← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 41 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 41 Ch. 409-410

အခန်း (၄၀၉) - သည်းထန်စွာ ရွာသွန်းသော မိုးရေစက်များနှင့် လီကျင်ဟွမ်၏ နောက်ဆုံးခရီး

ဒန်ရှားတောင်ထိပ် ခန်းမဆောင်ကြီးအတွင်း၌ လော့ထျန်းအဖွဲ့၏ အခြေတည်အဆင့် ကျင့်ကြံသူကြီး လေးဦးသည် တစ်နေရာတည်း၌ စုံညီစွာ ရှိနေကြသည်။

တွမ်ဖုန်းက လော့ချန်အား စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ကာ မေးလိုက်သည်။

“မင်း တကယ်ပဲ လီကျင်ဟွမ်ရဲ့ နာရေးကို တစ်ယောက်တည်း သွားမလို့လား”

“စိတ်မပူပါနဲ့၊ ကျွန်တော် တစ်ယောက်တည်းဆို လုံလောက်ပါတယ်”

လော့ချန်က စိတ်အေးစေရန် နှစ်သိမ့်စကား ဆိုလိုက်သည်။

တွမ်ဖုန်း၏ မျက်နှာထက်ဝယ် စိုးရိမ်ရိပ်များ ပိုမိုထင်ရှားလာသည်။

“ငါတို့ ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ၊ လီမျိုးနွယ်စုဘက်မှာ အခုတလော ပဋိပက္ခတွေ ဆက်တိုက်ဖြစ်နေပြီး အင်အားစုအသီးသီးက စောင့်ကြည့်နေကြတာ၊ တကယ်လို့ ငါတို့အားလုံး အတူတူသွားရင် အခြေအနေကို ဖိနှိပ်ထားနိုင်လိမ့်မယ်၊ ဒါပေမဲ့ မင်းတစ်ယောက်တည်း ဆိုရင်ကော”

သူ့စကား၏ အဓိပ္ပာယ်မှာ လော့ချန် တစ်ဦးတည်း သွားမည့်အရေးကို လုံးဝ ကန့်ကွက်နေခြင်းပင် ဖြစ်သည်။

လော့ချန်က အငြင်းအခုန် မပြုတော့ဘဲ အခြေတည်အဆင့် ၄ ၏ အရှိန်အဝါကိုသာ ပတ်ဝန်းကျင်သို့ ထုတ်လွှတ်လိုက်လေသည်။

ထိုအခိုက်တွင် ဝမ်ယွမ်မှအပ တွမ်ဖုန်းနှင့် မင်လုံယွီတို့ နှစ်ဦးစလုံး ဆွံ့အမှင်သက်သွားကြရ၏။

“မင်း.... အခြေတည်အဆင့်အလယ်ပိုင်းကို ရောက်သွားပြီလား” ဟု တွမ်ဖုန်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။

နှစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သော်လည်း လော့ချန်သည် အခြေတည်အဆင့် အလယ်ပိုင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခင် သူတို့အားလုံး ချီသန့်စင်အဆင့် ၉ တွင် ရှိစဉ်က လော့ချန်မှာ ချီသန့်စင်အဆင့် ၃၊ ၄ မျှသာ ရှိသေးသည်။ နောက်ပိုင်းတွင် သူတို့ ချီသန့်စင်အဆင့် ၉ တွင် ပိတ်မိနေစဉ်မှာပင် လော့ချန် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ယခုမူ သူတို့သည် လော့ချန်၏ ခြေလှမ်းကို အသည်းအသန် လိုက်မှီအောင် ကြိုးစားကာ အခြေတည်အဆင့် ၁ သို့ ရောက်ရှိလာကြသော်လည်း လော့ချန်ကမူ အခြေတည်အဆင့်အလယ်ပိုင်းသို့ပင် ရောက်ရှိနေချေပြီ။ အစောပိုင်းအဆင့်နှင့် အလယ်ပိုင်းအဆင့် ကျင့်ကြံသူတို့ကြား ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ မဟုတ်သော်လည်း အလွန်တရာ ကြီးမားလှသည်ဟု ဆိုနိုင်သည်။ ထိုအဆင့်နှစ်ခုကြားရှိ စွမ်းအားကွာဟချက်သည် သာမန် အဆင့်ငယ် တစ်ခု၊ နှစ်ခုမျှနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။

အတိတ်က တာဟဲဈေးမြို့တော်တွင် အခြေတည်အဆင့်အလယ်ပိုင်းရှိသော မီရှုဟွာသည် လူပေါင်းထောင်ချီရှိသော ဖိုရှန်းဂိုဏ်းကို တစ်ဦးတည်း လက်ဝါးကြီးအုပ် အုပ်ချုပ်ခဲ့သည်။ သာမန် အခြေတည်အဆင့် ကျင့်ကြံသူများပင် သူ့အား လုံးဝ မပြစ်မှား ဝံ့ကြချေ။ တာကျန်းဂိုဏ်းသည်ပင် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်နှင့် ပူးပေါင်းပြီးမှသာ မီရှုဟွာအား ဆန့်ကျင်ဝံ့ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတိုက်ပွဲတွင်မူ အခြေတည်အဆင့် ကျင့်ကြံသူကြီး ငါးဦးကို စုစည်းကာ ချုံခိုတိုက်ခိုက်ခြင်း၊ ဝိုင်းဝန်းပိတ်ဆို့ခြင်းနှင့် ပူးပေါင်း တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြ၏။ ထိုသို့ ပြုလုပ်ခဲ့သည့်တိုင်အောင် မီရှုဟွာအား အလွယ်တကူ မနှိမ်နင်းနိုင်ခဲ့ချေ။ နောက်ဆုံးတွင်မူ ပုန်းကွယ်နေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူကိုယ်တိုင် တိုက်ခိုက်မှသာ သူ့အား ဇာတ်သိမ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ မြို့ငယ်လေးမှ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ သာဓကဟု ဆိုနိုင်သော်လည်း အနီးစပ်ဆုံး ကြည့်မည်ဆိုလျှင် ချင်းဟွာမြစ်ကမ်းမှ လီမျိုးနွယ်စုတွင် လီကျင်ဟွမ် တစ်ဦးတည်းသာ အခြေတည်အဆင့်အလယ်ပိုင်း ကျင့်ကြံသူ ဖြစ်သော်လည်း ထန်ချိုး ဟူမျိုးနွယ်စုမှ အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူ သုံးဦးအား ဖိနှိပ်ထားနိုင်ခဲ့ဆဲပင်။ ထို့ကြောင့် အခြေတည်အဆင့်အလယ်ပိုင်း ကျင့်ကြံသူတစ်ဦးသည် စစ်မှန်သော အားကိုးထိုက်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။ အခြေတည်အဆင့် ကျင့်ကြံသူ အမြောက်အမြား ရှိနေသော ထျန်းလန်နတ်ဘုရားမြို့တော် ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်ပင် အခြေတည်အဆင့်အလယ်ပိုင်း ကျင့်ကြံသူတစ်ဦးသည် နယ်မြေတစ်ခု၏ အရှင်သခင် ဖြစ်လာနိုင်သည်။

သာမန်လူများအနေဖြင့် ထိုသူများအား လွယ်လွယ်ကူကူနှင့် မပြစ်မှားဝံ့ကြချေ။

နောက်ဆုံးတွင် တွမ်ဖုန်း အနည်းငယ် စိတ်အေးသွားရသည်။ လော့ချန်တွင် အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံခြင်း အဆင့်အတန်း ရှိနေသည့်အပြင် သူသည် အမြဲ စေ့စပ်သေချာသူ ဖြစ်ပြီး လျှို့ဝှက်ဖဲချပ်အမြောက်အမြား ရှိထားသူလည်း ဖြစ်သည်။ နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီးများ ထွက်မလာသရွေ့ သာမန်အခြေတည်အဆင့်ဖြင့် သူ့အား ယှဉ်တိုက်နိုင်မည် မဟုတ်ချေ။

ထိုအခြေတည်အဆင့်နှောင်းပိုင်း အစွမ်းထက် ပုဂ္ဂိုလ်များသည်လည်း လူလုံးပြလေ့မရှိဘဲ အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိကာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက်သာ တံခါးပိတ် ကျင့်ကြံနေလေ့ ရှိကြသည်။

သို့သော်လည်း တွမ်ဖုန်း စဉ်းစားမရသည်မှာ လော့ချန် အဘယ်ကြောင့် မိမိတို့အုပ်စုအား မခေါ်ဆောင်သွားရသနည်း ဟူသည်ကိုပင်။

သူ၏ သံသယကို ရိပ်မိသည်အလား လော့ချန် ရှင်းပြလိုက်သည်။

“ကျွန်တော် လီကျင်ဟွမ်ရဲ့ နာရေးကို သူဆုံးပြီး ခုနစ်ရက်မြောက်နေ့မှာ တက်ရောက်မယ်ဆိုတဲ့ သတင်းက အပြင်ကို ပျံ့သွားခဲ့ပြီ၊ တကယ်လို့ လော့ထျန်းအဖွဲ့ကို မျက်စိကျနေတဲ့သူတွေရှိရင် သူတို့ ဒီအခွင့်အရေးကို သေချာပေါက် ဖမ်းဆုပ်ကြလိမ့်မယ်၊ အစ်ကိုတို့ကို ချန်ထားရတာကလည်း အဖွဲ့ထဲမှာ ဟာကွက်မဖြစ်အောင်လို့ပဲ”

တွမ်ဖုန်းသည် ရုတ်ချည်း သဘောပေါက်သွားပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။

“ငါတို့ သုံးယောက် ရှိနေသရွေ့ လော့ထျန်းအဖွဲ့ အန္တရာယ်ကင်းစေရမယ်ကွာ”

“တကယ်လို့ ရန်သူ အရေအတွက်က အစ်ကိုတို့ထက် အဆမတန် များနေရင်ကော”

တွမ်ဖုန်း ဆွံ့အသွားရသည်။ သူ့ကိုယ်သူ ချီသန့်စင်အဆင့်တွင် ရှိစဉ်က အဆင့်တူများကြား ထိပ်သီးတစ်ဦး ဖြစ်ခဲ့သည်ဟု ယူဆခဲ့သော်လည်း အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသဖြင့် ကျင့်ကြံခြင်းအဆင့်အား မနည်း ထိန်းညှိထားရုံမျှသာ ရှိသေးသည်။ အကယ်၍ တစ်ဦးချင်း ရင်ဆိုင်ရလျှင်မူ သူ ခုခံနိုင်ရန် ယုံကြည်ချက် ရှိသော်လည်း တစ်ဦးနှင့် အများ ဖြစ်လာခဲ့လျှင်မူ....။

