အခန်း (၅၈၅-၅၈၆)
Vol. 54 Ch. 585-586
အပိုင်း (၅၈၅)
ကောင်းကင်အဆင့်နှစ်ဦးဖြစ်ကြသည့် ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့သည် ပန်းချီဆရာကြီးကို စောင့်ကြပ်ရန် ဘေးနားတွင် ကျန်ရစ်ခဲ့ကြတော့သည်။
ထိုအချိန်တွင် အိပ်မက်ကမ္ဘာထဲ၌မူ ပန်းချီဆရာကြီးသည် နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များကို အသည်းအသန် ခုခံတိုက်ခိုက်နေရဆဲ ဖြစ်သည်။
သို့သော်လည်း အခြေအနေက အလွန်ပင် ခက်ခဲလွန်းလှ၏။ သူသည် မိမိ၏ စွမ်းအားများကို အစွမ်းကုန် မည်မျှပင် ထုတ်ဖော်ခဲ့ပါသော်လည်း ထိုငရဲပြည်မှ နတ်ဘုရားများကို ယှဉ်နိုင်ခြင်း မရှိခဲ့ပေ။
ထိပ်တိုက်တွေ့ဆုံလိုက်သည့် ခဏမှာပင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး သွေးများ အဆက်မပြတ် အန်ထွက်လာကာ ဝတ်စုံတစ်ခုလုံး သွေးချင်းနီရဲသွားခဲ့ရသည်။ သူ၏ ဝိညာဉ်မှာလည်း အချိန်မရွေး လွင့်ပျောက်သွားနိုင်လောက်အောင် အလွန်အမင်း မှေးမှိန်ကာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။
လူသားနှင့် နတ်ဘုရားကြားက ကွာဟချက်က တကယ်ပဲ မကျော်လွှားနိုင်တဲ့အရာလား...
ပန်းချီဆရာကြီး၏ ရင်ထဲ၌ အတိုင်းအဆမဲ့ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့ရသည်။ သူ၏ ရှေ့မှ ငရဲနတ်ဘုရား လေးပါးသည် မကျော်ဖြတ်နိုင်သော တောင်ကြီးလေးလုံးကဲ့သို့ အရှိန်အဝါ ကြီးမားလွန်းနေသည်။ သူ လက်လျှော့လိုက်ချင်ပြီ၊ ဒီအတိုင်း လှဲလျောင်းပြီး အေးအေးချမ်းချမ်းပဲ အဆုံးသတ်လိုက်ချင်တော့သည်။
သို့သော် ထိုစဉ်မှာပင် အဝေးဆီမှ ရင်းနှီးလှသော အော်ဟစ်ခေါ်သံတစ်ခု ထွက်ပေါ်လာခဲ့သည် - "ဆရာ..."
ပန်းချီဆရာကြီး၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်သွားခဲ့ရသည်။ လီရှီဟွာ ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူက ဒေါသတကြီးဖြင့် - "မင်းက ဘာလို့ ပြန်လာရတာလဲ။ ငါ မင်းကို ပြေးခိုင်းထားတယ် မဟုတ်လား။ လူ့ပြည်ကို ပြန်ရောက်သွားရင် မင်း ဘေးကင်းမှာလေ..." ဟု အော်ဟစ်လိုက်သည်။
လီရှီဟွာ၏ မျက်နှာထက်တွင် အပြစ်မကင်းသကဲ့သို့ ခံစားချက်များ ပြည့်နှက်သွားပြီး - "သမီးလည်း မသိဘူး ဆရာ။ ပြေးနေရင်းနဲ့ပဲ ဒီနေရာကို ပြန်ရောက်လာတာ..."
နွားခေါင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - "အဝါရောင်စမ်းရေလမ်းကနေ လွတ်မြောက်ဖို့ဆိုတာ လွယ်တယ်လို့များ ထင်နေတာလား။ ငါ ပြောပြမယ်... အဝါရောင်စမ်းရေလမ်းမှာ လမ်းတွေ အများကြီး ရှိပေမဲ့ ဆုံမှတ်ကတော့ တစ်ခုတည်းပဲ။ အဲဒါက ငရဲပြည်... သံသရာစက်ဝန်း လည်ပတ်ရာနေရာပဲ..."
"ရုန်းကန်မနေစမ်းပါနဲ့... လူသားတစ်ယောက်က နတ်ဘုရားကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်မှာလဲ..." ဟု အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များက ရူးသွပ်စွာ ရယ်မောလိုက်ကြသည်။
"ဟားဟားဟား..."
ထိုရယ်မောသံများသည် အဝါရောင်စမ်းရေလမ်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး အလွန်ပင် စက်ဆုပ်ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
"ဒါဆိုရင်လည်း ဆက်ပြေး... မင်း အသက်ရှင်တဲ့အထိ ဆက်ပြေးစမ်း..." ပန်းချီဆရာကြီးသည် လီရှီဟွာကို နောက်တစ်ကြိမ် လှမ်းဆွဲကာ အဝေးသို့ အားကုန်လွှဲတွန်းပစ်လိုက်ပြန်သည်။
"ခေါင်းမာတဲ့ ကောင်... သေပေတော့..." အဖြူရောင် ဝိညာဉ်ဖမ်းတမန်က တိုက်ခိုက်လိုက်သဖြင့် ပန်းချီဆရာကြီးမှာ သွေးများ ထပ်မံအန်ထွက်သွားခဲ့ရသည်။ သို့သော်လည်း ပန်းချီဆရာကြီးက မိမိ၏ သွေးကို မှင်အဖြစ် အသုံးပြုကာ ဆက်လက်၍ အသည်းအသန် တိုက်ခိုက်နေခဲ့သည်။
ပြင်ပလောကတွင်မူ ပန်းချီဆရာကြီးသည် အသံကျယ်ကြီးဖြင့် စတင်အော်ဟစ် ဟိန်းဟောက်လာခဲ့သည်။
"ငါ့ဝိညာဉ် လွင့်ပျယ်ပျက်စီးသွားရင်တောင် မင်းတို့ကို တစ်ပါတည်း ဆွဲခေါ်သွားမယ်..."
