← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 54 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 54 Ch. 587-588

အပိုင်း (၅၈၇)

နန်းတော်တံခါးဝသို့ ရောက်သောအခါ လင်းပိုင်ဖန်က ရှေ့သို့လှမ်းလာပြီး လှိုက်လှိုက်လှဲလှဲပင် ဂုဏ်ပြုလိုက်လေသည် - "ဂုဏ်ယူပါတယ် ပန်းချီဆရာကြီး... မဟာကောင်းကင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီပဲ။ အခုကစပြီး ငါတို့ မဟာရှနိုင်ငံမှာလည်း ကိုယ်ပိုင် မဟာကောင်းကင်အဆင့် ပညာရှင်ကြီးတစ်ယောက် ရှိခဲ့ပြီ။ ဒါက တစ်ကမ္ဘာလုံးနဲ့ အတူတူ ဆင်နွှဲရမယ့် ကြီးကျယ်လှတဲ့ အခမ်းအနားကြီးပဲ... ဆရာကြီးကို ဂုဏ်ပြုဖို့အတွက် ငါကိုယ်တော်က ဂုဏ်ပြုစားပွဲအကြီးကြီး ပြင်ဆင်ထားတယ်..."

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

ပန်းချီဆရာကြီးက ပြုံးလျက် ဂါရဝပြုရင်း လှိုက်လှဲစွာ ဆိုလိုက်သည် - "လွန်ခဲ့တဲ့ တစ်နှစ်ပတ်လုံး အရှင်မင်းကြီးရဲ့ လမ်းညွှန်ပြသမှုတွေ မရှိခဲ့ရင် ကျွန်တော်မျိုး အခုလို အဆင့်တက်နိုင်မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီးရဲ့ ကျေးဇူးတရားတွေကို ကျွန်တော်မျိုး ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - "ပန်းချီဆရာကြီးကလည်း အားနာစရာတွေ ပြောနေပြန်ပါပြီ။ ငါတို့က အသက်အရွယ်ချင်း မတူပေမဲ့ ရင်နှီးတဲ့ မိတ်ဆွေတွေပဲဥစ္စာ... တစ်ယောက်နဲ့တစ်ယောက် ပညာရပ်တွေ ဖလှယ်ပြီး သင်ယူကြတာ သဘာဝကျပါတယ်။ ကျေးဇူးတင်နေဖို့ မလိုပါဘူး... စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါ..."

"အဲဒါလည်း ဟုတ်တာပါပဲ..."

ပန်းချီဆရာကြီးက ရယ်မောလိုက်သော်လည်း ရုတ်တရက် လေသံပြောင်းသွားကာ - "ငါတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေဆိုပေမဲ့ အကြွေးအချို့ကိုတော့ ရှင်းရဦးမယ် ထင်တယ်..."

"ဘာအကြွေးလဲ..." လင်းပိုင်ဖန်က ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။

"အရှင်မင်းကြီး... အရင်တုန်းက ပန်းတွေကို ဖျက်ဆီးခဲ့တဲ့ ရန်ငြိုးကို မေ့သွားပြီလား..."

ပန်းချီဆရာကြီးက ပြုံးလျက် - "အဲဒီတုန်းက ကျွန်တော်မျိုး နှစ်ပေါင်းများစွာ အပင်ပန်းခံ စိုက်ပျိုးထားတဲ့ ပန်းတွေကို အရှင်မင်းကြီးက အရက်ချက်ဖို့ဆိုပြီး ရက်ရက်စက်စက် ဖျက်ဆီးခဲ့တာလေ။ ကျွန်တော်မျိုး စိတ်နှလုံး အကြီးအကျယ် ထိခိုက်ခဲ့ရတာ။ အခု အဲဒီအကြွေးကို ဘယ်လိုရှင်းကြမလဲ..."

ထိုစကားကြောင့် အနားရှိ လူများအားလုံး၏ မျက်နှာများ တောင့်တင်းသွားကြသည်။

ပန်းချီဆရာကြီးက အရှင်မင်းကြီးကို တမင်သက်သက် ပြဿနာရှာနေသလို ဖြစ်နေသည်။ အကယ်၍ တကယ်သာ တိုက်ပွဲဖြစ်ပွားခဲ့လျှင် သူတို့အနေဖြင့် မည်သူ့ဘက်မှ ပါရမည်နည်း။

လင်းပိုင်ဖန်ကလည်း ပြုံးလျက်ပင် ‘ရွှမ်ရှောင်’ နတ်ဘုရားဓားကို အသာအယာ ဆွဲထုတ်လိုက်ကာ - "ပန်းချီဆရာကြီး... ဒါဆို မင်းက ဘယ်လို ရှင်းချင်လို့လဲ..."

နတ်ဘုရားဓားမှ ထွက်ပေါ်လာသော ထက်မြက်လှသည့် ဓားအရှိန်အဝါကို ခံစားမိလိုက်သည့်အခါ ပန်းချီဆရာကြီး၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။

သူသည် ထိုဓားထံမှ ပြင်းထန်သော အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး ယင်းက အိပ်မက်ထဲက ငရဲတမန် လေးပါးပေးသည့် ခြိမ်းခြောက်မှုထက်ပင် ပိုမိုပြင်းထန်နေသည်။

ဒါက တကယ်ကို နားမလည်နိုင်စရာပင်။ သူ မဟာကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင်တောင် လင်းပိုင်ဖန်၏ အပေါ်တွင် အသာစီးမရနိုင်သေးပါတကား။ လင်းပိုင်ဖန်က သူ့ဘဝရဲ့ ကံကြမ္မာဆိုးပဲလား...။

ပန်းချီဆရာကြီးက အခဏမျှ စဉ်းစားပြီးနောက် ရိုးသားစွာဖြင့် - "ကျွန်တော်မျိုး အမြင်တော့ အတိတ်က အရာတွေကို အတိတ်မှာပဲ ထားလိုက်တာ ပိုကောင်းမယ် ထင်ပါတယ်။ ကျွန်တော်မျိုးတို့က ရန်ဖြစ်ရင်းနဲ့ မိတ်ဆွေတွေ ဖြစ်လာကြတာပဲလေ... လူ့ဘဝက တိုတိုလေးရယ်... ရန်ငြိုးတွေ ထားနေဖို့ မလိုပါဘူး ဟုတ်တယ်မလား အရှင်မင်းကြီး..."