ဘေးနားရှိ ဝမ်ယွမ်နှင့် မင်လုံယွီတို့၏ မျက်နှာထားများလည်း လေးနက်သွားကြရသည်။

“စိတ်မပူကြပါနဲ့၊ ကျွန်တော် အစ်ကိုတို့အတွက် ကူညီမယ့်သူ ရှာထားပြီးသားပါ”

လော့ချန် လက်ခုပ်တီးလိုက်ရာ ရှင်းကျုံးဟန့်တစ်ယောက် ခန်းမထဲသို့ ဝင်ရောက်လာသည်။

အကျဉ်းချုံး မိတ်ဆက်ပေးပြီးနောက် လော့ချန် ထပ်မံ၍ ညွှန်ကြားလိုက်သည်။

“ကျွန်တော် ထွက်သွားပြီးတဲ့နောက် ခင်ဗျားတို့အားလုံး တတ်နိုင်သမျှ တောင်ပေါ်ကနေ အပြင်မထွက်ကြနဲ့၊ တကယ်လို့ ရန်သူတွေ အခွင့်ကောင်းယူ တိုက်ခိုက်လာရင် အားလုံး အစ်ကိုကြီးဝမ်ယွမ်ရဲ့ အမိန့်ကို နာခံကြပါ”

“တစ်ခုပဲ ရှိတယ်၊ မင်လုံယွီကတော့ ဒန်ရှားတောင်ထိပ်မှာ သေချာပေါက် အထိုင် စောင့်ကြပ်နေရမယ်”

အားလုံး၏ အကြည့်များသည် မင်လုံယွီဆီသို့ ကျရောက်သွားကြသည်။

မင်လုံယွီကမူ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးရင်း ဆိုလိုက်သည်။

“စိတ်ချပါ၊ ကျွန်တော် ရှိနေသရွေ့ သူတို့တွေ ပြန်လမ်းမရှိစေရဘူး”

ဤသည်မှာ အစီအရင်ဆရာကြီးတစ်ဦး၏ ယုံကြည်ချက်ပင်။ သူ၏ စွမ်းဆောင်ရည်ကို ကောင်းစွာသိကြသော တွမ်ဖုန်းနှင့် ဝမ်ယွမ်တို့သည်လည်း စိတ်ထဲဝယ် များစွာ တည်ငြိမ်သွားကြရသည်။

ရှင်းကျုံးဟန့်ကမူ မင်လုံယွီကို အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ ‘ဒီလူ ဘာလို့ ဒီလောက်တောင် တက်ကြွပြီး ယုံကြည်ချက်အပြည့် ဖြစ်နေရတာလဲ’ ဟု တွေးတောနေမိသည်။

….

ဝုန်းးး....

မိုးခြိမ်းသံတစ်သံ ထွတ်ပေါ်လာသည်။

လော့ချန် ခန်းမဆောင်မှ ခြေလှမ်းစလှမ်းလိုက်ချိန်တွင်ပင် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့လေပြီ။

သူ လက်ကို ဆန့်ထုတ်ကာ ထိုမိုးရေစက်များကို ခံစားရင်း အမြင်အာရုံများ အနည်းငယ် ဝေဝါးသွားရ၏။

“နောက်တစ်ကြိမ် မိုးရွာပြန်ပြီပေါ့”

သူ ခပ်ရေးရေး မှတ်မိနေသေးသည်မှာ ယခင် ရှောင်ဟွမ်းတောင် တိုက်ပွဲညတွင်လည်း ယခုကဲ့သို့ မိုးရွာသွန်းခဲ့သည်။ သို့သော်လည်း ထိုစဉ်က သူသည် ဦးဆောင် တိုက်ခိုက်သူဘက်မှ ဖြစ်ခဲ့သည်။ ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီး ခုခံကာကွယ်ရသည့် ဘက်သို့ ရောက်ရှိလာခဲ့ချေပြီ။

“အားလုံး ချောချောမွေ့မွေ့ ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့”

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လော့ချန်သည် မိုးကုပ်စက်ဝိုင်းဆီမှ မည်းမှောင်နေသော မိုးတိမ်တိုက်များကို တစ်ချက်ကြည့်ကာ လေပြင်းနှင့် မိုးစက်များကြားသို့ ခြေလှမ်း လှမ်းဝင်လိုက်လေတော့သည်။

....

ချင်းဟွာမြစ်ကမ်း အနီးတွင် ဖြစ်သည်။

မိုးစက်များသည် ပြင်းထန်စွာ ရွာသွန်းနေပြီး ဖုန်မှုန့်အမြောက်အမြားကို လွင့်စင်စေလျက်ရှိသည်။ သာမန်အချိန်တွင် မာကျောသော မြေပြင်သည် ယခုအခါ ရွှံ့နွံများဖြင့် ပြည့်နှက်နေချေပြီ။ ဝမ်းနည်းကြေကွဲဖွယ်ရာ နှဲသံသည် ယခုကဲ့သို့ မိုးရွာသောနေ့တွင် ပိုမို၍ စူးရှတုန်ခါနေ၏။ ထိုသည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များသည် လီမျိုးနွယ်စုဝင် အမြောက်အမြား၏ ငိုကြွေးသံများနှင့် အလွန်ပင် တူညီနေတော့သည်။

ခုနစ်ရက်တိုင်တိုင် ရုပ်အလောင်းကို ထားရှိပြီးနောက် လီကျင်ဟွမ်၏ ရုပ်ကလာပ်ကို မျိုးနွယ်စု သုသာန်အတွင်းသို့ သင်္ဂြိုဟ်တော့မည် ဖြစ်သည်။

လီကျင်ဟွမ် သေဆုံးရာ နေရာဖြစ်သော ထိုမြစ်ကမ်းနားမှ ကျောက်တုံးပြာကြီး ဘေးတွင် တိမ်တိုက်ပုံစံ ပါရှိသော ဝတ်ရုံနီကြီးကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ထီးတစ်လက်ကို ဆောင်းကာ မတ်တပ်ရပ်နေလေသည်။ သူ၏ ဝတ်ရုံသည် အလွန်တရာ နီရဲလွန်းလှသဖြင့် ယခုကဲ့သို့ ဝမ်းနည်းပူဆွေးဖွယ်ရာ နာရေးအခမ်းအနားနှင့် လုံးဝ လိုက်ဖက်မှု မရှိဘဲ သီးခြား ဖြစ်နေသည်။

သို့သော်လည်း လီမျိုးနွယ်စုဝင် မည်သူမျှ ထိုလူကို အပြစ်မတင်ဝံ့ကြချေ။

ကျင့်ကြံခြင်း အဆင့်အတန်း ကွာခြားမှုကြောင့် မဟုတ်ပေ။ ယနေ့ကဲ့သို့သော အထိခိုက်မခံနိုင်သည့် အချိန်အခါမျိုးတွင် လီမျိုးနွယ်စုဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် အလေးပြုသော အခြေတည်အဆင့် ကျင့်ကြံသူ ဆို၍ ဤတစ်ဦးတည်းသာ ရှိသောကြောင့်ပင်။

ထိုသူကား လော့ထျန်းအဖွဲ့၏ အရှင်သခင် လော့ချန်ပင်။

သူသည် မြစ်ကမ်းနားတွင် ရပ်နေခဲ့သည်။ သူ၏ ဘေးနား၌မူ ကျောက်တုံးပြာကြီး ရှိနေပြီး ခြေဖျားအောက်တွင်မူ တရွေ့ရွေ့ မြင့်တက်လာသော မြစ်ရေပြင် ရှိနေသည်။ သူ၏ အကြည့်များသည် လွင့်မျောနေပြီး နာရေးအခမ်းအနားကို ကြည့်နေမိ၏။

ထိုလေးလံသော ခေါင်းတလားကြီးသည် လီမျိုးနွယ်စု၏ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ သုံးဦးနှင့် သမက်ဖြစ်သူ ယွမ်တုန်းရှန်းတို့၏ စုပေါင်းအားဖြင့် လီမျိုးနွယ်စု ဗိမာန်တော်အတွင်းမှ ထမ်းပိုး ထွက်ခွာလာခဲ့ချေပြီ။

သူတို့သည် လေးလံလှေသော ခြေလှမ်းများဖြင့် ဘိုးဘွားသင်္ချိုင်းဆီသို့ ဦးတည်ရွေ့လျားနေကြသည်။

လူတန်းရှည်ကြီး၏ ရှေ့ဆုံးတွင်မူ လီယင်ကျန်းသည် ခါးတွင် ဓားအိမ်ပါသော ဓားရှည်ကို ချိတ်ဆွဲထားပြီး လက်နှစ်ဖက်ဖြင့် သစ်သားနာရေးဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ လျှောက်လှမ်းနေခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း သူ့မျက်နှာထက်ဝယ် ဝမ်းနည်းမှုအပြင် ပြတ်သားမှုများကို အထင်းသား မြင်နေရသည်။

လော့ချန်၏ အကြည့်များသည် လီကျင်ဟွမ်၏ ရုပ်ကလာပ်ရှိနေသည့် ခေါင်းတလားဆီသို့ ကျရောက်သွားသည်။ နှမြောစရာကောင်းသည်မှာ ထိုဘိုးဘေး ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်ရန် မလွယ်ကူတော့ချေ။

ထို အခိုက်အတန့်တွင် အလင်းတန်း သုံးခုသည် ကောင်းကင်ယံထက်မှ ပျံသန်း ရောက်ရှိလာခဲ့သည်။

ထိုပုံရိပ် သုံးခုကို ကြည့်ရင်း လီယင်ကျန်း၏ ခြေလှမ်းများ တန့်သွားရ၏။

ထိုအလင်းတန်း သုံးခုနှင့် သူ၏ လီမျိုးနွယ်စု နာရေးလိုက်ပါပို့ဆောင်ရေး အဖွဲ့ကြားတွင်မူ ဝတ်ရုံနီ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ထီးကို ဆောင်းလျက် မတ်တပ်ရပ်နေခဲ့ချေပြီ။

‘တိုက်ခိုက်တော့မှာလား’

ထိုမေးခွန်း၏ အဖြေကို ပေးလိုက်သည့်အလား အနီရောင်ဝတ်ရုံနှင့် အမျိုးသားက သူ၏ ခေါင်းကို အသာအယာ မော့လိုက်သည်။

“ဒီကမိတ်ဆွေ သုံးဦး.... ဒီနေ့ဟာ ငါတို့မိတ်ဆွေကြီး လီကျင်ဟွမ်ကို မြေချပြီး အေးချမ်းစွာ အနားယူခိုင်းရမယ့်နေ့ ဖြစ်တယ်၊ တကယ်လို့ လာ နှုတ်ဆက်တာဆိုရင်တော့ ငါတို့နဲ့အတူ အရက်တစ်ခွက်လောက် သောက်သွားနိုင်ပါတယ်၊ အဲ့လိုမဟုတ်ဘဲ ပြဿနာရှာဖို့ လာတာဆိုရင်တော့ လာလမ်းအတိုင်း လှည့်ပြန်သွားတာ ပိုကောင်းပါလိမ့်မယ်”

