← Chapters

အခန်း (၅၈၃-၅၈၄)

Vol. 54 Ch. 583-584

အခန်း (၅၈၃-၅၈၄)

Vol. 54 Ch. 583-584

အပိုင်း (၅၈၃)

နယ်မြေဧရိယာသည် စတုရန်းလီ ၇ သန်းနီးပါး တိုးပွားလာခဲ့သည်။

ပြည်တွင်းသယံဇာတသည်လည်း ငွေတေး ၁ ဘီလီယံနီးပါး တိုးတက်လာခဲ့သည်။

လူဦးရေမှာလည်း သန်း ၆၀ထိ တိုးပွားလာခဲ့ပြန်သည်။

စုစုပေါင်း နိုင်ငံတော်စွမ်းအားသည်လည်း ၈,၀၀၀ နီးပါး တိုးတက်လာခဲ့ပြီး တစ်ဟုန်ထိုးပင် ၆၀,၀၀၀ အမှတ်အသားကို ချိုးဖျက်သွားနိုင်ခဲ့လေသည်။

လင်းပိုင်ဖန်သည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။ လက်တွေ့တိုက်ပွဲ ဆင်နွှဲခြင်းသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားစေရုံသာမက ကြီးမားလှသော အကျိုးကျေးဇူးများကိုပါ တစ်ပါတည်း သယ်ဆောင်လာပေးခဲ့သည်။

ဤသို့ဆိုလျှင် နောင်တစ်ချိန် နတ်ဘုရားအင်ပါယာအဆင့်သို့ တက်လှမ်းသည့်အခါတွင် အဟန့်အတားများစွာ လျော့နည်းသွားပေလိမ့်မည် ဖြစ်သည်။

မကြာမီအချိန်အတွင်းမှာပင် အရပ်မျက်နှာအနှံ့၌ စစ်ပွဲများ ဆင်နွှဲနေခဲ့ကြသော ဗိုလ်ချုပ်ကြီးများနှင့် သိုင်းပညာရှင် အာဇာနည်သူရဲကောင်းများအားလုံး ပြန်လည်ရောက်ရှိလာကြသည်။

လင်းပိုင်ဖန်သည် စစ်တပ်ကြီးကို ဆုလာဘ်များ အလျှံပယ် ချီးမြှင့်လေတော့သည်။ ငွေမက်သူများကို ငွေများ ပိုမိုပေးသနားပြီး၊ ရာထူးလိုချင်သူများကိုမူ ရာထူးတိုးမြှင့်ခြင်းနှင့် ဘွဲ့ထူးအဆင့်အတန်းများ ပေးအပ်ခဲ့သည်။ သိုင်းပညာရပ် တိုးတက်လိုသူများကိုမူ နတ်ဘုရားဆေးလုံးများနှင့် အဖိုးတန်သိုင်းကျမ်းများကို ပေးသနားခဲ့သဖြင့် လူတိုင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပြီး ဧကရာဇ်မင်းမြတ်၏ ကျေးဇူးတော်ကို အထူးပင် လှိုက်လှိုက်လှဲလှဲ အောက်မေ့မိကြတော့သည်။

ထိုအချိန်တွင် ဝန်ကြီးဟီရှန်း ဦးဆောင်သော အရပ်ဘက်အရာရှိကြီးများသည် ရှေ့သို့ ခြေတစ်လှမ်း တိုးထွက်လာခဲ့ကြပြီး စိတ်လှုပ်ရှားစွာဖြင့် - "အရှင်မင်းကြီး... အခုအချိန်က ကျွန်တော်မျိုးတို့ရဲ့ မဟာရှနိုင်ငံကို နတ်ဘုရားအင်ပါယာအဖြစ် တရားဝင် ကြေညာရမယ့် အချိန်ကျရောက်လို့ လာပါပြီ..." ဟု လျှောက်တင်လိုက်ကြသည်။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - "ဝန်ကြီးဟီ... မောင်မင်းက ဘာဖြစ်လို့ ဒီလို ပြောရတာလဲ..." ဟု မေးမြန်းလိုက်သည်။

ဟီရှန်းက အလွန်အမင်း စိတ်လှုပ်ရှားနေသော လေသံဖြင့် - "ယခုအခါ ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံရဲ့ နယ်မြေဟာ စတုရန်းလီ သန်း ၄၀ နီးပါး ရှိနေပြီဖြစ်ပြီး လူဦးရေဟာလည်း သန်း ၄၀၀ ကျော်သွားပါပြီ အရှင်မင်းကြီး။ နှစ်စဉ်နှစ်တိုင်းလည်း ကောက်ပဲသီးနှံတွေ အထွက်တိုးပြီး ပြည်သူတွေဟာလည်း ဝဝလင်လင် စားသောက်ရကာ အင်အားတောင့်တင်းနေကြပါပြီ"

"စစ်အင်အားပိုင်းမှာ ကြည့်မယ်ဆိုရင်လည်း မဟာရှနိုင်ငံမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် ကိုးဦး၊ ချီဖွဲ့တည်ခြင်းအဆင့် နှစ်ရာကျော် ရှိနေတဲ့အပြင် မဟာကောင်းကင်အဆင့်ကိုတောင် ယှဉ်နိုင်တဲ့ နိုင်ငံတော်စောင့် နတ်ဓားတစ်လက် ရှိနေပါတယ်။ စစ်ပွဲတွေမှာဆိုရင်လည်း ထိပ်တန်းအင်ပါယာကြီး လေးခုရဲ့ မဟာမိတ်တပ်ဖွဲ့ကိုတောင် ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ သမိုင်းကြောင်းကို ပြန်ကြည့်ရင်တောင် အရပ်မျက်နှာအနှံ့က ကြောက်ရွံ့ရိုသေရတဲ့ ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံလို နိုင်ငံမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး ဘုရား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ က ကောင်းကင်ခန်တောင်မှ အရှင်မင်းကြီးနဲ့ ယှဉ်ရင် အနည်းငယ် နိမ့်ကျပါသေးတယ်"

"ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာကြီးမှ နတ်ဘုရားအင်ပါယာအဖြစ် မကြေညာနိုင်ရင် အခြားဘယ်သူက အရည်အချင်း ရှိပါဦးမလဲ အရှင်မင်းကြီး။ ဒါကြောင့် အရှင်မင်းကြီး... အခုအချိန်ဟာ လူတိုင်း မျှော်လင့်တောင့်တနေကြတဲ့ နတ်ဘုရားအင်ပါယာကြီး တည်ထောင်ရမယ့် အချိန်ပါပဲ..." ဟု လျှောက်တင်လေသည်။

စစ်ဘက်နှင့် အရပ်ဘက် အရာရှိကြီးများအားလုံးသည် မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ကြသည်။

အကယ်၍ နတ်ဘုရားအင်ပါယာကြီးကို အမှန်တကယ် တည်ထောင်နိုင်ခဲ့မည်ဆိုပါက ဤဝါရင့်အရာရှိကြီးများသည်လည်း သမိုင်းတွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့မည် မဟုတ်ပါလော။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - "အမတ်တို့... မောင်မင်းတို့ရဲ့ ဆန္ဒကို ငါကိုယ်တော် နားလည်ပါတယ်။ အမှန်အတိုင်းပြောရရင် ငါကိုယ်တော်က မောင်မင်းတို့ထက်တောင် ပိုပြီး အလျင်လိုနေပါသေးတယ်။ ဒါပေမဲ့... အခုအချိန်က အခါတော် မကျသေးဘူး..." ဟု ဆိုလိုက်သည်။

"အရှင်မင်းကြီး... အခုအချိန် မဟုတ်ရင် ဘယ်အချိန်မှ ဖြစ်ရမှာလဲ..." ဟု ဟီရှန်းက အလောတကြီး မေးမြန်းလိုက်သည်။

လင်းပိုင်ဖန်က နက်နဲသော အပြုံးတစ်ခု ပြုံးလိုက်ရင်း - " ကောင်းကင်ရဲ့ အလိုတော်ကို မဖွင့်ဟအပ်ဘူး။ လောလောဆယ်တော့ မောင်မင်းတို့ကို ပြောပြလို့ မရသေးဘူး။ ငါကိုယ်တော် မင်းတို့ကို အသေအချာ ပြောနိုင်တာ တစ်ခုကတော့... အဲဒီနေ့ဟာ သိပ်မဝေးတော့ဘူး ဆိုတာပါပဲ။ ဒါကြောင့် စောင့်ကြည့်နေကြပါ..." ဟု ဆိုလိုက်သည်။

ညီလာခံအပြီးတွင် လင်းပိုင်ဖန်သည် တော်ဝင်ဥယျာဉ်သို့ ပြန်လာခဲ့ပြီး နတ်ဘုရားအင်ပါယာ တည်ထောင်ရေးကို ပြန်လည် တွေးတောနေခဲ့သည်။

လက်ရှိတွင် အကြီးမားဆုံး ပြဿနာမှာ 'မဟာကောင်းကင်အဆင့်' သိုင်းပညာရှင်တစ်ဦး မရှိသေးခြင်း ဖြစ်သည်။

မဟာရှနိုင်ငံ၌ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးတည်းသာ ရှိလာမည်ဆိုပါက ၎င်းတို့သည် ချက်ချင်းပင် နတ်ဘုရားအင်ပါယာအဖြစ် ကြေညာနိုင်ပြီး ထာဝရခိုင်မြဲမည့် အုတ်မြစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။

"မဟာကောင်းကင်အဆင့် သိုင်းပညာရှင် မရှိရင်လည်း... ငါကိုယ်တိုင် တစ်ယောက် ဖန်တီးယူရုံပေါ့..." လင်းပိုင်ဖန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ၏မျက်ဝန်းများမှ ခရမ်းပြာရောင် အလင်းတန်းများ လင်းလက်သွားခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် နန်းတွင်း ပန်းချီအဆောင်၌ ပန်းချီဆရာကြီးသည် ပညာသင်စ အရွယ် တပည့်မလေးကို အာရုံစိုက်ကာ ပန်းချီသင်ကြားပေးနေခဲ့သည်။

"ရှီဟွာ... မင်းရဲ့ပန်းချီမှာ အကြီးမားဆုံး အားနည်းချက်က ဘာလဲဆိုတာ သိရဲ့လား..."

"ဘာလဲဟင် ဆရာ..."

"အရမ်း လှလွန်းပြီး... အရမ်း အသက်ဝင်လွန်းနေတာပဲ..."

"အသက်ဝင်အောင် ဆွဲတာက မကောင်းလို့လား ဆရာ..."

"မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာ အခု မင်းဆီက လိုချင်တာက အပြင်ပန်း သဏ္ဌာန်ကို ကျော်လွန်ပြီး အတွင်းစိတ်ဝိညာဉ်ကို ဖမ်းဆွဲနိုင်ဖို့ပဲ။ မင်းဟာ ပုံသဏ္ဌာန်ပိုင်းထက် စိတ်ဝိညာဉ်ပိုင်းမှာ တူညီအောင် လုပ်ရမယ်။ အပြင်ပန်းကြည့်ရင် ဘာနဲ့မှ မတူသလို ထင်ရပေမဲ့ နေရာတိုင်းမှာ စိတ်ဝိညာဉ် ကိန်းအောင်းနေရမယ်။ အကယ်၍ မင်း ဒါကို လုပ်နိုင်ရင် မင်းရဲ့ ပန်းချီပညာက နောက်ထပ်တစ်ဆင့် တက်လှမ်းသွားနိုင်လိမ့်မယ်..."

"သမီး နားလည်ပါပြီ ဆရာ..." လီရှီဟွာက အနည်းငယ် နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ပန်းချီဆရာကြီးသည် အနည်းငယ် မောပန်းလာသဖြင့် - "ဆက်ဆွဲနေလိုက်ဦး။ ဆရာ ခဏလောက် အနားယူလိုက်ဦးမယ်..." ဟု ဆိုကာ ဘေးနားရှိ လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့တော့သည်။

လီရှီဟွာသည် ဆရာဖြစ်သူ အိပ်ပျော်သွားသည်ကို ကြည့်ရင်း ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာခဲ့ရသည်။

ဤသို့ ဖြစ်ပျက်ခဲ့သည်မှာ ပထမဆုံး သို့မဟုတ် ဒုတိယအကြိမ် မဟုတ်တော့ချေ။

လွန်ခဲ့သည့် လဝက်ခန့်မှစ၍ သူမ၏ဆရာသည် ပို၍ ငိုက်မျဉ်းလွယ်ကာ မောပန်းနွမ်းနယ်လွယ်လာခဲ့သည်။

သူမသည် အတွေ့အကြုံမရှိသည့် မိန်းကလေးတစ်ဦး မဟုတ်ပေ။ လေ့လာကြည့်ခြင်းအားဖြင့် သူမ၏ဆရာမှာ ကျန်းမာရေး သိသိသာသာ ယိုယွင်းလာကြောင်း သိရှိနေခဲ့သည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူ၏ သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူမ၏ဆရာသည် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း အသက် ၁၈၀ အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကောင်းကင်အဆင့်တစ်ဦး၏ သက်တမ်း ကန့်သတ်ချက်သို့ ရောက်ရှိနေပြီး ရှင်သန်ရန် နှစ်အနည်းငယ်သာ လိုပါတော့သည်။

မူလက ဆရာဖြစ်သူသည် သူမအား ပညာအမွေ ဆက်ခံစေရန်နှင့် သူ၏ ပညာရပ်များ ပျောက်ကွယ်မသွားစေရန်အတွက် တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။

ဆရာဖြစ်သူ၏ ကျန်းမာရေး ကျဆင်းလာသည်ကို ကြည့်ရင်း လီရှီဟွာသည် ရင်ထဲ၌ အလွန်အမင်း ဝမ်းနည်းပူဆွေးနေရသော်လည်း ဘာမျှ မတတ်နိုင်ခဲ့ချေ။

သူမအနေဖြင့် ဆရာ၏ ယုံကြည်ကိုးစားမှုကို စိတ်ပျက်မသွားစေရန်အတွက် ပညာကိုသာ ကြိုးစားသင်ယူနိုင်ပေတော့သည်။

သို့သော် သူမ မသိရှိခဲ့သည်မှာ ပန်းချီဆရာကြီးသည် လက်ရှိတွင် ကျယ်ပြောလှသော အိပ်မက်တစ်ခုအောက်၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

သူသည် မှေးမှိန်နေသော လမ်းတစ်ခုပေါ်တွင် တစ်ယောက်တည်း လျှောက်လှမ်းနေခဲ့ပြီး အရပ်မျက်နှာအနှံ့၌ မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေသဖြင့် ဘာမျှ သဲသဲကွဲကွဲ မမြင်ရချေ။

သူ သိသည်မှာ ရှေ့တွင် လမ်းတစ်ခု ရှိနေပြီး ထိုလမ်းအတိုင်း ဆက်လက် လျှောက်လှမ်းရမည်ဟူ၍သာ ဖြစ်သည်။

"ဒါက ဘယ်နေရာလဲ... ငါ့လို အဖိုးကြီးက ဘာဖြစ်လို့ ဒီနေရာကို ရုတ်တရက် ရောက်လာရတာလဲ..." ပန်းချီဆရာကြီးသည် အလွန်ပင် ဝေခွဲမရ ဖြစ်နေခဲ့သည်။

သူ မှတ်မိသလောက်မူ တပည့်မလေးကို လမ်းညွှန်ပြသပြီးနောက် လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

မျက်စိ ပြန်ဖွင့်လိုက်သောအခါတွင်မူ ဤဆန်းကြယ်လှသော နေရာသို့ ရောက်ရှိနေခဲ့တော့သည်။

အတန်ကြာတွင် ရှေ့ဘက်လမ်းမှ လူရိပ်နှစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းတို့၏ ပုံသဏ္ဌာန်မှာ အလွန် ဆန်းပြားလှသည်။ လူသားပုံသဏ္ဌာန် ရှိသော်လည်း တစ်ဦးမှာ နွားခေါင်း ဖြစ်ပြီး အခြားတစ်ဦးမှာမူ မြင်းမျက်နှာ ဖြစ်နေသည်။

"မင်းတို့က ဘယ်လို သတ္တဝါတွေလဲ... ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ..." ပန်းချီဆရာကြီးက သတိထားကာ မေးမြန်းလိုက်သည်။

