← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 41 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 41 Ch. 403-404

အခန်း (၄၀၃) - သားရဲကြီး၏ ဇက်ကြိုးကို ပြန်ကိုင်သူ

“စီမံခန့်ခွဲရေးမှူး ဟွေ့နန်.... အခြေတည်အဆင့် တက်လှမ်းဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားပြီ”

ဤသတင်းသည် ဒန်ရှားတောင်ထိပ် တစ်ခုလုံးသို့ တောမီးအလား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တော့သည်။ လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူအားလုံး လူကြီးလူငယ်မရွေး၊ ကျားမမရွေး မကြာခင်အချိန်အတွင်းမှာပင် ဤသတင်းကို အကုန်လုံး သိရှိသွားကြသည်။

အခြားသော ဂိုဏ်းကြီးများတွင်ဆိုလျှင် ဂိုဏ်းချုပ်တစ်ဦး၊ ကျင့်ကြံရေးမျိုးနွယ်စုကြီးများတွင်ဆိုလျှင် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးကဲ့သို့သော အရှိန်အဝါရှိသည့် ဤအမျိုးသမီးစီမံခန့်ခွဲရေးမှူးအပေါ် လော့ထျန်းအဖွဲ့ဝင်များ၏ စိတ်ခံစားချက်မှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။

သူမသည် အလွန်ပင် စည်းကမ်းကြီးလှသည်။ မည်သည့် ခိုးကြောင်ခိုးဝှက်၊ အပျင်းခိုမှုမျိုးကိုမဆို လုံးဝခွင့်မပြုဘဲ လက်ပူးလက်ကြပ် မိပါက ပြင်းထန်စွာ အပြစ်ပေးလေ့ရှိသည်။ ထို့အပြင် အဖွဲ့၏ ကုန်ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အမင်း အလေးထားလေ့ရှိရာ တိုက်ခိုက်ရေးအတွက်သာ သီးသန့်ဖွဲ့စည်းထားသော တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူများကိုပင် အားလပ်ချိန်၌ လယ်ကွင်းထဲသို့ စေလွှတ်၍ အလုပ်လုပ်ခိုင်းတတ်သည်။

ထို့ပြင် အလွန်လည်း ကပ်စေးနှဲလှသည်။ အဖွဲ့ချုပ်ခေါင်းဆောင်လော့ချန်ကိုယ်တိုင် သတ်မှတ်ပေးထားခဲ့သော လစဉ်ရိက္ခာ ထောက်ပံ့ကြေးများကို ဖြတ်တောက်ကာ များစွာ လျှော့ချပစ်ခဲ့သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းမှာလည်း ယခုတစ်ကြိမ်တည်း မဟုတ်ကြောင်း ကြားသိရသည်။

ယခင် တာဟဲဈေးမြို့တော်တွင် ရှိစဉ်ကလည်း သူမသည် အခြေခံ လစဉ် ရိက္ခာကြေးများကို အောက်ခြေအဆင့်အထိ လျှော့ချပစ်ခဲ့ဖူးသည်။ ထို့ကြောင့် လော့ထျန်းအဖွဲ့အတွင်းတွင် သူမကို ကြိုက်နှစ်သက်သူ မည်သူမျှ မရှိသလောက်ပင်။ သူမအပေါ်တွင် ရှိကြသော စိတ်ခံစားချက်များမှာ များသောအားဖြင့် မကျေနပ်မှုနှင့် ကြောက်ရွံ့မှုတို့သာ ဖြစ်ကြသည်။

သို့သော်လည်း သူမ၏ စီမံခန့်ခွဲမှုအောက်တွင် လော့ထျန်းအဖွဲ့ကြီး စနစ်တကျနှင့် အစီအစဉ်တကျ ရှိနေခဲ့သည်ကိုမူ လူတိုင်း ငြင်းပယ်၍ မရချေ။ လော့ထျန်အဖွဲ့အစည်းသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခြင်း မရှိခဲ့ပေ။ အဖွဲ့အတွက် အကျိုးပြုမှု ကြီးမားသော ပါရမီရှင်များကိုမူ သူမ ဆုလာဘ်များစွာ ပေးသနားရုံတင်မကဘဲ ရာထူးတိုးမြှင့်ပေးရန်အတွက်လည်း ဝန်မလေးတတ်ချေ။

ယခုအခါ လော့ထျန်းအဖွဲ့၏ အင်အားမှာ မိုင်တစ်ရာ ပတ်လည်ရှိ အခြားသော အင်အားစုများကြားတွင် အတော်အတန် အင်အားကြီးမားသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်း ကျင့်ကြံရေးမျိုးနွယ်စုကြီးဖြစ်သော ကန်းမျိုးနွယ်စုကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို အနည်းငယ် လှမ်းသော နေရာတွင်ရှိသည့် ရှန်ကုန်းဂိုဏ်း ကဲ့သို့သော ဂိုဏ်းမျိုးမှာမူ လော့ထျန်းအဖွဲ့ကို လုံးဝ မမှီနိုင်တော့ချေ။

စီမာဟွေ့နန်ကို မနှစ်သက်ကြသည့် ကျင့်ကြံသူများကမူ ဤအောင်မြင်မှု အားလုံးကို အမြော်အမြင်ကြီးမားလှသော အဖွဲ့ချုပ်ခေါင်းဆောင်လော့ချန်ကြောင့်သာ ဖြစ်သည်ဟု ဂုဏ်ပြုပြောဆိုတတ်ကြသည်။

သို့သော် အခြေအနေကို အမှန်တကယ် နားလည်သူများကမူ စီမာဟွေ့နန်၏ ကြိုးပမ်းအားထုတ်မှုနှင့် အကျိုးပြုမှုများကို မည်သို့မျှ ချန်လှပ်ထား၍ မရနိုင်ကြောင်း ကောင်းစွာ သိရှိကြသည်။ ထို့ကြောင့်ပင် မကျေနပ်မှုနှင့် ကြောက်ရွံ့မှုများကြားထဲတွင်ပင် လေးစားရိုသေမှုနှင့် အားကျနှစ်သက်မှု အချို့ကလည်း အမြဲလိုလို ရောပြွမ်းနေခဲ့ရသည်။

သူမ အခြေတည်အဆင့်သို့ တက်လှမ်းတော့မည့်အပေါ် အမြင်များမှာ ကွဲပြားနေကြသည်။ အချို့ကမူ သူမ ကျရှုံးသွားရန် မျှော်လင့်နေကြသည်။ အကြောင်းမှာမူ ကျင့်ကြံခြင်းအဆင့် မြင့်မားသွားပါက သူမ ယခင်ထက် စည်းကမ်းပိုကြပ်လာမည်ကို စိုးရိမ်သောကြောင့်ပင်။ အချို့ကမူ သူမ အောင်မြင်သွားရန် မျှော်လင့်ကြသည်။ သူမ အောင်မြင်သွားပါက မိမိတို့ လော့ထျန်းအဖွဲ့အတွက်လည်း ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်ကြသည်။ အဖွဲ့သားအားလုံးမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ ဖြစ်ကြသည် မဟုတ်လော။ သို့ဖြစ်လေရာ ခြုံငုံကြည့်ရမည်ဆိုပါက အောင်မြင်စေချင်သူများမှာ အများစု ဖြစ်ကြသည်။

