အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း။ ၁၇၃
"အားလုံးပဲ နားထောင်ကြစမ်း... ရုပ်ရှင်ကြည့်ခန်းမဆီကို ခဏခဏသွားပြီး အချိန်မဖြုန်းကြနဲ့ဦး။ တစ်ခါတရံ သွားကြည့်တာကတော့ ကိစ္စမရှိပေမဲ့ နေ့ခင်းဘက်တွေမှာတော့ မင်းတို့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ကြံခြင်းအလုပ်ကိုပဲ အာရုံစိုက်ကြရမယ်။ ကြားကြရဲ့လား"
ထိုသို့ပြောဆိုလိုက်ရင်း ဝမ်ပင်းက ထရပ်လိုက်ရာ ကျန်ရှိနေသောသူများကလည်း ခေါင်းညိတ်ပြကြသည်။
သို့သော်လည်း ဝမ်ပင်း ထရပ်လိုက်သည့်အချိန်တွင် သူ၏ခါးကြား၌ ထိုးညှပ်ထားသော နက်မှောင်လှသည့် တုတ်ချောင်းတိုလေးမှာ ချင်ရှန်း၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့သည်။
မည်းနက်နေပြီး လုံးဝကို သာမန်မျှသာ ထင်ရသော်လည်း အမှန်အတိုင်းပြောရလျှင် ၎င်းကို ကြည့်လိုက်ရုံမျှဖြင့် စိတ်ထဲ၌ အနည်းငယ် ရွံရှာစက်ဆုပ်ဖွယ် ခံစားချက်ကိုပင် ပေးစွမ်းနိုင်သည်။
ချင်ရှန်းသည် ကိုယ့်ကိုကိုယ် တိုးညှိးစွာ ရေရွတ်လိုက်မိရင်း "ဂိုဏ်းချုပ်... ဒီတုတ်ချောင်းက ဘာဖြစ်လို့ ကြည့်ရတာ တစ်နေရာရာမှာ သိပ်ပြီးရင်းနှီးနေသလိုမျိုး ဖြစ်နေရတာလဲဗျာ" ဟု လှမ်းမေးလိုက်သည်။
"ဒါက... ငါကိုယ်တိုင် လုပ်ထားတာပါ"
ဝမ်ပင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ချင်ရှန်းက ချက်ချင်းပင် ပြုံးလိုက်ရင်း "ဂိုဏ်းချုပ်... ကျွန်တော် ပြောရဦးမယ်။ ဂိုဏ်းချုပ် လုပ်ထားတဲ့ပစ္စည်းက တကယ်ကိုပဲ မီးတုတ်ကောက်နဲ့ တူလွန်းတယ်ဗျာ" ဟု ပြောလိုက်တော့သည်။
ချင်ရှန်း၏ စကားကြောင့် ရန်လီလီနှင့် အခြားသူများ၏ အကြည့်များမှာလည်း ထိုနေရာသို့ ရောက်ရှိသွားကြသည်။
သူတို့၏အကြည့်က ဝမ်ပင်း၏ ခါးကြားရှိ မီးတုတ်ကောက်အပေါ်သို့ ကျရောက်သွားသည့်အခါ သူတို့အားလုံးက တအံ့တဩဖြင့် ချီးမွမ်းကြတော့သည်။
"တကယ်ကို တူတာပဲ"
"ဂိုဏ်းချုပ်... မင်းက သစ်သားပန်းပုလည်း ထုတတ်တာလား"
"တစ်ထေရာတည်း တူတာပဲ"
လူတိုင်းက ပျားအုံကို တုတ်နှင့်ထိုးလိုက်သည့်အလား တဂျီဂျီဖြင့် အဆက်မပြတ် ပြောဆိုနေကြသဖြင့် ဝမ်ပင်းမှာ မတတ်သာဘဲ အောက်ထပ်ဆီသို့ အလျင်အမြန်ပင် ဆင်းလာခဲ့ရတော့သည်။
ဝမ်ပင်း အောက်ထပ်သို့ ဆင်းလာသည့်အချိန်တွင် ရန်ရှီးက သူ့နောက်သို့ လိုက်ပါလာခဲ့သည်။
ရန်ရှီးက "ဂိုဏ်းချုပ်... ကျွန်မ ဒီနေ့အတွက် အိမ်ပြန်လို့ ရမလားရှင်" ဟု လှမ်း၍ ခွင့်တောင်းခဲ့သည်။
ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်ပြီး "ဒီလိုကိစ္စမျိုးကို ငါ့ကို လာပြီး ခွင့်တောင်းနေစရာမလိုပါဘူး။ နောက်တစ်ခါကျရင် အကြီးအကဲယွမ်နဲ့ အခြားသူတွေကိုသာ တိုက်ရိုက်ပြောလိုက်ပါ။ မင်း သွားချင်ရင်လည်း သွားနိုင်ပါတယ်။ ဒါပေမဲ့ စောစောပြန်လာခဲ့ဖို့နဲ့ မင်းရဲ့ ကျင့်ကြံခြင်းကို မထိခိုက်စေဖို့တော့ လိုလိမ့်မယ်" ဟု ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါရှင်"
ရန်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြေးထွက်သွားခဲ့တော့သည်။
ရန်ရှီး ထွက်ခွာသွားပြီးနောက် ဝမ်ပင်းသည် ထိုနေ့မွန်းလွဲပိုင်းတွင် ဆန်ဝူမြို့တော်အတွင်း၌ ပစ္စည်းအချို့ သွားရောက်ဝယ်ယူရန် မူလက ရည်ရွယ်ထားခဲ့သည်။
သူသည် ချင်ရွှေလမ်းမဆီသို့ ရောက်ရှိသွားသည့်အချိန်တွင် လက်ရှိ ချင်ရွှေလမ်းမ၏ ပျက်စီးယိုယွင်းနေသော မြင်ကွင်းမှာ သူ၏မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
