← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း (၄၀၅) - အဘက်ဘက်မှ ထောင့်စေ့အောင် တွက်ချက်တတ်လွန်းသော အဘိုးအို

ချင်းဟွာမြစ်၏ ရေအောက်နန်းတော် ဂူဗိမာန်အတွင်း လီကျင်ဟွမ်အား လော့ချန် တစ်ချက် ကြည့်လိုက်သည်။

ထိုလူသည် တင်ပျဉ်ခွေထိုင်လျက်ရှိပြီး အသားအရေမှာ လွန်စွာခြောက်ကပ် ဆွေးမြည့်ကာ မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြူဆုတ်နေသည်။ ယခင်က ကိုယ်နှင့်အံကိုက်ဖြစ်သော ဝတ်ရုံပွကြီးမှာ ယခုအခါတွင်မူ သူ၏ပိန်လှီခြောက်ကပ်နေသော ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကြီးဖြစ်နေပြီး အတွင်း၌ ဘာမှမရှိသလို ဟာလာဟင်းလင်း ဖြစ်နေချေပြီ။

‘ဒါဟာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ သေခါနီး အခြေအနေမျိုးလား’

သာမန်ကျင့်ကြံသူများဆိုလျှင် မြင်နိုင်မည်မဟုတ်ချေ။ သို့သော် လော့ချန်၏ စူးရှလှသော အမြင်အာရုံနှင့် ထက်မြက်လှသော စိတ်အာရုံကြောင့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ဆုတ်ယုတ်ကျဆင်းနေသော စွမ်းအားများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ ပျက်စီးယိုယွင်းလာနေပြီဖြစ်သော တာအိုအခြေခံအုတ်မြစ်သည်လည်း သူ၏ စွမ်းအားများကို လုံးဝချုပ်တည်း မထားနိုင်တော့ပေ။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ဇကာပေါက်တစ်ခုနှင့် တူနေပြီး တစ်ကိုယ်လုံးရှိ အနှစ်သာရ စွမ်းအင်နှင့် စိတ်ဝိညာဉ်များအားလုံး အပြင်သို့ တရဟော ယိုစိမ့်ထွက်နေချေပြီ။

လော့ချန်၏ အကဲခတ်စစ်ဆေးနေသော အကြည့်ကို ရင်ဆိုင်ရင်း လီကျင်ဟွမ်တစ်ယောက် အလွန်အေးဆေး တည်ငြိမ်နေခဲ့သည်။ သူသည် မည်သည့်ဟန်ဆောင်ဖုံးကွယ်မှုကိုမျှ မလုပ်ဆောင်ဘဲ မိမိ၏ လက်ရှိအခြေအနေကို လော့ချန်ရှေ့ဝယ် ပွင့်လင်းမြင်သာစွာ အပြည့်အဝ ပြသထားလေသည်။

ဤသည်မှာ စေတနာကို ပြသခြင်းတစ်မျိုးပင်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဘဝ၏ နောက်ဆုံးအချိန် အပိုင်းအခြားတွင် မည်သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရတတ်သည်ကို လော့ချန်အား တတ်နိုင်သမျှ သိရှိနားလည်စေရန် ပြသခြင်းဖြစ်သည်။ အကယ်၍ လော့ချန်သည်လည်း တစ်နေ့နေ့တွင် ဤကဲ့သို့သော လမ်းဆုံးမျိုးနှင့် ကြုံတွေ့ရပါက ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ချင်းဟွာမြစ် လီမျိုးနွယ်စုသည် လော့ထျန်းအဖွဲ့အပေါ် အမြဲ စေတနာထားဆက်ဆံလာခဲ့ခြင်း ဖြစ်သည်။ ဦးစွာ မြေးအရင်းခေါက်ခေါက်ကို လော့ထျန်းအဖွဲ့မှ ယွမ်တုန်းရှန်းနှင့် ပေးစားကာ မဟာမိတ်ဖွဲ့ခဲ့သည်။ အခြေတည်ဆေးလုံး ရရှိနိုင်မည့် ခွဲတမ်းတစ်ခုလည်း ပေးအပ်ခဲ့သည်။ ချီလမ်းကြောင်းဆေးလုံးများကိုလည်း လော့ချန်ကိုယ်စား ဖြေရှင်း ကိုင်တွယ်ပေးခဲ့သည်။ ယခု သက်တမ်း ကုန်ဆုံးလုနီး အချိန်၌ပင် သူ၏ နောက်ဆုံးလက်ကျန် စေတနာကို ပြသနေဆဲ ဖြစ်သည်။

လော့ချန်အနေဖြင့် အဘိုးအို၏ ရည်ရွယ်ချက်ကို နားလည်နိုင်သည်။ သူကွယ်လွန်သွားပြီးနောက် မိမိအနေဖြင့် လီမျိုးနွယ်စုကို စောင့်ရှောက်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် လော့ချန် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

"အကြီးအကဲ ကျွန်တော့်ကို ဒီနေရာကို ဖိတ်ခေါ်တာ ဒီကိစ္စတစ်ခုတည်းအတွက်တော့ မဟုတ်လောက်ဘူး ထင်တယ်"

လီကျင်ဟွမ်က အလွန်ပင် အက်ရှပြီး ဗလုံးဗထွေး ဖြစ်နေသော အသံဖြင့်

"ကျုပ် ဘာကို တောင်းဆိုချင်လဲဆိုတာ မောင်ရင် ကောင်းကောင်းသိမှာပါ"

"အခု လီမျိုးနွယ်စုဟာ အန္တရာယ်အရှိဆုံး အခြေအနေကို ရောက်နေပြီ၊ ကျုပ် လဲပြိုသွားတာနဲ့ ပတ်ပတ်လည်မှာ ချောင်းမြောင်းနေတဲ့ ဝံပုလွေအုပ်ကြီးက ဝိုင်းအုံလာပြီး လီမျိုးနွယ်စုဆိုတဲ့ အဆီအအိမ့် အသားတုံးကြီးကို အပိုင်းပိုင်း ဆွဲဖြဲစားသောက်ကြလိမ့်မယ်၊ အဲ့လိုသာဆို ကျုပ် စိတ်ဖြောင့်ဖြောင့် သေနိုင်မှာမဟုတ်ဘူး"

လော့ချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားကာ

"လော့ထျန်းအဖွဲ့ရဲ့ အရှိန်နဲ့ လီမျိုးနွယ်စုရဲ့ ရန်သူတွေဟာ လွယ်လွယ်နဲ့တော့ လှုပ်ရှားရဲမှာ မဟုတ်ပါဘူး"

လီကျင်ဟွမ်က ညှိုးငယ်စွာ ပြုံးလိုက်ပြီး

"ဒါပေမဲ့ တချို့က ရန်သူဟောင်းတွေ မဟုတ်ခဲ့ကြဘူးလေ"

လော့ချန် နားမလည်နိုင်ဖြစ်သွားရသည်။ မကြာမီပင် လီကျင်ဟွမ်၏ ရှင်းပြချက်ကြောင့် သူသည် ရန်သူမဟုတ်ခဲ့သော ရန်သူကို သိရှိသွားခဲ့ရလေသည်။

‘တန်ယွမ်ဂိုဏ်း’

ဤအမည်ကို ကြားလိုက်ရသောအခါ လော့ချန် အနည်းငယ် အံ့အားသင့်သွားမိသည်။

တန်ယွမ်ဂိုဏ်းဟူသည် မူလက လော့ထျန်းအဖွဲ့ ထျန်းလန် နတ်ဘုရားမြို့တော်၏ အဆင့်နိမ့်ဆေးလုံးဈေးကွက်သို့ စတင်ဝင်ရောက်စဉ်က ရင်ဆိုင်ခဲ့ရသော အဓိက ပြိုင်ဘက်ကြီးများထဲမှ တစ်ခုဖြစ်သည်။ အခြား အသေးအဖွဲ ဆေးလုံးများကို ထည့်မပြောလျှင်ပင် ဂိုဏ်းအတွင်း၌ ဖော်စပ်သော ယန်ဝမ်ဆေးလုံးသည် ဈေးကွက်တွင် အတော်အတန် နေရာရထားဆဲ ဖြစ်သည်။ သို့သော်လည်း လော့ထျန်းအဖွဲ့နှင့် ကျန်းမျိုးနွယ်စု၏ အဆက်မပြတ် စျေးကွက်ပြိုင်ဆိုင်မှုများကြား၌ တန်ယွမ်ဂိုဏ်းသည် တဖြည်းဖြည်းနှင့် နေရာပျောက်သွားခဲ့ရပြီး ယခုအချိန်ထိလည်း အသည်းအသန် ရုန်းကန်နေရဆဲ ဖြစ်သည်။ သူတို့၏ ယန်ဝမ်ဆေးလုံးသည် အာနိသင် အတော်ပင် ကောင်းမွန်သော်လည်း ဈေးနှုန်းမှာ အလွန်ကြီးမြင့်လှပြီး ဈေးနှုန်းကိုလည်း လုံးဝလျှော့မပေးပေ။ ထို့ကြောင့်ပင် ယခုအခါ ရောင်းအားမှာ အဆက်မပြတ် ကျဆင်းနေရတော့သည်။ အမြဲ ဝယ်ယူနေကျဖြစ်သော ဖောက်သည်ဟောင်း အနည်းငယ်ကသာ ဆက်လက်ဝယ်ယူနေကြခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် လော့ချန်သည် တန်ယွမ်ဂိုဏ်းအား မျက်စိထဲ မထည့်တော့သည်မှာ ကြာပြီဖြစ်သည်။ သူတို့၏ ဆေးလုံးများမှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သလို ဂိုဏ်းအတွင်း၌လည်း အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံသူ အဘိုးအို တစ်ယောက်သာ ရှိတော့သည်။ ထိုမျှသာမက ချင်းဟွာမြစ် လီမျိုးနွယ်စုသည်လည်း မူလက ပထမအဆင့် ကျင့်ကြံခြင်း ဆေးလုံးများကို ရောင်းချခဲ့သည် မဟုတ်ပါလော။

"သူတို့က ခင်ဗျားတို့ လီမျိုးနွယ်စုရဲ့ ပြိုင်ဘက်ဟောင်းကြီး မဟုတ်ဘူးလား"

