အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း။ ၁၇၅
လူအုပ်ကြီးက ဝရုန်းသုန်းကား ထွက်ပြေးသွားကြစဉ်မှာပင် ချင်ရွှေလမ်းမပေါ်၌ အပျက်အစီးများကို လိုက်လံရှင်းလင်းနေကြသော ဒေသခံပြည်သူများသည်လည်း လိုက်လံထွက်ပြေးခဲ့ကြသည်။
သို့သော်လည်း ရန်လီလီတို့လူစုနှင့်မတူဘဲ သူတို့သည် မီတာတစ်ရာခန့်အကွာတွင် မရပ်ရဲကြချေ။ ချင်ရွှေလမ်းမကြီး၏ အပြင်ဘက်သို့ လုံးဝရောက်ရှိသွားသည့် အချိန်ကျမှသာ ခြေလှမ်းများကို ရပ်တန့်လိုက်ကြတော့သည်။
ယွန်းလန်တောင်ဆီသို့ ပြန်လည်လှည့်ကြည့်လိုက်ကြသည့်အခါ လူတိုင်း၏မျက်နှာတွင် သေတွင်းထဲမှ သီသီလေးလွတ်မြောက်လာခဲ့သည့် အမူအရာမျိုး ရှိနေခဲ့ကြသည်။
၎င်းမှာ သူတို့ကိုယ်တိုင် သေရေးရှင်ရေး အခိုက်အတန့်ကို တိုက်ရိုက်မကြုံတွေ့ခဲ့ရသော်လည်း သေခြင်းတရားက သူတို့၏လက်ချောင်းများကြားမှ ရေကဲ့သို့ သီသီလေး လျှောကျသွားခဲ့သလိုမျိုး ခံစားနေကြရခြင်းပင်။
မသေမျိုးဂိုဏ်း၏ အဖွဲ့ဝင်များ ရပ်တန့်သွားကြသည်ကို မြင်သောအခါ မုရုံချီသည်လည်း လိုက်လံရပ်တန့်လိုက်သည်။
သူသည် အခြားသူများ ရပ်နေခြင်းကို ဂရုမစိုက်သော်လည်း ရန်ရှီးပါ ရပ်တန့်သွားခဲ့ခြင်းကြောင့် သူမကို သေချာပေါက် ခေါ်ဆောင်သွားရမည်ပင်။
မုရုံချီသည် အလောတကြီး လက်လှမ်းလိုက်ပြီး ရန်ရှီး၏ သွယ်လျသော လက်ကောက်ဝတ်လေးကို ဖမ်းဆွဲကာ ရှေ့သို့ နှစ်ခြေလှမ်းခန့် အသာအယာ ဆွဲခေါ်လိုက်သည်။ သို့သော်လည်း သူသည် အင်အားအလွန်အမင်း မသုံးရဲဘဲ ညင်သာစွာ ဆွဲခေါ်ရင်း သတိပေးလိုက်သည်။
"သမီးလေး... အဲဒါ နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ယောက်ကွ။ ဒီတိုက်ပွဲရဲ့ အရှိန်အဝါက မီတာတစ်ထောင် ပတ်လည်အထိ သက်ရောက်နိုင်တယ်။ ဒီနေရာမှာ ဆက်နေနေတာက သေတွင်းထဲ သက်သက်တိုးဝင်နေတာနဲ့ မထူးဘူး။ ငါနဲ့အတူ နောက်ထပ်နည်းနည်းလောက် ထပ်ပြီးဆုတ်ခွာရအောင်"
"စီနီယာမုရုံ... ကျေးဇူးပြုပြီး ကျွန်မကို လာပြီး မနှောင့်ယှက်ပါနဲ့တော့ရှင်"
ရန်ရှီးသည် သူမ၏ခန္ဓာကိုယ်နှင့် တံတောင်ဆစ်ကို တွန့်လိမ်လှုပ်ရှားလိုက်ရင်း မုရုံချီ၏လက်ကို စိတ်မရှည်စွာဖြင့် ခါထုတ်ပစ်လိုက်တော့သည်။
ရန်လီလီက အလျင်အမြန်ပင် ရန်ရှီးအား သူ၏ဘေးနားသို့ ဆွဲခေါ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ဖြင့် သူမကို ကာကွယ်ပေးလိုက်သည်။ သူသည် မုရုံချီအား ဆဲဆိုပစ်ချင်သော်လည်း မုရုံချီသည် နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သတိရမိသဖြင့် စိတ်ကိုလျှော့ကာ တည်ငြိမ်စွာဖြင့် "စီနဲယာမုရုံက အကျယ်ချဲ့လွန်းနေပါပြီ။ ဒါက နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ယောက်သက်သက်ပဲဥစ္စာ" ဟု ပြောလိုက်သည်။
ထိုသို့ပြောဆိုလိုက်ရင်း ရန်လီလီသည် ရန်ရှီးအား ကျောက်ချင်း၏ဘက်သို့ တွန်းပို့လိုက်ပြီး မုရုံချီ၏ ရှေ့မှောက်တွင် ပိတ်ဆို့ကာ ရပ်တန့်လိုက်တော့သည်။
ရန်လီလီ၏ မမှုန်မသုန်သော မျက်နှာထားနှင့် ပေါ့ပျက်ပျက် စကားလုံးများကို ကြည့်ရင်း မုရုံချီသည် စိတ်ထဲမှ တဟားဟား ရယ်မောလိုက်မိပြီး “တကယ်ကိုပဲ မွေးကင်းစနွားကလေးက ကျားကိုမကြောက်ဘူး ဆိုတာမျိုးပဲ” ဟု တွေးတောလိုက်မိသည်။
"နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ယောက်သက်သက် ဟုတ်လား..."