တစ်ချက်မျှ လှမ်းမျှော်ကြည့်လိုက်ရုံဖြင့် မီတာတစ်ရာပတ်လည်အတွင်း၌ ပြိုပျက်နေသော နံရံများနှင့် အပျက်အစီးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ယခင်က စည်ကားသိုက်မြိုက်လှသော ချင်ရွှေလမ်းမကြီးပေါ်တွင် ယခုအခါ၌ မည်သည့် ဆူညံသံမျှ ရှိမနေတော့ဘဲ စိတ်နှလုံးကို လွမ်းဆွတ်ကြေကွဲဖွယ် ခံစားချက်ကိုသာ ပေးစွမ်းနေခဲ့တော့သည်။
ဝမ်ပင်း နားလည်ထားသည်မှာ ဤအခြေအနေက မသေမျိုးများ တိုက်ခိုက်ကြပြီး သာမန်လူသားများ ဒုက္ခရောက်ရခြင်းဟူသော အကျိုးဆက်ပင်။
ရှေ့သို့ နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည့်အခါ ခြေဖဝါးအောက်မှ တကျွတ်ကျွတ်ဖြင့် ကြွေပြားများ ထပ်မံကွဲအက်သွားသည့် အသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
ရက်ပေါင်းဆယ်ရက်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ချင်ရွှေလမ်းမကြီးမှာမူ ယခင်အတိုင်း ပျက်စီးနေဆဲပင်။
သဘာဝကျစွာပင် ထိုနေရာကို မည်သူမျှ လာရောက်မရှင်းလင်းကြခြင်းတော့ မဟုတ်ချေ။
သို့သော်လည်း အိမ်ခြေတစ်ခုချင်းစီ၏ အပျက်အစီးများကြားတွင် ထိုအိမ်သားများနှင့် သူတို့၏ ဆွေမျိုးသားချင်းအချို့သာ လာရောက်၍ အလုပ်ရှုပ်နေကြခြင်း ဖြစ်သဖြင့် အနည်းငယ်မျှသော သာမန်လူသားများ၏ ခွန်အားဖြင့်မူ ဘာကိုမျှ ခရီးမတွင်နိုင်ဘဲ ရှိနေခဲ့သည်။
သူတို့၏ အနောက်ဘက်တွင်မူ မြို့ရိုးများကို ပြန်လည်ပြုပြင်နေကြရပြီး မြို့ပြင်ရှိ လယ်ကွင်းများနှင့် သီးနှံများကိုလည်း ပြန်လည်ကယ်တင်နေကြရကာ ကျေးရွာများကိုလည်း လိုက်လံသန့်ရှင်းနေကြရသည်။
လူအမြောက်အမြားမှာ ဆွေမျိုးသားချင်းများ၏ ရုပ်အလောင်းများကိုပင် ယခုထက်ထိ ရှာမတွေ့သေးချေ။
ဤကဲ့သို့သော ပို၍ အရေးကြီးလှသည့် ကိစ္စရပ်များနှင့် နှိုင်းယှဉ်လိုက်ပါက ချင်ရွှေလမ်းမပေါ်ရှိ နေအိမ်များ ပျက်စီးမှုမှာမူ အနည်းငယ် သေးငယ်လွန်းလှသည်ဟု ထင်ရသည်။
ဖြစ်နိုင်သည်မှာ မြို့ရိုးများ ပြန်လည်ပြုပြင်ပြီးစီးသွားသည့် အချိန်ကျမှသာ မြို့တော်ဝန်နန်းတော်က လူများကို စေလွှတ်လျက် ချင်ရွှေလမ်းမကြီးကို သန့်ရှင်းစေလိမ့်မည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်သေးချေ။
"ဂိုဏ်းချုပ်ဝမ်"
"ဂိုဏ်းချုပ်ဝမ်"
ဝမ်ပင်း ရှေ့သို့ လှောက်လှမ်းလာခဲ့စဉ် လမ်းဘေးဝဲယာ၌ အလုပ်ရှုပ်နေကြသော လူများမှာ လှည့်ကြည့်လျက် ဦးညွှတ်ကာ အရိုအသေပေးကြသည်။
ဤမြင်ကွင်းမှာ ဝမ်ပင်း၏ စိတ်နှလုံးအတွင်းသို့ နက်ရှိုင်းစွာ စွဲထင်သွားခဲ့ရသည်။
သူသည် ပစ္စည်းများကို ဝယ်ယူပြီး ပြန်လည်ရောက်ရှိလာပြီးနောက် တပည့်အားလုံးကို စုစည်းလိုက်ကာ နောက်တစ်နေ့နံနက်ခင်းတွင် တောင်အောက်သို့ ဆင်းသက်လျက် ထိုအလွန်အမင်း လေးလံလှသော သစ်သားတုံးကြီးများနှင့် အပျက်အစီးများကို ကူညီရွှေ့ပြောင်းပေးရန်အတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ကြမည်ဟု ကြေညာလိုက်တော့သည်။
ရန်လီလီသည် တောင်အောက်သို့ ဆင်းရမည်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ အားအင်များဖြင့် ပြည့်နှက်သွားခဲ့ပြီး "စိတ်မပူပါနဲ့ ဂိုဏ်းချုပ်... နံနက်ခင်းတစ်ခုတည်းနဲ့တင် အဲဒီနေရာက အဆောက်အအုံ အပျက်အစီးတွေအားလုံးကို အကုန်ရှင်းပစ်နိုင်ပါတယ်" ဟု ပြောလိုက်သည်။
လူတိုင်းကလည်း ခေါင်းညိတ်ကာ ထောက်ခံကြသည်။
သို့သော်လည်း ချင်ရှန်းက ဘေးနားမှနေ၍ "တောင်အောက်ဆင်းမယ် ဟုတ်လား... ဒါက ကြည့်ရတာ စိမ်းလန်းသောတိမ်တိုက်ဂိုဏ်းက လူတွေ တောင်အောက်ဆင်းသလိုမျိုးပဲဗျာ။ စိမ်းလန်းသောတိမ်တိုက်ဂိုဏ်းကလူတွေက ကျန်းရှောင်ဖန်နဲ့ လင်းကျင့်ယွီတို့ကို ကယ်တင်ခဲ့ကြတာလေ။ ငါတို့ကော အဲဒီလိုမျိုး တစ်စုံတစ်ယောက်ကို ကယ်တင်နိုင်ဦးမလား" ဟု လှမ်း၍ ပြောဆိုလိုက်မိတော့သည်။