လီကျင်ဟွမ်က ခေါင်းကို ခါယမ်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"ပြိုင်ဘက်လည်း ဟုတ်တယ်၊ မဟာမိတ်လည်း ဟုတ်တယ်.... တန်ယွမ်ဂိုဏ်းရဲ့ ယန်ဝမ်ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ အဓိက ဆေးဖက်ဝင်အပင် တစ်မျိုးကို ထျန်းလန် နတ်ဘုရားမြို့တော်တစ်ခုလုံးမှာ ကျုပ်ရဲ့ ချင်းဟွာမြစ် လီမျိုးနွယ်စု တစ်ခုတည်းကပဲ အကြီးအကျယ် စိုက်ပျိုးနိုင်တာ.... တန်ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း မကွယ်လွန်ခင်ကတည်းက ကျုပ်တို့ မျိုးနွယ်စုနှစ်စုဟာ မဟာမိတ် ဆက်ဆံရေး ရှိခဲ့ကြတာ.... အဓိက ဆေးဖက်ဝင်အပင်ကို ကျုပ်တို့ လီမျိုးနွယ်စုက ထိန်းချုပ်ထားတာကြောင့် သူတို့ရဲ့ ယန်ဝမ်ဆေးလုံး ဈေးနှုန်းကို လျှော့လို့ မရခဲ့တာပဲ"

လော့ချန် ရုတ်တရက် သဘောပေါက်သွားတော့သည်။

"အကြီးအကဲ ပြောချင်တာက အကြီးအကဲ ကွယ်လွန်သွားတာနဲ့ တန်ယွမ်ဂိုဏ်းက စလှုပ်ရှားလာလိမ့်မယ်ပေါ့လေ"

"မြေကြီးလက်ခတ်မလွဲပဲ.... ဘယ်သူက ကိုယ့်ထမင်းအိုးကို သူများလက်ထဲ အပ်ထားချင်မှာလဲ"

တန်ယွမ်ဂိုဏ်း လက်ရှိဂိုဏ်းချုပ်၏ အမည်ရင်းကိုမူ မည်သူမျှ မသိကြပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူ၏ ထူးချွန်ပြောင်မြောက်သော ဆေးဖော်စပ်ခြင်း အတတ်ပညာကြောင့် သူ့အား တန်ယွမ်ဇီ ဟူသော ဘွဲ့အမည်ဖြင့် လေးစားစွာ ခေါ်ဝေါ်ခဲ့ကြသည်။

ဤအမည်မှာ လော့ချန် တာဟဲဈေးမြို့တော်တွင် အမြဲသုံးလေ့ရှိသော တန်ချန်ဇီ ဟူသော ဘွဲ့အမည်နှင့် အနည်းငယ် ဆင်တူနေပေသည်။

အကယ်၍ ထိုသူသာ လီမျိုးနွယ်စုအား ရန်ပြုရန် စတင် လှုပ်ရှားလာမည်ဆိုပါက မည်သို့ဖြစ်မည်နည်း။

"သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ" ဟု လော့ချန် မေးလိုက်၏။

လီကျင်ဟွမ်က ချက်ချင်း ပြန်ဖြေသည်။

"ကျုပ်ထက် တစ်ဆင့်နိမ့်တယ်၊ အခြေတည် အဆင့် ၄ လောက်ပဲ"

ထိုစကား ကြားလိုက်ရသောအခါ လော့ချန်၏ စိတ်ထဲဝယ် ယုံကြည်မှု အနည်းငယ် ရှိသွားသည်။

"ကိစ္စမရှိဘူး.... အဲ့ဒီအချိန်ကျရင် ကျွန်တော် ဖြေရှင်းပေးပါမယ်"

"မောင်ရင်ကလား"

လီကျင်ဟွမ်တစ်ယောက် ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်သွားရသည်။ လော့ချန်အား မယုံကြည်ခြင်းကြောင့် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လော့ချန်သည် အခြေတည်အစောပိုင်းအဆင့်တွင်သာ ရှိသေးသည် မဟုတ်လော။

သူ သံသယဝင်နေစဉ်မှာပင် လော့ချန် မုဒြာလက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်သည်။ သိပ်သည်းဆန်းကြယ်လှသော ချီစွမ်းအင် လှိုင်းလုံးတစ်ခုသည် သူ၏ ခန္ဓာကိုယ်ဆီမှ တရွေ့ရွေ့ ပျံ့လွင့်ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါမှာ အလွန်တရာအားကောင်လှပြီး လီကျင်ဟွမ်၏ အထွတ်အထိပ် အချိန်ကာလကထက်ပင် မနိမ့်ကျချေ။ ထို့အပြင် မသိမသာ သာလွန်နေသလိုပင် ရှိတော့သည်။

လီကျင်ဟွမ်၏ မျက်လုံးများ ပြူးကျယ်သွားကာ

"မောင်ရင် ဘယ်တုန်းက အခြေတည်အဆင့်အလယ်ပိုင်းကို ရောက်သွားတာလဲ"

"ဒီရက်ပိုင်းလေးတင်ပါ"

လော့ချန်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း စကားလုံးများထဲတွင် ထူးကဲသော ယုံကြည်မှုများ ပါဝင်နေသည်။ လီမျိုးနွယ်စုကို ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လီကျင်ဟွမ် ပြသခဲ့သော စေတနာများကြောင့်သာမဟုတ်ပေ။ လီမျိုးနွယ်စုသည် လော့ထျန်းအဖွဲ့အတွက် ကြီးမားသော အကျိုးအမြတ်များကို ပေးစွမ်းနိုင်ခြင်းကြောင့်လည်း ဖြစ်သည်။ လီမျိုးနွယ်စုကို ဆေးဖော်စပ်သူမျိုးနွယ်စုဟု ခေါ်ဝေါ်ကြသော်လည်း ဆေးဖော်စပ်ခြင်းမှ သူတို့ ရရှိသော အကျိုးအမြတ်မှာ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ သူတို့မျိုးနွယ်စု၏ အဓိကအကျဆုံးသော ဝင်ငွေအရင်းအမြစ်မှာ ဆေးဖက်ဝင်အပင် ကုန်သွယ်မှုလုပ်ငန်း ဖြစ်ပေသည်။

လော့ထျန်းအဖွဲ့၏ ကျောက်စိမ်းအမြုတေဆေးလုံး ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ခြင်းသည် အခြားသော လုပ်ဖော်ကိုင်ဖက်များ အားလုံးအပေါ် ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ ထိုအထဲတွင် အကျိုးအမြတ်ရရှိခဲ့သည်မှာ ကျန်းမျိုးနွယ်စုဖြစ်သည်။ ထိခိုက်မှု အနည်းဆုံးဖြစ်ခဲ့ရသူမှာမူ ချင်းဟွာမြစ် လီမျိုးနွယ်စုပင် ဖြစ်၏။ အကြောင်းမှာ လီမျိုးနွယ်စု၏ အဓိကလုပ်ငန်းမှာ ဆေးဖော်စပ်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့၏ ဆေးဖက်ဝင်အပင် ကုန်သွယ်မှုလုပ်ငန်းကိုမူ လော့ချန်ကိုယ်တိုင်ပင် အလွန်တရာ မက်မောမိခဲ့သည်။ သို့သော်ငြားလည်း ကျင့်ဝတ်နှင့် ကတိကဝတ်များကို စောင့်ထိန်းသောအားဖြင့် လီကျင်ဟွမ် ကွယ်လွန်သွားပြီးသည့်တိုင် သူ့အနေဖြင့် လီမျိုးနွယ်စု၏ ထိုဆေးဖက်ဝင်အပင် လုပ်ငန်းကို သိမ်းပိုက်ရယူမည် မဟုတ်ပေ။

သို့သော်လည်း လော့ထျန်းအဖွဲ့အနေဖြင့် လီမျိုးနွယ်စုနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ပြီး ထိုဆေးဖက်ဝင်အပင် လုပ်ငန်းကို ပိုမိုကြီးမား ကျယ်ပြန့်အောင် ပြုလုပ်ကာ ၎င်းထဲမှ အကျိုးအမြတ် အချို့ကို ခွဲဝေယူနိုင်ပေသည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူကိုယ်တိုင် အသုံးပြုရန်အတွက် ဆေးဖက်ဝင်အပင် အချို့ကို ပုံမှန်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရုံမျှဖြင့် လော့ထျန်းအဖွဲ့အတွက် ဝိညာဉ်ကျောက်တုံး ကုန်ကျစရိတ် အမြောက်အမြားကို သက်သာစေနိုင်မည် ဖြစ်သည်။

လော့ချန်၏ ထိုသိပ်သည်းလှသော ချီစွမ်းအင် လှိုင်းလုံးကို ခံစားမိပြီးနောက် လီကျင်ဟွမ်သည် တုန်လှုပ်ခြောက်ခြားသွားပြီးနောက် မအောင့်နိုင်ဘဲ အဆက်မပြတ် ချီးကျူးစကား ဆိုမိတော့သည်။

"ကောင်းတယ်.... ကောင်းတယ်.... သိပ် ကောင်းတယ်"

"မောင်ရင့်မှာ ဒီလိုစွမ်းအားမျိုး ရှိနေတာ အကောင်းဆုံးပဲ"

လော့ချန်သည် မိမိကိုယ်ကို ယုံကြည်မှုရှိရှိ ဂုဏ်ယူနေမိသော်လည်း အနည်းငယ်တော့ စူးစမ်းချင်စိတ် ဖြစ်မိသည်။

"အကြီးအကဲ.... ကျွန်တော် အခြေတည်အဆင့်အလယ်ပိုင်းမှာ ရှိမနေခဲ့ရင်တောင် ကျွန်တော်တို့ လော့ထျန်းအဖွဲ့ရဲ့ အခြေတည်အဆင့် ကျင့်ကြံသူကြီး လေးယောက်ရဲ့ စွမ်းအားနဲ့တင် အဲ့ဒီ တန်ယွမ်ဇီကို ခြောက်လှန့်ဖို့ လုံလောက်ပါတယ်.... အကြီးအကဲအနေနဲ့ ဒီကိစ္စကို စိတ်ပူနေဖို့ မလိုပါဘူး"

