← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း။ ၁၇၇

ဝမ်ပင်းသည် သူ၏လက်ထဲရှိ မီးတုတ်ကောက်ကြီးကို အောက်သို့ချလိုက်ပြီးနောက် နက်

မှောင်နေသော နီနီရဲရဲ သွေးသောက် ပုလဲလုံးကို မသိမသာ မျှော်ကြည့်လိုက်မိတော့သည်။

သူသည် ဤသွေးသောက် ပုလဲလုံးနှင့် ပတ်သက်၍ အနည်းငယ် မျှသာ သိရှိထားသော်လည်း ၎င်းသည် အလွန်အမင်း ရက်စက်ယုတ်မာလှသော ပစ္စည်းတစ်ခုဖြစ်ပြီး နာမ်ဝိညာဉ်များပင် ထိတ်လန့်ရိုသေရသည့်အထိ ဆိုးယုတ်လှကြောင်းကိုမူ နားလည်ထားသည်။ ပို၍ဆိုးသည်မှာ ၎င်းသည် အသုံးပြုသူ၏ စိတ်နေသဘောထားကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးအေးပြီး လူသတ်ဝါသနာပါသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ခြင်းပင်။

သွေးသောက် ပုလဲလုံးသည် ကိုယ်ပိုင်သွေးကို အသုံးချရသော လျှို့ဝှက်နည်းစနစ်များကို အပြည့်အဝ ပိတ်ဆို့ဝါးမြိုနိုင်သဖြင့် အလွန်အမင်း အသုံးဝင်သည်မှာ မှန်သော်လည်း ဝမ်ပင်းကမူ ၎င်းကို အတတ်နိုင်ဆုံး လျှော့ချ၍သာ အသုံးပြုရန် ဆုံးဖြတ်ထားခဲ့သည်။

"အခုအချိန်မှာတော့ သွေးဆာတဲ့ပုလဲလေးက ဘာသံမှမထွက်ဘဲ အေးဆေးပဲ။ ကိုယ်တိုင်သာ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရရင် ဒီလိုပုံမှန်ပုလဲလုံးလေးက နက်နဲသောအဆင့် ကျင့်ကြံသူ နှစ်ယောက်ရဲ့ အသက်ကို နှုတ်ယူသွားနိုင်တယ်ဆိုတာ ဘယ်သူက ယုံမှာတဲ့လဲ"

သူ၏အကြည့်ကို နံပါတ် ၁၃ နှင့် အခြားသူများထံသို့ ရွှေ့ပြောင်းလိုက်သည့် အခါ၌မူ ထိုသူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ကြရပြီး မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့တော့သည်။

"နောက်ဆုတ်ကြစမ်း"

နံပါတ် ၁၃ သည် ဆက်လက်တိုက်ခိုက်ရန် စိတ်ကူးကို ချက်ချင်းပင် စွန့်လွှတ်လိုက်ပြီး ဟိန်းဟောက်ကာ အမိန့်ပေးလိုက်တော့သည်။

သူတို့သည် ဝမ်ပင်းနှင့် ကြီးမားလှသော ရန်ငြိုးရန်စ ရှိနေခဲ့ကြသည်မဟုတ်ဘဲ အဖြူရောင်ပုံဆောင်ခဲ ၅၀ ဆုကြေးငွေကြောင့်သာ လာရောက်ခဲ့ကြခြင်းပင်။

ယခုအခါ နက်နဲသောအဆင့် ကျင့်ကြံသူ သုံးဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ရာ ထိုဆုကြေးငွေကို ရရှိခဲ့လျှင်ပင် အရှုံးပြဇာတ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူတို့သည် ဤကိစ္စကို လက်လျှော့ရန် လုံးဝ ဆန္ဒမရှိဘဲ သေချာပေါက် ကလဲ့စားချေရန် ကြံရွယ်ထားကြသည်။

၎င်းမှာ ဆုကြေးငွေတစ်ခုတည်းနှင့် မသက်ဆိုင်တော့ဘဲ သူတို့ဘက်မှ နက်နဲသောအဆင့် ကျင့်ကြံသူ အများအပြား သေဆုံးသွားခဲ့ရခြင်းကြောင့် ဤကြီးမားလှသော ဆုံးရှုံးမှုကို သေချာပေါက် ပြန်လည်ရယူရမည်သာ ဖြစ်သည်။

ထိုသစ်သားတုတ်ချောင်းကြီးကသာလျှင် အကောင်းဆုံးသော လျော်ကြေး ဖြစ်ပေလိမ့်မည်။

နံပါတ် ၁၃ သည် သူ၏သွေးကြောတံခါးကို ပြန်လည်ရုပ်သိမ်းလိုက်ရာ သူ၏လက်နှစ်ဖက်မှာ အတောင်ပံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်သည်လည်း ကောင်းကင်ယံသို့ ပျံသန်းအော်မြည်တော့မည့် ရွှေရောင်ဦးခေါင်းရှိသော ဗျိုင်းဖြူကြီးတစ်ကောင်အလား အသွင်ပြောင်းလဲသွားခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် ချင်ရှန်းနှင့် တိုက်ခိုက်နေကြသော နက်နဲသောအဆင့် ကျင့်ကြံသူများသည်လည်း သူတို့၏ အသက်ကို မငဲ့ကွက်ဘဲ ရုန်းကန်ကာ လှုပ်ရှားလာကြပြီး သူတို့၏ တိုက်ကွက်များမှာ မူလကထက် တစ်ဆ၊ နှစ်ဆခန့် ပိုမိုပြင်းထန်ရက်စက်လာခဲ့သည်။

သို့သော်ငြားလည်း စိတ်ထဲတွင် နောက်ဆုတ်ရန်သာ ဆန္ဒရှိနေကြသဖြင့် တိုက်ကွက်များမှာ ပြင်းထန်လေးလံနေခဲ့သော်လည်း စိတ်အာရုံကမူ ဗရဗြဲဖြစ်နေခဲ့ရပြီး လက်ဝါးသိုင်းကွက်များမှာလည်း စနစ်တကျ မရှိတော့ချေ။

ထိုသို့ အာရုံလွင့်သွားသည့် ခဏ၌ပင် ချင်ရှန်းသည် ထိုသူ၏ လက်မောင်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်တော့သည်။

ဗြိ….