"ဟားဟား"
"ကျွန်မလည်း ရုပ်ချောချော ရှောင်ဖန်လေးနဲ့ ဆုံတွေ့ရမလားပဲ"
ထိုခဏ၌ ဟွမ်ယီက ရုတ်တရက် ဝင်မေးလိုက်သည်။
"တောင်အောက်ဆင်းတဲ့အကြောင်း ပြောရရင် ဂိုဏ်းချုပ်... ကျွန်မတို့ မသေမျိုးဂိုဏ်းကော တပည့်တွေကို တောင်အောက်ဆင်းပြီး စမ်းသပ်မှုတွေ လုပ်ခိုင်းလို့ မရဘူးလားဟင်။ သာမန်လူသားတွေရဲ့ လောကထဲမှာ မတရားတာတွေကို လိုက်ပြီး နှိမ်နင်းပေးဖို့လေ"
သူတပည့်များ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရင်း ဝမ်ပင်းတစ်ယောက် တကယ်ကိုပဲ မတတ်သာဘဲ ဖြစ်သွားခဲ့ရသည်။
"ဒီကောင်တွေ မသေမျိုးသတ်ဖြတ်သူဇာတ်လမ်းရဲ့ အဆိပ်မိတာ အတော်ကို ပြင်းထန်နေပြီ။
နောက်ပိုင်းကျရင် ဒီရုပ်ရှင်တွေကို လျှော့ကြည့်ခိုင်းမှ ဖြစ်တော့မယ်။ အနာဂတ်မှာ တစ်နေ့ကို တစ်နာရီထက် ပိုမကြည့်ရအောင် အချိန်ကန့်သတ်ချက် စည်းမျဉ်းတစ်ခုတော့ ထုတ်ပြန်ပေးရတော့မှာပဲ"
ဝမ်ပင်းက ချက်ချင်းပင် မျက်လုံးစောင်းကြည့်လိုက်ရင်း "မင်းကော ဘယ်လိုထင်လဲ" ဟု ပြောလိုက်သည်။
"ဟိဟိ... ကျွန်မလည်း မသိဘူးလေ"
ဟွမ်ယီက သွားဖြဲပြလျက် ပြန်လည်ဖြေကြားခဲ့ပြီးနောက် သူမ၏လက်ဖြင့် ပါးစပ်ကို အသာအုပ်ထားလိုက်တော့သည်။
ထို့နောက်တွင် လူတိုင်းသည် ဝမ်ပင်း၏နောက်သို့လိုက်ကာ ချင်ရွှေလမ်းမဆီသို့ ဦးတည်သွားခဲ့ကြပြီး မဆိုင်းမတွဘဲ အလုပ်ထဲသို့ စိတ်ရောကိုယ်ပါ မြှုပ်နှံလိုက်ကြသည်။
ဤအခြေအနေက အပျက်အစီးများကြားတွင် အလုပ်ရှုပ်နေကြသော သာမန်လူသားများကို အံ့အားသင့်သွားစေခဲ့သည်။
ရန်လီလီက ပထမဆုံးအဖြစ် ရှေ့သို့လှမ်းတက်သွားပြီး အမျိုးသမီးတစ်ဦး၏ လက်ထဲမှ အုတ်ခဲများနှင့် ကျောက်ခဲများ ပြည့်နှက်နေသော ခြင်းတောင်းကြီးကို လှမ်း၍ ယူလိုက်သည်။
၎င်းမှာ ပေါင်တစ်ရာခန့်လေးလံပုံရပြီး "အစ်မ... အနားယူလိုက်ပါဦး ဒါကို ကျွန်တော့်ကိုပဲ ပေးပါ" ဟု ပြောလိုက်သည်။
ထိုသို့ပြောဆိုလိုက်ရင်း ရန်လီလီသည် ခြင်းတောင်းကို တိုက်ရိုက်မယူကာ ဘေးနားရှိ နွားလှည်းဆီသို့ သွက်လက်စွာ သယ်ဆောင်သွားခဲ့တော့သည်။
"ကျေးဇူးတင်ပါတယ် မောင်ရင်ရယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဝမ်"
ချင်ရှန်းနှင့် အခြားသူများကပါ အပျက်အစီးများကို လိုက်လံရှင်းလင်းသည့် အလုပ်တွင် ပါဝင်လာကြသည့်အခါ ပတ်ဝန်းကျင်ရှိ လူများက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောကြသည်။
လူအမြောက်အမြား၏ မျက်ဝန်းများတွင် မျက်ရည်များပင် ဝဲနေခဲ့ကြသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်ပင်း၏ စိတ်နှလုံးမှာလည်း အတိုင်းအဆတစ်ခုအထိ လှုပ်ခတ်သွားခဲ့ရသည်။ မည်သည့်ကမ္ဘာမှာပဲဖြစ်ဖြစ် အခြားသူများကို ကူညီပေးခြင်းက စိတ်ထဲ၌ ဂုဏ်ယူဝင့်ကြွားမှု ခံစားချက်ကို ဆောင်ကြဉ်းပေးနိုင်သည်မှာ အမှန်ပင်။
ထိုအချိန်တွင် ယွန်းလန်တောင်ခြေ၌ မြင်းရထားတစ်စီး ဆိုက်ရောက်လာခဲ့ပြီး ရန်ရှီးသည် ရထားပေါ်မှ ခုန်ဆင်းလျက် အပျက်အစီးများရှိရာ ရှေ့မှောက်သို့ ပျော်ရွှင်မြူးထူးစွာ ပြေးဝင်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဂိုဏ်းချုပ်... အားလုံးပဲ... ကျွန်မ ပြန်လာပြီနော် လီလီ... နင် ငါ့ကို လွမ်းနေလား"
"လွမ်းစရာလား"
ရန်လီလီသည် သူမ၏အနောက်ဘက်မှနေ၍ တုန်လှုပ်သွားခဲ့ရပြီး သူ၏ဘေးနားရှိ ကျောက်ချင်းကို တချက်လှမ်းကြည့်ကာ အလျင်အမြန်ပင် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"မြန်မြန်လာပြီး အလုပ်ကူလုပ်စမ်းပါ။ ငါတို့ရဲ့ ဒီနေ့နံနက်ခင်း တာဝန်က ဒီနေရာတစ်ခုလုံးကို အပြတ်ရှင်းဖို့ပဲ"
