← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

261

စုဟယ်သည် ကွန်ပျူတာပေါ်ရှိ ဘိုကင်တင်ထားသော အချက်အလက်များကို ကြည့်ရှုရင်း တစ်ဖက်မှလည်း ဆွေးနွေးမေးမြန်းလာသည့် ဖုန်းခေါ်ဆိုမှုကို လက်ခံဖြေကြားနေသည်။ သူမသည် ဖုန်းထဲမှ မေးခွန်းများကို စိတ်ရှည်လက်ရှည်ပင် ပြန်လည်ဖြေဆိုပေးနေ၏။

"စိတ်မရှိပါနဲ့ရှင်၊ ကျွန်မတို့ တည်းခိုခန်းမှာ ရှုကျီနှစ်ယောက်အိပ်ခန်း စုစုပေါင်း (၆၄) ခန်း ရှိပါတယ်၊ ဒီအပတ် သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ဒီအခန်းအမျိုးအစားက လူအပြည့်ဖြစ်သွားပါပြီရှင်"

"တခြားအခန်းတွေရော ရှိဦးမလား"

ဧည့်သည်၏မေးမြန်းမှုမှာ စုဟယ်၏ အတွေးများကို ဖြတ်တောက်လိုက်သဖြင့် သူမသည် ကွန်ပျူတာထဲတွင် ရနိုင်သေးသော အခန်းအချက်အလက်များကို အမြန်ရှာဖွေလိုက်သည်။

"သောကြာကနေ တနင်္ဂနွေအထိဆိုရင် တည်းခိုခန်းမှာ president suiteပဲ ကျန်ပါတော့တယ်ရှင်၊ ဟုတ်ကဲ့ပါ ဟုတ်ကဲ့၊ ကျွန်မတို့ တည်းခိုခန်းကကြိုဆိုပါတယ်၊ အခန်းတွေကို ကျွန်မတို့ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ တိုက်ရိုက်ဘိုကင်လုပ်လို့ရပါတယ်ရှင်"

စုဟယ်သည် ရေသောက်ရန်ပြင်လိုက်စဉ်မှာပင် ဧည့်ကြိုဌာနရှိ ဖုန်းမှ ပြန်လည်မြည်လာပြန်သည်။

"ဧည့်သည်ရှင့် ကျွန်မတို့တည်းခိုခန်းက လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့စိတ်ဝင်စားလို့လား"

ဧည့်သည်၏မေးခွန်းမှာ စုဟယ်အာရုံကို ဖုန်းဆီသို့ နောက်တစ်ကြိမ်ပြန်လည်ဆွဲခေါ်သွားပြန်သည်။ သူမသည် တည်းခိုခန်း၏ တရားဝင်ဝဘ်ဆိုဒ်ရှိ လှုပ်ရှားမှုမိတ်ဆက်စာမျက်နှာသို့ အမြန်ပြောင်းလဲကြည့်ရှုလိုက်ပြီး တည်းခိုခန်းမှ ပေးစွမ်းသော လှုပ်ရှားမှုများကို စတင်မိတ်ဆက်ပေးတော့၏။

"အခန်းမှာ တည်းခိုတဲ့ဧည့်သည်တိုင်း လှုပ်ရှားမှုအမျိုးမျိုးမှာ အခမဲ့ပါဝင်နိုင်ပါတယ်ရှင်၊ အသေးစိတ်အချိန်ဇယားကိုလည်း ဝဘ်ဆိုဒ်မှာ ကြည့်ရှုလို့ရပါတယ်"

စုဟယ် အသေးစိတ်ရှင်းပြလိုက်သည်။

"ဆရာကျိပိုင်ရဲ့ ဂီတဖျော်ဖြေပွဲ၊ ဆရာကြီးဝေရဲ့ လက်ရေးလှသင်တန်းနဲ့ ဆရာယွမ်ဒန်းချူးရဲ့ တရုတ်ရိုးရာ ထိုက်ချီသိုင်းပညာသင်တန်းတွေက ခန်းမကျယ်ကြီးတွေမှာလုပ်တာပါ၊ အချိန်မီရောက်လာရုံနဲ့ ပါဝင်နိုင်ပါတယ်၊ စိတ်မပူပါနဲ့ရှင် ဧည့်သည်တိုင်းအတွက် ထိုင်ခုံနေရာရှိပါတယ်"