"နတ်ဘုရားတွေတောင် ငါ့ကံကြမ္မာကို လာပြီး အမိန့်မချနိုင်ဘူးကွ..."
ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့သည် အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။
"ပန်းချီဆရာကြီးက ဘယ်လိုအိပ်မက်ဆိုးမျိုး မက်နေလို့ ဒီလောက်တောင် ရင်ကွဲမတတ်၊ ချောက်ချားစရာကောင်းတဲ့ အသံတွေ ထွက်နေရတာလဲ..."
"ငါလည်း သေသေချာချာ မသိဘူး။ သူ့ရဲ့ ပြတ်တောင်းပြတ်တောင်း အော်ဟစ်သံတွေအရဆိုရင် သူက အဖြူအမည်း ဝိညာဉ်ဖမ်းတမန်တွေ၊ နွားခေါင်း မြင်းမျက်နှာတွေနဲ့ တိုက်ခိုက်နေရတဲ့ ပုံပဲ။ ဒါတင်မကသေးဘူး... သူက သူတို့ကို မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ ဒါက တကယ်ကို ထူးဆန်းတာပဲ... သူက ဘာလို့ ဒီလိုအိပ်မက်မျိုး မက်နေရတာလဲ..."
ဓားအဖိုးအိုက မျက်မှောင်ကြုတ်လိုက်ရင်း - "ငါတို့လို သိုင်းပညာမှာ အထွတ်အထိပ် ရောက်နေတဲ့သူတွေက ကိုယ့်လက်ထဲက ခွန်အားကိုပဲ ယုံကြည်ကြတာ။ တစ္ဆေ သရဲတွေ၊ နတ်ဘုရားတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး..."
လှံနတ်ဘုရားက သက်ပြင်းချလိုက်ကာ - "သူ နိုးလာတဲ့အထိ စောင့်ပြီးမှပဲ မေးကြည့်ကြတာပေါ့..."
၎င်းတို့၏ ဘေးနားတွင်မူ လီရှီဟွာသည် လက်ဖြင့် ပါးစပ်ကို ပိတ်ကာ ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော အဖိုးအိုကို စိုးရိမ်ပူပန်စွာ ကြည့်ရှုရင်း - "ဆရာ..." ဟု တိုးတိုးလေး ခေါ်နေခဲ့သည်။
အိပ်မက်ထဲတွင်မူ ပန်းချီဆရာကြီးသည် ထိုဝိညာဉ်နတ်ဘုရားများနှင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူသည် မိမိတစ်သက်တာ သင်ယူခဲ့ရသော သိုင်းကွက်များကို အသုံးပြုနေသော်လည်း တစ်ကွက်မှ အရာမထင်ခဲ့ပေ။ သူ မည်သည့်တိုက်ကွက် ထုတ်ဖော်လိုက်သည်ဖြစ်စေ တစ်ဖက်လူက တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။
ပန်းချီဆရာကြီးသည် အလွန်အမင်း စိတ်ပျက်အားငယ်သွားခဲ့ရသည် - "ဘာလို့ ဘာအစွမ်းမှ အလုပ်မဖြစ်ရတာလဲ။ ငါ့တစ်သက်လုံး သင်ယူခဲ့တာတွေက အလကား ဖြစ်သွားပြီလား..."
"ဆရာ..." ရင်းနှီးလှသော အသံသည် သူ၏ ဘေးနားတွင် နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့ပြန်သည်။
"သွား... မြန်မြန်သွားစမ်း..." ပန်းချီဆရာကြီးသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လီရှီဟွာကို ဖမ်းဆွဲကာ အဝေးသို့ လွှဲတွန်းပစ်လိုက်ပြန်သည်။
ထို့နောက် သူသည် တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် စိတ်ကို စုစည်းလိုက်တော့သည်။ ၎င်းမှာ မိမိအတွက် မဟုတ်ဘဲ လီရှီဟွာအတွက် အသက်ရှင်သန်ရာ လမ်းစတစ်ခု ဖော်ဆောင်ပေးရန် ဖြစ်သည်။ အကယ်၍ သေဆုံးသွားရမည်ဆိုလျှင်ပင် သူ နောင်တရလိမ့်မည် မဟုတ်ချေ။
ပြင်ပလောကတွင် နှစ်ရက်တာမျှ အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ပန်းချီဆရာကြီး၏ အခြေအနေမှာ တိုးတက်လာခြင်း မရှိသေးပေ။ သူသည် အိပ်မက်ထဲတွင် ပိတ်မိနေပြီး နိုးထလာနိုင်ခြင်း မရှိပုံရသည်။ အကယ်၍ လင်းပိုင်ဖန်၏ မှာကြားချက်သာ မရှိခဲ့လျှင် ရှေ့တွင်ရှိနေသော မဟာဆရာကြီး နှစ်ဦးမှာ သူ့ကို မရမက နှိုးမိကြပေလိမ့်မည်။
ထိုစဉ် ဓားအဖိုးအိုက မျက်လုံးကို ဖွင့်လိုက်ပြီး အော်ဟစ်နေဆဲ ဖြစ်သော ပန်းချီဆရာကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည် - "ညီလေး... မင်း သတိထားမိလား။ ငါတို့ မိတ်ဆွေ ပန်းချီဆရာကြီးရဲ့ အရှိန်အဝါက လွန်ခဲ့တဲ့ နှစ်ရက်ကထက် ပိုပြီးတော့ အားကောင်းလာသလိုပဲ..."