အလင်းတန်း သုံးခု ရပ်တန့်သွားရသည်။ ထိုအထဲမှ ဦးဆောင်သူ တစ်ဦးက အေးစက်သော အကြည့်များဖြင့် ကျောက်တုံးပြာ ဘေးမှ အမျိုးသားကို ငုံ့ကြည့်လိုက်၏။

“လော့ထျန်းအဖွဲ့က လော့ချန်လား”

“မှန်တယ်၊ ငါပါပဲ”

လော့ချန် အပြုံးခပ်ဖျော့ဖျော့ဖြင့် တုံ့ပြန်လိုက်သည်။ သူ၏ လေသံမှာ အလျင်စလိုမရှိသလို ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်လည်း စိုးစဉ်းမျှ ရှိမနေချေ။

“ဟူမျိုးနွယ်စုရဲ့ ဟူချန်းရှီ မလား”

ဟူချန်းရှီသည် စိတ်ထဲမှ စိုးရိမ်မှုကို ဖိနှိပ်ထားရင်း

“ငါ ဘယ်သူလဲဆိုတာ မင်းသိနေမှတော့ ငါတို့ ဟူမျိုးနွယ်စုနဲ့ လီမျိုးနွယ်စုကြားမှာ ဘယ်လောက်အထိ ကြီးမားတဲ့ ရန်ငြိုး ရှိလဲဆိုတာ မင်းသိမှာပါ၊ လမ်းမပိတ်ဖို့ ငါ မင်းကို သတိပေးလိုက်မယ်”

လော့ချန် လှောင်ပြုံး ပြုံးလိုက်သည်။

“ရန်ငြိုးတွေ ရှိနေရင် လီကျင်ဟွမ် မသေခင်က ဘာလို့ မဖြေရှင်းခဲ့ကြတာလဲ”

ဟူချန်းရှီ၏ မျက်နှာ ပျက်သွားရသည်။ သူ့အနေဖြင့် တစ်ဖက်လူ အသက်ရှိစဉ်က သူတို့ ဟူမျိုးနွယ်စု ညီအစ်ကို သုံးယောက်လုံး ပေါင်းလျှင်ပင် လုံးဝ ယှဉ်နိုင်မည်မဟုတ်ဟု အဘယ်မှာ ဝန်ခံနိုင်ပါမည်နည်း။ သူ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လော့ချန်ထံမှ အကြည့်ကို လွှဲကာ မြစ်ကမ်းနှစ်ဘက်ရှိ စိမ်းလန်းသော တောင်တန်းများဆီသို့ ကြည့်လိုက်သည်။

ထိုနေရာများ၌ ကျင့်ကြံသူ အမြောက်အမြား ဝေဝေဝါးဝါး ရှိနေကြသည်။ ထိုအထဲတွင် အခြေတည်အဆင့် ကျင့်ကြံသူများလည်း မနည်းလှပေ။

ဤသည်မှာ သူ အမြင်ချင်ဆုံး မြင်ကွင်းပင် ဖြစ်သည်။ သူ အကြည့်ကို ပြန်လည် ရုပ်သိမ်းကာ လော့ချန်ကို ကြည့်လိုက်သည်။

“အတိတ်က အကြောင်းအရာတွေကို ထပ်မပြောကြရအောင်၊ ဒါပေမဲ့ ဒီနေ့တော့ ဒီလီမျိုးနွယ်စု သေချာပေါက် ပျက်ဆီးရမယ်”

လော့ချန်၏ နှုတ်ခမ်းထောင့်တွင် သရော်သော အပြုံးတစ်ခု ပေါ်လာ၏။

“ကြည့်ရတာ မင်းတို့က ရန်ငြိုးကြောင့် လာတာမဟုတ်ဘဲ လီမျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်လို့ လာကြတာပဲ၊ နာရေးအိမ်ကိုမှ လုယက်ဖို့ ကြိုးစားနေတာ.... တကယ့်ကို အရှက်မရှိတဲ့ လုပ်ရပ်ပဲ”

“အရှက်မရှိဘူး ဟုတ်လား”

“ဟားဟား....”

ဟူချန်းရှီ ရုတ်ချည်းပင် အော်ဟစ် ရယ်မောလိုက်လေသည်။

ထိုရယ်မောသံသည် မြစ်ကမ်းနှစ်ဘက်စလုံးသို့ ပျံ့နှံ့သွားပြီး တောင်တန်းများနှင့် မြစ်ပြင်ကျယ်ကြားတွင် ပဲ့တင်ထပ်နေခဲ့သည်။

ရုတ်တရက် ရယ်မောသံ ရပ်တန့်သွားသည်။

“မင်းက အရှက်အကြောင်း ပြောနေတယ် ဆိုတော့ မင်းကိုယ်တိုင်ကော လီမျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုတွေကို တစ်ယောက်တည်း ဝါးမြိုချင်လို့ ဒီလို ဟန်ဆောင်နေတာ မဟုတ်ဘူးလား”

လော့ချန် ထီးကို အနည်းငယ် စောင်းလိုက်ရာ မိုးရေစက်များက သူ၏ ဝတ်ရုံလက်အင်္ကျီပေါ်သို့ တဖြောက်ဖြောက် ကျဆင်းနေခဲ့သည်။

“အနည်းဆုံးတော့ ငါ ရှိနေသရွေ့ လီမျိုးနွယ်စုဟာ ဒီနေ့ သွေးထွက်သံယို ထပ်မဖြစ်စေရဘူး”

စကားလုံးများက ပေါ့ပါးသော်လည်း ၎င်း၏ အဓိပ္ပာယ်မှာ အလွန် ပြတ်သားလှပေသည်။

ဟူချန်းရှီ၏ မျက်နှာ မည်းမှောင်သွားရသည်။ သူ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သော်လည်း လော့ထျန်းအဖွဲ့မှ တခြားသော အခြေတည်အဆင့် ကျင့်ကြံသူများ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရချေ။။

‘ဒီကောင် တစ်ခုခုကို ကြိုသိနေတာများလား....’ ဟု ဟူချန်းရှီ စိတ်ထဲမှ တွေးတောနေမိသည်။

သူ စကားမပြောရသေးမီမှာပင် အမြဲ နှုတ်ဆိတ်နေသော စတုတ္ထညီ ဟူချန်းလဲ့က လှောင်ပြုံးဖြင့် ပြောလိုက်၏။

“ပါးစပ်ကတော့ ကိုယ်ကျင့်တရားတွေ ပြောနေပြီး စိတ်ထဲမှာတော့ ညစ်ပတ်တာတွေပဲ တွေးနေတာမလား၊ မင်းလို ဟန်ဆောင်ပန်ဆောင် လူစားမျိုးက ကိုယ်ကျင့်တရားအကြောင်း ပြောဖို့ တန်လို့လား”

“အစ်ကိုကြီး၊ စတုတ္ထညီ.... သူနဲ့ ဘာကိစ္စ အချိန်ကုန်ခံပြီး စကားအရှည်ကြီး ပြောနေတာလဲ၊ သူက အခြေတည်အဆင့် အစောပိုင်းပဲ ရှိသေးတာ၊ ငါတို့ သုံးယောက်ကို တားနိုင်မှာ မဟုတ်ဘူး”

ဟူချန်းနူသည် မစောင့်ဆိုင်းနိုင်တော့ဘဲ လော့ချန်၏ အနောက်ဘက်ရှိ နာရေးအဖွဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“တစ်ချက်တည်း သတ်ပစ်လိုက်ရုံပဲ၊ ဒီနေ့ဟာ လီမျိုးနွယ်စုတစ်စုလုံးရဲ့ သေနေ့ပဲ”

ဟူချန်းရှီ ခေါင်းခါလိုက်၏။ လော့ချန် ပြောခဲ့သည်များထဲတွင် မှန်ကန်လှသောအချက် တစ်ချက်ရှိသည်။ သူတို့သည် ရန်ငြိုးကို လက်စားချေရန် ပြောနေသော်လည်း တကယ့်ရည်ရွယ်ချက်မှာ လီမျိုးနွယ်စု၏ ကာလကြာရှည် တည်ဆောက်ထားသော အခြေခံအုတ်မြစ်ကို သိမ်းပိုက်ရန် ဖြစ်သည်။

ထန်ချိုးတောင်သည် ပျက်စီးယိုယွင်းနေပြီဖြစ်ရာ သူတို့ ညီအစ်ကို သုံးဦး၏ အနာဂတ် ကျင့်ကြံခြင်းကို မထောက်ပံ့နိုင်တော့ချေ။ လီမျိုးနွယ်စု၏ အခြေခံအုတ်မြစ်ကို လုယူနိုင်မှသာ သူတို့ အခြားအရာများကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယခုအခါ လီမျိုးနွယ်စုအား ချောင်းနေကြသူများမှာ သူတို့ သုံးဦးသာ မဟုတ်ချေ။ ယခု ပထမဆုံး လှုပ်ရှားခြင်းသည် အန္တရာယ်ရှိသော်လည်း အခွင့်အလမ်းကို ဦးစွာ ဖမ်းဆုပ်နိုင်ခြင်းလည်း ဖြစ်သည်။ လက်စားချေခြင်းဟူသော ခေါင်းစဉ်ဖြင့် ဤလုပ်ငန်းကို တရားဝင် လုယူနိုင်မည် ဖြစ်သည်။ သို့သော် လုယူပြီးနောက်တွင် အခြားသူများ၏ ခြိမ်းခြောက်မှုကိုလည်း သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်၏။ ယခုအခါ မြစ်ကမ်းဘေးနှစ်ဖက်တွင် သူတို့ကဲ့သို့သော အခြေတည်အဆင့် ကျင့်ကြံသူ အနည်းငယ်မျှသာ ရှိနေခြင်း မဟုတ်ပေ။

ထို့ကြောင့် သူတို့ ညီအစ်ကို သုံးဦးအနေဖြင့် အားကုန်တိုက်ခြင်း မပြုဘဲ တတ်နိုင်သမျှ အင်အားခြွေတာထားရမည် ဖြစ်သည်။ လော့ချန် ဆိုသူမှာ အခြေတည်အဆင့် အစောပိုင်း ဖြစ်သော်လည်း ယခင်က အဆင့်တူ သုံးဦးကို တစ်ကွက်တည်းဖြင့် အနိုင်တိုက်ခဲ့ဖူးသည်။ မလွဲမရှောင်သာသည့် အခြေအနေမျိုး မဟုတ်လျှင် သူ လော့ချန်နှင့် မတိုက်လိုပေ။