အဝတ်အစား လက်အင်္ကျီနှင့်အတူ လက်မောင်းတစ်ဖက်လုံးမှာ တိုက်ရိုက်ပင် ဆွဲဖြဲခြင်း ခံလိုက်ရသည်။

၎င်းကို မြင်လိုက်ရသည့်အခါ နံပါတ် ၁၃ သည် ကျန်ရှိသောအရာအားလုံးကို ဂရုမစိုက်နိုင်တော့ဘဲ ယွီမို၏ ပိတ်ဆို့ခြင်းကို ခံထားရသော ရဲဘော်နှစ်ဦးကို ကြည့်လျက် လက်မောင်းကို ချက်ချင်းပင် ဝှေ့ယမ်းကာ ပြင်းထန်လှသော လေမုန်တိုင်းတစ်ခုကို ဖန်တီးပြီး ကောင်းကင်ယံသို့ ဒုံးပျံအလား ပျံတက်သွားခဲ့တော့သည်။

သူ၏ကျောပေါ်သို့ လိုက်ပါရန် အချိန်မရသေးသော ရဲဘော်များကိုပင် လှည့်မကြည့်တော့ချေ။

"ထွက်ပြေးမလို့လား"

ဝမ်ပင်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။

သူ၏လက်ကို တစ်ချက်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် မီတာအနည်းငယ် ရှည်လျားလှသော မီးနဂါးကြီးတစ်ကောင်မှာ ခဏချင်းမှာပင် ထွက်ပေါ်လာခဲ့သည်။

ထိုမီးနဂါးကြီးသည် ပါးစပ်ကို အဟောင်းသား ဖွင့်လျက် ကောင်းကင်ယံသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နံပါတ် ၁၃ ၏အနီးသို့ ချဉ်းကပ်သွားခဲ့တော့သည်။

နောက်ထပ် အခိုက်အတန့်၌မူ ကောင်းကင်ယံထက်တွင် ပြင်းထန်လှသော ပေါက်ကွဲသံကြီး တစ်ချက် ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

ဒုန်း

တောက်ပလှသော မီးနဂါးကြီးသည် နံပါတ် ၁၃ ၏အပေါ်သို့ အုန်းခနဲ အုပ်မိုးလျက် ပေါက်ကွဲသွားခဲ့ရာ ၎င်း၏အသံမှာ မိုးခြိမ်းသံကြီးအလား လျှပ်တစ်ပြက်အတွင်း ဆန်းဝူမြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့ရတော့သည်။

ဤအချိန်တွင် ဝမ်ပင်းသည် ကျန်ရှိနေသော နက်နဲသောအဆင့် ကျင့်ကြံသူအနည်းငယ်နှင့် ဆက်လက်၍ ကစားနေရန် စိတ်မပါတော့သဖြင့် လက်ကို မြှောက်လိုက်သည်နှင့်အမျှ မီးနဂါးကြီးများမှာ ထပ်မံထွက်ပေါ်လာခဲ့သည်။

သူသည် ထိုသူတစ်ဦးချင်းစီအတွက် မီတာအနည်းငယ် စီ ရှည်လျားသော မီးနဂါးတစ်ကောင်စီကို လက်ဆောင်ပေးလိုက်တော့သည်။

ထိုသုံးဦးစလုံးသည် အသည်းအသန် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသော်လည်း အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြဘဲ လျှပ်တစ်ပြက်အတွင်းမှာပင် မီးနဂါးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ တဖြည်းဖြည်းနှင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားရင်း အော်ဟစ်ငိုကြွေးလျက် ရုန်းကန်နေခဲ့ကြရတော့သည်။

အရာအားလုံး ငြိမ်သက်သွားခဲ့ပြီးနောက် ဝမ်ပင်းသည် စစ်တလင်းကို စတင်ရှင်းလင်းကာ ပစ္စည်းများကို သိမ်းဆည်းလိုက်တော့သည်။

သူသည် စုစုပေါင်း သိုလှောင်မှုလက်စွပ်ခြောက်ကွင်းကို ရရှိခဲ့သည်။

"ဒါက..."

မုရုံချီသည် ဤမြင်ကွင်းကို ကြည့်ရင်း ဆွံ့အလျက် စကားပင် မဆိုနိုင်တော့ချေ။

မီးနဂါး ဟုတ်လား။

ပုံမှန်မဟုတ်တဲ့ သွေးကြောသိုင်းကွက်လား။

ဒါပေမဲ့ ဘာဖြစ်လို့ သွေးကြောတံခါး ပွင့်မနေရတာလဲ။

ပြီးတော့ အဲ့မီးတုတ်ကောက်ကြီးကကော အစွမ်းအထက်ဆုံး နည်းစနစ် မဟုတ်သေးဘူးလား။

ဤကဲ့သို့သော မေးခွန်းပေါင်းများစွာဖြင့် မုရုံချီသည် လူအုပ်ကြီးနှင့်အတူ ယွန်းလန်တောင်အောက်သို့ ဆင်းလာခဲ့ပြီး နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ဦးစလုံး သေဆုံးပျက်စီးသွားခဲ့ရသော မြေပြင်ပေါ်သို့ စတင်ခြေချလိုက်မိတော့သည်။

ယခုအခါတွင် သူသည် ဤမသေမျိုးဂိုဏ်းကိုသာမက သူ၏ရှေ့မှ လူငယ်ဂိုဏ်းချုပ်ကိုပါ အလွန်အမင်း လျှော့တွက်မိခဲ့ကြောင်း စိတ်ထဲမှ ပြင်းထန်စွာ ခံစားလိုက်ရတော့သည်။

"ဒီ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းကို ကြည့်ရတာ အသက် ၁၈ နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ဒီလောက် ငယ်ရွယ်နုပျိုတဲ့ လူငယ်လေးတစ်ယောက်က နက်နဲသောအဆင့်ကျင့်ကြံသူတွေကိုတောင် အလွယ်လေး သတ်ဖြတ်နိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိပါ့မလဲ"

ဤကဲ့သို့သော ပါရမီထူးမျိုးသာ ပြင်ပသို့ ပျံ့နှံ့သွားခဲ့ပါက အရှေ့အိုင်တစ်ခွင်ရှိ အင်အားကြီး အဖွဲ့အစည်းကြီးများကိုပင် တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည်။

လူတိုင်း ဝမ်ပင်း၏အနီးသို့ စုရုံးရောက်ရှိလာကြစဉ်မှာပင် ဟွမ်းချိန်က ပထမဆုံးအကြိမ်အဖြစ် စတင်မေးလိုက်သည်။

"ဂိုဏ်းချုပ်... မင်းရဲ့ မီးတုတ်ကောက်ကြီးက ဘာလဲ"

ဝမ်ပင်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း "ကဲပါ... ငါ မင်းတို့ကို မလိမ်တော့ပါဘူး။ ဒါက ကျန်းရှောင်ဖန်ရဲ့ ပစ္စည်းဖြစ်တဲ့ ဝိညာဉ်ဝါးမြိုတုတ်ပဲ" ဟု ရှင်းပြလိုက်တော့သည်။