လှံနတ်ဘုရားက ခေါင်းကို တဆက်ဆက် ညိတ်လိုက်ရင်း - “အစ်ကိုကြီး... ငါလည်း အဲလိုပဲ ခံစားရတယ်။ အစကတော့ စိတ်ထင်နေတာပဲလို့ ထင်နေတာ၊ အစ်ကိုကြီး ပြောမှပဲ သူ့ရဲ့ အရှိန်အဝါက တကယ်ကြီး ပိုပြီး အားကောင်းလာတာကို သတိပြုမိတော့တယ်..."
"ဒါက ဆရာပြောသလိုပဲ... သူက အိပ်မက်ထဲမှာ တာအိုကို ဆင်ခြင်ရင်း ကျင့်ကြံနေတာလား..." ဓားအဖိုးအိုက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"သေချာတာပေါ့... အိပ်မက်မက်ရင်းနဲ့ ခွန်အားတွေ တိုးတက်လာတယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ ကံကောင်းခြင်းပဲ..." လှံနတ်ဘုရားက မနာလိုစိတ်များဖြင့် ရေရွတ်လိုက်သည်။
သို့သော်လည်း အကယ်၍ ပန်းချီဆရာကြီးသာ ထိုစကားကို ကြားသွားခဲ့လျှင် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားပေလိမ့်မည်။ ဤကဲ့သို့ အသက်နှင့်လဲရသည့် နာကျင်ဖွယ် ကံကောင်းခြင်းမျိုးကို မရတာကမှ တော်ဦးမည် ဖြစ်သည်။
အိပ်မက်ထဲတွင် ပန်းချီဆရာကြီးသည် တိုက်ပွဲကို မရပ်မနား ဆင်နွှဲနေခဲ့သည်။ သူ တိုက်ခိုက်ခဲ့သည့် အကြိမ်ပေါင်းမှာ အနည်းဆုံး အကြိမ်တစ်သောင်းထက်မနည်း ရှိနေပြီ ဖြစ်သော်လည်း အကြိမ်တိုင်းတွင် ရှုံးနိမ့်ခဲ့ရသည်။ သူ၏ ပြင်းထန်လှသော စိတ်ဓာတ်ကြံ့ခိုင်မှုသာ ရှိမနေခဲ့လျှင် သူ လဲကျသွားခဲ့သည်မှာ ကြာလှချေပြီ ဖြစ်သည်။
သူ၏ ဝိညာဉ်မှာ ပျက်စီးသွားခြင်း မရှိသေးသော်လည်း အခြေအနေက အလွန်ပင် စိုးရိမ်စရာ ကောင်းလှပေသည်။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ မြင်နိုင်ရုံမျှသာ ရှိတော့ပြီး အလွန်အမင်း မှေးမှိန်နေခဲ့ပြီ ဖြစ်သည်။
ပန်းချီဆရာကြီးသည် နောက်တစ်ကြိမ် စိတ်ပျက်အားငယ်သွားခဲ့ရပြန်သည် - "နတ်ဘုရားတွေက တကယ်ပဲ အနိုင်ယူလို့ မရနိုင်တဲ့ အရာတွေလား..."
"ဒါပေါ့... လူသားက နတ်ဘုရားကို ဘယ်တော့မှ မနိုင်နိုင်ဘူး။ နတ်ဘုရားကို နတ်ဘုရားပဲ ပြန်နိုင်တာ..." နွားခေါင်းနှင့် မြင်းမျက်နှာက ရူးသွပ်စွာ ရယ်မောလိုက်ကြသည်။
ထိုခိုက်တွင် ပန်းချီဆရာကြီး၏ စိတ်ထဲ၌ ဉာဏ်အလင်းတစ်ချက် လျှပ်ခနဲ ဖြတ်သန်းသွားခဲ့သည်။
ဟုတ်သားပဲ... လူသားက နတ်ဘုရားကို မနိုင်နိုင်ပေမဲ့ နတ်ဘုရားကတော့ နတ်ဘုရားကို နိုင်တာပဲ။ ဒါဆိုရင်... ငါ နတ်ဘုရားတွေကို ရေးဆွဲပြီး မင်းတို့ကို ပြန်သတ်မယ်...
