေဝါးလှပေသည်။ ၎င်းက တာဝန်အချို့ကို ဖယ်ရှားပစ်လိုသော သူ၏ ကိုယ်ပိုင် မျှော်လင့်ချက်များကြောင့် ဖြစ်ပေါ်လာခဲ့သည့် စိတ်ကူးယဉ်မှုတစ်ခုမျှသာ ဖြစ်နိုင်သည်ဟုပင် လော့ချန် ထင်မှတ်နေခဲ့မိ၏။ သို့သော် ထိုအမျိုးသမီး၏ လက်ရှိအခြေအနေကို ကြည့်ပြီးနောက်တွင်မူ သူလည်း အသေအချာ မပြောရဲတော့ချေ။
“ဟွေ့နန်.... မင်း ကျရှုံးမှာကို မကြောက်ဘူးလား"
စီမာဟွေ့နန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
“ကျရှုံးသွားရင်ကော ဘာဖြစ်မှာမလို့လဲ"
လော့ချန် တခဏမျှ ကြောင်အမ်းသွားရသည်။
‘ကျရှုံးသွားရင် ဘာဖြစ်မှာလဲ ဟုတ်လား’
စီမာဟွေ့နန်က ပြုံးလိုက်ရင်း ဆိုသည်။
“အောင်မြင်သွားရင်လည်း ကျွန်မက လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်အဖြစ် ဆက်ရှိနေမှာပဲ၊ တကယ်လို့ ကျရှုံးသွားခဲ့ရင်လည်း အဖွဲ့ချုပ်ခေါင်းဆောင်အနေနဲ့ အသုံးမလိုတော့ဘူးဆိုပြီး ကျွန်မကို စွန့်ပစ်လိုက်မှာမှ မဟုတ်တာပဲ၊ ကျွန်မပြောတာ မှန်တယ်မလားရှင်"
‘ဪ.... ဒါကြောင့် သူမ ဒီလောက် တည်ငြိမ်နေရတာကို’
ကြည့်ရသည်မှာ အနာဂတ်နှင့် ပတ်သက်၍ သူမ အရာအားလုံးကို ကြိုတင်၍ မြင်နေခဲ့ပြီး ဖြစ်သည်။
လော့ချန် ကိုယ့်ကိုယ်ကိုယ် သိသည်။ မိမိအနေဖြင့် ဤမျှအထိ ထက်မြက်လှသော လက်ထောက်တစ်ဦးကို မည်သို့မျှ အဆုံးရှုံးခံမည် မဟုတ်ချေ။ သူမ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လော့ထျန်းအဖွဲ့အတွင်း သူမအတွက် နေရာတစ်ခု အမြဲ ရှိနေမည်မှာ သေချာလှပေသည်။
စီမာဟွေ့နန်က ခေါင်းကို ခါယမ်းလိုက်ရင်း မျက်နှာထက်ဝယ် နူးညံ့လှသော အပြုံးတစ်ခုနှင့် အတူ ဆိုလိုက်သည်။
“ကျွန်မ တစ်ဘဝလုံး.... မောင်နှမတွေနဲ့အတူ ဒေသအနှံ့ သွားလာခဲ့ပြီး၊ လောကဓံရဲ့ အနိမ့်အမြင့်၊ အတက်အကျ အားလုံးကို အကုန် ကြုံတွေ့ခဲ့ဖူးပါတယ်.... ကျွန်မလည်း အခြေတည်အဆင့်ကို တက်လှမ်းဖို့ စိတ်ကူးယဉ်ခဲ့ဖူးသလို ကြိုးစားခဲ့ဖူးတာပဲ.... ဒါပေမဲ့ ကျင့်ကြံသူ တစ်ဦးအနေနဲ့ အခြေတည်အဆင့်ကို တက်လှမ်းဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ကျွန်မ သိပါတယ်.... ဒါကြောင့်လည်း ကြိုးစားမှုတွေက အဓိပ္ပာယ်မရှိသလို ဖြစ်နေခဲ့ပြီး မျှော်လင့်ချက်တွေကလည်း ဝေဝါးခဲ့ရတာပါ"