လင်းပိုင်ဖန်က နတ်ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်သည် - "ပန်းချီဆရာကြီး ပြောတာ တကယ်ကို မှန်ကန်ပါတယ်..."

ထို့နောက် လင်းပိုင်ဖန်က အားလုံးကို ဖိတ်ကြားကာ ဂုဏ်ပြုစားပွဲ ဆင်နွှဲနေစဉ်အတွင်း အင်ပါယာ မြေပုံထံမှ ဆုလာဘ်များကို ရယူလိုက်သည်။

“ဒင်!... ဂုဏ်ယူပါတယ်၊ ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသဖြင့် သင်၏ ခွန်အားကို တစ်ပြိုင်နက်တည်း မြှင့်တင်ပေးလိုက်ပါပြီ။ ‘ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်’ ကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်သည်”

“ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်’ (နိုးထခြင်းအဆင့်) သည် ရှေးခေတ်မှ ယနေ့ခေတ်အထိ အစွမ်းထက်ဆုံးသော မြင့်မြတ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်ပြီး ဖျက်ဆီး၍မရနိုင်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၊ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော အသက်စွမ်းအားတို့ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် အင်မော်တယ်ဘုရင်မှ ကောင်းကင်ကိုးလွှာကို သက်ဆင်းခြင်း၊ ဖန်ဆီးခြင်းကြာပန်းစိမ်းစသည့် ထူးခြားဆန်းပြားသော ဖြစ်စဉ်ကြီး ကိုးခုကို ပိုင်ဆိုင်ထားသဖြင့် အနီးကပ်တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းလှသည်။ အထွတ်အထိပ်အထိ လေ့ကျင့်အောင်မြင်ပါက ကောင်းကင်အင်ပါယာကိုပင် စိန်ခေါ်နိုင်စွမ်း ရှိသည်”

ဆုလာဘ်ကို ရယူပြီးနောက် လင်းပိုင်ဖန်သည် မိမိ၏ ခန္ဓာကိုယ်က ဆပေါင်းများစွာ သန်မာလာသည်ကို ခံစားမိလိုက်သဖြင့် ဝမ်းသာအားရ ဖြစ်သွားပြီး - "မဟာကောင်းကင်အဆင့်တစ်ယောက်ကြောင့် ရတဲ့ ဆုလာဘ်က တကယ်ကို ရက်ရောလွန်းတယ်။ ရှေးခေတ်ကတည်းက အစွမ်းထက်ဆုံးဖြစ်တဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ နိုးထခြင်းအဆင့်ပဲ... ငါ့ရဲ့ ခန္ဓာကိုယ်က နတ်သားရဲတွေနဲ့တောင် ရင်ပေါင်တန်းနိုင်နေပြီ။ အကယ်၍ အဆုံးစွန်ထိ လေ့ကျင့်နိုင်ရင် လက်ညှိုးတစ်ချက် တောက်ရုံနဲ့တင် ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်မှာပဲ မဟုတ်လား..."

လင်းပိုင်ဖန်သည် တွေးရင်းဖြင့် ပိုမိုပျော်ရွှင်လာကာ လက်ရှိအခြေအနေတွင်ပင် နတ်သားရဲနှစ်ကောင်ကို အသာအယာ ရင်ဆိုင်နိုင်စွမ်းရှိသည်ဟု ခံစားလိုက်ရသည်။ ဒါက ကြီးမားလှသော တိုးတက်မှုကြီးပင် ဖြစ်ပေသည်။

ထိုသို့တွေးရင်း လင်းပိုင်ဖန်က အရက်ခွက်ကို မြှောက်ကာ ပြုံးလျက် - "ပန်းချီဆရာကြီး... မင်းကို ငါကိုယ်တော် ထပ်ပြီး ဂုဏ်ပြုတယ်..."

"ကောင်းပါပြီ အရှင်မင်းကြီး... သောက်ကြစို့..." ပန်းချီဆရာကြီးကလည်း ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် ပန်းချီဆရာကြီး မဟာကောင်းကင်အဆင့်သို့ ရောက်ရှိသွားသည့် သတင်းသည် တစ်ကမ္ဘာလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

"ပန်းချီဆရာကြီးက တကယ်ပဲ မဟာကောင်းကင်အဆင့်ကို ရောက်သွားတာလား..."

"အံ့ဩစရာပဲ... သူက သက်တမ်း ကုန်ခါနီးမှ မဟာကောင်းကင်အဆင့်ကို ရောက်ပြီး သက်တမ်းတိုးသွားတာပဲ။ ဒါက တကယ့်ကို ကံကောင်းခြင်းပဲ..."

"လောကကြီးမှာ နောက်ထပ် အထွတ်အထိပ် သိုင်းပညာရှင်ကြီးတစ်ယောက် တိုးလာပြန်ပြီ..."

"မဟာရှနိုင်ငံမှာ နောက်ထပ် အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက် တိုးလာတာလို့ ပြောရမှာ။ ဒါက နိုင်ငံတော်ရဲ့ အင်အားကို ပိုပြီး တောင့်တင်းစေတာပဲ..."

"မဟာရှနိုင်ငံက ဘာလို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ..."