ဤကဲ့သို့သော ရှုပ်ထွေးလှသည့် စိတ်ကူးစိတ်သန်းများကြောင့် စီမာဟွေ့နန်၏ ကြီးကြပ်မှု မရှိတော့သည့်အခါ ဒန်ရှားတောင်ထိပ်၏ လေထုတစ်ခုလုံးမှာ ဂယောက်ဂယက် ဖြစ်နေဟန် တူပေသည်။ အဖွဲ့ဝင်များ၏ စိတ်အာရုံများမှာလည်း မတည်မငြိမ် ဖြစ်နေကြလေသည်။

နေ့စဉ် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်နေကြသော ကျင့်ကြံသူများပင်လျှင် မှော်အတတ်ကို အသုံးပြု၍ မြေဆီလွှာ ပြုပြင်ရာတွင် ပျင်းရိငြီးငွေ့လာကြသည်။

ဤသည်မှာ အထက်လူကြီး သင်တန်းတက်သွားသည့် အချိန်တွင် ဝန်ထမ်းများ အလုပ်ခိုး၍ ပျင်းရိနေကြသည့် အခြေအနေနှင့် အလွန်ပင် ဆင်တူလှပေသည်။

အဖွဲ့၏ အဆင့်မြင့် ကျင့်ကြံသူအချို့က ဤအခြေအနေကို မကြာခင်မှာပင် ရိပ်မိသွားကြသည်။ သို့သော် သူတို့၏ ရာထူးအဆင့်အတန်းအရ ဤကိစ္စကို ဝင်ရောက်စွက်ဖက်ရန်မှာ အတော်အတန် ခက်ခဲလှပေသည်။

အခြေတည်အဆင့်ရှိသော တွမ်ဖုန်းပင်လျှင် သူ၏ လက်နက်ခန်းမဆောင်အတွင်းရှိ ကိစ္စရပ်များကိုသာ အကောင်းဆုံး ထိန်းချုပ်နိုင်ပြီး အခြားသော ခန်းမဆောင်များ၏ ကိစ္စရပ်များကိုမူ ဝင်ရောက်ကိုင်တွယ်ရန် အင်အား မရှိချေ။

“ငါးပါးတွေတော့ မှောက်ကုန်ပြီ.... ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး”

ယခုအချိန်ရောက်မှသာ ယခင်က စီမာဟွေ့နန်အပေါ် ကျိတ်၍ မကျေမနပ် ဖြစ်ခဲ့ကြသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူများအနေဖြင့် သူမသည် လော့ထျန်အဖွဲ့အစည်းတွင် မည်မျှအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို အမှန်တကယ် သဘောပေါက်လာကြတော့သည်။ ဤအခွင့်အရေးကို အသုံးပြု၍ သူမ၏ နေရာကို အစားထိုး ရယူလိုကြသူများမှာလည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ကြရသည်။ အကြောင်းမှာ လော့ထျန်းအဖွဲ့အတွင်းတွင် သူတို့၏ သြဇာအာဏာနှင့် လေးစားခံရမှုမှာ ထိုအမျိုးသမီးကို မည်သို့မျှ မမှီနိုင်ကြောင်း သိရှိသွားကြသောကြောင့် ဖြစ်သည်။

အချို့သော လူသားများသည် သာမန်အချိန်များတွင် အရေးမပါသလို ထင်ရသော်လည်း သူတို့ မရှိတော့သည့် အချိန်ကျမှသာ သူတို့၏ တန်ဖိုးမှာ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုကြီးမားကြောင်း သိရှိလာရတတ်သည်။

သို့သော်လည်း လော့ထျန်းအဖွဲ့အတွင်းရှိ ဤကဲ့သို့သော မတည်ငြိမ်သည့် လေထုမှာ မကြာခင်မှာပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရသည်။

အကြောင်းမှာ လော့ချန် ရောက်ရှိလာခဲ့သောကြောင့်ပင်။

....

လော့ထျန်း ခန်းမဆောင်အတွင်း....။

“ဒေါ်လေး.... အခြေအနေ ဘယ်လိုလဲ၊ ခန္ဓာကိုယ်ကော သက်သာရဲ့လား"

ခန်းမဆောင်အတွင်းတွင် လော့ချန်သည် ကုသိုလ်မှတ်တမ်းစာအုပ်ကို ချလိုက်သော မုရုံချင်းလျန်ကို ကြည့်ကာ ကရုဏာသက်စွာဖြင့် မေးလိုက်သည်။

သူမ အခြေတည်အဆင့် တက်လှမ်းမှု ကျရှုံးခဲ့ရသည့် အချိန်မှစ၍ ယခုဆိုလျှင် တစ်နှစ်ကျော်ခန့် အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ မုရုံချင်းလျန်သည် ထိုစဉ်က ကျရှုံးခြင်း၏ အရိပ်မည်းကြီးအောက်မှ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ဟန် တူပေသည်။

သူမ နူးညံ့စွာ ပြုံးလိုက်ရင်း “အားလုံး အဆင်ပြေသွားပါပြီကွယ်” ဟု ဆိုသည်။

“ပြောရမယ်ဆိုရင်.... အဲဒီတုန်းက မင်း ချက်ချင်းပဲ ဆေးဝါးတွေနဲ့ ကုသပေးခဲ့လို့သာ ခန္ဓာကိုယ်က ဒီလောက်အထိ အမြန် ပြန်ကောင်းလာတာပါ"

လော့ချန်က ခေါင်းကို ခါယမ်းလိုက်ရင်း “ကျွန်တော့်ကြောင့် မဟုတ်ပါဘူး.... ဦးလေးချင်က အမြဲ ဂရုတစိုက် စောင့်ရှောက်ပေးခဲ့လို့ပါ" ဟုဆိုသည်။

မုရုံချင်းလျန်က ရယ်မောလျက် “သူက လူကြမ်းကြီးပါ.... ဘယ်လိုလုပ်ပြီး လူကို ဂရုစိုက်တတ်မှာလဲ" ဟု အပြစ်တင်စကား ဆိုလိုက်သည်။ သူမ မကျေနပ်သလို ပြောနေသော်လည်း သူမ၏ မျက်နှာထက်မှ ပျော်ရွှင်မှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ဤတစ်နှစ်တာ အချိန်အတွင်း ချင်လျန်ချန်းသည် သူ၏ မာနများကို ဘေးဖယ်ထားကာ မုရုံချင်းလျန်ကို အစွမ်းကုန် ဂရုစိုက်ပေးခဲ့ရာ လူအများ၏ အံ့သြချီးမွမ်းမှုကိုပင် ခံခဲ့ရသည်။ အပြင်လူများပင် ဤမျှအထိ အံ့သြနေရလျှင် ထိုဂရုစိုက်မှုကို ကိုယ်တိုင် ခံစားခဲ့ရသော ဇနီးသည်အတွက်မူ မည်မျှအထိ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်နည်း။

သူမက ဆက်လက်၍ ဘေးတွင်ပုံထားသော စာအုပ်များကို ညွှန်ပြရင်း ပြောလိုက်ပြန်သည်။

“ဒီစာအုပ်တွေကတော့.... ကုသိုလ်အမှတ် မူဝါဒကို မပြင်ဆင်ခင်နဲ့ ပြင်ဆင်ပြီးနောက်ပိုင်း ရရှိလာတဲ့ မှတ်တမ်းတွေရဲ့ အနှစ်ချုပ်ပဲ.... နည်းနည်းတော့ များတယ်.... မင်း ဒါတွေကို အကုန်ဖတ်မယ်ဆိုရင်.... အချိန်အတော်ပေးရလိမ့်မယ်"