စုဟယ် ဖုန်းထဲတွင် အတော်လေးဂနာမငြိမ်ဖြစ်ကာ စိုးရိမ်နေသည့် ဧည့်သည်ကို စိတ်အေးအောင် ချော့မော့ပြောဆိုလိုက်သည်။ ထိုဧည့်သည်မှာ အခန်းကို ခက်ခက်ခဲခဲဘိုကင်လုပ်ထားရသဖြင့် တည်းခိုခန်းရှိ လှုပ်ရှားမှုများတွင် ပါဝင်ရန်အတွက်ပါ အလုအယက်တိုးဝှေ့ရမည်ကို ကြောက်ရွံ့နေခြင်းဖြစ်၏။

"ရက်ကန်းရက်တဲ့ အတွေ့အကြုံအတွက်ကတော့ လူကိုယ်တိုင်တန်းစီရပါမယ်ရှင်၊ ဘာလို့လဲဆိုတော့ ဧည့်သည်တစ်ဦးချင်းစီရဲ့ လက်မှုလုပ်ငန်း လုပ်ဆောင်တဲ့အချိန်က မတူညီလို့ပါ"

စုဟယ် ဧည့်သည်ကိုကြိုတင်အသိပေးလိုက်သည်။ မကြာသေးမီက ရက်ကန်းအလုပ်ရုံတွင် လူတန်းကြီးမှာ တော်တော်လေး ရှည်လျားနေခဲ့သောကြောင့်ဖြစ်၏။ ထို့အတွက်ကြောင့်ပင် မီနာသည် ညနေခင်း အတွေ့အကြုံသင်တန်းများကိုပါ အထူးဖွင့်လှစ်ပေးခဲ့ရပြီး ရက်ကန်းအလုပ်ရုံ၏ဖိအားကို အနည်းငယ် လျှော့ချပေးခဲ့ရသည်။

"ရေကူးသင်တန်းအတွက်ကတော့ ကျွန်မတို့ တရားဝင်ဝဘ်ဆိုဒ်က မီနီပရိုဂရမ်မှာ QR Codeစကင်ဖတ်ပြီး ဘိုကင်လုပ်ရပါမယ်၊ မိမိလိုအပ်ချက်အရ သင်တန်းအမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်ရှင်၊ ဟုတ်ကဲ့ပါ သင်တန်းဘိုကင်မတင်ခင် အခန်းကို အရင်ဆုံး ဘိုကင်လုပ်ထားဖို့ လိုအပ်ပါတယ်၊ မီနီပရိုဂရမ်မှာ အခန်းအော်ဒါနံပါတ်ကို ဖြည့်သွင်းပေးရမှာပါ"

စုဟယ် ဧည့်သည်ကို လုပ်ငန်းစဉ်များအတိုင်း လမ်းညွှန်ပေးနေသည်။ ဖုန်းထဲမှ ဧည့်သည်မှာ ဘိုကင်မီနီပရိုဂရမ်ကို အခုလေးတင် ဖွင့်ကြည့်လိုက်ပုံရပြီး မယုံကြည်နိုင်သောအသံဖြင့်ပြောလာ၏။

"ရေကူးသင်တန်းတွေ အကုန်လုံးကလူပြည့်သွားပြီလား"

စုဟယ် အားနာစွာဖြင့်ပင်ပြန်ပြောလိုက်သည်။

"တကယ် စိတ်မရှိပါနဲ့ရှင်၊ သင်တန်းအရည်အသွေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မတို့ရဲ့ ရေကူးသင်တန်းတစ်ခုချင်းစီမှာ လူ (၁၀) ယောက်စာပဲ နေရာပေးထားလို့ပါ၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ရေကူးကန်ကိုတော့ ဧည့်သည်တိုင်းအတွက် ဖွင့်လှစ်ပေးထားပါတယ်၊ ရေကူးကန်ကိုတော့ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်ရှင်"

နောက်ထပ် ဖုန်းတစ်ကောကိုချလိုက်ပြီးနောက်တွင်မှ စုဟယ်သည် အသက်ဝဝရှူရန် အချိန်ရတော့သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း စုံစမ်းမေးမြန်းသည့် ဧည့်သည်များမှာ များပြားလွန်းလှ၏။ အနားတွင်ရှိနေသော လီရှီသည် သူ့ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ပြီး စုဟယ်ဆီသို့ အပြေးအလွှား ရောက်လာသည်။

"အားနာလိုက်တာ သူဌေးမရယ်၊ ကျွန်တော့်ဖုန်းတွေကို ကူဖြေပေးနေရတာနဲ့"

"ဘာမှမဖြစ်ပါဘူး၊ နင်တို့လည်း အခုတလော တကယ်ပင်ပန်းနေကြတာပဲ"