မဟာဝူအင်ပါယာ၏ နန်းတော်အတွင်း၌မူ မဟာဝူဧကရာဇ်သည် ထိုသတင်းကို ကြားလိုက်ရသည့်အခါ အံ့ဩတုန်လှုပ်သွားပြီး - "ဘာ... မင်းပြောချင်တာက မဟာရှနိုင်ငံရဲ့ ပန်းချီဆရာကြီးက မဟာကောင်းကင်အဆင့်ကို ‌ရောက်သွားပြီ ဟုတ်လား..."

"ဟုတ်ပါတယ် အရှင်မင်းကြီး... လုံးဝ သေချာပါတယ်။ ပြင်ပမှာ ဒီသတင်းက ပျံ့နှံ့နေပါတယ်..." ဟု အမတ်တစ်ဦးက တင်ပြလိုက်သည်။

"သူက ဘာလို့ ဒီအချိန်မှ အဆင့်တက်ရတာလဲ... သူက ဘယ်လိုလုပ်ပြီး အောင်မြင်သွားတာလဲ..." မဟာဝူဧကရာဇ်သည် ပိုမို၍ ပျာယာခတ်လာခဲ့သည်။

လက်ရှိတွင် ပန်းချီဆရာကြီးက မဟာရှနိုင်ငံ၏ မဟာကောင်းကင်အဆင့် ဖြစ်နေပြီဖြစ်ပြီး မဟာရှနိုင်ငံတွင် မဟာကောင်းကင်အဆင့်ကိုပင် ယှဉ်ပြိုင်နိုင်သော နတ်ဓားတစ်စင်း ရှိနေသေးသည်။ အကယ်၍ သူသာ ထိုနတ်ဓားကို ကိုင်စွဲလိုက်ပါက ဤလောကတွင် မည်သူက သူ့ကို ယှဉ်နိုင်တော့မည်နည်း။

မြင့်မြတ်ကောင်းကင်အဆင့်များ ထွက်ပေါ်မလာသရွေ့ မည်သူမျှ ရင်မဆိုင်နိုင်ချေ။ သို့သော် နတ်သားရဲလေးကောင်၏ အကြောင်းရင်းများကြောင့် မြင့်မြတ်ကောင်းကင်အဆင့်များသည် လောကတွင် ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

အခြားစကားဖြင့် ပြောရလျှင် မဟာရှနိုင်ငံသည် ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့ချေပြီ။ ဒုက္ခက သူတို့က မဟာရှနိုင်ငံနှင့် ရန်ငြိုးဖွဲ့ထားမိခြင်းပင်။ အကယ်၍ အခြားသူက ဓားကိုင်ပြီးသာ ရောက်လာခဲ့လျှင်...

မဟာဝူဧကရာဇ်သည် တွေးမိလေလေ ပို၍ ပျာယာခတ်လာလေလေဖြစ်ပြီး ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်ကဲ့သို့ မငြိမ်မသက် ဖြစ်နေတော့သည်။

ထိုစဉ်မှာပင် အိုမင်းလှသော လူရိပ်တစ်ခုသည် သူ၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်လာခဲ့သည်။

မဟာဝူဧကရာဇ်သည် လန့်ဖျပ်သွားပြီး ပျာပျာသလဲ ဂါရဝပြုလိုက်ရသည် - "ဘိုးဘေးကြီး... ဘာကိစ္စရှိလို့ ထွက်လာရတာလဲ..."

သူ့ရှေ့မှောက်က အဘိုးအိုမှာ မဟာဝူအင်ပါယာကို တည်ထောင်ခဲ့သူဖြစ်ပြီး မဟာဝူနိုင်ငံ၏ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးဖြစ်သော ‘ဝူထျန်းသဲ’ ဖြစ်သည်။

ထိုအဘိုးအိုက စကားကို တိုက်ရိုက်ပင် မေးလိုက်သည် - "ငါ အခုလေးတင် တရားထိုင်ရာက ထွက်လာတော့ ပန်းချီဆရာကြီးက မဟာကောင်းကင်အဆင့်ကို ရောက်သွားတယ်လို့ ကြားတယ်။ ဒါ တကယ်ပဲလား..."

"တကယ်ပါ ဘိုးဘေးကြီး..." မဟာဝူဧကရာဇ်က ခါးသီးစွာ ခေါင်းညိတ်ပြရင်း နှစ်နိုင်ငံကြားရှိ ရန်ငြိုးများကို ရှင်းပြလိုက်သည်။

အားလုံးကို နားထောင်ပြီးနောက် မဟာဝူနိုင်ငံ၏ ဘိုးဘေးကြီးက စိတ်ပျက်လက်ပျက်ဖြင့် - "မင်း... မင်းက တကယ်ကို မိုက်မဲတာပဲ..."

"ဘိုးဘေးကြီး ကြိမ်းမောင်းတာ မှန်ပါတယ်..." မဟာဝူဧကရာဇ်က အပြစ်ကို ဝန်ခံကာ ခေါင်းငုံ့ထားလိုက်သည်။

မဟာဝူဘိုးဘေးကြီးက နောင်တရနေသော သူ့မျိုးဆက်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ အမှန်တကယ်တော့ သူသာ မဟာဝူဧကရာဇ်နေရာမှာ ရှိနေခဲ့ရင်လည်း ဒီလိုပဲ ဆုံးဖြတ်မိမှာပင် ဖြစ်သည်။ မဟာရှနိုင်ငံက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မည်သူက ကြိုတင်ခန့်မှန်းနိုင်မည်နည်း။ ၁ ယောက်တည်းနဲ့ ၄ ယောက်ကို အနိုင်တိုက်နိုင်တာက တကယ်ကို မယုံနိုင်စရာပင်။

"ထားလိုက်ပါတော့... မင်းကလည်း မဟာဝူနိုင်ငံရဲ့ အကျိုးအတွက် လုပ်ခဲ့တာပဲ၊ မင်းအပြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ မဟာရှနိုင်ငံရဲ့ အခြေအနေက ပြောင်းလဲသွားပြီဖြစ်လို့ ဒီရန်ငြိုးကို အခုချက်ချင်း ရှင်းရမယ်။ ဒါကြောင့် ငါကိုယ်တိုင် သွားဖို့ ပြင်ဆင်ရမယ်..."