မုရုံချီသည် ရန်လီလီ၏ စကားကို ထပ်မံရွတ်ဆိုလိုက်မိရင်း ဤအခြေအနေမှာ နက်နဲသောအဆင့် ကျင့်ကြံသူများ သမိုင်းတစ်လျှောက်တွင် အစော်ကားခံရဆုံး အခိုက်အတန့်ဖြစ်လိမ့်မည်ဟု သေချာပေါက် ယုံကြည်နေခဲ့သည်။
နက်နဲသောအဆင့် ကျင့်ကြံသူ တစ်ယောက်တည်းပင်လျှင် အရှေ့အိုင်တစ်ခုလုံးတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သူ ဖြစ်သည်။
နက်နဲသောအဆင့် ကျင့်ကြံသူ ခုနစ်ယောက်ဆိုသည်မှာ သံသယဝင်စရာမလိုဘဲ ကြီးမားလှသော တောင်ကြီးတစ်လုံးနှင့် တူညီနေခဲ့ရာ မည်သည့် ပုံမှန်ကြယ်နှစ်ပွင့်အဆင့် အင်အားစုမဆို သူတို့ကို မြင်သည်နှင့် ထွက်ပြေးကြမည်သာ ဖြစ်သည်။
သူ၏ မုရုံမိသားစုတွင်သာ နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦး ရှိနေခြင်းကြောင့်သာ ဤနက်နဲသောအဆင့် ခုနစ်ယောက်ကို မကြောက်ပါဘူးဟု ပြောရဲခြင်းပင်။
သို့သော်လည်း ယခုအခါတွင်မူ ဤစကားလုံးများက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် ရှိနေသော လူငယ်လေးတစ်ဦး၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့ခြင်းပင်။
တကယ်ကို ရယ်စရာကောင်းလွန်းတယ်။
မုရုံချီသည် ရန်ရှီးအား အင်အားသုံး၍ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်စဉ်မှာပင် ယွန်းလန်တောင်၏ တောင်ခါးပန်းဆီမှ ဒေါသတကြီး အော်ဟစ်သံနှစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ၎င်း၏နောက်တွင် နက်နဲသောအဆင့် ကျင့်ကြံခြင်း အရှိန်အဝါနှစ်ခု ချက်ချင်း ရောက်ရှိလာခဲ့တော့သည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ ကူညီဖို့ ရောက်လာပါပြီ"
ချင်ရှန်းနှင့် ယွီမိုတို့သည် တပြိုင်နက်တည်း ရောက်ရှိလာခဲ့ကြခြင်းပင်။
ဘုန်း
သွေးကြောများ တုန်ခါသွားသည့် အသံကြီးက ဟိန်းထွက်သွားခဲ့သည်။
ချင်ရှန်းနှင့် ယွီမိုတို့ ချဉ်းကပ်လာသည့်အချိန်တွင် ဝမ်ပင်းက "ပတ်ဝန်းကျင်ကို သေချာစောင့်
ကြည့်ထားကြ တစ်ယောက်မှ လွတ်မြောက်မသွားစေနဲ့" ဟု အမိန့်ပေးလိုက်သည်။
ချင်ရှန်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ နံပါတ် ၁၃ ၏ နှုတ်ခမ်းဖျားတွင် တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် နှုတ်ခမ်းလှုပ်ရှားမှုဖြင့် သူ၏လက်အောက်ငယ်သားများကို သတင်းပေးလိုက်သည်။
"ဒီနေ့ရဲ့ အစီအစဉ်ကို နည်းနည်း ပြောင်းလဲရမယ် ထင်တယ်။ နံပါတ် ၁၂ နဲ့ နံပါတ် ၁၃ ... မင်းတို့နှစ်ယောက်က အဲဒီ နက်နဲသောအဆင့် နှစ်ယောက်ကို သွားပြီး ရင်ဆိုင်လိုက်ကြ။ ကျန်တဲ့လူတွေကတော့ ငါနဲ့အတူ မုရုံချီ ဝင်ပါမလာအောင် စောင့်ကြည့်ကြမယ်။ နံပါတ် ၁၅... မင်း သွားပြီး ဝမ်ပင်းရဲ့ ခေါင်းကို ငါ့အတွက် ဖြတ်ယူခဲ့စမ်း"
"ဟုတ်ကဲ့"
ခုနစ်ယောက်စလုံးက တပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။
နံပါတ် ၁၃ က သူ၏လက်အောက်ငယ်သားများကို ကုဒ်နံပါတ်များဖြင့် ခေါ်ဆိုနေသည့် အမူအရာကြောင့် မုရုံချီ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
သူသည် အနည်းငယ် သံသယဝင်နေခဲ့သော်လည်း မသေမျိုးဂိုဏ်း၏ နက်နဲသောအဆင့် ကျင့်ကြံသူနှစ်ဦးဆီသို့ ဦးတည်သွားကြသော လူနှစ်ယောက်က သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ ဤလူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အပြည့်အဝ သိရှိသွားခဲ့သည်။
ဂဏန်းနံပါတ် ကုဒ်နာမည်တွေ…..
သူတို့ ကိုင်ဆောင်ထားသော လက်နက်မှာ ဟွမ်ချွမ်း သွေးသောက်ဓား ဖြစ်နေခဲ့ခြင်းပင်။
သူတို့က ငွေကြေးအတွက်ဆိုလျှင် လူသတ်ရန် ဝန်မလေးကြသော ဟွမ်ချွမ်းအဖွဲ့အစည်းက အရူးတစ်စုပဲ ဖြစ်ကြသည်။
၎င်းကို သိရှိသွားခဲ့ပြီးနောက် သူသည် ရန်ရှီး၏ ရှေ့မှောက်တွင် ချက်ချင်းပင် မတ်မတ်ရပ်လိုက်တော့သည်။
သူသည် မည်သည့်နည်းနှင့်မျှ ဤတိုက်ပွဲအတွင်းသို့ ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
ဝမ်ပင်းက ရန်ရှီးကို အသုံးချ၍ သူ့အား အကူအညီတောင်းလျှင်ပင် သူ ဝင်ပါမည်မဟုတ်ပေ။
ဟွမ်ချွမ်းအဖွဲ့မှ လူများသည် အရူးများဖြစ်ကြသဖြင့် သူသည် ထိုသူများကို သွားရောက်၍ ရန်မစလိုချေ။
တစ်ချိန်တည်းမှာပင် နံပါတ် ၁၅သည် ဝမ်ပင်းထံသို့ တိုက်ရိုက်ပင် အရှိန်အဟုန်ဖြင့် ပြေးဝင်နေခဲ့ပြီ ဖြစ်သည်။
သူ၏လက်ထဲတွင် နက်မှောင်သော နီရဲရဲ ဟွမ်ချွမ်း မိစ္ဆာသောက်ဓားကို ကိုင်ဆောင်ထားလျက် သွေးကြောများ ပြင်းထန်စွာ တုန်ခါသွားသည့် အသံနှင့်အတူ သူ၏ခန္ဓာကိုယ်ကြီးမှာ မြားတစ်စင်းအလား ပစ်ထွက်သွားခဲ့တော့သည်။
"ကောင်လေး... မင်းရဲ့ အသက်ကို ပေးခဲ့စမ်း"
နံပါတ် ၁၅၏ တိုးညှိးလှသော အော်ဟစ်သံအပြီးတွင် ဝမ်ပင်းသည် သူ၏ခါးကြားမှ နက်မှောင်လှသော မီးတုတ်ကောက်လေးကို ဖြည်းညှိးစွာ ဆွဲထုတ်လိုက်သည်။
၎င်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလျက် သူသည် အဆင်ပြေဆုံးဖြစ်မည့် အနေအထားကို ရှာဖွေရန်အတွက် ရှေ့နောက် လှုပ်ရှားနေခဲ့ပြီး နံပါတ် ၁၅ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည့် ပုံစံမျိုး ရှိနေခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ရန်လီလီနှင့် အခြားသူများသည် ချက်ချင်းပင် တဟားဟား ရယ်မောလိုက်ကြပြီး "ဂိုဏ်းချုပ်က ဒီနေ့တော့ တကယ်ပဲ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားတော့မှာပါလားဗျာ" ဟု ပြောလိုက်ကြတော့သည်။