ရန်ရှီးက လှမ်း၍ မေးလိုက်သည်။
"လီလီ... နင်တို့ မနေ့ညက မသေမျိုးသတ်ဖြတ်သူကို ဘယ်အပိုင်းအထိ ကြည့်ပြီးသွားကြပြီလဲ"
ရန်လီလီက "တောင်ထွတ်ခုနစ်ခု သိုင်းပညာပြိုင်ပွဲက ပြီးတော့မယ်" ဟု ပြန်ပြောလိုက်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ရန်ရှီးသည် ချက်ချင်းပင် ရှုံ့မဲ့သွားပြီး "အား... နင်တို့က အဲဒီအပိုင်းအထိတောင် ရောက်သွားကြပြီလား။ ဒါမှန်းသိရင် ငါမနေ့ညကတည်းက ပြန်လာပါတယ်" ဟု ညည်းတွားလိုက်တော့သည်။
ထိုခဏ၌ မြင်းရထားပေါ်မှ နောက်ထပ်လူတစ်ယောက် ဆင်းသက်လာခဲ့ပြီး ၎င်းသည် ရထားပေါ်မှ ဆင်းဆင်းချင်းမှာပင် လက်ခုပ်တီးလိုက်တော့သည်။
ဝမ်ပင်း လှမ်းကြည့်လိုက်သည့်အခါ လက်ခုပ်တီးနေသူမှာ စူးရှထက်မြက်သော မျက်ဝန်းများရှိပြီး အားအင်ပြည့်ဝနေပုံရသော အဖိုးကြီးတစ်ဦး ဖြစ်နေခဲ့သည်။
သူသည် နက်မှောင်သော ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြင်နာတတ်သော အပြုံးမျိုးဖြင့် ရပ်နေသော်လည်း သူ၏ခန္ဓာကိုယ်မှ ငြင်းပယ်၍မရသော အရှိန်အဝါ အာဏာစက်များ လျှံထွက်နေခဲ့သည်။
သူ့ကို မြင်လိုက်ရသည်နှင့် ဝမ်ပင်းသည် ဤလူမှာ သာမန်မဟုတ်မှန်း ချက်ချင်း ခံစားမိလိုက်သဖြင့် စနစ်အား ထိုသူ၏ ကိုယ်ရေးအချက်အလက်များကို ဆွဲယူခိုင်းလိုက်တော့သည်။
[မုရုံချီ]
[ကျား/မ: ကျား]
[အသက်: ၉၅ နှစ်]
[ကျင့်ကြံခြင်းအဆင့်: နက်နဲသောအဆင့် အလယ်အလတ်]
[ကြယ်နှစ်ပွင့်အဆင့်ရှိသော မုရုံမိသားစုမှဖြစ်ပြီး လက်ရှိ မိသားစုခေါင်းဆောင် ဖြစ်သည်]
ဤအချက်အလက်ကို မြင်လိုက်ရသည့်အခါ ဝမ်ပင်း မှင်တက်သွားခဲ့ရသည်။
နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးက သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်လျက် ဆန်ဝူမြို့တော်ဆီသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ခြင်းပင်။
ရန်သူလား မိတ်ဆွေလား မသေချာသေးသဖြင့် ဝမ်ပင်းက စကားပြောကာ မေးလိုက်သည်။
"စီနီယာ... ဘာကိစ္စရှိလို့ပါလဲခင်ဗျာ"
ဝမ်ပင်း၏ စကားကို ကြားရမှသာ ရန်ရှီးသည် သတိပြန်ဝင်လာခဲ့ပြီး အလျင်အမြန်ပင် လှည့်
ကြည့်လျက် ဝမ်ပင်းအား ပြောဆို လိုက်သည်။
"ဂိုဏ်းချုပ်... ဒီစီနီယာမုရုံက ကျွန်မကို သူ့နောက်လိုက်ခဲ့ဖို့ ပြောနေတာ။ ကျွန်မက ငြင်းလိုက်တော့ သူက ဂိုဏ်းချုပ်ကို လာရှာမယ်တဲ့။ ဂိုဏ်းချုပ်အနေနဲ့ ကျွန်မကို မသေမျိုးဂိုဏ်းကနေ ထုတ်ပယ်ပစ်အောင် လုပ်နိုင်တဲ့ နည်းလမ်း သူ့မှာ ရှိတယ်လို့ ပြောနေတာ"
"ဟင်... ဟုတ်လား"
ဝမ်ပင်းသည် မုရုံချီကို နောက်ထပ် အကြိမ်အနည်းငယ်မျှ သေချာစိုက်ကြည့်လိုက်သည်။
ဒီကောင်က ငါ့ဂိုဏ်းက တပည့်ကို လာပြီး နှိုက်ချင်နေတာလား။
မြင်းရထားပေါ်မှ ဆင်းသက်လာပြီးနောက် မုရုံချီက ပွင့်ပွင့်လင်းလင်းပင် ပြောလာခဲ့သည်။
"ဂိုဏ်းချုပ်ဝမ်... ငါက ဒီကောင်မလေး ရန်ရှီးကို သဘောကျနေတာ သုံးနှစ်ရှိပြီ။ သူမအတွက်နဲ့တင် ဒီဆန်ဝူမြို့တော်ဆီကို ဆယ်ကြိမ်မက လာခဲ့ဖူးတယ်။ ငါ့ရဲ့ မုရုံမိသားစုရဲ့ အင်အားက အစွန်းရောက်တောင်တန်းလိုမျိုး မိစ္ဆာကြီးတွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့ အားနည်းတဲ့အထဲမှာတော့ မပါဝင်ပါဘူး။ ဒါကြောင့် မင်းနဲ့ စည်းကမ်းချက်အချို့ ဆွေးနွေးချင်ပါတယ်။ ရန်ရှီးကို ငါ့နောက်လိုက်ခွင့်ပေးပါ။ မင်း အလိုရှိတဲ့ ဈေးနှုန်းကိုသာ တောင်းဆိုလိုက်စမ်းပါ"
အခန်း။ ၁၇၄
ထိုစကားများ၏ ဆိုလိုရင်းမှာ မုရုံမိသားစုသည် အထွတ်အထိပ်တောင်တန်းကဲ့သို့သော အင်အားစုကြီးများနှင့် မယှဉ်နိုင်ဟုဆိုသော်လည်း မသေမျိုးဂိုဏ်းထက်မူ ရေတွက်၍မရနိုင်သော နည်းလမ်းပေါင်းများစွာဖြင့် သာလွန်နေသည်ဟူ၍ ဖြစ်သည်။