"ငါ ထင်သားပဲ"

ဟွမ်ယီက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်မိသည်။

ယွီမိုသည်လည်း မသေမျိုးသတ်ဖြတ်သူဇာတ်လမ်း၏ ပထမဆုံးသော ပရိသတ်ဖြစ်သည့်အားလျော်စွာ၊ စိတ်လှုပ်ရှားတက်ကြွမှုများနှင့်အတူ အပြေးအလွှား ချဉ်းကပ်လာခဲ့ပြီး "ဂိုဏ်းချုပ်... ကျွန်တော်တို့ကိုလည်း တစ်ချောင်းလောက် ပေးလို့ရမလားဗျာ" ဟု မျှော်လင့်တကြီး မေးမြန်းလိုက်တော့သည်။

"ဟုတ်ပဗျာ"

"ဂိုဏ်းချုပ်... ကျွန်မတို့ကိုလည်း တစ်ခုလောက် ပေးပါဦး"

လူအုပ်ကြီးက မေးခွန်းပေါင်းများစွာဖြင့် ဝိုင်းဝန်းပူဆာကြတော့သည်။

ဝမ်ပင်းသည် မတတ်သာသဖြင့် ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း "လူတိုင်းမှာ အခွင့်အရေး ရှိပါတယ်။ မင်းတို့ မသေမျိုးသတ်ဖြတ်သူကို ကြည့်တဲ့အခါ အဲဒီ မသေမျိုးကမ္ဘာထဲက ဘယ်ပစ္စည်းကိုမဆို ရရှိနိုင်မယ့် အခွင့်အရေး အနည်းငယ် ရှိနေပါတယ်" ဟု ပြောကြားလိုက်ရာ ဟွမ်ယီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီး "ဝါး... အံ့ဩစရာပဲ" ဟု ရေရွတ်လိုက်မိတော့သည်။

"ကျွန်တော်ကတော့ ပျံသန်းနိုင်တဲ့ ဓားကို တကယ်လိုချင်တာ"

"ကျွန်မကတော့ မမထျန်းရဲ့ ပိုးဖဲကြိုး မှော်ရတနာကို လိုချင်တယ်"

...

လူတိုင်း ဆွေးနွေးငြင်းခုံနေကြစဉ်မှာပင် ဝမ်ပင်းသည် သူ၏အကြည့်ကို ဘေးနားရှိ မုရုံချီထံသို့ ရွှေ့ပြောင်းလိုက်တော့သည်။

မုရုံချီသည်လည်း ဝမ်ပင်းနှင့် အခြားသူများကို ငေးစိုက်ကြည့်နေခဲ့မိသည်။

အကယ်၍ သူသည် အခြားသူများအား နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ဦးစလုံး သေဆုံးသွားခဲ့သည့် နေရာတစ်ခု ရှိနေခဲ့သော်လည်း ထိုနေရာရှိ လူများမှာမူ ၎င်းကို အရေးတယူ မရှိဘဲ အခြားသော ကိစ္စရပ်များကိုသာ ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်ဟု သွားရောက်ပြောပြပါက ၎င်းကို ကောလာဟလ သို့မဟုတ် အခြေအမြစ်မရှိသော စကားများအဖြစ်သာ သေချာပေါက် ပယ်ချခြင်း ခံရပေလိမ့်မည်။

အမှန်အတိုင်း ပြောရလျှင် တစ်စုံတစ်ဦးက သူ့ကို လာရောက်ပြောပြခဲ့ပါကလည်း သူကိုယ်တိုင် ယုံကြည်မိလိမ့်မည် မဟုတ်ချေ။

သို့သော် ယခုအခါတွင်မူ သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီဖြစ်ရာ မယုံကြည်ဘဲ မနေနိုင်တော့ပေ။

ဝမ်ပင်းက "စီနီယာ... တခြား ကိစ္စရှိသေးလို့လား" ဟု မေးလိုက်သည်။

မုရုံချီသည် စိတ်မသက်မသာဖြင့် ဟန်လုပ်ပြုံးလိုက်ရင်း "သူငယ်ချင်းလေး... ငါ့ကိုယ်ငါပဲ ကံဆိုးတယ်လို့ သတ်မှတ်လိုက်ပါတော့မယ်။ ငါ့ရဲ့ တပည့်ကို မင်းဆီပဲ စိတ်ချလက်ချ အပ်နှံခဲ့ရတော့မှာပေါ့" ဟု ပြန်ဖြေလိုက်သည်။

သူသည် မချိတင်ကဲ ဖြစ်နေခဲ့သော်လည်း အလျှော့ပေး လိုက်လျောရန်သာ တတ်နိုင်တော့သည်။

"အသက် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ယောက်က နက်နဲသောအဆင့် အနိမ့်ဆုံးကျင့်ကြံသူတွေကို စာကလေးငယ်တွေလို အလွယ်လေး သတ်ဖြတ်နေနိုင်တာ... သူ့နောက်ကွယ်မှာ နောက်ခံအရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက် ရှိမနေဘူးလို့ ဘယ်သူက အာမခံရဲမှာလဲ"

မုရုံချီသည် လှည့်ပြန်ရန် ပြင်ဆင်လိုက်စဉ်မှာပင် မအောင့်နိုင်ဘဲ "သူငယ်ချင်းလေး... မင်း ခုနက သုံးလိုက်တဲ့ မီးလျှံသိုင်းပညာက ဘာလဲဆိုတာ ပြောပြပေးလို့ရမလား" ဟု မေးမြန်းလိုက်မိသည်။

ဝမ်ပင်းက "သင်ချင်လို့လား" ဟု ပြန်လည်မေးမြန်းလိုက်ရာ မုရုံချီက ချက်ချင်းပင် သွားဖြဲပြလျက် ခေါင်းညိတ်ပြလိုက်တော့သည်။

ဝမ်ပင်းက ဆက်လက်၍ "မသေမျိုးဂိုဏ်းကို ဝင်လိုက်ပါ... ဒါဆိုရင် ငါ မင်းကို သင်ပေးမယ်" ဟု ပြောလိုက်ရာ "ဒါကတော့... ထားလိုက်ပါတော့ဗျာ။ ငါ့ရဲ့ မိသားစုကြီးတစ်ခုလုံးက ငါ့ကို အားကိုးနေကြရတာမို့လို့ပါ"

ထိုသို့ပြောကာ မုရုံချီသည် နှမြောတသစွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး ထိုစိတ်ကူးကို စွန့်လွှတ်လိုက်တော့သည်။

...