ဟွမ်ယီသည် ဝမ်ပင်း၏ လက်ထဲရှိ ပစ္စည်းကို ရုတ်တရက် လှမ်း၍ လက်ညှိုးထိုးပြလိုက်ရင်း ဘေးနားရှိလူအား အလျင်အမြန် လှည့်မေးလိုက်တော့သည်။
"ဟေး... အဲဒါ ဘာကြီးလဲ"
"မီးတုတ်ကောက်ကြီး"
"ဂိုဏ်းချုပ် ကိုယ်တိုင်လုပ်ထားတဲ့ မီးတုတ်ကောက်ပဲ"
"ဂိုဏ်းချုပ်က ဘာလုပ်နေတာလဲ... ဓားကို မီးတုတ်ကောက်တစ်ချောင်းတည်းနဲ့ ဝင်ချမလို့လား"
ထိုလူစုမှာ ရုပ်ရှင်ပွဲကြည့်နေရသည့်အလား တဂျီဂျီဖြင့် အဆက်မပြတ် စကားပြောနေကြတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း မုရုံချီမှာမူ မတတ်သာဘဲ ရင်နင့်စွာ ပြုံးလိုက်မိသည်။
"မသေမျိုးဂိုဏ်းက ဘာဖြစ်လို့ တစ်နေ့ထက်တစ်နေ့ ဟာသဆန်လာရတာလဲ။ တပည့်တွေက ထွက်ပြေးမယ့်အစား မီတာတစ်ရာအကွာကနေ တကူးတက ထိုင်ကြည့်နေကြတာ။ ဂိုဏ်းချုပ်ဆို ပိုဆိုးတယ်... နက်နဲသောအဆင့် ကျင့်ကြံသူကို သူကိုယ်တိုင်ထုထားတဲ့ မီးတုတ်ကောက်တစ်ချောင်းတည်းနဲ့ ရင်ဆိုင်မလို့တဲ့လား။ ဟွမ်ချွမ်း သွေးသောက်ဓားဆိုတာ ဒီနယ်ပယ်တစ်ခွင်မှာ ဘယ်လောက်အထိ နာမည်ကြီးတာလဲဆိုတာ သူ မသိဘူးလားမသိဘူး"
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌လည်း နောက်ထပ်တိုက်ပွဲတစ်ခု စတင်နေခဲ့ပြီ ဖြစ်သည်။
ယွီမိုသည် ဖြူဖွန်းသော ဓားအရှိန်အဝါ တစ်ဒါဇင်ခန့်ကို ခုတ်ပိုင်းထုတ်လွှတ်လိုက်ရာ ဖုန်မှုန့်များ ဝေဟင်သို့ လွင့်ပျံသွားခဲ့ပြီး လျှပ်စီးလက်သည့်အလား လျင်မြန်စွာဖြင့် နံပါတ် ၁၂ ၏ထံသို့ သွက်လက်စွာ ခုတ်ပိုင်းလိုက်တော့သည်။
သူသည် ထိုနေရာတွင်တင် ရပ်မနေဘဲ ဓားအလင်းတန်းများကို ဝဲပျံစေလျက် လက်ကို တရစပ် လှုပ်ရှားကာ ထပ်ဆင့်တိုက်ခိုက်လိုက်သည်။
ချင်ရှန်းကလည်း သဘာဝကျစွာပင် လက်နှေးမနေခဲ့ချေ။
လေထုကို ပေါက်ကွဲစေနိုင်သော လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်ရာ ပြင်းထန်လှသော သွေးကြောစွမ်းအင် လေမုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး၏ထံသို့ လိပ်ပြာလွင့်မတတ် တိုက်ခတ်သွားခဲ့တော့သည်။
ထိုမျှနှင့် ရပ်တန့်မသွားခဲ့ချေ။
နောက်ထပ် မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်ရှန်းသည် လက်သီးချက် ဆယ်ချက်ထက်မကကို ဆက်တိုက် ထိုးနှက်လိုက်ပြန်ရာ လက်သီးချက်တိုင်းတွင် နက်နဲသောအဆင့် အနိမ့်ဆုံး၏ ခွန်အားများ အပြည့်အဝ ပါဝင်နေခဲ့သည်။
ထိုလူလေးဦးမှာ ချက်ချင်းပင် ဒိန်းခနဲ ဒုန်းခနဲ လုံးထွေး၍ တိုက်ခိုက်ကြတော့သည်။
ထိုအခိုက်အတန့်၌ပင် လူရိပ်တစ်ခုသည် သူတို့၏ဘေးနားမှနေ၍ နက်မှောင်သော အရိပ်တစ်ခုအလား ဖျတ်ခနဲ ပျံသန်းထွက်ခွာသွားခဲ့ပြီး လေထဲတွင် ဝဲပျံသွားခဲ့သည်။
ဘုန်း…
ထိုအရိပ်သည် မီတာတစ်ရာခန့်အထိ လွင့်ထွက်သွားခဲ့ပြီး ချင်ရွှေလမ်းမကြီး၏ လမ်းမပေါ်သို့ ဘုန်းဘုန်းလဲကျသွားကာ မည်သည့်လှုပ်ရှားမှုမျှ ရှိမနေတော့ချေ။
ဂလွမ်း….
ဟွမ်ချွမ်း သွေးသောက်ဓား မြေပြင်ပေါ်သို့ ကျရောက်သွားသည့် အသံကြီး ထွက်ပေါ်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသည့်အခါ ရန်လီလီသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရင်း ဝမ်ပင်း၏ လက်ထဲရှိ မီးတုတ်ကောက်ကို လှမ်း၍ လက်ညှိုးထိုးပြလိုက်တော့သည်။
"မီးတုတ်ကောက် မီးတုတ်ကောက်ကြီးဗျာ"
မုရုံချီသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကိုယ့်ကိုကိုယ် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများကို အလျင်အမြန် ပွတ်သပ်လိုက်မိသည်။
ဟွမ်ချွမ်းအဖွဲ့မှ နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးမှာ ရိုက်ချက်တစ်ချက်တည်းဖြင့်တင် လွင့်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သေသေချာချာ အတည်ပြုလိုက်နိုင်သည့်အချိန်တွင် သူ၏ဘေးပတ်ပတ်လည်ရှိ ရန်လီလီနှင့် အခြားသူများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးသံများကို ကြားလိုက်ရတော့သည်။
ရန်ရှီးက တအံ့တဩဖြင့် ရေရွတ်လိုက်မိသည်။
"ဒါ... တုတ်တစ်ချက်တည်းနဲ့တင် နက်နဲသောအဆင့် တစ်ယောက်ကို ရိုက်ထုတ်ပစ်လိုက်တာလား။ ဂိုဏ်းချုပ်က ဒီလောက်အထိ အင်အားရှိတာပဲလား"
ဟွမ်းရှန်းက အခြားသူများနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် "ဂိုဏ်းချုပ်က စောစောက ဒီမီးတုတ်ကောက်ကို သူကိုယ်တိုင် လုပ်ထားတာလို့ ပြောခဲ့တယ် မဟုတ်ဘူးလား" ဟု ပြောလိုက်သည်။
ဟွမ်ယီကမူ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး "ဂိုဏ်းချုပ်က ငါတို့ကို လိမ်လိုက်တာပဲ ဖြစ်ရမယ်။ ဒီမီးတုတ်ကောက်က သေချာပေါက် မသေမျိုးသတ်ဖြတ်သူထဲက မီးတုတ်ကောက်ကြီး ဖြစ်ရမယ်" ဟု အော်ပြောလိုက်တော့သည်။
"မီးတုတ်ကောက်ကြီးက အစွမ်းထက်လွန်းတယ်"
"မီးတုတ်ကောက်ကြီးက အံ့ဩစရာကြီးပဲ"
...