“ဒါပေမဲ့.... ကျွန်မ လော့ထျန်းအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူး ဖြစ်လာပြီးတဲ့နောက်မှာ.... အဖွဲ့ရဲ့ ကိစ္စအဝဝအားလုံးကို ကျွန်မ ဆုံးဖြတ်ချက် ချပေးခဲ့ရတယ်၊ လော့ထျန်းအဖွဲ့က တစ်လှမ်းချင်းစီ ကြီးထွားအောင်မြင်လာတာနဲ့အမျှ.... ကျွန်မကိုယ်တိုင်လည်း လော့ထျန်းအဖွဲ့ရဲ့ တိုးတက်မှုနဲ့အတူ တကယ့် အောင်မြင်မှုဆီကို လျှောက်လှမ်းနေရတယ်လို့ ခံစားခဲ့ရပါတယ်"
“တွမ်ဖုန်းနဲ့ ဝမ်ယွမ်တို့ တစ်ယောက်ပြီးတစ်ယောက် အခြေတည်အဆင့်ကို တက်လှမ်းသွားတာကို မြင်လိုက်ရတဲ့အချိန်မှာ.... မကြာခင်မှာ ကျွန်မရဲ့ အလှည့် ရောက်လာတော့မယ်ဆိုတာကို ကျွန်မ သိလိုက်ရတယ်"
“ဒီနေ့ ဒီအချိန်ဟာ.... ရေပြည့်ရင် မြောင်းဖြစ်လာသလိုမျိုး အချိန်အခါသင့်လို့ သူ့အလိုလို ဖြစ်လာခဲ့တာပါ၊ အခြေတည်အဆင့်ကို တက်လှမ်းဖို့ဆိုတာ.... ကျွန်မအတွက်တော့ ရေစီးကြောင်းအတိုင်း သဘာဝကျကျ ဖြစ်လာရမယ့် ကိစ္စတစ်ခုပါပဲ”
ထိုအမျိုးသမီး၏ တည်ငြိမ်လှသော စကားလုံးများမှာ စမ်းရေအေးလေး တသွင်သွင် စီးဆင်းသွားသကဲ့သို့ ရှိနေပေသည်။ ကြီးကျယ်ခမ်းနားလှသော လှိုင်းလုံးကြီးများ မရှိသော်လည်း အလွန်ပင် နူးညံ့ပြီး ခွန်အား ပြည့်နှက်နေခဲ့သည်။
လော့ချန် သိလိုက်ရသည်မှာ မိမိအနေဖြင့် ဆက်လက်၍ အားပေးစကားများ ပြောဆိုနေရန် မလိုအပ်တော့ချေ။ ဂူဗိမာန်၏ အပြင်ဘက်သို့ လျှောက်လှမ်းသွားရင်း လော့ချန် သူမကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
“ဟွေ့နန်.... မင်း တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့ အချိန်ကျရင်.... ငါတို့တွေ လမ်းစဉ်တူ မိတ်ဆွေတွေ အဖြစ် နှုတ်ဆက်ကြတာပေါ့”
စီမာဟွေ့နန်သည် ဂူဗိမာန်တံခါးကျောက်တုံးကြီး၏ ခလုတ်ကို နှိပ်လိုက်ရင်း နှုတ်ခမ်းကို စေ့ထားကာ စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။
ဒုန်းးး....
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။
ထိုအမျိုးသား ထွက်ခွာသွားပြီးနောက် စီမာဟွေ့နန်သည် ဧရာမ ကျောက်တုံးကြီးကို ကျောမှီလိုက်ရင်း တိုးညှင်းစွာဖြင့် ရေရွတ်လိုက်မိတော့သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မလည်း အဖွဲ့ချုပ်ခေါင်းဆောင်နဲ့ တစ်လမ်းတည်းကို လျှောက်လှမ်းပါ့မယ်”