ဆန်းဝူမြို့တော်၏ မြို့ရိုးထက်တွင်မူ ဟွမ်းချိန်သည် ယွန်းလန်တောင်ဘက်ဆီသို့ မျှော်ငေးကြည့်လိုက်ရင်း ဘေးနားရှိ မဟာဗျူဟာမြောက် စစ်စခန်းခေါင်းဆောင် မုရုံသီအား "ရုံသီ... မင်းရဲ့ သူလျှိုတွေက ဘာဖြစ်လို့ ဒီလောက်အထိ အလုပ်မတွင်ရတာလဲ" ဟု ပြောလိုက်သည်။

"အရှင်က အရမ်း စိတ်လောလွန်းနေတာပါ။ တကယ်လို့ ကြည့်ချင်တယ်ဆိုရင် ကိုယ်တိုင်သွားကြည့်တာက ပိုမကောင်းဘူးလား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြင်အရတော့... အဲ့လူတွေက သေတွင်းထဲကိုပဲ သက်သက်မဲ့ သွားနေကြတာပါ။ မိစ္ဆာဘုရင်ကြီးတောင်မှ မသေမျိုးဂိုဏ်းမှာ သေဆုံးခဲ့ရတာပဲ မဟုတ်ဘူးလား။ ဂိုဏ်းရာပေါင်းများစွာ မဟာမိတ်အဖွဲ့ရဲ့ အရှေ့အိုင်က စီမံခန့်ခွဲသူကြီး သုံးဦးထဲက နှစ်ဦးလောက် ကိုယ်တိုင်ရောက်မလာဘူးဆိုရင်... လက်ရှိ မသေမျိုးဂိုဏ်းကို ဘယ်သူက တုန်လှုပ်စေနိုင်ဦးမှာလဲ"

မုရုံသီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

ဟွမ်းချိန်သည်လည်း ခေါင်းညိတ်ပြလိုက်ရင်း လိုက်လံရယ်မောလိုက်မိပြီး ၎င်းကို လက်ခံသဘောတူသွားသည့် ပုံစံမျိုး ရှိနေခဲ့တော့သည်။

...

ဆန်းဝူမြို့တော်၏ နက်ရှိုင်းလှသော လမ်းကြားတစ်ခုအတွင်း၌မူ ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီနေသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် ယိုင်တိုင်တိုင်ဖြင့် လျှောက်လှမ်းနေခဲ့သည်။

သူ၏ကျောပြင်တွင် ဖြူဖွေးနေသော အရိုးဆစ်များမှာ အတိုင်းသား ပေါ်ထွက်နေခဲ့ပြီး ခြေလှမ်းတိုင်းတွင် နာကျင်စွာဖြင့် ညည်းတွားနေခဲ့ရရှာသည်။

ဤလူမှာ ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်လာခဲ့သော နံပါတ် ၁၃ ပင်။

သို့သော်လည်း ဤမျှ ပြင်းထန်လှသော ဒဏ်ရာများနှင့်ဆိုပါက သူသည် နှစ်ရက်ထက်ပို၍ အသက်ရှင်နိုင်ရန် မလွယ်ကူတော့ချေ။

သူသည် လမ်းကြားအတွင်းမှ ယိုင်တီးယိုင်တိုင်ဖြင့် ထွက်လာခဲ့ပြီးနောက် မြို့အဝင်လမ်းပေါ်ရှိ အနီးဆုံး ပြည့်တန်ဆာအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။

ကချေသည်မလေးများ၏ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည့် အသံများနှင့်အတူ နံပါတ် ၁၃ သည် အမျိုးသမီးနှစ်ဦးနှင့်အတူ ဝိုင်သောက်လျက် ပျော်ပါးနေသော ညမိစ္ဆာကို တွေ့ရှိသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ ပျော့ခွေသွားခဲ့ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်၍ လဲကျသွားခဲ့ရတော့သည်။

"သခင်ကြီး..."

ထိုအားနည်းလှသော အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ ညမိစ္ဆာက ချက်ချင်းပင် လှည့်ကြည့်လိုက်တော့သည်။

၎င်းမှာ နံပါတ် ၁၃ ဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ သူသည် ရင်ခွင်ထဲရှိ အမျိုးသမီးကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ထိုသူအား ထိန်းမတ်ပေးရန် အလျင်အမြန်ပင် ရှေ့သို့ တိုးဝင်လိုက်သည်။ သို့သော်လည်း နံပါတ် ၁၃ ၏ ခန္ဓာကိုယ်ကို သေချာစွာ ကြည့်ရှုလိုက်မိသည့် အခါ၌မူ သူသည် အလွန်အမင်း ဆွံ့အမှင်တက်သွားခဲ့ရတော့သည်။

"ဘာဖြစ်တာလဲ... နံပါတ် ၁၂ နဲ့ တခြားလူတွေကကော ဘယ်မှာလဲ"

"သခင်ကြီး... သူတို့အားလုံး သေကုန်ကြပါပြီ။ ကျွန်တော်တစ်ယောက်တည်းပဲ အသက်ရှင်ပြီး ပြန်ရောက်လာတာပါ"

"အားလုံး သေကုန်ကြပြီ ဟုတ်လား... ငါက မင်းတို့နှစ်ယောက်ကို မသေမျိုးဂိုဏ်းရဲ့ စွမ်းအားကို စမ်းသပ်ဖို့အတွက်ပဲ လွှတ်လိုက်တာလေ။ ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးအထိ ဖြစ်သွားရတာလဲ"

ညမိစ္ဆာသည် ဒေါသတကြီးဖြင့် မေးလိုက်တော့သည်။

"နက်နဲသောအဆင့် ကျင့်ကြံသူ ခြောက်ယောက်လုံး သေသွားပြီ။ ပြန်ရောက်ရင် ဒီကိစ္စကို ဘယ်လိုရှင်းပြရမလဲ"

အခန်း။ ၁၇၈

ညမိစ္ဆာက "ငါ့ကို သီးသန့်အခန်းတစ်ခန်း အမြန်ပြင်ပေးစမ်း" ဟု ဟောက်လိုက်တော့သည်။

"မြန်မြန်လုပ်ကြ"

အမွှေးနံ့သာတထောင်းထောင်း ထနေသော အမျိုးသမီးကြီးသည် ဘေးနားရှိ ဖျော်ဖြေရေးလုလင်ကို အလျင်အမြန်ပင် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ခြေလှမ်းကို ကြယ်ပျံအလား အရှိန်မြှင့်လျက် ညမိစ္ဆာအား တတိယထပ်ရှိ အခန်းတစ်ခန်းဆီသို့ ဦးဆောင်ခေါ်ညွှန်သွားခဲ့တော့သည်။