လီကျင်ဟွမ်က အပြုံးကို ရုပ်သိမ်းလိုက်၏။ သူ၏အမူအရာမှာ တစ်ဖန်ပြန်၍ တည်ကြည်လေးနက်သွားပြန်သည်။

"ပတ်ပတ်လည်မှာ ဝံပုလွေတွေ ဝိုင်းနေတာ မောင်ရင်ရ.... တန်ယွမ်ဂိုဏ်း တစ်ခုတည်း ဘယ်ကလိမ့်မလဲ"

လော့ချန်က ခေါင်းကို ခါယမ်းလိုက်ပြီး

"ဒါဆို အကြီးအကဲတို့ လီမျိုးနွယ်စုက လူမှုဆက်ဆံရေး သိပ်ပြီးတော့ မကောင်းဘူး ထင်တယ်"

"လူမှုဆက်ဆံရေးနဲ့ မဆိုင်ပါဘူး မောင်ရင်ရာ.... ဒါက ရိုးရိုးလေးပဲ.... လူတစ်ယောက်က ရတနာတစ်ခုကို ပိုင်ဆိုင်ထားတဲ့အခါ ဘေးပတ်ဝန်းကျင်ရဲ့ လောဘတွေကို ဖိတ်ခေါ်သလိုမျိုး ဖြစ်နေတာ"

လီကျင်ဟွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"လီမျိုးနွယ်စု ပိုင်ဆိုင်ထားတဲ့ ဒီနယ်မြေက မောင်ရင့် ဒန်ရှားတောင်ထက် အပုံကြီး သာတယ်လေ၊ အဲ့တာကြောင့်ပဲ ကျုပ် သာမန်အချိန်မှာ လူမှုဆက်ဆံရေး ဘယ်လောက်ပဲ ကောင်းကောင်း ကျုပ် သေသွားတာနဲ့ သူတို့တွေ လက်ရဲဇက်ရဲ လုပ်လာကြမှာပဲ"

သူ ခဏမျှ ရပ်တန့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"တခြားရန်သူတွေကတော့ ကျုပ်ထင်သလောက် တန်းပြီးလှုပ်ရှားကြဦးမှာမဟုတ်ဘူး၊ ဘေးကနေ ထိုင်ကြည့်နေကြရုံပဲ ရှိလိမ့်မယ်…. ဒါပေမဲ့ ဟူမျိုးနွယ်စုကတော့ ကျုပ်တို့ လီမျိုးနွယ်စုနဲ့ မဟာရန်ငြိုးကြီး ရှိနေတာ.... ပိုဆိုးတာက ဒီနှစ်တွေထဲမှာ သူတို့က အစွန်းရောက်တဲ့ နည်းလမ်းတွေကိုသုံးပြီး တစ်မျိုးနွယ်စုလုံးရဲ့ ရတနာပစ္စည်းတွေကို ထုခွဲရောင်းချပြီး အခြေတည်အဆင့် ကျင့်ကြံသူကြီး သုံးယောက်ကို အတင်းအကျပ် ပျိုးထောင်ပေးခဲ့ကြတယ်.... ကျုပ် သေသွားတာနဲ့ အဲ့ကောင်တွေ ပစ္စည်းယူဖို့ပဲဖြစ်ဖြစ်၊ ရန်ငြိုးကြောင့်ပဲဖြစ်ဖြစ် လီမျိုးနွယ်စုကို သေချာပေါက် လာတိုက်လိမ့်မယ်"

လော့ချန်၏ အမူအရာသည်လည်း တဖြည်းဖြည်းနှင့် လေးနက်လာခဲ့ရသည်။ တစ်ဖက်လူ ပြောဆိုသော ဟူမျိုးနွယ်စုကို သူလည်း သိရှိထားပေသည်။ ထန်ချိုးတောင်မှ ဟူမျိုးနွယ်စုသည် လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း အရှိန်အဝါ အလွန်ကြီးမားလာပြီး အခြေတည်အဆင့် ကျင့်ကြံသူကြီးများ အဆက်မပြတ် ပေါ်ထွက်လာသော လော့ထျန်းအဖွဲ့ထက်ပင် လုံးဝမနိမ့်ကျချေ။

ထို့အပြင် ဟူမျိုးနွယ်စုသည် ထျန်းလန် နတ်ဘုရားမြို့တော်၏ ဒေသခံမျိုးနွယ်စု ဖြစ်သောကြောင့် မြို့တော်အတွင်းရှိ တစ်ကိုယ်တော် ကျင့်ကြံသူများက သူတို့အား အနည်းငယ် ပိုမိုအထင်ကြီးလေးစားကြပြီး အလားတူ အခြေတည်အဆင့်ကျင့်ကြံသူ သုံးယောက်ရှိသော နဂါးတောင်ရိုးမှ ကျန်းမျိုးနွယ်စုထက်ပင် ပို၍ မျက်နှာသာပေးကြသည်။

သို့သော်လည်း အမြင်ကျယ်သူများ၏ မျက်စိထဲတွင်မူ ဤထန်ချိုး ဟူမျိုးနွယ်စုမှာ သိပ်အထင်ကြီးစရာ မရှိလှချေ။ မျိုးနွယ်စုအတွင်းရှိ အခြေတည်အဆင့်ကျင့်ကြံသူ သုံးယောက်မှာ တစ်မျိုးနွယ်စုလုံး၏ အရင်းအမြစ်များကို ခမ်းခြောက်အောင် စုပ်ယူပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အတင်းအကျပ် မြေတောင်မြှောက်ခံရသောကြောင့် ဖြစ်သည်။ ထို့အပြင် အားလုံးမှာ အခြေတည်အဆင့်အစောပိုင်းတွင်သာ ရှိကြပေသည်။ ခမ်းခြောက်အောင်စုပ်ယူခြင်း ဟူသော စကားလုံးမှာ ပိုပြောခြင်းမဟုတ်ဘဲ တစ်မျိုးနွယ်လုံး အငတ်ခံကာ ထိုအခြေတည်အဆင့် ကျင့်ကြံသူသုံးဦးအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် အထက်တွင် အခြေတည် ကျင့်ကြံသူကြီး သုံးယောက် ရှိနေပါက အောက်တွင်လည်း ချီသန့်စင်အဆင့် ကျင့်ကြံသူ အမြောက်အမြား ရှိနေသင့်သည် မဟုတ်လော။

သို့သော် ဟူမျိုးနွယ်စုမှာ ထိုသို့မဟုတ်ပေ။ ထိုမျိုးနွယ်စုအတွင်းရှိ ချီသန့်စင်အဆင့် ကျင့်ကြံသူများမှာ အလွန်ပင် ဆင်းရဲဒုက္ခကြီးစွာ နေထိုင်နေရခြင်း ဖြစ်သည်။ ဆေးဖော်စပ်သူ မျိုးနွယ်စုတစ်ခု ဖြစ်ပြီး မူလက လော့ထျန်းအဖွဲ့ ဆေးလုံးဈေးကွက်ထဲသို့ ဝင်ရောက်လာစဉ်က ပြိုင်ဘက်များထဲမှ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ထိုမျိုးနွယ်စု၌ ဆေးဖော်စပ်ရာတွင် ကူညီပေးသူများကို အလုပ်သင်များ သို့မဟုတ် မီးထိန်းများဟု မခေါ်ဝေါ်ကြဘဲ ဆေးကျွန် သို့မဟုတ် မီးကျွန် ဟုသာ ခေါ်ဝေါ်ကြသည်။ ထိုသူများသည် နေ့ရောညပါ အချိန်ပြည့် ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်နေကြရသည်။

ကျင့်ကြံခြင်းလမ်းစဉ် ပြတ်တောက်သွားရသူများ၊ ဆေးအိုးပေါက်ကွဲ၍ သေဆုံးသွားရသူများ၊ ချီစွမ်းအင် ခမ်းခြောက်သွားသဖြင့် အဆင့်တက်လှမ်းရန် ခက်ခဲသွားရသူများမှာ ရေတွက်၍ပင် မကုန်နိုင်ချေ။ ယခုအချိန်တွင် ဟူမျိုးနွယ်စု၌ တိုက်ခိုက်နိုင်စွမ်းရှိသော ချီသန့်စင်အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သည်။

ပြောရမည်ဆိုလျှင် ဟူမျိုးနွယ်စု၏ နှစ်ပေါင်းရာချီသော အခြေခံအုတ်မြစ်များသည် ဤမျိုးဆက်တွင် အမြစ်မကျန် ပျက်ဆီးသွားလေပြီ။ ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့်သာ အခြေတည် ကျင့်ကြံသူကြီး သုံးယောက်ကို အတင်းအကျပ် ပေါ်ထွက်စေခဲ့ခြင်း ဖြစ်သည်။

ထို အစွန်းရောက် စီမံခန့်ခွဲမှု ပုံစံမျိုးမှာ မည်သည့်နေရာတွင်မဆို အခြားသူများ၏ နှာခေါင်းရှုံ့ခြင်းကို ခံရစမြဲ ဖြစ်သည်။

လီကျင်ဟွမ်၏ စကားများကို လော့ချန် ယုံကြည်ပေသည်။ အကြောင်းမှာ ထိုဟူမျိုးနွယ်စုသည် လမ်းဆုံးသို့ ရောက်လုနီးပါး ဖြစ်နေချေပြီ။ တစ်မျိုးနွယ်စုလုံး မွဲပြာကျနေပြီး ဆေးလုံးလုပ်ငန်းသည်လည်း လော့ထျန်းအဖွဲ့နှင့် ကျန်းမျိုးနွယ်စု၏ ပြင်းထန်သော ထိုးနှက်ချက်ကြောင့် အရှုံးပေါ်ခဲ့ရသည်။ ထို့အပြင်သူတို့၏ အခြေတည်အဆင့် ကျင့်ကြံသူကြီး သုံးဦးမှာလည်း ကျင့်ကြံခြင်း အရင်းအမြစ်များကို အလွန်အမင်း လိုအပ်နေကြပြီ ဖြစ်သည်။