လော့ချန် နှုတ်ခမ်းကို သပ်ရင်း ထိုစာအုပ်များထဲမှ တစ်အုပ်ကို ကောက်ကိုင်လိုက်ရာ အနည်းငယ် စိမ်းသက်မှုကို ခံစားလိုက်ရသည်။ လခြမ်းတောင်ကြားတွင် စီမာဟွေ့နန်ထံသို့ စီမံခန့်ခွဲရေးမှူးရာထူးကို လွှဲပြောင်းပေးအပ်ခဲ့ပြီးကတည်းက သူသည် ဤကဲ့သို့သော အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းများကို ဖတ်ရှုခြင်း မရှိတော့သည်မှာ ကြာပြီဖြစ်သည်။

ပထမဆုံး ကြည့်လိုက်ရချိန်တွင် သေးငယ်လှသော စာလုံးများမှာ မျက်စိရှုပ်စရာ ကောင်းလွန်းလှပေသည်။ သို့သော် သူသည် စိတ်မရှည်ခြင်းများကို ထိန်းချုပ်လိုက်ရင်း အသေးစိတ်ကို သေသေချာချာ စတင်ဖတ်ရှုတော့သည်။ ဤသည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။ အကယ်၍ သူ၏ ဆေးဖော်စပ်ခြင်း အတတ်ပညာသည် သူ ရှင်သန်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်ပါက လော့ထျန်အဖွဲ့အစည်းသည် လောကအလယ်တွင် သူ ရပ်တည်ရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ပေသည်။ လော့ထျန်းအဖွဲ့ မရှိတော့ပါက သူ၏ ဆေးဖော်စပ်ခြင်းအတတ်မှ ရရှိလာမည့် အကျိုးအမြတ်များမှာလည်း များစွာ လျော့နည်းသွားပေလိမ့်မည်။

ထို့ပြင် ယခုလက်ရှိ ဖွံ့ဖြိုးတိုးတက်နေသော အခြေအနေအရ ကြည့်မည်ဆိုပါက သူကိုယ်တိုင် ဆေးဖော်စပ်ခြင်း မပြုလုပ်သည့်တိုင်အောင် လော့ထျန်းအဖွဲ့သည် မိမိဘာသာ ရပ်တည်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ ယခင် မီရှုဟွာနှင့် ဝမ်ဟိုင်ချောင်တို့ကို ကြည့်မည်ဆိုပါက သူတို့တွင် ထူးခြားလှသော စွမ်းရည် တစ်စုံတစ်ရာ မရှိခဲ့ကြချေ။ သို့သော် ထိုစဉ်က ဂိုဏ်း၏ အရိပ်အာဝါသအောက်ဝယ် သက်တောင့်သက်သာဖြင့် ဘဝကို ဖြတ်သန်းနိုင်ခဲ့ကြသည် မဟုတ်ပါလော။

လော့ထျန်းအဖွဲ့၏ အဖွဲ့ဝင် အရေအတွက်မှာ ဖိုရှန်းဂိုဏ်းနှင့် တာကျန်းဂိုဏ်း တို့လောက် မများပြားသော်လည်း အဖွဲ့အတွင်းရှိ လူတိုင်းမှာ ထက်မြက်လှသော ပါရမီရှင်များ ဖြစ်ကြသည်။ ကဏ္ဍစုံမှ ပါရမီရှင်များ၊ ဆေးဖော်စပ်သူများ၊ လက်နက်သွန်းလုပ်သူများ၊ အစီအရင်ဆရာများ၊ စိုက်ပျိုးရေး ကျင့်ကြံသူများနှင့် ကုန်သည်များအထိ အစုံအလင် ရှိကြသည်။ ထိုအထဲတွင် မိမိတို့ နယ်ပယ်အလိုက် ထိပ်တန်းကျင့်ကြံသူများလည်း မနည်းလှချေ။ ပြောရမည်ဆိုပါက ယခုလက်ရှိ လော့ထျန်းအဖွဲ့သည် တကယ့် အရွယ်ရောက်ပြီးသား သားရဲကြီးတစ်ကောင်ကဲ့သို့ အင်အားကြီးမားနေခဲ့ပြီ ဖြစ်သည်။ လော့ချန် ယခု ပြုလုပ်ရမည့် ကိစ္စမှာမူ ဤသားရဲထိန်းကျောင်းသူ စီမာဟွေ့နန် မရှိတော့သည့် ကာလအတွင်း မိမိကိုယ်တိုင် ဇက်ကြိုးကို ကိုင်တွယ်ပြီး ဤသားရဲကြီးကို လမ်းမှန်ပေါ်သို့ ဆက်လက် လျှောက်လှမ်းစေရန်နှင့် လမ်းလွဲမသွားစေရန် ထိန်းကျောင်းပေးရန်သာ ဖြစ်သည်။

လော့ချန်တစ်ယောက် စာအုပ်များကို ဖတ်ရှုနေစဉ် မုရုံချင်းလျန်က သူ၏ ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူ မေးခွန်းထုတ်သည့် အချိန်တိုင်း သူမ ချက်ချင်း ပြန်လည်ဖြေကြားပေး၏။

သူမသည် တစ်နှစ်ပတ်လုံး ဒဏ်ရာကို ကုသနေခဲ့ရသော်လည်း လောကကြီး၏ အခြေအနေများကို မသိဘဲ နေခဲ့ခြင်းမျိုး မဟုတ်ချေ။ ကုသိုလ်ခန်းမဆောင်၏ အခြေအနေ အဝဝအားလုံးကို စီမာဝမ်ကျဲနှင့် ချင်လျန်ချန်းတို့က သူမထံသို့ မှတ်တမ်းမိတ္တူများ အမြဲ ယူဆောင်လာပေးခဲ့ကြသောကြောင့်ပင်။ မကြာသေးမီကမှ ခန်းမဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း အသေးစိတ် ကိစ္စရပ်အားလုံးကို ရေထဲလွှတ်သည့် ငါးကဲ့သို့ ကျွမ်းကျင်နေဆဲ ဖြစ်သည်။

သူမ၏ ကူညီမှုကြောင့် လော့ချန်သည် လော့ထျန်းအဖွဲ့၏ အခြေအနေကို လျင်မြန်စွာ ကောင်းကောင်းကြီး နားလည်သွားတော့သည်။ ဘဏ္ဍာရေးပိုင်းနှင့် ပတ်သက်၍မူ သူကိုယ်တိုင် အမြဲ ဂရုတစိုက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လူအင်အားနှင့် စီမံခန့်ခွဲမှုအပိုင်းကိုပါ ကောင်းစွာ သိရှိသွားပြီဖြစ်ရာ နောက်ဆက်တွဲ ကိစ္စရပ်များကို အေးဆေးတည်ငြိမ်စွာဖြင့် ဆုံးဖြတ်ချက် ချနိုင်တော့မည် ဖြစ်သည်။

မုရုံချင်းလျန်က ဆက်လက် အစီရင်ခံလိုက်၏။

“အပြင်စည်းအဖွဲ့ဝင်တွေကို တိုးမြှင့်စုဆောင်းတဲ့ ကိစ္စကတော့.... ဆက်ပြီး လုပ်နေတုန်းပါ၊ ဘဏ္ဍာစိုးရွှီက ဒါကို တာဝန်ယူထားပြီး စီမံခန့်ခွဲရေးမှူးစီမာက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်.... လောလောဆယ် အပြင်စည်းကျင့်ကြံသူ အရေအတွက်က.... ရာဂဏန်းအထိ ရှိနေပြီဖြစ်လို့ အတွင်းစည်းအဖွဲ့ဝင်တွေရဲ့ ထက်ဝက်နီးပါးလောက် ရှိနေပါပြီ၊ ဒါကြောင့် အဖွဲ့ထဲက အဆင့်မြင့် ကျင့်ကြံသူအချို့က.... နောင်မှာ အပြင်စည်းအင်အားက အတွင်းစည်းထက် ကြီးမားသွားပြီး ထိန်းချုပ်ရ ခက်ခဲလာမှာကို စိုးရိမ်နေကြလို့ အရေအတွက်ကို ပြန်လည်လျှော့ချဖို့ အကြံပြုထားကြပါတယ်"