စိတ်ထဲမှ အလျင်စလိုဖြစ်မှုကို ဖိနှိပ်ထားရင်း သူ ကျယ်လောင်စွာ ဆိုလိုက်သည်။

“ခေါင်းဆောင်လော့”

လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း

“ဘာပြောချင်သေးတာလဲ”

ဟူချန်းရှီက ခပ်အေးအေးပင် ဆိုလိုက်သည်။

“မင်း လီမျိုးနွယ်စုအတွက် ထွက်ရပ်တည်ပေးတာက လော့ထျန်းအဖွဲ့နဲ့ လီမျိုးနွယ်စုကြားမှာ ဆွေမျိုးတော်စပ်မှု ရှိနေလို့ပဲ၊ ဒါပေမဲ့ လီမျိုးနွယ်စုအတွက်နဲ့ လော့ထျန်းအဖွဲ့တစ်ခုလုံးကို စတေးပစ်ရမှာက မင်းအတွက် ထိုက်တန်တယ်လို့ ထင်လား”

‘လော့ထျန်းအဖွဲ့တစ်ခုလုံးကို စတေးပစ်ရမယ် ဟုတ်လား’

လော့ချန်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း မည်းမှောင်သွားခဲ့ရသည်။

“မင်းစကားရဲ့ အဓိပ္ပာယ်က ဘာလဲ”

“တခြား အဓိပ္ပာယ်တော့ မရှိပါဘူး၊ အခုတလော ကျင့်ဖော်တချို့က လော့ထျန်းအဖွဲ့ရဲ့ ကြီးပွားတိုးတက်မှုကို မနာလိုဖြစ်နေကြတယ်လို့ ကြားမိတယ်၊ မင်း အခု ဒီမှာ လာအချိန်ဖြုန်းနေတုန်း မင်းရဲ့ အခြေစိုက်စခန်း အတိုက်ခိုက်ခံရမှာကို သတိထားဖို့ ပြောတာပါ”

လော့ချန် မျက်မှောင်ကြုတ်ရင်း

“မနာလိုဖြစ်တဲ့သူတွေက အများကြီးပဲ၊ ငါကိုယ်တိုင်လည်း ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးတွေကို မနာလို ဖြစ်မိတာပဲ”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”

ဟူချန်းရှီက ထပ်မံ ဖျောင်းဖျလိုက်သည်။

“အချိန်အခါက မတူတော့ဘူး၊ ရေခဲခံတပ်က ထွက်ခွာတော့မယ်၊ မင်းကလည်း အိမ်မှာ မရှိဘူး၊ တကယ်လို့ တစ်ယောက်ယောက်က ဒန်ရှားတောင်ကို သွားပြီး ဓားပြတိုက်သွားရင် မင်း နောင်တရဖို့တောင် အချိန်မီမှာ မဟုတ်ဘူး”

“ကွေ့ပတ်ပြီး ပြောမနေနဲ့တော့၊ မင်း တစ်ခုခု သိနေတဲ့ပုံပဲ၊ လိုရင်းကို ပြောလိုက်စမ်း”

လော့ချန်၏ လေသံမှာ အေးစက်လှပေသည်။

“မင်းပြောတာကို နားထောင်ပြီးမှ ငါ အခုချက်ချင်း လှည့်ပြန်သင့်၊ မပြန်သင့် စဉ်းစားရမှာပေါ့”

ဟူချန်းရှီ၏ စိတ်ထဲတွင် ဝမ်းသာသွားရ၏။

“ငါသိသလောက်တော့ ရှန်ကုန်းဂိုဏ်းရဲ့ လုရုန်ကို ထျန်းယင်းတောင်က ယင်းရန်နဲ့ ယွီကျန်းကျောင်းတော်က မြောင်ယွီတို့ နှစ်ယောက်က ကူညီပြီး ဒီနေ့ လော့ထျန်းအဖွဲ့ကို သွားတိုက်ဖို့ စီစဉ်နေကြတာ၊ ခေါင်းဆောင်လော့.... မင်း....”

“ဪ.... သူတို့တွေကိုး”

ဟူချန်းရှီ၏ စကားသည် လမ်းတစ်ဝက်တွင် ဖြတ်တောက်ခြင်း ခံလိုက်ရသည်။

လော့ချန် တစ်ချက် သရော်လိုက်ရင်း

“အဲ့ကလေးတွေက ငါ့ရဲ့ လော့ထျန်းအဖွဲ့ကို လာတိုက်မယ်တဲ့လား.... ဟားဟား”

ထိုသရော်သံကြောင့် ဟူချန်းရှီသည် လုံးဝ ဆွံ့အသွားရပြီး မျက်နှာမှာ ပို၍ မည်းမှောင်သွားရသည်။

“မင်း တကယ်ပဲ ငါတို့နဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်လိုက်ပြီပေါ့”

“မဟုတ်ဘူး”

လော့ချန်၏ မျက်နှာမှာ တည်ကြည်သွားသည်။

“မင်းတို့ကသာ ငါနဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်ခဲ့တာ”

မိုးစက်များ တဖွဲဖွဲ ရွာသွန်းနေပြီး မြစ်ရေပြင်မှာလည်း ပြင်းထန်စွာ လှိုင်းထနေတော့သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ အလွန်ပင် လေးလံသွားရလေသည်။

....

ဒန်ရှားတောင်ထိပ်တွင် ဖြစ်သည်။

လော့ချန် ထွက်ခွာသွားပြီး နာရီအနည်းငယ် အကြာတွင် ဖြစ်သည်။

ဝမ်ယွမ်သည် တောင်ထိပ်တွင် ရပ်နေရင်း လက်နှစ်ဖက်ကို အနောက်တွင်ပစ်ကာ အဝေးဆီသို့ လှမ်းမျှော်ကြည့်နေ၏။ မိုးရေစက်များ အဆက်မပြတ် ကျဆင်းလာသော်လည်း သူ့ခန္ဓာကိုယ်ဆီသို့ မရောက်ရှိသေးမီမှာပင် ပွက်ပွက်ဆူနေသော သွေးစွမ်းအားများကြောင့် ရေငွေ့ပျံ ကွယ်ပျောက်သွားရသည်။

ရုတ်တရက် တောင်အပြင်ဘက်မှ လူရိပ် သုံးခုသည် လျင်မြန်စွာ ချဉ်းကပ်လာခဲ့ကြသည်။ တစ်ဦးက ပျံသန်းနိုင်သော မှော်လက်နက်ကို စီးနင်းထားပြီး၊ နောက်တစ်ဦးက သိန်းငှက်ကြီးတစ်ကောင်ကို စီးနင်းထားကာ၊ တတိယမြောက်လူကမူ အလင်းတန်းတစ်ခုအလား အပြင်းအထန် ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။ သာမန် အခြေတည်အဆင့် ကျင့်ကြံသူများသည် ချီစွမ်းအားကို ချွေတာရန်အတွက် တိမ်စီးမှော်အတတ်ကို သုံးလေ့ရှိကြသော်လည်း ဤသုံးဦးမှာမူ လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များနှင့်အတူ တဟုန်ထိုး ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ပေသည်။

“လော့ချန် ခန့်မှန်းခဲ့တာ အမှန်ပဲပေါ့”

ဝမ်ယွမ် တိုးတိုးလေး ရေရွတ်လိုက်ရင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ဧရာမ လေးမြှားတစ်လက် သူ့လက်ထဲသို့ ကျရောက်လာ၏။

ထိုအရာမှာ အဆင့်မြင့် မှော်လက်နက်ဖြစ်သော နေဝင်လေးမြှား ဖြစ်သည်။ ၎င်းသည် အဆင့်မြင့် အဆင့်တွင်သာ ရှိသော်လည်း စွမ်းဆောင်ရည်မှာ တစ်ခုတည်းသာ ရှိပြီး ကျင့်ကြံသူ၏ ချီစွမ်းအားကို စုစည်းကာ အလွန်ဝေးကွာသော အကွာအဝေးသို့ ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခုကို ပေါက်ကွဲစေနိုင်ခြင်း ဖြစ်သည်။

ဤသည်မှာ ဝမ်ယွမ် အခြေတည်အဆင့်သို့မရောက်ရှိမီက ဒန်ရှားတောင်တွင် ဆိတ်ငြိမ်စွာ ကျင့်ကြံနေစဉ် သူ၏ အဝေးပစ် တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်ရန် စဉ်းစားခဲ့သော တိုက်ကွက်တစ်ခု ဖြစ်သည်။

ထိုအတွက်ကြောင့် သူသည် ရွှီရှောင်လျိုမှတစ်ဆင့် အနီးနားရှိ အသေးစား၊ အကြီးစား မှောင်ခိုဈေးကွက်အားလုံးကို လိုက်လံ ရှာဖွေခဲ့ရသည်။ နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး လေးထောင်ခန့် အကုန်အကျခံကာ ဤဆန်းကြယ်သော မှော်လက်နက်ကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့မှာ ထိုလက်နက်၏ ပထမဆုံးအကြိမ် ပွဲထွက်ခြင်းပင်။

ကြီးမားသော အောင်မြင်မှုကို သေချာပေါက် ရယူရပေမည်။

သူ စိတ်ကို စုစည်းလိုက်သည်နှင့်အမျှ သူ၏ သွေးစွမ်းအားများက အထက်သို့ တဟုန်ထိုး တက်လှမ်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများနှင့် ချီခန္ဓာမူလကျင့်စဉ်အရ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့တော့သည်။

ဝမ်ယွမ်၏ စိတ်ထဲတွင် ရှင်းကျုံးဟန့် ပြောခဲ့သော စကားများကို ပြန်လည် မြင်ယောင်လာသည်။

“ယင်းမျိုးနွယ်စုဟာ ထျန်းယင်းတောင်ကို သိမ်းပိုက်ထားပြီး ကျင့်ကြံသူတွေအတွက် သွားလာရေးယာဉ်အဖြစ် အသုံးပြုဖို့ သိန်းငှက်တွေကို မွေးမြူရောင်းချပြီး အသက်မွေးကြတာ၊ ယင်းမျိုးနွယ်စုရဲ့ လျှပ်စီးသိန်းငှက်ဟာ အစွမ်းမထက်ပေမယ့် အရှိန်ကတော့ တော်တော်ကြီး မြန်ဆန်လှတယ်၊ အထူးသဖြင့် မျိုးနွယ်စုခေါင်းဆောင် ယင်းရန်ရဲ့ မျိုးပြောင်း သိန်းငှက်ကြီးဟာ အဆင့်တစ်နှောင်းပိုင်းသာ ရှိပေမယ့် အရှိန်ကတော့ အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံသူတွေထက် မနိမ့်ဘူး၊ သူ့ကို သတ်ချင်ရင် အရင်ဆုံး အဲဒီသိန်းငှက်ကို သတ်ရမယ်”

ဝမ်ယွမ် မျက်ဝန်းများကို အနည်းငယ် မှေးလိုက်ပြီး လေးကြိုးကို တဖြည်းဖြည်း ဆွဲဆန့်လိုက်၏။ လက်ချောင်းများကြားတွင် သွေးစွမ်းအားများဖြင့် ဖွဲ့စည်းထားသော နီရဲလှသော မြားတစ်စင်းသည် တဖြည်းဖြည်း ပုံဖော်လာခဲ့သည်။

“ငါ့ထက် အရှိန်မြန်တဲ့ ရန်သူတွေကို ငါ အမုန်းဆုံးပဲ....”