ဤကဲ့သို့သော အပျက်ပျက် နှာခေါင်းသွေးထွက်မည့် အကြောင်းတရားများစွာအောက်တွင် သူတို့သည် လီမျိုးနွယ်စုဟူသော အသားတုံးကြီးအား ဆာလောင်မွတ်သိပ်စွာဖြင့် တံတွေး တမြုံ့မြုံ့ ဖြစ်နေကြမည်မှာ သေချာပေသည်။ လီကျင်ဟွမ်ကြောင့်သာ သူတို့ ယခုအချိန်အထိ ငြိမ်နေကြခြင်း ဖြစ်သည်။ လီကျင်ဟွမ်သည် သေခါနီး အခြေအနေသို့ ရောက်ရှိနေသော်လည်း မသေသေးပေ။ သူ အသက်ရှင်နေဆဲ ဖြစ်သဖြင့် ဟူမျိုးနွယ်စု ယခုတိုင် ငြိမ်နေကြခြင်းဖြစ်သည်။ သို့သော် လီကျင်ဟွမ် သေဆုံးသည်နှင့် တပြိုင်နက် သူတို့ လှုပ်ရှားလာမည်မှာ သေချာသလောက်ပင်။

လော့ချန်သည် ထိုအချိန်သို့ရောက်ပါက မိမိအနေဖြင့် မည်သို့ တုံ့ပြန်ကိုင်တွယ်ရမည်ကို စဉ်းစားနေမိသည်။

အချိန်အတော်ကြာပြီးနောက် သူ ဖြည်းညင်းစွာ ပြောလိုက်သည်။

"အခြေတည်အဆင့်အလယ်ပိုင်း တစ်ယောက်၊ အခြေတည်အဆင့်အစောပိုင်း သုံးယောက်၊ ကျွန်တော်တို့ လော့ထျန်းအဖွဲ့ ရင်ဆိုင်နိုင်ပါတယ်"

လော့ချန်၏ စကားများကို ကြားလိုက်ရသည့်အခါ ပိန်လှီခြောက်ကပ်နေသော လီကျင်ဟွမ် စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်တော့သည်။ လီမျိုးနွယ်စုကို ကာကွယ်ပေးမည့် လော့ချန်၏ ပြတ်သားသော စိတ်ပိုင်းဖြတ်မှုကို သူ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

သူ၏အပြုံးကို မြင်သောအခါ လော့ချန် စိတ်မရှည်သလို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး

"အကြီးအကဲ.... အခြေအနေတွေ တကယ်ပဲ အဲ့လောက်အထိ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ လော့ထျန်းအဖွဲ့ဘက်က အင်အားအများကြီး စိုက်ထုတ်ပေးရမှာဆိုတော့ အကြီးအကဲတို့ လီမျိုးနွယ်စုဘက်ကလည်း ထိုက်တန်တဲ့ တန်ဖိုးတော့ ပေးရမယ်နော်.... အနည်းဆုံးတော့ ကျွန်တော် နောင်အနာဂတ်မှာ လီမျိုးနွယ်စု ဆေးဖက်ဝင်အပင်လုပ်ငန်းရဲ့ အကျိုးအမြတ် ထက်ဝက်ကို လိုချင်တယ်"

‘ထက်ဝက်’

ဤသည်မှာ မည်သည့် ကျင့်ကြံခြင်း မျိုးနွယ်စုအတွက်မဆို မခံမရပ်နိုင်လောက်သော ကြီးမားသည့် တောင်းဆိုမှုကြီး ဖြစ်သည်။

သို့သော်လည်း လီကျင်ဟွမ်မှာမူ ပြုံးမြဲ ပြုံးနေဆဲပင်။

"ကျုပ် သေသွားရင် ကျန်တဲ့ အကျိုးအမြတ် ထက်ဝက်နဲ့တင် ယင်ကျန်းရဲ့ အခြေတည်အဆင့် တက်လှမ်းဖို့အတွက် လုံလောက်ပါတယ်"

လော့ချန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုမျှလောက်သော အကျိုးအမြတ်ကို သူ ယူဆောင်သွားသော်လည်း ထိုအရာက လီမျိုးနွယ်စုအား လမ်းဆုံးသို့ တွန်းပို့လိမ့်မည် မဟုတ်ပေ။ ကျန်ရှိသော ထက်ဝက်ကပင် ချင်းဟွာမြစ် လီမျိုးနွယ်စု ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန် လုံလောက်ပေသည်။

လော့ချန်၏ အလုပ်လုပ်ပုံမှာ ရန်သူဆိုလျှင် ညာတာမှုမရှိ သတ်ပစ်တတ်ပြီး မိတ်ဆွေဆိုလျှင်မူ အားလုံး အဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးတတ်သည်။ သူသည် ဤမျှခြေကို အမြဲ တိကျလှစွာဖြင့် ဆုံးဖြတ်တတ်သူ ဖြစ်သည်။

သို့သော်လည်း သူတစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိနေသည်။ ရုတ်တရက် သူ၏အကြည့်သည် လီကျင်ဟွမ်၏ နှုတ်ခမ်းဖျားတွင် ချိတ်ဆွဲထားသော အပြုံးပေါ်သို့ ကျရောက်သွား၏။

"အကြီးအကဲမှာ ပြောဖို့ ကျန်သေးတဲ့ စကားတွေ ရှိနေသေးတယ် မဟုတ်လား"

လီကျင်ဟွမ်က ခေါင်းညိတ်လိုက်သည်။

လော့ချန် လုံးဝ ပြောစရာ စကားမဲ့သွားရသည်။ ဤအဘိုးအိုသည် သေခါနီးအချိန်အထိ အဘက်ဘက်မှ အလွန်ထောင့်စေ့အောင် တွက်ချက်နေသည်ကို သူသိလိုက်ရသည်။

သူ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရခြင်းမှာ သူ အသေအချာ စဉ်းစားပြီးနောက် တန်ယွမ်ဂိုဏ်းဖြစ်စေ၊ ဟူမျိုးနွယ်စုဖြစ်စေ အားလုံးမှာ လော့ထျန်းအဖွဲ့ ရင်ဆိုင်ဖြေရှင်းနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုနှစ်ဖွဲ့ ပူးပေါင်းလာလျှင်ပင် လော့ချန် လုံးဝ ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဤမျှသာ ဆိုပါက တစ်ဖက်လူအနေဖြင့် သေခါနီးအချိန်တွင် မိမိနှင့် ဤကဲ့သို့ လေးလေးနက်နက် တွေ့ဆုံရန် မလိုအပ်ချေ။

အခြေအနေများ မည်သို့ပင် ဖြစ်ပျက်ပါစေ၊ လော့ချန်သည် ယခင်က သူတို့နှစ်ဦးဆွေးနွေးခဲ့သည့်အတိုင်း မလွဲမသွေ လုပ်ဆောင်သွားမည်သာ ဖြစ်သည်။

ထို့သို့ဆိုလျှင် ယခုတစ်ကြိမ် တွေ့ဆုံးမှုကား အဘယ်ကြောင့်နည်း။

လော့ချန်၏ အကြည့်များအောက်တွင် လီကျင်ဟွမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မြို့တော်ရဲ့ အလှည့်ကျ အုပ်ချုပ်တဲ့ ဂိုဏ်းဟာ ပြောင်းလဲတော့မယ်"

"ဒါကို ကျွန်တော် သိပါတယ်"

"ဒါဆို မောင်ရင် သိလား.... အလှည့်ကျ ပြောင်းလဲတဲ့ အချိန်တိုင်းဟာ ထျန်းလန် နတ်ဘုရားမြို့တော် ပတ်ဝန်းကျင်က အင်အားစုတွေ အရှုပ်ထွေးဆုံး အချိန်ပဲဆိုတာ"

"အင်း...."

"ဒီအချိန်မှာ မြို့တော်ဟာ အရှင်သခင် အသစ်ပြောင်းလဲနေပြီး ဂိုဏ်းကျင့်ကြံသူတွေဟာ အမျိုးမျိုးသော အရာတွေကို လွှဲပြောင်းပေးအပ်ဖို့ပဲ အာရုံစိုက်နေကြတယ်၊ အထက်အောက် ဘယ်သူမှ ဦးဆောင်မယ့်သူ မရှိသလို မြို့တော်အုပ်ချုပ်ရေး အဖွဲ့တွေကလည်း ဘာမှမလုပ်ဆောင်ကြဘူး၊ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာပြီး အမြဲတမ်း တစ်ယောက်ယောက်က ကျားမြီးဆွဲတတ်ကြတယ်"

"ကျွန်တော်တို့ လော့ထျန်းအဖွဲ့မှာ ရေခဲခံတပ် ဆိုတဲ့ ကျောထောက်နောက်ခံ ရှိနေတာကို ဘယ်သူက လာပြီး စိန်ခေါ်ဝံ့မှာလဲ"

"ကျောထောက်နောက်ခံ ရှိတဲ့ အင်အားစုတွေဟာ အများကြီးပဲ၊ ကျုပ်တို့ လီမျိုးနွယ်စုဟာလည်း ဆေးလုံးစိမ်းချိုင့်ဝှမ်းနဲ့ မဟာမိတ်ဆက်ဆံရေး ရှိခဲ့တာပဲ၊ ဒါပေမယ့် တကယ့်တကယ် အန္တရာယ်ကျရောက်တဲ့အချိန်ကျ သူတို့က လာပြီး ကူပေးမှာတဲ့လား"

လော့ချန် ခေါင်းကို ခါယမ်းလိုက်သည်။ သူနှင့် ရေခဲခံတပ်၏ ဆက်ဆံရေးမှာ သာမန် ဆက်ဆံရေးသက်သက် မဟုတ်ချေ။ ထိုထဲတွင် ပါဝင်ပတ်သက်နေသော အကျိုးအမြတ်များမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးဖြစ်သော ကရုဏာမဲ့နတ်သမီး ကိုယ်တိုင်ပင် အလွန်တရာ အလေးထားရသော အရာဖြစ်သည်။ အကယ်၍ သူသာ အမှန်တကယ်ပင် အသက်အန္တရာယ် ကြုံတွေ့ရပါက ရေခံခံတပ်အနေဖြင့် မြို့တော်၏ အရှင်သခင် မဟုတ်တော့လျှင်ပင် သူ့အား သေတွင်းထဲ ပစ်ထားမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ကရုဏာမဲ့နတ်သမီးသည် လော့ချန်အပေါ် များစွာ ရင်းနှီးမြှုပ်နှံထားခဲ့သည် မဟုတ်လော။