မဟာဝူဧကရာဇ်က အံ့ဩသွားပြီး - "ဒါပေမဲ့ ဘိုးဘေးကြီး... တစ်ဖက်လူက သဘောတူပါ့မလား..."

ဘိုးဘေးကြီးက သက်ပြင်းချရင်း - "လူ့ရဲ့ ကြိုးစားမှုကပဲ အဓိကပဲ... ငါတို့ ကြိုးစားကြည့်ရမယ်။ ငါ့အတွက် အဖိုးတန်လှတဲ့ လက်ဆောင်တွေကို ပြင်ဆင်ချေ... ငါတို့ဘက်က အကုန်အကျကို နှမြောမနေဘူးဆိုတာကို ပြသရမယ်..."

"ဟုတ်ကဲ့ပါ ဘိုးဘေးကြီး..."

မဟာဝူနိုင်ငံတင်မကဘဲ အခြားသော ထိပ်တန်းအင်ပါယာ သုံးခုစလုံးသည်လည်း ဤသတင်းကို ကြားရပြီးနောက် စိုးရိမ်တကြီးဖြင့် လက်ဆောင်များကို ပြင်ဆင်ကြကာ ရန်ငြိုးများကို တောင်းပန်ဖြေရှင်းရန် သံတမန်များ စေလွှတ်ခဲ့ကြသည်။

ထို့အတူ ‘တာအိုဂိုဏ်း’ နှင့် ‘ဗုဒ္ဓဂိုဏ်း’ တို့ကလည်း ထိုနည်းတူပင် ပြင်ဆင်ခဲ့ကြသည်။ အခြားသော အင်အားစုအသီးသီးကလည်း မဟာရှနိုင်ငံသို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြလေသည်။

လင်းပိုင်ဖန်သည် လူအများအပြား ရောက်ရှိလာသည်ကို မြင်သောအခါ အရပ်မျက်နှာအနှံ့မှ ဧည့်သည်တော်များကို ဧည့်ခံရန်အတွက် နောက်ထပ် ဂုဏ်ပြုစားပွဲအကြီးကြီးတစ်ခုကို ကျင်းပရန် ဆုံးဖြတ်လိုက်သည်။

ဂုဏ်ပြုစားပွဲတွင် မဟာဝူနိုင်ငံမှ ဘိုးဘေးကြီးက တန်ဖိုးကြီးလှသော လက်ဆောင်များကို ဆက်သကာ စိတ်ရင်းမှန်ဖြင့် ဆိုလိုက်သည် - "အရှင်မင်းကြီး... ကျွန်တော်မျိုးက အခုထိ ကျင့်ကြံနေခဲ့တာမို့လို့ ကျွန်တော်မျိုးရဲ့ မိုက်မဲတဲ့ မျိုးဆက်တွေက မဟာရှနိုင်ငံကို ပြစ်မှားစော်ကားမိခဲ့တာကို အခုမှ သိရပါတယ်။ ကျွန်တော်မျိုး သူတို့ကို ပြင်းပြင်းထန်ထန် ဆုံးမပြီးပါပြီ။ အရှင်မင်းကြီးအနေနဲ့ စိတ်သဘောထားကြီးစွာနဲ့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါဦး..."

"မှန်ပါတယ်... ဒါက အောက်ကလူတွေ အခြေအနေကို နားမလည်လို့ လုပ်မိတဲ့ အမှားတွေပါ..."

"ဒါက ကျွန်တော်မျိုးတို့ရဲ့ တောင်းပန်တဲ့ လက်ဆောင်တွေပါ... လက်ခံပေးပါဦး..."

" နှစ်နိုင်ငံကြားက ရန်ငြိုးတွေကို အတိတ်မှာပဲ ထားလိုက်ကြရအောင်ပါ..."

အခြားအင်ပါယာများမှ ဘိုးဘေးကြီးများကလည်း ထပ်တူထပ်မျှ ထောက်ခံ စကားဆိုကြသည်။

လင်းပိုင်ဖန်ကတော့ မျက်ဖြူကိုသာ အသာလှန်ပြလိုက်သည်။ အင်ပါယာကြီးတွေကြား စစ်ပွဲဖြစ်ပွားတာမျိုးကို သူတို့မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ချေ။ ရှင်းနေသည်မှာ မဟာရှနိုင်ငံတွင် နောက်ထပ် မဟာကောင်းကင်အဆင့်တစ်ယောက် တိုးလာပြီး အင်အားက တိုက်ခိုက်ရန် မဖြစ်နိုင်လောက်အောင် အစွမ်းထက်လာသောကြောင့်သာ လာရောက်တောင်းပန်ကြခြင်း ဖြစ်သည်။

“ငါကိုယ်တော် နားလည်ပါတယ်။ ဘယ်ဘိုးဘေးမှာမဆို မိုက်မဲတဲ့ သားသမီးမြေးမြစ်တွေ ရှိတတ်တာပဲ။ ဒါပေမဲ့ ဒီတိုက်ပွဲအပြီးမှာ ငါကိုယ်တော်ရဲ့ မဟာရှနိုင်ငံက ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့တယ်။ မင်းတို့အနေနဲ့ ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို လျော်ကြေးပေးသင့်တယ်လို့ မထင်ဘူးလား..."

