အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း။ ၁၇၁
"ဟမ်..."
ရှန်လုံက ချက်ချင်းပင် အေးစက်လှသော အကြည့်တစ်ခုကို လွှမ်းမိုးပစ်လွှတ်လိုက်သည်။
အုပ်ချုပ်သူသည် နောက်ထပ် အချိန်ဆွဲမနေရဲတော့ချေ။
၎င်းမှာ ဖြစ်နိုင်ခြေနည်းပါးသည်ဟု သူထင်မြင်မိသော်လည်း သူ၏ အတွေးများကို အလျင်အမြန်ပင် ထုတ်ဖော်ပြောဆို လိုက်သည်။
"အရှင်... မသေမျိုးဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုရှိပါတယ်။ ယွမ်ရှန်းတောင်က ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကိုတောင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ ဂိုဏ်းပါပဲ"
ရှန်လုံက ပြန်လည်တုံ့ပြန်ခဲ့သည်။
"ဒါက တိုက်ဆိုင်မှုတစ်ခုပဲလား။ သူက ငါတို့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ နက်နဲသောအဆင့် ကျင့်ကြံသူငါးယောက်ကို သတ်ဖြတ်ခဲ့တာလေ။ ဘာဖြစ်လို့ သူက ဟွမ်လီမြို့တော်ရဲ့ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲမှာ ပါဝင်ဖို့ လူလွှတ်ရဲရတာလဲ။ ဒါက သေတွင်းထဲကို သက်သက်တိုးဝင်တာ မဟုတ်ဘူးလား"
"အရှင်... မိုလင်ကိုပဲ မေးကြည့်လိုက်ပါ"
"ပြောစမ်း"
အုပ်ချုပ်သူက ခေါင်းညိတ်ပြလိုက်သည်။
"မသေမျိုးဂိုဏ်းမှာ လီလီလို့ခေါ်တဲ့ တပည့်တစ်ယောက်နဲ့ ယွမ်လျောင်လို့ခေါ်တဲ့တစ်ယောက် ရှိလား။ မင်း သူတို့ကို သိလား"
"အရှင်... သူတို့ပါပဲ"
မိုလင်က ချက်ချင်းပင် ခေါင်းညိတ်ပြခဲ့သည်။
ကျန်းယွဲ့ယဲ့ကလည်း အလျင်အမြန်ပင် ကြားဖြတ်၍ "အဲဒီ ရန်လီလီဆိုတာ ဆန်ဝူမြို့တော်က ရန်မိသားစု ခေါင်းဆောင်ရဲ့ သားဖြစ်ပြီး ယွမ်လျောင်ဆိုတာကတော့ ဆင်ယွဲ့မြို့တော်က ယွမ်မိသားစုရဲ့ သားကြီးပါ။ ကျွန်မ သူတို့နှစ်ယောက်လုံးကို တွေ့ဖူးပါတယ် နက်နဲသောအဆင့် အုပ်ချုပ်သူငါးယောက်ကို သတ်ဖြတ်ခဲ့တာကတော့ တကယ်ပဲ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းရဲ့ အနောက်ကလူပါပဲ" ဟု ပြောလိုက်သည်။
ရှန်လုံ၏ မျက်ဝန်းများမှာ အဝိုင်းသား ဖြစ်သွားခဲ့ရပြီး သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်လှသော ဒေါသအရှိန်အဝါများ ဟုန်းခနဲ ထွက်ပေါ်လာခဲ့တော့သည်။
"မင်း ဘာပြောလိုက်တယ် ဒါဆိုရင် မိုယွဲ့ကို မကယ်တင်ချင်တဲ့လူတွေက မသေမျိုးဂိုဏ်းကလူတွေဖြစ်မှန်း မင်း ဘာလို့ ငါ့ကို စောစောစီးစီး မပြောခဲ့တာလဲ"
အမှန်အတိုင်း ပြောရမည်ဆိုပါက သူသည် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။
သူသည် ထိုဂိုဏ်းကို အလွန်အမင်း အထင်ကြီးလေးစားခဲ့ပြီး မိတ်ဆွေဖွဲ့ကာ စည်းရုံးသိမ်းသွင်းလိုခဲ့သော်လည်း ယခုအခါတွင်မူ သူတို့က ရန်သူဖြစ်နေမှန်း သိလိုက်ရသည်။
သူ့ကို ပို၍ ဒေါသထွက်စေသည့်အရာမှာ ထိုအရာတင်မကသေးချေ။ အရှက်ရစရာ အကောင်းဆုံးမှာ မသေမျိုးဂိုဏ်းနှင့် ပတ်သက်သော နေရာထိုင်ခင်း ကိစ္စရပ်ပင်။
သူသည် မသေမျိုးဂိုဏ်းအား အထူးအဆင့်အတန်းရှိသော နေရာတစ်ခုကို ပေးအပ်ရန် ကတိပြုခဲ့ပြီး ကြယ်ပွင့်မရှိသော ဂိုဏ်းတစ်ခုအား အဆင့်မြင့်နေရာ ပေးအပ်သည့် စံနမူနာကို စတင်ခဲ့ကာ မသေမျိုးဂိုဏ်းအား ဂုဏ်သရေအားလုံးကို သွယ်ဝိုက်သောနည်းဖြင့် လုယူခွင့် ပေးခဲ့မိသည်။
ထို့ကြောင့်လည်း သူ ကမ်းလှမ်းခဲ့သည့် အခွင့်အရေးကို ဝမ်ပင်းက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ခြင်းပင်။
ဒီတော့... အဲဒီကောင်က ငါ့ကို လူပြက်တစ်ယောက်လိုမျိုး ကြည့်ပြီး လှောင်ပြောင်နေခဲ့တာပေါ့
ဒါတွေအားလုံးက မိုလင်နဲ့ အခြားသူတွေက အချိန်မီ လာပြီးသတင်းမပို့ခဲ့ကြတာကြောင့်ပဲ။
မိုလင် စကားမဆိုနိုင်ခင်မှာပင် ရှန်လုံက အံကြိတ်လျက် "အုပ်ချုပ်သူ... မသေမျိုးဂိုဏ်းက ဘယ်တည်းခိုခန်းမှာ တည်းခိုနေလဲဆိုတာကို ချက်ချင်း သွားစုံစမ်းစမ်း" ဟု အမိန့်ပေးလိုက်သည်။
"အရှင်... သူတို့က ပိယွဲ့မျှော်စင်မှာပါ"
အုပ်ချုပ်သူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"သွားမယ်... ငါနဲ့အတူ ပိယွဲ့မျှော်စင်ကို လိုက်ခဲ့ကြ"
ထိုသို့ပြောဆိုလိုက်ရင်း ရှန်လုံသည် အခန်းအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့တော့သည်။
သူ အပြင်သို့ ရောက်ရှိလာသည့်အချိန်တွင် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှ အဆင့် ၁၃ ရှိသော အစောင့်အရှောက် တစ်ရာကျော်နှင့် နက်နဲသောအဆင့် ကျင့်ကြံသူ လေးဦးတို့ကို စုစည်းလျက် ပိယွဲ့မျှော်စင်ဆီသို့ ခန့်ညားထည်ဝါစွာဖြင့် ဦးတည်၍ ချီတက်ခဲ့ကြသည်။
သို့သော်လည်း ပိယွဲ့မျှော်စင်၏ ကောင်းကင်အဆင့် အခန်းနံပါတ် ၁၂ သို့ ရောက်ရှိသွားသည့်အချိန်တွင်မူ ထိုနေရာမှာ လုံးဝ တိတ်ဆိတ်နေခဲ့သည်။