ဝမ်ပင်းမှာ ငတုံးမဟုတ်သဖြင့် ဤစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သဘာဝကျစွာပင် ကောင်းကောင်းနားလည်သည်။
ဝမ်ပင်း ချက်ချင်း ပြန်လည်မဖြေကြားသည်ကို မြင်သောအခါ မုရုံချီက "ဂိုဏ်းချုပ်ဝမ်... ဘယ်လိုလဲဗျာ" ဟု ထပ်မံ၍ မေးလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူသည် အင်အားသုံး၍ တိုက်ရိုက်လုယူရန်အထိပင် စဉ်းစားခဲ့ဖူးသည်။
အဆုံးသတ်၌မူ မသေမျိုးဂိုဏ်းဟူသည်မှာ ကြယ်ပွင့်မရှိသော ဂိုဏ်းငယ်လေးတစ်ခုမျှသာ။
သို့သော်လည်း ယနေ့တွင် ဤနေရာသို့ ရောက်ရှိလာပြီး မသေမျိုးဂိုဏ်းမှလူများသည် သာမန်လူသားများကို တကယ်တမ်း ကူညီပေးနေကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏စိတ်ကူးများ ပြောင်းလဲသွားခဲ့ရသည်။
"ဒီခေတ်မှာ ဘယ်ဂိုဏ်းက သာမန်လူသားတွေကို ဂရုစိုက်လို့လဲ။ ကူညီပေးဖို့ဆိုတာ ဝေးရော။ဘယ်သူမှ မလုပ်ကြဘူး။ ဒါပေမဲ့ မသေမျိုးဂိုဏ်းကတော့ ဒီလိုမျိုး လုပ်နေတာပဲ။
တကယ်လို့ သူရဲကောင်းစိတ်ဓာတ်ရှိတဲ့ ဂိုဏ်းတစ်ခုကို အင်အားသုံးပြီး ရန်ရှီးကို လုယူသွားမယ်ဆိုရင် ငါကိုယ်တိုင်တောင် ရှက်စရာကောင်းလိုက်တာလို့ ခံစားမိမှာ။
ဒါပေမဲ့ ရန်ရှီးဆိုတာ ငါ သုံးနှစ်တိုင်တိုင် မျက်စိကျနေခဲ့တဲ့ ပါရမီရှင်တစ်ယောက်။ ဒီသုံးနှစ်အတွင်း မိသားစုကိစ္စတွေကိုတောင် ဘေးဖယ်ထားပြီး မိုင်ပေါင်းထောင်ချီဝေးတဲ့ ဒီနေရာကို ဆယ်ခေါက်မက ခရီးနှင်ခဲ့ရတာ။
အရင်ကဆိုရင် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့က နှောင့်ယှက်နေလို့သာ မခေါ်ဆောင်နိုင်ခဲ့တာ။ အခုတော့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့လည်း ဆန်ဝူမြို့တော်ကနေ မောင်းထုတ်ခံလိုက်ရပြီ။
ဒါကြောင့် မသေမျိုးဂိုဏ်းက ဘယ်လောက်ပဲ သီလသမာဓိနဲ့ ပြည့်စုံနေပါစေ... ရန်ရှီးကိုတော့ ငါ ဘယ်လိုနည်းနဲ့မဆို ခေါ်ဆောင်သွားရမှာပဲ"
...
ဆန်ဝူမြို့တော်၏ မြို့ရိုးမျှော်စင်ပေါ်တွင် ဟွမ်းချိန်၏ အကြည့်သည် မြို့ပြင်ဘက်၊ မီတာတစ်ထောင်ခန့် ကွာဝေးသော တောအုပ်နက်ကြီးဆီသို့ ကျရောက်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် သားရဲမိစ္ဆာကြီးတစ်ကောင်၏ အရှိန်အဝါအငွေ့အသက်ကို ခံစားလိုက်ရသော်လည်း ၎င်းက ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့သောကြောင့်ပင်။
အစပိုင်းတွင်မူ သူသည် ၎င်းကို အာရုံစိုက်ရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း သူ လှည့်ထွက်ခွာတော့မည့် အချိန်တွင် လူရှစ်ယောက် ထွက်ပေါ်လာပြီး ဆန်ဝူမြို့တော်ဆီသို့ ဦးတည်၍ လျှောက်လှမ်းလာကြသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့သည် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ရုပ်ရည်မှာလည်း လူအုပ်ကြီးကြားထဲတွင် ထည့်ထားလျှင် သတိပြုမိလိမ့်မည်မဟုတ်သော သာမန်မျက်နှာများသာ ဖြစ်ကြသည်။
သို့သော်လည်း အရာအားလုံးက အလွန်အမင်း သာမန်ဆန်လွန်းနေပြီး ထိုလူရှစ်ယောက်စလုံးတွင် မည်သည့်ကျင့်ကြံခြင်း စွမ်းအားမျှ ရှိမနေခြင်းကြောင့်ပင် ဟွမ်းချိန်အား သံသယဝင်သွားစေခဲ့ခြင်းပင်။
ဟွမ်းချိန်က ချက်ချင်းပင် လက်ညှိုးထိုးပြလိုက်ရင်း သူ၏ဘေးနားရှိလူအား မြို့တံခါးကို အမြန်ပိတ်ဆို့ရန် အမိန့်ပေးလိုက်သည်။
"သွားပြီး သူတို့ကို ရှာဖွေစမ်း"