ပန်းချီဆရာကြီးသည် ပန်းချီကို နောက်တစ်ကြိမ် ပြန်လည်ရေးဆွဲရန် ပြင်လိုက်တော့သည်။ သူ ဆွဲလိုက်သည်က သာမန်နတ်ဘုရားများ မဟုတ်ဘဲ နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များ... သူ့ရှေ့တွင် ရှိနေသော ငရဲနတ်ဘုရား လေးပါးကိုပင် ဖြစ်သည်။
သူ ပထမဆုံး အကြိမ် ဆွဲပြီးသွားသည့်အခါ ထိုငရဲနတ်ဘုရား လေးပါးသည် ချက်ချင်းပင် ကွဲလွင့်ပျောက်ကွယ်သွားခဲ့ပြီး ဘာအစွမ်းမှ မရှိခဲ့ပေ။ သို့သော်လည်း သူသည် စိတ်ဓာတ်ကျမသွားဘဲ ဆက်လက်၍ ရေးဆွဲနေခဲ့သည်။
သူသည် မနားတမ်း လေ့လာစောင့်ကြည့်ပြီး စမ်းသပ်ရေးဆွဲနေခဲ့ရာ သူ၏ ပန်းချီကားများသည် တဖြည်းဖြည်းနှင့် ပိုမို အသက်ဝင်လာခဲ့ပြီး ၎င်းတို့၏ အစွမ်းမှာလည်း တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ အစပိုင်းတွင် တတိယတန်းစား အဆင့်မျှသာ ရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် ချီဖွဲ့တည်ခြင်းအဆင့်သို့ ရောက်ရှိလာကာ နောက်ဆုံးတွင် ကောင်းကင်အဆင့်အထိ ခွန်အားရှိလာခဲ့တော့သည်။
ကောင်းကင်အဆင့်ရှိသော ငရဲနတ်ဘုရား လေးပါးသည် စစ်မှန်သော ဝိညာဉ်နတ်ဘုရားများကို ယှဉ်နိုင်ခြင်း မရှိသေးသော်လည်း သူ့ကို မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပေးစွမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူသာ မနားတမ်း ဆက်လက် ရေးဆွဲနေမည်ဆိုပါက နောက်ဆုံးတွင် အတုနှင့် အစစ်ကို ခွဲခြားမရနိုင်တော့ဘဲ သူ အောင်ပွဲခံနိုင်ပေလိမ့်မည်။
ပြင်ပလောကတွင်မူ ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့သည် အနည်းငယ် စိုးရိမ်ပူပန်လာကြသည်။ ၎င်းတို့သည် ပန်းချီဆရာကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိနေပြီး ထိုအစွမ်းမှာ ၎င်းတို့ကိုပင် ကြောက်ရွံ့ထိတ်လန့်စေလောက်အောင်ထိ ပြင်းထန်လွန်းနေသည်။
"ညီလေး... မင်း သတိထားမိလား။ ငါတို့ မိတ်ဆွေ ပန်းချီဆရာကြီးရဲ့ ခန္ဓာကိုယ်ထဲကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်အဆင့် အရှိန်အဝါ လေးခု ထွက်ပေါ်လာနေတယ်။ ဒီကောင်းကင်အဆင့် လေးယောက်စလုံးက နတ်ဘုရားတွေရဲ့ အရှိန်အဝါမျိုး သန်းနေပြီးတော့ အဲဒီစွမ်းအားတွေ ပေါင်းစပ်ပြီး ငါတို့မိတ်ဆွေကြီးရဲ့ စွမ်းအားကို ကောင်းကင်အဆင့်ရဲ့ ထိပ်ဆုံးအထိ တွန်းပို့ပေးနေတာကို..."
"မဟုတ်ဘူး... သူက ကောင်းကင်အဆင့်ထက် တစ်လှမ်းကျော်လွန်တဲ့ မဟာကောင်းကင်အဆင့်တစ်ဝက်အထိကို ရောက်နေပြီ။ တကယ့် မဟာကောင်းကင်အဆင့်ကို ရောက်ဖို့ တစ်လှမ်းလောက်ပဲ လိုတော့တာ..."
လှံနတ်ဘုရားက နဖူးမှ ချွေးစေးများကို သုတ်လိုက်ရင်း - "သူက ဘယ်လိုအိပ်မက်မျိုး မက်နေလို့ ခွန်အားတွေ ဒီလောက်တောင် တိုးတက်လာရတာလဲ။ ဒီအတိုင်းသာ ဆက်သွားရင်တော့..."
၎င်းတို့နှစ်ဦးသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ထပ် စကားလုံးများကိုပင် ဆက်မပြောနိုင်တော့ချေ။
ဓားအဖိုးအိုက သတိကြီးစွာဖြင့် - "ငါတို့ ဆက်ပြီး စောင့်ကြပ်နေရမယ်။ ဒါက ပန်းချီဆရာကြီးရဲ့ ကြီးမားတဲ့ ကံကြမ္မာ အခိုက်အတန့်ပဲ။ ဘယ်သူ့ကိုမှ နှောင့်ယှက်ခွင့် မပေးနိုင်ဘူး..."
လှံနတ်ဘုရားက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် - “အစ်ကိုကြီး ပြောတာ မှန်တယ်။ အကယ်၍ သူသာ အောင်မြင်သွားခဲ့ရင် ငါတို့ မဟာရှနိုင်ငံမှာ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိလာတော့မှာ..."
ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် တစ်ဖဝါးမှ မခွာဘဲ ပိုမို သတိကြီးစွာဖြင့် စောင့်ကြပ်နေကြတော့သည်။
အိပ်မက်ထဲတွင်မူ...
အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားပြီးနောက် နောက်ဆုံးတွင် ပန်းချီဆရာကြီးသည် ငရဲနတ်ဘုရား လေးပါးကို ထပ်မံ ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် အလွန်ပင် သက်ရှိထင်ရှားရှိလှပြီး တစ်ဖက်မှ စစ်မှန်သော နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များ၏ အရှိန်အဝါကို လုံးဝ လျော့နည်းခြင်း မရှိပေ။
"ငါ့ရဲ့ လမ်းစဉ် ကို နောက်ဆုံးတော့ ငါ သဘောပေါက်သွားခဲ့ပြီ... ဟားဟား..."