ရှန်လုံသည် ဗလာကျင်းနေသော အခန်းအတွင်း၌ ရပ်တန့်နေခဲ့ပြီး သူ၏အနောက်ရှိ တည်းခိုခန်းအကူ၏ စကားများကို နားထောင်နေခဲ့မိသည်။
"အရှင်... အဲဒီဧည့်သည်တွေက မနေ့ကတည်းက ဒီအခန်းကနေ ထွက်ခွာသွားကြပါပြီ"
ဤသတင်းကို ကြားလိုက်ရသည့်အခါ ရှန်လုံသည် သူ၏မျက်ဝန်းများကို ဖြည်းညှိးစွာ မှိတ်လိုက်မိပြီး သူ၏မျက်နှာပေါ်ရှိ အေးစက်လှသော အမူအရာက တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည်။
သူ ဘာကိုမျှ မပြောဆိုခဲ့သော်လည်း သူ၏အနောက်တွင် မတ်မတ်ရပ်နေကြသော နက်နဲသောအဆင့် ကျင့်ကြံသူလေးဦးမှာမူ စကားတစ်လုံးမျှပင် မဟရဲကြချေ။
အကယ်လို့ ရှန်လုံ၏ ပြစ်တင်ဝေဖန်မှုက လူများကို ကြောက်ရွံ့စေသည်ဆိုပါက သူ၏ ယခုကဲ့သို့ မည်သည့်အမူအရာမျှ မပြဘဲ တည်ငြိမ်နေခြင်းကမူ သူတို့ကို ပို၍ စိုးရိမ်ထိတ်လန့်စေခြင်းပင်။
ဒေါသမထွက်ဘဲနှင့်ပင် အရှိန်အဝါများ လွှမ်းမိုးနေပြီး ဖိနှိပ်ထားသော ဒေါသအောက်တွင် လူသတ်လိုသော အငွေ့အသက်များက ကိန်းအောင်းနေခဲ့သည်။
သူ ဒေါသမထွက်လျှင် ဘာမှမဖြစ်သော်လည်း အကယ်၍ သူ ဒေါသထွက်လာခဲ့မည်ဆိုပါက အရှေ့အိုင်တစ်ခုလုံးတွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာနိုင်သည်။
ခဏမျှ ကြာပြီးနောက် ရှန်လုံက တည်ကြည်လေးနက်စွာဖြင့် စကားဆိုလိုက်ရာ သူ၏မျက်ဝန်းများအတွင်း၌ ကလဲ့စားချေလိုသော အလင်းတန်းများ တောက်ပနေခဲ့သည်။
"ဝမ်ပင်း... မင်း ငါ့ကို အရူးလုပ်ပြီး ဒီအတိုင်း ထွက်သွားလို့ရမယ်လို့ ထင်နေတာလား"
အုပ်ချုပ်သူက ဘေးနားမှ အလျင်အမြန်ပင် တုံ့ပြန်ခဲ့သည်။
"အရှင်... ကျွန်တော် သူတို့ကို လိုက်လံဖမ်းဆီးဖို့ လူတွေကို ချက်ချင်း စေလွှတ်လိုက်ပါ့မယ်။ သူတို့ ထွက်ခွာသွားတာ တစ်ရက်ပဲ ရှိသေးတာဆိုတော့ သေချာပေါက် အဝေးကြီးကို ရောက်ဦးမှာမဟုတ်ပါဘူး"
ရှန်လုံက ဆက်လက်၍ "သူတို့ကို မြင်တာနဲ့ ချက်ချင်းသတ်ပစ် ကျန်တဲ့လူတွေကတော့ ငါနဲ့အတူ မသေမျိုးဂိုဏ်းဆီကို လိုက်ခဲ့ကြမယ်" ဟု ပြောလိုက်သည်။
မသေမျိုးဂိုဏ်းဆီကို ဘာဖြစ်လို့ သွားရမှာလဲ။ မဟုတ်မှလွဲရော တစ်ဂိုဏ်းကို အမြစ်ပြတ်အောင်လုပ်တော့မလို့လား။
ရှန်လုံက ၎င်းကို အတိအလင်း ထုတ်ဖော်မပြောဆိုခဲ့သော်လည်း လူတိုင်းကမူ ထိုမပြောဘဲ ချန်ထားခဲ့သော စကားလုံးများ၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ထားကြသည်။
သို့သော်လည်း အုပ်ချုပ်သူက ရှန်လုံအား တားဆီးလိုက်ကာ "အရှင်... ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲက နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကျင်းပတော့မှာပါ။ အခုအချိန်မှာ ထွက်ခွာသွားဖို့ဆိုတာ မသင့်တော်ပါဘူး" ဟု ပြောလိုက်သည်။
ရှန်လုံက ချက်ချင်းပင် အေးစက်စွာ တုံ့ပြန်ခဲ့သည်။
"မင်းက အမိန့်ပေးနေတာလား ငါက အမိန့်ပေးနေတာလား။ ငါမရှိဘဲနဲ့ မုရုံချင်းတစ်ယောက်တည်း ဟွမ်လီမြို့တော်ကို မထိန်းချုပ်နိုင်ဘူးလို့ ထင်နေတာလား"
"အရှင်... ကျွန်တော် ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး။ မသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်ကလူက ရိုးရိုးသားသား ဖြစ်နိုင်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ နက်နဲသောအဆင့် အလယ်အလတ်လောက်တော့ ရှိနေမှပဲ အုပ်ချုပ်သူငါးယောက်ကို တစ်ခါတည်းနဲ့ အပြတ်ရှင်းနိုင်မှာလေ။ ပြီးတော့... ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကလည်း နီးကပ်လာပြီဆိုတော့ အရှင်အနေနဲ့ ဘယ်အရာက ပိုပြီး အရေးကြီးလဲဆိုတာကို နည်းနည်းလောက် ပြန်စဉ်းစားပေးပါဦး"
ထိုသို့ပြောဆိုပြီးနောက် အုပ်ချုပ်သူသည် သူ၏ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလိုက်ပြီး နောက်ထပ် စကားတစ်လုံးမျှ မဟရဲတော့ချေ။
သို့သော်လည်း ရှန်လုံသည် ဤစကားများကို ကြားလိုက်ရသည့်အခါ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ရသည်။
သူသည် မည်သည့်အရာက ပို၍ အရေးကြီးသလဲဟူသော ကိစ္စရပ်ကို ချိန်ဆနေခြင်း သို့မဟုတ် မည်သို့မည်ပုံ အမြန်ဆုံး သွားရောက်ပြီး ပြန်လာနိုင်မလဲဟူသည်ကို တွေးတောနေခြင်းလည်း ဖြစ်နိုင်သည်။
နောက်ဆုံးတွင်မူ ရှန်လုံက စကားပြောလာခဲ့တော့သည်။
"ဆုကြေးငွေ ထုတ်ပြန်လိုက်စမ်း... မသေမျိုးဂိုဏ်းကို ပရမ်းပတာဖြစ်အောင် လုပ်နိုင်တဲ့သူနဲ့ သူတို့ရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းရဲ့ ခေါင်းကို ယူဆောင်လာနိုင်တဲ့သူကို အဖြူရောင်ပုံဆောင်ခဲ ၅၀ ဆုလာဘ် ပေးမယ်"
ဤစကားကြောင့် လူတိုင်းမှာ မှင်တက်သွားခဲ့ရတော့သည်။
အဖြူရောင်ပုံဆောင်ခဲများဆိုသည်မှာ နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခြင်းအတွက် ပေးအပ်ရမည့် ဆုကြေးငွေမျိုး ဖြစ်သင့်သည်။
...