နွားခေါင်းသဏ္ဌာန် ရှိသူက - "ငါတို့က ငရဲပြည်ရဲ့ 'နွားခေါင်း' နဲ့ 'မြင်းမျက်နှာ'တွေပဲ။ မင်းရဲ့ သက်တမ်းကုန်လို့ သေဆုံးသွားခဲ့ပြီ ဖြစ်တဲ့အတွက် မင်းရဲ့ ဝိညာဉ်ကို ငရဲပြည်ဆီ ခေါ်ဆောင်သွားပြီး စာရင်းသွင်းဖို့နဲ့ လူပြန်ဝင်စားဖို့ လမ်းပြပေးဖို့ လာခဲ့တာ..." ဟု ဆိုလိုက်သည်။

"အော်... ငါက သေသွားခဲ့ပြီကိုး..." ပန်းချီဆရာကြီးက လက်လျှော့လိုက်ရသည့် မျက်နှာပေးဖြင့် ညည်းတွားလိုက်သည်။

သူသည် ဤနေ့ရက် ရောက်လာလိမ့်မည်ကို ကြိုတင်သိရှိထားသော်လည်း ဤမျှလောက်အထိ ရုတ်တရက်ကြီး ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

သူသည် မည်သည့် သေတမ်းစာမျှပင် ချန်မထားခဲ့ရဘဲ သေဆုံးသွားခဲ့ရသည်။

သူ့ရဲ့ တပည့်မလေးလည်း ရင်ကွဲမတတ် ခံစားရရှာပေလိမ့်မည် ဖြစ်သည်။

"ဟူး..." ပန်းချီဆရာကြီးက သက်ပြင်းချလိုက်မိသည်။

ယခုအခါ သူ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ လက်ခံရုံမှလွဲ၍ အခြားမရှိတော့ချေ။

စူးစမ်းလိုစိတ်ဖြင့် ပန်းချီဆရာကြီးက - "ဒါနဲ့... ဒါက ဘယ်နေရာလဲ..." ဟု မေးမြန်းလိုက်သည်။

မြင်းမျက်နှာက - "ဒါက ငရဲပြည်ကို သွားတဲ့ 'အဝါရောင်စမ်းရေလမ်း' ပဲ..." ဟု ပြန်လည် ဖြေကြားလိုက်သည်။

ပန်းချီဆရာကြီးက ခေါင်းညိတ်လိုက်ရင်း - "ဒါကြောင့်မို့လို့ ဒီလောက်ထိ အေးစက်စက်နဲ့ ကြောက်စရာကောင်းနေတာကိုး..." ဟု ဆိုလိုက်သည်။

၎င်းတို့ သုံးဦးသည် အဝါရောင်စမ်းရေလမ်း၏ တစ်ခုတည်းသော လမ်းအတိုင်း လျှောက်လှမ်းခဲ့ကြသည်။

ပန်းချီဆရာကြီးသည် လမ်းလျှောက်ရင်း ဤနေရာရှိ အရာအားလုံးကို စူးစမ်းလိုစိတ် ပြည့်နှက်နေသဖြင့် ဆက်တိုက် မေးမြန်းနေခဲ့သည်။

ထိုစဉ် ရှေ့ဘက်မှ အသံများ ထွက်ပေါ်လာခဲ့ပြီး လူရိပ်သုံးခုကို ခပ်ဝါးဝါး လှမ်းမြင်လိုက်ရသည်။

"သူတို့က ဘယ်သူတွေလဲ..." ပန်းချီဆရာကြီးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"နှစ်ယောက်ကတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ငရဲတမန်တွေ ဖြစ်လိမ့်မယ်။ အခြားတစ်ယောက်ကတော့ မင်းလိုပဲ သေဆုံးသွားတဲ့လူပေါ့။ ဒီလောကမှာ နေ့တိုင်း လူတွေ အများကြီး သေဆုံးနေတာဆိုတော့ သူတို့ရဲ့ ဝိညာဉ်တွေကို လမ်းပြပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ရတာပဲ..." ဟု နွားခေါင်းက ရှင်းပြလိုက်သည်။

"အော်... အဲလိုလား..." ပန်းချီဆရာကြီးက ခေါင်းညိတ်လိုက်ပြီး သူ၏ စူးစမ်းလိုစိတ်မှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။

သူသည် အခြားသော ဝိညာဉ်တစ်ဦး မည်သို့ ရှိမည်ကို ကြည့်ချင်နေခဲ့သည်။

နောက်ဆုံးတွင် ၎င်းတို့ အနီးသို့ ချဉ်းကပ်လာခဲ့ကြသည်။

ရှေ့မှ လမ်းပြလာသူ နှစ်ဦးအနက် တစ်ဦးမှာ အနက်ရောင် ဝတ်စုံနှင့် အသားမည်းမည်း ဖြစ်ပြီး အခြားတစ်ဦးမှာမူ အဖြူရောင် ဝတ်စုံနှင့် အသားဖြူဖြူ ဖြစ်နေသည်။ ဤနှစ်ဦးမှာ သမိုင်းဝင် ကျော်ကြားလှသည့် 'အဖြူအမည်း ဝိညာဥ်ဖမ်းတမန်' များ ဖြစ်ပေလိမ့်မည်။

၎င်းတို့ ခေါ်ဆောင်လာသည့် သေဆုံးသူမှာမူ အသက် ၂၀ ပင် မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည်။

ပန်းချီဆရာကြီးသည် ရှေ့ရှိ မိန်းကလေးငယ်ကို မြင်လိုက်ရသည့်အခါ ဆွံ့အမှင်တက်သွားခဲ့ရတော့သည်။

"ရှီဟွာ... ဘာဖြစ်လို့ မင်း ဖြစ်နေရတာလဲ..."