ယခုတစ်ကြိမ်တွင်မူ ထိုဘိုးဘေးကြီးများက စိတ်ပျက်လက်ပျက် မျက်ဖြူလှန်ရမည့် အလှည့် ရောက်သွားခဲ့သည်။

ဆုံးရှုံးမှုတွေ အများကြီး ဟုတ်လား...။

ကျေးဇူးပြုပြီး မျက်လုံးကြီး အပြူးသားနဲ့ လိမ်မပြောပါနဲ့လား။ မင်းတို့က နယ်မြေတွေကို မိုင်ပေါင်းသန်းချီပြီး ချဲ့ထွင်လိုက်နိုင်တာလေ... ဘာဆုံးရှုံးမှု ရှိလို့လဲ ဟမ်...။

သို့သော်လည်း အခုက သူတစ်ပါးနယ်မြေထဲ ရောက်နေတာဖြစ်လို့ ခေါင်းငုံ့ရုံမှတစ်ပါး အခြားမရှိချေ။

"အရှင်မင်းကြီး ပြောတာ လုံးဝ မှန်ကန်ပါတယ်။ ကျွန်တော်မျိုးတို့ လျော်ကြေးပေးရမှာပေါ့..."

"အရှင်မင်းကြီး ဘာကိုပဲ လိုချင်လိုချင်... ကျွန်တော်မျိုးတို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်..."

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - “ငါကိုယ်တော် တောင်းဆိုတာ အများကြီး မဟုတ်ပါဘူး... ငါကိုယ်တော်ရဲ့ တောင်းဆိုချက် တစ်ခုတည်းကိုပဲ သဘောတူပေးရင် ရပြီ..."

အပိုင်း (၅၈၈)

"ဘာအခြေအနေမျိုးလဲ..." အားလုံးက တပြိုင်နက်တည်း ပြိုင်တူမေးလိုက်ကြသည်။

လင်းပိုင်ဖန်က ခန့်ညားထည်ဝါလှသော အရှိန်အဝါဖြင့် သူ၏လက်မောင်းများကို ကျယ်ကျယ်ဆန့်တန်းလိုက်ပြီး ကြွေးကြော်လိုက်သည် - "အခုဆိုရင် ငါတို့ မဟာရှနိုင်ငံရဲ့ နယ်မြေဟာ စတုရန်းလီပေါင်း သန်း ၄၀ အထိ ကျယ်ဝန်းလာခဲ့ပြီး သယံဇာတတွေ ပေါကြွယ်ဝသလို အရပ်သားပြည်သူ သန်းပေါင်း လေးရာကိုလည်း ကျွေးမွေးစောင့်ရှောက်ထားနိုင်နေပြီ။ ငါတို့မှာ စစ်သည်တော် ၈ သန်း၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၅ သောင်း၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀၀ ကျော်၊ ကောင်းကင်အဆင့် ၇ ယောက်နဲ့ မဟာကောင်းကင်အဆင့် ၁ ယောက် ရှိနေပြီ။ ဒါ့အပြင် မဟာကောင်းကင်အဆင့်တွေကိုတောင် သတ်ဖြတ်နိုင်စွမ်းရှိတဲ့ ‘ရွှမ်ရှောင်’ နတ်ဓားလည်း ရှိသေးတယ်..."

"ဘယ်ဘက်ကပဲ ကြည့်ကြည့်... မဟာရှနိုင်ငံက ဒီလောကရဲ့ နံပါတ်တစ် အင်အားအကြီးဆုံး အင်ပါယာဖြစ်နေတာ ငြင်းလို့မရဘူး။ ငါတို့က သာမန်အင်ပါယာတွေကို အဝေးကြီးမှာ ချန်ထားခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ က ‘မဟာခန်’ တည်ထောင်ခဲ့တဲ့ နိုင်ငံတော်တောင်မှ ငါတို့ရဲ့ မဟာရှနိုင်ငံကို မမှီနိုင်ဘူး..."

ထိုစကားကြောင့် လူတိုင်း၏မျက်နှာများ မသက်မသာ ဖြစ်သွားကြသော်လည်း လင်းပိုင်ဖန် ပြောနေသည်မှာ ငြင်းမရသော အမှန်တရားဖြစ်ကြောင်း ဝန်ခံလိုက်ကြရသည်။

"နှစ်ပေါင်း ၅,၀၀၀ ဒါမှမဟုတ် နှစ်ပေါင်း ၁၀,၀၀၀ အထိ နောက်ပြန်လှန်ကြည့်ရင်တောင် ငါ့ရဲ့ မဟာရှနိုင်ငံနဲ့ ယှဉ်နိုင်တဲ့ နိုင်ငံမျိုး တစ်နိုင်ငံမှ မရှိခဲ့ဘူး..." လင်းပိုင်ဖန်က လောကကြီးတစ်ခုလုံးကို အရေးမစိုက်သလို အမူအရာမျိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။

ထိုအခါ လူတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည် - "အရှင်မင်းကြီး... ဒါတွေအားလုံးကို ပြောပြနေတာ ဘာကို ဆိုလိုချင်လို့လဲ..."

လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်ပြီး - "ငါကိုယ်တော် ဒါကို ပြောရတဲ့ အဓိကအကြောင်းရင်းက မဟာရှနိုင်ငံဟာ သာမန်အင်ပါယာအဆင့်ထက် အဝေးကြီးကို ကျော်လွန်သွားပြီဖြစ်လို့ ရှေ့ဆက်ဖို့ အချိန်တန်ပြီဆိုတာ မင်းတို့ကို ပြောပြချင်လို့ပဲ။ ဒါကြောင့် ငါကိုယ်တော်က သမိုင်းမှာ တစ်ကြိမ်မျှမရှိဖူးသေးတဲ့ ‘နတ်ဘုရားအင်ပါယာ’ ကို တည်ထောင်ဖို့ ပြင်ဆင်နေတယ်။ မင်းတို့အားလုံးလည်း ထောက်ခံပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

"နတ်ဘုရားအင်ပါယာကို တည်ထောင်မယ် ဟုတ်လား..." လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