အပြင်စည်းအဖွဲ့ဝင်များနှင့် ပက်သက်၍ မုရုံချင်းလျန်သည် အလွန်ပင် သတိကြီးစွာ ထားပုံရသည်။ အကြောင်းမှာ လော့ထျန်းအဖွဲ့သည် တကယ့် ဂိုဏ်းကြီးများကဲ့သို့သော အစဉ်အလာနှင့် သမိုင်းကြောင်းများ မရှိသဖြင့် စည်းလုံးမှုပိုင်းတွင် အားနည်းနိုင်သောကြောင့်ပင်။ အကယ်၍ အမှန်ပင် အပြင်စည်းအင်အားက ပိုမိုကြီးမားလာပြီး အတွင်းစည်းကို ပြန်လည်ခြိမ်းခြောက်လာမည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက ၎င်းသည် ကြီးမားသော ပြဿနာ ဖြစ်လာနိုင်ပေသည်။

သို့သော် လော့ချန်ကမူ ဂရုစိိုက်ပုံ မရချေ။

“အတွင်းစည်းထဲမှာ.... ကျွန်တော် ရှိနေသရွေ့၊ ပြီးတော့ တွမ်ဖုန်းတို့လို အခြေတည်အဆင့် ကျင့်ကြံသူတွေ ရှိနေသရွေ့.... အပြင်စည်းက ဘယ်လိုမှ ဂယက်ထမလာနိုင်ပါဘူး.... ကျွန်တော်တို့အနေနဲ့.... ဂိုဏ်းကြီးတွေရဲ့ စနစ်ကို ပုံတူကူးချနေစရာ မလိုပါဘူး၊ ဖိုရှန်ဂိုဏ်းရဲ့ အပြင်စည်း အင်အားစုတွေ စုဆောင်းတဲ့ ပုံစံမျိုးကိုပဲ အတုယူသင့်ပါတယ်"

“ဒီအပြင်စည်းကျင့်ကြံသူ အများစုဟာ.... လော့ထျန်းအဖွဲ့ဆိုတဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ ခိုလှုံချင်လို့ လာကြတာပဲ၊ အရင်တုန်းက တာဟဲဈေးမြို့တော်မှာ ဖိုရှန်ဂိုဏ်းအောက်မှာ ခိုလှုံနေခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေလိုမျိုးပေါ့"

“ကျွန်တော့်အမြင်အရတော့.... သူတို့ကို ဖိနှိပ်ထားဖို့ မလိုပါဘူး၊ ဆန့်ကျင်ဘက်အရ သူတို့အားလုံး နောက်ကြောင်းရှင်းတယ်ဆိုတာ သေချာရင်.... အရေအတွက်ကို ပိုပြီးတော့တောင် တိုးပြီး စုဆောင်းသင့်ပါတယ်"

ဖိုရှန်ဂိုဏ်းအကြောင်း ပြောလိုက်သည်နှင့် မုရုံချင်းလျန်လည်း ချက်ချင်း သဘောပေါက်သွားတော့သည်။ ထိုစဉ်က ဖိုရှန်ဂိုဏ်း၏ အဓိက အင်အားမှာ ခန်းမဆောင် ၉ ခုမှ အလယ်ပိုင်းနှင့် အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အောက်ခြေ အဆင့်နိမ့် ကျင့်ကြံသူများကိုမူ ကျွန်ပြုခိုင်းစေခြင်းသာ ဖြစ်သည်။ ခံစားခွင့်ဆိုသည်မှာ လုံးဝ မရှိသလောက်ပင်။ ပြဿနာတစ်ခုခု ကြုံတွေ့ရတိုင်းလည်း ထိုသူများကိုသာ အမြဲတမ်း ရှေ့ဆုံးမှ အသုံးချလေ့ရှိသည်။

ကျင့်ကြံခြင်းလောကတွင် ချီသန့်စင်အဆင့် ကျင့်ကြံသူများမှာ အများဆုံး မဟုတ်ပါလော။ ဤတစ်သုတ် ကုန်သွားလျှင် နောက်ထပ် တစ်သုတ်က ပြန်လည်၍ ထွက်ပေါ်လာဦးမည်သာ ဖြစ်သည်။

ထျန်းလန်နတ်ဘုရားမြို့တော်သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော နေရာတွင် တည်ရှိသဖြင့် နေ့စဉ်နှင့်အမျှ အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများစွာ စုဝေးရောက်ရှိနေကြသည်။ ဤနေရာတွင် အခွင့်အလမ်းကို လာရောက်ရှာဖွေကြသော အရပ်သားကျင့်ကြံသူများမှာ လော့ထျန်းအဖွဲ့ဝင်များကဲ့သို့ ထျန်းလန်တောင်ထိပ်တွင် ဂူဗိမာန် ငှားရမ်းနိုင်ခြင်း သို့မဟုတ် ဒန်ရှားတောင်ထိပ်တွင် အခြေချနိုင်ခြင်းလည်း မရှိကြချေ။ သူတို့အဖို့ ကောင်းကောင်း ကျင့်ကြံနိုင်မည့် ချီစွမ်းအင် သိပ်သည်းသော ဝိညာဉ်ကြော နေရာတစ်ခုကို လိုအပ်ကြသည်။ လော့ထျန်းအဖွဲ့က သူတို့အား ဤအခွင့်အရေးကို ပေးအပ်ထားခြင်း ဖြစ်သဖြင့် သူတို့ဘက်ကလည်း အပြန်အလှန်အားဖြင့် အဖိုးအခအချို့ကို ပေးဆောင်ရမည်မှာ ဓမ္မတာပင်။ လော့ထျန်းအနေဖြင့် လူအများအပြား စုဆောင်းနိုင်လေလေ အဖွဲ့အတွင်းရှိ အဆင့်မြင့် ကျင့်ကြံသူများကို ထောက်ပံ့ရန် ပိုမိုလွယ်ကူလေလေ ဖြစ်သည်။

လော့ချန် ဆက်လက်၍ ဖြည့်စွက်ပြောလိုက်၏။

“ဒါပေမဲ့”

“သူတို့ကို အမြဲတမ်း ခေါင်းပုံဖြတ် အမြတ်ထုတ်နေဖို့ပဲ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး၊ သူတို့အတွက် သင့်တော်တဲ့ ရာထူးတက်နိုင်မယ့် လမ်းကြောင်းတွေကို ပေးထားရပါမယ်"

“အပြင်စည်းနဲ့ အတွင်းစည်းကြားထဲမှာ.... ပေါင်းကူးတံတားတစ်စင်း ရှိနေရပါမယ်၊ ဒါမှ သူတို့လည်း ကြိုးစားရင် အောင်မြင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို မြင်တွေ့နိုင်မှာပါ"