“အဲ့တော့ မင်းတို့ တိရစ္ဆာန်တွေ အရင်ဆုံး သေဆုံးလိုက်ကြစမ်း”

သူ စိတ်ကို စုစည်းလိုက်ပြီးနောက် အသက် ပြင်းပြင်းရှူကာ အော်ဟစ်လိုက်၏။

“ပစ်”

စကားသံ မဆုံးမီမှာပင် နီရဲလှသော မြားတစ်စင်းသည် လေထုကို ဖြတ်သန်းကာ တောင်ပြင်ပဆီသို့ ပြင်းထန်စွာ ပျံသန်းသွားလေတော့သည်။

ရှူး....

မြှားသည် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့ရာ ဟင်းလင်းပြင်ကြီးကိုပင် ကွဲအက်သွားစေသကဲ့သို့ ပြင်းထန်လှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံတွင် သွေးကဲ့သို့ ရဲရဲနီလှသော အလင်းတန်းကြီး တစ်ခုက ဥက္ကာပျံကြီးတစ်ခု ကြွေကျလာသကဲ့သို့ ပေါ်ထွက်သွားခဲ့ရ၏။

အရှိန်ပြင်းစွာ ပျံသန်းလာကြသော အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦး၏ မျက်နှာများ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားရ၏။ ထိုမြားသည် အလွန် မြန်ဆန်လွန်းလှသည့်အပြင် စွမ်းအားများကို ကာလကြာရှည် စုစည်းထားခြင်း ဖြစ်သဖြင့် သူတို့ လောလောဆယ် ခုခံနိုင်မည့်အရာ လုံးဝ မဟုတ်ပေ။

အချင်းချင်း ဆက်သွယ်ရန် အချိန်မရတော့ဘဲ သုံးဦးစလုံး အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့တွင် စိတ်အာရုံ ရှိသဖြင့် ကြိုတင် ရှောင်ကွင်းနိုင်သော်လည်း ထိုသိန်းငှက်ကြီးမှာမူ ပထမအဆင့်မျှသာ ရှိသေးရာ အဘယ်မှာ ရှောင်တိမ်းနိုင်ပါမည်နည်း။

ရွှတ်....

သွေးနီရောင်လိုင်း ဖြတ်သန်းသွားပြီးနောက် သိန်းငှက်ကြီးသည် ထိုနေရာတွင်ပင် ကောင်းကင်ယံမှ ပြုတ်ကျသွားလေတော့သည်။

“မလုပ်နဲ့”

ယင်းရန်၏ ဒေါသတကြီး အော်ဟစ်သံက လေထဲတွင် ဟိန်းထွက်သွားခဲ့သည်။ သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီသွားခဲ့ရပြီး ဒန်ရှားတောင်ထိပ်ဆီသို့ မုန်းတီးစွာဖြင့် စူးစိုက်ကြည့်လိုက်ရင်း ကျိန်းဝါးလိုက်တော့သည်။

“ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်”

ဝမ်ယွမ်က စကားတစ်ခွန်းမျှ မဆိုဘဲ သူ့အား ခပ်အေးအေးပင် တစ်ချက်ကြည့်လိုက်သည်။

ထိုအခိုက် အခြားသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“မင်းပဲ သေရမှာကွ”

ချက်ချင်းပင် ရှင်းကျုံးဟန့်သည် တောင်ပေါ်မှ ဝိညာဉ်အလင်းတန်း အထပ်ထပ်ကို ပေါက်ကွဲစေလျက် ယင်းရန်ဆီသို့ တိုက်ရိုက် ဦးတည် ပျံသန်းသွားလေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၁၀) - ဒန်ရှားတောင်မှ ကြောက်မက်ဖွယ် တိုက်ပွဲကြီးများ

ဒန်ရှားတောင် အပြင်ဘက်တွင် မည်သည့် ကြိုတင်သတိပေးချက်မျှမရှိဘဲ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ယင်းရန်၏ အော်သံ ထွက်ပေါ်လာသည်။

“မိုးပျံဓားတောင်ထိပ်က ရှင်းကျုံးဟန့်”

“ထျန်းယင်းတောင်ထိပ်က ယင်းရန်” ရှင်းကျုံးဟန့်ကလည်း ထပ်တူထပ်မျှ ကျယ်လောင်စွာ ပြန်လည်အော်ဟစ်လိုက်သည်။

"မင်းကိုး”

“ငါတို့ ရှင်မျိုးနွယ်စုရဲ့ အသက်ပေါင်း ရာချီကို မင်းအသက်နဲ့ ဒီနေ့ ပြန်ပေးဆပ်ရမယ်"

ရှင်းကျုံးဟန့်၏ လေသံထဲတွင် နက်ရှိုင်းလှသော မုန်းတီးမှုများ အပြည့်ရှိနေခဲ့သည်။

"ကောင်းပြီလေ.... မင်းကို လိုက်ရှာနေရမယ့် ဒုက္ခ ငြိမ်းသွားတာပေါ့” ဟု ယင်းရန်က အေးစက်စွာ ဆိုလိုက်သည်။

ရန်သူချင်း ဆုံကြပြီ ဖြစ်လေရာ မျက်လုံးများကား သွေးဆာစွာ နီမြန်းနေကြပြီ ဖြစ်သည်။ မည်သည့် စကားအပိုမျှ ပြောမနေတော့ဘဲ နှစ်ဦးသား ချက်ချင်းပင် လုံးထွေးသတ်ပုတ်ကြတော့သည်။ အခြေတည်အစောပိုင်းအဆင့်၏ ချီစွမ်းအင် လှိုင်းတံပိုးများသည် ရူးသွပ်စွာ ထွက်ပေါ်နေခဲ့သည်။ ထိုမွန်းကြပ်ဖွယ်ရာ ဖိအားကြီးက လော့ထျန်းမှ ကျင့်ကြံသူများအား အသက်ပင်ပြင်းပြင်း မရှူရဲအောင် ဖိနှိပ်ထားလေသည်။

အမျိုးသမီး ကျင့်ကြံသူတစ်ဦး၏ မျက်မှောင်များ တွန့်ချိုးသွားခဲ့သည်။

"ဘာလို့ ရှင်းကျုံးဟန့်က ဒီဒန်ရှားတောင်ထိပ်မှာ ရှိနေရတာလဲ"

"မြောင်ယွီ.... အခု မင်းစိတ်ပူရမယ့်ကိစ္စက ဒါမဟုတ်ဘူးထင်တယ်နော်"

လုရုန်က ခပ်အေးအေး ပြောလိုက်သော်လည်း သူ၏မျက်လုံးများကမူ ဝေးကွာလှသော တောင်ထိပ်ဆီသို့ စိုက်ကြည့်နေဆဲ ဖြစ်သည်။ အဝေးဆီမှ ဟင်းလင်းပြင်အား ဖြတ်ကျော်ပြီး သူ့အား သေလူတစ်ယောက်အလား စိုက်ကြည့်နေသည့် အေးစက်စက် အကြည့်တစ်စုံကို သူ ခံစားမိနေသည်။

ယွီကျန်းကျောင်းတော်မှ မြောင်ယွီ ချက်ချင်း သတိပြန်ဝင်လာသည်။

"ဟုတ်သားပဲ.... သတင်းက ဘယ်လိုပေါက်ကြားသွားလဲ မသိပေမဲ့ ရှင်းကျုံးဟန့်ကို ယင်းရန်က ထိန်းထားပေးတော့ ငါတို့နှစ်ယောက် တောင်ထဲဝင်ပြီး ပစ္စည်းတွေ လုယက်ဖို့ အခွင့်အရေး ရသွားတာပေါ့၊ တောင်ပေါ်မှာ ရှိတာ အခြေတည် အဆင့် ၁ လောက်ပဲ.... ငါတို့နှစ်ယောက်ကို တားနိုင်မှာ မဟုတ်ဘူး"

စကားဆုံးသည်နှင့် သူမ ချက်ချင်းပင် ဒန်ရှားတောင်ထိပ်ဆီသို့ ပျံသန်းသွားတော့သည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် လုရုန် ပါမလာသည်ကို သတိပြုမိသွားသည်။

'ဒီကောင် ဘာလုပ်နေတာလဲ’

သူမ သံသယဝင်နေစဉ်မှာပင် မျက်နှာမှာ ချက်ချင်း သွေးဆုတ်ဖြူလျော်သွားတော့သည်။

ထိုဒန်ရှားတောင်ထိပ်မှ ပြင်းထန်သော လှိုင်းတံပိုးကြီးများ အရှိန်ပြင်းပြင်း လိမ့်ဆင်းလာသောကြောင့် ဖြစ်သည်။ ထိုလှိုင်းတံပိုးကြီးအတွင်း၌မူ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အနက်ရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားခဲ့၏။

မြောင်ယွီ၏ စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ရသည်။ သူမ လက်ထဲမှ မြင်းမြီးယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ဖြူဖွေးသော ပိုးမျှင်ပေါင်း သုံးထောင်ခန့် ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲသို့ ဖြံကောင်တစ်ကောင်အလား တရစပ် ထိုးနှက်လိုက်တော့သည်။ မြင်းမြီးယင်တောင်မှ ပိုးမျှင်များ ထိုးနှက်မိတိုင်း စူးရှသော အသံဗလံများ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ရှူး....

ရှူး....

ရှူး....