ယွန်းလန်တောင်၌ ချင်မိုနှင့် အခြားသူများသည် မီးဖိုချောင်အတွင်း၌ အတူတူ ထမင်းစားနေကြသည်။
ချင်ရှန်း ရောက်မလာသည်ကို မြင်တွေ့ရသဖြင့် ချင်မိုက ကျောက်ယီအား "စီနီယာကျောက်... အကြီးအကဲချင်ကို သွားမရှာခဲ့ဘူးလား" ဟု လှမ်းမေးလိုက်သည်။
ကျောက်ယီက ခေါင်းခါပြလိုက်သည်။
"ထူးဆန်းတာပဲ... ဒီရက်ပိုင်း သူက ထမင်းစားဖို့ တကယ်ကို စိတ်အားထက်သန်နေတာ။ ဒါပေမဲ့ ဒီနေ့ကျမှ အချိန်မှန် ရောက်မလာဘူး"
ချင်မိုက မတတ်သာဘဲ ခေါင်းခါလိုက်မိသော်လည်း မကြာမီမှာပင် ထိုအကြောင်းကို ဆက်၍ မတွေးတောတော့ချေ။
ဖြစ်နိုင်သည်မှာ ချင်ရှန်းသည် သူ၏ ကျင့်ကြံခြင်း အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
လူတိုင်း ထမင်းစားသောက်ပြီးကြသောအခါ ယွီမို၏ ခရီးသွားမှတ်တမ်းပုံပြင်များကို နားထောင်ရင်း နဂါးလှိုင်းဒေါသ သိုင်းကွက်၏ စွမ်းအားကူးပြောင်းမှုကို လက်ခံရယူရန်အတွက် အိပ်ဆောင်များရှိရာ နယ်မြေဆီသို့ အသီးသီး ဦးတည်ထွက်ခွာခဲ့ကြသည်။
သို့သော်လည်း အိပ်ဆောင်နယ်မြေသို့ ရောက်ရှိလာသည့်အချိန်တွင်မူ ယွီမို၏ အရိပ်အယောင်ကိုပင် မတွေ့ရှိရချေ။
လူတိုင်း ဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင် ချင်ရှန်းနှင့် ယွီမိုတို့သည် လမ်းလျှောက်ရင်း တစ်
ယောက်ကိုတစ်ယောက် တိုးတိုးတိတ်တိတ် ပြောဆိုလျက် အတူတူ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
"အစ်ကိုချင်... မသေမျိုးသတ်ဖြတ်သူရဲ့ ကမ္ဘာက ဘယ်လိုမျိုးလဲဗျ"
"တကယ်ကိုပဲ ခန့်ညားထည်ဝါလွန်းတယ်။ ဒီကမ္ဘာနဲ့ လုံးဝကို ကွဲပြားခြားနားတာ။ သူတို့က သွေးကြောသိုင်းကွက်တွေကို မကျင့်ကြံကြဘဲ ကောင်းကင်နဲ့မြေပြင်ရဲ့ စွမ်းအင်တွေကို အသုံးပြုပြီး မှော်ပညာရပ်တွေကို ကျင့်ကြံကြတာဗျာ"
"ကောင်းကင်နဲ့မြေပြင်ရဲ့ စွမ်းအင်တွေကို အပြည့်အဝ အသုံးချပြီး သွေးကြောသိုင်းကွက်တွေထက် ပိုသန်မာတဲ့ မော်မှော်ပညာတွေကို ဖန်တီးနိုင်ကြတာဆိုတော့... အဲဒီကမ္ဘာထဲက လူတွေက တကယ်ကို အံ့ဩစရာကောင်းလွန်းတယ်"
ချင်ရှန်းက ခေါင်းညိတ်ထောက်ခံလိုက်ပြီးနောက် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ဒါပေမဲ့ နှမြောစရာကောင်းတာက... ကျန်းရှောင်ဖန်က နတ်ဘုရားအသံကျောင်းတော်ရဲ့ လျှို့ဝှက်ကျင့်စဉ်ဖြစ်တဲ့ ဗြဟ္မာဉာဏ်တော်ကြီးကျင့်စဉ်ကို ရရှိခဲ့ပေမဲ့ အဲဒါက သူ့ရဲ့ ကျင့်ကြံမှုကို နှေးကွေးသွားစေခဲ့တယ်။ အစပိုင်းမှာ ဂိုဏ်းရဲ့အကြီးအကဲတွေရဲ့ မျက်နှာသာပေးခြင်းကို မခံရဘဲ၊ အခု မသေမျိုးဂိုဏ်းထဲ ရောက်လာတော့လည်း ထမင်းချက်တဲ့အလုပ်ပဲ လုပ်နေရတယ်။ ရွာတူက လင်းကျင့်ယွီကတော့ နဂါးသတ်ဓား ဆုလာဘ်ကို ရရှိထားပြီးပြီ။ ရှောင်ဖန်ရဲ့ ကျင့်ကြံမှုကတော့ တိုးတက်မလာတဲ့အပြင် သူချစ်ရတဲ့သူကလည်း တခြားစီနီယာအစ်ကိုတစ်ယောက်အပေါ် စိတ်ဝင်စားသွားခဲ့ပြီ။ တကယ်ကိုပဲ စိတ်မကောင်းစရာပါပဲဗျာ"
ချင်ရှန်းက ခေါင်းခါလျက် သက်ပြင်းချလိုက်မိသည်။
ယွီမိုကမူ သူ၏မျက်နှာတွင် မည်သည့်စိတ်ပျက်မှုမျိုးမျှ မဖော်ပြဘဲ တဟားဟား ရယ်မောလိုက်ရင်း "မင်း မနက်ဖြန်ကျရင် ဆက်ပြီးကြည့်လိုက်ဦးလေ။ ဒါဆိုရင် မြင်ရလိမ့်မယ်။ ရှောင်ဖန်က နိမိတ်မကောင်းတဲ့လူတစ်ယောက်သက်သက် မဟုတ်ပါဘူး။ အဲဒီ သွေးဆာနေတဲ့ပုလဲကို မှတ်မိသေးလား။ နောက်ပိုင်းကျတော့..."