ထိုအော်ဟစ်အားပေးသံများနှင့်အတူ နံပါတ် ၁၃ သည် မီတာတစ်ရာအကွာရှိရာဆီသို့ အလျင်အမြန် ပြေးဝင်သွားခဲ့ပြီး နံပါတ် ၁၅၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားခဲ့ရတော့သည်။
"နံပါတ် ၁၅... သေသွားပြီ"
ဤစကားလုံးကြောင့် ဟွမ်ချွမ်းအဖွဲ့မှ အဖွဲ့ဝင်များအားလုံးမှာ ဝမ်ပင်းအား အလွန်အမင်း အံ့ဩတုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်ကြမိသော်လည်း အများစုမှာမူ ဝမ်ပင်း၏ လက်ထဲရှိ မီးတုတ်ကောက်အပေါ်သို့သာ အာရုံရောက်နေခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိ အော်ဟစ်အားပေးသံများကို ကြားလိုက်ရသည့်အခါ နံပါတ် ၁၃ က ချက်ချင်းပင် "သတိထားကြစမ်း... အဲဒီကောင်လေးရဲ့ လက်ထဲက တုတ်က တကယ်ကိုပဲ အစွမ်းထက်လွန်းတဲ့ ထူးခြားဆန်းပြားတဲ့ ရတနာတစ်ခုပဲ" ဟု သတိပေးလိုက်တော့သည်။
သူ့ဘေးနားရှိလူက မျက်မှောင်ကုတ်လိုက်ရင်း "ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ" ဟု လှမ်းမေးလိုက်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို အသုံးချလျက် နံပါတ် ၁၃ သည် ချက်ချင်းပင် အဖြေတစ်ခုကို တွေးတောမိသွားခဲ့ပြီး ဘေးနားရှိလူများကို နှုတ်ခမ်းလှုပ်ရှားမှုဖြင့် အမိန့်ပေးလိုက်တော့သည်။
"အဲဒီကောင်လေးက သွေးကြောတံခါးကို မဖွင့်ရသေးဘူး သူက နက်နဲသောအဆင့် ကျင့်ကြံသူ မဟုတ်တာ သေချာတယ်။ သူ့နားကို အနီးကပ် သွားမကပ်ကြနဲ့ ဒါဆိုရင် အဲဒီတုတ်က ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ အကွာအဝေးတစ်ခုကို ထိန်းထားကြပြီး သွေးကြောသိုင်းကွက်တွေကို သုံးပြီးတော့ပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို အမှုန့်ခြေပစ်ကြစမ်း"
အခန်း။ ၁၇၆
"ဒါပေမဲ့ ကျွန်တော်တို့ လေးယောက်လုံးက အနီးကပ်တိုက်ခိုက်ရတဲ့ သွေးကြောသိုင်းကွက်တွေကိုပဲ ကျင့်ကြံထားတာဗျ"
"ဒါဆိုရင် ဘယ်သူက အဝေးကနေ တိုက်ခိုက်နိုင်မှာလဲ"
"နံပါတ် ၁၂ တစ်ယောက်ပဲ အဝေးတိုက်ခိုက်ရေး သွေးကြောသိုင်းကွက်ကို ကျင့်ကြံထားတာ။ သူ့ရဲ့ သွေးမျိုးဆက်မီးလျှံသုံးဆင့်သိုင်းကွက်က အဝါရောင်အဆင့်နိမ့် ကျင့်စဉ်ပဲဆိုပေမဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ အခု သူက လက်မအားဘူး ဖြစ်နေတယ်"
"ပြီးပြည့်စုံတဲ့အဆင့် ရောက်နေတဲ့ သွေးမျိုးဆက်မီးလျှံသုံးဆင့် ဟုတ်လား... နံပါတ် ၁၂ က ကျင့်ကြံခြင်းမှာ ဒီလောက်အထိ ကြိုးစားလိမ့်မယ်လို့ မထင်ထားမိဘူး။ နံပါတ် ၁၆ ... မင်း နံပါတ် ၁၂ ရဲ့နေရာကို ဝင်ယူပြီး အဲဒီဓားကိုင်ထားတဲ့ နက်နဲသောအဆင့်ကျင့်ကြံသူကို သွားရင်ဆိုင်လိုက်"
အလွန်တိုတောင်းလှသော အချိန်အတွင်းမှာပင် နံပါတ် ၁၃ သည် အစီအစဉ်တစ်ခုကို ချက်ချင်းတွေးတောမိသွားပြီး အသံကိုနှိမ့်ကာ အော်ဟစ်လိုက်တော့သည်။
"နံပါတ် ၁၂ ... နောက်ဆုတ်ခဲ့တော့"
ထိုစကားကို ကြားလိုက်ရသည့်အခါ ယွီမိုနှင့် အပြင်းအထန် တိုက်ခိုက်နေရသော နံပါတ် ၁၂ သည် သူ၏သွေးကြောများကို ချက်ချင်းပင် ဆင့်ခေါ်လိုက်တော့သည်။
သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ သွေးကြောစွမ်းအင်များမှာ အလုံးစုံ စုစည်းသွားခဲ့ပြီးနောက် နံပါတ် ၁၂ က လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ထိုစွမ်းအင်ထုကြီးမှာ ယွီမို၏ထံသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
ယွီမိုသည် ဓားဖြင့် နံပါတ် ၁၂ ချက် ဆက်တိုက် ခုတ်ပိုင်းလိုက်ရာ ဖြူဖွန်းသော ဓားအရှိန်အဝါ နံပါတ် ၁၂ ခုမှာ ပြေးဝင်လာသော သွေးကြောစွမ်းအင်ထုကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ဓားအရှိန်အဝါများ ဝင်ရောက်သွားသည့်အခါ မူလက ဘာမျှမဖြစ်သကဲ့သို့ ရှိနေခဲ့သော်လည်း ဓားအလင်းတန်းများ ပိုမိုများပြားလာသည်နှင့်အမျှ ထိုသွေးကြောစွမ်းအင်ထုကြီး၏ ခုခံနိုင်စွမ်းမှာ အလုံးစုံ ပျက်ပြားသွားခဲ့ရတော့သည်။
ကွက်တိ ထိုအခိုက်အတန့်၌ပင် နံပါတ် ၁၂ သည် အလျင်အမြန် နောက်ဆုတ်သွားခဲ့ပြီး နံပါတ် ၁၆ က ချက်ချင်းပင် နေရာဝင်ယူကာ သူ၏ဓားကို ဝှေ့ယမ်းလျက် ယွီမိုအား ဝင်ရောက်ရင်ဆိုင်လိုက်တော့သည်။