ခဏမျှကြာပြီးနောက် ထိုလူပြန်လည်ရောက်ရှိလာပြီး ခေါင်းခါပြကာ "အရှင်... ဘာမှမရှိပါဘူးဗျာ။ သူတို့က မြို့ပြင်က ကျေးရွာတစ်ခုကနေ ဆန်ဝူမြို့တော်ထဲက ဆွေမျိုးတွေဆီကို လာလည်တာလို့ ပြောပါတယ်" ဟု ပြောလိုက်သည်။
ဟွမ်းချိန်သည် ထိုအဖြေကို ကြားလိုက်ရသည့်အခါ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။
စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်မိသည်။
မင်းတို့ရှစ်ယောက်က ဘယ်သူ့ကို လာပြီး လှည့်စားနေတာလဲ။
ထို့နောက်တွင် သူသည် အခြေအနေကို စဉ်းစားကာ ရယ်မောလိုက်ရင်း "ဟားဟား... သူတို့က မသေမျိုးဂိုဏ်းကို ပြဿနာလာရှာကြပြန်ပြီထင်တယ်။ အငွေ့အသက်တွေကို ဒီလောက်အထိ လျှို့ဝှက်ထားနိုင်တာကို ကြည့်ရင်တော့ ဒီလူစုက သာမန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင်တွေ အမှားကြီး မှားသွားပြီ။ သူတို့ ရှစ်ယောက်တည်းနဲ့ ဝမ်ပင်းကို သွားပြီး နှောင့်ယှက်ရဲတယ်ပေါ့လေ။ ကဲ... လာကြ ငါတို့ အပြင်ထွက်ပြီး မြို့ရိုးတွေ ပြုပြင်နေတာကို သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။
"အရှင်... ကျွန်တော်တို့ ဂိုဏ်းချုပ်ဝမ်ကို သတင်းလှမ်းပို့ဖို့ လူတစ်ယောက်လောက် စေလွှတ်
သင့်တာ မဟုတ်ဘူးလား"
ဘေးနားရှိလူက အလောတကြီး မေးလိုက်သည်။
သို့သော်လည်း ပြန်လည်ရရှိခဲ့သော အဖြေမှာမူ ဟွမ်းချိန်၏ ပေါ့ပျက်ပျက် စကားတစ်ခွန်းသာ ဖြစ်သည်။
"ပြောနေစရာ ဘာလိုလို့လဲ"
ပြောပြီးသည်နှင့် ဟွမ်းချိန်သည် တိုက်ရိုက်ပင် လှည့်ထွက်သွားခဲ့တော့သည်။
ထိုလူရှစ်ယောက် မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် ထူထဲသော မျက်ခုံးမွှေးများရှိသည့် လူတစ်ယောက်သည် လမ်းလျှောက်ရင်း လမ်းမများကို ဝေ့ဝဲကြည့်ရှုကာ နှုတ်ခမ်းလှုပ်ရှားမှုဖြင့်သာ အချင်းချင်း ဆက်သွယ်လိုက်သည်။
"မြို့ငယ်လေးတစ်မြို့သက်သက်ပါပဲ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိတဲ့ လူအနည်းငယ်ကိုပဲ မြင်ရတယ်။ ရှန်လုံက တကယ်ကိုပဲ ရက်ရောတာပဲ။ ဒီလိုနေရာမျိုးက ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အသက်အတွက်တင် အဖြူရောင်ပုံဆောင်ခဲ ၅၀ တောင် ဆုကြေးထုတ်တယ်ဆိုတော့..."
"ဒါက မျှော်လင့်ထားပြီးသားပဲလေ။ မသေမျိုးဂိုဏ်းက ပါရမီရှင်ဆယ်ဦး စစ်ဆေးပွဲမှာ တောက်ပခဲ့ပြီး ရိုင်းစိုင်းတဲ့မျိုးနွယ်အဖွဲ့ခွဲ၊ ပျံသန်းသောနဂါးအသင်းနဲ့ ယွမ်ရှန်းတို့ကို အနိုင်ယူခဲ့တာ။ အကယ်လို့ သူတို့က ရှန်လုံနဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ရင် အဆင်ပြေမှာဆိုပေမဲ့ သူတို့က ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြတာကိုး။ ရှန်လုံက သူအဖွဲ့အစည်းကမဟုတ်ဘဲ သူရဲ့လမ်းကို ပိတ်ဆို့နေတဲ့လူတွေကို ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ။ အသက် ၁၅ နှစ်အရွယ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း သတ္တမအလွှာမှာ ရှိနေပြီး စင်ကြယ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူရယ် နောက်ပြီး သွေးကြောတံခါး မလိုဘဲ ပုံမှန်မဟုတ်တဲ့ သွေးကြောသိုင်းကွက်နဲ့ ယှဉ်နိုင်တဲ့ သိုင်းကွက်တွေကို သုံးနိုင်တဲ့ အဆင့် ၁၃ ကျင့်ကြံသူတစ်ယောက်ရယ်။ အကယ်လို့ သူတို့နှစ်ယောက်လုံး မသေဘူးဆိုရင် ပါရမီရှင်ဆယ်ဦးနေရာထဲက နေရာနှစ်နေရာက တိုက်ရိုက် ဆုံးရှုံးသွားမှာလေ။ ဒါကို ရှန်လုံက ဘယ်လိုလုပ် ပျော်နိုင်ပါ့မလဲ"
သူ့ဘေးနားရှိလူကလည်း အလျင်အမြန်ပင် ထောက်ခံလိုက်သည်။
"ဒီမြို့လေးကတော့ တကယ်ကို ကံကောင်းလွန်းတာပဲဗျာ။ ဆုကြေးငွေတစ်ခုတည်းကြောင့်တင် ငါတို့ခုနစ်ယောက်နဲ့ ညဥ့်မိစ္ဆာပါ အတူတူ ရောက်လာကြတာဆိုတော့..."