"နောက်ပိုင်းဟုတ်လား ထပ်ပြောရဲပြောကြည့်….."
ချင်ရှန်းက ယွီမိုအား ရုတ်တရက် တွန်းထုတ်လိုက်ပြီး သူ၏မျက်နှာထားမှာ မင်းသာ ဇာတ်လမ်းကြိုပြောရဲရင် ငါ တကယ်ရိုက်မှာဟု ဆိုနေသည့်အလား ဖြစ်နေခဲ့သည်။
သို့သော်လည်း ယွီမိုကမူ မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြဘဲ ဆက်လက်၍ "အတိုချုပ်ပြောရရင်တော့ ရှောင်ဖန်က နောက်ပိုင်းမှာ တကယ်ကို အစွမ်းထက်လာခဲ့တာ။ သူသင်ယူခဲ့တဲ့ မှော်ပညာက ဆယ်ထပ်မျှော်စင်ထဲက မီးမြွေသိုင်းကွက် ဒါမှမဟုတ် မီးနဂါးသိုင်းကွက်တွေထက် မနိမ့်ကျဘူးဗျ" ဟု ပြောလိုက်သည်။
"ဟေး... မင်းကတော့ကွာ"
"ကဲပါ... နောက်ထပ် မပြောတော့ပါဘူး။ မနက်ဖြန်ကျရင် မင်းကိုယ်တိုင် မြင်ရမှာပဲ။ ကောင်းကင်ကြီးက ဘက်လိုက်မှုမရှိဘဲ ခပ်သိမ်းသောအရာတွေကို ကောက်ရိုးရုပ်တွေလိုပဲ သဘောထားတာပဲ။ တကယ်ကို သနားစရာကောင်းပြီး စိတ်မကောင်းစရာပဲဗျာ"
"မင်းက ဘာကို ဆိုလိုတာလဲ"
"မင်း ဆက်ကြည့်ရင် သိလိမ့်မယ်။ ဆက်ပြီးတော့သာ ကြည့်လိုက်စမ်းပါ"
"ဟေး... အကယ်လို့ ငါ ဒီနေ့မွန်းလွဲပိုင်းမှာ ဆယ်ထပ်မျှော်စင်ကို သွားမလည်ခဲ့ဘူးဆိုရင် ငါ သေချာပေါက် အဲဒီကမ္ဘာအကြောင်းကို မင်းထက်ပိုပြီး သိမြင်ခံစားနိုင်ခဲ့မှာ"
...
ဤမြင်ကွင်းကို စောင့်ကြည့်နေကြပြီး သူတို့၏ ဆန်းကြယ်လှသော စကားပြောဆိုမှုများကို ကြားနေရသော ချင်မိုနှင့် အခြားသူများသည် ထိုလူနှစ်ဦးအား နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်းဖြင့် လှမ်းကြည့်နေခဲ့ကြသည်။
"အကြီးအကဲချင်"
ချင်ရှန်း အနားသို့ ချဉ်းကပ်လာသည့်အခါ လူတိုင်းက တပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။
ယွီမိုအပေါ် လူတိုင်းက မည်သည့်တုံ့ပြန်မှုမျှ မပြကြသည်ကို မြင်သောအခါ ချင်ရှန်းက အလျင်အမြန်ပင် "ဒီနေ့ကစပြီး စီနီယာယွီမိုကလည်း မသေမျိုးဂိုဏ်းရဲ့ အကြီးအကဲတစ်
ယောက် ဖြစ်လာခဲ့ပြီ။ မင်းတို့အနေနဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဘာမေးခွန်းပဲရှိရှိ သူ့ကို လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ပါတယ်။ သူ့မှာ အချိန်တွေ အများကြီးရှိတယ်။ နေ့တိုင်း ၁၂ နာရီလုံးလုံး အလကား ထိုင်နေတာ။ ဒီနေ့ကစပြီး ငါလုပ်ရမယ့် အလုပ်တွေကို အကြီးအကဲယွီက လွှဲပြောင်းတာဝန်ယူလိမ့်မယ်" ဟု ပြောကြားလိုက်သည်။
"ဟေး... ဒီလှည့်ကွက်ကတော့... နောက်ပိုင်းမှာ ရှောင်ဖန်က ဝါးပင်တွေကို သွားခုတ်တယ်လေ။ သွေးဆာနေတဲ့ပုလဲနဲ့ ဝိညာဉ်ဖမ်းတံကျင်ကို မော်မှော်ရတနာတစ်ခုအဖြစ် သန့်စင်လိုက်ရုံတင်
မကဘဲ မျက်လုံးသုံးလုံးပါတဲ့ ဝိညာဉ်မျောက်ကလေးကိုပါ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့သေးတာ။ နောက်ပိုင်း ကျင်းပတဲ့ ဝိညာဉ်တောင်တိုက်ပွဲမှာ သူက တကယ်ကိုပဲ ထူးချွန်ပြောင်မြောက်ခဲ့တာဗျ"
"မင်းက ပြောနေတုန်းပဲလား"
ချင်ရှန်းက ယွီမို၏ ဖင်ကို ချက်ချင်းပင် လှမ်း၍ ကန်လိုက်တော့သည်။
ထိုအချိန်တွင် တံတားငယ်လေးရှိရာဘက်ဆီမှ ဝမ်ပင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဇာတ်လမ်းကြိုပြောတဲ့လူကို စိတ်ကြိုက် ရိုက်နှက်ကြ"
အခန်း။ ၁၇၂
ဝမ်ပင်း၏ အသံကို ကြားလိုက်ရသည့်အခါ ချင်ရှန်းသည် အလျင်အမြန်ပင် လှည့်ကြည့်လိုက်
ပြီး သူ၏ ပေါ့ပျက်ပျက် အမူအရာများကို ရုပ်သိမ်းကာ တောင်းပန်တိုးလျှိုးသည့် အပြုံးမျိုးဖြင့် "ဂိုဏ်းချုပ်" ဟု နှုတ်ဆက်လိုက်သည်။
ကျန်ရှိနေသော တပည့်များကလည်း ထိုင်ရာမှ ထရပ်လိုက်ကြပြီး ရိုသေလေးစားစွာဖြင့် "ဂိုဏ်းချုပ်" ဟု တညီတညွတ်တည်း ပြောလိုက်ကြသည်။