အခန်းထဲသို့ ရောက်ရှိသွားပြီးနောက်တွင်မူ ညမိစ္ဆာသည် ထိုအမျိုးသမီးကြီးကို အေးစက်စွာ စိုက်ကြည့်ရင်း "ဘယ်သူ့ကိုမှ ငါ့ကိုလာပြီး မနှောင့်ယှက်စေနဲ့... မဟုတ်ရင်တော့ တွေ့တဲ့ကောင်ကို အသက်မချန်ဘူး" ဟု သတိပေးလိုက်ရာ ထိုအေးစက်လှသော အကြည့်ကြောင့် အမေကြီးမှာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး "ဘယ်သူမှ မနှောင့်ယှက်စေရပါဘူးရှင်" ဟု အလောတကြီး ပြန်လည်ဖြေကြားလျက် စကားဆုံးသည်နှင့် ချက်ချင်းပင် အခန်းထဲမှ ဆုတ်ခွာသွားခဲ့တော့သည်။

ညမိစ္ဆာသည် သိုလှောင်မှုလက်စွပ်အတွင်းမှ ဆေးဝါးအချို့ကို ချက်ချင်းထုတ်ယူလိုက်ပြီး နံပါတ် ၁၃ ၏ ကျောပြင်ပေါ်သို့ လောင်းထည့်ရန် ပြင်ဆင်ရင်း "မင်းတို့က မသေမျိုးဂိုဏ်းရဲ့ အခြေအနေကိုပဲ သွားပြီး စမ်းသပ်ရမှာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။

သို့သော်လည်း ဆေးလောင်းရန် ပြင်နေသော သူ၏လက်ကို နံပါတ် ၁၃ ကပင် တားဆီးလိုက်တော့သည်။

"သခင်ကြီး... အလဟဿ အပင်ပန်းမခံပါနဲ့တော့။ ကျွန်တော့်ရဲ့ သွေးကြောတွေအားလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သလို အသက်စွမ်းအားလည်း ကုန်ဆုံးသွားပါပြီ။ အခု သခင်ကြီးကို လာတွေ့နိုင်တာက ဇွဲနဲ့ အသက်ကို အတင်းအကျပ် ဆွဲဆန့်ထားလို့ပါ။ ကျွန်တော့်စကားကို နားထောင်ပေးပါဦး..."

နံပါတ် ၁၃ သည် ညမိစ္ဆာ၏လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ဆက်ပြောသည်။

"အစကတော့ ကျွန်တော်တို့တွေ သတင်းအချက်အလက် စုဆောင်းဖို့အတွက် ရုပ်ဖျက်ထားခဲ့ကြတာပါ။ ဒါပေမဲ့ မုရုံမိသားစုရဲ့ ဘိုးဘေး မုရုံချီနဲ့ ဆုံလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲဒီအဖိုးကြီးက ကျွန်တော်တို့ရဲ့ စွမ်းအားကို ဖွင့်ချလိုက်တာကြောင့် မသေမျိုးဂိုဏ်းချုပ်က ချက်ချင်းပဲ လက်ရဲဇက်ရဲ လှုပ်ရှားခဲ့ပြီး ကျွန်တော်တို့ နောက်ဆုတ်မယ့်လမ်းကို ပိတ်ဆို့ဖို့အတွက် နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးကိုတောင် စေလွှတ်ခဲ့ပါတယ်..."

ဖြစ်ကြောင်းကုန်စင်ကို ကြားရပြီးနောက်တွင်မူ ညမိစ္ဆာ၏ မျက်နှာထက်ရှိ ကျေနပ်နှစ်သိမ့်မှု အရိပ်အယောင်များမှာ ပျောက်ကွယ်သွားခဲ့ရပြီး ဒေါသတရားများက အစားထိုး ဝင်ရောက်လာခဲ့တော့သည်။

"မုရုံ လူယုတ်မာ"

ညမိစ္ဆာသည် မုရုံချီ၏ အမည်နာမကို အေးစက်စွာဖြင့် အော်ဟစ်ကျိန်ဆဲလိုက်မိသည်။

နံပါတ် ၁၃ က ဆက်လက်၍ "မသေမျိုးဂိုဏ်းချုပ်ရဲ့ လက်ထဲမှာ တုတ်ကောက်တစ်ချောင်း ရှိနေပါတယ်... ကျွန်တော်တို့ရဲ့ ဟွမ်ချွမ်း သွေးသောက်ဓားက အဲဒီတုတ်ကောက်နဲ့ ထိမိရုံတင်ရှိသေးတယ် ချက်ချင်းပဲ ကျိုးပဲ့သွားခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး... အဲဒီတုတ်ကောက်ကို ကိုင်ထားတဲ့ ဂိုဏ်းချုပ်က တစ်ချက်တည်း ဝှေ့ယမ်းလိုက်ရုံနဲ့တင် ကျွန်တော်တို့ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်။ ညမိစ္ဆာသခင်ကြီးကိုယ်တိုင် သွားတဲ့အခါကျရင် အဲဒီတုတ်ကောက်ကို သေချာပေါက် လုယူရပါလိမ့်မယ်" ဟု အားအင်ချည်းနဲ့စွာ ပြောလိုက်သည်။

ညမိစ္ဆာသည် စိတ်ထဲမှ တုန်လှုပ်သွားခဲ့ရပြီး တိုးညှင်းစွာ ရေရွတ်မိသည်။

"ဟွမ်ချွမ်း သွေးသောက်ဓားက ထိရုံနဲ့ ကျိုးသွားတယ်ဟုတ်လား... မသေမျိုးဂိုဏ်းမှာ ဒီလိုရတနာမျိုး ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး။ ဒါ့အပြင် နက်နဲသောအဆင့်ကို မရောက်ဘဲနဲ့ မီးလျှံတွေကို တောက်လောင်စေနိုင်တဲ့ သိုင်းပညာရှိနေသလို အခုတော့ နက်နဲသောအဆင့် ကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်တဲ့ တုတ်ကောက်တစ်ချောင်းပါ ရှိနေပြီပေါ့။ စိတ်ဝင်စားဖို့ ကောင်းသားပဲ နံပါတ် ၁၃ မင်း အေးအေးချမ်းချမ်းပဲ အနားယူပါတော့။ မင်းရဲ့ စနစ်တကျ စတေးခဲ့မှုက တန်ဖိုးရှိပါတယ်"

စကားဆုံးသည်နှင့် ညမိစ္ဆာသည် မတ်တတ်ရပ်လိုက်ပြီး ပြတင်းပေါက်ပြင်ပဆီသို့ မျှော်ငေးကြည့်လိုက်ကာ တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလားပင်။