ထိုစကားလုံးများသည် ဆန်းကြယ်သော မှော်ဆန်မှုတစ်ခု ရှိနေသကဲ့သို့ ဂုဏ်ပြုစားပွဲရှိ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။

အမှန်တကယ်တော့ နတ်ဘုရားအင်ပါယာဆိုသည်မှာ သာမန်နိုင်ငံမျိုး မဟုတ်ချေ။ ရှေးခေတ်မှ ယနေ့ခေတ်အထိ မည်သည့်အခါကမျှ တည်ရှိခဲ့ခြင်း မရှိခဲ့ပေ။ အတိတ်က ထူးချွန်ပြောင်မြောက်လှသော ပုဂ္ဂိုလ်ကြီးများစွာတို့သည် နတ်ဘုရားအင်ပါယာကို တည်ထောင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အဆုံးစွန်တွင် အားလုံး ကျရှုံးခဲ့ရသည်။ ဧကရာဇ်များအတွက်မူ ယင်းက လက်လှမ်းမမှီနိုင်သော အိမ်မက်တစ်ခု ဖြစ်ပုံရသည်။

အနားရှိ အင်အားစုအသီးသီးအတွက်မူ မဟာရှနိုင်ငံက နတ်ဘုရားအင်ပါယာ တည်ထောင်ခြင်းသည် ကြီးကျယ်လှသော ခေတ်သစ်တစ်ခု မွေးဖွားလာခြင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရုံသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိပ်တန်းအင်ပါယာကြီး လေးခုအတွက်မူ အဓိပ္ပာယ်က သက်သက်စီ ဖြစ်သွားလေသည်။ ၎င်းက သူတို့အပေါ် အုပ်မိုးမည့် အရိပ်ကြီးတစ်ခု ပေါ်လာခြင်းနှင့် တူညီနေသည်။

မိမိတို့အထက်တွင် အခြားနိုင်ငံတစ်ခု ရှိနေမည်ဆိုပါက မည်မျှအထိ နေရထိုင်ရ ခက်ခဲလိမ့်မည်နည်း။

"အရှင်မင်းကြီး... မဟာရှနိုင်ငံက အခုအချိန်မှာပဲ လောကရဲ့ နံပါတ်တစ် အင်ပါယာ ဖြစ်နေပါပြီ။ နိုင်ငံအားလုံးကလည်း လာရောက် ခစားနေကြပြီး ဘယ်သူမှ မဖီဆန်ရဲကြပါဘူး။ ဒါက တကယ်ကို ကောင်းမွန်နေပြီ မဟုတ်ဘူးလား... ဘာဖြစ်လို့ နတ်ဘုရားအင်ပါယာကို တည်ထောင်ဖို့ လိုဦးမှာလဲ..." လူတစ်ယောက်က မေးလိုက်သည်။

လင်းပိုင်ဖန်က အာဏာစက်ပြင်းပြင်းဖြင့် ဆိုလိုက်သည် - "ဘာဖြစ်လို့လဲဆိုတော့ ဒါက ငါကိုယ်တော်ရဲ့ နှစ်ရှည်လများကတည်းက ရှိခဲ့တဲ့ ဆန္ဒမို့လို့ပဲ။ ငါကိုယ်တော် ဒါကို အကောင်အထည်ဖော်ချင်တယ်။ အဲဒါ ပြဿနာ ရှိလို့လား..."

"အရှင်မင်းကြီး... အကယ်၍ ကျွန်တော်မျိုးတို့က သဘောမတူရင်ကော..." တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။

လင်းပိုင်ဖန်က အေးစက်စွာ ရယ်မောလိုက်ပြီး - "ဘယ်သူပဲဖြစ်ဖြစ် သဘောမတူဘူးဆိုရင်... ငါကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး သူတို့အိမ်တံခါးဝအထိ သွားရောက် ဆုံးမပေးရုံပေါ့။ မဟာရှနိုင်ငံမှာ နတ်ဘုရားအင်ပါယာ တည်ထောင်ဖို့ အရည်အချင်း ရှိ၊ မရှိဆိုတာကို ပြသပေးရမှာပေါ့..."

လူတိုင်း၏ရင်ထဲ အေးစိမ့်ခနဲ ဖြစ်သွားခဲ့ရသည်။ မဟာရှနိုင်ငံ၏ ဧကရာဇ်သည် နောက်ဆုံးတွင် သူ၏အစွယ်များကို ထုတ်ပြလာခဲ့ချေလေပြီ။

"အရှင်မင်းကြီး နတ်ဘုရားအင်ပါယာ တည်ထောင်တာက ဒီခေတ်ရဲ့ အကြီးကျယ်ဆုံး အခမ်းအနားကြီးပဲ။ ကျွန်တော်ကတော့ ပထမဆုံးအနေနဲ့ ထောက်ခံပါတယ်... ဟားဟား..." မိစ္ဆာဂိုဏ်း၏ ကောင်းကင်အဆင့် ‘လီထျန်းရှန်း’ က ကျယ်လောင်စွာ ရယ်မောရင်း ရှေ့သို့လှမ်းလာကာ သူ၏ ပထမဆုံး သဘောထားကို ဖော်ပြလိုက်သည်။

လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်ပြီး - "စီနီယာရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်..."

“ဆရာဘိုးဘိုး... မဟာလီနိုင်ငံကလည်း ထောက်ခံပါတယ်..." မဟာလီအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ‘လီထျန်းချုံး’ ကလည်း ထောက်ခံလိုက်သည်။

လင်းပိုင်ဖန်သည် သူ၏ဆရာဘိုးဘိုးဖြစ်ပြီး မဟာလီနိုင်ငံသည် မဟာရှနိုင်ငံနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်နေသောကြောင့် အများအမြင်တွင်ကော ကွယ်ရာတွင်ပါ သူက ထောက်ခံရမည်သာ ဖြစ်သည်။

"ကောင်းတယ်... မင်းက တကယ်ကို ငါကိုယ်တော်ရဲ့ အချစ်ဆုံးနဲ့ အမြတ်နိုးဆုံး တပည့်ပဲ..." လင်းပိုင်ဖန်က သူ့ကို ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူတောင်းစားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ထရပ်ကာ ကျယ်လောင်စွာ ဆိုလိုက်သည် - “ကျွန်တော်မျိုးတို့ သူတောင်းစားဂိုဏ်းကလည်း အရှင်မင်းကြီး နတ်ဘုရားအင်ပါယာ တည်ထောင်တာကို ထောက်ခံပါတယ်..."