အပိုင်း (၅၈၄)

ပန်းချီဆရာကြီး၏ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရတော့သည်။

အကြောင်းမူကား... ဤနေရာသည် ငရဲပြည်သို့ သွားရာ လမ်းဖြစ်သည့် အဝါရောင်စမ်းရေလမ်း ဖြစ်ပြီး သေဆုံးသွားသူများသာ ရောက်ရှိနိုင်သည့် နေရာဖြစ်သောကြောင့်ပင် ဖြစ်လေ၏။

သူမ၏ တပည့်မလေး လီရှီဟွာသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း။

သူမလည်း သေဆုံးသွားခဲ့ပြီဟု ဆိုလိုခြင်းလော။

ထိုစဉ် လီရှီဟွာသည်လည်း ဆရာဖြစ်သူ ပန်းချီဆရာကြီးကို လှမ်းမြင်သွားခဲ့ပြီး စိတ်လှုပ်ရှား ဝမ်းသာစွာဖြင့် ပြေးလာကာ - "ဆရာ... သမီး ဆရာ့ကို ပြန်တွေ့ရတာ တကယ်ပဲ ဝမ်းသာလိုက်တာ..." ဟု အော်ဟစ်လိုက်သည်။

ပန်းချီဆရာကြီးက အလောတကြီးဖြင့် - "ရှီဟွာ... မင်းက ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ။ မင်းလည်းပဲ..." ဟု မေးမြန်းလိုက်သည်။

"အဓိပ္ပာယ်မရှိတာ... သေတဲ့လူကလွဲရင် အခြားဘယ်သူက ဒီကို လာနိုင်ဦးမှာလဲ..." ဟု အဖြူရောင် ဝိညာဉ်ဖမ်းတမန်က အေးစက်စက် အပြုံးဖြင့် သရော်လိုက်သည်။

လီရှီဟွာသည် ခေါင်းကို ငုံ့ချလိုက်မိပြီး သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ်များ ပြည့်နှက်သွားခဲ့သည်။

ပန်းချီဆရာကြီးသည် ပို၍ပင် ပူပန်သွားခဲ့ပြီး - "ဒါဆို... မင်းက ဘယ်လိုလုပ် သေသွားရတာလဲ။ မင်းက အသက် ၂၀ တောင် မပြည့်သေးတဲ့အပြင် ဘာရောဂါဝေဒနာမှလည်း မရှိပါဘူး။ ဒါတင်မကဘူး... မင်းက တော်ဝင်နန်းတော်ထဲမှာပဲ အမြဲရှိနေတာကို အပြင်လူက မင်းကို ဘယ်လိုလုပ် လုပ်ကြံနိုင်မှာလဲ..."

လီရှီဟွာက ဝေခွဲမရဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်ရင်း - "သမီးလည်း မသိဘူး ဆရာ။ မျက်စိ ဖွင့်ကြည့်လိုက်တော့ ဒီနေရာကို ရောက်နေတာပဲ။ ပြီးတော့... ဒီအဖြူအမည်း ဝိညာဉ်ဖမ်းတမန်တွေက သမီး သေသွားပြီဖြစ်လို့ ငရဲပြည်ကို သွားပြီး စာရင်းသွင်းရမယ်လို့ ပြောကြတယ်..."

ပန်းချီဆရာကြီးသည် အံ့ဩမှင်တက်သွားကာ - "မင်းက ဘယ်လိုသေလဲဆိုတာတောင် ကိုယ်တိုင် မသိဘူး ဟုတ်လား..."

"ဟုတ်ကဲ့... ဆရာ..." လီရှီဟွာက ခေါင်းညိတ်ပြလိုက်သည်။

ပန်းချီဆရာကြီး၏ စိတ်ထဲ၌ အတွေးပေါင်းစုံ ဖြတ်သန်းသွားခဲ့ပြီး အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များကို မျက်လုံးပြူးကာ စိုက်ကြည့်ရင်း - "မင်းတို့ လူမှားဖမ်းမိတာ မဟုတ်ဘူးလား။ သူမက ကျန်းကျန်းမာမာနဲ့ ဘာရောဂါမှ မရှိဘူး။ သေဆုံးသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

"ငါတို့က ဘယ်လိုလုပ် လူမှားဖမ်းရမှာလဲ..." ဟု အဖြူရောင် ဝိညာဉ်ဖမ်းတမန်က ဆိုလိုက်ပြီး - "လီရှီဟွာ... မဟာရှနိုင်ငံ တော်ဝင်မြို့တော်က ပြည်သူဖြစ်ပြီး XX နှစ်၊ မတ်လ ၂ ရက်နေ့မှာ မွေးဖွားခဲ့ကာ XX နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရောဂါနဲ့ သေဆုံးခဲ့တယ်၊ အသက် ၁၈ နှစ်။ ငါတို့က သေခြင်းရှင်ခြင်းစာအုပ် (ကံကြမ္မာစာအုပ်) အတိုင်းပဲ ဝိညာဉ်ကို ဖမ်းခဲ့တာ..."

"မှားနေပြီ... မင်းတို့ တကယ်ကြီးကို မှားနေပြီ..."