နောက်ဆုံးမှ စကားပြောလိုက်သူ၏ အမည်မှာ နံပါတ် ၁၃ ပင်။
သဘာဝကျစွာပင် ၎င်းမှာ သူ၏ အစစ်အမှန်နာမည် မဟုတ်ဘဲ ကုဒ်နံပါတ်တစ်ခုမျှသာ ဖြစ်သည်။
ဟွမ်ချွမ်းအဖွဲ့အစည်းအတွင်း၌ နက်နဲသောအဆင့် အမြင့်ဆုံးအဆင့်တွင် ရှိနေသူများသာလျှင် ဂဏန်းနံပါတ်များထက် ကျော်လွန်သော ကုဒ်နာမည်များကို ပိုင်ဆိုင်ခွင့်ရှိကြပြီး နက်နဲသောအဆင့် အဆင့်မြင့်တွင် ရှိနေသူများမှာမူ ညဥ့်တစ်၊ ညဥ့်နှစ်... စသည့် အမည်များကိုသာ အသုံးပြုကြရသည်။
ယခုကဲ့သို့သော ကုဒ်နာမည်တစ်ခုမျှဖြင့်ပင် အရှေ့အိုင်အတွင်းရှိ နက်နဲသောအဆင့် ကျင့်ကြံသူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်သည်။
အဘယ်ကြောင့်ဆိုသော် ဟွမ်ချွမ်းဟူသည်မှာ သေခြင်းတရားကို ကိုယ်စားပြုသောကြောင့်ပင်။
သူတို့ လက်ခံလိုက်သော မည်သည့်လုပ်ကြံမှု သို့မဟုတ် ဆုကြေးငွေမဆို သေချာပေါက် အောင်မြင်စွာ ပြီးမြောက်လေ့ရှိသည်။
နက်နဲသောအဆင့် အလယ်အလတ်ကျင့်ကြံသူများပင်လျှင် သေဆုံးရလိမ့်မည်ပင်။
ထိုလူခုနစ်ယောက် တိတ်တဆိတ် စကားဆိုနေကြစဉ်မှာပင် သူတို့ကို ဦးဆောင်လာသော မုတ်ဆိတ်ဖြူစွန်းနှင့် အဖိုးအိုက နှုတ်ခမ်းလှုပ်ရှားမှုဖြင့် မဟုတ်ဘဲ သူ၏ အစစ်အမှန်အသံကို အသုံးပြု၍ လမ်းသွားလမ်းလာတစ်ဦးအား လှမ်း၍ မေးလိုက်သည်။
"မိတါဆွေတို့... မသေမျိုးဂိုဏ်းဆီကို သွားတဲ့လမ်းကို နည်းနည်းလောက် လမ်းညွှန်ပေးလို့ ရမလားခင်ဗျာ"
"ဒီအတိုင်း လမ်းဆုံးအထိ တည့်တည့်သွားပါ။ ပြီးရင် ဘယ်ဘက်ကိုကွေ့ပြီး လမ်းဆုံးတဲ့အထိ ဆက်သွားလိုက်ပါ"
လမ်းသွားလမ်းလာက လမ်းညွှန်ပြသလိုက်ပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့တော့သည်။
မုတ်ဆိတ်ဖြူစွန်းနှင့် အဖိုးအိုက လှည့်ကြည့်လိုက်ပြီး ထိုလူခုနစ်ယောက်အား "ပစ်မှတ်တာဝန်ရဲ့ ပုံရိပ်ကို နောက်တစ်ကြိမ် ထပ်ပြီး စစ်ဆေးလိုက်ကြဦး။ ပြီးရင် မသေမျိုးဂိုဏ်းရဲ့ အခြေအနေကို သွားစုံစမ်းကြမယ်။ အခွင့်အရေးရှိရင် ချက်ချင်း လှုပ်ရှားကြ မဟုတ်ရင်တော့ မနက်ဖြန်မှပဲ လက်စဖျောက်ဖို့ စောင့်ဆိုင်းကြတာပေါ့" ဟု ပြောလိုက်သည်။
"နားလည်ပါပြီ"
ခုနစ်ယောက်စလုံးက တပြိုင်နက်တည်း ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက်တွင် ထိုဆံပင်ဖြူအဖိုးအိုသည် လှည့်၍ ထွက်ခွာသွားခဲ့တော့သည်။
ထိုလူခုနစ်ယောက်သည် ယွန်းလန်တောင်ဆီသို့ ရောက်ရှိလာခဲ့ကြသော်လည်း ယခုအချိန်တွင်မူ သူတို့၏ ရုပ်အသွင်အပြင်များမှာ ပြောင်းလဲသွားခဲ့သည်။
သူတို့သည် မြို့ရိုးများကို ပြုပြင်နေကြသော အလုပ်သမားများအတွက် နေ့လယ်စာ ထမင်းဘူးများကို သယ်ဆောင်လာသည့် မြင်းရထားတစ်စီးကို မောင်းနှင်လျက် စစ်သားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် သာမန်လူသားများနှင့် လုံးဝတူညီနေခဲ့သည်။
ချင်ရွှေလမ်းမဆီသို့ ရောက်ရှိလာသည့်အခါ ထိုလူခုနစ်ယောက်သည် အချင်းချင်း အကြည့်
ချင်းဖလှယ်လိုက်ကြပြီးနောက် သစ်သားတုံးကြီးတစ်တုံးကို မချီရန် အလုပ်ရှုပ်နေသော ဝမ်
ပင်းထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။
သူတို့သည် ချက်ချင်း မသေချာသေးသဖြင့် တိတ်တဆိတ် ပုံရိပ်ကို ထုတ်ယူကာ နှိုင်းယှဉ်ကြည့်လိုက်ကြတော့သည်။
ထိုအချိန်ကျမှသာ ဤလူမှာ မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်ပင်းဖြစ်မှန်း သိသွားခဲ့ကြသည်။
သို့သော်လည်း ဝမ်ပင်း၏ ဘေးနားတွင် မတ်မတ်ရပ်နေသော မုရုံချီကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။
မုရုံမိသားစုရဲ့ သခင်ကြီးပါလား။
သူက ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ။
သူကော ဆုကြေးငွေကြောင့် ဝမ်ပင်းရဲ့ခေါင်းကို လာပြီး ဖြတ်ချင်နေတာလား။
...