နံပါတ် ၁၆ သည် ဓားကို တရစပ် ဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော ကျားရဲတစ်ကောင်၏ အရှိန်အဟုန်ဖြင့် ယွီမိုအား ခုနစ်ချက်၊ ရှစ်ချက်ခန့် ဆက်တိုက် ခုတ်ပိုင်းလိုက်ရာ ချက်တိုင်း ချက်တိုင်းမှာ ယွီမိုအား နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွါသွားစေခဲ့သည်။
"မိတ်ဆွေ... ငါ့ကိုကော မင်းနဲ့အတူ ပျော်ပျော်ပါးပါး ကစားခွင့် မပေးချင်ဘူးလား"
"ရိုင်းစိုင်းတဲ့မျိုးနွယ်ခြောက်ဓားသိုင်း"
ယွီမို၏ မျက်နှာမှာ တင်းမာသွားခဲ့ပြီး မျက်မှောင်ကုတ်လျက် ဆိုက်ရောက်လာသောလူအား စိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏လက်များကို ခါယမ်းလိုက်ရင်း ဓား၏ အရှိန်အဟုန်ကြောင့် ကျန်ရှိနေသော တုန်ခါမှုစွမ်းအင်များကို လူစုခွဲဖျက်ဆီးပစ်လိုက်တော့သည်။
နံပါတ် ၁၆ က တဟားဟား ရယ်မောလိုက်ရင်း "မင်းက မျက်စိလျင်တာပဲ မိတ်ဆွေ... ငါ့ရဲ့ဓားသိုင်းကို တန်းပြီး သိတယ်ပေါ့။ ဒါပေမဲ့ နှမြောစရာကောင်းတာကတော့ ငါက မင်းရဲ့ အမည်မရှိတဲ့ ဓားသိုင်းကို မသိတာပဲဗျာ" ဟု ပြောလိုက်သည်။
ထိုစကား ပြောပြီးစမှာပင် နံပါတ် ၁၆ ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးခဲသွားခဲ့ရတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏အနောက်ဘက်ဆီမှ ဓားကျိုးသွားသည့် အသံကြီး ထွက်ပေါ်လာခဲ့သောကြောင့်ပင်။
သူ လှည့်ကြည့်လိုက်သည့်အခါ သူ့ရဲဘော်ရဲဘက်၏ ဟွမ်ချွမ်း သွေးသောက်ဓားမှာ နှစ်ပိုင်းကျိုးသွားခဲ့ရပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
ဓားနှင့် တုတ်ချောင်း ထိပ်တိုက်တွေ့ဆုံသွားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ထက်မြက်လှပမှုကြောင့် နာမည်ကျော်ကြားလှသော ဟွမ်ချွမ်းဓားမှာ သစ်သားတုံးတစ်ခုကဲ့သို့ပင် အလွန်အမင်း ကြွပ်ဆတ်လွန်းနေခဲ့သည်။
ဤသို့ အာရုံလွင့်သွားခြင်းကြောင့်ပင် ယွီမို၏ ဓားအရှိန်အဝါမှာ သူ၏ထံသို့ တိုက်ရိုက်ပင် ပြေးဝင်လာခဲ့သည်။
အလန့်တကြားဖြစ်သွားသော နံပါတ် ၁၆ သည် သူ၏ဓားကို အလျင်အမြန်ပင် ကာကွယ်ရန် ဝှေ့ယမ်းလိုက်ရာ ဓားအရှိန်အဝါအများစုမှာ ပျယ်ပျယ်သွားခဲ့သော်လည်း ကျန်ရှိနေသော ဓားအရှိန်အဝါနှစ်ခုမှာမူ သူ၏အလိုအတိုင်း လွတ်လပ်စွာ ဖြတ်သန်းသွားခဲ့ပြီး သူ၏ပုခုံးနှင့် လက်မောင်းကို ချက်ချင်းပင် ဖြတ်တောက်သွားခဲ့သဖြင့် သွေးများ တရဟော စီးကျလာခဲ့တော့သည်။
"ဒီအချိန်အထိ အာရုံလွင့်ရဲသေးတယ်ပေါ့"
ယွီမိုက ပြုံးလျက် အော်ဟစ်လိုက်ပြီး သူ၏ဓားကို မြှောက်ကာ နံပါတ် ၁၆ ၏ထံသို့ တိုက်ရိုက်ပင် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့တော့သည်။
နံပါတ် ၁၆ ၏ မျက်နှာမှာ ခဏချင်းမှာပင် ဆီးနှင်းကဲ့သို့ ဖြူလျော်သွားခဲ့ရပြီး ယွီမိုအား ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်ရင်း "လေလွင့်ဓားသိုင်း... မင်းက လေလွင့်ဓား ယွီမိုပဲ" ဟု ရေရွတ်လိုက်မိသည်။
ယွီမိုက ပြုံးလျက် "တွေ့ရတာ ဝမ်းသာပါတယ်... ငါ့ရဲ့နာမည်က မင်းတို့ထက် နည်းနည်းလေး ပိုပြီး ကြီးမားရုံပါပဲ" ဟု ပြန်ဖြေလိုက်သည်။
နံပါတ် ၁၆ သည် စိတ်ထဲမှ မအောင့်နိုင်ဘဲ ကျိန်ဆဲလိုက်မိတော့သည်။
လေလွင့်ဓားက ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ။
တောက်... အရှေ့အိုင်တစ်ခုလုံးမှာ နာမည်ကြီးလှတဲ့ လေလွင့်ဓားနဲ့ ရင်ဆိုင်နေရတာကို ငါ ပေါ့ဆမိသွားတာပဲ။
သို့သော်လည်း နောင်တရရန် အချိန်နှောင်းသွားခဲ့ကာ သွေးများစွာ ထွက်သွားခဲ့ခြင်းကြောင့် နံပါတ် ၁၆ ၏ နောက်ဆုတ်နေသော ခြေလှမ်းများမှာ ပျော့ခွေ၍ အားနည်းသွားခဲ့ရသည်။
"နံပါတ် ၁၆ နံပါတ် ၁၆ ... နံပါတ် ၁၂ ... မြန်မြန်လုပ်စမ်း"
နံပါတ် ၁၆ အား အကြိမ်ကြိမ် လှမ်းခေါ်သော်လည်း မထူးသဖြင့် နံပါတ် ၁၃ သည် ဒေါသတကြီး ဖြစ်သွားခဲ့ပြီး နံပါတ် ၁၂ အား အမြန်ဆုံး လှုပ်ရှားရန် ညွှန်ကြားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏လက်ထဲရှိ ဓားကို မြှောက်ကာ ယွီမိုအား ကြားဖြတ်ပိတ်ဆို့လိုက်ပြီး နံပါတ် ၁၆ ၏ အသက်ကို နှုတ်ယူတော့မည့် သေစေနိုင်သော ရိုက်ချက်အား လွှဲပြောင်းကာကွယ်ပေးလိုက်သည်။