နက်ရှိုင်းလှသော ရေကန်ကြီး၏ အလင်းပြန်မှုအောက်တွင် ဝမ်ပင်းသည် သစ်သားတံတားလေးပေါ်မှ ဖြည်းညှိးစွာ လျှောက်လှမ်းလာခဲ့ပြီး ချင်ရှန်းနှင့် အခြားသူများကို လှမ်း၍ မေးလိုက်သည်။
"ဘာဖြစ်လို့ တိုက်ခိုက်တာကို ရပ်လိုက်ကြတာလဲ"
ချင်ရှန်းက အလောတကြီးပင် "ဂိုဏ်းချုပ်... ကျွန်တော်တို့က စနောက်နေကြရုံတင်ပါ။ တကယ် တိုက်ခိုက်နေကြတာ မဟုတ်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။
ဝမ်ပင်းကမူ "ရပါတယ်... ဇာတ်လမ်းကြိုပြောတာကို နှစ်သက်တဲ့သူတွေကိုတော့ စိတ်ကြိုက်သာ ရိုက်နှက်ကြစမ်းပါ။ မင်းတို့နှစ်ယောက်ကလည်း ခွန်အားချင်း တူတူပဲဥစ္စာ" ဟု ပြောလိုက်သည်။
"ဇာတ်လမ်းကြိုပြောလို့ ရိုက်နှက်ရမယ် ဟုတ်လား..."
"အဲဒါက မသေမျိုးသတ်ဖြတ်သူထဲက ဇာတ်လမ်းတွေကို မင်းတို့ထက် ကြိုပြီး လာပြောပြတာကို ဆိုလိုတာပဲ။ အဲဒါကို ဇာတ်လမ်းကြိုပြောတယ်လို့ ခေါ်တယ်"
"ဩော်..."
ချင်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
ထို ဇာတ်လမ်းကြိုပြောခြင်းဆိုသည့် စကားလုံးက အနည်းငယ် ဆန်းကြယ်နေသော်လည်း ဝမ်ပင်းက ထိုသို့လုပ်သူကို ရိုက်နှက်၍ရသည်ဟု ခွင့်ပြုချက်ပေးလိုက်သဖြင့် သူသည် ယွီမို၏ထံသို့ ချက်ချင်းပင် အကြည့်လွှဲလိုက်တော့သည်။
၎င်းမှာ ယွီမိုအား “မင်း စောင့်နေလိုက်တော့... နောက်ကျရင် ငါ မင်းကို သေချာပေါက် ပညာပေးဦးမှာ။ ဂိုဏ်းချုပ်ကိုယ်တိုင်က ရိုက်လို့ရတယ်လို့ ပြောထားတယ်” ဟု သတိပေးနေသည့်အလားပင်။
ချင်ရှန်း စကားရပ်သွားသည့်အချိန်တွင် ရန်လီလီသည် စပ်စုချင်စိတ်ဖြင့် "ဂိုဏ်းချုပ်... စောစောက အကြီးအကဲချင်တို့ ဘာတွေအကြောင်း ပြောနေကြတာလဲဗျာ။ ကျန်းရှောင်ဖန်နဲ့ သွေးဆာနေတဲ့ပုလဲ ဆိုလားပဲ" ဟု လှမ်း၍ မေးလိုက်သည်။
ဝမ်ပင်းက "အကြီးအကဲချင်က မသေမျိုးသတ်ဖြတ်သူအကြောင်းကို ပြောနေတာပါ" ဟု ပြန်ဖြေလိုက်သည်။
ဝမ်ပင်း ထိုသို့ ပြန်လည်ဖြေကြားလိုက်သည့် ခဏ၌ပင် သူ၏နားစည်ဘေးနား၌ စနစ်၏ အသံက ထွက်ပေါ်လာခဲ့တော့သည်။
"တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ"
[ဘေးထွက်တာဝန် - စူပါဂိုဏ်းကြီးတစ်ခုရဲ့ အပန်းဖြေဘဝ]
[စူပါဂိုဏ်းကြီးတစ်ခုအနေနဲ့ ကျင့်ကြံခြင်းတစ်ခုတည်းကိုပဲ အပြင်းအထန် အာရုံစိုက်နေလို့ မရပါဘူး။ အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီနေ့အတွင်းမှာ အောက်ပါ သတ်မှတ်ချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ]
[တာဝန်ရည်မှန်းချက်: မသေမျိုးဂိုဏ်းရဲ့ အဖွဲ့ဝင်အားလုံး မသေမျိုးသတ်ဖြတ်သူကို ကြည့်ရှုရမယ်]
[တာဝန်ဆုလာဘ်: ရုပ်ရှင်ကြည့်နေရင်းနဲ့ မသေမျိုးသတ်ဖြတ်သူကမ္ဘာထဲက ပစ္စည်းတွေကို အပိုင်သိမ်းနိုင်တဲ့ စနစ်တစ်ခု ပွင့်သွားပါပြီ။ ဥပမာ စိမ်းလန်းနေတဲ့တိမ်တိုက်ဂိုဏ်းက ဝတ်စုံတွေ၊ ပျံသန်းနိုင်တဲ့ဓားတွေ၊ သွေးဆာနေတဲ့ပုလဲတွေ၊ ဒါမှမဟုတ် အဲဒီထဲက နာမည်ကြီး မသေမျိုးသတ်ဖြတ်သူ ဓားသိုင်းအစီအရင်တွေကိုတောင် ရနိုင်တဲ့ အခွင့်အရေးမျိုးပါ]
ဝမ်ပင်းသည် ချက်ချင်းပင် စိတ်ထဲမှ တွေးတောလိုက်မိသည်။
စနစ်... ဒါက ဘယ်လိုမျိုး တာဝန်လဲ။
ဒါက လူတိုင်းကို ရုပ်ရှင်ကြည့်ပြီး အချိန်ဖြုန်းဖို့ အားပေးနေတာ မဟုတ်ဘူးလား။
စနစ်က အလျင်အမြန်ပင် ရှင်းပြခဲ့သည်။
"သခင်က တာဝန်ရဲ့ ဆုလာဘ်ကို မေ့သွားပြီလား။ တာဝန်ပြီးမြောက်သွားပြီးတဲ့နောက် ရုပ်ရှင်ကိုကြည့်ရှုရင်းနဲ့ မသေမျိုးသတ်ဖြတ်သူကမ္ဘာထဲက ပစ္စည်းတွေကို ရရှိနိုင်မယ့် အလားအလာ ရှိသွားတာလေဗျာ။ စိမ်းလန်းသောတိမ်တိုက်ဂိုဏ်းရဲ့ ဝတ်ရုံတွေ၊ ပျံသန်းနိုင်တဲ့ဓားတွေ၊ ဒါမှမဟုတ် သွေးဆာနေတဲ့ပုလဲနဲ့ မသေမျိုးသတ်ဖြတ်သူ ဓားသိုင်းအစီအရင်တွေကိုတောင် ရနိုင်တာကို... ဒါက ဘယ်လိုလုပ် အချိန်ဖြုန်းတာ ဖြစ်နိုင်ပါ့မလဲ"