လင်းပိုင်ဖန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ကာ - "ကောင်းပြီ..."

ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရောက်ရှိနေသော အင်အားစုများ၏ လေးပုံတစ်ပုံခန့်က ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူတို့အပေါ် သက်ရောက်မှုမရှိသဖြင့် မျက်နှာသာရစေရန် ခေါင်းညိတ်ထောက်ခံလိုက်ကြခြင်း ဖြစ်သည်။

"တာအိုဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ သဘောထားကကော ဘယ်လိုလဲ..." လင်းပိုင်ဖန်၏ အကြည့်က ပြင်းထန်သော ဖိအားများနှင့်အတူ ဝေ့ဝဲသွားခဲ့သည်။

“အော်မီထောဖော..."

ဆရာတော်ကြီး ‘လျောင်ချန်း’ က လက်အုပ်ချီကာ တည်ကြည်သော အမူအရာဖြင့် ဆိုလိုက်သည် - "ကျွန်တော်မျိုးတို့ ဗုဒ္ဓဂိုဏ်းက လောကီရေးရာတွေကို စွန့်ခွာပြီးသား ကျင့်ကြံသူတွေမို့လို့ အဖြေမပေးနိုင်တာကို အရှင်မင်းကြီး နားလည်ပေးဖို့ မျှော်လင့်ပါတယ်..."

အားလုံးက ထိုမြေခွေးအိုကြီး၏ အ‌ဖြေကို စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြသည်။

"တကယ်ကို အဓိပ္ပာယ်ရှိတာပဲ..." လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး တာအိုဂိုဏ်း၏ ‘ရွှမ်ရွှီ’ တာအိုဆရာကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။

ရွှမ်ရွှီ တာအိုဆရာကြီးက ‌‌လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည် - "ကျွန်တော်မျိုးတို့ တာအိုဂိုဏ်းကတော့ အရှင်မင်းကြီး နတ်ဘုရားအင်ပါယာ တည်ထောင်တာကို ထောက်ခံပါတယ်..."

လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။ တာအိုဂိုဏ်းသည် မဟာရှနိုင်ငံနှင့် ရန်ငြိုးများ ရှိခဲ့သည် မဟုတ်ပါလား... ဘာဖြစ်လို့ ထောက်ခံရတာလဲ။

“ရွှမ်ရွှီ တာအိုဆရာကြီး... သင်က ဘာလို့..."

ရွှမ်ရွှီ တာအိုဆရာကြီးက တည်ကြည်စွာဖြင့် ဆက်ပြောလိုက်သည် - "ကျွန်တော်တို့ တာအိုဂိုဏ်းက ကောင်းကင်ဘုံကိုယ်စား မင်းကောင်းမင်းမြတ်ကို ရွေးချယ်တဲ့ ရိုးရာအစဉ်အလာကို အမြဲတမ်း လိုက်နာခဲ့တာပါ။ အခုတော့ အရှင်မင်းကြီးက ကမ္ဘာပေါ်မှာ အတုမရှိတဲ့ မင်းကောင်းမင်းမြတ်ရဲ့ အရည်အချင်းတွေကို အပြည့်အဝ သက်သေပြလိုက်ပြီပဲ။ ကျွန်တော်မျိုးတို့က အရှင်မင်းကြီးရဲ့ နတ်ဘုရားအင်ပါယာ တည်ထောင်ခြင်းကို ဘာလို့ မထောက်ခံရမှာလဲ..."

အားလုံးက ထိုမြေခွေးအိုကြီး၏ ချိုသာလှသော စကားများကို စိတ်ထဲကနေ ထပ်မံ ကျိန်ဆဲလိုက်ကြပြန်သည်။

လင်းပိုင်ဖန်က အလွန် သဘောကျသွားပြီး - "မင်းတို့ တာအိုဂိုဏ်းရဲ့ ရိုးရာက တကယ်ကို ကောင်းမွန်တာမို့ ဆက်ပြီး ထိန်းသိမ်းရမယ်။ အတိတ်က ငါတို့ကြားမှာ ရန်ငြိုးတချို့ ရှိခဲ့ပေမဲ့ အခုကစပြီး အားလုံးကို အတိတ်မှာပဲ ထားလိုက်ကြရအောင်..."

"အရှင်မင်းကြီးက တကယ်ကို သဘောထားကြီးမားလှပါပေတယ်..." ရွှမ်ရွှီ တာအိုဆရာကြီးက ပြုံးလျက် ဆိုလိုက်ပြီး သူ၏ ရည်ရွယ်ချက်ကို အောင်မြင်စွာ ရယူလိုက်သည်။

သူတို့ ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ နတ်ဘုရားအင်ပါယာကတော့ တည်ထောင်ဖြစ်မှာ သေချာလှသည်။ ထို့ကြောင့် ရေစီးကြောင်းအတိုင်း လိုက်ပါသွားခြင်းက ပိုမိုကောင်းမွန်ပြီး သူတို့အတွက်လည်း ဆုံးရှုံးမှု မရှိချေ။

ထိုစဉ်မှာပင် ဆရာတော်ကြီး လျောင်ချန်းက စကားဆိုလာသည် - " အောမီထောဖော... အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ဗုဒ္ဓဂိုဏ်းနဲ့ အရှင်မင်းကြီးကြားက ရန်ငြိုးကိုကျတော့..."