တိကျလှသော ရာထူးတိုးမြှင့်မှု စနစ်နှင့် ပတ်သက်၍မူ လော့ချန် ယခုချက်ချင်း ထုတ်ဖော်မပြောနိုင်သေးချေ။ အားလုံးကို အရင်ဆုံး သေသေချာချာ စိစစ်ပြီးမှသာ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည် ဖြစ်သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၀၄) - ရှန်းဟူဆေးကျမ်းနှင့် ပထမအဆင့်ဆေးနည်းများကို ကလေးကစားစရာလို မြင်နေသော ဆေးဖော်ဆရာကြီး

လော့ချန်သည် စာအုပ်ကို ကိုင်ထားရင်း စာမျက်နှာများကို လှန်ကာ အတွေးနက်သွားခဲ့သည်။

ခေတ္တမျှ ကြာပြီးနောက် သူ သတိပြန်ဝင်လာခဲ့သည်။

“အစဉ်အလာကို လက်ဆင့်ကမ်းတဲ့ စနစ်ကို.... စတင်ပြီး အကောင်အထည်ဖော်ရမယ့် အချိန်ရောက်ပြီ”

မုရုံချင်းလျန်က ဝေခွဲမရဖြစ်စွာဖြင့် မေးလိုက်သည်။

“မင်းပြောချင်တဲ့ အဓိပ္ပာယ်က....”

“လော့ထျန်းအဖွဲ့ထဲမှာ အခြေတည်အဆင့် ကျင့်ကြံသူက ကျွန်တော်အပါအဝင် ဆိုရင် လေးယောက်တောင် ရှိနေပြီ၊ ရွှေအမြုတေဂိုဏ်းကြီးတွေကို မမှီနိုင်သေးပေမဲ့.... ဆုတ်ယုတ်ပျက်စီးနေတဲ့ ဂိုဏ်းငယ်လေးတွေနဲ့တော့ ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေ ရှိနေပြီ၊ သူတို့က ဒီလို လက်ဆင့်ကမ်းတဲ့ စနစ်ကို သုံးပြီး အဖွဲ့ရဲ့ စည်းလုံးမှုကို မြှင့်တင်နိုင်ရင်.... ကျွန်တော်တို့လည်း ဘာလို့ မလုပ်နိုင်ရမှာလဲ”

လော့ချန် ရဲရဲဝံ့ဝံ့ပင် ဆိုလိုက်ပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက် ချက်ချင်း ချလိုက်တော့သည်။

“ကျွန်တော် ချွီလင်ကျွင်းကို တပည့်အဖြစ် လက်ခံထားပြီးပြီ၊ ကျွန်တော့်ရဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းဖို့အတွက် နောက်ထပ် တပည့်တစ်ယောက် ထပ်ပြီး လက်ခံဖို့ကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး.... တွမ်ဖုန်းကလည်း သူ့ တပည့်တွေကို အမြဲတမ်း သင်ကြားပေးနေတာပဲ၊ သူက အဲဒီထဲကနေ ပါရမီကောင်းတဲ့ ကလေးတချို့ကို ရွေးချယ်ပြီး.... သူ့ရဲ့ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာ ဒါမှမဟုတ် ကျင့်စဉ်တွေကို လက်ဆင့်ကမ်းပေးလို့ ရပါတယ်"

“မင်လုံယွီဆိုလည်း သူ့ စိတ်ထဲမှာ မင်မျိုးနွယ်စုကို ပြန်လည်ဦးမော့လာအောင် လုပ်ချင်တဲ့ စိတ်ဆန္ဒ ရှိနေတုန်းပဲ၊ အခု မင်မျိုးနွယ်စု မရှိတော့ပေမဲ့.... သူ့ရဲ့ အစီအရင် အတတ်ပညာတွေကို အခြားနည်းလမ်းတစ်ခုနဲ့ လက်ဆင့်ကမ်းသွားလို့ ရတာပဲ မဟုတ်လား"

“အစ်ကိုကြီး ဝမ်ယွမ်ကိုတော့.... ဟန်ပြပဲဖြစ်ဖြစ်၊ တကယ်ပဲဖြစ်ဖြစ် တပည့်လက်ခံဖို့ ကိစ္စကို ကျွန်တော် သွားပြီး ပြောရမယ်"

ဤစကားများကို ကြားလိုက်ရချိန်တွင် မုရုံချင်းလျန်၏ စိတ်ထဲ၌ လှိုင်းလုံးများ ထန်သွားရတော့သည်။ အပေါ်ယံအားဖြင့် ရိုးရှင်းသည်ဟု ထင်ရသော်လည်း နောက်ကွယ်တွင် မည်မျှအထိ ကြီးမားသော အဓိပ္ပာယ်များ ပါဝင်နေသည်ကို သူမထက် ကောင်းစွာ သိရှိသူ မရှိချေ။

လော့ထျန်အဖွဲ့အစည်း၏ အဖွဲ့ဝင်ဟောင်းများ မည်မျှပင် သစ္စာရှိကြစေကာမူ သူတို့သည် ဤနေရာကို ဝိညာဉ်ကျောက်ရှာရန်နှင့် ခိုလှုံရန်နေရာတစ်ခုအဖြစ်သာ သတ်မှတ်ထားကြဆဲ ဖြစ်သည်။ ၎င်းသည် ဂိုဏ်းကြီးတစ်ခု၏ ကုန်သွယ်ရေးခန်းမနှင့် တူသော်လည်း ဆက်ဆံရေး ပိုမိုနီးစပ်သည်ဟုသာ ဆိုရမည်။ သို့သော်လည်း အကယ်၍ အမှန်ပင် ဤကဲ့သို့သော လက်ဆင့်ကမ်းခြင်း စနစ်ကို အတည်ပြုလိုက်မည်ဆိုပါက လုံးဝ ဥဿုံ ကွဲပြားခြားနားသွားပေလိမ့်မည်။ ၎င်းက လော့ထျန်အဖွဲ့အစည်းကို သာမန်တစ်ကိုယ်တော် ကျင့်ကြံသူအဖွဲ့အစည်းတစ်ခုမှ စစ်မှန်သော ဂိုဏ်းတစ်ခုအသွင်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်။

ဂိုဏ်းစနစ်သည် သွေးသားတော်စပ်မှုအပေါ် အခြေခံထားသော မျိုးနွယ်စုစနစ်ထက်ပင် မနိမ့်ကျရုံတင်မကဘဲ သာလွန်ကောင်းမွန်လှပေသည်။ သူမ၏ ချင်မျိုးနွယ်စုသည် အကောင်းဆုံး သာဓက ဖြစ်သည်။ သူမ၏ သားဖြစ်သူ ရှောင်ဟူတစ်ယောက် တိမ်ပြိုဂိုဏ်းထံသို့ ဝင်ရောက်သွားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခန့် ရှိနေခဲ့ပြီ ဖြစ်သည်။ စစ်ပွဲများ ဖြစ်ပွားနေသော်လည်း အိမ်သို့ တစ်ခါမျှ ပြန်မလာခဲ့ဖူးပေ။ သူ ပေးပို့လာသော စာများထဲတွင်မူ ဂိုဏ်းတွင်းရှိ မမလေးများ၊ အစ်ကိုကြီးများနှင့် ဆရာဦးလေးများအကြောင်းကိုသာ ခဏခဏ ထည့်ရေးလေ့ရှိသည်။ ကြည့်ရသည်မှာ အိမ်နှင့်ဝေးရာတွင် တကယ့် အိမ်အသစ်တစ်ခု ရရှိသွားသည့်ပုံပင်။