ပန်းချီဆရာကြီးက စိတ်လှုပ်ရှားစွာဖြင့် - "သူမနာမည်က လီရှီဟွာ ဖြစ်နေပေမဲ့ သူမကို တကယ်မွေးဖွားခဲ့တာက XX နှစ်၊ ဧပြီလ ၂ ရက်နေ့ကပဲ။ တစ်လတောင် လွဲနေတယ် မဟုတ်လား။ ပြီးတော့ သူမရဲ့ ကျန်းမာရေးက အမြဲတမ်း ကောင်းမွန်နေခဲ့တာ။ ဘယ်လိုလုပ် ရောဂါနဲ့ သေဆုံးနိုင်မှာလဲ..."

လီရှီဟွာသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် - "ဟုတ်ပါတယ်... ဟုတ်ပါတယ်... ရှင်တို့ လူမှားဖမ်းမိတာပါ။ ကျွန်မကို ပြန်လွှတ်ပေးပါ..." ဟု ဆိုလိုက်သည်။

"လူမှားဖမ်းမိတာ ဟုတ်လား..." အဖြူအမည်း ဝိညာဉ်ဖမ်းတမန်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ထိုစဉ် အနက်ရောင် ဝိညာဉ်ဖမ်းတမန်က မျက်နှာသေဖြင့် - "မှားရင်လည်း မှားပေါ့။ အဝါရောင်စမ်းရေလမ်းကို ရောက်လာပြီးပြီဆိုရင်တော့ နောက်ပြန်လှည့်လမ်း မရှိတော့ဘူး။ ငါတို့နဲ့အတူ ငရဲပြည်ကို လိုက်ခဲ့ပြီး လူပြန်ဝင်စားဖို့ပဲ ရှိတော့တယ်။ အဆိုးဆုံးဖြစ်လှ နောက်ဘဝမှာ မိသားစုကောင်းကောင်းဆီ ရောက်အောင် ငါတို့ စီစဉ်ပေးပါ့မယ်..." ဟု အေးစက်စွာ ပြောဆိုလိုက်သည်။

အဖြူရောင် ဝိညာဉ်ဖမ်းတမန်ကလည်း အရာအားလုံးကို ကြိုတင်သိရှိထားသည့်အလား ခေါင်းညိတ်လိုက်သည်။

ပန်းချီဆရာကြီးသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး - "မင်းတို့က ဘာဖြစ်လို့ ဒီလောက်တောင် အကြင်နာတရား ကင်းမဲ့ရတာလဲ။ ဒါက လူ့အသက်ကို မြက်ပင်သစ်ပင်လို သဘောထားတာနဲ့ ဘာကွာလို့လဲ..."

အဖြူအမည်း ဝိညာဉ်ဖမ်းတမန်နှစ်ဦးသည် ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး - "မြက်ပင်သစ်ပင်လို သဘောထားတော့ရော ဘာဖြစ်လဲ။ ငါတို့က ငရဲပြည်ရဲ့ တမန်တော်တွေပဲ။ ဒီနေရာမှာ ငါတို့က စည်းမျဉ်းပဲ၊ ငါတို့က ဥပဒေပဲ။ စကားများမနေနဲ့တော့... မြန်မြန် လျှောက်စမ်း..."

"တကယ်ကို ယုတ်မာပတ်စက်လွန်းတယ်..."

ပန်းချီဆရာကြီး၏ ရင်ထဲ၌ ဒေါသမီးများ ဟုန်းဟုန်းတောက်သွားခဲ့ကာ - "မင်းတို့က အမှားကို မပြင်တဲ့အပြင် ငါ့တပည့်မလေးကိုပါ ဆက်ပြီး ဒုက္ခပေးချင်နေကြသေးတယ်ပေါ့။ ဒီနေ့တော့... ငါကိုယ်တိုင် မင်းတို့ဆီကနေ တရားမျှတမှုကို တောင်းဆိုရလိမ့်မယ်..."

နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များ အားလုံးသည် ရယ်မောလိုက်ကြပြီး - "မင်းလို သာမန်လူသားတစ်ယောက်က ငါတို့လို နတ်ဘုရားတွေဆီကနေ တရားမျှတမှု တောင်းဆိုချင်တယ် ဟုတ်လား။ မင်းရဲ့ ဝိညာဉ်ကို လေထဲလွင့်ပျောက်အောင် ဖျက်ဆီးပစ်ပြီး ဘယ်တော့မှ လူပြန်မဝင်စားနိုင်အောင် လုပ်ပစ်မှာကို မကြောက်ဘူးလား..."

ပန်းချီဆရာကြီးက ဒေါသတကြီး အော်ဟစ်လိုက်ရင်း - "ငါ့ဝိညာဉ် လွင့်ပျောက်ပြီး ဘယ်တော့မှ လူပြန်မဝင်စားရရင်တောင်မှ မင်းတို့ကို ငါ အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး..."

"ဆရာ..." လီရှီဟွာက စိုးရိမ်ပူပန်စွာဖြင့် ခေါ်လိုက်သည်။

"ရှီဟွာ... ငါ့နောက်ကို ရွှေ့လိုက်..."

လီရှီဟွာ သူ့နောက်သို့ ရောက်သွားသည့်အခါ ပန်းချီဆရာကြီးက တိုးတိုးလေး ကပ်ပြောလိုက်သည် - "ငါ သူတို့ကို တားဆီးထားတဲ့အချိန်မှာ မင်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး လူ့ပြည်ကို ပြန်ပြေးတော့..."