ထို့နောက်တွင် သူ၏သွေးကြောတံခါးကို ပွင့်အန်စေလျက် ဓားဖြင့် ခုတ်ပိုင်းကာ ယွီမိုနှင့်အတူ အပြင်းအထန် လုံးထွေး၍ တိုက်ခိုက်လိုက်တော့သည်။
လေလွင့်ဓား ဟုတ်လား။
အရှေ့အိုင်၏ နံပါတ်တစ် ဓားသိုင်းဖြစ်သည့် ပညာရှိဓားသိုင်းဆရာသခင်ကိုယ်တိုင် ရောက်လာရင်တောင်မှ သူသည် နံပါတ် ၁၆ အတွက် ကလဲ့စားချေရန် ထိုသူအား သေချာပေါက် သတ်ဖြတ်ရမည်သာ ဖြစ်သည်။
ထိုအချိန်တွင် နံပါတ် ၁၂ သည် နံပါတ် ၁၃ ၏ စကားကို ကြားလိုက်ရသည့်အခါ ခေါင်းညိတ်ပြလိုက်ပြီး သူ၏အကြည့်မှာ ဝမ်ပင်းနှင့် သူ၏ရဲဘော်ရဲဘက်များ တိုက်ခိုက်နေကြသော မြင်ကွင်းပေါ်သို့ ကျရောက်သွားခဲ့သည်။
နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူ သုံးဦးစလုံးသည် သူတို့၏ ဓားသိုင်းကို အသုံးပြုလိုက်သည့် အကြိမ်တိုင်းတွင် ဝမ်ပင်း၏ တုတ်ချက်ကြောင့် လွင့်ထွက်သွားခဲ့ကြရသည်။
သို့သော်လည်း ဝမ်ပင်းက သူ၏တုတ်ချောင်းကို အပေါ်မှနေ၍ ဝှေ့ယမ်းရိုက်ချလိုက်သည့် အခါ၌မူ သူတို့သည် ဟွမ်ချွမ်း သွေးသောက်ဓားဖြင့် မကာကွယ်ရဲကြတော့ချေ။
သူတို့အားလုံး နားလည်ထားကြသည်မှာ ထိုသို့ကာကွယ်လိုက်ပါက မည်သို့သော ရလဒ်ထွက်ပေါ်လာမည်ဟူ၍ပင်။
ဟွမ်ချွမ်း သွေးသောက်ဓားမှာ စက္ကူကဲ့သို့ပင် ဖြစ်သွားလိမ့်မည်ဖြစ်ပြီး ထိလိုက်သည်နှင့် ဓားသွားမှာ လိပ်သွားကာ အင်အားအနည်းငယ် ပိုစိုက်လိုက်သည်နှင့် တစစီ ပြိုကွဲပျက်စီးသွားလိမ့်မည်ပင်။
ဓားသိုင်းကို အဓိကအသုံးပြုကြသော နက်နဲသောအဆင့် ကျင့်ကြံသူများအဖို့ ဓားမရှိတော့ပါက အနီးကပ်တိုက်ခိုက်ခြင်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။
သို့သော်ငြားလည်း သူတို့၏ ခန္ဓာကိုယ်များမှာ ဟွမ်ချွမ်း သွေးသောက်ဓားထက်ပင် အဆပေါင်းများစွာ ပိုမိုနူးညံ့ပျော့ပျောင်းနေခဲ့ရာ ထိုတုတ်ချက်နှင့် ထိမှန်သွားခဲ့မည်ဆိုပါက အရိုးများအားလုံး အမှုန့်ဖြစ်သွားရုံသာ ရှိပေလိမ့်မည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ နံပါတ် ၁၂ က စိတ်ထဲမှ တုန်လှုပ်ကာ အံ့ဩသွားခဲ့ရတော့သည်။
သွေးကြောတံခါးကိုပင် မဖွင့်ရသေးသော လူတစ်ယောက်က တုတ်တစ်ချောင်းတည်းကို အားကိုးလျက် နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူ သုံးဦးစလုံးကို ဤမျှအထိ ဖိနှိပ်ထားနိုင်လိမ့်မည်ဟု အပြင်မှာ သွားပြောလျှင် မည်သူမျှ သေချာပေါက် ယုံကြည်ကြမည်မဟုတ်ချေ။
ယုံကြည်ရခက်သည်မှာ ဟွမ်ချွမ်းအဖွဲ့မှ လူများက ဤကဲ့သို့ ခွေးသေဝက်သေ အရိုက်ခံနေရသည်ဟူသော အချက်ပင်။
အဖြူရောင်ပုံဆောင်ခဲ ၅၀ ဆုကြေးငွေဟူသည်မှာ သာမန်ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ခဲ့ချေ။
ဤတစ်ကြိမ် လာရောက်စုံစမ်းခြင်းက ကြီးမားလှသော ပြဿနာကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး သူတို့ဘက်မှ အထိနာစေရုံတင်မကဘဲ ဤဆုကြေးငွေကို မျှော်လင့်နေကြသော အခြားအင်အားစုများကိုပါ အရိပ်တစ်ခုကို လိုက်လံဖမ်းဆွဲနေရသကဲ့သို့ ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ရှူး
နံပါတ် ၁၂ သည် ဟွမ်ချွမ်း သွေးသောက်ဓားကို မြှောက်ကာ သူ၏လက်ဝါးကို ဖြတ်လိုက်ပြီးနောက် ၎င်းကို အဝေးသို့ လွှင့်ပစ်လိုက်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်တော့သည်။
သွေးများသည် ခဏချင်းမှာပင် သူ၏လက်ဝါးတစ်ဝက်ခန့်ကို နီရဲစွာ စွန်းထင်သွားစေခဲ့ပြီး တဆက်စပ်တည်း စီးကျလာခဲ့သော်လည်း နံပါတ် ၁၂ မှာမူ ၎င်းကို အရေးတယူ ငုံ့ကြည့်မနေခဲ့ချေ။
နံပါတ် ၁၂ ၏ သွေးကြောတံခါး တုန်ခါသွားသည်နှင့်အမျှ အပြာရောင် သွေးကြောစွမ်းအင်များမှာ ရုတ်တရက် သွေးကဲ့သို့ နီရဲသော သွေးကြောစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့သည်။
သွေးကြောစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့သို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့ရာ လေထုထဲတွင် သွေးညှီနံ့များ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ပြီး ၎င်းကို တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့် စိတ်နှလုံးကို လေးလံထုံထိုင်းသွားစေနိုင်သည်။