လင်းပိုင်ဖန်၏ မျက်နှာက မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေကာ - "ငါတို့ကြားက ရန်ငြိုးကိုတော့ ဆက်ပြီး မှတ်ထားရမှာပေါ့..."

ဆရာတော်ကြီး လျောင်ချန်း - "..."

အခုအချိန်မှာတော့ နေရထိုင်ရ အခက်ဆုံးက ထိပ်တန်းအင်ပါယာကြီး လေးခုမှ ဘိုးဘေးကြီးများပင် ဖြစ်သည်။

မဟာရှနိုင်ငံက နတ်ဘုရားအင်ပါယာ တည်ထောင်ခြင်းသည် လူတိုင်းအပေါ် သက်ရောက်မှု ရှိသော်လည်း သူတို့အတွက် ပို၍ပင် နက်ရှိုင်းလှသည်။ ယင်းက အဓိကအားဖြင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာပင် ဖြစ်သည်။ နောင်အနာဂတ်တွင် လူအများက ထိပ်တန်းနိုင်ငံများအကြောင်း ပြောကြလျှင် မဟာရှနိုင်ငံကိုသာ သတိရကြတော့မည်ဖြစ်ပြီး သူတို့၏ အင်ပါယာလေးခုကို သတိရကြတော့မည် မဟုတ်ပေ။

သူတို့သည် အတိတ်ကကဲ့သို့ လောကကြီးကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်တော့မည် မဟုတ်ချေ။ မည်သည့်အရာကိုမဆို မလုပ်ဆောင်မီ မဟာရှနိုင်ငံ၏ သဘောထားကို အရင် စဉ်းစားရတော့မည် ဖြစ်သည်။

ထို့အပြင် နတ်ဘုရားအင်ပါယာဟူသော ဘွဲ့အမည်ကြောင့် မဟာရှနိုင်ငံသည် ပါရမီရှင်များကို ပိုမိုဆွဲဆောင်နိုင်သည့် စွမ်းအားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်လာလိမ့်မည်။ သူတို့နိုင်ငံများမှ ပါရမီရှင်များသည် မဟာရှနိုင်ငံသို့ တဖြည်းဖြည်း စီးဆင်းသွားကြပေလိမ့်မည် ဖြစ်သည်။

ဒီလိုသာ ဆက်သွားနေပါက သူတို့သည် မဟာရှနိုင်ငံ၏ အဝေးကြီးတွင် ကျန်ရစ်ခဲ့ရမည်ဖြစ်ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ချေ။

ယခုအခါ မြှားက ဒူးလေးပေါ် ရောက်နေပြီဖြစ်၍ ပစ်လွှတ်ရုံမှတစ်ပါး အခြားမရှိချေ။ အကယ်၍ သူတို့ သဘောမတူပါက တစ်ဖက်လူက လာရောက်ပြီး စာရင်းရှင်းပေလိမ့်မည်။ သူတို့၏ တိုင်းပြည်ကလည်း ဒဏ်ရာဒဏ်ချက်များစွာ ရနေပြီဖြစ်၍ မဟာရှနိုင်ငံကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။

"ကျွန်တော်မျိုးတို့ မဟာဝူနိုင်ငံက အရှင်မင်းကြီး နတ်ဘုရားအင်ပါယာ တည်ထောင်တာကို ထောက်ခံပါတယ်..." မဟာဝူနိုင်ငံ၏ ဘိုးဘေးကြီးက ခါးသီးစွာ ပြုံးရင်း ဆိုလိုက်သည်။

"ကျွန်တော်မျိုးတို့ မဟာဟန်နိုင်ငံကလည်း အရှင်မင်းကြီး နတ်ဘုရားအင်ပါယာ တည်ထောင်တာကို ထောက်ခံပါတယ်..." မဟာဟန်နိုင်ငံ၏ ဘိုးဘေးကြီးကလည်း ထပ်တူပင် ခါးသီးလှသော အမူအရာဖြင့် ဆိုလိုက်သည်။

"ကျွန်တော်မျိုးတို့ မဟာချင်းနိုင်ငံကလည်း ထောက်ခံပါတယ်..." မဟာချင်းနိုင်ငံ၏ ဘိုးဘေးကြီးက ဆိုသည်။

"ကျွန်တော်မျိုးတို့ မဟာယွမ်နိုင်ငံကလည်း အရှင်မင်းကြီး နတ်ဘုရားအင်ပါယာ တည်ထောင်တာကို ထောက်ခံပါတယ်..." မဟာယွမ်နိုင်ငံ၏ ဘိုးဘေးကြီးကလည်း ထပ်တူ ထောက်ခံလိုက်လေသည်။

ဤအချိန်တွင် ထိပ်တန်းအင်ပါယာကြီး လေးခုစလုံးကပင် သဘောတူညီခဲ့ကြပြီဖြစ်ရာ ဝေခွဲမရဖြစ်နေသော အင်အားစုများသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုကြတော့သည်။

"ကျွန်တော်မျိုးတို့ အရှင်မင်းကြီး နတ်ဘုရားအင်ပါယာ တည်ထောင်တာကို ထောက်ခံပါတယ်..."

လင်းပိုင်ဖန်က အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - "ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... အားလုံးရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါကိုယ်တော် အားလုံးကို ဂုဏ်ပြုပြီး သောက်ပါရစေ။ နန်းတက်ပွဲ အခမ်းအနားကြီး ကျင်းပမယ့်ရက်ကျရင် အားလုံးပဲ တက်ရောက်ပြီး ဂုဏ်ပြုပေးကြဖို့ မျှော်လင့်ပါတယ်..."

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..." အားလုံးက တညီတညွတ်တည်း ပြန်လည် ထူးလိုက်ကြသည်။

All Chapters