စုဟယ်မှာ သူမထိုင်နေသောနေရာကို ဖယ်ပေးလိုက်သည်။ ဖုန်းခေါ်ဆိုသူ များပြားလွန်းသဖြင့် လီရှီမှာအိမ်သာသွားရန်ပင် အပြေးအလွှားသွားနေရသောကြောင့်ဖြစ်၏။ အခြားဧည့်ကြိုဝန်ထမ်းများလည်း အလားတူပင် အလုပ်ရှုပ်နေကြပြီး သူတို့ဖုန်းများမှာ အမြဲတမ်းလိုလိုမြည်နေကာ တစ်ပြိုင်နက်တည်း ငါးခါ၊ ခြောက်ခါခန့် ဝင်နေတတ်သည်။ သို့သော်လည်း သူတို့သည် သူတို့ကျွမ်းကျင်မှုနှင့် စိတ်ရှည်မှုကိုထိန်းသိမ်းထားကြပြီး ဧည့်သည်တိုင်း၏ လိုအပ်ချက်များကို အကောင်းဆုံး ပြန်လည်ဖြေကြားပေးနေကြသည်။ စုဟယ်သည် လီရှီ၏ဖုန်းခေါ်ဆိုမှု မှတ်တမ်းစာအုပ်ကို စူးစမ်းကြည့်လိုက်၏။ လီရှီသည် ဧည့်သည်တစ်ဦးချင်းစီကို သေချာခွဲခြားထားပြီး သူတို့လိုအပ်ချက်များကိုပါ စနစ်တကျ မှတ်တမ်းတင်ထားသည်။ စုဟယ် စာအုပ်ကို တစ်ချက်ကြည့်လိုက်ရာ မကြာသေးမီက ဝင်လာသော ဖုန်းခေါ်ဆိုမှု (၅၆) ခုအနက် အားလုံးနီးပါးမှာ ရှုကျီ နှစ်ယောက်အိပ်ခန်းအကြောင်း စုံစမ်းခြင်းများ ဖြစ်နေသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း အကောင့် တစ်ခု၏ဆောင်းပါးကြောင့် ဟဲယဲ့တည်းခိုခန်းသည် ယုံကျန်းမြို့တွင် လုံးဝကို နာမည်ကျော်သွားခဲ့သည်။ ယခင်က ရွှင်းကော၏ဟဲယဲ့တည်းခိုခန်းသို့ လာရောက်လည်ပတ်မှုနှင့် စတိုးဆိုင်ပတ်ကြည့်သည့် ဗီဒီယိုတို့ကြောင့် တည်းခိုခန်းသည် အွန်လိုင်းတွင် လူစိတ်ဝင်စားမှုရရှိခဲ့ပြီး လူကြိုက်များမှုမှာ (၃၇၆၅) / (၅၀၀၀) သိန်းအထိမြင့်တက်လာခဲ့သည်။ သို့သော် ဤဆောင်းပါးမှာမူ ဟဲယဲ့တည်းခိုခန်းကို ယုံကျန်းမြို့ခံများကြား အထူးသဖြင့် ကျောင်းသားမိဘများကြားတွင် ပေါက်ကွဲသွားစေခဲ့ပြီး လူကြိုက်များမှုမှာ (၃၈၂၉) / (၅၀၀၀) သိန်းသို့ ရောက်ရှိသွားတော့သည်။

'ကလေးတွေအတွက် ပိတ်ရက် အနားယူစရာ နေရာသစ်ဟဲယဲ့တည်းခိုခန်း'

"မိဘတို့ရေ၊ ဒီနေ့မှာတော့ ကလေးတွေကို ခေါ်သွားလို့ရမယ့် တကယ့်ကို နေရာကောင်းလေးတစ်ခုကို ညွှန်းပေးချင်ပါတယ် အရမ်းကို တန်ပါတယ်၊ ယွမ် (၄၀၀) လောက်နဲ့တင် သင့်ကလေးဟာ တစ်နေ့တာ လှုပ်ရှားမှုတွေကို ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပြီး ဆရာကြီးတွေကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်၊ အနုပညာနဲ့ အားကစားလှုပ်ရှားမှုအားလုံး အခမဲ့ ဂီတ၊ ရက်ကန်း၊ လက်ရေးလှ၊ ထိုက်ချီသိုင်းပညာ၊ ရေကူးလှုပ်ရှားမှု (၅) မျိုး၏ အချိန်ဇယား ဤလှုပ်ရှားမှုအားလုံးမှာ အခမဲ့ဖြစ်ပြီး ကလေးတွေက တကယ်ကို နှစ်သက်ကြပါတယ်၊ တစ်ခုချင်းစီမှာ စိတ်ပါလက်ပါ ပါဝင်ကြတာပါ၊ အိမ်စာတွေအတွက် ပူစရာ မလိုတော့ဘူး၊ အထူးပြောချင်တာကတော့ ဒီတည်းခိုခန်းက ရှုကျီ နှစ်ယောက်အိပ်ခန်းတွေမှာ ကလေးတွေရဲ့ အိမ်စာတွေကို ကူညီပေးနိုင်တဲ့ အဆင့်မြင့် AI တွေ တပ်ဆင်ထားတာပါ၊ ဒါကြောင့် မိဘတွေအနေနဲ့ ပိတ်ရက်ကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှာပါ၊ အိမ်စာလမ်းညွှန်မှုအတွက် ပျမ်းမျှကုန်ကျစရိတ်ဟာ ကလေးတစ်ယောက်ကို ယွမ် (၁၀၀) ဝန်းကျင်ပဲ ရှိပါတယ်"