၎င်းကို မြင်လိုက်ရသည့်အခါ မုရုံချီသည် ရန်ရှီး နောက်ဆုတ်ရန် ဆန္ဒရှိမရှိကို ဂရုမစိုက်နိုင်တော့ဘဲ သူမ၏လက်ကို ဆွဲကာ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့တော့သည်။
"မြန်မြန်... နောက်ဆုတ်ကြစမ်း ဒီကောင်က ပြီးပြည့်စုံတဲ့အဆင့် လျှို့ဝှက်နည်းစနစ်ကို သုံးနေတာဗျာ။ မီတာတစ်ရာ ပတ်လည်အတွင်းမှာ ဘယ်အရာမှ ရှင်သန်ကျန်ရစ်မှာ မဟုတ်ဘူး"
မုရုံချီသည် စိတ်ထဲမှ အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။
ဟွမ်ချွမ်းအဖွဲ့မှ လူများသည် တကယ်ကိုပဲ ပုံမှန်မဟုတ်သော အရူးများ ဖြစ်ကြသည်။ ၎င်းမှာ နက်နဲသောအဆင့် အနိမ့်ဆုံးမျှသာ ရှိသေးသော်လည်း အဝါရောင်အဆင့် အနိမ့်ဆုံး သွေးကြောသိုင်းကွက်ကို ပြီးပြည့်စုံသည့်အဆင့်အထိ ကျင့်ကြံထားနိုင်ရုံတင်မက ၎င်းကို သူ၏ သွေးမျိုးဆက်ဖြင့် လျှို့ဝှက်နည်းစနစ်တစ်ခုအဖြစ်ပါ ပြောင်းလဲပစ်နိုင်ခဲ့သည်။
"ဒီလောက်စွမ်းရည်မျိုးနဲ့ဆိုရင် နက်နဲသောအဆင့် အလယ်အလတ်ကျင့်ကြံသူတွေနဲ့တောင် ရင်ဆိုင်လို့ရနေပြီ မဟုတ်ဘူးလား"
မုရုံချီ နောက်ဆုတ်သွားခဲ့သည့် အချိန်မှာပင် ဝမ်ပင်းနှင့် လုံးထွေးနေခဲ့ကြသော နက်နဲသောအဆင့် အလယ်အလတ် ကျင့်ကြံသူ သုံးဦးသည်လည်း အလျင်အမြန်ပင် နောက်ဆုတ်ရန် ပြင်ဆင်လိုက်ကြသည်။
ဝမ်ပင်းက ၎င်းကို သတိပြုမိသွားခဲ့ပြီး ခပ်ဖွဖွ ပြုံးလိုက်ရင်း အပေါ်သို့ ခုန်တက်ကာ အနောက်မှနေ၍ လိုက်လံတိုက်ခိုက်လိုက်ပြီး ထိုသူများအနက် တစ်ဦး၏အနောက်ဘက်သို့ မီးတုတ်ကောက်ဖြင့် လှမ်း၍ ရိုက်ချလိုက်တော့သည်။
ဂျွတ်ခနဲ အသံကြီး ထွက်ပေါ်လာခဲ့ပြီး ၎င်းမှာ ကျောရိုးဆစ် ကျိုးသွားသည့် အသံပင်။
ထိုလူ၏ မျက်လုံးများမှာ ငြိမ်းသတ်သွားသော ဖယောင်းတိုင်မီးအလား မှေးမှိန်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားခဲ့ရာ အသက်ရှူရုံမျှသာ တတ်နိုင်တော့သည့် ပုံစံမျိုး ရှိနေတော့သည်။
သူ၏ နောက်ထပ်ရဲဘော်တစ်ဦး လဲကျသွားသည်ကို မြင်လိုက်ရသည့်အခါ နောက်ဆုတ်နေသော လူတစ်ဦး၏ ခြေလှမ်းများမှာ တုန့်ခနဲ ဖြစ်သွားခဲ့ရပြီး မအောင့်နိုင်ဘဲ ဆဲရေးတိုင်းထွာလိုက်မိတော့သည်။
"တောက်... ဘာဖြစ်လို့ အဲဒီတုတ်က ဒီလောက်အထိ နတ်ဆိုးဆန်နေရတာလဲ"
အခြားတစ်ယောက်က သူ့ကို အမြန်ဆွဲခေါ်လိုက်ရင်း "ထားလိုက်တော့... နံပါတ် ၁၂ က သွေးမျိုးဆက်မီးလျှံသုံးဆင့်ကို ထုတ်သုံးနေပြီ" ဟု ပြောလိုက်သည်။
ဒီခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကောင်က သက်သက်မဲ့ ကျင့်ကြံလာခဲ့တာလား။
ထိုလူသည် စိတ်ထဲမှ ဒေါသတကြီး ကျိန်ဆဲလိုက်မိပြီး ခြေလှမ်းများကို အရှိန်မြှင့်ကာ အလောတကြီး ဆုတ်ခွာသွားခဲ့တော့သည်။
သွေးမျိုးဆက်မီးလျှံသုံးဆင့်က အစွမ်းထက်သော်လည်း ရက်စက်လွန်းလှသည်။
သူတို့သည် နောက်ဆုတ်သွားရန်သာ တတ်နိုင်တော့သဖြင့် နံပါတ် ၁၂ တစ်ယောက်တည်းသာ ဝမ်ပင်းနှင့် ရင်ဆိုင်ရန် ကျန်ရှိတော့သည်။
ထိုလူနှစ်ယောက် နောက်ဆုတ်သွားသည့် အခိုက်အတန့်တွင် နံပါတ် ၁၂ ၏ နှုတ်ခမ်းဖျား၌ တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး "ကောင်လေး... မင်းရဲ့လက်နက်က အရှေ့အိုင်ရဲ့ ထိပ်တန်း မှော်ရတနာ ဆယ်ပါးထဲမှာ ပါဝင်နိုင်လိမ့်မယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာကတော့ မင်းရဲ့ကျွမ်းကျင်မှုက အလွန်အမင်း အားနည်းလွန်းနေတာပဲ" ဟု ပြောလိုက်သည်။
စကားဆုံးသည်နှင့် နံပါတ် ၁၂ သည် လက်ကို ဖြန့်လိုက်ရာ သွေးချင်းချင်းနီနေသော လက်ဝါးကြီး ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်၌ပင် ရေတွက်၍မရနိုင်သော သွေးနီရောင် မီးလျှံများက လက်ဝါးပြင်ပေါ်မှ ထွက်ပေါ်လာခဲ့ပြီး ပျားအုပ်ကြီးတစ်ခုအလား ဝမ်ပင်းထံသို့ တဟုန်ထိုး အုပ်မိုးလျက် ပြေးဝင်သွားခဲ့တော့သည်။
"မင်း မြေလျှိုးနိုင်ရင် လျှိုးလိုက်စမ်း... မဟုတ်ရင်တော့ ဒီသွေးမျိုးဆက်မီးလျှံနဲ့ ထိမှန်သွားတာနဲ့ မင်းရဲ့သွေးတွေက ဆီမီးအိမ်လိုမျိုး တောက်လောင်သွားပြီး မင်းကိုယ်မင်း ပြာကျတဲ့အထိ လောင်ကျွမ်းသွားစေရမယ်"