လော့ချန်၏ ဂရုမစိုက်လှသော အမူအရာကို မြင်သောအခါ လီကျင်ဟွမ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာတုန်းက ဒန်ရှားတောင်က မင်မျိုးနွယ်စုဟာ ဂိုဏ်းအပြောင်းအလဲကာလ မြို့တော် အရှင်သခင် အသစ်တက်ချိန်မှာ ပျက်စီးသွားခဲ့ရတာ.... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်တုန်းကလည်း မြကြေးမုံကန်က ဖူမျိုးနွယ်စုဟာလည်း အဲ့လို အချိန်ကာလမျိုးမှာပဲ ဆုတ်ယုတ် ပျက်စီးသွားခဲ့ရတာ.... ဒါတွေက သင်ခန်းစာပဲ၊ မောင်ရင်ရာ.... မင်း လုံးဝ ပေါ့ဆလို့ မရဘူးနော်"

လော့ချန်ကမူ ဂရုမစိုက်ဘဲ ရှိနေဆဲပင်။ ဤအဘိုးအိုအနေဖြင့် သူဖော်စပ်သော ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် ရေခဲခံတပ်အတွက် မည်မျှအထိ အရေးကြီးကြောင်းကို လုံးဝ နားမလည်ခြင်းကြောင့် ဖြစ်သည်။ အချို့သော အချိန်များတွင် အကျိုးအမြတ်ဖြင့် ထိန်းသိမ်းထားသော ဆက်ဆံရေးသည် သာမန် ရင်းနှီးကျွမ်းဝင်မှုထက် များစွာ ပိုမိုခိုင်မာတတ်ပေသည်။

တစ်ဖက်လူ၏ မျက်နှာပေါ်တွင် ထင်ရှားလှသော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို မြင်လိုက်ရသဖြင့် လော့ချန် အလိုက်သိစွာပင် ထရပ်လိုက်သည်။

"တခြားကိစ္စ မရှိရင် ကျွန်တော် သွားတော့မယ် အကြီးအကဲ"

လီကျင်ဟွမ်က ထွက်ခွာရန် ပြင်နေသော လော့ချန်ကို လှမ်း၍ တားလိုက်သည်။

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"

"ဗျာ...."

"ကျုပ်မှာ တတိယအဆင့် မှော်အတတ်တစ်ခု ရှိတယ်၊ မောင်ရင် ကောင်းကောင်း သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၀၆) - နေထွက်ချိန်၌ ဘဝချုပ်ငြိမ်းခြင်း

ချင်းဟွာမြစ်ကမ်းပါးတွင် ဖြစ်သည်။

နက်မှောင်လှသော ညဉ့်အမှောင်ထုအောက်ဝယ် မြစ်ရေပြင်သည် တဝေါဝေါအသံမြည်လျက် လှိုင်းတံပိုးထနေသည်။

အဘိုးအိုတစ်ဦးသည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် တစ်ကိုယ်တည်း ထိုင်နေပြီး ဘဝ၏ လောကဓံကို ဖြတ်သန်းခဲ့ရသော မျက်ဝန်းအစုံဖြင့် တသွင်သွင် စီးဆင်းနေသော မြစ်ရေပြင်ကြီးကို ငေးမောကြည့်ရှုနေသည်။ သူ့အနောက်တွင်မူ သံယောဇဉ်ကြီးမားလှသော မျက်ဝန်းအစုံဖြင့် အဘိုးအို၏ ကျောပြင်ကို ကြည့်နေသည့် သတ်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေ၏။

ညဉ့်လေပြင်းများက တိုက်ခတ်လာပြီး အဘိုးအို၏ တွန့်ရှုံ့နေသော မျက်နှာပြင်ကို လာရောက်ရိုက်ခတ်နေသည်။

ယခင်ကဆိုလျှင် လီကျင်ဟွမ်သည် ထိုလေကို သာမန်လေပြေလေးတစ်ခုဟုသာ သတ်မှတ်မိမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ချမ်းအေးမှုကို စိမ့်ဝင်အောင် ခံစားမိနေပြီး ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ရင်သွားရသည်။

လီယင်ကျန်းက စိုးရိမ်တကြီးဖြင့်

“အဘိုး.... ဒီမှာ လေ အရမ်းကြမ်းတယ်၊ ကျွန်တော်တို့ ပြန်ကြရအောင်”

လီကျင်ဟွမ်က လက်ကို မြှောက်လိုက်ပြီး ငြင်းပယ်လိုက်၏။ သူသည် မြှောက်ထားသောလက်ကို ပြန်မချဘဲ ရှေ့သို့ ဆန့်ထုတ်လိုက်ရာ အောက်ခြေတွင် စီးဆင်းနေသော မြစ်ရေပြင်ကြီးကို လှမ်း၍ ထိတွေ့ရန် ကြိုးစားနေသယောင် ရှိနေသည်။

“ယင်ကျန်း.... အဘိုးရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ၊ လူ့ဘဝရဲ့ ခက်ခဲပင်ပန်းမှုကို အဘိုး အပြည့်အဝ ခံစားမိနေတယ်၊ မရပ်မနား စီးဆင်းနေတဲ့ မြစ်ကြီးလိုပဲပေါ့.... အရှေ့ဘက်က ပင်လယ်ပြင်ကြီးဆီကို သွားဖို့ ရည်မှန်းချက် ရှိပေမဲ့ လမ်းခရီးက ရှည်လျားလွန်းပြီး အခက်အခဲတွေကလည်း များပြားလှတယ်…. ဒါပေမဲ့ မြစ်ရေက အရှေ့ကို စီးဆင်းရင် ပင်လယ်ထဲကို ရောက်မယ့်အချိန် ရှိသေးတယ်.... အဘိုးရဲ့ မျိုးနွယ်စုကို ကြီးပွားတိုးတက်အောင် လုပ်မယ့် ရည်မှန်းချက်ကတော့ အကောင်အထည် မဖော်နိုင်ဘဲ တစ်သက်တာလုံး နောင်တရစရာ ဖြစ်နေရပြီ”

အိုမင်းရင့်ရော်လှသော စကားသံများသည် နားထဲသို့ ဝင်ရောက်လာသော်လည်း ရင်ထဲအထိ တိုးဝင်သွားသလိုမျိုး ခံစားလိုက်ရသည်။

အဘိုးအို လီကျင်ဟွမ်သည် သူ၏တစ်ဘဝလုံးတွင် စိတ်ကူးစိတ်သန်း အားလုံးကို ချင်းဟွာ လီမျိုးနွယ်စု ကြီးပွားတိုးတက်ရန်အတွက်သာ ပုံအောခဲ့ခြင်းဖြစ်သည်။ သေခါနီးအချိန်အထိ မဟာမိတ်များနှင့် ဆက်သွယ်ရန် ဟိုပြေးသည်ပြေး ပြေးနေခဲ့ရပြီး သူကွယ်လွန်သွားပြီးနောက် လီမျိုးနွယ်စုအနေဖြင့် ဖူမျိုးနွယ်စုကဲ့သို့ လေပြင်းမုန်တိုင်းထဲ လွင့်စင်သွားမည်ကို စိုးရိမ်နေခဲ့ရှာသည်။

သူ အမှန်ပင် အသေဖြောင့်နိုင်ရန် မျိုးနွယ်စုအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ခြင်းပင်။ သူ့ဘဝကို အပြင်လူများ ကြည့်လျှင် အလွန်ခမ်းနားသည်ဟု ထင်ရသော်လည်း အတွင်းလူများသာ သူ့ရင်ထဲမှ ခါးသီးမှုများကို သိကြသည်။ ကံဆိုးစွာဖြင့် ကံကြမ္ဘာက သူ့အား လုံလောက်သော အချိန်မပေးခဲ့ချေ။

လီယင်ကျန်းသည် သူ၏ နှလုံးသားတစ်ခုလုံး ညှစ်ခြေခံထားရသည်အလား အသက်ရှူရန်ပင် ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားရတော့သည်။

သူ ရှိုက်ကြီးတငင်ဖြင့် ဆိုသည်။

“အဘိုးရဲ့ စိတ်ကို မြေး အတိုင်းအတာတစ်ခုအထိ နားလည်ပါတယ်.... အဘိုးက ဉာဏ်ပညာကြီးမားပြီး အမြင်ကျယ်တယ်၊ မျိုးနွယ်စုကို ကြီးပွားတိုးတက်အောင် လုပ်ချင်တာလည်း ကျွန်တော်တို့တွေ သိပါတယ်”

“ဒါပေမဲ့ ရေစက်လေးတွေ စုစည်းပြီး မြစ်ကြီးဖြစ်လာဖို့တောင် မလွယ်ကူပါဘူး.... ရှေ့ကို ဆက်စီးပြီး ပင်လယ်ထဲ ရောက်တဲ့အခါကျရင် ကိုယ့်ကိုယ်ကိုယ် သေးငယ်လွန်းတယ်လို့ ခံစားရလိမ့်မယ်”

“အဘိုးလိုပဲ.... ကျွန်တော့်လိုပဲ.... အားလုံးက ကမ္ဘာမြေကြီးပေါ်က သက်တမ်းတိုတဲ့ ပိုးကောင်လေးတွေပါပဲ”

“မျိုးနွယ်စု ကြီးပွားတိုးတက်ဖို့ဆိုတာ အဘိုးနဲ့ ကျွန်တော်တို့ တစ်ဆက်နှစ်ဆက်တည်းတင် မဟုတ်ပါဘူး.... ရေရှည်တည်တံ့ပြီး မျိုးဆက်အဆက်ဆက် အမွေဆက်ခံသွားနိုင်ဖို့ပါပဲ”

နံနက်ခင်း လေပြေ တိုက်ခတ်လာပြီး ငှက်အချို့ ကောင်းကင်သို့ ပျံတက်သွားရာ ရေလှိုင်းလေးများ ထွက်ပေါ်လာသည်။

“ရေရှည်တည်တံ့ပြီး မျိုးဆက်အဆက်ဆက် အမွေဆက်ခံသွားနိုင်ဖို့....”

လီကျင်ဟွမ်က ထိုစကားကို တတွတ်တွတ် ရွတ်ဆိုရင်း ရုတ်တရက် အားရပါးရ ရယ်မောလိုက်တော့သည်။

“ဟားဟားဟား....”