ပြည့်စုံသော ဂိုဏ်းစနစ်သည် ကျင့်ကြံသူများကို တကယ့် အိမ်ကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ရုံတင်မကဘဲ စိတ်နှလုံးထဲမှနေ၍ ဂိုဏ်းနှင့်အတူ အသက်သေခံကာ ကာကွယ်လိုစိတ်မျိုးကိုပါ ဖြစ်ပေါ်စေတတ်သည်။ လော့ချန်သာ ဤလက်ဆင့်ကမ်းခြင်း စနစ်ကို အမှန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက ၎င်း၏ သြဇာသက်ရောက်မှုမှာ စီမာဟွေ့နန် အကောင်အထည်ဖော်ခဲ့သော ကုသိုလ်အမှတ်စနစ်ထက်ပင် များစွာ သာလွန်ကျော်လွန်သွားပေလိမ့်မည်။

မုရုံချင်းလျန်သည် တံတွေးတစ်ချက် မျိုချလိုက်ရင်း “ဒို့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်ကြီးက တကယ်ကို အမြော်အမြင် ကြီးမားလှပါတယ်” ဟု ချီးမွမ်းလိုက်တော့သည်။

“ဒေါ်လေးကလည်း.... မြှောက်ပြောလွန်းနေပါပြီ"

လော့ချန် ရယ်မောရင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဘယ်လိုလက်ဆင့်ကမ်းမလဲ၊ တပည့်တွေကို ဘယ်လိုလက်ခံမလဲ၊ နောင်မှာ ဒီစနစ်ကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းသွားမလဲဆိုတာကတော့ ပေါ့ပေါ့ဆဆ လုပ်လို့မရတဲ့ ကိစ္စတွေ”

“ဒီကိစ္စကို.... ကျွန်တော်က စကားစပြီး အကြံပြုရုံတင်ပဲ ရှိပါသေးတယ်၊ အသေးစိတ်ကိုတော့ အားလုံး အတူတူ ညှိနှိုင်းရဦးမှာပါ"

“ကဲ.... ကျွန်တော် ဆက်ပြီး ဖတ်လိုက်ဦးမယ်.... ဒေါ်လေး ပျင်းနေရင် အပြင်ဘက်ကို ထွက်ပြီး လမ်းလျှောက်လို့ ရပါတယ်၊ လိုအပ်ရင် ကျွန်တော် လှမ်းခေါ်လိုက်ပါ့မယ်"

မုရုံချင်းလျန်က ခေါင်းကို ခါယမ်းလိုက်ရင်း လော့ချန်၏ဘေးနားတွင်သာ စိတ်ရှည်လက်ရှည်ဖြင့် ဆက်ထိုင်နေခဲ့သည်။

လော့ချန်ကမူ မှတ်တမ်းစာအုပ်ကိုသာ ဆက်လက်ဖတ်ရှုနေခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ရုတ်တရက် လော့ချန်၏ အကြည့်မှာ စာမျက်နှာတစ်ခု၏ ထောင့်စွန်းတစ်နေရာတွင် ရပ်တန့်သွားခဲ့ရသည်။ ထိုစာမျက်နှာကို ကြည့်ရင်း သူသည် အတော်အတန် ကြာမြင့်စွာ အတွေးနက်သွားခဲ့ရသည်။

မုရုံချင်းလျန်က တစ်စုံတစ်ရာ မူမမှန်ကြောင်း ရိပ်မိသွားသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲကွယ်"

သူမအနေဖြင့် ကုသိုလ်ခန်းမဆောင်ကို ကိုင်တွယ်နေခြင်း ဖြစ်သဖြင့် အသေးစိတ် ကိစ္စရပ်အားလုံးကို ရေထဲလွှတ်သည့် ငါးကဲ့သို့ ကျွမ်းကျင်လှရာ ထိုအပိုင်းတွင် ပါဝင်သော အကြောင်းအရာများကို မကြာခင်မှာပင် ပြန်လည်အမှတ်ရသွားတော့သည်။

လော့ချန်ဖတ်နေသော စာမျက်နှာမှာ ယွီလုလမ်းတွင် ငှားရမ်းထားသော ဒန်ရှားမေနန်းဆောင်၏ အကြောင်းအရာပင် ဖြစ်သည်။ ထိုနေရာ၏ ငှားရမ်းခ သက်တမ်း ကုန်ဆုံးတော့မည့် ကိစ္စနှင့် ပတ်သက်၍ နှစ်စဉ် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဟူသော သက်သာသော ဈေးနှုန်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကူချိုင်ယီသည် ရေခဲလှိုင်းနန်းတော်သို့ အကြိမ်ကြိမ် သွားရောက် ဆွေးနွေးခဲ့ရသည်။

နောက်ဆုံးတွင် နှစ်စဉ် ငှားရမ်းခကို ဝိညာဉ်ကျောက်တုံး ၅၂၀၀ ဖြင့် ညှိနှိုင်းနိုင်ခဲ့သည်။

မိမိတို့ဘက်မှ နစ်နာသွားခြင်းလော။

မဟုတ်ချေ။ ကူချိုင်ယီအနေဖြင့် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် ထျန်းလန်နတ်ဘုရားမြို့တော်၏ ငှားရမ်းခများမှာ နှစ်စဉ်နှင့်အမျှ မြင့်တက်နေခဲ့ခြင်း ဖြစ်သည်။ သုံးနှစ်အကြာတွင် ဤမျှပမာဏသာ မြင့်တက်ခြင်းက တကယ်ကို အမြတ်ထွက်သည်ဟု ပြော၍ ရပေသည်။ ဤဖြစ်စဉ်အတွင်း ကူချိုင်ယီက အင်အားများစွာ စိုက်ထုတ်ခဲ့ရသဖြင့် ကုသိုလ် မှတ်တမ်းတွင် ထည့်သွင်းမှတ်တမ်းတင်ထားရခြင်း ဖြစ်သည်။

သို့သော်လည်း ငှားရမ်းခ တိုးမြှင့်ခြင်းက လော့ချန်၏ အာရုံကို ဆွဲဆောင်ခဲ့ခြင်း မဟုတ်ပေ။

“ဘာဖြစ်လို့ ဒီတစ်ခေါက်.... သုံးနှစ်သက်တမ်းနဲ့ မငှားခဲ့တာလဲ၊ ဘာလို့ တစ်နှစ်ပဲ သက်တမ်းတိုးခဲ့ရတာလဲ"

မုရုံချင်းလျန်က သဘာဝကျကျပင် ပြန်လည်ဖြေကြားလိုက်သည်။

“ဒါကတော့.... ရေခဲခံတပ်ရဲ့ ထျန်းလန်နတ်ဘုရားမြို့တော်ကို အလှည့်ကျ အုပ်ချုပ်တဲ့ ၁၀ နှစ် သက်တမ်းက ကုန်ဆုံးတော့မှာ မလို့လေ၊ နောက်ထပ် လာမယ့် ရွှေအမြုတေ ဂိုဏ်းကြီးဆီကို လွှဲပြောင်းပေးရတော့မှာ ဆိုတော့ ငှားရမ်းခ သက်တမ်းကို တစ်နှစ်ချင်းစီပဲ တိုးလို့ ရတော့တာပါ.... ဒါက.... နတ်ဘုရားမြို့တော်ရဲ့ ထုံးစံတစ်ခုပဲလေ"

သူမ ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သော်လည်း လော့ချန်၏ မျက်နှာ အမူအရာမှာမူ ထူးခြားစွာဖြင့် ပြောင်းလဲသွားရတော့သည်။