နံပါတ် ၁၂ ၏ စကားသံများနှင့်အတူ ဝမ်ပင်းသည် သူ၏ထံသို့ ချဉ်းကပ်လာသော သွေးနီရောင် မီးလျှံများကို မော့ကြည့်လိုက်ရင်း "သွေး ဟုတ်လား... တကယ်ပါပဲ ဒီလို အကွက်ကြီးကို သုံးဖို့ မင်းရဲ့ ကိုယ်ပိုင်သွေးကို ဘာဖြစ်လို့ အလဟဿ အသုံးချနေရတာလဲ" ဟု ပြောလိုက်သည်။
မီးတုတ်ကောက်ကြီးကို မြှောက်လိုက်ပြီးနောက် နက်မှောင်နေသော နီနီရဲရဲ သွေးသောက် ပုလဲလုံးပေါ်တွင် ရက်စက်ယုတ်မာလှသော အလင်းတန်းတစ်ခု ဖျတ်ခနဲ ဖြစ်သွားခဲ့သည်။
ထူးခြားဆန်းပြားသော လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိမနေခဲ့သော်လည်း ထိုအလင်းတန်း ပျောက်
ကွယ်သွားသည့် အချိန်၌မူ ပတ်ဝန်းကျင်ရှိ သွေးညှီနံ့များနှင့် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော သွေးနီရောင် မီးလျှံများအားလုံးမှာ မီးတုတ်ကောက်ကြီးအတွင်းသို့ ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရတော့သည်။
"မဖြစ်နိုင်တာ"
နံပါတ် ၁၂ ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ အပြည့်အဝ ပေါ်ထွက်လာခဲ့သည်။
သူ၏ လျှို့ဝှက်နည်းစနစ်ကြီးမှာ ထိုသစ်သားတုတ်ချောင်းကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ထိုအချိန်၌ပင် မူလက နောက်ဆုတ်ရန် ပြင်ဆင်နေခဲ့သော ရန်လီလီသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မီးတုတ်ကောက်ကြီးကို ဝမ်းသာအားရ ကြည့်ကာ "ကြည့်စမ်းဦး... မီးတုတ်ကောက်ကြီးက အဲဒီလျှို့ဝှက်နည်းစနစ်ကို ဝါးမြိုပစ်လိုက်ပြီဗျို့" ဟု အော်ဟစ်လိုက်တော့သည်။
"ဝါး... ဒါက..."
"မီးတုတ်ကောက်ကြီးက တကယ်ကို အစွမ်းထက်လွန်းတာပဲ မဟုတ်ဘူးလား"
ချင်ရှန်းနှင့် အခြားသူများက တအံ့တဩ ဆွေးနွေးနေကြစဉ်မှာပင် ဘေးနားရှိ ယွန်းလျောင်က ဝင်ရောက် ပြောဆို လိုက်သည်။
"ဒါက နှလုံးမည်း သခင်ကြီးသွန်းလုပ်ထားတဲ့ သွေးသောက် ပုလဲလုံးပဲ ဖြစ်ရမယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က လူသားတွေရဲ့ သွေးတွေကို စုပ်ယူပြီး ကိုယ့်ကိုကိုယ် အာဟာရဖြစ်စေတာပဲ"
ဟွမ်းချိန်က ချက်ချင်းပင် "ဩော်... ဟုတ်သားပဲ။ မီးတုတ်ကောက်ပေါ်မှာလည်း သွေးသောက် ပုလဲလုံး ရှိနေတာပဲ။ ဒါဆိုရင် ဒီမိတ်ဆွေက သူ့လက်ကို ဓားနဲ့လှီးလိုက်တာက သေတွင်းထဲ သက်သက်မဲ့ တိုးဝင်လိုက်တာပဲ မဟုတ်လား" ဟု ပြန်လည်တုံ့ပြန်လိုက်သည်။
ဟွမ်ယီကလည်း တိုးညှိးစွာဖြင့် မပြောဘဲ မနေနိုင်ခဲ့ချေ။
"တကယ်ကိုပဲ အလိမ်အညာ ကောင်းလွန်းတယ်။ ဂိုဏ်းချုပ်က ဒါကို သူကိုယ်တိုင် လုပ်ထားတာပါလို့ ငါတို့ကိုတောင် လိမ်ခဲ့သေးတယ်။ အခုတော့ သွေးသောက် ပုလဲလုံးကြီး ပေါ်လာပြီလေ"
ရန်ရှီးက "ဂိုဏ်းချုပ်က သေချာပေါက် စိမ်းပြာရောင်တိမ်တိုက်ဂိုဏ်း ဆီကို သွားခဲ့ပြီး ရှောင်ဖန်ကို လိမ်ညာခဲ့တာ ဖြစ်ရမယ်" ဟု မှတ်ချက်ပြုလိုက်တော့သည်။
လူတိုင်း၏ ဆွေးနွေးငြင်းခုံမှုများကြားမှာပင် နံပါတ် ၁၂ နှင့် နံပါတ် ၁၆ တို့သည် ခြောက်သွေ့နေသော လူသေကောင်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ကြရသည်။
မည်းမှောင်နေသော အရေပြားများမှာ အရိုးများပေါ်တွင် ကပ်ညှိနေခဲ့ပြီး သူတို့၏ ပါးစပ်များမှာလည်း အဟောင်းသား ပွင့်နေခဲ့ကာ ပြန်လည်စိပိတ်၍ မရနိုင်တော့ချေ။
မုရုံချီသည် ဤမြင်ကွင်းကို ဆွံ့အစွာဖြင့် ငေးကြည့်နေခဲ့မိပြီး ရန်ရှီး၏လက်ကို လွှတ်ပေးလိုက်ရာ သူမသည် အနောက်ဘက်ဆီသို့ အပြေးအလွှား ပြန်လည်ရောက်ရှိသွားခဲ့တော့သည်။
ဝမ်ပင်းအား ပြန်လည်လှည့်ကြည့်လိုက်သည့် အချိန်ကျမှသာ သူသည် ဤမသေမျိုးဂိုဏ်းကို အလွန်အမင်း လျှော့တွက်မိသွားခဲ့ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ရတော့သည်။
ထိုမီးတုတ်ကောက်ဟု ခေါ်ဆိုသော ပစ္စည်းနှင့်ဆိုပါက နက်နဲသောအဆင့် အနိမ့်ဆုံး ကျင့်ကြံသူများ ရောက်ရှိလာခြင်းမှာ သေတွင်းထဲသို့ သက်သက်မဲ့ လာရောက်တိုးဝင်ခြင်းနှင့်သာ တူညီပေလိမ့်မည်။
ဂိုဏ်းရာပေါင်းများစွာ မဟာမိတ်အဖွဲ့ ပင်လျှင် ဘာဖြစ်လို့ မောင်းထုတ်ခြင်း ခံလိုက်ရလဲဆိုတာ မဆန်းတော့ချေ။