သူ၏ ရယ်သံမှာ ဟိန်းထွက်သွားပြီး မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

ချင်းဟွာမြစ်ပေါ်တွင် ငါးများ ရေပြင်ထက် ခုန်တက်လာခဲ့ကြပြီး ငှက်များ လန့်ဖျန့်ပျံတက်ကုန်ကြသလို မြစ်ကမ်းနှစ်ဖက်တွင် မှီတင်းနေထိုင်ကြသော ကျင့်ကြံသူများသည်လည်း လန့်နိုးလာကြသည်။

အသက်ရှူကြိမ်အနည်းငယ်မျှ ကြာမြင့်ပြီးနောက် ရယ်သံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။

လီကျင်ဟွမ်က ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။

“မင်းရဲ့ ကျင့်စဉ်ဖြစ်တဲ့ ကိုးဆင့်ဝိညာဉ်ပြန်လည်စုစည်းခြင်းကျင့်စဉ်က မင်းရဲ့ စိတ်ဓာတ်ကို တကယ်ပဲ သွေးပေးလိုက်နိုင်တာပဲ”

“ဒါက အဘိုးရဲ့ သွန်သင်ဆုံးမမှုကြောင့်ပါ”

လီကျင်ဟွမ်က ပြုံးပြီး လက်ကို ဝေ့ယမ်းလိုက်ရာ ဓားရှည်တစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။ ဓားမှာ ၃ ပေ ၇ လက်မ ရှည်ပြီး ဓားအိမ်ပေါ်တွင် လှိုင်းတွန့်ပုံစံများ ထုဆစ်ထားကာ ၎င်းကို ငါးမန်း အရေပြားနှင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဓားအိမ်ထဲတွင် ရှိနေဆဲဖြစ်သော်လည်း အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။

“ဒါဆိုရင် မင်းမှာ ဒီ ချီလုံဓားကို အမွေဆက်ခံဖို့ အရည်အချင်း ရှိသွားပြီ”

လီယင်ကျန်းက အံ့သြတကြီးဖြင့်

“ဒါက အဘိုးရဲ့ ကိုယ်ပိုင် ရတနာပဲလေ.... ကျွန်တော်က ချီသန့်စင်အဆင့်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ် အမွေဆက်ခံနိုင်မှာလဲ”

ထိုဓားကြီးသည် သွေးအနှစ်သာရဖြင့် သန့်စင်ထားခြင်း မရှိသေးသဖြင့် သွေးမျိုးဆက်တော်စပ်မှုတစ်ခုတည်းဖြင့် အမွေဆက်ခံနိုင်မည့် အရာ မဟုတ်ပေ။ သို့သော် လီကျင်ဟွမ်၏ စူးရှသော အကြည့်အောက်တွင် သူ သတ္တိမွေးပြီး ဓားကို လှမ်းယူလိုက်သည်။

“မြေး.... အခြေတည်အဆင့်ကို အောင်မြင်အောင် လုပ်ပြီး ချီလုံဓားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာ မဟုတ်ပါဘူး”

“ကောင်းပြီ.... ဒီနေ့ကစပြီး မင်းက ချင်းဟွာ လီမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပဲ”

လီကျင်ဟွမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘေးသို့ စောင်းလိုက်ပြီး အိုမင်းရင့်ရော်သော မျက်ဝန်းများဖြင့် အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ နက်ရှိုင်းသော အမှောင်ထုက အဆုံးမဲ့မြစ်ကြီးကို လွှမ်းမိုးထားဆဲဖြစ်ပြီး မြစ်ရေကမူ တသွင်သွင် စီးဆင်းနေဆဲပင်။

ရုတ်တရက် ကျယ်ပြန့်သော ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

အမှောင်ထု ပျောက်ကွယ်သွားပြီး အလင်းရောင် စတင်ထွက်ပေါ်လာလေပြီ။

အလွန်လှပသော ထိုမြင်ကွင်းအောက်တွင် လီယင်ကျန်း ခဏတာ ငေးမောသွားမိသည်။

သူ သတိပြန်ဝင်လာသည့်အခါတွင်မူ ရှေ့မှ လူသားသည် အသက်မဲ့သွားခဲ့ပြီ ဖြစ်သည်။

ချက်ချင်းပင် ဝမ်းနည်းပူဆွေးမှုများက သူ၏ ရင်ထဲဝယ် ပြည့်လျှံသွားသည်။

“မြေး လီယင်ကျန်း.... အဘိုးကို လေးစားစွာနဲ့ နှုတ်ဆတ်ပါတယ်”

....

ဒန်ရှားတောင်ပေါ်ရှိ လော့ထျန်းခန်းမဆောင်အတွင်း....။

လော့ချန်သည် သူ့လက်ထဲရှိ ဝါကျင့်ကျင့် ဖြစ်နေသော ကျောက်စိမ်းပြားလေးကို ကိုင်ကစားရင်း ရင်ထဲတွင် အမည်မသိ လေးလံမှုကို ခံစားနေရသည်။

“အဘိုးကြီးရာ.... ဒီလောက်အထိ ထောင့်စေအောင် လုပ်သွားဖို့ လိုလို့လား”

သူ နားလည်ပေးနိုင်သော်လည်း လီကျင်ဟွမ်၏ ဆုံးဖြတ်ချက်ကိုမူ အပြည့်အဝ သဘောမပေါက်နိုင်သေးချေ။

လော့ချန် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း ထိုကျောက်စိမ်းပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ထိုစဉ် တံခါးအပြင်ဘက်မှ သဲ့သဲ့မျှ ကြားလိုက်ရသော ခြေသံနှင့်အတူ မကြာမီမှာပင် ကျိုးယွမ်လီ ခန်းမထဲသို့ ဝင်လာခဲ့၏။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ချင်းဟွာမြစ် လီမျိုးနွယ်စုဆီက ဝမ်းနည်းဖွယ် သတင်း ရောက်လာပါတယ်၊ မျိုးနွယ်စုခေါင်းဆောင် လီကျင်ဟွမ်ဟာ ဒီနေ့မနက်မှာ ကွယ်လွန်သွားပါပြီ”

“သူက မြစ်ကမ်းနားမှာ ထိုင်ရင်း နံနက်ခင်း နေထွက်ချိန်ကို ကြည့်ပြီး ကွယ်လွန်သွားတာပါ”

“မြေးဖြစ်သူ လီယင်ကျန်းက ဘေးမှာရှိနေပြီး မြစ်ကမ်းနှစ်ဖက်က သာမန်ကျင့်ကြံသူတွေလည်း မြင်ခဲ့ကြပါတယ်”

“နောက်ဆုံးတော့ ဆုံးသွားပြီပေါ့....” ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ အသံမှာ အလွန်တိုးလှ၏။ သို့သော်လည်း ချီသန့်စင်အဆင့် ၉ ရှိသော ယွမ်တုန်းရှန်းမှာမူ ဤကျယ်ဝန်းလှသော ခန်းမဆောင်ကြီးအတွင်း၌ ထိုအသံကို အထင်အရှား ကြားလိုက်ရသည်။ သူ အနည်းငယ် အံ့သြသွားရသည်။

‘နောက်ဆုံးတော့ ဆုံးသွားပြီ တဲ့လား.... အဖွဲ့ချုပ်ခေါင်းဆောင်က အဲ့အဘိုးကြီး သေမယ့်အချိန်ကို စောင့်နေတာလား’

သူသည် စိတ်ထဲရှိ မဆီလျော်သော အတွေးများကို အမြန်ဖျောက်ဖျက်လိုက်ပြီး ရိုသေစွာဖြင့် မေးလိုက်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... လီစံအိမ်တော်ကို သွားဦးမလားခင်ဗျာ”

လော့ချန်နှင့် လီကျင်ဟွမ်တို့အကြား ဆက်ဆံရေး ကောင်းမွန်သည်ကို လူအများစု သိကြသဖြင့် သူ မေးလိုက်ခြင်း ဖြစ်သည်။

သို့သော် လော့ချန်က ခေါင်းယမ်းလိုက်သည်။

“ငါမသွားတော့ဘူး.... သွားရင်လည်း ဝမ်းနည်းစရာတွေပဲ တိုးလိမ့်မယ်၊ ဒီဘက်က ဓလေ့အရ အလောင်းကို ခုနစ်ရက် ထားရတယ်မလား”

ကျိုးယွမ်လီက ခေါင်းညိတ်ပြလိုက်သည်။

“မှန်ပါတယ်.... သက်တမ်းကုန်လို့ သေတဲ့သူတွေဟာ သေပြီး ခုနစ်ရက်မြောက်မှာ ဝိညာဉ်ပြန်လာတတ်တယ်လို့ ယုံကြည်ကြလို့ အလောင်းကို ခုနစ်ရက် ထားလေ့ရှိပါတယ်၊ ဒီဓလေ့က ကျင့်ကြံခြင်းမျိုးနွယ်စုတွေကြားမှာ အသုံးအများဆုံးပါ”

“ဒါဆိုရင် ငါ ခုနစ်ရက်မြောက်ကျမှပဲ သူ့ကို နောက်ဆုံးခရီး လိုက်ပို့တော့မယ်” ဟု လော့ချန်က အေးဆေးစွာ ပြောလိုက်သည်။

“ဒါပေမဲ့ ဒီသတင်းကို တခြားသူတွေကို အသိပေးလိုက်ပါဦး.... ဆေးဝါးခန်းမဆောင်က ယွမ်တုန်းရှန်းတို့ ဇနီးမောင်နှံကို မျိုးနွယ်စုဆီ ပြန်ပြီး သားသမီးဝတ္တရား ကျေပွန်အောင် လုပ်ခိုင်းလိုက်”

“အမိန့်အတိုင်းပါ”

ကျိုးယွမ်လီ ချက်ချင်း ထွက်ခွာသွားသည်။

လော့ချန် ကျင့်ကြံနေသည့် တစ်နှစ်တာ ကာလအတွင်းဝယ် လော့ထျန်းအဖွဲ့နှင့် လီမျိုးနွယ်စုတို့၏ မဟာမိတ်လက်ထပ်ပွဲမှာ ကျင်းပပြီးဆီးသွားခဲ့ပြီဖြစ်သည်။ ဆေးဝါးခန်းမဆောင်မှ ယွမ်တုန်းရှန်းနှင့် လီကျင်ဟွမ်၏ အချစ်တော် မြေးမလေး ဖြစ်သော လီရင်းကျွင်းတို့ လက်ထပ်ကာ ကျင့်ကြံဖော်များ ဖြစ်လာခဲ့ကြသည်။