'ပေါများတဲ့ မနက်စာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာများ'

"ဟဲယဲ့တည်းခိုခန်းရဲ့ မနက်စာ ဆန်ပြုတ်တွေက အလွန်စုံလင်ပြီး အရသာရှိလှပါတယ်၊ အခုဆိုရင် တည်းခိုသူတွေအတွက် မနက်စာကူပွန်တွေ ပေးတဲ့ အစီအစဉ်လည်း ရှိနေလို့ တကယ်ကို တန်ပါတယ်၊ လက်လုပ်သရေစာတွေကလည်း ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်သလို အရသာလည်း ရှိလို့ ကလေးတွေ အသည်းစွဲပါပဲ၊

'ပင်လယ်စာ စားပွဲကြီးရဲ့ ဆွဲဆောင်မှု'

"တည်းခိုခန်းရဲ့ ပင်လယ်စာစားပွဲကြီးကိုလည်း လက်မလွှတ်လိုက်ပါနဲ့၊ ဂျီးများတဲ့သူတွေတောင် ဒီက ပင်လယ်စာတွေရဲ့ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြပါဘူး"

' #ဟဲယဲ့တည်းခိုခန်း #ကလေးများနှင့်အတူပိတ်ရက် #ဂီတပွဲ #လက်ရေးလှသင်တန်း #လက်လုပ်ရက်ကန်း #ရေကူး #ဉာဏ်ရည်တုရိုဘော့ #အရသာရှိသောမနက်စာ #ကျန်းမာရေးသရေစာ #ပင်လယ်စာညစာ #ကလေးများခေါ်ဆောင်ခြင်း'

ဤပိုစ်ထဲတွင် လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်နေသော ကလေးများ၏ ပြုံးရွှင်နေသည့် မျက်နှာလေးများနှင့် သူတို့အိမ်စာများကို ပြီးမြောက်အောင် လုပ်ဆောင်နေသည့် ပုံရိပ်များကို အသေးစိတ် ပြသထားသည်။ အကယ်၍ ဟဲယဲ့တည်းခိုခန်းမှ လှုပ်ရှားမှုများ စုံလင်ရုံသက်သက်ဆိုလျှင် မိဘအချို့ကိုသာ ဆွဲဆောင်နိုင်မည်ဖြစ်၏။ သို့သော် ဟဲယဲ့တည်းခိုခန်းသည် အလွန်အမင်း တန်ဖိုးရှိလှသဖြင့် မိဘအမြောက်အမြားကို ရူးသွပ်သွားစေခြင်းပင်။ အခန်းတစ်ခန်းလျှင် ကလေးနှစ်ယောက်ဆံ့ပြီး ယွမ် (၄၀၀) ခန့်နှင့် ကလေးနှစ်ယောက်မှာ တည်းခိုခန်းတွင် တစ်နေ့လုံးလွတ်လပ်စွာ ဆော့ကစားနိုင်သည်။ ဒါက ကစားကွင်းမှာ နှစ်နာရီလောက်သွားဆော့တာ ဒါမှမဟုတ် သင်တန်းကျောင်းမှာ တစ်ညနေခင်းလုံး အိမ်စာလုပ်နေရတာထက် အများကြီးပိုမတန်ဘူးလား။ ဒါ့အပြင် ကစားကွင်းတွေကိုဆိုလျှင် လူကြီးတွေပါလိုက်ပေးရပြီး လူကြီးလက်မှတ်မှာ ကလေးလက်မှတ်ထက် အများကြီးပိုဈေးကြီးသေးသည်။