ရေခဲခံတပ်၏ ၁၀ နှစ် အလှည့်ကျ အုပ်ချုပ်မှု သက်တမ်း ကုန်ဆုံးတော့မည် ဆိုပါလား။

ဤသည်မှာ သတင်းကောင်းတစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။ လော့ထျန်းအဖွဲ့၏ ကျောထောက်နောက်ခံမှာ ရေခဲခံတပ် ဖြစ်သည်။ အကယ်၍ ထျန်းလန် နတ်ဘုရားမြို့တော်၏ အုပ်ချုပ်သူ အာဏာပိုင်များသာ အခြားဂိုဏ်းတစ်ခုခုသို့ ပြောင်းလဲသွားခဲ့မည်ဆိုပါက လော့ထျန်းအဖွဲ့၏ စီးပွားရေး လုပ်ငန်းမျိုးစုံမှာ မလွဲဧကန် သက်ရောက်မှုများ ကြုံတွေ့ရဖွယ် ရှိနေပေသည်။

‘ငါ.... ဒီအချက်ကို လုံးဝ သတိမထားမိခဲ့ဘူးပဲ’

‘ရေခဲခံတပ်ရဲ့ ကာကွယ်မှုအောက်မှာ သက်တောင့်သက်သာ နေထိုင်ရတာ ကျင့်သားရနေခဲ့လို့.... ငါတို့ ထျန်းလန်နတ်ဘုရားမြို့တော်ကို ရောက်လာတာ ၆ နှစ်တောင် ရှိသွားပြီဆိုတာကို မေ့နေခဲ့တာပဲ’

‘ဟုတ်သားပဲ.... နတ်ဘုရားမြို့တော်က တကယ်ပဲ အုပ်ချုပ်သူ အပြောင်းအလဲ ဖြစ်တော့မှာပဲ’

လော့ချန်၏ မျက်ဝန်းများမှာ လက်ခနဲဖြစ်သွားပြီး မှတ်တမ်းစာအုပ်ကို ပိတ်လိုက်တော့သည်။

“ကျွန်တော် ရေခဲလှိုင်းနန်းတော်ကို တစ်ခေါက်လောက် သွားလိုက်ဦးမယ်…. လော့ထျန်းအဖွဲ့ကိုတော့ ဒေါ်လေးပဲ သေချာလေး စောင့်ရှောက်ပေးပါဦး"

မုရုံချင်းလျန်က ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ သူမ၏ တာဝန်ဝတ္တရား ဖြစ်ပေသည်။

သို့သော်လည်း လော့ချန် အလျင်အမြန် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူမလည်း နောက်ကျမှ အခြေအနေကို ရိပ်မိသွားဟန် တူပေသည်။ သူမ၏ မျက်နှာ အမူအရာမှာလည်း ဖြည်းဖြည်းချင်း လေးနက်တည်ကြည်သွားရတော့သည်။

....

ရေခဲလှိုင်းနန်းတော်အတွင်း ဖြစ်သည်။

လော့ချန်အား လာရောက်ဧည့်ခံသူမှာ မိန်းမချောလေး ရှီလန် ဖြစ်သည်။

သူမက သူ့အား သတင်းဆိုးတစ်ခု ပြောပြခဲ့သည်။

ရေခဲခံတပ်၏ အခြေတည်အဆင့် ကျင့်ကြံသူအားလုံးမှာ မကြာသေးမီကပင် အပြင်လူများနှင့် တွေ့ဆုံခြင်း မရှိတော့ဘဲ၊ ကြားသိရသလောက်ဆိုလျှင် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ကျင့်ကြံသူများနှင့် လွှဲပြောင်းရေး ကိစ္စရပ်များကို ဆောင်ရွက်နေကြကြောင်း သိရသည်။

“ဒါဆို ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ နောင်လာမယ့် ၁၀ နှစ် အလှည့်ကျ အုပ်ချုပ်မယ့် ဂိုဏ်းက.... ဆေးလုံးစိမ်းချိုင့်ဝှမ်းလား ရှီလန်”

“ဟုတ်တယ်လေ အစ်ကိုကြီး လော့ချန်ရဲ့”

ရှီလန်က ချိုသာစွာဖြင့် ဆိုလိုက်သည်။

“ဒါက.... လေလံပွဲ ကျင်းပတဲ့ ကိစ္စနဲ့လည်း သက်ဆိုင်နေတာရှင့်၊ နောင်နှစ်မှာ ဘယ်ဂိုဏ်းက အလှည့်ကျ အုပ်ချုပ်မလဲဆိုတာပေါ် မူတည်ပြီး.... နှစ်ဂိုဏ်း ပူးပေါင်းပြီးတော့ လေလံပွဲကို ပူးတွဲကျင်းပကြတယ်လေ"

ပြီးခဲ့သည့်အကြိမ် လေလံပွဲတွင် ရေခဲခံတပ်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းတို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။ နောင်လာမည့် အကြိမ်တွင်မူ ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် တိမ်ပြိုဂိုဏ်းတို့ အလှည့် ရောက်ရှိလာတော့မည် ဖြစ်သည်။

ဆိုလိုသည်မှာ အလှည့်ကျ အစီအစဉ်မှာ ရေခဲခံတပ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်း၊ တိမ်ပြိုဂိုဏ်း စသည်ဖြင့် အစဉ်လိုက် သတ်မှတ်ထားခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ အိုက်လောင်တောင်၊ ဘုရင်မပန်းဂိုဏ်း၊ မီးလျှံမဟာမိတ်တို့ ဖြစ်ကြပြီး၊ နောက်ဆုံးတွင် ကျောက်စိမ်းအိုးဓားဂိုဏ်းထံသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

ဤကဲ့သို့ဖြင့် အနှစ် ၇၀ လျှင် တစ်ပတ်လည် သတ်မှတ်ထားခြင်း ဖြစ်သည်။

ဤသတင်းကို ကြားသိရပြီးနောက်တွင်မှ လော့ချန်၏ စိတ်ထဲ၌ အနည်းငယ် သက်သာရာရသွားတော့သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်တွင် သူကိုယ်တိုင်လည်း အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် အကျွမ်းတဝင် ရှိထားခဲ့ရာ အခြေအနေမှာ ဆက်လက်၍ တည်ငြိမ်နေနိုင်ဦးမည်ဟု ထင်မှတ်ရပေသည်။

သို့သော်လည်း သတိကြီးစွာ ထားတတ်သော လော့ချန်သည် မိမိ၏ မျှော်လင့်ချက်များကို ထောင်ရိရှန်းနှင့် ရွှမ်ယွင်ကျီတို့အပေါ်တွင်ချည်းသာ လုံးလုံးလျားလျား ပုံအပ်ထားလိမ့်မည် မဟုတ်ချေ။ ထိုနှစ်ဦးထဲတွင် ရွှမ်ယွင်ကျီသည် အလွန်ပင် ထက်မြက်လှသော ဆေးဖော်စပ်ခြင်း အတတ်ပညာကြောင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်း၌ ရာထူးအဆင့်အတန်း အနည်းငယ် ရှိနိုင်သော်လည်း ထောင်ရိရှန်းမှာမူ ဂိုဏ်းအတွင်း၌ အဆင့်မြင့် ရာထူးနေရာတွင် ရှိနေသူ မဟုတ်သည်မှာ သေချာလှပေသည်။ ထို့ပြင် အကယ်၍ ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်မှ နတ်ဘုရားမြို့တော်သို့ စေလွှတ်လိုက်သော အုပ်ချုပ်သူများမှာ သူနှင့် ရင်းနှီးကျွမ်းဝင်သူများ မဟုတ်ခဲ့ပါက သူ၏ ဤလူမှုဆက်ဆံရေး ကွန်ရက်ငယ်လေးမှာ လုံးဝ အသုံးမဝင် ဖြစ်သွားရပေလိမ့်မည်။