ထိုအခိုက်အတန့်၌ပင် နံပါတ် ၁၃ ၏ မျက်လုံးနှစ်ဖက်မှာ ထာဝရအတွက် ပိတ်ဆို့သွားခဲ့ရသည်။

ညမိစ္ဆာသည် ချက်ချင်း လှည့်မကြည့်ဘဲ သူ့ကိုယ်သူသာ တိုးညှိးစွာ ရေရွတ်နေခဲ့မိသည်။

ဒီဆုကြေးငွေက အရှေ့အိုင်တစ်ခုလုံးကို လှုပ်ခတ်စေခဲ့တာမို့... ဟွမ်ချွမ်းအဖွဲ့ တစ်ဖွဲ့တည်းတင် ရောက်လာတာ မဟုတ်လောက်ဘူး။ ဆန်းဝူမြို့တော်ကြီး ကမောက်ကမ ဖြစ်သွားတဲ့အချိန်ကျမှသာ... အဲ့ရှုပ်ထွေးမှုတွေကြားကနေ နံပါတ် ၁၃ ပြောတဲ့ တုတ်ကောက်ကို ခိုးယူပြီး ဆုတ်ခွာသွားတာက ဘေးအကင်းဆုံး အစီအစဉ်ပဲ ဖြစ်လိမ့်မယ်။

...

ယွန်းလန်တောင်ထက်တွင်မူ ဝမ်ပင်းသည် သိုလှောင်မှုလက်စွပ် ခြောက်ကွင်းကို ဖွင့်လှစ်ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုလက်စွပ် ခြောက်ကွင်းအတွင်း၌ လဲလှယ်ရန် အဝတ်အစားအချို့နှင့် လက်နက်အချို့မှတစ်ပါး အခြားသော အဖိုးတန်ပစ္စည်း တစ်စုံတစ်ရာ ရှိမနေခဲ့ခြင်းကြောင့်ပင်။

အကယ်၍ လူတစ်ဦးတည်းကသာ ဤကဲ့သို့ ဖြစ်နေခဲ့ပါက ဝမ်ပင်းအနေဖြင့် ပုံမှန်ဟု သတ်မှတ်နိုင်သော်လည်း ခြောက်ဦးစလုံး ဤသို့ ဖြစ်နေသည်ကို မြင်ရသည့်အခါ ဤလူများသည် သူတို့၏ စည်းစိမ်ချမ်းသာများကို သိုလှောင်မှုလက်စွပ်အတွင်းသို့ ထည့်သွင်းမထားကြခြင်း ဖြစ်နိုင်ကြောင်း ဝမ်ပင်းက သံသယဝင်မိတော့သည်။

သို့သော်ငြားလည်း ကံကောင်းထောက်မစွာဖြင့် အလွန်အမင်း အဖိုးတန်လှသော အရာများကို မတွေ့ရှိခဲ့ရသော်လည်း လက်မအရွယ်ခန့်ရှိသော နို့နှစ်ရောင် ပုံဆောင်ခဲကျောက်များဖြစ်သည့် အဖြူရောင်ပုံဆောင်ခဲ၁၀ တုံးကိုမူ ရှာဖွေတွေ့ရှိခဲ့သည်။

ယွီမိုထံမှ ရရှိထားသော ဝင်ကြေးရွှေဒင်္ဂါး တစ်သောင်း၊ ဟန်ဝမ်၏ သိုလှောင်မှုလက်စွပ်အတွင်းမှ တွေ့ရှိခဲ့သော ရွှေဒင်္ဂါး တစ်သောင်းကျော်နှင့် ယခုတွေ့ရှိရသော အဖြူရောင်ပုံဆောင်ခဲ ၁၀ တုံးတို့ကို ပေါင်းစပ်လိုက်ပါက စုစုပေါင်း စုဆောင်းမိထားသော ပမာဏမှာ ရွှေဒင်္ဂါး ၂၀၀,၀၀၀ ကျော်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

တင်းယွီအဆောင်ကို အဆင့်မြှင့်တင်ရန် လိုအပ်သော ရွှေဒင်္ဂါး ၃၀၀,၀၀၀ ဟူသည့် ပမာဏသို့ ရောက်ရှိရန် သိပ်မလိုတော့ချေ။

ဝမ်ပင်းသည် အဖြူရောင်ပုံဆောင်ခဲများကို သိုလှောင်မှုလက်စွပ်အတွင်းသို့ ထည့်သွင်းရန် ပြင်ဆင်လိုက်စဉ်မှာပင် စနစ်၏ အသံထွက်ပေါ်လာခဲ့သည်။

"တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ"

၎င်းမှာ အလွန်အမင်း နားဝင်ချိုလှသော အသံတစ်ခုပင်။

[ဘေးထွက်တာဝန် - တပည့်များ စုဆောင်းခြင်း]

[ထိပ်တန်းဂိုဏ်းကြီးတစ်ခု ဖြစ်ချင်ရင်တော့ ထူးချွန်တဲ့ တပည့်တွေ ရှိကိုရှိရမယ်။ သူတို့မှပဲ ဂိုဏ်းရဲ့ အနာဂတ်အတွက် အားကိုးရမယ့် မဏ္ဍိုင်တွေ ဖြစ်လာမှာလေ။]

[လိုအပ်ချက် - ဂိုဏ်းအတွင်း ပါရမီအဆင့် သုံးပွင့်ရှိသော တပည့် ၅ ဦးအထိ စုဆောင်းမိရန်။]

[ဆုလာဘ် ကျပန်း အဆောက်အအုံတစ်ခုကို အဆင့်မြှင့်တင်ခွင့်။]

"ပါရမီအဆင့် သုံးပွင့်ရှိတဲ့ တပည့် ၅ ဦး ဟုတ်လား"

ဝမ်ပင်းသည် စိတ်ထဲမှ ချက်ချင်းပင် ရေတွက်လိုက်ရာ လက်ရှိအချိန်၌ ပါရမီအဆင့် သုံးပွင့်ရှိသော တပည့်များမှာ မြောင်ယင်း၊ ချင်မို၊ ကျောက်ချင်း၊ ကျောက်ရိ နှင့် ရန်ရှီး တို့ ဖြစ်ကြသည်။

"စနစ်... အခုပဲ ၅ ယောက် ပြည့်နေပြီ မဟုတ်ဘူးလား"

"ရန်ရှီးက ပါရမီအဆင့် လေးပွင့်ပါရမီရှင် ဖြစ်တာကြောင့် ထူးချွန်တပည့်စာရင်းအောက်မှာ အကျုံးမဝင်ပါဘူး"

"ငါ..."