ဟင်းလင်းပြင်ထဲမှ အပြာရောင် ဓားပျံတစ်လက် ပေါ်ထွက်လာပြီးမှသာ မြောင်ယွီ သက်ပြင်းချနိုင်တော့သည်။

"တကယ့်ကို ကောက်ကျစ်တဲ့ နည်းလမ်းပဲ.... သီသီလေး လွတ်သွားတယ်"

သူမ စိတ်အေးလိုက်သည့် ခဏ၌ပင် တစ်ခုခု မှားနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

'လှိုင်းတံပိုးတွေ'

နောက်တစ်စက္ကန့်တွင် ဒန်ရှားတောင်ထိပ်မှ လိမ့်ဆင်းလာသော လှိုင်းလုံးကြီးများက မိုးချုန်းသံကဲ့သို့ အုန်းခနဲ မြည်ဟည်းကာ ရိုက်ခတ်လာတော့သည်။

သူမ ကမန်းကတန်း ခံစစ်ရတနာကို ထုတ်သုံးလိုက်ရသည်။ သို့သော် ထပ်ဆင့်ထပ်ဆင့် တက်လာသော လှိုင်းလုံးကြီးများကြားတွင် သူမ ရေပေါ် ဗေဒါပင်လေးကဲ့သို့ လွင့်ပါးကာ နောက်သို့ တရွတ်တိုက် ဆုတ်ခွာသွားရတော့သည်။

သွေးများ သူမ ပါးစပ်မှ ပန်းထွက်လာသည်။

ဝူး....

ထိပ်တန်းအဆင့် ဟယ်လော့ဓားက အမျိုးသားတစ်ဦး၏ လက်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်။

တွမ်ဖုန်းသည် လှိုင်းလုံးများကို နင်းလျက် ထွက်ပေါ်လာပြီး မျက်လုံးများကမူ ရေခဲမျှ အေးစက်နေသည်။ မလှုပ်မယှက် ရပ်နေသော လုရုန်ကို သူ တစ်ချက်မျှ စောင်းငဲ့ကြည့်ပြီးနောက် မြောင်ယွီနောက်သို့ တရစပ် လိုက်လံ သတ်ဖြတ်တော့သည်။

လုရုန် ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း တိတ်တဆိတ် ကြည့်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မပြုချေ။

သူ့ပါးစပ်မှ စကားလုံးနှစ်လုံးသာ ထွက်လာသည်။

"ငတုံး"

လော့ထျန်းအဖွဲ့ဘက်မှ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်မှာ ထင်ရှားလှသည်။

မကြာခင်က ပစ်ခတ်ခဲ့သော မြားတစ်စင်းကြောင့် ဖြစ်စေ၊ ရှင်းကျုံးဟန့် ရုတ်တရက် ပေါ်လာခြင်းကြောင့် ဖြစ်စေ လော့ချန်သည် မိမိတို့ ဒန်ရှားတောင်ထိပ်အား လာရောက် လုယက်မည်ကို ကြိုတင်သိရှိနေပြီး ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် မြောင်ယွီဆိုသည့် မိန်းမက ရှေ့သို့ ဇွတ်တိုးဝင်ရဲသေးသည်။ လုရုန်အနေဖြင့် ဤမျှအထိ မိုက်မဲလှသော အခြေတည်အဆင့် ကျင့်ကြံသူမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

"မင်းပြောတဲ့ ငတုံးဆိုတာ သူများကို ပြောတာလား.... ဒါမှမဟုတ် မင်းကိုယ်မင်း ပြောတာလား"

ထိုအသံသည် အစက အဝေးတွင် ရှိနေသော်လည်း နောက်တစ်စက္ကန့်တွင် နားစည်နားသို့ ကပ်လျက် ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။

လုရုန်၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး ဟင်းလင်းပြင်ဆီသို့ အကြည့်များ ပို့လိုက်သည်။

လူတစ်ယောက်သည် ဒန်ရှားတောင်ထိပ်မှ ပျံဆင်းလာပြီး သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာနေသည်။

"မင်းက လူတိုင်းပြောပြောနေတဲ့ လော့ထျန်းအဖွဲ့ရဲ့ တိုက်ခိုက်ရေးခန်းမခေါင်းဆောင်ဟောင်းပေါ့လေ…. မင်း ထျန်းလန်ကို စရောက်ချင်းမှာတင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တယ်လို့ ကြားမိသား…. ကြည့်ရတာ မင်းက လော့ချန် ဒန်ရှားတောင်မှာ ချန်ထားခဲ့တဲ့ လျှို့ဝှက်ဖဲချပ်ပဲ ဖြစ်ရမယ်"

လုရုန် ပြောပြောဆိုဆို ဆေးတံတစ်ချောင်းကို ထုတ်ကာ နှုတ်ခမ်းတွင် တေ့လိုက်သည်။

"အခြေတည်အဆင့် စတက်ခါစ ကောင်လေးတစ်ယောက်က ငါ့လို လူကို ဘယ်လို ယှဉ်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ ဆေးရွက်များက ချက်ချင်း ပြာကျသွားတော့သည်။ ဆေးရွက်များ လောင်ကျွမ်းသွားသည်နှင့်အမျှ ဆေးတံရိုးတစ်ခုလုံးက ရုတ်ချည်းပင် နီရဲတောက်လာပြီး ဖိုထဲမှ ယခုတင် ထုတ်ယူထားသော မီးလျှံအလား ရဲရဲတောက် သံတုတ်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားသည်။ ချီစွမ်းအင် လှိုင်းတံပိုးများသည် သူ့ခန္ဓာကိုယ်မှ တရိပ်ရိပ် ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် လုရုန် ဆေးလိပ်ငွေ့ကို ပေါ့ပေါ့ပါးပါးနှင့် ပြင်းထန်စွာ ဖူးခနဲ မှုတ်ထုတ်လိုက်သည်။

နီရဲတောက်နေသော စွမ်းအင်လုံးကြီးတစ်ခု ဝုန်းခနဲ ပေါက်ကွဲထွက်လာတော့သည်။ ထိုစွမ်းအင်လုံးကြီးထဲတွင် မီးခိုးငွေ့များ လွင့်ပျံကာ တိမ်တိုက်များ ပျက်စီးလျက် ရောင်စုံအလင်းတန်းများက ဝေဝေဆာဆာ တောက်ပနေသည်။ သူ့ပါးစပ်မှ ဝမ်ယွမ်အား အထင်သေးသလို ပြောနေသော်လည်း လက်တွေ့လှုပ်ရှားမှုတွင်မူ သူ၏ အပြင်းထန်ဆုံး စွမ်းရည်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ဝမ်ယွမ် ရပ်တန့်သွားကာ ထိုတိုက်ကွက်ကို မျက်နှာသေဖြင့် စိုက်ကြည့်လိုက်သည်။

"မှော်ရတနာလား"

မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူ လက်သီးနှစ်ဖက်ကို တစ်ပြိုင်နက်တည်း ရှေ့သို့ ထိုးချလိုက်တော့သည်။ သူ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော နဂါးများ ရစ်ခွေနေပြီး ကျားများ ဝပ်စင်းနေသည့် ပုံတူထုလုပ်ထားသော နဂါးကျားလက်ပတ်အကာနှစ်ခုမှာ စူးရှလှသော ဝိညာဉ်အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်၊၊

ဝူး....

ဝူး....

နဂါးတစ်ကောင်နှင့် ကျားတစ်ကောင်တို့၏ အော်ဟစ်မြည်ဟီးသံများက ရုတ်ခြည်း ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နဂါးတစ်ကောင်နှင့် သွေးချီများဖြင့် ဖွဲ့စည်းထားသော ကျားတစ်ကောင်တို့က ထိုနီရဲတောက်နေသော စွမ်းအင်လုံးကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ တိုက်ကွက်သုံးခုမှာ ရှောင်လွှဲရန် နေရာမရှိဘဲ ထိပ်တိုက် တိုးတိုက်မိကြတော့သည်။ ၎င်းမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုကြီးမှာ မြေကမ္ဘာကို တုန်ခါသွားစေခဲ့ပြီး ချီစွမ်းအားများမှာ အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်ပေါ်သွားခဲ့ရသည်၊၊

သူတို့၏ ကျင့်ကြံခြင်းအဆင့်များနှင့်ပင်လျှင် မှော်ရတနာများ၏ စွမ်းအားကို လုံးဝဥဿုံ မထိန်းချုပ်နိုင်ကြသေးပေ။ ရလဒ်အနေဖြင့် ဤကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှုများကိုသာ အသုံးပြုနိုင်ကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နားစည်ကွဲလုမတတ် ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။

ချီစွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။

အနီးဆုံးတွင် ရှိသော ဒန်ရှားတောင်ထိပ်သည် ထိုမှော်ရတနာချင်း ထိပ်တိုက်တွေ့မှု၏ နောက်ဆက်တွဲ စွမ်းအင်ရိုက်ခတ်မှုကို တည့်တည့်ခံရတော့မည့်အလား ရှိနေသည်။

သို့သော်လည်း ကြည်လင်တောက်ပလှေသော အလင်းအကာအရံကြီးတစ်ခု ပေါ်ထွက်လာသည်။ ပေါက်ကွဲမှု၏ သက်ရောက်မှုက ထိုအတားအဆီးကို ရိုက်ခတ်သွားခဲ့သော်လည်း သေးငယ်လှသော လှိုင်းတွန့်လေးများထက်မက ပိုမို၍ မစွမ်းဆောင်နိုင်ခဲ့ပေ၊၊

မီးခိုးနှင့် ဖုန်မှုန့်များ ကင်းစင်သွားသည့် အခါတွင်မူ လုရုန်၏ မျက်နှာပေါ်မှ တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး လေးနက်လှသော အမူအရာများ အစားထိုးဝင်ရောက်လာတော့သည်။

“မှော်ရတနာလား"

"ကြည့်ရတာ ဒါက လော့ချန် မင်းကို ဒန်ရှားတောင်မှာ ချန်ထားခဲ့ရတဲ့ အကြောင်းရင်းပေါ့"

ဆန့်ကျင်ဘက်တွင်မူ ဝမ်ယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဆရာကြီးတစ်ဦး၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသနေသည်။

သို့သော်လည်း လုရုန် မမြင်နိုင်သော နောက်ကျောဘက်တွင်မူ သူ၏ လက်နှစ်ဖက်စလုံးက အနည်းငယ် တုန်ရင်နေသည်။

ဤ နဂါးကျားလက်ပတ်ကို သူ အခြေတည်အဆင့် တက်လှမ်းပြီးနောက် နှစ်နှစ် သုံးနှစ်ခန့်သာ သန့်စင်ထားရသေးသည်။ အဘယ်မှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်မည်နည်း။ ထိုထဲတွင် ပါရှိသော နဂါးစွမ်းအင်နှင့် ကျားအရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းစဉ်နှင့် ကိုက်ညီသောကြောင့်သာ ထိုစဉ်က ဟော်ဟူထက် ပိုမိုပြင်းထန်သော စွမ်းအား ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား ယခုလေးတင် ထုတ်ဖော်လိုက်သော တောက်ပလှသည့် တိုက်ကွက်တစ်ခုတည်းကပင် သူ၏ ချီစွမ်းအင် အများစုကို ခမ်းခြောက်စေခဲ့ပြီ ဖြစ်သည်။

သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ တစ်ဖက်လူက မှော်ရတနာအားကိုးဖြင့် ခြင်္သေ့က ယုန်ကို ဖမ်းသကဲ့သို့ တစ်ချက်တည်းနှင့် အသက်နှုတ်ရန် ကြံရွယ်နေသဖြင့် သူ့အနေဖြင့် ပထမဆုံး တိုက်ကွက်ကို ကြံ့ကြံ့ခံရမည်သာ ဖြစ်သည်။

ဝမ်ယွမ် စကားမပြောသည်ကို မြင်သောအခါ လုရုန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ဆေးတံကို နှုတ်ခမ်းနားသို့ တစ်ဖန် ပြန် တေ့လိုက်ပြန်သည်။

"အခြေတည်အဆင့် စတက်ခါစ ကောင်လေးတစ်ယောက်က မှော်ရတနာရဲ့ စွမ်းအားကို ဘယ်နှစ်ကြိမ်တောင် ထုတ်သုံးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

စကားဆုံးသည်နှင့် သူ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ဆေးတံခွက်ထဲမှ ဆေးရွက်များ ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ ယခင်က မည်းနက်သွားသော ဆေးတံသည်လည်း တစ်ဖန် ပြန်လည် နီရဲတောက်လာပြန်သည်။

ဤရင်းနှီးနေသော မြင်ကွင်းကို ကြည့်ရင်း ဝမ်ယွမ်၏ မျက်နှာမှာ လေးနက်သွားသည်။

သူ ခြေလှမ်းကျဲကြီးများဖြင့် ဟင်းလင်းပြင်ထဲတွင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ခြေလှမ်းတိုင်းမှာ ပေ သုံးဆယ်ခန့် ဝေးကွာလှသည်။

လုရုန် ထိုမြင်ကွင်းကို လှောင်ပြုံးဖြင့် ကြည့်နေသည်။

'အလကား အပိုတွေ'

'သေဖို့သာ ပြင်ထားလိုက်တော့'

သူ့ပါးစပ်ကို ဟပြီး မှုတ်ထုတ်လိုက်သည်နှင့် နီရဲတောက်နေသော စွမ်းအင်လုံးကြီး နောက်တစ်ခု ပျံသန်းထွက်လာပြန်သည်။

ဝမ်ယွမ် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ ဤဆေးတံမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုအရှိန်က မြန်ဆန်လွန်းလှသဖြင့် သူ့ အရှိန်ဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်ချေ။ သူ လက်မောင်းနှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ နဂါးကျားလက်ပတ်မှ နဂါးတစ်ကောင်နှင့် ကျားတစ်ကောင်တို့၏ မြည်ဟီးသံများ ထပ်မံ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြန်သည်။

နဂါးကျားစွမ်းအင်များ ပြန်လည်ပေါ်ထွက်လာသော်လည်း ပထမအကြိမ်ထက်မူ သုံးပုံတစ်ပုံခန့် အားနည်းနေသည်။

ဘုန်း....

ပြင်းထန်သော ပေါက်ကွဲသံကြီး ထပ်မံ ထွက်ပေါ်လာသည်။ နဂါးနှင့် ကျားတို့မှာ ညည်းတွားသံများနှင့်အတူ အပိုင်းပိုင်း ကွဲကြေသွားခဲ့ကြရတော့သည်။ လွင့်ပျံနေသော မီးခိုးငွေ့များကြားမှနေ၍ အားနည်းသွားခဲ့ပြီ ဖြစ်သော နီရဲလှသော စွမ်းအင်လုံးကြီးမှာ ဝမ်ယွမ်၏ ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာခဲ့ပြီ ဖြစ်သည်။

သူ့ထံသို့ ပျံသန်းလာသော စွမ်းအင်လုံးကို ကြည့်ရင်း ဝမ်ယွမ်၏ မျက်လုံးများ အေးစက်စပြုလာသည်။

"လော့ချန် ပြောတာ မှန်တယ်.... ထျန်းလန်မှာ ကျင့်ကြံသူတွေ အများကြီးပဲ.... အဖွဲ့အစည်းသေးသေးလေးတစ်ခုရဲ့ ဒုတိယခေါင်းဆောင်တောင် ဒီလောက်အထိ ခေါင်းခံရတာပဲ"

"အစောပိုင်းကာလတွေမှာ ဂူအောင်းနေပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်ထားဖို့က တကယ့်ကို လိုအပ်တာပဲ"

"ဒါပေမဲ့ ငါ ဝမ်ယွမ်က လူ့လောကကနေ ကျင့်ကြံခြင်းလောကထဲကို ဝင်လာကတည်းက ကြုံတွေ့ခဲ့ရသမျှ တိုက်ပွဲတိုင်းက ငါ့ထက် အဆင့်မြင့်တဲ့လူတွေချည်းပဲ"

"ဒါကလည်း နောက်ထပ် အသက်နဲ့ရင်းရမယ့် တိုက်ပွဲတစ်ခုပဲလေ"

အတွေးများက တစ်စက္ကန့်အတွင်း ဗလပွ ဖြစ်သွားသော်လည်း လက်တွေ့လှုပ်ရှားမှုကမူ တစ်မုဟုတ်ချင်း ဖြစ်ပျက်သွားသည်။

သူ လက်ကို ရှေ့သို့ ဆန့်တန်းရင်း စွမ်းအားများကို စုစည်းလိုက်ကာ နောက်တစ်စက္ကန့်တွင် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်

'တောင်ဖြိုကျောက်တိုင်ခွဲလက်ဝါးသိုင်း'

ဤလက်ဝါးသိုင်းကို တီထွင်ခဲ့သူ ဖြစ်သည့်အလျောက် ဝမ်ယွမ်၏ ဤလက်ဝါးသိုင်းအပေါ် နားလည်မှုသည် အထွတ်အထိပ်အဆင့် ရောက်ရှိနေသော လော့ချန်ထက်ပင် သာလွန်နေသေးသည်။ အထူးသဖြင့် ချီခန္ဓာမူလကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင် ဖြစ်သည်။ ဤသာမန်လူသားတို့၏ လျှို့ဝှက်သိုင်းကွက်ဟူသည် ယခုအခါ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် စိန်ခေါ်နိုင်သည့် အဆင့်သို့ သွေးတင်ပြီး ဖြစ်ပေသည်။

ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရိပ်တစ်ခု သူ၏လက်မှ ထွက်ပေါ်သွားသည်။ ဤလက်ဝါးတစ်ချက်က ဝမ်ယွမ်၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသမျှ ချီစွမ်းအင်အားလုံးကို အစက်အပြောက်မကျန် ခမ်းခြောက်စေခဲ့ပြီး သွေးချီ အမြောက်အမြားကိုပါ ပေါင်းစပ်ထည့်သွင်းထားသည်။

ဘုန်း....

နားစည်ကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဝမ်ယွမ်၏ ခန္ဓာကိုယ်သည် ထိုနီရဲတောက်နေသော စွမ်းအင်လုံး၏ စွမ်းအားပျက်စီးခြင်းကြားတွင် ပျောက်ကွယ်သွားသကဲ့သို့ ရှိနေသည်။

လုရုန်က ပူပြင်းနေသော ဆေးတံကို တင်းတင်းဆုပ်ကိုင်ထားရင်း မီးခိုးငွေ့များနှင့် တိမ်တိုက်များ ပျက်စီးနေသော စွမ်းအင်လုံးကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

‘ဒီလော့ချန် တကယ့်ကို ခေါင်းခဲစရာပဲ.... လော့ထျန်းအဖွဲ့ထဲမှာ မှော်ရတနာ တစ်ခုတောင် ချန်ထားခဲ့သေးတယ်.... နှမြောစရာပဲ.... ဒီ လော့ထျန်းအဖွဲ့ကြီးမှာ ဝါရင့်အခြေတည် ကျင့်ကြံသူမှ မရှိတာ.... အကုန်လုံး လူသစ်တွေပဲ.... လက်ထဲမှာ ဘယ်လောက်ပဲ အားကောင်းတဲ့ ရတနာ ရှိနေပါစေ.... နှစ်အနည်းငယ်ပဲ သန့်စင်ရသေးတာမို့ ငါ့လို ဘယ် စိတ်ကြိုက် ထိန်းချုပ်နိုင်မလဲ၊ ဒီလူတော့ ပြာကျသွားလောက်ပြီ…. နောက်တစ်ဆင့်အနေနဲ့ လော့ထျန်းအဖွဲ့ထဲကို ဘယ်လိုဝင်စီးပြီး စိတ်ကြိုက် လုယက်ရမလဲဆိုတာပဲ စဉ်းစားရမယ်’

"အခြေတည်ဆေးလုံးဆိုတာ အဲဒီ ငတုံးနှစ်ယောက်ကို လှည့်စားဖို့ သုံးတာလေ.... ငါ့မှာ မျိုးနွယ်စုဝင်လည်း မရှိဘူး.... တပည့်တပန်းလည်း မရှိဘူး.... အဲဒါတွေ ဘာလုပ်ဖို့လဲ…. ဒီလော့ထျန်းအဖွဲ့ကို ဖျက်ဆီးပြီး အတိတ်က လျှိုချန် ငါ့ကို စော်ကားခဲ့တဲ့ ရန်ကြွေးကို ဆပ်ဖို့ကသာ ငါ့ရဲ့ ရည်ရွယ်ချက်ပဲ…. အဲဒီတုန်းက ငါ့ကို တံမြက်စည်းလှည်းခိုင်းတယ် ဟုတ်လား.... အခုတော့ ငါ မင်းရဲ့ လော့ထျန်းအဖွဲ့ကြီးကို လှည်းကျင်းပစ်မယ်…. အဲဒီအချိန်ကျရင် မင်း မတော်တဆ ချင်းဟွာမြစ်ကနေ အသက်ရှင်လျက် ပြန်လာနိုင်ရင်တောင် တစ်ကိုယ်တည်းသမားကြီး ဖြစ်နေမှာမို့ ငါ စိတ်ကြိုက် ခြယ်လှယ်လို့ရပြီ"

လုရုန် အခြား တိုက်ကွင်းနှစ်ခုကို ဂရုမစိုက်တော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ဒန်ရှားတောင်ထိပ်ဆီသို့ ပျံသန်းရန် ပြင်လိုက်သည်။ သို့သော်လည်း လှမ်းလိုက်သော ခြေလှမ်းက မြေပြင်သို့ မကျသေးခင်မှာပင် ဇွတ်အတင်း ပြန်ရုပ်သိမ်းလိုက်ရသည်။