အခုခေတ်မှာ ကလေးတစ်ယောက်တည်းရှိတဲ့ မိသားစုတွေ များလာတာကြောင့် ပါးနပ်သည့်မိဘအချို့ဟာ အဖွဲ့,ဖွဲ့ပြီး အခန်းကိုမျှဝေငှားရမ်းလာကြသည်။ ကလေးနှစ်ယောက်ကို ရှုကျီနှစ်ယောက်အိပ်ခန်းထဲမှာ အတူထားပြီး လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အခါ လမ်းညွှန်ပေးဖို့ ဟိုတယ်ဝန်ထမ်းတွေကို ကြိုတင်အကြောင်းကြားထားကြ၏။ မိဘများအနေဖြင့် ကလေးများကို လာပို့တာနှင့်ပြန်ကြိုရုံသာလုပ်ဖို့ လိုအပ်သည်။ တည်းခိုခန်း၏လှုပ်ရှားမှုများမှာ အရမ်းဘေးကင်းပြီး ကလေးများမှာလည်း ဟိုဟိုဒီဒီ လျှောက်မပြေးကြပေ။ ဤနည်းဖြင့် ကလေးတစ်ယောက်ချင်းစီအတွက် ကုန်ကျစရိတ်မှာ ပိုလို့ သက်သာသွားသေးသည်။ ထို့ထက်မကဘဲ အတန်းဖော် မိဘအချင်းချင်း ၃၊၄ယောက် စုပေါင်းပြီး သူတို့ကလေးများအားလုံးကို ဟဲယဲ့တည်းခိုခန်းသို့ပို့ကြသည်။

ဤပိုစ်ကိုဖတ်ပြီး လက်တွေ့လုပ်ဆောင်သူများပြားလာကာ မှတ်ချက်ကဏ္ဍတွင်လည်း ကောင်းမွန်သော တုံ့ပြန်မှုများ ပေးကြသည်။ မိဘများစွာ၏ အသေးစိတ် အတွေ့အကြုံသုံးသပ်ချက်များအရ ဟဲယဲ့တည်းခိုခန်းသည် ယခုအချိန်အထိ အဆိုးမြင်မှတ်ချက် လုံးဝမရှိသေးဘဲ ပိုမိုနာမည်ကြီးလာခဲ့၏။ မူလက ဟဲယဲ့တည်းခိုခန်း၏အရောင်းရဆုံးအခန်းများမှာ ဈေးနှုန်းသက်သာသော အိပ်ရာကြီးတစ်လုံးခန်းနှင့် ရိုးရိုးနှစ်ယောက်အိပ်ခန်းများ ဖြစ်သည်။ ရှုကျီနှစ်ယောက်အိပ်ခန်းမှာ ဈေးနှုန်းပိုမြင့်သဖြင့် ဘိုကင်အနည်းဆုံးဖြစ်လေ့ရှိသော်လည်း ဤပိုစ့်ထွက်လာပြီးနောက်တွင်မူ ရှုကျီနှစ်ယောက်အိပ်ခန်းများမှာ ချက်ချင်းပင် လူပြည့်သွားတော့သည်။ တည်းခိုခန်းတွင် တည်းခိုဖူးသော ဧည့်သည်အများအပြားသည်လည်း ဤပိုစ်အောက်တွင် တည်းခိုခန်း၏ အခမဲ့လှုပ်ရှားမှုများကိုသာမက သရေစာများ၊ မနက်စာဆန်ပြုတ်နှင့် ပင်လယ်စာညစာများကိုပါ လိုက်လံညွှန်းဆိုပေးကြ၏။ ထို့ပြင် ထူးဆန်းသော မှတ်ချက်တစ်ခုလည်း ရောပါနေသေးသည်။

"အားလုံးပဲ (၆) လွှာက အလှအပနဲ့ ကျန်းမာရေးစင်တာကို သွားဖို့ မမေ့နဲ့ဦး၊ ကျန်းယွီဆိုတဲ့ နှိပ်နယ်ဆရာကိုရှာပြီး တစ်ကိုယ်လုံး နှိပ်ခိုင်းလိုက်စမ်းပါ၊ ဒီဆရာက တကယ်ကိုကောင်းတယ်၊ ကျွန်တော် ညီအစ်ကို (၆)ယောက်ခေါ်သွားတာ အားလုံးနေလို့တကယ်ကောင်းသွားကြတယ်၊ အခန်းဘိုကင်မတင်ထားရင်တောင် အလှအပစင်တာမှာသွားပြီး ဝန်ဆောင်မှုယူလို့ ရပါတယ်၊ ဒါပေမဲ့ ကျန်းယွီက အမျိုးသားဧည့်သည်တွေကိုပဲ နှိပ်ပေးတာနော်”

All Chapters