"ဒါပေမဲ့ ဆရာ... ဆရာ တကယ်ပဲ ဝိညာဉ်ပျက်စီးပြီး လူပြန်မဝင်စားရဘဲ ဖြစ်သွားလိမ့်မယ်..." လီရှီဟွာက အလောတကြီး ဆိုလိုက်သည်။

ပန်းချီဆရာကြီးက လွတ်လပ်ပေါ့ပါးစွာ ရယ်မောလိုက်ရင်း - "ငါက အဖိုးကြီး ဖြစ်နေပြီ၊ ရှင်သန်ခဲ့ရတာလည်း ဝလှပြီ။ အသက်နဲ့ သေခြင်းတရားကို ငါ နားလည်ပြီးသားမို့ လူပြန်မဝင်စားရလည်း ငါ့အတွက် ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မင်းကတော့... အနာဂတ်တွေ အများကြီး ကျန်သေးတယ်၊ ဒီလို မသေသင့်ဘူး။ ပြန်ရောက်သွားရင် ကောင်းကောင်းမွန်မွန် ရှင်သန်ပြီး ဆရာ့ရဲ့ ပန်းချီပညာကို ဆက်တိုးတက်အောင် ကြိုးစားပါ..."

ထိုစကားကို ပြောပြီးနောက် သူ၏ မျက်စိရှေ့တွင် အတိတ်ဖြစ်ရပ်များက ရုပ်ရှင်ပြကွက်ကဲ့သို့ တရိပ်ရိပ် ဖြတ်သန်းသွားခဲ့သည်။ သူ မွေးဖွားလာချိန်မှစ၍ ငယ်စဉ်က ပန်းချီပညာကို သင်ယူခဲ့ရပုံ၊ လူပျိုအရွယ်တွင် ပန်းချီပညာကို ဆထက်ထမ်းပိုး ကြိုးစားခဲ့ပုံ၊ လူလတ်ပိုင်းအရွယ်တွင် ဆရာတစ်ဆူ ဖြစ်လာခဲ့ပုံနှင့် အသက်ကြီးရင့်ချိန်အထိ ပန်းချီပညာရပ်ကို မနားမနေ ထိုးဖောက်ကျော်လွှားခဲ့ပုံများ...

သူ၏ တစ်သက်တာ အတွေ့အကြုံများအားလုံး မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားခဲ့သည်။

သူသည် မိမိ၏ ဝိညာဉ်မှာ အထက်သို့ ပျံတက်သွားပြီး စိတ်ဝိညာဉ်မှာလည်း အတားအဆီးများကို ကျော်လွန်ကာ စကားလုံးဖြင့် ဖော်ပြ၍မရသော ထူးခြားသည့် နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက လက်ကို ဆန့်ထုတ်လိုက်ရာ ပန်းချီစုတ်တံတစ်ချောင်းသည် သူ၏လက်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာခဲ့တော့သည်။

"လာစမ်း... ဒီနေ့တော့ ငါ့ရဲ့ အသက်ကို စုတ်တံအဖြစ် သုံးမယ်၊ ငါ့ရဲ့ သွေးကို မှင်အဖြစ် သုံးပြီး၊ အဝါရောင်စမ်းရေလမ်းကို ပန်းချီကားချပ်အဖြစ် သုံးပြီး ငါ့ဘဝရဲ့ နောက်ဆုံး ပန်းချီကားချပ်ကို ဖန်တီးမယ်။ ဒါမှလည်း ငါ့ဘဝက အလကားမဖြစ်မှာ... ဟားဟားဟား..." ပန်းချီဆရာကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ တိုက်ခိုက်လိုစိတ်မှာ ကောင်းကင်သို့တိုင် မြင့်မားသွားခဲ့သည်။

"ဆရာ..." လီရှီဟွာက အော်ဟစ်လိုက်သည်။

သို့သော် ပန်းချီဆရာကြီးက သူမ၏ ပုခုံးကို ဆုပ်ကိုင်ကာ အဝေးသို့ အားပြင်းပြင်းဖြင့် တွန်းလွှတ်လိုက်သည်။

ထို့နောက် သူသည် ငရဲပြည်၏ နတ်ဘုရား လေးပါးကို ရင်ဆိုင်ကာ သူ၏ အစွမ်းကုန် စွမ်းအားများကို ထုတ်ဖော်လိုက်တော့သည်။

"တိုက်ခိုက်ကြစမ်း..." နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များ အားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

ပြင်းထန်လှသော စစ်ပွဲကြီးတစ်ခုသည် ချက်ချင်းပင် စတင်သွားခဲ့လေတော့သည်။

သို့သော်လည်း ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာတင် ပန်းချီဆရာကြီးသည် သွေးများ အန်ထွက်သွားခဲ့ရပြီး သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာလည်း မှေးမှိန်ကာ အရိပ်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။

နွားခေါင်းနှင့် မြင်းမျက်နှာက အေးစက်စွာဖြင့် - "နတ်ဘုရားနဲ့ လူသားကြားက ကွာဟချက်က မိုးနဲ့မြေလိုပဲ။ မင်းက သိုင်းပညာရပ်မှာ ဆရာတစ်ဆူ ဖြစ်နေရင်တောင် ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..." ဟု ဆိုလိုက်သည်။

"မင်းကို ငါတို့ အကြံပြုချင်တာကတော့ ကံကြမ္မာကို လက်ခံပြီး အဖမ်းခံလိုက်ဖို့ပဲ။ ငါတို့ မင်းရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ရင် မင်း ဘယ်တော့မှ သံသရာစက်ဝန်းထဲကို ဝင်နိုင်တော့မှာ မဟုတ်ဘူး..." ဟု အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များက အမိန့်ချမှတ်သည့်အလား အေးစက်သော လေသံဖြင့် ဆိုလိုက်ကြသည်။

ပန်းချီဆရာကြီးက သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ပြီး ရူးသွပ်စွာဖြင့် ရယ်မောလိုက်တော့သည် - "ငါက သေရမှာကိုတောင် မကြောက်တာ... အခြား ဘာကို ကြောက်ရဦးမှာလဲ။ လာဦးလေ... ဒါက ငါ အခုတင် ဆွဲလို့ပြီးသွားတဲ့ ပန်းချီကားပဲ၊ နာမည်က 'နတ်ဘုရားကို ဆန့်ကျင်ခြင်း' တဲ့... ငါ့ကို လမ်းညွှန်ပြသပေးကြပါဦး..."