ဝမ်ပင်းမှာ ဆွံ့အသွားခဲ့ရတော့သည်။

သို့သော်လည်း ဆုလာဘ်မှာ ကျပန်းအဆောက်အအုံတစ်ခုကို အဆင့်မြှင့်တင်ခွင့် ရရှိခြင်း ဖြစ်သောကြောင့် ဝမ်ပင်းသည် စနစ်အပေါ် အလွန်အမင်း စိတ်ဆိုးဒေါသထွက်မနေခဲ့ချေ။

ညနေစောင်းအချိန်သို့ ရောက်ရှိသောအခါ လူတိုင်းသည် ဝမ်ပင်းအား လာရောက်တွေ့ဆုံရန် စုရုံးလာခဲ့ကြသည်။

ချင်မိုက လမ်းလျှောက်ရင်း ပျော်ရွှင်စွာ ပြောဆိုလာခဲ့သည်။

"အားလုံးပဲ ငါ့ကို အမြန်လာပြီး ဂုဏ်ပြုကြစမ်းပါဦး... ငါ ဒီနေ့ ဆယ်ထပ်မျှော်စင်ထဲမှာ မီးလျှံသိုင်းပညာကို နားလည်သဘောပေါက်သွားခဲ့ပြီကွ"

"ဒီလောက်တောင် မြန်တာလား"

ရန်လီလီနှင့် အခြားသူများက အံ့ဩတုန်လှုပ်စွာဖြင့် နားထောင်နေကြသည်။

ချင်မိုက ဆက်လက်၍ ပြုံးရွှင်စွာ ပြောကြားသည်။

"ဒါကြောင့်... ဒီည လူတိုင်း မသေမျိုးသတ်ဖြတ်သူ ဇာတ်လမ်းကြည့်ဖို့အတွက် ကုန်ကျစရိတ်အားလုံးကို ငါကိုယ်တိုင် ကျခံပေးမယ်"

အားကျခြင်း၊ မနာလိုခြင်းများနှင့် ရုန်းကန်နေကြပြီးနောက် ရန်လီလီက ပထမဆုံးအကြိမ်အဖြစ် "ဒါဆိုရင်တော့ ငါ အာရုံခံစားမှု အပြည့်ပေးနိုင်တဲ့ အထူးဇုန်ကိုပဲ သွားတော့မယ်" ဟု ဆိုလိုက်ရာ၊

ဘေးနားရှိ ကျောက်ချင်းက မအောင့်နိုင်ဘဲ ကျီစယ်လိုက်တော့သည်။

"ဝါး... သူကိုယ်သူ စီနီယာအစ်ကိုကြီးလို့ ပြောနေပြီးတော့...ဂျူနီယာညီလေးရဲ့ အခွင့်အရေးကို ယူရတာ နည်းနည်းလေးမှ မရှက်ဘူးလားဟင်"

"မင်းအလုပ် မဟုတ်တာတွေကို ဝင်မပါနဲ့"

ရန်လီလီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် အပြေးအလွှား ထွက်ခွာသွားခဲ့တော့သည်။

ကျောက်ချင်းသည်လည်း အနောက်မှနေ၍ ထပ်ချပ်မကွာ လိုက်လံရင်း အော်ဟစ်လိုက်သည်။

"ရန်လီလီ... မင်းမှာ သတ္တိရှိရင် မပြေးနဲ့လေ"

လူတိုင်း၏ ပျော်ရွှင်ရယ်မောသံများကြားမှာပင် ဝမ်ပင်းက "လူတိုင်းရဲ့ ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို မနှောင့်နှေးစေဖို့အတွက် ဒီနေ့ကစပြီး လူတိုင်း မသေမျိုးသတ်ဖြတ်သူ ဇာတ်လမ်းကို တစ်နေ့ကို နှစ်နာရီပဲ ကြည့်ရှုခွင့် ရှိပါမယ်" ဟု ပြောလိုက်တော့သည်။

ဟွမ်းချိန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရပြီး "နှစ်နာရီက အရမ်း တိုလွန်းတယ်"

ချင်ရှန်းကလည်း "ဟုတ်ပါတယ်... တိုလွန်းတယ် ဂိုဏ်းချုပ် အချိန်လေး နည်းနည်းလောက် ထပ်တိုးပေးလို့ မရဘူးလားဗျာ" ဟု ပြောလိုက်သော်လည်း ဝမ်ပင်းကမူ ပြတ်သားစွာဖြင့်ပင် "ဒီလောက်ပါပဲ" ဟု တုံ့ပြန်လိုက်တော့သည်။

ဝမ်ပင်း၏ ပြတ်သားလှသော အဖြေကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာများမှာ ညှိုးငယ်သွားခဲ့ကြရသည်။

သို့သော်လည်း ဂိုဏ်းချုပ်၏ စကားမှာ ဘယ်တော့မှ ပြန်လည်ပြင်ဆင်၍ မရနိုင်ကြောင်းကို အားလုံး သိရှိထားကြသည်။

ထို့ကြောင့် သူတို့သည် ဇာတ်လမ်းကြည့်ရှုခွင့် အချိန်တိုတောင်းသွားခြင်းကိုသာ တိတ်ဆိတ်စွာ လက်ခံလိုက်ကြရတော့သည်။

...

ညနေခင်းအချိန် ဆန်းဝူမြို့တော်၏ မြို့တံခါး မျှော်စင်အောက်၌မူ ဖြူဖွေးသော ဆံပင်များနှင့် ကုန်းကုန်းကွကွ ဖြစ်နေသော အဖိုးအိုတစ်ဦးသည် မြင်းတစ်ကောင်ကို စီးနင်းလျက် မြို့တံခါးဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိလာခဲ့သည်။

မြင်းကို ရပ်တန့်လိုက်ပြီးနောက် ထိုအဖိုးအိုသည် မျှော်စင်နှင့် မြို့ပြင်ပဆီသို့ မျက်မှောင်ကြုတ်လျက် ကြည့်ရှုလိုက်မိသည်။

မြို့ပြင်ရှိ ခြောက်ကပ်လှသော မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိုအဖိုးအိုက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဘေးနားရှိ အမျိုးသမီးအား "ရှောင်မေ... မင်းရဲ့အမြင်အရ ရှန်လုံက တကယ်ပဲ ရက်ရောတာလား ဒါမှမဟုတ် တကယ်ပဲ မိုက်မဲနေတာလား" ဟု မေးမြန်းလိုက်ရာ

ထိုအမျိုးသမီးက ရယ်မောလျက် ခေါင်းကို ခါယမ်းပြပြီး "ကျွန်မလည်း မသိဘူးရှင်... ဖြစ်နိုင်တာကတော့ တကယ်ပဲ မိုက်မဲနေတာ ထင်ပါရဲ့" ဟု ပြန်ဖြေလိုက်သည်။

"ဟုတ်ပ... တကယ်လို့ သူက မမိုက်မဲဘူးဆိုရင် ဘာဖြစ်လို့ အဆင့်မရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုအတွက် ဒီလောက်အထိ ဆုကြေးငွေ ထုတ်ပြန်ရမှာလဲ။ အဖြူရောင်ပုံဆောင်ခဲ ၅၀ ဆိုတာ... တကယ်ကို ရက်ရောလွန်းပါတယ်"

အဖိုးအိုသည် လှောင်ပြောင် သရော်လိုက်ပြီးနောက် မြို့အတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။

...