"အပြင်မှာကော သုံးလို့ရမှာလား"
"သဘာဝကျတာပေါ့... သေချာပေါက် သုံးလို့ရပါတယ်"
"လန်းတယ်ကွာ"
ဝမ်ပင်းသည် စိတ်ထဲမှ မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိတော့သည်။
ထိုအချိန်တွင် ရန်လီလီ၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
"ဂိုဏ်းချုပ်... မသေမျိုးသတ်ဖြတ်သူဆိုတာ ဘာကြီးလဲဗျ"
တာဝန်ကို လက်ခံရရှိထားပြီးဖြစ်သောကြောင့် ဝမ်ပင်းသည် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
"အဲဒါက ရုပ်ရှင်ကြည့်ခန်းမထဲမှာ ရှိတဲ့ အခြားကမ္ဘာတစ်ခုပဲ။ သွေးကြောတံခါးတွေ မရှိတဲ့ကမ္ဘာ၊ သားရဲမိစ္ဆာကြီးတွေ ပြောင်းလဲလာတာမျိုး မရှိတဲ့ကမ္ဘာပေါ့... အဲဒီကမ္ဘာက ကျင့်ကြံသူတွေက ကောင်းကင်ယံထက်မှာ ဓားတွေကို စီးနင်းပြီး ပျံသန်းနိုင်ကြတယ်"
"ဓားကိုစီးပြီး ပျံသန်းနိုင်တဲ့ ကမ္ဘာ ဟုတ်လား ဂိုဏ်းချုပ်... ပြီးခဲ့တဲ့အကြိမ်က ရုပ်ရှင်ကြည့်ခန်းမအကြောင်း မိတ်ဆက်ပေးတုန်းက ဒါတွေကို မပြောခဲ့ဘူးနော်"
ရန်လီလီမှာ စကားပင် ဆွံ့အသွားခဲ့ရသည်။
"ဂိုဏ်းချုပ်က ပြီးခဲ့တဲ့တစ်ခါ ပြောတုန်းကတော့ ရုပ်ရှင်ကြည့်ခန်းမဆိုတာ အချိန်ဖြုန်းဖို့သက်သက် နေရာတစ်ခုပဲဆို…..
အခုကျတော့ ဓားကိုနင်းပြီး ပျံသန်းနိုင်တဲ့ အခြားကမ္ဘာတစ်ခုဆီတောင် သွားလို့ရတယ်ပေါ့။ ဒီလောက်ထိ စွမ်းဆောင်နိုင်တဲ့အရာက ဘယ်လိုလုပ်ပြီး အချိန်ဖြုန်းစရာ ဖြစ်မှာလဲ"
ရန်လီလီ၏ အတွေးများကို သတိမထားမိဘဲ ဝမ်ပင်းက ဆက်လက်၍ "မသေမျိုးသတ်ဖြတ်သူဆိုတာက ကမ္ဘာတစ်ခုလည်းဖြစ်သလို အဲဒီကမ္ဘာရဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ" ဟု ပြောလိုက်သည်။
ရန်လီလီသည် စိတ်မထိန်းနိုင်တော့ဘဲ အလျင်အမြန်ပင် "ဂိုဏ်းချုပ်... ကျွန်တော်တို့ကော အဲဒီကမ္ဘာဆီကို သွားပြီးတော့ သွားကြည့်လို့ ရမလားဗျာ" ဟု လှမ်းမေးလိုက်တော့သည်။
ဝမ်ပင်းသည် စိတ်ထဲမှ ဝမ်းမြောက်သွားခဲ့ရပြီး ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ကာ "ရတာပေါ့... မင်းတို့အနေနဲ့ စောင့်ကြည့်သူတစ်ဦးအနေနဲ့ ကြည့်မယ်ဆိုရင် တစ်နာရီကို ရွှေဒင်္ဂါး ၂၀ ပဲ ကျသင့်မှာဖြစ်ပြီး မသေမျိုးသတ်ဖြတ်သူကမ္ဘာထဲက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားချင်တယ်ဆိုရင်တော့ တစ်နာရီကို ရွှေဒင်္ဂါး ၁၀၀ ကျမှာ" ဟု ပြောကြားလိုက်သည်။
ဝမ်ပင်းသည် ရုပ်ရှင်ကြည့်ခန်းမ၏ အဆင့်မြင့်နည်းပညာ အသုံးပြုပုံများကို အသေးစိတ် ရှင်းမပြနေတော့ချေ။
ဖြစ်နိုင်သည်မှာ ဤသို့ ရှင်းပြခြင်းကသာ သူတို့ နားလည်သဘောပေါက်ရန်အတွက် အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ဖြစ်ပေလိမ့်မည်။
ဝမ်ပင်း၏ ဤရှင်းပြချက်သည် လူတိုင်း၏ စိတ်ဝင်စားမှုကို ချက်ချင်းပင် ပြင်းထန်စွာ ဆွဲဆောင်လိုက်သည်။
"အခြားကမ္ဘာတစ်ခု ဟုတ်လား... ပြီးတော့ တခြားလူရဲ့ ခန္ဓာကိုယ်ထဲကိုပါ ဝင်လို့ရတာလား"
"ဂိုဏ်းချုပ်... ကျွန်တော်လည်း သွားချင်ပါတယ်ဗျာ"
"ဂိုဏ်းချုပ်... ကျွန်တော့်ကိုလည်း ထည့်တွက်ဦးနော်"
လူတိုင်းက အပြိုင်အဆိုင် လက်မောင်းများ မြှောက်လိုက်ကြသည်။
ကျောက်ယီတစ်ယောက်သာ လက်မမြှောက်ဘဲ ရှိနေစဉ် ချင်မိုက သူ့ကို တံတောင်နှင့် အသာတို့လိုက်ရင်း "အတူတူ သွားကြမလား... ဂျူနီယာအနေနဲ့ ငါပဲ ဒကာခံပါ့မယ်" ဟု ပြောလိုက်သည်။
"အင်း... ရတာပေါ့"
ကျောက်ယီသည် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး အလျင်အမြန်ပင် လက်မြှောက်လိုက်တော့သည်။
"ဒါဆိုရင် ငါလည်း ဝင်ပါပြီး သွားကြည့်ရုံပဲ ရှိတာပေါ့"
ချင်ရှန်းက ပြုံးရွှင်စွာဖြင့် လူအုပ်ကြီးကို လိုက်လျောညီထွေဖြစ်အောင် ပြောဆို လိုက်သည်။