အဘိုးဖြစ်သူဆုံးပြီ ဆိုသော သတင်း လီရင်းကျွင်း၏ နားထဲသို့ ရောက်ရှိသွားသောအခါ သူမ ချက်ချင်းပင် ဖြေမဆည်နိုင် ဖြစ်ရရှာသည်။

ယွမ်တုန်းရှန်းသည် ဆေးဝါးခန်းမဆောင်ရှိ ကိစ္စရပ်များကို အမြန်လွှဲပြောင်းကာ ဇနီးဖြစ်သူနှင့်အတူ လီမျိုးနွယ်စု၏ နယ်မြေဆီသို့ လိုက်ပါသွားခဲ့သည်။

ထို့ပြင် မုရုန်ချင်းလျန်၏ စီစဉ်မှုဖြင့် လော့ထျန်းအဖွဲ့သည်လည်း လီမျိုးနွယ်စုထံသို့ ဝမ်းနည်းခြင်း အထိမ်းအမှတ် လက်ဆောင်များကို ပို့ဆောင်ပေးခဲ့သည်။ ၎င်းမှာ မျိုးနွယ်စုနှစ်စုကြား ဆက်ဆံရေး ခိုင်မြဲမှုကို ပြသခြင်းပင် ဖြစ်၏။

....

အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံသူတစ်ဦး ကွယ်လွန်ခြင်းသည် ထျန်းလန် နတ်ဘုရားမြို့တော်ကြီးအတွက်မူ လှိုင်းထန်စရာ ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။ သို့သော် ပတ်သက်ဆက်နွှယ်နေသူများအတွက်မူ ဤသတင်းသည် လေပွေတစ်ခုကဲ့သို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

တန်ယွမ်ဂိုဏ်းအတွင်း....။

ဂိုဏ်းချုပ် တန်ယွမ်ဇီသည် ထိုသတင်းကို ကြားလိုက်ရသည့် ခဏ၌ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားသည်။

“ငါ ကျင့်ကြံလာတာ နှစ်ပေါင်း ၁၅၀ ကျော်ပြီ.... အခုထိ အခြေတည်အဆင့် ၄ မှာပဲ ရှိသေးတာ၊ ဒါတွေက ငွေကြေးနဲ့ အရင်းအမြစ် မလုံလောက်လို့ပဲ၊ ငါသာ လီမျိုးနွယ်စုရဲ့ စိုက်ခင်းတွေကို လုယူနိုင်ရင် ယန်ဝမ်ဆေးလုံးရဲ့ ထုတ်လုပ်စရိတ်ကို ထိန်းချုပ်နိုင်လိမ့်မယ်၊ အဲဒီအခါကျရင် လော့ထျန်းအဖွဲ့နဲ့ ကျန်းမျိုးနွယ်စုကို ကျော်တက်နိုင်မှာပဲ”

တန်ယွမ်ဇီ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။

သူသည် လူအ မဟုတ်ပေ။ လော့ထျန်းအဖွဲ့နှင့် ကျန်းမျိုးနွယ်စုတို့၏ ပြိုင်ဆိုင်မှုသည် အစပိုင်းတွင် ပြင်းထန်သယောင် ရှိသော်လည်း ကြာလာသည်နှင့်အမျှ နှစ်ဖက်လုံး ထိခိုက်မှုမရှိဘဲ ပိုမိုချမ်းသာလာကြသည်ကို သူ သတိပြုမိသည်။ ဘေးမှထိုင်ကြည့်နေသော မိမိတို့သည်သာ ခွက်ဆွဲရမည့် အခြေအနေ ရောက်နေခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ လက်ဖဝါးချင်းရိုက်ကာ လူလည်ကျနေခဲ့ခြင်း ဖြစ်၏။

“တကယ်ကို ကောက်ကျစ်လိုက်တဲ့ကောင်စုတ်တွေ”

သို့သော် သူ့အနေဖြင့် ထိုအင်အားစု နှစ်ခုလုံးကို သွားမထိရဲခဲ့ပေ။ တစ်ခုက အင်အားကြီးပြီး နောက်တစ်ခုက ရေခဲခံတပ်၏ အချစ်တော်ဖြစ်နေသောကြောင့်ပင်။

အကယ်၍ သူသာ ကုန်ကျစရိတ်ကို ထိန်းချုပ်ပြီး ယန်ဝမ်ဆေးလုံးအား ဈေးကွက်ထဲ ပြန်သွင်းနိုင်လျှင် အကြီးအကျယ် မြတ်စွန်းမည် ဖြစ်သည်။

အမှန်စင်စစ် ထိုအင်အားစုနှစ်ခုကြောင့် ပျက်စီးသွားရသူမှာ တန်ယွမ်ဂိုဏ်းတစ်ခုတည်း မဟုတ်ပေ။ အခြားအဆင့်နိမ့်ဆေးလုံးရောင်းချသည့် လုပ်ငန်းရှင်အားလုံး ဘုံပျောက်သွားခြင်း ဖြစ်သည်။ လော့ထျန်းအဖွဲ့က တစ်နှစ်လျှင် သိန်းချီ ဝင်ငွေရှိပြီး ကျန်းမျိုးနွယ်စုကလည်း ထိုနည်းတူစွာ ချမ်းသာနေသည်ကို တွေးမိတိုင်း တန်ယွမ်ဇီသည် မနာလိုစိတ်ကြောင့် ရင်ထဲ တဆစ်ဆစ် နာကျည်းခဲ့ရသည်။

“ငါသာ သူတို့လို ရှာနိုင်ရင် ဒီဘဝမှာ ရွှေအမြုတေအဆင့်ကို အိမ်မက်မက်နိုင်ဦးမှာပဲ”

သူ ဂိုဏ်းသားများကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ သို့သော် ဂိုဏ်းသားများ စုံလင်စွာ ရောက်ရှိလာသည့်အခါတွင်မူ သူ ပြန်လည် ဝေခွဲမရ ဖြစ်သွားရပြန်သည်။

“လီကျင်ဟွမ်ဆိုတဲ့ အဘိုးကြီးက လူလည်ပဲ.... ဘာအစီအစဉ်မှ မလုပ်ဘဲ သေပါ့မလား.... သူ တကယ် သေတာမဟုတ်ဘဲ အကွက်ဆင်ပြီး ငါ့ကို အကဲစမ်းတာဆိုရင်ကော”

ထိုသို့ တွေးမိလိုက်သည့် ခဏ၌ သူ၏ ကျောပြင်တွင် ချွေးစေးများ စိမ့်ထွက်လာခဲ့သည်။

“ဟုတ်တယ်.... ဟုတ်တယ်၊ အဘိုးကြီးက အရမ်းကောက်ကျစ်တာ.... သူ မသေခင်မှာ မျိုးနွယ်စုအတွက် အန္တရာယ်တွေကို တစ်ခါတည်း အပြီးပြတ် ရှင်းလင်းသွားချင်တာ ဖြစ်နိုင်တယ်၊ ငါ အကွက်ထဲ ဝင်လို့မဖြစ်ဘူး.... ဒီကိစ္စကို သေချာ စဉ်းစားရမယ်”

စိတ်ကူးပြောင်းသွားသဖြင့် သူ ဂိုဏ်းသားများကို ပြန်လွှတ်လိုက်ပြီး ယုံကြည်ရသော လက်ရုံးအချို့ကိုသာ ချန်ထားခဲ့သည်။

“မင်း သွားပြီး လီကျင်ဟွမ် သေဆုံးတဲ့ကိစ္စနဲ့ ပက်သက်ပြီး အသေးစိတ် စုံစမ်းချေ”

“မင်းကတော့ ထန်ချိုး ဟူမျိုးနွယ်စုကို သွားပြီး ဆက်သွယ်လိုက်၊ သူတို့က လီမျိုးနွယ်စုနဲ့ ရန်ငြိုးကြီးလှတာဆိုတော့ အသာလေး ငြိမ်ကုပ်နေမှာမဟုတ်ဘူး”

“နေဦး”

“လော့ထျန်းအဖွဲ့ကိုလည်း မျက်ခြေမပြတ်စေနဲ့နော်၊ သူတို့က ခမည်းခမက်တွေ တော်စပ်ထားကြတယ်လို့ ကြားတယ်”

တန်ယွမ်ဇီသည် ခန်းမအတွင်း ဟိုဟိုဒီဒီ လျှောက်လှမ်းနေပြီး ကိစ္စရပ် အားလုံးကို ဦးနှောက်အတွင်း၌ အစီအစဉ်ချနေသည်။ အရေးကြီးသော ကိစ္စရပ်များနှင့် ကြုံတွေ့ရချိန်တွင် တည်ငြိမ်မှု ရှိရမည် မဟုတ်လော။ ဤတစ်ကြိမ်သည် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို ပြောင်းလဲစေမည့် အရေးအကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်လာနိုင်ပေသည်။

သူ လုံးဝ အမှားအယွင်း အဖြစ်မခံနိုင်ပေ။

....