“ရှီလန်ရေ.... မင်းရဲ့ အဘွား အားတဲ့အချိန်ကျရင် အစ်ကို သူနဲ့ စကားပြောချင်တယ်လို့ ပြောပေးပါဦး.... အဆင်ပြေမယ်ဆိုရင်တော့.... ထန်ထိုက်ကျင်းနဲ့ တွေ့ဆုံနိုင်ရင် အကောင်းဆုံးပါပဲ”

ရှီလန်က ပြုံးလိုက်ရင်း “ရှီလန် ပြောလိုက်ပါ့မယ် အစ်ကိုကြီး” ဟု ချိုသာစွာဆိုသည်။

ရေခဲလှိုင်းနန်းတော်မှ ထွက်ခွာလာခဲ့ပြီးနောက် လော့ချန်သည် အနီးနားတွင်ရှိသော ထျန်းလန်တောင်ထိပ်ဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။

ပင်း-၆ ဂူဗိမာန်ကို ဖြတ်သန်းသွားချိန်တွင် သူ ခေတ္တမျှ ရပ်တန့်သွားခဲ့ရသည်။

“ငါ ဒီလို အလုပ်များတဲ့ ရက်တွေကို တကယ် ကျင့်သားမရသေးဘူးပဲ.... ဟွေ့နန် မရှိတော့ တကယ်ကို မလွယ်ဘူး....”

သူ ညည်းတွားလိုက်ရင်း အိမ်သို့ ပြန်လာခဲ့တော့သည်။

မြေစိုင်တောင်အတတ်နှင့် လှိုင်းလုံးအတတ်တို့ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သဖြင့် ယခုအခါ သူ့တွင် ယခင်ကထက် အားလပ်ချိန်များ ပိုမိုရရှိလာခဲ့သည်။ ချီလမ်းကြောင်းဆေးလုံးဖော်စပ်မှုမှာလည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တစ်လလျှင် တစ်ကြိမ်သာ ဖော်စပ်ရန် လိုအပ်သဖြင့် အချိန်များစွာ ပိုထွက်လာခဲ့သည်။ သူသည် မှော်အတတ်အသစ်များကို မလေ့လာသေးသဖြင့် အားလပ်ချိန်များစွာ ရှိနေဆဲပင်။ ကျောက်စိမ်းအမြုတေဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးတို့အား ဖော်စပ်ရသည့် အချိန်မှလွဲ၍ အားလပ်သည့် အချိန်အများစုကိုမူ စာအုပ်အမျိုးမျိုး ဖတ်ရှုခြင်းဖြင့်သာ ကုန်လွန်စေခဲ့သည်။ သူဖတ်ရှုလေ့ရှိသော စာအုပ်များမှာ ရှန်းဟူဆေးကျမ်း၊ ဟင်္သာအသွင်ပြောင်းကျမ်းနှင့် ယခင်က စုဆောင်းထားခဲ့သော ပထမအဆင့် ဆေးနည်း အချို့တို့ ဖြစ်သည်။ တတိယအဆင့် ဆေးဖော်စပ်သူတစ်ဦး၏ အတွေ့အကြုံ အနှစ်ချုပ်မှတ်တမ်း ဖြစ်သောကြောင့် ရှန်းဟူဆေးကျမ်းသည် သူ့အတွက် ကြီးမားလှသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ခဲ့သည်။

သူသည် ၎င်းကို ပြီးခဲ့သည့် နှစ်နှစ်၊ သုံးနှစ်အတွင်း အဆက်မပြတ် လေ့လာခဲ့ပြီး သူ၏ မြင့်မားလှသော ဆေးဖော်စပ်ခြင်း အတတ်ပညာကြောင့် ပထမအဆင့် ဆေးနည်းများမှာ အလွန်ပင် ရိုးရှင်းနေခဲ့သည်။ စနစ်၏ အကူအညီဖြင့် စတင်လေ့လာခြင်း မပြုလုပ်သည့်တိုင်အောင် သူကိုယ်တိုင်ပင် အလွယ်တကူ လက်တွေ့စမ်းသပ် ဖော်စပ်နိုင်ပြီဟု ခံစားနေရသည်။ ဝမ်ယွမ် ပေးထားခဲ့သော သွေးမိစ္ဆာဆေးလုံး၏ ဆေးနည်းကိုပင် သူ အားလုံးကို အသေအချာ ဖောက်ထွင်း သဘောပေါက်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဝမ်ယွမ်ဘက်ကသာ အဓိက ကုန်ကြမ်းပစ္စည်းများကို စုံလင်အောင် စုဆောင်းနိုင်မည်ဆိုပါက သူ ချက်ချင်းပင် လက်တွေ့ဖော်စပ်ပေးနိုင်သည့် အခြေအနေတွင် ရှိသည်။

နှမြောစရာ ကောင်းသည်မှာ ဝမ်ယွမ်သည် ကျင့်ကြံသူများ၏ သွေးအနှစ်သာရများကို များစွာ စုဆောင်းနိုင်ခဲ့ပြီး၊ လူ့အချင်းများကိုလည်း မှောင်ခိုစျေးကွက်မှနေ၍ ဝယ်ယူနိုင်ခဲ့သော်လည်း ယင်သားရဲချီကိုမူ ယခုထက်ထိ စုံလင်အောင် မစုဆောင်းနိုင်သေးခြင်းပင်။ မဟုတ်ပါက လော့ချန်ကိုယ်တိုင် ဝမ်ယွမ်အတွက် သွေးမိစ္ဆာဆေးလုံး တစ်သုတ်ကို ဖော်စပ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

တစ်ညတာ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက်....။

လော့ချန် တစ်နာရီခန့်မျှ အနားယူလိုက်ပြီး မိုးလင်းလာချိန်တွင် စာအုပ်အချို့ကို ယူဆောင်ကာ အပြင်သို့ ထွက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ဂူဗိမာန် တံခါးဝသို့ ရောက်ရှိလာချိန်တွင် နံနက်ခင်း လေညင်းအောက်တွင် စောင့်ဆိုင်းနေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို မြင်လိုက်ရသဖြင့် သူ တခဏမျှ ကြောင်အမ်းသွားရတော့သည်။

‘ဒီလောက်အထိ အစောကြီး လာရှာရအောင်.... ကိစ္စရှိလို့လား’

လာရောက်သူမှာမူ ချင်းဟွာမြစ် လီမျိုးနွယ်စုမှ ကျင့်ကြံသူ လီယင်ကျန်းပင် ဖြစ်သည်။

သူသည် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး နောင်လာမည့် ကာလတွင် လီမျိုးနွယ်စု၏ ဒေါက်တိုင်တစ်ခု ဖြစ်လာမည့်သူ ဖြစ်သည်။

လီယင်ကျန်းက လော့ချန်အား တရိုတသေနှုတ်ဆတ်လိုက်ရင်း

“ကျွန်တော့်ရဲ့ အဘိုး.... နေဝင်ချိန်ရောက်နေပြီ မလို့ပါ၊ အစ်ကိုလော့နဲ့ နောက်ဆုံးအကြိမ် တွေ့ချင်တယ်လို့ မှာလိုက်လို့ပါ ခင်ဗျာ"

All Chapters