သူ၏ အမိန့်ပေးမှုအောက်တွင် သူ ရေးဆွဲထားသော ငရဲနတ်ဘုရား လေးပါးသည် တစ်ဖက်မှ စစ်မှန်သော နတ်ဘုရားများနှင့် ချက်ချင်းပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြတော့ရာ ဘယ်သူကမှ အရှုံးမပေးဘဲ အကြိတ်အနယ် ရှိလှပေသည်။
ဤအချိန်တွင် သူသည် အသက်ဆီမီးမှာ မှေးမှိန်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ဂုဏ်သိက္ခာရှိစွာဖြင့် သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် ဇာတ်သိမ်းကို မမြင်တွေ့ခဲ့ရသော်လည်း သူ၏ ရင်ထဲ၌ ကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
နံနက်ခင်းအချိန်အခါတွင် တာအိုသဘောတရားတွေကို နားလည်ခွင့်ရလျှင် ညနေခင်းတွင် သေရသော်လည်း နောင်တမရှိပြီ... ငါ့ရဲ့ ရှေ့ဆက်ရမယ့်လမ်းကို ငါ ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။
ငါ့ကို စုတ်တံတစ်ချောင်းသာ ပေးစမ်းပါ... ငါ သေခြင်းတရားကိုတောင် အမိန့်ပေး စေခိုင်းပြမယ်...
"ဟားဟားဟား..."
အပိုင်း (၅၈၆)
ပြင်ပလောကတွင်မူ အိပ်ပျော်နေသော ပန်းချီဆရာကြီး၏ ခန္ဓာကိုယ်မှ ကောင်းကင်တုန်ဟည်းမတတ် အရှိန်အဝါတစ်ခု ရုတ်တရက် ဟိန်းခနဲ ထွက်ပေါ်လာခဲ့တော့သည်။
ထိုအရှိန်အဝါသည် အလွန်ပင် ကြီးမားကာ ပြင်းထန်လှပြီး တောင်တွေပြို ပင်လယ်တွေ တုန်ဟီးမတတ် အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ရိုက်ခတ်သွားခဲ့လေသည်။
ကောင်းကင်အဆင့် ခွန်အားရှိကြသော ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့ပင်လျှင် ထိုစွမ်းအားကြောင့် အခန်းပြင်သို့ တွန်းထုတ်ခြင်း ခံလိုက်ရပြီး တစ်ဦးကိုတစ်ဦး အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
"ငါတို့မိတ်ဆွေ ပန်းချီဆရာကြီးက အဆင့်တက်သွားတာလား..."
"သေချာတာပေါ့... အဆင့်တက်သွားပြီ။ ငါတို့က ဒီခေတ်ကြီးရဲ့ ကောင်းကင်တွေပဲလေ... ကောင်းကင်အဆင့်ထက် မြင့်တဲ့ ‘မဟာကောင်းကင်အဆင့်’ ရောက်တဲ့သူပဲ ရိုးရိုးအရှိန်အဝါတစ်ခုတည်းနဲ့ ငါတို့ကို တွန်းထုတ်နိုင်မှာ။ ပန်းချီဆရာကြီးက မဟာကောင်းကင်အဆင့်ကို ရောက်သွားပြီပဲ... ဂုဏ်ယူစရာပဲ..."
လီရှီဟွာသည် "ဆရာ..." ဟု အော်ဟစ်ကာ အထဲသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း ဓားအဖိုးအိုက လှမ်းတားလိုက်သည်။
"အနားမသွားနဲ့ဦး... မင်းရဲ့ဆရာက ဘာမှမဖြစ်ပါဘူး။ သူ အဆင့်တက်သွားတာမို့လို့ မကြာခင် ပြန်ထွက်လာလိမ့်မယ်။ ငါတို့ ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေကြရအောင်..."
ထိုပြင်းထန်လှသော အရှိန်အဝါသည် နန်းတော်တစ်ခုလုံးနှင့် မြို့တော်တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းမိုးသွားခဲ့ပြီး မြို့တော်ပြင်ပ မိုင် ၂၀ ပတ်လည်အတွင်းရှိ လူများပင်လျှင် ယင်းအရှိန်အဝါကို ခံစားမိကြသဖြင့် သိုင်းပညာရှင်အားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။
"ဒါက အဆင့်တက်တဲ့ အရှိန်အဝါပဲ... တစ်ယောက်ယောက်တော့ ကောင်းကင်အဆင့်ကို တက်လှမ်းသွားခဲ့ပြီ..."
"ငါတို့ မဟာရှနိုင်ငံမှာ နောက်ထပ် ကောင်းကင်အဆင့်တစ်ယောက် တိုးလာပြီဟေ့..."
"မဟုတ်ဘူး... ကောင်းကင်အဆင့်တင် မကဘူး။ ကောင်းကင်အဆင့်တစ်ယောက်က ငါ့ကို ဒီလောက်အထိ ပြင်းထန်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုမျိုး ဘယ်တုန်းကမှ မပေးနိုင်ခဲ့ဘူး..."
"ဒါက မဟာကောင်းကင်အဆင့်ပဲ... တစ်ယောက်ယောက်က မဟာကောင်းကင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တာ သေချာတယ်..."
"မဟာကောင်းကင်အဆင့်ရဲ့ အရှိန်အဝါပဲ..."
မြို့တော်တစ်ခုလုံးရှိ သိုင်းပညာရှင်များအားလုံး ရူးသွပ်မတတ် ဖြစ်သွားကြရသည်။
တစ်စုံတစ်ယောက်သည် မဟာကောင်းကင်အဆင့်သို့ ရောက်ရှိသွားပြီး လက်ရှိခေတ်ကာလ၏ အထွတ်အထိပ် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။
"ဒီလူက ဘယ်သူဖြစ်မလဲ..."
"သူက မဟာရှနိုင်ငံရဲ့ မိတ်ဆွေလား ရန်သူလား..."
ထိုစဉ်မှာပင် နန်းတော်၏ ပန်းချီဆောင်ထဲမှ လူရိပ်တစ်ခုသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေသည်။
သူသည် လေဟာနယ်ထဲတွင် ရပ်တန့်လျက် အူကြောင်ကြောင်ဖြင့် ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်ကာ - "ငါ သေသွားပြီ မဟုတ်ဘူးလား... ဘယ်လိုဖြစ်လို့..."
ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့ အပါအဝင် ကောင်းကင်အဆင့်များစွာသည် လျင်မြန်စွာ စုရုံးရောက်ရှိလာကြပြီး ကောင်းကင်ယံတွင် မတ်မတ်ရပ်နေသော ပန်းချီဆရာကြီးကို ကြည့်လျက် လေးစားကြည်ညိုစွာဖြင့် ဂုဏ်ပြုလိုက်ကြသည် - "ပန်းချီဆရာကြီး... မဟာကောင်းကင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပြီး ယခုခေတ်ရဲ့ ပြိုင်ဘက်ကင်း အထွတ်အထိပ် ပညာရှင်ကြီး ဖြစ်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်..."
"အင်း... အင်း..." ပန်းချီဆရာကြီးက ဝေဝေဝါးဝါးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူသည် အိပ်ရာမှ နိုးကာစ ဖြစ်သဖြင့် မိမိ၏ ပတ်ဝန်းကျင် အခြေအနေကို သေသေချာချာ နားမလည်သေးချေ။
ထိုအခိုက် လူအုပ်ထဲတွင် ရင်းနှီးသော မျက်နှာတစ်ခုကို သူ မြင်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မဆိုင်းမတွပင် လှမ်းမေးလိုက်သည် - "ရှီဟွာ... မင်း မသေဘူးလား..."
သူ၏ တပည့်ငယ် လီရှီဟွာမှာ ထိုမေးခွန်းကြောင့် ကြောင်အမ်းသွားကာ - "ဆရာ... သမီးက ဘာလို့ သေရမှာလဲ..."
ပန်းချီဆရာကြီးက ပြာပြာသလဲဖြင့် - "စောစောက... မင်းကို အဖြူအမည်း ဝိညာဉ်ဖမ်းတမန်တွေ ဖမ်းခေါ်သွားပြီး အဝါရောင်စမ်းရေလမ်းကနေ ငရဲပြည်ကို ခေါ်သွားတာ မဟုတ်ဘူးလား။ ဘယ်လောက်ပြေးပြေး လွတ်အောင် မပြေးနိုင်ဘူးလေ... မင်း မမှတ်မိတော့ဘူးလား..."
လီရှီဟွာမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားပြီး - "ဘာအဖြူအမည်း ဝိညာဉ်ဖမ်းတမန်လဲ... ဘာအဝါရောင်စမ်းရေလမ်းလဲ... ဆရာ ပြောတာတွေကို သမီး တစ်ခုမှ နားမလည်ဘူး။ ဆရာကလည်း... နိုးလာပြီးမှ ဘာလို့ ဒီလောက်တောင် ဝေဝေဝါးဝါးတွေ ဖြစ်နေရတာလဲ..."
"နိုးလာတာ ဟုတ်လား..." ပန်းချီဆရာကြီးက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများကို ကြည့်ကာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားပြီး - "တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ... ငါ့ကို အစအဆုံး အသေးစိတ် ရှင်းပြစမ်း..."
"ဟုတ်ကဲ့ပါ ဆရာ..."
အားလုံး နန်းတော်ထဲသို့ ပြန်လည်ဝင်ရောက်လာကြသည်။ လီရှီဟွာက ပန်းချီဆရာကြီး အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ်မကျန် ပြန်လည်ပြောပြလိုက်သည်။
ပန်းချီဆရာကြီး၏ မျက်မှောင်ကြုတ်မှုက ပို၍ နက်ရှိုင်းလာကာ - "ဒါဆို မင်းတို့ပြောချင်တာက... ငါက ဒီအတိုင်း အိပ်ပျော်သွားတာ၊ အဲဒီအိပ်စက်ခြင်းက ရက်အတော်ကြာသွားပြီး အိပ်နေရင်းနဲ့ အိပ်မက်ဆိုး မက်နေခဲ့တာပေါ့..."
"မှန်ပါတယ်..."
ဓားအဖိုးအိုက ခေါင်းညိတ်ထောက်ခံရင်း - "မင်း အိပ်မက်ဆိုးမက်ပြီး ဒုက္ခရောက်နေတဲ့ လက္ခဏာတွေ ပြလာတော့ မင်းရဲ့တပည့်က ငါတို့ကို ချက်ချင်း လာခေါ်တာပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းလုံးလုံး ငါနဲ့ ငါ့ညီလေးတို့ မင်းဘေးမှာ စောင့်ကြပ်ပေးနေခဲ့တာပဲ..."
"မိတ်ဆွေတို့... စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..." ပန်းချီဆရာကြီးက ကျေးဇူးတင်စကားဆိုကာ ဂါရဝပြုလိုက်သည်။
ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့မှာ ပျာပျာသလဲ ဖြစ်သွားကြပြီး - "မင်းက အခု မဟာကောင်းကင်အဆင့်ကို ရောက်သွားပြီပဲ။ ငါတို့က မင်းကို မိတ်ဆွေလို့ တန်းတူ မခေါ်ရဲတော့ပါဘူး..."
ပန်းချီဆရာကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - "ဒီလို အခမ်းအနားတွေ ဂရုစိုက်မနေပါနဲ့။ ငါက မင်းတို့ထက် တစ်လှမ်း စောသွားတယ်ဆိုပေမဲ့ မင်းတို့လည်း သိပ်မဝေးတော့ပါဘူး။ အချိန်တန်ရင် ငါ့နောက်ကို လိုက်လာနိုင်မှာပဲ... ဒါကြောင့် ငါတို့ကို အရင်လိုပဲ မိတ်ဆွေလို့ ဆက်ခေါ်ကြတာပေါ့..."