ထန်ချိုးတောင်ဟု ခေါ်ဆိုသော်လည်း အမှန်စင်စစ်တွင် သေးငယ်လှသည်တော့ မဟုတ်ချေ။

ယခင်က ထန်ချိုးတောင်တွင် ခရမ်းရောင် စန္ဒကူးပင်များဖြင့် ပြည့်နှက်နေပြီး အလွန်လှပသော အရပ်ဒေသတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဟူမျိုးနွယ်စုတွင် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦး ပေါ်ထွက်လာပြီးနောက်တွင်မူ ထိုနေရာသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာခဲ့သည်။ ယခုအခါ ထန်ချိုးတွင် ကျောက်တုံးများနှင့် သစ်ခြောက်များသာ ရှိတော့၏။

အချို့သော ခမ်းနားထည်ဝါသည့် နန်းတော်များသည် ထိုနေရာတွင် လိုက်ဖက်ညီမှုမရှိစွာ ကန့်လန့်ဖြတ် တည်ရှိနေပြီး ကြည့်ရသည်မှာ အလွန်ပင် ရုပ်ဆိုးအကျည်းတန်လှသည်။

စတုတ္ထသား အခြေတည်အဆင့် တက်လှမ်းနိုင်ရေးအတွက် တောင်ပေါ်ရှိ စန္ဒကူးပင်များကို အကုန်ခုတ်လဲကာ အရင်းအမြစ်များနှင့် လဲလှယ်ခဲ့ရခြင်းကြောင့် ဖြစ်သည်။

ယခုအခါ ဟူမျိုးနွယ်စုမှ ညီအစ်ကို သုံးဦး စုံညီစွာ ရှိနေကြပြီး တံခါးပိတ်ကျင့်ကြံနေသော အစ်ကိုကြီး ဟူချန်းရှီပင် ထွက်လာခဲ့ပြီ ဖြစ်သည်။

အားလုံး၏ ပစ်မှတ်ကား ချင်းဟွာ လီမျိုးနွယ်စုပင် ဖြစ်၏။

“အဖေနဲ့ တတိယညီလေးက လီကျင်ဟွမ်ရဲ့ လက်ချက်နဲ့ သေခဲ့ရတာ.... ငါ ဘာဖြစ်ဖြစ် ကလဲ့စားချေမယ်”

ဟူချန်းနူက ဒေါသတကြီး ပြောလိုက်သည်။

ဟူချန်းလဲ့ကမူ ခေါင်းယမ်းလိုက်ပြီး “ဒုတိယအစ်ကို.... ကလဲ့စားချေဖို့ဆိုတာ မျိုးဆက်ကိုးဆက် ကြာရင်တောင် မနှောင်းပါဘူး၊ လောစရာမလိုပါဘူး” ဟု ဖျောင်းဖျ၏။

ဟူချန်းနူက စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက မလောဘူးပေါ့.... အဲဒီတုန်းက မင်းက ငယ်သေးတော့ ငါတို့ မျိုးနွယ်စုနှစ်စုကြားက ရန်ငြိုးကို ဘယ်သိမလဲ၊ ငါသိတာကတော့ ငါဆိုတဲ့ ကောင်က ကလဲ့စားမချေရရင် အိပ်တောင်မပျော်ဘူးကွ”

ဟူချန်းလဲ့က ဆက်၍ မငြင်းခုံတော့ဘဲ အကျိုးအကြောင်းကို သုံးသပ်ပြသည်။

“ကလဲ့စားချေမယ့် ကိစ္စက သေချာ အစီအစဉ်ချမှ ဖြစ်မယ်…. ပထမဆုံးအနေနဲ့ လီကျင်ဟွမ် အကွက်ဆင်ပြီး သေတယ် ဆိုတဲ့ ဖြစ်နိုင်ခြေကို စဉ်းစားရမယ်၊ ဟိုးအရင်က သက်တမ်းကုန်လုနီးပါး ဖြစ်နေတဲ့ ရွှေအမြုတေအဆင့် အကြီးအကဲတစ်ယောက် သေချင်ယောင်ဆောင်ပြီး ရန်သူတွေကို လုပ်ကြံသွားခဲ့တာမျိုး၊ ကျွန်တော်တို့ ဟူမျိုးနွယ်စုအပေါ် အဖြစ်မခံနိုင်ဘူး”

ဟူချန်းနူ ခေတ္တမျှ ဆွံ့အသွားရသည်။ ထိုအဖြစ်အပျက်ဟောင်းမှာ ဤနယ်မြေအတွင်း လူသိများလှသဖြင့် သူလည်း သိရှိထားသည်။

စတုတ္ထသား ဟူချန်းလဲ့က သူ့အား တစ်ချက်ကြည့်ကာ ဆက်ပြောပြန်သည်။

“ဒုတိယအချက်အနေနဲ့ လီမျိုးနွယ်စုရဲ့ မဟာမိတ်တွေရဲ့ လှုပ်ရှားမှုကို သတိထားရမယ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းက လီမျိုးနွယ်စုနဲ့ ရန်ငြိုးမရှိဘူး၊ နောက်ဆယ်နှစ်မှာလည်း မြို့ကို အုပ်ချုပ်ဦးမှာဆိုတော့ သူတို့ရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားရမယ်”

ဟူချန်းနူက မနေနိုင်ဘဲ မေးလိုက်သည်။

“ဂိုဏ်းကြီးတွေရဲ့ သဘောထားကို ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ”

“လွယ်လွယ်လေးပဲ.... ဆေးလုံးစိမ်းချိုင့်ဝှမ်းက အခြေတည်အဆင့် မရှိတော့တဲ့ မျိုးနွယ်စုလေးရဲ့ နာရေးကို လူလွှတ်မလွှတ် ကြည့်လိုက်ရင် သိနိုင်တယ်” ဟု ဟူချန်းလဲ့က ယုံကြည်ချက်ရှိရှိ ဆိုသည်။

ဟူချန်းနူ ချက်ချင်းပင် သဘောပေါက်သွားသည်။ ဂိုဏ်းကြီးများသည် သာမန်အားဖြင့် အောက်ခြေအင်အားစုများနှင့် ရောရောနှောနှော နေလေ့မရှိပေ။ အလွန်ရင်းနှီးမှသာ နာရေး သို့မဟုတ် မင်္ဂလာပွဲများသို့ လူစေလွှတ်လေ့ ရှိသည်။

“ပြီးတော့ လော့ထျန်းအဖွဲ့၊ တန်ယွမ်ဂိုဏ်း၊ ကျန်းမျိုးနွယ်စုတို့ ရှိသေးတယ်၊ အဲ့သုံးစုက လီမျိုးနွယ်စုနဲ့ ဆက်ဆံရေး ကောင်းပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်လေ့ ရှိကြတယ်”

“အထူးသဖြင့် လော့ထျန်းအဖွဲ့ပဲ.... လီကျင်ဟွမ်က ပြီးခဲ့တဲ့ နှစ်တွေမှာ အဲဒီအဖွဲ့အသစ်ကို ဖားဖို့ အတော်လေး အားစိုက်ခဲ့တာ၊ ငါတို့ သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရမယ်”

ဟူချန်းနူက မျက်မှောင်ကြုတ်လျက်

“တောက တက်လာတဲ့ ကောင်တွေကို ဘာလို့ ဒီလောက် ကြောက်နေရမှာလဲ”

ဟူချန်းလဲ့က သက်ပြင်းချကာ ပြောလိုက်သည်။

“သူတို့မှာ အခြေတည်အဆင့် ကျင့်ကြံသူ လေးယောက်ရှိတယ်ကွ.... ဂရုမစိုက်ဘဲ နေလို့ရမလား”

ဟူချန်းနူ နှုတ်ဆိတ်သွားရတော့သည်။

‘ကလဲ့စားပဲ ချေချင်တာကို ဘာလို့ ဒီလောက် ရှုပ်ထွေးနေရတာလဲ’

“နောက်ထပ် ရှိသေးလား”

“ရှိတာပေါ့”

ဟူချန်းလဲ့က လှောင်ပြုံးပြုံးကာ

“လီမျိုးနွယ်စုမှာ ရန်သူတွေ အများကြီး ရှိသေးတယ်၊ အဲဒီရန်သူတွေကို စုစည်းပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်ရင် သူတို့ရဲ့ မဟာမိတ်တွေ ကူညီရင်တောင် အလကားပဲ ဖြစ်သွားလိမ့်မယ်”

“အာ.... ဟုတ်တယ်၊ ဟုတ်တယ်”

ဟူချန်းနူက ဝမ်းသာသွားပြီး

“အဲဒီအခါကျရင် ငါတို့ အတူတူ လီမျိုးနွယ်စုကို အပြတ်ရှင်းပစ်မယ်၊ ချင်းဟွာမြစ်ကို သွေးပင်လယ် ဝေစေရမယ်”

“ဟူး....”

ဟူချန်းလဲ့ သက်ပြင်းချမိသည်။ ဖခင်ဖြစ်သူက သူတို့ ညီအစ်ကို လေးယောက်ကို အမည်ပေးခဲ့စဉ်က ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ဟု ပေးခဲ့ရာ ဒုတိယအစ်ကိုမှာ တကယ့်ကို ဒေါသကြီးပြီး ဦးနှောက်မရှိရှာပေ။

သို့သော်လည်း အသက်ရှင်နေဆဲ ဖြစ်သည်။

အမြဲတမ်း စေ့စပ်သေချာလှသော တတိယအစ်ကိုဖြစ်သူ ဟူချန်အိုင်မှာမူ လီကျင်ဟွမ်၏ ဓားချက်အောက်တွင် သေဆုံးခဲ့ရရှာသည်။

တတိယအစ်ကိုသာ ရှိနေသေးလျှင် ဟူမျိုးနွယ်စုသည် ဤမျှအထိ ပျက်စီးမည် မဟုတ်ပေ။ ထို့အပြင် မိမိကဲ့သို့ အငယ်ဆုံးကောင်က လိုက်ပြီး စဉ်းစားပေးနေရစရာလည်း လိုမည်မဟုတ်ပေ။ ယခုအခါ ဟူမျိုးနွယ်စုသည် အခြေတည်အဆင့် သုံးဦးရှိသည်ဟု ဆိုသော်လည်း အပေါ်ယံသာ ဖြစ်ပြီး အခြေခံအုတ်မြစ် မရှိတော့ပေ။

သူသည် အမြဲတမ်း တိတ်ဆိတ်နေသော အစ်ကိုကြီး ဟူချန်းရှီကို ကြည့်ပြီး “အစ်ကိုကြီး.... အစ်ကိုရော ဘယ်လိုထင်လဲ” ဟု မေးလိုက်သည်။

ဟူချန်းရှီ၏ မျက်နှာမှာ အေးစက်နေသည်။ ဖခင်ဖြစ်သူနှင့် ညီလေး သေဆုံးခဲ့ရသည့် နေ့မှစ၍ သူ ဘယ်သောအခါမှ မပြုံးတော့ပေ။

သူ ဟူချန်းလဲ့အား စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်တော့သည်။

“မင်း တချို့နေရာတွေမှာ မှားနေတယ်လို့ ငါထင်တယ်”

All Chapters