အမွှေးတိုင်တစ်တိုင်စာခန့် ရှိသော အချိန်ကာလ ကြာမြင့်ပြီးနောက် နောက်ထပ် ရထားလုံးတစ်စီး ထပ်မံရောက်ရှိလာခဲ့ပြန်သည်။

ထိုရထားလုံးအတွင်း၌ မည်သူထိုင်နေသည်ကို ယခုအချိန်တွင် မသိရှိနိုင်သေးသော်လည်း ရထားလုံးကို မောင်းနှင်လာသော ရထားလုံးဆရာ၏ အရှိန်အဝါကြောင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ ထိုသူတို့အား တားဆီးရန် မဝံ့မရဲ ဖြစ်နေခဲ့ကြရသည်။

ဟွမ်းချိန်သည် မြို့ရိုးထက်တွင် မတ်တတ်ရပ်လျက် ထိုရထားလုံး ဆန်းဝူမြို့တော်အတွင်းသို့ ဝင်ရောက်လာသည်ကို အလွန်အမင်း လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် စောင့်ကြည့်နေခဲ့မိသည်။

ဘေးနားရှိ မုရုံသီသည်လည်း အလားတူပင် လေးနက်နေခဲ့ပြီး သူတို့၏ ဘေးပတ်ပတ်လည်တွင် မဟာဗျူဟာမြောက် စစ်စခန်းမှ ထူးချွန်စစ်သည်တော်များ ဝိုင်းရံထားကြကာ သူတို့သည် ဤနေရာတွင် နေ့တစ်ဝက်ခန့် ရှိနေခဲ့ကြပြီ ဖြစ်သည်။

ဤနေ့တစ်ဝက်အတွင်းမှာပင် ဟွမ်းချိန်သည် မည်သည့်အမိန့်ကိုမျှ ထုတ်ပြန်ရန် မဝံ့မရဲ ဖြစ်နေခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ဆန်းဝူမြို့တော်အတွင်းသို့ နက်နဲသောအဆင့် ကျင့်ကြံသူ အများအပြား ဝင်ရောက်လာခဲ့ကြခြင်းကြောင့်ပင်။

သူ၏ နက်နဲသောအဆင့် အနိမ့်ဆုံး ကျင့်ကြံခြင်းစွမ်းအားဖြင့်ပင် အနည်းဆုံး နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်ကို သူ သတိပြုမိခဲ့သည်။

၎င်းမှာ ယနေ့ မသေမျိုးဂိုဏ်း၌ သေဆုံးသွားခဲ့ကြသော နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ဦးကို ထည့်သွင်းရေတွက်ထားခြင်း မရှိသေးချေ။

စိတ်ပျက်စရာ အကောင်းဆုံးအချက်မှာ အချို့သော အရှိန်အဝါများကို သူကိုယ်တိုင်ပင် အာရုံမခံနိုင်ခဲ့ဘဲ ထိုသူတို့ထံ၌ နက်နဲသောအဆင့် ကျင့်ကြံသူများက ရထားလုံးမောင်းသမားအဖြစ် တာဝန်ထမ်းဆောင်နေကြခြင်းပင်။

စဉ်းစားကြည့်စရာမလိုဘဲ ထိုသူများသည် သေချာပေါက် နက်နဲသောအဆင့် အလယ်အလတ်ရှိသော စီနီယာကြီးများ ဖြစ်ရမည်ဟု ဟွမ်းချိန် သိလိုက်သည်။

နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူများ ဆန်းဝူမြို့တော်အတွင်းသို့ ဝင်ရောက်လာခြင်းက ဟွမ်းချိန်ကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေခဲ့သည်။

"ဆန်းဝူမြို့တော်ကြီးမှာ ဘာတွေဖြစ်နေတာလဲ။ ကမောက်ကမကြီး ဖြစ်တော့မှာလား"

ဟွမ်းချိန်သည် ယွန်းလန်တောင်ဘက်ဆီသို့ မသိမသာ မျှော်ကြည့်လိုက်မိရင်း “ဝမ်ပင်းတစ်

ယောက်... နောက်ထပ် ကြီးမားလှတဲ့ ပြဿနာကြီးတစ်ခုကို ထပ်ပြီး ဆွလိုက်ပြန်ပြီလား” ဟု တွေးတောနေခဲ့မိတော့သည်။

တဖြည်းဖြည်းနှင့် ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိလာခဲ့သည်။

မှောင်မိုက်ခြင်း တရားများက ကောင်းကင်ယံတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့သည့် အချိန်တွင်မူ မြို့တံခါး မျှော်စင်၏ အဆောင်ယံထက်တွင် ညမိစ္ဆာသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်လျက် ညဉ့်မှောင်မိုက်ခြင်းနှင့်အတူ တစ်သားတည်း ပေါင်းစပ်နေခဲ့သည်။

ဤမြို့တံခါးမျှော်စင်ထက်၌ နှစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် ညမိစ္ဆာ၏ စိတ်ထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရတော့သည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်နာရီအတွင်း၌ သူသည် နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူများ၏ အရှိန်အဝါ နှစ်ခုကို ဆက်တိုက်ဆိုသလို အာရုံခံမိခဲ့ခြင်းကြောင့်ပင်။

သေချာသည်မှာ ၎င်းက အနည်းဆုံး ပမာဏမျှသာ ရှိသေးသည်။

ဤအဖြူရောင်ပုံဆောင်ခဲ ၅၀ ဆုကြေးငွေနှင့် မီးနဂါး လျှို့ဝှက်သိုင်းပညာကို ခိုးယူရန်အတွက် နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူ မည်မျှအထိ လှုပ်ရှားလာကြမည်ကိုမူ မည်သူမျှ အသေအချာ မသိရှိနိုင်သေးချေ။

မည်သို့ပင်ဆိုစေကာမူ မနက်ဖြန်က အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပျက်မည့် နေ့တစ်နေ့ ဖြစ်လာပေတော့မည်ပင်။

All Chapters