ထိုကဲ့သို့ သဘောထားကြီးလှသော စကားများကြောင့် အားလုံး၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးသွားခဲ့ရသည်။
ဓားအဖိုးအိုက စူးစမ်းလိုစိတ်ဖြင့် - "မိတ်ဆွေ ပန်းချီဆရာကြီး... မင်း အိပ်မက်ထဲမှာ ဘာတွေ ကြုံတွေ့ခဲ့လို့ မဟာကောင်းကင်အဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့တာလဲ..."
ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ အခန်းထဲရှိ သိုင်းပညာရှင် အားလုံးသည် နားစွင့်လိုက်ကြသည်။ အဆုံးစွန်၌ ဤအရာသည် မဟာကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်သည့် လျှို့ဝှက်ချက် မဟုတ်ပါလော... မည်သူက မသိချင်ဘဲ နေမည်နည်း။
"ငါ ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဟုတ်လား..."
ပန်းချီဆရာကြီးသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး စိတ်ပျက်လက်ပျက် ပြုံးကာ - "ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပဲကွ..."
ပန်းချီဆရာကြီးသည် အိပ်မက်ထဲတွင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ဖြည်းဖြည်းချင်း ပြန်လည်ပြောပြလိုက်သည်။ အားလုံးက အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားကြရသည်။ ပန်းချီဆရာကြီး၏ ကြုံတွေ့မှုများက ဤမျှအထိ ထူးခြားဆန်းပြားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
သူသည် မိမိကိုယ်တိုင်ရော၊ တပည့်ငယ်ပါ သေဆုံးသွားသည်ဟု အိပ်မက်မက်ခဲ့သည်။ သို့သော် တပည့်ဖြစ်သူအား အသက်ရှင်သန်ခွင့် လမ်းစတစ်ခု ပေးနိုင်ရန်အတွက် မိမိ၏ ဝိညာဉ် လွင့်ပျယ်ပျက်စီးသွားပြီး လူပြန်မဝင်စားနိုင်တော့မည့် အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ ငရဲနတ်ဘုရား လေးပါးကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ရသည်။
မရေမတွက်နိုင်သော ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲများကို ကြံ့ကြံ့ခံပြီးနောက် နောက်ဆုံးတွင် သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ မဟာကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
" ဆရာ ပြောခဲ့ဖူးသလိုပဲ... သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ကြီးမားတဲ့ ထိတ်လန့်စရာတွေ ရှိသလို၊ ကြီးမားတဲ့ အခွင့်အလမ်းတွေလည်း ရှိတယ်ဆိုတာ တကယ် မမှားဘူးပဲ..." လှံနတ်ဘုရားက ချီးကျူးအံ့ဩစွာဖြင့် ရေရွတ်လိုက်သည်။
"မိတ်ဆွေကြီး... မင်းက သေခြင်းရှင်ခြင်း အကျပ်အတည်းတွေကြားကနေ မင်းရဲ့လမ်းစဉ်ကို ရှာဖွေတွေ့ရှိသွားတာပဲ။ ဂုဏ်ယူပါတယ်..."
"အဲဒါ အမှန်ပဲဆိုပေမဲ့... ငါတော့ အဲဒီခံစားချက်မျိုးကို နောက်တစ်ခါ ထပ်ပြီး မကြုံတွေ့ချင်တော့ဘူး..." ပန်းချီဆရာကြီးက စိုးရိမ်စိတ် မကုန်သေးဘဲ ဆိုလိုက်သည်။
စက္ကန့်တိုင်းမှာ သေခြင်းရှင်ခြင်းကြား လူးလှိမ့်နေရပြီး အနည်းငယ်မျှ အာရုံလွတ်သွားရုံနှင့် ဝိညာဉ် ပျက်စီးသွားနိုင်သည့် အခြေအနေမျိုးကို ဘယ်သူက ခံနိုင်ရည် ရှိမည်နည်း။ သူက ဒီလောက် အသက်ကြီးမှ ဒီလို အသေအလဲ တိုက်ပွဲဝင်ခဲ့ရတာ လွယ်ကူလှသည် မဟုတ်ချေ။
"ဆရာ... ဆရာက သမီးအတွက် ဒါတွေအကုန်လုံး လုပ်ပေးခဲ့လိမ့်မယ်လို့ သမီး မထင်ထားခဲ့ဘူး..."
လီရှီဟွာသည် အိပ်မက်ထဲက အရာအားလုံးကို ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ဆရာဖြစ်သူက အဝါရောင်စမ်းရေလမ်းတွင် မိမိကို ထပ်ခါတလဲလဲ ကာကွယ်ပေးခဲ့သည်ဟူသော အသိကြောင့် အလွန်ပင် စိတ်လှုပ်ရှား ခံစားသွားရကာ မျက်ရည်များ အလိုအလျောက် ဝဲတက်လာခဲ့သည်။
ပန်းချီဆရာကြီးက ကြင်နာသော မျက်နှာအမူအရာဖြင့် လီရှီဟွာ၏ ခေါင်းကို သာသာလေး ပုတ်ပေးရင်း - "တပည့်လေး... အများကြီး တွေးမနေပါနဲ့။ မင်းက ဆရာ့ရဲ့ တစ်ဦးတည်းသော အမွေခံဖြစ်သလို ဆရာ့ရဲ့ မိသားစုလည်း ဖြစ်တယ်။ မင်းကို ကာကွယ်ပေးဖို့က ဆရာ့ရဲ့ တာဝန်ပဲ။ ပန်းချီပညာကို သေသေချာချာ လေ့လာပြီး ဆရာ့ကို စိတ်ပျက်အောင် မလုပ်နဲ့..."