မုရုံချီသည် မြင်းရထားဘေးနား၌ ရပ်နေခဲ့ပြီး ဝမ်ပင်းက ယခုထက်ထိ ပြန်လည်မဖြေကြားသေးသည်ကို မြင်သဖြင့် ထပ်မံ၍ မေးမြန်းရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏အနောက်ဘက်မှ ဖြည်းညှိးစွာ မောင်းနှင်လာသော မြင်းရထားတစ်စီးအပေါ်သို့ သူ၏အကြည့်က ကျရောက်သွားခဲ့သည်။
ဝမ်ပင်းအား ဆက်လက်မေးမြန်းလိုသော သူ၏စိတ်ဆန္ဒများမှာလည်း ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ရတော့သည်။
"ကောင်လေး... မင်း ပြဿနာတက်နေပြီ ထင်တယ်နော်။ မင်း သတိထားမိလား... အဲဒီမြင်းရထားပေါ်မှာ နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှိနေတယ်။ အကယ်လို့ မင်းက ရန်ရှီးကို မသေမျိုးဂိုဏ်းကနေ ထုတ်ပယ်ပေးဖို့ သဘောတူမယ်ဆိုရင် ငါက မင်းအတွက် အဲဒီ နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ယောက်လုံးကို ရှင်းလင်းပေးမယ်... ဘယ်လိုလဲ"
မုရုံချီသည် စကားကို တော်တော်လေး ကျယ်လောင်စွာ ပြောဆိုလိုက်ခြင်းပင်။
ဝမ်ပင်းတစ်ယောက်တည်း ကြားလိုက်ရခြင်း မဟုတ်ချေ။
မြင်းရထားပေါ်ရှိ လူခုနစ်ယောက်စလုံးပင် ထိုစကားကို အတိုင်းသား ကြားလိုက်ရသည်။
၎င်းကို ကြားလိုက်ရသည့်အခါ နံပါတ် ၁၃ သည် မုရုံချီအား ကြောင်အမ်းအမ်းဖြင့် လှမ်းကြည့်လိုက်မိပြီး စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ဒီအဖိုးကြီးက အရာအားလုံးကို လာပြီး ဖျက်ဆီးနေတာပဲ
တစ်ချိန်တည်းမှာပင် သူသည် နောက်ဆုတ်ရန် စိတ်ကူးလိုက်မိသည်။
သို့သော်လည်း ထိုခဏ၌ ဝမ်ပင်း၏ စကားသံကို ရုတ်တရက် ကြားလိုက်ရတော့သည်။
"သခင်ကြီးမုရုံ... မင်းသာ နောက်ထပ် တစ်ခွန်း ထပ်ပြောမယ်ဆိုရင် မင်းကိုပါ ငါ့ကို ပြဿနာလာရှာတဲ့လူတွေနဲ့ တစ်တန်းတည်း သဘောထားလိုက်မှာနော်"
ထိုသို့ ပြောဆိုလိုက်သည်နှင့် ဝမ်ပင်းသည် လက်ထဲရှိ သစ်သားတိုင်ကြီးကို ဆွဲကိုင်လိုက်ပြီး မြင်းရထား၏ ဘီးဝင်ရိုးဆီသို့ တိုက်ရိုက်ပင် လှမ်း၍ ပစ်ပေါက်လိုက်တော့သည်။
ဘုန်း…
မြင်းရထားကြီးမှာ ချက်ချင်းပင် တိမ်းမှောက်သွားခဲ့ရတော့သည်။
သို့သော်ငြားလည်း ထိုအခိုက်အတန့်၌ မြင်းရထားပေါ်ရှိ လူခုနစ်ယောက်သည် အပေါ်သို့ ဖျတ်ခနဲ ခုန်တက်လိုက်ကြပြီး ယခင်က ဖုံးကွယ်ထားခဲ့သော သူတို့၏ ပြင်းထန်လှသည့် အရှိန်အဝါများကို အပြည့်အဝ ထုတ်ဖော်လိုက်ကြသည်။
၎င်း၏နောက်တွင် ဝမ်ပင်း၏ အေးစက်လှသော အသံကြီး ထွက်ပေါ်လာခဲ့သည်။
"ဟွမ်ချွမ်းက မိတ်ဆွေတို့... မင်းတို့ ဒီကို ရောက်လာမှတော့ မင်းတို့ရဲ့ အသက်တွေကိုပါ ဒီနေရာမှာပဲ ချန်ထားခဲ့ကြတော့"
ဤမြင်ကွင်းကို စောင့်ကြည့်နေသော မုရုံချီကမူ သူ၏ခေါင်းကို ခါယမ်းလိုက်မိသည်။
"ကောင်လေး... အကယ်လို့ အကူအညီလိုရင် အချိန်မရွေး လှမ်းခေါ်လိုက်စမ်းပါ"
ထို့နောက်တွင် သူသည် ဘေးဘက်သို့ နောက်ဆုတ်လိုက်ပြီး ရန်ရှီးကိုပါ ခေါ်ဆောင်လျက် ပို၍ ဝေးကွာသော အနောက်ဘက်ဆီသို့ ဆုတ်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း မီတာတစ်ရာခန့် နောက်ဆုတ်ပြီးသွားသည့်အချိန်တွင် သူ၏ဘေးနားရှိ ရန်ရှီးမှာ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရရုံတင်မကဘဲ မသေမျိုးဂိုဏ်း၏ တပည့်များအားလုံးမှာလည်း လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်ကို တွေ့ရှိလိုက်ရသည်။
သူတို့အားလုံးသည် ထိုနေရာတင်ပင် ထိုင်စရာနေရာတစ်ခုကို ရှာဖွေကာ အသီးသီး ထိုင်ချလိုက်ကြတော့သည်။
၎င်းမှာ ရုပ်ရှင်ပွဲကြည့်ရန် ပြင်ဆင်နေကြသည့် အလားပင်။