လူတိုင်း ရုပ်ရှင်ကြည့်ခန်းမသို့ ရောက်ရှိသွားကြပြီး မျက်မှန်များကို တပ်ဆင်လိုက်ကြသည့်
အခါ မူလက တိတ်ဆိတ်နေသော အခန်းတစ်ခုလုံးမှာ လူတိုင်း၏ အံ့ဩတုန်လှုပ်စွာ အော်ဟစ်သံများဖြင့် ဟုန်းခနဲ ပွင့်ထွက်သွားခဲ့တော့သည်။
ဖြစ်နိုင်သည်မှာ အလွန်အမင်း အံ့ဩမိသွားကြသောကြောင့် ဖြစ်ပေလိမ့်မည်။
သို့မဟုတ် အခြားသူများ၏ အော်ဟစ်သံများအကြားတွင် သူတို့လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလိုကြသောကြောင့်လည်း ဖြစ်နိုင်သည်။
ရန်လီလီကမူ မအောင့်နိုင်ဘဲ ချီးမွမ်းထောပနာပြုလိုက်မိသည်။
"ဝါး... အကြီးအကဲချင်တစ်ယောက် ဘာဖြစ်လို့ ထမင်းတောင် မစားနိုင်ဘဲ ညနက်
သန်းခေါင်ကြီးအထိ အိပ်ဆောင်နယ်မြေဆီ ပြန်မလာနိုင်ခဲ့တာလဲဆိုတာ မဆန်းတော့ပါဘူး။
သူ ဒီကမ္ဘာထဲကနေ ပြန်မထွက်ချင်လောက်အောင် ဖြစ်နေခဲ့တာကိုး။ အမလေး... ဒီကမ္ဘာထဲက လူတိုင်းက ပျံသန်းနိုင်ကြတာပဲ။ တကယ် ကြောက်ဖို့ကောင်းလွန်းတယ်"
ထို့နောက်တွင် မသေမျိုးသတ်ဖြတ်သူကမ္ဘာကြီးက တဖြည်းဖြည်းနှင့် ပွင့်လင်းလာခဲ့ကာ လူတိုင်း မှင်တက်သွားခဲ့ရတော့သည်။
ဓားကိုစီးနင်းပြီး ပျံသန်းခြင်း…..
စိတ်အလိုရှိတိုင်း မိုးကြိုးများကို ဆင့်ခေါ်နိုင်ခြင်း…..
စိမ်းလန်းသောတိမ်တိုက်ဂိုဏ်း၏ အစောင့်အရှောက် နတ်သားရဲကြီးကို မြင်တွေ့ရသည့်
အချိန်၌ပင် သူတို့အားလုံး စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် လူတိုင်း မသေမျိုးသတ်ဖြတ်သူကို စတင်ကြည့်ရှုနေကြစဉ်မှာပင် ဘေးထွက်တာဝန်မှာ အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည်။
[ဘေးထွက်တာဝန် ပြီးမြောက်ပါပြီ]
ပေါ်ထွက်လာသော ကွန်ပျူတာစာမျက်နှာကို လှမ်းကြည့်ရင်း ဝမ်ပင်းသည် စိတ်ထဲ၌ တစ်ခုခုကို ပြန်လည်တွေးတောမိသွားသည်။
တပည့်များကို ကျင့်ကြံခြင်းအချိန်များ ဖယ်ပြီး ရုပ်ရှင်ကြည့်ရန် တွန်းအားပေးနေမိသဖြင့် ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်မှာ အမှန်ပင်။
နောက်ထပ်ခဏ၌ တာဝန်၏ ဆုလာဘ်ကို သိမ်းဆည်းလိုက်တော့သည်။
၎င်း၏နောက်တွင် စနစ်၏အသံက တိုးညှိးစွာ ထွက်ပေါ်လာခဲ့သည်။
"သခင်... မသေမျိုးသတ်ဖြတ်သူကို ကြည့်ရှုခြင်းက မသေမျိုးသတ်ဖြတ်သူကမ္ဘာထဲက ပစ္စည်းတွေကို ရရှိနိုင်ဖို့ သုည ဒသမ ငါး ရာခိုင်နှုန်း သေချာမှု ရှိပါတယ်။ သခင်အနေနဲ့ကတော့ ပစ္စည်းတစ်ခုကို တစ်ရာရာခိုင်နှုန်းအပြည့်အဝ ရရှိနိုင်မယ့် အခွင့်အရေးတစ်ခု ရှိပါတယ်။ အသုံးပြုမလား"
"အသုံးပြုမယ်"
ထိုသို့ပြောဆိုလိုက်ရင်း ဝမ်ပင်းသည် မျက်မှန်ကို တပ်ဆင်လိုက်ပြီး မသေမျိုးသတ်ဖြတ်သူကမ္ဘာထဲသို့ မဝင်ရောက်မီ စိတ်ထဲမှ တိတ်တဆိတ် မေးလိုက်သည်။
"စနစ်... ဒီလို ကျပန်းရရှိနိုင်တဲ့ အခွင့်အရေးဆိုတာ ဘယ်လိုပစ္စည်းမျိုးမဆို ပေါ်လာနိုင်တာကို ပြောတာလား"
စနစ်က တုံ့ပြန်ခဲ့သည်။
"သခင်အနေနဲ့ ဆက်ပြီးကြည့်နေဖို့ပဲ လိုအပ်တာပါ။ တစ်ရာရာခိုင်နှုန်း အပြည့်အဝ ရရှိနိုင်
မယ့် စွမ်းရည်က အချိန်တစ်ခုမှာ ပွင့်လာမှာဖြစ်ပြီး လက်ရှိ မြင်တွေ့နေရတဲ့ မြင်ကွင်းထဲက ပစ္စည်းတစ်ခုကို ရမှာပါ"
"ငါက ဆက်ပြီးတော့ ကြည့်နေရဦးမှာပေါ့ ဟုတ်လား"
ဝမ်ပင်း မတတ်သာဘဲ သက်ပြင်းချလိုက်မိသော်လည်း ပြီးခဲ့သည့်အကြိမ်က ရပ်တန့်ခဲ့သော နေရာမှစ၍ ဆက်လက်ကြည့်ရှုရန်သာ တတ်နိုင်တော့သည်။
နာရီအနည်းငယ် ကုန်လွန်သွားပြီးနောက် တောင်ထွတ်ခုနစ်ခု သိုင်းပညာပြိုင်ပွဲ ကျင်းပနေသည့် အချိန်တွင် စနစ်၏ စာမျက်နှာက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[၁၀၀% အပြည့်အဝ ရရှိနိုင်မဲ့ လုပ်ဆောင်ချက် ပွင့်သွားပါပြီ]
[ရရှိခဲ့သော ပစ္စည်း: ရှောင်ဖန်၏ မီးတုတ်ကောက်]
...