"ဟုတ်ကဲ့ပါ ဆရာ..." လီရှီဟွာ၏ မျက်လုံးများက ပြတ်သားမှုများဖြင့် ပြည့်နှက်သွားသည်။
"မိတ်ဆွေကြီး... အခု မင်းက မဟာကောင်းကင်အဆင့်ကို ရောက်ပြီး ငါတို့ထက် ရှေ့ကို ရောက်သွားပြီဆိုတော့ ငါတို့ကိုလည်း မင်းရဲ့ ပညာရပ်တွေကို လမ်းညွှန်ပြသပေးဖို့ ဝန်မလေးပါနဲ့ဦး..." ဓားအဖိုးအိုက စိတ်အားထက်သန်စွာ တောင်းဆိုလိုက်ရာ အခြား ကောင်းကင်အဆင့်များကလည်း ပညာသင်ယူချင်သည့် မျက်လုံးများဖြင့် မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
ပန်းချီဆရာကြီးက ရယ်မောလိုက်ပြီး - "ကောင်းပြီလေ... ငါလည်း အခုလေးတင် နားလည်သဘောပေါက်သွားတဲ့ အစွမ်းတွေကို စမ်းသပ်ကြည့်ချင်နေတာနဲ့ အတော်ပဲ..."
အားလုံးသည် ချက်ချင်းပင် မြို့တော်ပြင်ပ ၁၀ မိုင်ကျော်အကွာရှိ လူသူမရှိသော တောင်ကုန်းတစ်ခုဆီသို့ ပြေးထွက်ခဲ့ကြသည်။
ပန်းချီဆရာကြီးက လက်ကို ခပ်ကျယ်ကျယ် ဝှေ့ယမ်းလိုက်ပြီး - "အားလုံး အတူတူသာ ဝင်တိုက်ကြစမ်းပါ။ ငါ့ကို အားနာနေဖို့ မလိုဘူး..."
"ဒါဆိုရင်တော့ စော်ကားမိရင် ခွင့်လွှတ်ပါ ပန်းချီဆရာကြီး..."
အားလုံးက မဟာကောင်းကင်အဆင့်ရှိသူ မည်မျှ အစွမ်းထက်ကြောင်း သိထားကြသဖြင့် အားနာမနေဘဲ မိမိတို့၏ အစွမ်းများကို ချက်ချင်း ထုတ်ဖော်လိုက်ကြတော့သည်။
လူအုပ်ကို ရင်ဆိုင်ရင်း ပန်းချီဆရာကြီးက သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ လေဟာနယ်ထဲမှ စွမ်းအားစုတ်တံတစ်ချောင်း ပေါ်ထွက်လာပြီး လျင်မြန်စွာ ရေးဆွဲလိုက်တော့သည်။
အသက်တစ်ရှူစာ အချိန်အတွင်းမှာပင် သူသည် ကောင်းကင်အဆင့် ခွန်အားရှိသော နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များကို ရေးဆွဲလိုက်သည်။ သို့သော် ၎င်းက မပြီးသေးချေ... ပန်းချီဆရာကြီးက ဆက်လက်၍ ရေးဆွဲနေဆဲ ဖြစ်သည်။
နောက်ထပ် အသက်တစ်ရှူစာ အချိန်တွင် သူသည် စစ်မှန်သော အရှိန်အဝါများနှင့် အလွန်နီးစပ်လှသော နွားခေါင်း၊ မြင်းမျက်နှာနှင့် အဖြူအမည်း ဝိညာဉ်ဖမ်းတမန်များကို ထပ်မံ ရေးဆွဲလိုက်ပြန်သည်။
"ကဲ... မင်းတို့ သူတို့ကို အနိုင်တိုက်နိုင်ရင် မင်းတို့ နိုင်ပြီပဲ..." ပန်းချီဆရာကြီးက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။
ရောက်ရှိနေသော မဟာဆရာကြီးများသည် ဤကဲ့သို့ နတ်ဘုရားဆန်လှသော အစွမ်းကြောင့် အံ့ဩသွားကြသော်လည်း တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်ကြတော့သည်။
“တိုက်ကြစမ်း...!!!"
ရေနွေးကြမ်းတစ်ခွက်စာ သောက်စာခန့် အချိန်ကုန်လွန်သွားပြီးနောက် ရောက်ရှိနေသော ကောင်းကင်အဆင့်များ အားလုံး ရှုံးနိမ့်သွားခဲ့ကြပြီး လှိုက်လှိုက်လှဲလှဲပင် ချီးကျူးလိုက်ကြတော့သည် - "ပန်းချီဆရာကြီးရဲ့ အစွမ်းက တကယ်ကို နက်ရှိုင်းလွန်းပါတယ်။ ကျွန်တော်တို့ တကယ်ပဲ လေးစားမိပါတယ်..."
ပန်းချီဆရာကြီးက လက်ကို ခပ်သာသာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုငရဲနတ်ဘုရားများ ပျောက်ကွယ်သွားခဲ့သည်။
"ဟားဟား... ချီးမွမ်းလွန်းနေပါပြီ။ ဒီနေ့ ငါ အဆင့်တက်တာကို အရမ်းဝမ်းသာလို့ ဂုဏ်ပြုစားပွဲအကြီးကြီး လုပ်ချင်တယ်။ အားလုံးပဲ တက်ရောက်ပြီး ဂုဏ်ပြုပေးကြပါဦး..."
"မိတ်ဆွေကြီးရဲ့ ဖိတ်ကြားချက်ကို ကျွန်တော်တို့က ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ..."
အားလုံးသည် မျက်နှာထက်တွင် အပြုံးကိုယ်စီဖြင့် နန်းတော်ဆီသို့ ပျော်ရွှင်စွာ ပြန်လာခဲ့ကြသည်။