လုရုန် မျက်မှောင်ကြုတ်လိုက်ရင်း ယခင်က ရတနာချင်း တိုက်ခိုက်မိခဲ့သော နေရာသို့ လှမ်းကြည့်လိုက်သည်။

"မင်း မသေသေးဘူးလား"

မီးခိုးနှင့် ဖုန်မှုန့်များကြားမှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

အဝတ်အစားများ ဗလာကျင်းလျက် ကြွက်သားများက ထင်ထင်ရှားရှား ပေါ်လွင်နေသည်။ ကြီးမားလှသော သွေးကြောများက နဂါးကြီးများ၊ မြွေကြီးများအလား တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယခင်က ကျောပြင်ထက်တွင် ဖားလျားချထားသော ဆံပင်ရှည်ကြီးများသည်လည်း ပျောက်ကွယ်သွားပြီး ပြောင်သလင်းခါနေသော ဦးခေါင်းပြောင်ကြီးသာ ကျန်ရှိတော့သည်။

သူ ခေါင်းမော့လိုက်ပြီး လုရုန်အား သေလူတစ်ယောက်လို စိုက်ကြည့်လိုက်သည်။

ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် မည်သည့် ဖုံးကွယ်မှုမျှ မရှိဘဲ ရေလှိုင်းကြီးများကဲ့သို့ ပန်းထွက်လာသည်။

လုရုန် နှုတ်ခမ်းထောင့်ကို တွန့်လိုက်ရင်း ဆိုသည်။

"မသေလည်း ဘာဖြစ်လဲ.... အခု မင်းရဲ့ တစ်ကိုယ်လုံးက ချီစွမ်းအင်တွေ ခမ်းခြောက်နေပြီ.... ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက် လာရင်တောင် မင်းကို သတ်လို့ရတယ်"

"သေပေတော့.... ကောင်စုတ်"

စကားဆုံးသည်နှင့် သူသည် သာမန် ဓားပျံတစ်လက်ကို ထုတ်ယူကာ ဝမ်ယွမ်ထံသို့ ထိုးနှက်လိုက်တော့သည်။

ဒေါင်....

လုရုန်၏ မျက်မှောင်များ ကြုတ်သွားရသည်။ ထိုဓားပျံသည် ဝမ်ယွမ်၏ လက်တစ်ဖက်ဖြင့် လည်ပင်းရှေ့တွင် အမိအရ ဖမ်းဆီးခြင်း ခံလိုက်ရသည်။ သူ မည်မျှပင် စွမ်းအားများ ထည့်သွင်းစေကာမူ ဓားက တုန်ရင်နေသော်လည်း တစ်လက်မမျှ ရှေ့တိုးမရချေ။

ဝမ်ယွမ်၏ အကြောများ တင်းမာသွားပြီး လက်တစ်ဖက်ဖြင့် ပြင်းထန်စွာ ဆုပ်ခြေလိုက်သည်။

ချွတ်....

လုရုန် ထိတ်လန့်သွားစဉ်မှာပင် ဓားပျံသည် နှစ်ပိုင်းကျိုးသွားပြီး သံတိုသံစကဲ့သို့ မြေပြင်ပေါ် ပစ်ချခြင်း ခံလိုက်ရသည်။

ဝမ်ယွမ်က သူ့အား သားရဲတစ်ကောင်လို စိုက်ကြည့်နေသည်။

"ငါ့ရဲ့ ချီစွမ်းအင်တွေ ခမ်းခြောက်နေပြီ.... ဒါဆို မင်းကော အဲဒီ ဆေးတံရတနာကို ဆက်ပြီး သုံးနိုင်သေးလို့လား"

သူတို့နှစ်ဦးလုံးမှာ အခြေခံတည်ဆောက်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိကြသေးသည်။ ဝမ်ယွမ်မှာ အဆင့် ၁ တွင် ရှိနေပြီး သူ၏ မှော်ရတနာကို သွေးတင်ထားသည်မှာ အချိန်တိုတောင်းလှသေးသည် ဖြစ်ရာ အလွန်ဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ သုံးနိုင်မည် ဖြစ်သည်။ လုရုန်မှာ အဆင့် ၂ တွင် ရှိနေသဖြင့် ချီစွမ်းအား ပိုမို၍ များပြားနိုင်သော်လည်း များပြားခြင်းဟူသည်မှာ အတိုင်းအဆမရှိခြင်းကို ဆိုလိုခြင်း မဟုတ်ပေ၊

အစောပိုင်း တိုက်ကွက်မျိုးအား နောက်တစ်ကြိမ် လုံးဝ ထုတ်သုံးနိုင်တော့မည်မဟုတ်ချေ။

ဝမ်ယွမ် အလွန် ယုံကြည်ချက်ရှိနေသည်။ အထူးသဖြင့် တစ်ဖက်လူ နောက်ဆက်တွဲ ထုတ်သုံးခဲ့သော ဓားပျံ၏ စွမ်းအားက အလွန် အားနည်းနေသဖြင့် တစ်ဖက်လူ၏ လက်ရှိအခြေအနေကို သူ ကောင်းကောင်း သိရှိသွားခြင်း ဖြစ်သည်။

လုရုန် ခဏတာ တိတ်ဆိတ်သွားသည်။ သို့သော် မကြာမီမှာပင် သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်တော့သည်။

"ဟားဟား.... မင်းက ငါ့ကို ချီစွမ်းအင်တွေ အလဟဿ သုံးပစ်တယ်ဆိုတော့ တိုက်ပွဲဗျူဟာကို မသိဘူးလို့ ထင်နေတာလား၊ မင်း မှားသွားပြီ၊ ရတနာတွေဆိုတာ ပြင်ပပစ္စည်းတွေပဲ.... ငါ့ရဲ့ အားအကောင်းဆုံးအရာက ငါ့ရဲ့ ဒီခန္ဓာကိုယ်ကြီးပဲကွ"

ရူးသွပ်စွာ ရယ်မောနေစဉ်မှာပင် သူ ဆေးတံကို ပြောင်းပြန်လှန်လိုက်ရာ မည်းနက်သော ပြာမှုန့်အမြောက်အမြား လွင့်ပျံလာသည်။ မည်းနက်သော ပြာမှုန့်များသည် လွင့်ပျံနေသော်လည်း မြေပြင်သို့ မကျဘဲ သူ့ခန္ဓာကိုယ်ဆီသို့ ပြေးဝင်သွားတော့သည်။

ခဏချင်းမှာပင် သူ၏ အဝတ်ဗလာ အရေပြားပေါ်တွင် ရှေးဟောင်းချပ်ဝတ်တန်ဆာတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် မာကျောသော အရေပြားနှင့် ပြာမှုန့်များ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသော ချပ်ဝတ်တန်ဆာ ဖြစ်သည်။ ထိုမျှမကသေး၊ သူ၏ ဦးခေါင်းထက်တွင် ထူထဲလှသော သွေးချင်းချင်းနီနေသော သွေးချီမီးခိုးတိုင်ကြီး တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီဖြစ်သည်။

'သွေးမြစ်အဆင့်၊ သူလည်း ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့် ရှိသူတစ်ယောက်ပဲ’

ထိုအခိုက်အတန့်တွင် ဝမ်ယွမ်၏ မျက်ဝန်းများ တောက်ပလာသည်။

"မင်းရဲ့ ဒီခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ်က တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ.... ငါ အရမ်း သဘောကျတယ်"

နောက်တစ်စက္ကန့်တွင် သူ လက်မကို ပြောင်းပြန်လှန်လိုက်ပြီး နှလုံးသားနေရာသို့ ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။ ထိုနှလုံးသွေးကြော နေရာတွင် စုစည်းထားသော ကြီးမားလှသော သွေးစွမ်းအင်များသည် ရုတ်ချည်းပင် ပျံ့နှံ့သွားတော့သည်။ ထို့အတူ ထူထဲလှသော သွေးချင်းချင်းနီနေသော သွေးချီမီးခိုးတိုင်ကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြန်သည်။

ထိုမျှမကသေး သူ၏ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ကြီးထွားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၆ ပေခွဲ မြင့်မားသွားပြီး လူဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ယခုအခါ သူသည် လုရုန်ကို မော့ကြည့်မနေတော့ဘဲ တည့်တည့်သာ စိုက်ကြည့်နေသည်။

"ဒီလို လမ်းစဉ်တူတဲ့လူမျိုးနဲ့ ဆုံရခဲတယ်.... အားရပါးရ တိုက်ပွဲဝင်လို့ရပြီ၊ မင်းကို ပျော်ပျော်ကြီး သေအောင် လုပ်ပေးမယ်"

ရှေ့မှ လူဘီလူးကြီးကို ကြည့်ရင်း ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အမြဲတမ်း မိမိ၏ ဖဲချပ်အဖြစ်၊ ဂုဏ်ယူစရာအဖြစ် မှတ်ယူထားသော လုရုန်၏ စိတ်ထဲတွင် မသက်မသာဖြစ်မှုတစ်ခု ပေါ်ပေါက်လာသည်။ သို့သော် ရန်သူကြီးက ရှေ့တွင် ရှိနေသည်။ ထို့အပြင် ဒန်ရှားတောင်ထိပ်မှ လူတစ်ယောက်၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်နေသဖြင့် နောက်ကျောဓားနှင့်ထိုးခံရတော့မည်အလား ခံစားနေရသည်။ သူ ရှေ့တိုးသည်ဖြစ်စေ၊ နောက်ဆုတ်သည်ဖြစ်စေ ဒန်ရှားတောင်ပေါ်မှ ကောင်းကင်တုန်ဟည်းမည့် တိုက်ကွက်တစ်ခု ကျရောက်လာတော့မည့်အလား ရှိနေသည်။

'အစက သတိမထားမိဘူး.... ဘာလို့ ဒန်ရှားတောင်မှာ တခြား အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေရသေးတာလဲ.... အဲဒီလျှိုချန်က ဈာပနပွဲကို သွားတာ.... အခြေတည်အဆင့် အဖွဲ့သား တစ်ယောက်မှ မခေါ်သွားဘူးလားဟ.... ငါ အခု တိုက်ရမလား.... ဆုတ်ရမလား’

သူ တွန့်ဆုတ်နေစဉ်မှာပင် ပြင်းထန်လှသော လက်သီးလေပြင်းတစ်ခု သူ့ထံသို့ တရဟော တိုးဝင်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် စူးရှလှသော အော်ဟစ်သံကြီးက နားစည်နားသို့ အုန်းခနဲ တိုးဝင်လာသည်။

"တွန့်ဆုတ်တွန့်ဆုတ်နဲ့ အဲ့တာ ဘာဖြစ်နေတာတုန်း.... ဘာ ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်လဲ.... သေပေတော့…."

All Chapters