"ကောင်းကင်ကို ဆန့်ကျင်တာလား... သေပေတော့..." နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များ အားလုံး အမျက်ဒေါသ ထွက်သွားကြတော့သည်။

အပြင်လောကတွင်မူ ပန်းချီဆရာကြီး၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီလာခဲ့သည်။

သူသည် မျက်စိကို မှိတ်ထားဆဲ ဖြစ်သော်လည်း ပါးစပ်မှ မနားတမ်း ရေရွတ်နေခဲ့သည် -

"ရှီဟွာ... ပြေးတော့... အဝေးဆုံးကို ပြေး... ဘယ်တော့မှ ပြန်မလာနဲ့..."

"နွားခေါင်း၊ မြင်းမျက်နှာ၊ အဖြူအမည်း ဝိညာဉ်ဖမ်းတမန်တွေ... ငါ့ရဲ့ ဝိညာဉ်ပျက်စီးသွားရင်တောင် မင်းတို့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး..."

"လူသားကလည်း... နတ်ဘုရားကို သတ်နိုင်တယ်ကွ..."

ထိုအသံကို ကြားလိုက်ရသည့်အခါ ဘေးနားတွင် ပန်းချီဆွဲနေသော လီရှီဟွာသည် ချက်ချင်းပင် ပြေးလာခဲ့ပြီး စိုးရိမ်ပူပန်စွာဖြင့် - "ဆရာ... ဆရာ ဘာဖြစ်လို့လဲဟင်။ အိပ်မက်ဆိုးတွေ မက်နေတာလား။ မြန်မြန်ထပါဦး... သမီးကို မခြောက်ပါနဲ့..." ဟု ဆိုလိုက်သည်။

သို့သော် သူမက အိပ်မက်မက်နေသော ပန်းချီဆရာကြီးကို လှုပ်နှိုးရန် ပြင်လိုက်စဉ်မှာပင် ပြင်းထန်လှသော စွမ်းအားတစ်ခုက သူမကို ရိုက်ခတ်သွားခဲ့သဖြင့် လွင့်ထွက်သွားခဲ့ရသည်။

လဲကျရာမှ ထိုင်လိုက်ရင်း လီရှီဟွာသည် အခြေအနေမှာ သူမ ထိန်းချုပ်နိုင်သည့် အဆင့်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သိရှိသွားခဲ့ပြီး လင်းပိုင်ဖန်နှင့် အခြားသူများကို အလျင်အမြန် သွားရောက် ရှာဖွေခဲ့တော့သည်။

မကြာမီ အချိန်အတွင်းမှာပင် ကောင်းကင်အဆင့် သိုင်းပညာရှင် အများအပြား ရောက်ရှိလာကြသည်။

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ပန်းချီဆရာကြီးက အိပ်မက်ဆိုး မက်နေတဲ့ ပုံစံမျိုးပဲ..." ဟု ဓားအဖိုးအိုက အလွန်ပင် အံ့ဩစွာ ဆိုလိုက်သည်။

၎င်းတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည် မိမိတို့၏ စိတ်ကို ထိန်းချုပ်နိုင်ကြသဖြင့် မလိုလားအပ်သော အတွေးများဖြင့် စိတ်အနှောင့်အယှက် မဖြစ်နိုင်ချေ။ ထို့ကြောင့် ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းက အလွန် ထူးဆန်းနေခြင်း ဖြစ်သည်။

လီရှီဟွာက ပျာပျာသလဲဖြင့် - "သမီးလည်း သေသေချာချာ မသိဘူး။ ဆရာက ခဏ အနားယူမယ်ဆိုပြီး လှဲလိုက်တာကနေ ဒီလို ဖြစ်သွားတာပဲ။ သမီး နှိုးကြည့်ပေမဲ့ နှိုးလို့မရတာနဲ့ အားလုံးကို အပြေးအလွှား လာခေါ်လိုက်ရတာပါ..."

လှံနတ်ဘုရားက ရှေ့သို့တိုးကာ ပန်းချီဆရာကြီးကို နှိုးရန် ပြင်လိုက်သော်လည်း လင်းပိုင်ဖန်က တားဆီးလိုက်ပြီး ပြုံးလျက် - "သူက အရေးကြီးတဲ့ အခိုက်အတန့်မှာ ဉာဏ်အလင်းပွင့်တဲ့ နယ်ပယ်ထဲကို ရောက်နေတာ ဖြစ်နိုင်တယ်။ အကယ်၍ သူသာ ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ရင် သူ့ရဲ့ အလားအလာက အကန့်အသတ်မရှိ ကြီးမားသွားလိမ့်မယ်။ မင်းတို့အားလုံး ဒီမှာပဲ စောင့်ကြပ်နေပြီး ဘယ်သူမှ အနှောင့်အယှက် မပေးစေနဲ့..." ဟု မိန့်ကြားလိုက်သည်။

ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့သည် ဇဝေဇဝါ ဖြစ်သွားကြသော်လည်း - "ဟုတ်ကဲ့ပါ ဆရာ..." ဟု ရိုသေစွာ နာခံလိုက်ကြသည်။

All Chapters