နောက်တစ်နေ့တွင် မီးဖိုချောင်အတွင်း၌ လူတိုင်းသည် ထမင်းစားသောက်နေကြပြီး စားပွဲပေါ်တွင် အရသာရှိလှသော ဟင်းလျာအမြောက်အမြား ရှိနေခဲ့သော်လည်း ပုံမှန်အားဖြင့်ဆိုလျှင် မည်သည့်အခါမျှ အစားအသောက် မလောက်ငတတ်သော သူတို့သည် ယနေ့တွင်မူ မသေမျိုးသတ်ဖြတ်သူအကြောင်းကိုသာ အာရုံစိုက်လျက် ပြောဆိုနေကြတော့သည်။
ဟွမ်ယီက စိတ်လှုပ်ရှားစွာဖြင့် "အဲဒီ စိမ်းလန်းသောတိမ်တိုက်ဂိုဏ်းက တပည့်တွေက တကယ်ကိုပဲ အသည်းယားဖို့ကောင်းတာ။ အဲဒီ မီးတုတ်ကောက်က သူတို့ရဲ့ မှော်ရတနာတွေထက် အများကြီး သာလွန်တာကို သူတို့က ကျန်းရှောင်ဖန်ကို လှောင်ပြောင်ဖို့ သတ္တိရှိနေကြသေးတယ်။ ငါသာဆိုရင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ပြီး ပညာပေးလိုက်မှာ။ ငါ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ပြသလိုက်မယ်။ ဒါဆိုရင် သူတို့ ငါ့ကို နောက်တစ်ခါ အထင်သေးရဲတော့မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ရန်လီလီက ဟွမ်ယီ၏ ခေါင်းအနောက်ပိုင်းကို ချက်ချင်းပင် လှမ်း၍ ရိုက်လိုက်ပြီး ငေါက်ငမ်းဟန်ဖြင့် "မင်းက အသည်းယားစရာကြီးလား။ မင်းက စောင့်ကြည့်သူအနေနဲ့ ကြည့်လို့သာ အဲဒီ မီးတုတ်ကောက်က သာမန်မဟုတ်မှန်း သိနေတာလေ။ အဲဒီ ဂိုဏ်းသားတွေက ဘယ်လိုလုပ် သိမှာလဲ" ဟု ပြောလိုက်သည်။
"ငါ့ကို လာအော်နေတယ်ပေါ့"
ဟွမ်ယီက ချက်ချင်းပင် ပြန်စိုက်ကြည့်လိုက်သည်။
ဘေးနားတွင် ထိုင်နေသော ချင်ရှန်းမှာမူ သက်ပြင်းချလိုက်မိပြီး လက်ထဲတွင် တုတ်ချောင်းများကို ကိုင်ဆောင်ထားသော်လည်း စားပွဲပေါ်ရှိ ဟင်းလျာများကို စိတ်ဝင်စားခြင်း မရှိဘဲ ထပ်မံ၍ သက်ပြင်းချလျက် "သနားစရာကောင်းတဲ့ ကျန်းရှောင်ဖန်လေး... သူ့ရဲ့ ဆရာရဲ့ နှစ်သက်မှုကိုလည်း မခံရဘူး။ ဂိုဏ်းတူညီအစ်ကိုတွေရဲ့ နှစ်သက်မှုကိုလည်း မခံရဘူး။ ပြီးတော့ သူချစ်ရတဲ့ မိန်းကလေးကလည်း အခြားစီနီယာအစ်ကိုတစ်ယောက်ကို ချစ်သွားခဲ့ပြန်ပြီ။ သူ့ဘေးနားမှာ ရှိနေတဲ့ တစ်ခုတည်းသော အဖော်တွေကတော့ မျက်လုံးသုံးလုံးပါတဲ့ ဝိညာဉ်မျောက်ကလေးနဲ့ မီးတုတ်ကောက်ပဲ ရှိတာ။ လူအုပ်ကြီးကြားထဲမှာ စည်ကားနေပေမဲ့ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ တစ်ကိုယ်တော် ဆိတ်သုဉ်းမှု အရှိန်အဝါတွေက ငါ့ကို တကယ်ပဲ မျက်ရည်ကျချင်အောင် လုပ်နေတာပဲ" ဟု ပြောလိုက်တော့သည်။
...
လူတိုင်း၏ တိုးညှိးစွာ ပြောဆိုသံများကို နားထောင်ရင်း ဝမ်ပင်းက သုံ့မှုန်စွာ ပြုံးလိုက်မိသည်။
သူ သိရှိထားသည်မှာ မသေမျိုးသတ်ဖြတ်သူကို ကြည့်ရှုခြင်းက ဤကဲ့သို့သော ရလဒ်များကို ဆောင်ကြဉ်းပေးလိမ့်မည်ဟူ၍ပင်။
ရုပ်ရှင်ပြသခြင်းကပင် လူများကို ဆွဲဆောင်နိုင်စွမ်း ရှိနေပြီးဖြစ်ရာ စနစ်၏ ပြုပြင်မွမ်းမံမှုအပြီးတွင်မူ ၎င်း၏ ဆွဲဆောင်မှုမှာ သေလောက်အောင်ပင် ပြင်းထန်သွားခဲ့သည်။